အခန်း ၁၄ ဇနီးနဲ့ကလေး
မူလက ဝမ်ရန်အား စန်းရွှေ့လမ်းကြားသို့ လိုက်ပို့ပေးရန် နှစ်ဦးသား သဘောတူထားခဲ့သော်လည်း ကျန်းကျိုးက ဝမ်ရန်အား လူစုလူဝေးမှ ကာကွယ်ပေးရန် သူ့လက်ကို တလျှောက်လုံး ဆုပ်ကိုင်လာခဲ့သည်။ သူတို့ စန်းရွှေ့လမ်သို့ ရောက်လာသည့်တိုင် ဝမ်ရန်က သူ့လက်ကို လွှတ်ပေးရန် မတောင်းဆိုခဲ့ပေ။ ကျန်းကျိုးက သူ့ဘက်မှ သေချာပေါက် စတင် လက်လွှတ်ပေးမည် မဟုတ်ဘဲ နှစ်ယောက်သား လက်ချင်းတွဲကာ ဖြည်းညှင်းစွာ လျှောက်လှမ်းနေခဲ့ကြသည်။
ထိုအခြအနေက ရှောင်ယိ နိုးလာပြီး မငိုခင်အထိ မပြောင်းလဲခဲ့ပေ။
ကလေးက သူ့၏တက်ကြွလှုပ်ရှားတတ်ဆုံးသော အခြေအနေတွင် ရှိနေပြီး မိဘများ ချိန်းတွေ့နေသည်ဖြစ်စေ လက်ချင်းတွဲထားသည် ဖြစ်စေ သူက ဂရုမစိုက်ပေ။ သူ အိပ်ရာမှ နိုးလာပြီး ဆာလောင်လျှင် ငိုရန်သာ တွေးနေမည် ဖြစ်သည်။
ရှောင်ယိက ငိုနေရင်းဖြင့် သူ့နှုတ်ခမ်းနေကို သူ့လက်ဖြင့် ပြန်ရိုက်နေသေးသည်။ ထို့အပြင် သူက သူ့၏စားစရာကို လိုက်ရှာနေပုံဖြင့် သူ့၏အလေ့အကျင့်အရ ဝမ်ရန်၏ရင်ဘတ်ကို သူ့မျက်နှာလေးဖြင့် ပွတ်သီးပွတ်သပ်လုပ်နေသေးသည်။
ကျန်းကျိုးက ရှောင်ယိ၏ မျက်လုံးများမှ မျက်ရည်များကို တွေ့သွားပြီး သူလည်း ဝမ်းနည်းလာသလို ခံစားလိုက်ရသည်။
"သူ ဗိုက်ဆာနေတာလား? ပုံမှန်ဆို သူ ဘာစားလေ့ရှိလဲ?"
ဝမ်ရန်က ထူးထူးဆန်းဆန်း ရှက်သွေးဖြန်းသွားပြီး ခေတ္တတာမျှ တုံ့ဆိုင်းသွားခဲ့သည်။ ခဏကြာမှာသာ သူက တိုးတိုးလေး ပြန်ဖြေလိုက်သည်။
“ပုံမှန်ကတော့ နွားနို့သောက်တယ်”
တကယ်တော့ သူမှာ ထပ်ရှင်းပြစရာ ရှိနေသေးတယ်။ ရှောင်ယိကို မွေးတုန်းက ရှောင်ယိက ကျန်းမာရေး သိပ်မကောင်းဘူး။ သူက ရှောင်ယိကို မြို့ထဲခေါ်လာပြီး သမားတော်နဲ့ ပြပေးခဲ့တယ်။ သမားတော်က ကလေးကို မိခင်နို့တိုက်တာ အကောင်းဆုံးဖြစ်ပြီး မိခင်နို့ မရနိုင်ရင် နွားနို့ကို အစားထိုးသုံးဖို့ ပြောခဲ့တယ်။
ကောတစ်ယောက်အနေနဲ့ သူ့မှာ အမျိုးသမီးတစ်ယောက်လို နို့တွေ အများကြီး မရှိပေမယ့် ကလေးမွေးပြီးတော့ နို့နည်းနည်းတော့ ရနိုင်ခဲ့တယ်။
ဒါပေမယ့် သူက ရှောင်ယိကို အခြားသူတွေရဲ့နို့ မသောက်စေချင်တာကြောင့် နွားနို့ကို အကြိမ်ပေါင်းများစွာ တိုက်ကျွေးခဲ့တဲ့အပြင် သူကိုယ်တိုင်လည်း မကြာခဏ နို့တိုက်ခဲ့တယ်။ အဲ့တာကြောင့် ရှောင်ယိက ယခုအချိန်အထိ ဘေးကင်းပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာခဲ့တယ်။
