no

Font
Theme

အခန်း ၄ ဇနီးလေးကို သွားတွေ့ခြင်း

သူတို့ဒေသတွင် ရွာများအားလုံးကို မြစ်ကမ်းဘေး၌ တည်ဆောက်လေ့ရှိကြပြီး ကျန်းကျိုးနေထိုင်သည့် ရှောင်းဟယ်ရွာက မြစ်၏အ‌ရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ ဤမြစ်လေးက ရှားတန်မြစ်ဆီသို့ စီးဆင်းသွားသောကြောင့် မြစ်ထဲတွင် အနီးတဝိုက် သွားလာနေသော လှေများစွာ ရှိတက်ပြီး အများစုမှာ ငါးဖမ်းခြင်းနှင့် ကူးတို့ကူးရန်အတွက် ဖြစ်သည်။ ကူးတို့လှေများက မြစ်ခြားထားသော ရွာပေါင်းများစွာအကြားတွင် သွားလာနေကြပြီး များသောအားဖြင့် မနက်၊ နေ့လည်၊ ညနေများတွင် အပြန်ပြန် အလှန်လှန် သွားလာနေကြကာ တစ်ခေါက်သွားလျှင် ကြေးပြားတစ်ပြားသာ ပေးရသည်။

ဝမ်ရန်၏မိသားစုက ပျဲရှန်ရွာတွင် နေထိုင်ပြီး လှေဖြင့် သွားလာရန် ရှိးချန်တစ်ဝက်ကျော်ကြာသော်လည်း ကျန်းကျိုးအတွက် ငြီးငွေ့ဖွယ်ရာ မရှိခဲ့ပေ။

သူတို့နှစ်ယောက်က ငယ်ငယ်လေးကတည်းက ကူးတို့လှေဖြင့် ထိုသို့သွားလာခဲ့ဖူးကြသည်။ ဝမ်ရန်၏မိသားစုက အသေးစားစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သူ့အမေက ခေါင်းစည်းကြိုးလေးများ ချည်နှောင်ထုံးဖွဲ့ရာတွင် ကျွမ်းကျင်သူဖြစ်ကာ သူ့အဖေက ဤဒေသမှ နာမည်ကြီး ဈေးရောင်းသမား ဖြစ်သည်။ အဖေဝမ်က အမေဝမ် ပြုလုပ်ထားသော ခေါင်းစည်းကြိုးနှင့် ခေါင်းစည်းကွင်းများကို ယူကာ မကြာခဏ စျေးရောင်းထွက်လေ့ရှိပြီး အနီးအနားရွာတစ်ဝိုက်မှ ထူးခြားသော ဒေသထွက်ပစ္စည်းလေးများကို စုဆောင်းကာ တခြားနေရာများတွင် ပြန်ရောင်းချလေ့ရှိသည်။

ထို့ကြောင့် ဝမ်ရန်က မနက်ခင်းတွင် သူ့၏ဖခင်နှင့်အတူ လှေစီးလာပြီး ရှောင်းဟယ်ရွာသို့ လိုက်လာကာ ကျန်းကျိုးနှင့်အတူ ကစားလေ့ရှိသည်။ ညနေစောင်း၌ သူ့ဖခင် ပြန်လာလျှင် သူက သူ့ဖခင်နှင့်အတူ ပြန်သွားတက်ပြီး သူ့အဖေက ရှောင်းဟယ်ရွာကို ဖြတ်၍ အိမ်မပြန်သည့်နေမျိုးတွင် ကျန်းကျိုးက သူ့ကို ပျဲရှန်ရွာအထိ လှေဖြင့် ပြန်ပို့ပေးလေ့ရှိသည်။

