အခန်း ၁၀ ဇနီးလေးကို ပွေ့ဖက်ချင်တယ်
လုတာ့လန်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ထိုပူးပေါင်းမှုအပြီးတွင် ကျန်းကျိုးက ရန်ဟယ်ရွာရှိ ကြက်ခြံများအကြောင်း သိရှိလာခဲ့ပြီး လုတာ့လန်က သူတို့ရွာသားများအတွက်ပါ စိုးရိမ်နေပြီး အားလုံး၏စီးပွားရေးကို စီမံခန့်ခွဲပေးနေသူဖြစ်ကြောင်း သူ သိခဲ့ရဖြစ်သည်။
ဘာကြောင့်လဲ ဆိုတော့ ဒီခေတ်မှာ ကြက်သားနဲ့ ဥတွေကို နေ့တိုင်း မစားနိုင်တဲ့လူတွေ များနေလို့ပါပဲ။ ပြီးတော့ တစ်ရွာလုံးက ကြက်မွေးမြူကြတာဆိုတော့ ပြိုင်ဆိုင်မှုတွေလည်း မလွဲမသွေ ကြုံတွေ့လာရတာပေါ့။ ပြိုင်ဆိုင်မှုတွေကြောင့် ကြက်ဥပေါက်ဈေးကိုတောင် ညှိနှိုင်းဖို့ ခက်ခဲသွားခဲ့တယ်။ စျေးမြင့်မြင့်နဲ့ရောင်းတဲ့ မိသားစုအချို့ ရှိသလို စျေးနှုန်းချိုချိုသာသာနဲ့ ရောင်းချင်တဲ့ မိသားစုတွေလည်း ရှိခဲ့တယ်။ တချို့ရွာသားတွေက သူတို့ရဲ့ကြက်နဲ့ ကြက်ဥတွေ များများရောင်းနိုင်ဖို့ အခြားသူများထက် ဈေးလျော့ပြီး ရောင်းချကြတယ်။ သူတို့ ရောင်းချရလွယ်ကူတာကို သိသွားတော့ နောက်လူတွေကလည်း စျေးတွေ နှိမ့်ပေးကြတယ်။ အဲ့တာကြောင့် ရေရှည်မှာ အမြတ်အစွန်းက သေးငယ်လာပြီး သူတို့လုပ်ငန်းရဲ့အရွယ်အစားက သေးငယ်သွားလိမ့်မယ်။
နောက်ဆုံးမှာတော့ လုတာ့လန်က ကြက်ခြံကို အခြားစီးပွားရေးအဖြစ် ပြောင်းလဲဖို့ စတင် စိတ်ကူးနေခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ သူက သူက ကြက်ဥကိတ်မုန့်ရောင်းနေတဲ့ ကျန်းကျိုးကို လာရှာခဲ့တာပါ။ နောက်ဆုံး သူတို့ ပူးပေါင်းနိုင်ရင် သူတို့ရွာအတွက် ကြက်ဥရောင်းဖို့ ပုံသေလမ်းကြောင်းတစ်ခုရှိလာလိမ့်မယ်၊။ အဲ့တာအပြင် ကြက်ဥမုန့်ကို ပြန်လည်ရောင်းချနိုင်မယ့် အခြားလုပ်ငန်းတစ်ခုလည်း ရှိလာလိမ့်မယ်။ တကယ်တော့ လုတာ့လန်က ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပါ။