ဒါပေမယ့် သူ ကလေးကို နို့တိုက်ခဲ့တဲ့ကိစ္စ ကျန်းကျိုးကို သူ မပြောနိုင်သေးဘူး။
ကျန်းကျိုးက ဝမ်ရန်ကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်ရန်က သူနှင့်အတူ နို့ပုလင်း ယူလာသည်ကို မတွေ့ရသောကြောင့် သူက "မင်း ထွက်လာတုန်းက နို့ပုလင်း ယူလာခဲ့သေးတာလား? မင်းမိဘတွေနဲ့အတူ ထားခဲ့တာလား?"
“မဟုတ်ဘူး၊ ကျွန်တော်တို့ ထွက်မလာခင် သူ့ကို နွားနို့တိုက်ခဲ့တယ်။ သူ ခဏလေးနဲ့ မဆာလောက်ဘူးထင်လို့ နို့ပုလင်း မထည့်လာမိဘူး"
အခုအချိန်မှာ အဲဒီလို လုပ်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတော့ပုံရတယ်။
ဝမ်ရန်က ကျန်းကျိုးကို တစ်ချက်ကြည့်လိုက်ပြန်ကာ သူ့နှုတ်ခမ်းလေးကို ကိုက်ထားလိုက်သည်။
ကျန်းကျိုးက သူ့၏ချီတုံချတုံအမူအရာကို မြင်သွားပြီး သူလည်း အနည်းငယ် စိတ်ရှုပ်သွားသလို ဖြစ်သွားကာ "ဘာဖြစ်လို့လဲ?"
ဝမ်ရန်က သက်ပြင်းချလိုက်ရင်း “အခု ပြန်သွားဖို့ကလည်း အရမ်းနောက်ကျနေပြီ။ နွားနို့ ရှိရင်တောင် ရှောင်ယိကို တိုက်ရိုက်တိုက်လို့ မရဘူး။ အရင် ကျိုပြီး နွေးတဲ့အထိ စောင့်ရမယ်”
ရှောင်ယိက သနားစရာကောင်းလောက်အောင် ငိုနေသောကြောင့် ဝမ်ရန်က နှောင့်နှေး မနေဝံ့တော့ပေ။ သူက သူ့သားလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်း လူအုပ်ကြားထဲသို့ တိုးထွက်လာကာ လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။
သူက ဆိုင်ရှင်ကို မေးမြန်ခဲ့ပြီး သီးသန့်အခန်းတစ်ခု ယူလိုက်သည်။ သို့သော် အခန်းထဲသို့ ဝင်လာချိန်တွင် သူ ရုတ်တရက် ရပ်တန့်လိုက်မိသည်။ ထိုအခန်းအတွင်း၌ စားပွဲဝိုင်းကြီးတစ်လုံးသာ ရှိနေပြီး ဖုံးကွယ်နိုင်သည့်နေရာ မရှိပေ။ သို့သော် ကျန်းကျိုးက သူ့နောက်မှ လိုက်ပါလာခဲ့သည်။
သူတို့နှစ်ဦး လင်နှင့်မယားဖြစ်ပြီး ယခင်က အရာရာကို မြင်ဖူးခဲ့သော်လည်း ဘာကြောင့်မှန်းမသိ ကျန်းကျိုးရှေ့တွင် နို့တိုက်ရမည်ကို သူ အမြဲတမ်း ရှက်ရွံ့နေမိသည်။
ကျန်းကျိုးကလည်း ဝမ်ရန်နောက်မှ လိုက်လာခဲ့ပြီး ဝမ်ရန် သီးသန့်ခန်းထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရချိန်တွင် သူ့ပါးပြင်များ နီရဲလာတော့သည်။ ယခုမှ ဝမ်ရန် ဘာလုပ်တော့မည်ကို ကျန်းကျိုးက ရုတ်တရက် သဘောပေါက်သွားခဲ့ခြင်း ဖြစ်သည်။
ဝမ်ရန်က အရင်ကတည်းက အရမ်းရှက်တတ်တာလေ.... သူ အခု ဘယ်လောက် ရှက်နေလိမ့်မလဲ? အခု သူကို တစ်ယောက်တည်း ဝင်သွားခိုင်းလိုက်ရမလား?