ကျန်းကျိုးက သူ့ကို ပြန်ပို့ပြီး သူ့အိမ်သို့ ပြန်ရန် ပြင်နေချိန်တွင် ဝမ်ရန်လေးက ကမ်းစပ်တွင် ရပ်နေကာ ကျန်းကျိုး လိုက်ပါသွားသည့်လှေ မပျောက်ကွယ်သွားမချင်း ရပ်ကြည့်နေပြီးမှ လှေကို မမြင်ရတော့ချိန်တွင် သူဘာသာသူ အိမ်သို့ လမ်းလျောက်ပြန်လေ့ရှိသည်။

လှေသမားက နွေးထွေးပြီး သဘောကောင်း ရိုးသားသော အဘိုးကြီးယွီ ဖြစ်သည်။ လွန်ခဲ့သောအခိုက်အတန့်တွင် သူက ကျန်းကျိုး၏ အိမ်သို့ ရောက်လာခဲ့ပြီး အသားနှစ်ကျင်းကို ငါးတစ်ချို့ဖြင့် လဲလှယ်ခဲ့သည်။ ယခု သူက အနားယူနေပြီး ကျန်းကျိုးကို တွေ့လိုက်ရသောကြောင့် အလွန်ပျော်ရွှင်သွားကာ "ကျန်းတာ့၊ မင်း ပျဲရှန်ရွာကို သွားမလို့လား?"

ကျန်းကျိုးက လှေနံဘေးကို ကိုင်ထားပြီး ရေပြင်ကို ငုံ့ကြည့်နေရင်း "ဟုတ်ကဲ့"

အဘိုးကြီးယွီက လှေထိုးဝါးကို ကိုင်လိုက်ပြီး ရယ်မောနေကာ “မင်း ငါ့လှေပေါ်ကို မတက်တာ အတော်ကြာနေပြီ၊ မင်းနဲ့ ဝမ်ရန် ငါ့လှေကို ခဏခဏ စီးဖူးတာကို ငါ မှတ်မိနေသေးတယ်။ အဲ့တုန်းက မင်း အသက်ဘယ်လောက်ရှိပြီလဲ”

ထို့နောက် သူက မျက်မှောင်ကြုံလိုက်ကာ လက်ဟန်ခြေဟန်ဖြင့် “အဲ့တုန်းက မင်းက ငါ့လှေခေါင်မိုးရဲ့တစ်ဝက်တောင် မရှိသေးဘူး”

သူတို့ အားလုံးက ရိုးသားသောရွာသားများ ဖြစ်ကြပြီး ကျန်းကျိုး၏မိသားစုမှ အဖြစ်အပျက်ကို ကြားသိခဲ့ရချိန်တွင် ကျန်းကျိုးနှင့် ဝမ်ရန်တို့အတွက် စိတ်မကောင်းဖြစ်ခဲ့ကြသည်။ ဤလူများက ကျန်းကျိုးကို ဖြောင့်ဖြရန် နည်းလမ်းအမျိုးမျိုးဖြင့် အမြဲကြိုးစားခဲ့ကြသော်လည်း ဝမ်ရန်နှင့် ရင်ကြားစေ့ရေးကို ပြောသည့်အခါတိုင်း ယခင် ကျန်းကျိုးက လုံးဝ ဂရုမစိုက်ပေ။ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းက သူ့ကို ထပ်မပြောကြတော့ပေ။ သူတို့ စကားများရန်ဖြစ်ပြီးနောက် သူတို့နှစ်ဦးလုံးက လုံးဝ အဆက်အသွယ်မရှိတော့ဘဲ တစ်ယောက်က ပျဲရှန်ကျေးရွာသို့ လှေစီးကာ ပြန်သွားခဲ့သည်။

အဘိုးကြီးယွီက တစ်နှစ်ပတ်လုံး လှေပေါ်တွင် ရှိနေတက်ပြီး ကျန်းကျိုးကို မတွေ့ရသည်မှာ ကြာနေပြီ ဖြစ်သည်။ သူက "တကယ်လို့ ဒဏ္ဍာရီတွေ ထဲကလို တစ္ဆေတွေနဲ့ နတ်ဆိုးတွေသာ ရှိခဲ့ရင် မနှစ်က မင်းကို နတ်ဆိုးစွဲကပ်သွားတယ်လို့ ငါ တွေးခဲ့မှာ အသေအချာပဲ။ မင်းက တကယ်ကို မတူတဲ့လူ တစ်ယောက်ဖြစ်သွားပုံရတယ်”