လက်ရှိတွင် အချိန် နောက်ကျနေပြီ ဖြစ်သောကြောင့် ကောင်းကင်က ပိုမှောင်လာခဲ့သည်။ ကျန်းကျိုးက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ညစာစားချိန်ရောက်နေပြီဟု တွေးလိုက်သည်။ သူက ချက်ပြုတ်ရန် ပြင်ဆင်လိုက်ရင်း လုတာ့လန်ကို ဖိတ်ခေါ်လိုက်သည်။ “ဒီနေ့ ကျွန်တော်ရဲ့ဟင်းချက်လက်ရာကို မြည်းကြည့်ချင်လား? ဦးလေးယွိလည်း မကြာခင် ရောက်လာလိမ်မ့ယ်၊ ခနနေရင် အတူတူ သောက်ကြရအောင်”
ဦးလေးယွိက လူပျိုကြီးဖြစ်ပြီး သူ့ဘဝ၏ အချိန်အများစုကို ရေပေါ်တွင် ကုန်ဆုံးခဲ့သူ ဖြစ်သည်။ ကျန်းကျိုးနှင့် လုပ်ငန်းမစတင်ခင်က သူက လှေပေါ်တွင်သာ အမြဲနေထိုင်တက်ပြီး ကုန်းပေါ်သို့ တက်လာရန် ခဲယဥ်းသူဖြစ်သည်။ သူ၏ညစာကလည်း အရက်တစ်အိုးနှင့် အဖြူထည်ငါးစွပ်ပြုတ်သာ ဖြစ်သည်။ သို့သော် ကျန်းကျိုးနှင့် အလုပ်လုပ်ပြီးကတည်းက သူက ကျန်းကျိုး၏အိမ်တွင် အခမဲ့ညစာစားရန် ရောက်လာတက်သည်။
လုတာ့လန်က ကြက်ဥမုန့်ကို မြည်းစမ်းကြည့်ပြီး ဖြစ်သည်။ ထို့ကြောင့် သူက ကျန်းကျိုး၏ ဟင်းချက်လက်ရာ အနည်းငယ်မျှော်လင့်ထားသောကြောင့် ထိုညစာစားပွဲကို ချက်ချင်း သဘောတူလိုက်သည်။
ကျန်းကျိုးက အိမ်ထဲသို့ ဝင်ကာ သူ သိမ်းဆည်းထားသည့်ပါဝင်ပစ္စည်းများကို သွားယူလိုက်သည်။ အများစုက ဝက်သားများ ဖြစ်ပြီး အသား၊ နံရိုး၊ ဝက်ဗိုက်သားနှင့် ဝက်နားရွက်နှစ်ခု ကျန်နေသေးသည်။ ထို့အပြင် အစေ့အဆန်နှင့် ဂျုံအနည်းငယ်လည်း ကျန်နေသေးသည်။ သူတို့ အရက်သောက်ကြမည် ဖြစ်သောကြောင့် ကျန်းကျိုးက အရက်နှင့် လိုက်ဖက်မည့် ဟင်းပွဲကို ပြင်ဆင်ရန် စဥ်းစားနေခဲ့သည်။
ဒီမှာ ဝက်နားရွက်တွေ ရှိနေမှတော့ ဘာလို့ ဝတ်နားရွက်ဟင်းကို မချက်ရမှာလဲ?
တောဝက်နှင့် လဲလှယ်ရန် ရောက်လာခဲ့သည့် ရွာသားတစ်ဦးက မြေပဲများ ယူဆောင်လာခဲ့သည်။ ထို့ကြောင့် ကျန်းကျိုးက မြေပဲပန်းကန်ပြားအကြီးကြီးတစ်လုံးစာကို ကြော်ပြီး ဘေးဖယ်ထားလိုက်သည်။
တောဝက်က ဆူဖြိုးသောကြောင့် ဝက်နားရွက်များက အလွန်ကြီးမားလှသည်။ ကျန်းကျိုးက ဆားနှင့် ရှာလကာရည်ကို ရောစပ်ကာ ဝက်နားရွက်များ၏အတွင်းနှင့် အပြင်ကို ပွတ်တိုက်ဆေးကြောလိုက်ပြီး အနံအသက် ကင်းစင်စေရန် ထိုဝက်နားရွက်များကို ဆူပွက်နေသော ရေနွေးဖြင့် ရေနွေးဖျောလိုက်သည်။ နောက်ဆုံးတွင် ဝက်နားရွက်များကို မီးဖိုပေါ်တွင် ပြုတ်ထားလိုက်ပြီး မြက်သီးခြောက်များနှင့် စမုန်စပါးကဲ့သို့သော ဟင်းခတ်အမွှေးအကြိုင်အချို့ ထပ်ထည့်လိုက်သည်။