ကျန်းကျိုးက နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်ပြီးမှ အကြည့်လွှဲလိုက်ကာ "မင်း အထဲကို ဝင်သွားလိုက်လေ၊ ကိုယ် တံခါးနားမှာ စောင့်နေပေးမယ်။ တစ်ခုခု လိုအပ်ရင် ကိုယ့်ကို လှမ်းခေါ်လိုက်"
ဝမ်ရန်က တိုးညှင်းသော အသံဖြင့်သာ တုံ့ပြန်လာခဲ့သည်။
ကျန်းကျိုး၏ရှေ့မှ တံခါးက ပိတ်သွားခဲ့ပြီး ကျန်းကျိုးက အခန်းထဲကို အာရုံမစိုက်မိစေရန် သူ့ကိုယ်သူ ထိန်းချုပ်ထားပြီး အောက်ထပ်ဧည့်ခန်းမမှ လူများကို စိုက်ကြည့်နေခဲ့သည်။
ထိုသို့ ကြည့်နေရင် သူ တစ်ချို့အရာများကို မြင်လာခဲ့သည်။
အခုလောလောဆယ် လက်ဖက်ရည်ဆိုင်မှာ လူသိပ်မရှိဘူး။ လူတွေက မီးပုံးပွဲတော်ကို ကြည့်ဖို့ အပြင်မှာဘဲ စုဝေးနေခဲ့ကြတတယ်။ ဈေးဝယ်ထွက်ရင်း ပင်ပန်းလာတဲ့သူတွေပဲ ဝင်ပြီး အနားယူကြပုံရတယ်။ အများစုက လက်ဖက်ရည်တစ်ခွက်လောက်မှာပြီး ခဏထိုင်ကြတယ်။ စားစရာ ဝယ်လာပြီး ထိုင်စားနေတဲ့သူတချို့လည်း ရှိနေသေးတယ်။
ဆိုင်ရှင်က အပြင်ကို မထွက်ဘဲ တံခါးဝမှာ ထိုင်နေပြီး အပြင်က မီးရောင်တွေကို မျက်နှာမသာမယာနဲ့ လိုက်ကြည့်နေတယ်။
ချူံပြောရရင်တော့ ဒီလက်ဖက်ရည်ဆိုင်ရဲ့ စီးပွားရေးက သိပ်မကောင်းဘူး။ လက်ဖက်ရည်တစ်ခွက်က အများကြီး အဖိုးတန်တဲ့အပြင် အပြင်မှာ လက်ဖက်ရည် ဝယ်သောက်တဲ့သူက ဘယ်နှစ်ယောက်ရှိလို့လဲ? အိမ်မှာ ကျိုထားတဲ့ ရေနွေးကိုပဲ သောက်ကြလိမ့်မယ်။
ဆိုင်ရှင်က သူ့လုပ်ငန်း တိုးတက်အောင်လုပ်ဖို့ အကြံကောင်းတွေ တွေးတောတာမျိုးလည်း လုပ်ပုံ မရဘူး။ လက်ဖက်ရည်နဲ့ တွဲစားနိုင်ရန် ပဲကြီးလှော်နဲ့ မြေပဲတို့လိုမျိုး အဆာပြေတချို့ကိုပဲ ရောင်းချပေးနေခဲ့တယ်။
