အခန်း ၁၇ ပဲနီပိုင်မုန့်
ဝမ်ရန်က ဘာစကားမှ ပြန်မပြောခဲ့သော်လည်း ကျန်းကျိုးက သူ ဂရုတစိုက် နားထောင်နေမှန်း သိနေခဲ့သည်။
ကျန်းကျိုးက သူ့ရင်ခွင်ထဲမှ ရှောင်ယိကို ခပ်တင်းတင်း ပွေ့ဖက်ထားရင်း ဝမ်ရန်၏ မျက်လုံးလေးများကို လေးလေးနက်နက် စိုက်ကြည့်နေရင်းမှ "မင်းမှာ သံသယတွေနေသေးတာကို ကိုယ် သိပါတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့၊ ကိုယ် မင်းကို ဖြည်းဖြည်းချင်း သက်သေပြမယ်"
ဝမ်ရန်က သူ့လက်ထဲမှ နို့လက်ဖက်ရည်၏ နွေးထွေးမှုကို ခံစားနေရပြီး အရာအားလုံးကို ဘေးဖယ်ထားကာ ကျန်းကျိုးကို တစ်ကြိမ်လောက် ယုံကြည်ပေးချင်လာတော့သည်။ ထို့ကြောင့် သူက တိုးတိုးလေး ပြန်ဖြေလိုက်သည်။
“အင်း”
နှစ်ယောက်သား စကားစမြည်ပြောရင်း လျှောက်လာခဲ့ကြရာ နောက်ဆုံးတွင် ဖုန့်ထိုက်လက်ဖက်ရည်အိမ်သို့ ရောက်ရှိလာကြသည်။ ကျန်းကျိုးက “ဒီလက်ဖက်ရည်ဆိုင်ပိုင်ရှင်က သူ့အတွက် တစ်ခုခု ကူညီပေးဖို့ ကိုယ့်ကို တောင်းဆိုထားတယ်။ မင်း ဝင်ကြည့်ချင်သေးလား?"
ဝမ်ရန်က ခဏလောက် စဉ်းစားနေပြီး သူ့မှာ တကူးတက သွားစရာ နေရာမရှိကြောင်း သူ တွေးလိုက်မိသည်။
ဆောင်းဦးရိတ်သိမ်းပွဲက နှစ်တိုင်း လုပ်တဲ့ပွဲလေ၊ တကယ်တော့ စူးစမ်းဖို့ အသစ်အဆန်းရယ်လို့တော့ အများကြီး မရှိဘူး။ အဲ့ဒီအစား ကျန်းကျိုး အလုပ်လုပ်တဲ့ပုံစံကို ကြည့်ရတာက ပိုကောင်းလိမ့်မယ်။
နောက်ဆုံးတွင် ဝမ်ရန်က သဘောတူလိုက်တယ် "ကျွန်တော် ရှောင်ယိနဲ့ ခဏထိုင်နေ လိုက်မယ်။ ခင်ဗျား လုပ်စရာ ရှိတာ သွားလုပ်လေ၊ ကျွန်တော်အတွက် စိတ်မပူပါနဲ့"
ကျန်းကျိုးက မျက်တောင်တဖျပ်ဖျပ် ခတ်နေရင်း သူ့နောက်ထပ် လုပ်ရမည့် အလုပ်ကို တွေးတောလိုက်သည်။ သူက အချိန်ခရီးသွား၏ မှတ်ဥာဏ်ထဲမှ အမျိုးမျိုးသော အရာများကို သင်ယူနိုင်ခဲ့ပြီး သူက သူ့ဇနီးလေးကို ချော့မော့ရန် တစ်ခုခု လုပ်ပေးချင်နေသော်လည်း ဝမ်ရန် သံသယဖြစ်သွားမည်ကိုလည်း သူ စိုးရိမ်နေပြီး သူ့စိတ်ထဲတွင် အချိန်အတော်ကြာ လွန်ဆွဲနေခဲ့သည်။