ဝက်နားရွက်ဟင်းအပြင် ကျန်းကျိုးက အနက်ရောင်မှိုနှင့် အစိမ်းရောင်မုန်ညှင်း ပန်းကန်ပြားတစ်ချပ်စာကိုလည်း ရောသုပ်ရန် ပြင်ဆင်လိုက်သေးသည်။ ဤအနက်ရောင်မှိုကို အနက်ရောင်မှိုဟု မခေါ်ကြဘဲ လူအများစုက ၎င်းကို ကြွက်နားရွက်မှိုဟု ခေါ်လေ့ရှိကြသည်။ မိုးရွာပြီးနောက် ရွာသားများက တောင်ပေါ်သို့သွားကာ ထိုမှိုများကို ခူးဆွတ်လေ့ရှိကြသည်။ အများစုက အခြောက်ခံလေ့ရှိသော်လည်း ကံကောင်းထောက်မဖြင့် လွန်ခဲ့သော နှစ်ရက်က မိုးရွာထားသဖြင့် ရွာသားများက မခြောက်သေးသော ထိုကြွက်နားရွက်မှိုကို ကျန်းကျိုးအား ပေးခဲ့ကြသည်။
ကျန်းကျိုက မှို၏အမြစ်ကို သေသေချာချာ လှီးဖြတ်ပြီး သေသေချာချာ သန့်စင်သွားအောင် ရေထပ်ဆေးလိုက်သည်။ ထို့နောက် မှိုကို ရေနွေးနှင့် ပြုတ်လိုက်ပြီး ပြန်ဆယ်ကာ ပါးပါးလှီးထားလိုက်သည်။ နောက်ဆုံးတွင် ကြက်သွန်ဖြူ၊ ဂျင်း၊ နှမ်းဆီနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များ ရောထည့်ကာ ဆီပူပူတွင် ကြော်လိုက်သည်။
မူလတွင် ကျန်းကျိုးက အသီးအရွက်တွေ ဖက်ထုပ်လုပ်ရန် တွေးခဲ့သေးသည်။ သို့သော် ၎င်းတို့ကို စေ့စေ့ကြည့်ပြီးနောက် မုန်ညင်းစိမ်းထုပ်သေးသေးလေးက မလတ်ဆတ်တော့ကြောင်း သူ သတိထားမိလိုက်သသည်။ အရွက်များက မနူးညံ့တော့လျှင် ဖက်ထုပ်ကလည်း အရသာရှိမည် မဟုတ်သောကြောင့် သူက ဟင်းရွက်အေးသုပ်အဖြစ် ရောသုပ်လိုက်တော့သည်။
ကျန်းကျိုး ဝက်နားရွက်များကို ကိုင်တွယ်ရန် အလုပ်များနေချိန်ကတည်းက ဦးလေးယွိက ရောက်ရှိနေခြင်း ဖြစ်သည်။ သူက ယနေ့ရရှိသောဝင်ငွေများကို သေတ္တာတစ်ခုတွင် ထည့်ထားပြီး ကျန်းကျိုးအား လွှဲပေးလိုက်သည်။ ထိုနောက် သူက ဝင်ထိုင်လိုက်ပြီး လုတာ့လန်နှင့် စကားစမြည် ပြောဆိုနေခဲ့သည်။
ကျန်းကျိုးက ဟင်းချက်နေရင်း သူတို့ ပြောနေသည့်စကားများကို နားထောင်နေခဲ့သည်။
“ဦးလေးယွိ၊ တရားသူကြီးမင်းအသစ်က ဘယ်ကလာတယ်ဆိုတာ သိလား?”