ကျန်းကျိုးက ရှုံ့မဲ့မဲ့လေး ပြန်ပြုံးပြလိုက်သည်။ တကယ်လဲ မတူညီတဲ့ စိတ်ဝိညာဉ်တစ်ခုက သူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းသွားတာ မဟုတ်ဘူးလား? ဒါပေမယ့် သူက အဲ့တာကို ဘယ်လို ပြောရဲမှာလဲ? သူ့က သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ အကြောင်းပြချက်တွေ ပေးနေချင်လို့ အဓိပ္ပါယ်မဲ့တာတွေ ပြောနေတယ်လို့ လူတွေက သဘောထားကြလိမ့်မယ်။

ထို့ကြောင့် သူက “ကျွန်တော် ခဏလောက်တော့ တုံးအသွားခဲ့မိတယ်၊ ဒါပေမယ့် အဲဒါကို ပြောင်းလဲဖို့ စိတ်ပိုင်းဖြတ်ထားပြီးပါပြီ။ ဦးလေးယွိက ကျွန်တော်ကို မလှောင်ပါနဲ့တော့"

“အမှားကို သိပြီး အမှန်ပြင်တာက ကြီးမြတ်တဲ့အကျင့်သီလပဲ” အဘိုးကြီးယွီက ထပ်ခါတလဲလဲ ခေါင်းညိမ့်ထောက်ခံလိုက်သည်။

အဘိုးကြီးယွီက စိတ်ပျော်နေပုံရပြီး လှေပေါင်းမိုးအောက်ရှိ ဗီဒိုအသေးလေးတစ်လုံးကို ညွှန်ပြလိုက်ပြီး ကျန်းကျိုးအား လှမ်းပြောလိုက်သည်။ "အဲ့ဒီအဘိုးကြီး ဝမ်ယွမ်ရှင်းက အရက်ကို အရမ်းကြိုက်တယ်၊ ဒီနေ့ မင်း ပစ္စည်းတွေ အများကြီး ယူလာတယ်ဆိုတာ ငါ မြင်တယ်။ မင်း မင်းမိန်းမနဲ့ ယောက္ခမကို သွားတောင်းပန် မလို့လား? မင်းက ဘာလို့ အရက်လေးတောင် မယူလာနိုင်ရတာလဲ? အဲ့ဒီထဲမှာ ငါ့အိမ်က ချက်တဲ့ ဆန်အရက်ရှိတယ်၊ မင်း ယူသွားလို့ ရတယ်၊ မင်း ဒီနေ့ ကံကောင်းတယ်"

ကျန်းကျိုးက လက်သီးဆုပ်ပေါ် လက်ဝါးအုပ်ကာ အဘိုးကြီးယွီကို အရိုအသေပေးလိုက်ပြီး “ကျေးဇူး အများကြီး တင်ပါတယ်”

နှစ်ယောက်သား စကားစမြည် ပြောလာကြရင်း နောက်ဆုံးတွင် ပျဲရှန်ရွာ၏အဝင်ဝကို အဝေးမှ လှမ်းမြင်လိုက်ရသည်။ ရွာအဝင်ဝမှ ရွက်ကြွေပင်အိုကြီးကို မြင်လိုက်ရချိန်တွင် ကျန်းကျိုးက ဘာကြောင့်မှန်းမသိ ရုတ်တရက် အရမ်းလွမ်းဆွတ်သွားသလို ခံစားလိုက်ရပြီး စကားရပ်လိုက်သည်။