သူ တုံ့ဆိုင်းနေသည်ကို မြင်လိုက်ရချိန်တွင် သူ့အတွေးများ ကောင်းကောင်းသိနိုင်သော ဝမ်ရန်က ယခုလည်း သူ့ကို နားလည်သွားပုံရပြီး ပေါ့ပေါ့ပါးပါး ပြန်ပြောလာခဲ့သည်။ "ရှောင်ယိ အိပ်ချင်နေပြီ ကျွန်တော် ဟိုနားမှာ ခဏထိုင်ပြီး သူ့ကို ချော့သိပ်လိုက်ဦးမယ်"
ဝမ်ရန်က စကားပြောနေရင်းဖြင့် အနောက်ခန်းနှင့် နီးသော စားပွဲတစ်လုံကို လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာက လက်ဖက်ရည်ဆိုင်အတွင်း ဖြစ်ပျက်နေသည့်အရာအားလုံးကို အလွယ်တကူ မြင်တွေ့နိုင်သည့်နေရာမျိုး ဖြစ်သည်။
ကျန်းကျိုး၏မျက်လုံးများ တောက်ပလာပြီး စောစောက သူ လုပ်ထားခဲ့သည့် နို့ကိတ်မုန့်တစ်ပန်းကန်ကို သွားထုတ်ယူလာခဲ့သည်။
“ဒါတွေကိုလည်း နွားနို့နဲ့ လုပ်ထားတာ၊ လူကြီးရော ကလေးတွေပါ စားလို့ ရတယ်။ ပုံမှန်နို့တွေထက် သိုလှောင်ရတာ ပိုလွယ်တယ်၊ ကိုယ် ဒါတွေကို လက်ဖက်ရည်ဆိုင်ကနေ ခဏ ယူထားတာ၊ ရှောင်ယိ ဒါမှမဟုတ် မင်း ဗိုက်ဆာလာရင် သရေစာအဖြစ် စားလို့ ရတယ်"
ဝမ်ရန်နှင့် ရှောင်ယိတို့ကို စီစဥ်ပေးပြီးနောက် ကျန်းကျိုးက အနောက်ဘက်ခန်းသို့ ပြန်လာခဲ့သည်။ ထိုနေရာတွင် သူ လုတဲရှင်းကို ဝယ်ခိုင်းထားခဲ့သည့် ပစ္စည်းအချို့ အဆင်သင့် ရောက်နေပြီ ဖြစ်သည်။
ကျန်းကျိုး၏အစီအစဉ်မှာ လက်ဖက်ရည်နှင့်အတူ တွဲပြီး စားသုံးနိုင်ရန် အဆာပြေမုန့်များ ပြင်ဆင်ရန် ဖြစ်သည်။ လက်ဖက်ရည်ဆိုင်နှင့် ပတ်သက်လာလျှင် စကားတစ်ခွန်း ရှိပြီး "လက်ဖက်စိမ်းကို အချိုနဲ့၊ ချဥ်ငံအတွက် လက်ဖက်နီ၊ ကွာစေ့ကို အိုးလုံနဲ့ ပေါင်း" ဟု ပြောလေ့ရှိကြသည်။
(အိုးလုံ- အနက်ရောင်သန်းသည့် လက်ဖက်ရည်တမျိုး)
အများအားဖြင့် အချိုကဲသော အဆာပြေမုန့်များကို အစိမ်းရောင်သန်းနေသော လက်ဖက်ရည်ဖြင့် တွဲဖက်စားသုံးသင့်သည်။ အဘယ်ကြောင့်ဆိုသော် လက်ဖက်စိမ်းက အချဉ်ဖောက်ထားခြင်း မရှိဘဲ လက်ဖက်စိမ်းကို ပြုပြင်ခြင်းနှင့် လှိမ့်ခြင်းကဲ့သို့သော အဆင့်များဖြင့်သာ ပြုလုပ်ထားသည့်အတွက် လက်ဖက်စိမ်းက အရောင်ဖျော့ဖျော့နှင့် လတ်ဆတ်သော အရသာကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။ လတ်ဆတ်သော လက်ဖက်စိမ်းနှင့် ကြာရှည်ခံသော လက်ဖက်စိမ်းတို့က အရသာ ကွဲပြားသော်လည်း နှစ်မျိုးလုံးက အလွန်လန်းဆန်းစေသည်။ သို့သော်လည်း လက်ဖက်စိမ်းက ယားယံစေနိုင်ပြီး ထိခိုက်လွယ်သည့် အစာအိမ်ရှိသူများ အတွက် မကောင်းပေ။ ထို့အပြင် လက်ဖက်စိမ်းက ဆာလောင်မွတ်သိပ်လွယ်သောကြောင့် ချိုမြိန်သော သရေစာများနှင့်တွဲဖက်စားသုံးရန် အထူးသင့်လျှော်လှသည်။
ဆောင်းရာသီတွင် ပါဝင်ပစ္စည်းများရရန် မလွယ်ကူသဖြင့် လမုန့်နှင့် ဆင်တူသော အရိုးရှင်းဆုံးနှင့် အချိုမြိန်ဆုံး သရေစာဖြစ်သည့် ကြက်ဥအနှစ်မုန့်ကို ရွေးချယ်ခဲ့သည်။ သို့သော်လည်း ၎င်းသည် အဝိုင်းပုံသဏ္ဍာန်ရှိသည်။
ကြက်ဥအနှစ်မုန့်တွင် အပြင်အကာနှစ်ထပ်နှင့် အစာသွပ်ထားသည့်အလွှာတို့ ပါဝင်သည်။ အပြင်ခွံကို ဂျုံမှုန့်နှင့် ဝက်ဆီတို့ကို ရောပြီး ရေနွေးနွေးဖြင့် ရောစပ်ကာ မုန့်ညက်ဖြစ်အောင် နှယ်ရသည်။ ဆောင်းရာသီတွင် လေက ခြောက်သွေ့နေတတ်သောကြောင့် ကျန်းကျိုးက ရေနှင့် ဆီများများ ထည့်ထားလိုက်သည်။ မုန့်ညက်ကို ဆုပ်နယ်ပြီးချိန်တွင် စိုစွတ်သော အဝတ်ဖြင့် ဖုံးအုပ်ပြီး မိနစ်အနည်းငယ်ခန့် နှပ်ထားလိုက်သည်။
အလယ်မှ အကာအတွက် ပြင်ဆင်ရသည်က ပိုရိုးရှင်းသည်။ ၎င်းတွင် ဂျုံမှုန့်နှင့် ဆီသာ ပါဝင်ပြီး ရေမထည့်ရသောကောင့် ဆီပမာဏ ပိုထည့်ရသည်။ ထိုအလွှာက ပို၍ နှံ့နှံ့စပ်စပ် ဆုပ်နယ်ပေးရန်လည်း လိုအပ်သည်။ ကျန်းကျိုး မုန့်ညက် နယ်နေစဉ် ဝမ်ရန်က သူ့ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။
ဟိုးယခင် သူတို့နှစ်ယောက်အတူရှိနေခဲ့စဥ်၌ ကျန်းကျိုး၏အချက်အပြုတ်လက်ရာက သိပ်မကောင်းသောကြောင့် ဝမ်ရန်ကသာ ဟင်းချက်ရလေ့ရှိသည်။ သို့သော် ကျန်းကျိုးက ဝမ်ရန်အတွက် အလွန်အကျွံ အားစိုက်ရသည့်အလုပ်မျိုးကို ဘယ်သောအခါမှ မလုပ်ခိုင်းခဲ့ပေ။ ထို့ကြောင့် မုန့်ညက်နယ်ခြင်း သို့မဟုတ် မီးမွှေးခြင်း၊ မီးကြည့်ခြင်းကဲ့သို့သော အလုပ်များ လုပ်ရန် လိုအပ်လာသည့်အခါတိုင်း ကျန်းကျိုးကသာ ၎င်းတို့ကို အလျင်စလို ပြုလုပ်ပေးလေ့ရှိသည်။
အစပိုင်းတွင် သူက ရေဘယ်လောက်ထည့်ရမည်ကိုပင် သေသေချာချာ မသိသလို အရှိန်ပြင်းပြင်းဖြင့် ဆုပ်နှယ်တတ်သောကြောင့် မုန့်ညက်များက အလွန်အမင်း မာကျောသွားခြင်း သို့မဟုတ် ပျောပြဲသွားခြင်းမျိုးကို ကြုံတွေ့ရလေ့ရှိသည်။ ဝမ်ရန်က သူ့ကို အကြိမ်ပေါင်းများစွာ သင်ကြားပေးခဲ့ပြီး တိကျသည့် မုန်ညက်နယ်နည်းကို စိတ်ရှည်လက်ရှည် လက်ချင်းထပ်ကာ သင်ကြားပေးခဲ့သည်။
ယခု ကျန်းကျိုးက သူ သင်ကြားပေးထားသည့်အတိုင်း မုန့်ညက်နယ်နေခဲ့သည်။ သူက ထောင့်တစ်ဘက်ကို အရင် ဆွဲဆန့်ပြီးမှ ညင်ညင်သာသာ ဖိချပြီးနောက် ထိုအပိုင်းကို မုန့်ညက်ထဲသို့ ပြန်ပေါင်းကာ မုန့်ညက်၏အစိတ်အပိုင်းတိုင်း နှံ့စပ်စေပြီးမှ ပို၍ နှံ့စပ်စေရန်အတွက် ဤလုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ ပြုလုပ်နေခဲ့သည်။
မုန့်ညက်နှစ်တုံးကို ကျွမ်းကျင်စွာ ဆုပ်နယ်ပြီးနောက် ကျန်းကျိုး ကြိုတင်ပြင်ဆင်ထားသော ကြက်ဥအနှစ်များအား လှမ်းယူလိုက်သည်ကို ဝမ်ရန် သတိပြုမိလိုက်သည်။ ထိုနောက် သူက ထိုအိုးတစ်အိုးကို မီးဖိုပေါ် တင်ထားလိုက်သည်။
ကျန်းကျိုးက အနောက်ခန်းရှိ ပါဝင်ပစ္စည်းများကို လှည့်ပတ်ကြည့်လိုက်ပြီး ပဲနီအနှစ်အတုံးသေးသေးလေးကို တွေ့သွားခဲ့သည်။ ပဲနီအနှစ်ကို ကိုယ်တိုင်လုပ်ရန်က ခက်ခဲလွန်းပြီး အချိန်များစွာ ယူရသည်။ ယခု သူက နမူနာတစ်ခုသာ ပြုလုပ်မည် ဖြစ်သောကြောင့် အဆင်သင့်ရှိနေသည့် ပဲနီအနှစ်ကို အသုံးပြုလိုက်သည်။
အရင်ဆုံး ပြင်ဆင်ထားသည့် မုန့်ညက်နှစ်လွှာကို ယူကာ ထပ်လိုက်ပြီးမှ ၎င်းတို့ ဆန့်သွားစေရန် မုန့်လှိမ့်တံဖြင့် ထပ်ခါထပ်ခါ လှိမ့်ပေးလိုက်သည်။ ထို့နောက် အလယ်တွင် ကြက်ဥအနှစ်နှင့် ပဲနီအနှစ်ကို ထပ်ကာ ပြန်လုံးလိုက်သည်။ ထို့နောက် ဆီနှင့် ကြက်ဥအကာအနည်းငယ် သုတ်လိမ်းကာ အိုးထဲသို့ ပစ်ထည့်လိုက်သည်။
လုတဲရှင်း သူ၏ လက်ဖက်ရွက်ကို ကျိုချက်သည့်နေရာကို ကျန်းကျိုးက မုန့်လုပ်ရန် ပျော်ပျော်ရွှင်ရွှင် အသုံးချနေခဲ့သည်။
ဤလက်ဖက်ရည်ဆိုင်သို့ လာရောက်ကြသည့်သူ အများစုက အသက်ကြီးသည့် အမျိုးသားများ ဖြစ်ကြောင်းကိုလည်း ကျန်းကျိုး လေ့လာထာပြီး ဖြစ်သည်။ သူတို့ထဲမှ အများစုက ဤနေရာ၏ အကျော်ကြားဆုံး လက်ဖက်ခြောက်(လက်ဖက်စိမ်း)ကို ကြိုက်နှစ်သက်သောကြောင့် ရောက်လာကြခြင်း ဖြစ်သည်။ လက်ဖက်ရည်ကြမ်း(အိုးလုံ)ကို နှစ်သက်သူ အနည်းငယ်သာ ရှိသော်လည်း ထိုလက်ဖက်ရည်ကို စွဲစွဲလမ်းလမ်း သောက်တက်သည့် ဖောက်သည်တချို့ကတော့ ရှိနေဆဲပင်။ ထို့ကြောင့် ကျန်းကျိုးက ကြက်ဥအနှစ်မုန့်များကို အရင်ပြုလုပ်ခဲ့သည်။
ဖုန့်ထိုက်လက်ဖက်ရည်အိမ်တွင် လက်ဖက်ခြောက်မျိုးစုံ ရောင်းချနေခဲ့သော်လည်း လုတဲရှင်းက ကျန်းကျိုးပြုလုပ်သည့် နို့လက်ဖက်ရည်ကို မျက်စိကျနေခဲ့သည်။ သူက ကျန်းကျိုးအပေါ် အခွင့်ကောင်း မယူချင်သောကြောင့် ကျန်းကျိုးနှင့် ဆွေးနွေးပြီး သူ့ဆီမှ ထိုနို့လက်ဖက်ရည်ဖော်နည်းကို ဝယ်ယူခဲ့သည်။ သူတို့ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ပြီး ကျန်းကျိုးက ထိုလက်ဖက်ရည်ကို သူ့ဘာသာသူ သောက်ရန် လုပ်နိုင်သော်လည်း ရောင်းချခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ကတိပေးခဲ့ရသည်။
ကျန်းကျိုးကလည်း နို့လက်ဖက်ရည်မှ ငွေရှာရန် ရည်ရွယ်ချက် မရှိပေ။ သူ့၏ ဆိုင်သေးသေးလေး အနေဖြင့် နွားနို့ဖိုးက ကြီးမြင့်လွန်းနေပြီး ပြန်ရောင်းချရမည့်တန်ဖိုးကလည်း မြင့်လွန်းလှသည်။ ဝမ်ရန်နှင့် ကလေးလေးအတွက် တစ်ခါတရံ လုပ်ပေးရခြင်းကသာ အဆင်ပြေပေလိမ့်မည်။
လက်ဖက်ရည်ကြမ်းကို နှစ်သက်သူ နည်းနေသည်ဆိုသော်လည်း လာရောက်သောက်သုံးသူများလည်း ရှိနေသောကြောင့် ကျန်းကျိုးက ပဲနီပိုင်မုန့်ကိုလည်း ထပ်လုပ်ခဲ့သည်။ ပဲနီပိုင်မုန့်က ကြက်ဥအနှစ်မုန့်ထက် ပိုရိုးရှင်းသည်။ မုန့်ညက်ကို လှိမ့်ပြီး အလယ်တွင် ပဲနီအနှစ် ထည့်ကာ အစွန်းကို ပြန်ဖိပြီး ဖုတ်လိုက်ရုံသာ ဖြစ်သည်။