ဦးလေးယွီက စကားပြောဆိုရာတွင် လူရည်လည်သလို တခြားသူများ၏စကားကိုလည်း သေသေချာချာ နားထောင်တက်သည်။ သူက အရာအားလုံးကို အမြဲစောင့်ကြည့်နေတက်ပြီး သာမန်လူများထက် ပိုသိသည်။ ထို့ကြောင့် သူက ရွာသားများကြားတွင် သတင်းပေးသူဖြစ်သည်။
"သူက ချင်းကျိုးကတဲ့၊ သူ့မျိုးရိုးအမည်က လျိုလို့တော့ ငါ ကြားခဲ့တယ်။ တစ်ချို့ပြောကြတာတော့ သူက အကျိုးဆောင်မှုတွေ အများကြီး လုပ်ခဲ့တယ်တဲ့၊ အခုအချိန်မှာ ချင်းကျိုးကလည်း လူအဝင်အထွက်များပြီး ဖရိုဖရဲဖြစ်နေတာလေ။ သူ ငါတို့ ဖျင်ရောင်စီရင်စုကို တကူးတက လွှဲပြောင်းနိုင်ဖို့ ဘယ်လို အကျိုးဆောင်မှုမျိုး လုပ်ခဲ့လဲတော့ ငါ မသိဘူး”
လုတာ့လန်က ခေါင်းခါလိုက်ပြီး “ဘာပဲဖြစ်ဖြစ် သူ့ရဲ့အကျိုးဆောင်မှုတွေက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး။ သူ တာဝန်ယူပြီးနောက်တဲ့ သူ လုပ်မယ့် မူဝါဒအသစ်တွေကိုတော့ ငါ နည်းနည်း စိုးရိမ်နေမိတယ်”
အရင် တရားသူကြီးမင်းချိုးတုန်းက ရွာသူရွာသားတွေအပေါ် အရမ်းကြင်နာပေးခဲ့တယ်လေ။ ကြီးကြီးမားမား ရာဇ၀တ်မှု မဟုတ်သရွေ့တော့ သူက နှာစေးနေပေးတယ်။ သူတို့ရွာမှာ ကြက်ခြံတွေ စလုပ်တုန်းက လူအနည်းငယ်က မြုံတဲ့မြေတွေကို ရှင်းလင်းပြီး အဲ့နေရာမှာ ကြက်ခြံတွေ ဆောက်ခဲ့ကြတယ်။ တရားသူကြီးမင်းချိုးက အဲ့အကြောင်းကို ရုံးတော်ရောက်အောင် တင်ပြပေးခဲ့ပြီး သူတို့ရဲ့လယ်မလုပ်တော့တဲ့ မြေတွေအတွက် မြေခွန်ကို လျှော့ချပေးခဲ့တာကြောင့် သူတို့ရဲ့ ပြန်လည်တည်ဆောက်ရေးမှာ ဝန်ထုပ်ဝန်ပိုးတွေ လျှော့ချနိုင်ခဲ့ကြတယ်။
သူတို့နှစ်ယောက် စကားစမြည်ပြောနေကြစဉ်တွင် ကျန်းကျိုးက ထိုတရားသူကြီးအသစ်က သူနှင့် ပတ်သက်မှုတစ်ခုခုရှိနေသည်ဟု ရုတ်တရက် တွေးလိုက်မိသည်။
အဲ့တုန်းက အချိန်ခရီးသွားကို လှည့်ဖြားခဲ့တဲ့ ဟင်းခတ်အမွှေးအကြိုင်ကုန်သည်က လျိုမျိုးရိုး ဖြစ်ပုံရတယ်။