တစ်နည်းအားနဲ့ ပြောရရင် ဒါက အိမ်ကို လွမ်းတဲ့ခံစားချက်လို့ ပြောလို့ရနိုင်ပြီး သူ တစ်ခါမှ မဖြစ်ဖူးတဲ့အရာတစ်ခုပါပဲ။ သူနဲ့ ဝမ်ရန်တို့က ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသလို ငယ်ချစ်တွေလည်း ဖြစ်ခဲ့ကြတယ်၊ နောက်တော့ လင်မယားတွေ ဖြစ်လာခဲ့ကြတယ်။ သူတို့နှစ်ယောက်စလုံးကြားမှာ အပြင်လူတွေ ဝင်ရောက်နှောက်ယှက်တာမျိုး မရှိခဲ့သလို မိဘတတွေကလည်း အတားအဆီးမရှိဘဲ အိမ်ထောင်ပြုခွင့်ပေးခဲ့တာကြောင့် သူတို့ရဲ့အကြင်လင်မယားဘဝက အထစ်အငေါ့မရှိ အေးအေးဆေးဆေး စတင်နိုင်ခဲ့ကြတယ်။ သူတို့ရဲ့စံပြအိမ်ထောင်ရှင်ဘဝကလည်း ရိုးရှင်းပြီး ချိုမြိန်လွန်းတယ်။ သူက ဝမ်ရန်ကို အရမ်းအလိုလိုက်ပြီး တစ်နေ့ကျရင် သူတို့မှာ ကိုယ်ပိုင်ကလေးတွေ ရှိလာဖို့ မျှော်လင့်ခဲ့တယ်။

နောက် ခုနစ်နှစ်၊ ရှစ်နှစ်လောက်ဆိုရင် သူက ခြံထဲမှာ ထင်းခုတ်နေရင် ဝမ်ရန်က ခြံတံခါးဘောင်ကို မှီပြီး သူတို့ကလေးတွေ ခြံထဲမှာ ပြေးလွှားနေတာကို ကြည့်နေမယ်။ အနာဂတ်မှာ သူ့သားက တခြားသူတွေရဲ့သားတွေကို ဒုက္ခပေးအနိုင်ကျင့်လိမ့်မယ်။ ဒါပေမယ့်လည်း ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိတဲ့ အချိန်ကူးပြောင်းလာသူတစ်ယောက်ကြောင့် သူ့ရဲ့စိတ်ကူးယဉ်အိပ်မက်တွေက ပျက်စီးသွားခဲ့ရတယ်။

သူ့ရဲ့အေးချမ်းသာယာတဲ့ ဘဝလေးက ရှုပ်ထွေးသွားပြီး နွေးထွေးတဲ့အိမ်လေးလည်း မရှိတော့ဘူး၊ သူ့ဇနီးက ထွက်ပြေးသွားပြီး သူ့ရဲ့မမွေးသေးတဲ့ကလေးကလည်း မွေးပြီးပြီလားတောင် မသိရသေးဘူး။ ပိုထူးဆ်းတာက သူက မထင်မှတ်ဘဲ အချိန်ခရီးသွားရဲ့မှတ်ဥာဏ်တွေကို ပိုင်ဆိုင်ခဲ့ရတယ်။ သူ့ရဲ့နဂို သာမာန်ဘဝအတိုင်း ဆက်ပြီး ကြိုးစားနေထိုင်လို့ရပေမယ့် လက်ရှိအနေအထားက ကျေနပ်စရာ မဟုတ်ဘူးလို့ သူ ခံစားနေရပြီ။ အခု သူက အရာအားလုံးကို ပြောင်းလဲပစ်ဖို့ မျှော်လင့်‌နေပြီး ပိုကြိုးစားအားထုတ်ပြီး ကောင်းမွန်တဲ့ဘဝနဲ့ နေထိုင်ချင်တယ်။ အထူးသဖြင့် သူ့ရဲ့ကမ္ဘာနဲ့ ခရီးသွားရဲ့ကမ္ဘာကြားက စည်းမျဥ်းတွေက ကွဲပြားနေပြီး ဆန်းသစ်ပြီး ပျော်စရာကောင်းတဲ့ အရာတွေက သူ့ကို အံ့အားသင့်စေပြီး လေးလေးနက်နက် စွဲဆောင်နိုင်တာကို သူ ဝန်ခံပါတယ်။