ကျန်းကျိုးက ထိုဆိုင်ရှင်ကို ကြည့်နေရင်း ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့သည်။ သို့သော် ယခုအချိန်တွင် သူက ဝမ်ရန်ကို စောင့်ဆိုင်းနေရသောကြောင့် သူ ထိုအကြောင်းကို နောက်မှ အနည်းငယ် ထပ်စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း ဝမ်ရန်က သူ့ကို အချိန်အကြာကြီး မစောင့်ရစေခဲ့ပေ။ တစ်ရှီးချန်၏လေးပုံတစ်ပုံခန့်အကြာတွင် ဝမ်ရန် ပြန်ထွက်လာခဲ့သည်။
ကျန်းကျိုးက သူ့ကို လှမ်းကြည့်လိုက်ချိန်တွင် သူ့မျက်နှာက ပန်းနုရောင်သန်းနေပြီး အဝတ်အစားများအား သေသေသပ်သပ် ပြန်ဝတ်ထားသည်ကို တွေ့လိုက်ရသည်။ သူ့ရင်ခွင်ထဲမှ ကလေးလေးကတော့ ဗိုက်ပြည့်သွားပုံနှင့် တစ်ဖန် ပြန်မှိန်းစပြုနေပြီ ဖြစ်သည်။ သူလေးက သူ့မျက်လုံးလေးများ တစ်ဝက်သာ ဖွင့်ထားပြီး သူ့လက်လေးများက ဝမ်ရန်၏ရင်ဘတ်ပေါ်ရှိ အဝတ်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့်အပြင် သူ့နှုတ်ခမ်းလေးများကိုလည်း လှုပ်စိလှုပ်စိ လုပ်နေသေးသည်။
ကျန်းကျိုးကတော့ အနည်းငယ် သဘောကျနေခဲ့သည်။
ဒီကလေးလေးက ဝက်ပေါက်ကလေးလို စားပြီး အိပ်ပြီပေါ့။
ဝမ်ရန်က သူ့ရင်ခွင်ထဲမှ ရှောင်ယိကို ကျန်းကျိုး စိုက်ကြည့်နေသည်အား မြင်သွားခဲ့ပြီး သူ့စိတ်ထဲတွင် တစ်ခုခုကို ခံစားလိုက်ရသည်။ သူက "သူက တစ်နေ့ကို ခုနစ် ရှိးချန် ရှစ်ရှိးချန်လောက် အမြဲအိပ်တယ်။ သူ နိုးနေတဲ့အချိန်က အတော်ရှားတယ်။ ဗိုက်ဆာရင်သာ သူ နိုးလာတတ်တာ။ သူက လုံးဝ ဆူညံတာမျိုး မရှိဘူး၊ အနည်းဆုံးတော့ ကျွန်တော် ညဘက် အေးအေးဆေးဆေး အိပ်ရတယ်"
ဝမ်ရန်က ကျန်းကျိုးအား ရှောင်ယိ၏ဘဝအကြောင်း အသေးစိတ် ပြောပြနေခဲ့သည်။ သူကို မွေးဖွားစအချိန်က ရှုံ့တွနေသည့် မျောက်ကလေးနှင့်တူကြောင်း၊ တခြားသူကို ကယောင်ကတမ်းဖြစ်အောင် ပြုမူရခြင်းအား နှစ်သက်ပုံများ၊ အထူးသဖြင့် သူ့ကို ပွေ့ဖက်မိသူတိုင်း ဒုက္ခရောက်ခဲ့ရကြောင်းများကို ပြောပြနေခဲ့သည်။
ကျန်းကျိုးက ပြုံးလိုက်ပြီး "ခုန ကိုယ် သူ့ကို ပွေ့ဖက်ထားတော့ သူက ဒုက္ခမပေးဘူး"