မုန့်နှစ်ခုလုံးကို ဖုတ်ပြီးနောက် သူက လုတာ့လန်နှင့် လုတဲရှင်းတို့ကိုပါ ထိုင်ခိုင်းလိုက်ပြီး စမ်းစားကြည့်ရန် ဖိတ်ခေါ်လိုက်သည်။
"ဒီနေ့ အချိန်မလောက်တော့ ကျွန်တော် နှစ်မျိုးပဲ လုပ်ထားတယ်၊ ခင်ဗျားတို့ အရင် စမ်းစားကြည့် ပေးကြဦး”
လုတဲရှင်းက အသက်ကြီးသူ ဖြစ်ပြီး သူက လက်ဖက်ရည်စိမ်းသောက်ရသည်ကို ပို ကြိုက်နှစ်သက်သည်။ ကျန်းကျိုးက သူ့ကို လက်ဖက်စိမ်းနှင့် လိုက်ဖက်မည့် အချိုကဲသော ကြက်ဥအနှစ်မုန့်ကို အရင် မြည်းကြည့်စေခဲ့သည်။
အပေါ်တွင် ကြက်ဥအလွှာတစ်ခု ရှိနေသောကြောင့် မုန့်က ရွှေဝါရောင်သန်းနေပြီး စားချင်စိတ်ကို နိုးဆွပေးနိုင်ခဲ့သည်။ လုတဲရှင်းက မုန့်တစ်ခုကို ယူပြီး ကိုက်ကြည့်လိုက်သည်။ အထဲမှ ပဲအနှစ်က အရမ်းမချိုသလို အဆီလည်းမများသောကြောင့် သူ ကျေနပ်သွားမိသည်။ မုန့်၏အပေါ်လွှာကတော့ သူ့ကို အံ့အားသင့်စေခဲ့သည်။ အပေါ်ဆုံးအလွှာက အနည်ငယ်ကြွပ်ရွနေပြီး အတွင်းအလွှာက နူးညံ့ပျော့ပျောင်းနေသည်။ လူအနည်းငယ်ကသာ မုန့်စိမ်းကို ထိုကဲ့သို့ ကြွပ်ကြွပ်လေးဖြစ်အောင် ပြုလုပ်နိုင်ပြီး အလွှာလိုက်ဖြစ်အောင် ပြုလုပ်နိုင်သည်။ ယခု အပြင်လွှာ၏ ကြွပ်ရွမှုနှင့် အတွင်းလွှာ၏နူးညံ့မှုကို တပြိုင်တည်းရနိုင်ခဲ့သည်။
သူ နှစ်ကိုက်ခန့် ကိုက်လိုက်ပြီး အတွင်းမှ ကြက်ဥအနှစ်က အနည်းငယ် စေးပျစ်သည်ဟု ခံစားရပြီး ချိုမြိန်မှု အနည်းငယ် လွန်ကဲနေသည်ကို သတိပြုမိလိုက်ချိန်တွင် လက်ဖက်ရည်တစ်ခွက် ငဲ့သောက်လိုက်သည်။ လက်ဖက်စိမ်း၏ အရသာက ချိုမြိန်နေသည့်အရသာကို သိသိသာသာ ကင်းစင်သွားစေသည်။
လုတဲရှင်း တစ်ယောက် အလွန်အကျွံ အံ့ဩနေမိသည်။
တကယ်လို့ တစ်ယောက်ယောက်က ဒီမုန့်တွေကို စားပြီး ခံတွင်းရှင်းချင်လာရင် လက်ဖက်ရည်ကို သောက်လိုက်တာက အထိရောက်ဆုံး ဖြေရှင်းချက် မဟုတ်ဘူးလား? အဲ့တာဆိုရင် သရေစာမုန့်တွေ ရောင်းကောင်းရုံတင်မက လက်ဖက်စိမ်းရဲ့ရောင်းအားလည်း တက်လာမယ်လေ။
နှစ်ကိုက် ကိုက်ပြီးနောက် လုတဲရှင်း ကျေကျေနပ်နပ် လက်စသတ်လိုက်ပြီး ဝမ်ရန်နှင့် လုတာ့လန်တို့ ပဲနီပိုင်မုန့်ကို အရသာခံ မြည်းစမ်းနေကြသည်။