ကျန်းကျိုး အာရုံပျံ့လွင့်နေဆဲမှာပင် လှေက ပျဲရှန်ရွာသို့ ရောက်ရှိလာခဲ့သည်။ အဘိုးကြီးယွီက လှေကို ကမ်းစပ်မှ သစ်ငုတ်တွင် ချည်လိုက်ပြီး ခရီးသည်များကို နှုတ်ဆက်ပြီးမှ ကျန်းကျိုးဘက်သို့ လှည့်လိုက်ကာ “ငါ အသိမိတ်တွေဟောင်းတွေနဲ့ သွားသောက်လိုက်ဦးမယ်။ မင်း ပြန်ခါနီးရင် ငါ့ကို ရွာကြွေပင်အောက်မှာ စောင့်နေ အဲ့လိုမှမဟုတ်ရင် ရွာလူကြီးအိမ်မှာ ငါ့ကို လာရှာလို့ ရတယ်”

ကျန်းကျိုးက သဘောတူလိုက်ပြီး သူ၏လက်ထဲမှ ပစ္စည်းများနှင့် အဘိုးကြီးယွီက လက်ဆောင်ပေးလိုက်သော ဆန်အရက်ကို ကိုင်ကာ သူနှင့်ရင်းနှီးကျွမ်းဝင်နေသော ဝမ်ရန်၏အိမ်ဆီသို့ ဦးတည်လိုက်သည်။

ဝမ်မိသားစုကို အတော်အတန် ချမ်းသာသော မိသားစုအဖြစ် သတ်မှတ်နိုင်ပြီး သူတို့နေထိုင်သည့်နေရာက ဝင်ပေါက်တစ်ခုပါရှိသည့် ဝင်းငယ်လေးတစ်ခုဖြစ်သည်။ ပင်မတံခါးက သစ်သားတံခါးဖြစ်ပြီး ဆီဆေးသုတ်ထားကာ ကြေးနီသော့တစ်လုံး မြှုပ်နှံထားသည်။ ၎င်းက အသစ်တစ်ဝက်နှင့် အဟောင်းတစ်ဝက် ပုံစံဖြစ်ပြီး ၎င်းက သူ နောက်ဆုံးအကြိမ် သတို့သမီး လာကြိုစဉ်တွင် သူ အစားထိုးလဲလှယ်ပေးခဲ့သည့်ပုံစံ ဖြစ်သည်။

ကျန်းကျိုးက ကြေးနီသော့ကို ကိုင်လိုက်ပြီး ခေါက်ရန်ပြင်လိုက်သော်လည်း ခဏလောက် တုံ့ဆိုင်းနေမိသေးသည်။ သူ တံခါးထပ်ခေါက်ရန် ပြင်ဆင်နေချိန်တွင် တံခါးက အတွင်းမှ ရုတ်တရက် ပွင့်သွားသောကြောင့် သူ အထိတ်တလန့် မော့ကြည့်လိုက်ရာ သူ့ယောက္ခမ ဝမ်ယွမ်ရှင်းကို တွေ့လိုက်ရသည်။

ဝမ်ယွမ်ရှင်းက အဝတ်ပိုင်းတစ်ခုကို ခါးတွင် ချည်ထားပြီး ရေတစ်ဝတ်ခန့်ပါသော ရေဇလုံတစ်လုံးကို ကိုင်ထားသည်။ သူက လေးထောင့်မျက်နှာနှင့် ထင်ရှားသော မျက်ခုံးမွှေးများရှိပြီး သူ၏နယ်လှည့် စျေးရောင်းသောအလုပ်ကြောင့် သူ့အရေပြားက နီရဲနေသည်။ သူကလည်း ကျန်းကျိုးကို စိုက်ကြည့်နေပြီး ကျန်းကျိုးကို အပေါ်အောက် စုန်ဆန်ကြည့်လိုက်ပြီးမှ ခပ်လှောင်လှောင် ပြုံးကာ စကားတစ်ခွန်းမှ မပြောဘဲ တံခါးကို ပြန်ပိတ်လိုက်သည်။