ဝမ်ရန်က သူ့နှုတ်ခမ်းလေးများကို ခပ်ဖွဖွဖိကာ ပြုံးနေရင်း "ကောင်းပါပြီ၊ သွားကြရအောင်၊ ပြန်ဖို့ အချိန်တန်နေပြီ"
ကျန်းကျိုးက အချိန်ကို တစ်ချက် ကြည့်လိုက်ပြီး ခွဲခွာရန် စိတ်မကောင်း ဖြစ်နေခဲ့သည်။ သို့သော်လည်း သူက ဝမ်ရန်ကို ပြန်ပို့ရမည် ဖြစ်သည်။ မီးပုံးပွဲတော်ပြီးသည့်အထိ စောင့်နေပြီး နောက်ကျသွားလျှင် ရှောင်ယိအတွက် အဆင်မပြေလှပေ။ လူတိုင်း လှေဆီသို့ အပြေးအလွှား ရောက်လာကြမည် ဖြစ်ပြီး ဝမ်ရန်တစ်ယောက်တည်း ကလေးကို ထိန်းထားနိုင်မည် မဟုတ်ပေ။ ကျန်းကျိုးက အမှန်တကယ် စိုးရိမ်နေခဲ့သည်။
သူတို့ ဆိပ်ကမ်းသို့ ရောက်သွားချိန်တွင် သူတို့နှင့် တူညီသော အတွေးအမြင်ရှိသူများက ထိုနေရာသို့ ကြိုရောက်နေကာ စည်ကားနေပြီ ဖြစ်သည်။ ကျန်းကျိုးက စူးရှသောမျက်လုံးဖြင့် လှမ်းကြည့်လိုက်ပြီး ဦးလေးယွိ အဝေးမှ လှေပေါ်တွင် မတ်တတ်ရပ်နေသည်ကို သူ တွေ့သွားခဲ့သည်။ သူက ဦးလေးယွိကို အော်ဟစ်ပြီး နှုတ်ဆက်လိုက်သည်။
သူတို့နှစ်ယောက် လှေပေါ်တက်ပြီးနောက် ဦးလေးယွိက လှေကို ပျဲရှန်ရွာသို့ ပြန်ဦးတည်လိုက်သည်။ သူက ကျန်းကျိုးကို ရိသဲ့သဲ့ မျက်လုံးမှိတ်ပြနေပြီး လူကို စိတ်ရှုပ်အောင် လုပ်နေသေးသည်။
နောက်ဆုံးတွင် ဦလေးယွိက ကျန်းကျိုးကို ကူညီပေးချင်သောကြောင့် ခဏလောက်စဉ်းစားနေပြီး ဝမ်ရန်ကို လှမ်းမေးလိုက်သည်။
"မင်း လွန်ခဲ့တဲ့ ရက်အနည်းငယ် ကြက်ဥမုန့် ဝယ်ဖို့ လာခဲ့သေးတယ်မလား? မင်း အိမ်ရောက်တော့ စားကြည့်သေးလား? အဲဒါ ဘယ်လိုနေလဲ? စားကောင်းလား?"
ဝမ်ရန်က ရှောင်ယိကို တင်းတင်းပွေ့ဖက်ထားရင်း ကျန်းကျိုးကို လှမ်းကြည့်လိုက်ရာ သူတို့ မျက်လုံးချင်း ဆုံသွားခဲ့သည်။ သူ့မျက်နှာလေးက ချက်ချင်း နီမြန်းသွားပြီး အလွန်တိုးလျသော အသံဖြင့် ပြန်ဖြေလာခဲ့သည်။
“အင်း…ကောင်းတယ်”
ရှက်စရာ ကောင်းလိုက်တာ၊ သူက တိတ်တိတ်လေး လာဝယ်ခဲ့ပေမယ့် ဖော်ထုတ်ခံလိုက်ရပြီ!!