ကျန်းကျိုးက ပဲနီပိုင်မုန့်က ကြက်ဥအနှစ်မုန့်ထက် ပိုပူသည်ကို အကြံပေးလိုက်သည်။ ကျန်းကျိုးကို ယုံကြည်လေ့ရှိသော ဝမ်ရန်က ၎င်းကို အကိုက်အသေးသေးလေးသာ ကိုက်စားနေခဲ့ပြီး လုတာ့လန်ကတော့ အပူဒဏ်ကြောင့် ခဏတာ အသက်ရှုကြပ်သွား ရသည်။ နောက်ဆုံးတွင် သူက တံတွေးမျိုချလိုက်ကာ ထပ်မစွန့်စားရဲတော့ဘဲ အကိုက်သေးသေးလေးများ ကိုက်စားရန် ဝမ်ရန်ထံမှ သင်ယူခဲ့သည်။
သူတို့နှစ်ယောက် မည်မျှ ကြိုက်နှစ်သက်နေသည်ကို သူတို့မျက်နှာကို ကြည့်ရုံဖြင့် လုတဲရှင်း ခန့်မှန်းနိုင်ပြီး စီးပွားရေး အလားအလာကို တွက်ဆကာ သူလည်း ကျေနပ်နေခဲ့သည်။ ဤဖန်းတီးမှုအသစ်က သူ့လက်ဖက်ရည်ဆိုင်၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည်ဖြစ်ပြီး ဤတိုးတက်မှုများအတွက် သူက ကျန်းကျိုးကို အမှန်တကယ် ကျေးဇူးတင်နေမိသည်။
လုတာ့လန်က “မင်း အခု မုန့်တွေ လုပ်ဖို့ အာရုံစိုက်နေပုံရတယ်။ အနာဂတ်မှာ မုန့်ဆိုင်ဖွင့်ဖို့ အစီအစဉ် ရှိတာလား?”
ကျန်းကျိုးက ခေါင်းခါလိုက်ပြီး "ဒီမုန့်တွေကို လုပ်တာက စမ်းကြည့်ရုံပါပဲ၊ ကျွန်တော် မုန့်ဆိုင်ဖွင့်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ကျွန်တော် ဒါတွေကို ခဏလောက်ပဲ လုပ်ဖြစ်ဖို့ များတယ်၊ ကျွန်တော့်မှာ တခြားအစီအစဥ်တွေ ရှိသေးတယ်"
လုတာ့လန်က သက်ပြင်းချလိုက်ရင်း “ဒီအကြံအစည်တွေကို မင်း ဘယ်လိုလုပ်ရခဲ့မှန်းတော့ ငါ မသိဘူး။ ဒါပေမယ့် မင်းရဲ့ဦးနှောက်ကတော့ တော်တော် ကောင်းတယ်"
ကျန်းကျိုးက ဝမ်ရန်ကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်ရန်ကလည်း သူ့ကို ကြည့်နေသည်အား သူ တွေ့လိုက်ရသည်။ သူတို့ မျက်လုံးချင်းဆုံပြီးနောက် ဝမ်ရန်က သူ့အကြည့်များကို ရှောင်လိုက်ပြီး ပဲနီပိုင်မုန့်ကို တိတ်တဆိတ် အရသာခံနေလေသည်။
ဒီစာရေးသူမှာ ပြောစရာ ရှိပါတယ်....
လုတာ့လန်၊ လုတဲရှင်း : အချစ်ရဲ့ရ့တွေက ချဥ်စုတ်နေတာပဲ....
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