ကျန်းကျိုးကတော့ ထိုနေရာတွင်ပင် တောင့်တင်းအေးခဲသွားရတော့သည်။

ခြံထဲမှ အမေဝမ်ဖြစ်သော လီယွဲ့လော်က ပြောင်းစေ့ခြွေသည့် ခုံပေါ်တွင် ထိုင်နေပြီး တံခါးကို ကျယ်လောင်စွာ ပိတ်နေသည့် ဝမ်ယွမ်ရှင်းကို မြင်သောအခါ သူမက ဒေါသထွက်သွားပြီး "တံခါးကို ဖြည်းဖြည်း‌ပိတ်လေ၊ ကျွန်မ ရှင့်ကို ဘယ်နှစ်ခါပြောမှ ရှင်မှတ်မိမှာလဲ? ရှင် နောက်ဆုံးအကြိမ်က တံခါးကို ဖျက်လိုက်တာကို ဘာလို့ မမှတ်မိတာလဲ? အဲဒါကို ပြင်ဖို့ ရွာကလက်သမားကို ခေါ်ခဲ့ရပြီး ငွေတွေ အများကြီး ကုန်ခဲ့တယ်လေ”

ဝမ်ယွမ်ရှင်းက ရေအင်တုံကို ပြန်သယ်လာပြီး လီယွဲ့ဘေးမှာ ထားလိုက်ကာ သူမ‌ဒေါသကို အူကြောင်ကြောင်ပုံစံဖြင့် တုံ့ပြန်လိုက်သည်။ “နောက်ဆုံးအကြိမ်ကလား? ဘယ်အချိန်က ဖြစ်ခဲ့တာလဲ? ငါ ဘာလို့ မမှတ်မိတာလဲ?"

လီယွဲ့လော်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး သူမ၏လက်ထဲမှ ပြောင်းဖူးများကို ပွတ်ခြွေနေရင်း "ဘယ်အချိန်ကလဲ ဟုတ်လား? အားရန် ကျန်းကျိုးနဲ့ ရန်ဖြစ်ပြီး ပြန်ရောက်လာတဲ့နေ့က မဟုတ်ဖူးလား”

ထိုနေ့က သန်းခေါင်ကျော်နေပြီ ဖြစ်ကာ သူမနှင့် သူမ၏ခင်ပွန်း အိပ်ပျော်နေပြီဖြစ်သော်လည်း တံခါးခေါက်သံကြားခဲ့ရသည်။ သူမတို့ တံခါးဖွင့်ကြည့်လိုက်ချိန်တွင် ခင်ပွန်းဖြစ်သူ၏အိမ်တွင် ရှိနေသင့်သော ဝမ်ရန်က တုန်တုန်ရင်ရင်ဖြင့် တစ်ယောက်တည်း ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဝမ်ရန်က ငိုလည်းမငိုသလို သူ့၏မျက်နှာတွင် ဘာအမူအရာမှ မရှိသော်လည်း တစ်ကိုယ်လုံး အေးစက်နေပြီး စကားတောင် မပြောနိုင်တော့ပေ။ သူမ၏ခင်ပွန်းသည်နှင့် သူမတို့ နှစ်ယောက်လုံး ထိတ်လန့်တကြား ဖြစ်ခဲ့ရပြီး သူတို့က ဝမ်ရန်ကို မေးမြန်းခဲ့သော်လည်း သူက ဘာမှ မပြောခဲ့ပေ။ သူမတို့နှစ်ယောက်က ဝမ်ရန်တို့ လင်မယားရန်ဖြစ်လာမည်ဟု မထင်ထားသောကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။ နောက်ဆုံးတွင် သူမက ကျန်းကျိုးကို သွားရှာရန် ဝမ်ယွမ်ရှင်းကို ပြောလိုက်ပြီး ဝမ်ယွမ်ရှင်း ထွက်သွားခါနီးတွင် ဝမ်ရန်က အထိတ်တလန့် ဖြစ်သွားခဲ့သည်။