ဝမ်ရန်က သူ လာဝယ်ခဲ့တဲ့ ကောင်းမွန်သော ကြက်ဥမုန့်နှင့် ကျန်းကျိုးဆီမှ ရခဲ့သည့် ရုပ်ဆိုးဆိုး ကြက်ဥမုန့်ကို ပြန်တွေးနေခဲ့သည်။
အဲလူက ဘာကိုဆိုလိုချင်မှန်း သူလည်း ဘယ်လိုမှ မသိနိုင်တော့ဘူး။
ဒါပေမယ့် ဒါက သူ ဆယ်နှစ်ကျော် ချစ်ခဲ့ဖူးတဲ့ သူ့ရဲ့ကျိုးကောပဲ ဖြစ်ရမယ်။
ဒါတောင်မှ သူ့နှလုံးသားက တုံ့ဆိုင်းနေသေးတယ်။ ဒါပေမယ့်လည်း ကျန်းကျိုးရဲ့ အရိပ်အယောင်တွေကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်တာကြောင့် သူ့ကိုယ်သူ စိတ်မပူဖို့လည်း ပြန်ပြောနေရသေးတယ်။
သူတို့နှစ်ယောက်လုံး စကားမပြောကြသော်လည်း လေထဲတွင် တစ်စုံတစ်ရာ ပြောင်းလဲသွားပုံရကာ သူတို့ လိုရာခရီးသို့ တိတ်တဆိတ် ရောက်ရှိသွားခဲ့ကြသည်။
ကျန်းကျိုးက ဝမ်ရန်ကို ကမ်းပေါ်အထိ လိုက်ပို့ပေးခဲ့ပြီး ဟွေ့ပင်အိုကြီးအောက်တွင် ရပ်နေခဲ့သည်။ ဝမ်ရန် ခြေနှစ်လှမ်းခန့် လှမ်းပြီးနောက်တွင် သူ့ကို ဝမ်ရန်ကို လှမ်းခေါ်လိုက်သည်။
"အားရန်"
ဝမ်ရန်က အလျင်စလို ခေါင်းပြန်လှည့်လိုက်ပြီး "ဟမ်?"
"မနက်ဖြန် မီးပုံးပွဲတော် သွားဦးမှာလား?"
ဝမ်ရန်က တုံ့ဆိုင်းနေပြီးမှ "သွား... သွားရင်ကောင်းမလား?"
ကျန်းကျိုးက ဟွေ့ပင်ကြီးကို မှီကာ ဝမ်ရန့်ကို ပြုံးပြနေရင်း "ဒါဆို ကိုယ် မင်းကို လာကြိုပေးမယ်"
သူ၏မျက်လုံးများက နူးညံ့သိမ်မွေ့နေပြီး မှိုင်းညိုသောညတွင်ပင် မြစ်ထဲမှ ရေကြည်လေးကဲ့သို့ ကြည်လင်တောက်ပနေလေသည်။
ဝမ်ရန်ကတော့ သူ့နှလုံးခုန်သံကိုပင် ပြန်ခံစားနေရသည်။ ဆောင်းဦးရာသီဖြစ်နေသည်မှာ သိသာထင်ရှားနေသော်လည်း သူက နွေရာသီ၏ ပုစဉ်းရင်ကွဲများ တေးဆိုနေသလို ခံစားနေရပြီး အတွေးထဲတွင် နှစ်မြုပ်သွားခဲ့သည်။ ခဏအကြာတွင် သူက 'ကောင်းပြီ' ဟု သူ့ဘာသာသူ ကြားရုံ တိုးတိုးလေး ရေရွတ်ပြီး ပြေးထွက်သွားတော့သည်။
ဦးလေးယွိက သူ့မုတ်ဆိတ်မွေးကို လက်ဖြင့် သပ်ချလိုက်ပြီး အရက်တစ်ငုံသောက်လိုက်ကာ “ခုခေတ်လူငယ်တွေက တကယ်ကို မနာလိုစရာကောင်းတယ်”
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️