သို့သော်လည်း လက်ရှိအချိန်တွင် အရာရှိများ စီးပွားရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ခြင်းက တားမြစ်ချက်တစ်ခု ဖြစ်သည်။ ထိုသို့သော အရာရှိများကို ရာထူးမှ ထုတ်ပယ်ရုံသာမက သူတို့၏ သားစဉ်မြေးဆက်များကိုလည်း တော်ဝင်စာမေးပွဲတွင် ပါဝင်ခွင့် မပြုတော့ဘဲ ကုန်သည်အဖြစ်သာ သတ်မှတ်လေ့ရှိသည်။ သို့သော် မူလကတည်းက ကုန်သည်ဖြစ်နေသည့် သူများကတော့ အခြားသူများ၏ ထောက်ခံမှုအောက်တွင် တော်ဝင်စာမေးပွဲ ဝင်ဖြေခွင့် ရရှိနိုင်ကြသည်။
ထို့ကြောင့် တရားသူကြီးလျိုက ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းနှင့် ပတ်သက်နေနိုင်သည့်ဆိုသော အတွေးအမြင်က ကျန်းကျိုး၏စိတ်ထဲသို့ ခေတ္တမျှသာရောက်လာခဲ့ပြီး ပြန်ထွက်သွားခဲ့သည်။
တကယ်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလေ။
ကျန်းကျိုးက ဝက်ဗိုက်သားကို အသုံးပြုပြီး ဝက်သားအစာသွပ်ဟင်းပွဲ ပြုလုပ်ခဲ့သေးသည်။ သူက ဝက်သားတုံးကို လေးထောင့်ပုံ လှီးဖြတ်လိုက်ပြီး အလယ်တွင် အပေါက်ဖောက်ကာ ဆားနယ်ထားသည့် ကြက်ဥအနှစ်များကို ထည့်လိုက်ပြီး အဝကို ဝါးချောင်းလေးများဖြင့် ထိုးပိတ်ကာ ပဲငံပြာရည်ဖြင့် အချိန်အကြာကြီး ပြုတ်ထားလိုက်သည်။
ညနေခင်း၏လေညင်းများ တိုက်ခတ်နေသောကြောင့် သူတို့ရွာလေးက ပုံမှန်ဆောင်းဦးရာသီထက်ပို ခမ်းနားနေခဲ့သည်။ နေဝင်ချိန်က လှပသောအရိပ်တစ်ခုအဖြစ် မြစ်ထဲသို့ တဝက် ဖြာကျနေပြီး နွေးထွေးသည့်ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
နေဝင်ချိန်တွင် သုံးယောက်သား ခွက်မြှောက်လိုက်ကြပြီး တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဂုဏ်ပြုလိုက်ကြသည်။ ဝက်နားရွက်က ကြွပ်ရွနေကာ ကြွက်နားရွက်မှိုက လန်းဆန်းစေပြီး အသားများကလည်း အရသာ ကောင်းမွန်လှသည်။ ဤညစာက ဧည့်သည်များအတွက် အတော်လေးပျော်ရွှင်စေသော ညစာစားပွဲတစ်ခု ဖြစ်ခဲ့သည်။
ကျန်းကျိုး၏ အရက် ခံနိုင်ရည် သိပ်မကောင်းသောကြောင့် သူက အများကြီး မသောက်နိုင်ပေ။ နှစ်ခွက်သောက်ပြီးနောက်တွင် သူ့မျက်နှာက နီရဲလာကာ သူက ရှီဟယ်မြစ်ထဲမှ ခရီးသည်များအကြောင်း ဦးလေးယွိ ပြောပြနေသည့် ပုံပြင်များကို ရီးဝေဝေ နားထောင်နေခဲ့သည်။ သူက ကျေးရွာများ၏ အနီးတဝိုက်မှ မြစ်ကြောင်းများနှင့် လမ်းကြောင်းများ အကြောင်းကိုလည်း ရှင်းပြနေသေးသည်။ ထို့နောက် သူက အရက် မမူးတမူး ဖြစ်နေသော ကျန်းကျိုးဘက်သို့ လှည့်လိုက်ပြီး “ပြောရမယ်ဆိုရင် ဟိုအရင်တုန်းက မင်း ပျဲရှန်ရွာကို သွားတာကို ငါ မတွေ့ခဲ့ဘူး၊ ဒါပေမယ့် ရှောင်းဟယ်ရွာကို လှေစီးပြီးလာတဲ့ ဝမ်ရန်ကိုတော့ ငါ မကြာခဏ တွေ့ဖူးတယ်”
ကျန်းကျိုးသည် ခေါင်းမကြည်သောကြောင့် “အမ်” ဟုသာ ညည်းညူလိုက်သည်။
ဦးလေးယွိက ဝက်နားရွက်တစ်ပိုင်းကို ကောက်ယူ၍ သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး အရသာခံနေရင်းဖြင့် “ငါ သူ့ကို စပ်စုကြည့်တော့ သူက တစ်ယောက်ယောက်ကို လာရှာတယ်လို့ပဲ ပြန်ဖြေတယ်။ ဒါပေမယ့် သူက ဘယ်တော့မှ ညအိပ်ညနေ မနေဘူး၊ ခဏကြာရင် ပြန်ထွက်လာပြီး ပျဲရှန်ရွာကို လှေနဲ့ ပြန်သွားတက်တယ်”
ကျန်းကျိုး ထိတ်လန့်သွားပြီး မူးဝေနေရာမှ လန့်နိုးလာခဲ့သည်။
သူက လွဲပြီး ဒီရှောင်းဟယ်ရွာမှာ တခြားဘယ်သူ့ကို လာရှာတာဖြစ်နိုင်လို့လဲ?
ဒါပေမယ့် သူ့ရဲ့မှတ်ဥာဏ်ထဲမှာတော့ ဝမ်ရန် ဒီကို လာတာကို သူ မသိခဲ့ဘူး။ သူသာ ဦးလေးယွိနဲ့ ဆက်ဆံရေး မကောင်းရင် ဝမ်ရန် တစ်နှစ်ပတ်လုံး တိတ်တဆိတ် ရောက်လာတက်တဲ့အကြောင်းကို သူ ဘယ်တော့မှ သိရမှာ မဟုတ်ဘူး။ ဝမ်ရန် ဒီကို ရောက်လာတာ ဘယ်နှစ်ခါရှိပြီလဲ။ ဝမ်ရန်က အချိန်ခရီးသွားလား? ဒါမှမဟုတ် သူ့ခင်ပွန်းလားဆိုတာ သိဖို့ ခဏခဏ လာချောင်းကြည့်နေခဲ့တာလား? ဝမ်ရန်တစ်ယောက် ဘယ်လောက်တောင် ဝမ်းနည်းနေမလဲ?
ကျန်းကျိုး၏စိတ်ထဲတွင် ဝမ်ရန်၏ မျက်လုံးများမှ ဝမ်းနည်းမှုများနှင့် မသေချာမရေရာသော အကြည့်များ တရိပ်ရိပ် ပြန်ပေါ်လာခဲ့သည်။
နောက်ဆုံးတော့ ဝမ်ရန်က အတွေးတွေ့နဲ့ မရုန်းကန်ချင်တော့တာကြောင့် ခင်ပွန်းသည်ကို စွန့်လွှတ်လိုက်ပုံပါပဲ။
ဦးလေးယွိက သူ့အတွေးများကို အတည်ပြုပေးခဲ့သည်။ “လွန်ခဲ့တဲ့ တစ်နှစ်က ဝမ်ရန် ဒီကို မကြာခဏ ရောက်လာတယ်။ အဲဒီတုန်းက သူ့မှာ ကိုယ်ဝန်ရှိနေမှန်း မသိသာသေးဘူး။ နောက်ပိုင်း ကိုယ်ဝန်ကို ဖုံးကွယ်မထားနိုင်တော့သလို လှေပေါ်ကိုတက်ဖို့လဲ ခက်ခဲသွားတယ်။ သူ နောက်ဆုံးတစ်ကြိမ် ဒီကို ရောက်လာတာ တစ်လကျော်လောက်ရှိပြီ ထင်တယ်။ ကံကောင်းတာက မင်းက အသိဝင်လာပြီး မိန်းမကို ဘယ်လိုချော့ရမလဲဆိုတာ သိလာပြီ။ မင်း တွေးကြည့်စမ်း၊ အဲ့တုန်းက သူက ဗိုက်ကြီးကြီးနဲ့ လှေပေါ်ကို တုန်တုန်ယင်ယင် တက်လာတက်တယ်၊ ငါ သူ့ကို မတားနိုင်ခဲ့ဘူး။ သူ လှေထဲမှာ တစ်ခုခုနဲ့ ဝင်တိုက်မိမှာကို ငါ သေလောက်အောင် ကြောက်ခဲ့ဖူးတယ်”
ကျန်းကျိုးက ဦးလေးယွိ၏စကားများကို မကြားနိုင်တော့ပေ။ ယခု သူ ခံစားနေရသည်က ကြေကွဲဝမ်းနည်းခြင်းများသာ ဖြစ်သည်။
သူ သူ့လက်ကို ဆန့်တန်းပြီး ဝမ်ရန်ကို ပွေ့ဖက်ထားချင်တယ်၊
သူ့ခင်ပွန်း ပြန်ရောက်လာပြီဆိုတာကို ဝမ်ရန် သိအောင် ပြောပြချင်တယ်၊ အဲ့တာဆိုရင် ဝမ်ရန် ကြောက်နေစရာ မလိုတော့ဘူး။
ဒါပေမယ့် အခုက အချိန်ကောင်း မဟုတ်သေးဘူး။ သူ အဲ့လိုတွေ မလုပ်နိုင်သေးဘူး။
အရင်တုန်းက ဝမ်ရန် သူ့ကို ပြောပြဖူးတဲ့ မြစ်ကို ဖြတ်ကူးကြတဲ့ နွားကျောင်းသားနဲ့ ရက်ကန်းသမလေးရဲ့ ဇာတ်လမ်းကို သူ ရုတ်တရက် နာလည်သွားပြီ။
(T/N: အများအားဖြင့် ရှေ့ခတ်မှာ လူတန်းစား လေးမျိုးခွဲကြပါတယ်၊ အမြင့်ဆုံးက ပညာရှင်(မှူးမတ်၊ မင်းမှုထမ်း) ပါ ၊ ပြီးတော့မှ လယ်သမား၊ လက်မှုပညာသည်၊ ကုန်သည် ဆိုပြီး သတ်မှတ်တာပါ၊ ကုန်သည်ကတော့ အနိမ့်ဆုံးပါ၊ ပညာရှင် မိသားစုတွေက ဘာထောက်ခံချက်မှ မလိုဘဲ တော်ဝင် စာမေးပွဲ ဖြေခွင့်ရကြပါတယ်၊ တခြားလူတန်စားတွေဆိုရင် ထောက်ခံချက်လိုပါတယ်၊ ဥပမာ လယ်သမားမိသားစုက သားတစ်ယောက်က တော်ဝင်စာမေးပွဲဖြေချင်ရင် ဆွေမျိုးရှစ်ဆက် ရိုးသားတဲ့ လယ်သမားဖြစ်ရမယ်၊ မိဘကို သိတက်သူ ဖြစ်ရမယ်၊ မိဘသေထားလို့ ဝမ်းနည်းခြင်းကာလထဲမှာ မရှိရဘူး စသည်ဖြင့်ပါ၊ ကုန်သည်တွေကတော့ အနိမ့်ဆုံးမို့ တစ်ချို့မင်းဆက်တွေမှာဆိုရင် စာမေးပွဲဖြေခွင့်မရပါဘူး၊ တချို့မင်းဆက်တွေမှာတော့ ဧကရာဇ်က ငဲ့ညှာတဲ့အနေနဲ့ ကုန်သည်တွေကိုပါ စာမေးပွဲ ဖြေခွင့်ပေးပါတယ်၊ ဒီNovel မှာတော့ ကုန်သည်တွေကို ထောက်ခံချက်နဲ့ စာမေးပွဲဖြေခွင့်ပေးထားပါတယ်)
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