ထိုအချိန်တုန်းက ဝမ်ရန်၏အမူအရာကို သူမ မှတ်မိနေသေးသည်။ ဝမ်ရန်၏မျက်နှာမှ မျက်ရည်များ စီးကျလာပြီး သူ့က ကောင်းကင်ကြီး ပြိုကျသွားသလို ခံစားနေရသော အမူအရာဖြစ်နေခဲ့သည်။ ဝမ်ရန်က ဘာမှ မပြောသော်လည်း “မရှိတော့ဘူး” ဟူသော စကားကို ကြောင်တက်တက်ဖြင့် ထပ်ခါထပ်ခါ ပြောနေခဲ့သည်။

နောက်ဆုံးတွင် သူမတို့ လင်မယားက ဝမ်ရန်ကို ဘာမှ မမေးတော့ဘဲ အိပ်ရန် ပြောလိုက်ကြသည်။ နောက်တစ်နေ့တွင် ဝမ်ယွမ်ရှင်းက ဝမ်ရန်တို့ လင်မယား စကားများရန်ဖြစ်လာသည်ကို သိခဲ့ရပြီး သူမလည်း အံ့အားသင့်ခဲ့ရသည်။ လင်မယားများ ရန်ဖြစ်ကြသည်မှာ ပုံမှန်သာဖြစ်သော်လည်း ဝမ်ရန်၏တုံ့ပြန်မှုက ထူးဆန်းနေပြီး သူက သူ့အသက်ကို ဆုံးရှုံးသွားသလို ပြုမူနေကာ တခြားတစ်ဖက်တွင် ကျန်းကျိုးက ကောင်းကောင်းနေထိုင်နေပြီး အဆင်ပြေနေပုံရသည်။ ထိုအရာက သူမတို့ကို ခန့်မှန်းရ ခက်စေခဲ့သည်။

သူတို့က ထိုအကြောင်းကို မပြောကြတော့ဘဲ နှစ်ယောက်စလုံး မသိဟန်နေလိုက်ကာ ကျန်းကျိုးက နှစ်ရက်အတွင်း သူ့မိန်းမကို လာချော့မည်ဟုသာ သူတို့ တွေးထားလိုက်ကြသည်။ သို့သော်လည်း နှစ်ရက်သာမက နှစ်လကြာသည်အထိ ကျန်းကျိုး၏အရိပ်ကိုပင် မမြင်ခဲ့ကြရပေ။

ဆန့်ကျင်ဘက်အနေဖြင့် ဝမ်ရန်က တစ်နေ့ထက်တစ်နေ့ ပိုအဆင်ပြေလာပြီး သုံးလကြာသည်အထိ အချိန်မှန် စားကာ အချိန်မှန်အိပ်လာခဲ့သည်။ ထို့နောက် သုံးလအကြာတွင် ဝမ်ရန်၏ဗိုက်က ဖောင်းကားလာပြီး ဝမ်ရန်တွင် ကိုယ်ဝန်ရှိနေသည်ကို သိလိုက်ရပြီး အံ့အားသင့်ခဲ့ကြသည်။ သို့သော်လည်း ကျန်းကျိုးကတော့ လျစ်လျူရှုထားဆဲ ဖြစ်သည်။

ထိုအချိန်တွင် အမေဝမ်က ဝမ်းနည်းပက်လက် ငိုကြွေးခဲ့သည်။ သူမက ကိုယ်ဝန်ဆောင်ခဲ့ဖူးသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး ကိုယ်ဝန်ရှိသူများ၏ အခက်အခဲများကို သဘာဝကျကျ နားလည်နိုင်သည်။ ဝမ်ရန်က ကော ဖြစ်သောကြောင့် သူတို့၏ကိုယ်ဝန်ဆောင်ဘဝက ပိုခက်ခဲပြီး ခင်ပွန်းကို လိုအပ်ဆုံးသောအချိန်တွင် ဝမ်ရန်က တစ်ယောက်တည်းနေနိုင်နေခဲ့ရသည်။

သို့သော်လည်း ဝမ်ရန်က ငြိမ်သက်နေသော်လည်း ဤငြိမ်သက်နေမှုကပင် သာမာန်မဟုတ်ပဲ အဆန်းကြယ်ဆုံး ဖြစ်နေခဲ့သည်။ နောက်ပိုင်းတွင် ဝမ်ရန်က ကလေးမွေးပြီးသည်အထိ သူ့ခင်ပွန်း သေသွားသကဲ့သို့ ပြူမူနေထိုင်နေကြောင်း သူတို့ သိလိုက်ရသည်။

လီယွဲ့လော် ထိုအတွေးကြောင့် အိမ်ထဲသို့ လှမ်းကြည့်လိုက်သည်။ အိမ်ထဲမှ လှုပ်ရှားမှု မရှိသည်ကို တွေ့လိုက်ရသောကြောင့် သူမက ဝမ်ယွမ်ရှင်းကို ပြောင်းဖူးရိုးတံဖြင့် လှမ်းထိုးလိုက်ပြီး "ရှင်က ဘာဖြစ်လာတာလဲ? ဘာလို့ အပြင်မှာ ရေမသွန်ခဲ့တာလဲ?"

ဝမ်ယွမ်ရှင်းက သူမဘေးတွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး ဒေါသတကြီးဖြင့် "ဟမ့်၊ မင်း ဘယ်လိုထင်လဲ? အပြင်မှာ ဘယ်သူရှိလဲလို့ မင်း တွေးကြည့်လိုက်လေ"

လီယွဲ့လော်က "ဘယ်သူလဲ?"

ဝမ်ယွမ်ရှင်းက ပြောင်းဖူးနှစ်ဘူးကို ကောက်ကိုင်ကာ ‌ဒေါသတကြီး ပွတ်တိုက်လိုက်ပြီး “ဘယ်သူဖြစ်နိုင်ဦးမှာလဲ? ကျန်းမိသားစုက လူယုတ်မာ ကျန်းကျိုးပေါ့!”

လီယွဲ့လော်က “ဘာလဲ? ကျန်းကျိုး ‌ရောက်လာတာလား?!"

ဝမ်ယွမ်ရှင်းက သူ့မိန်းမ၏ပါးစပ်ကို သူ့လက်ဖြင့် လှမ်းအုပ်လိုက်ပြီး "မင်း ဘာလို့ ဒီလောက် အကျယ်ကြီး အော်နေတာလဲ? အားရန် ကြားသွားရင် ဘယ်လိုလုပ်မလဲ?”

သို့သော် အချိန်နှောင်းသွားပြီ ဖြစ်ကာ အတွင်းမှ လေးလံသော အရာတစ်ခု ပြုတ်ကျသွားသလို 'အုန်း'ခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး အိမ်အတွင်းမှ နူးညံ့သိမ်မွေ့သော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဘယ်သူ... ဒီကို ရောက်နေတာလဲ?"

အပြင်မှ လူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး ဘယ်လိုပြန်ဖြေရမှန်း မသိဖြစ်နေကြသည်။

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်....

ချိုတယ်....ချိုတယ်....ချိုတယ် အရေးကြီးတဲ့စကားက သုံးခါပြောရတယ်လေ!!

အစောပိုင်းမှာ နည်းနည်းလေး အထင်လွဲတတွေ ရှိပေမယ့် နောက်ပိုင်းကတော့ အရမ်းချိုတယ်‌နော်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment