အခန်း ၂၀ ဟီးဟီး
ကျန်းကျိုးက ဝမ်ရန့်ကို ပြင်းပြင်းထန်ထန် နမ်းရှိုက်နေခဲ့သည်။
တကယ်တော့ သူ ပြန်နိုးလာထဲက ဒါကို လုပ်ချင်ခဲ့တာ၊ ဒါပေမယ့် ဝမ်ရန် ကြောက်သွားမှာ စိုးလို့ အဲ့တုန်းက ဒီလို မလုပ်ရဲခဲ့ဘူး။ အခုတော့ ဝမ်ရန်က သူ့ကို အနည်းငယ် လက်ခံလာနိုင်ပုံရပြီး လေထုက အတော်လေးကို ကောင်းမွန်နေတာကြောင့် သူ့စိတ်တွေ လှုပ်ရှားပြီး မထိန်းနိုင်ဖြစ်သွားခဲ့တယ်။
ဝမ်ရန်က နံရံကို ညင်သာစွာ မှီနေခဲ့ပြီး သူ့နှုတ်ခမ်းလေးများ ထပ်ခါထပ်ခါ စုပ်ယူခံနေရသည်ကို ခံစားနေရသည်။ ပူနွေးသော ဝင်သက်ထွက်သက်က သူ့မျက်နှာပေါ်သို့ ကျရောက်နေပြီး သူ့တစ်ကိုယ်လုံး ပျော့ခွေလာသည်အထိ အနမ်းခံနေရသောကြောင့် သူ မူးဝေနေပြီး စိတ်လွတ်ထွက်သွားခဲ့သည်။
ကျန်းကျိုး၏ရင်ဘတ်မှ ထွက်ပေါ်လာသော နွေးထွေးမှုကသာ သူ့၏ဖြစ်တည်မှုကို ခံစားစေနိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။
ကျန်းကျိုး၏နှုတ်ခမ်း ပြန်ခွာသွားချိန်တွင် ဝမ်ရန်က သူ့ပါးစပ်တစ်ခုလုံး ထုံကျင်နေသွားသလို ခံစားလိုက်ရသည်။
သူက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ကျန်းကျိုးက သူ့ကို ထပ်နမ်းလိုက်သည်။ ထိုအနမ်းက ယခုနကဲ့သို့ ပြင်းပြင်းထန်ထန် မဟုတ်တော့ဘဲ ပေါ့ပါးသည့်အနမ်းတစ်ခုသာ ဖြစ်ပြီး သူတို့၏ ပထမဆုံးအနမ်းကို ပြန်အမှတ်ရစေခဲ့သည်။
ထိုစဥ်က ကျန်းကျိုးက သူတို့၏ အိမ်ထောင်ရေးအတွက် ကမ်းလှမ်းရန် ဝမ်ရန်တို့အိမ်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ အဖေဝမ်နှင့် အမေဝမ်တို့က ကျန်းကျိုး၏ ရိုးသားမှုနှင့် ကြိုးစားမှုကို နှစ်သက်ကြသည့်အပြင် သူတို့က ကျန်းကျိုး၏ ငယ်ဘဝမှ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသူများ ဖြစ်ကြသည်။ ထို့ကြောင့် ကျန်းကျိုးနှင့်ပတ်သတ်ပြီး ဘာမှ စိုးရိမ်စရာ မရှိသလို ကန့်ကွက်စရာလည်း မရှိပေ။ သို့သော်လည်း သူတို့က ဝမ်ရန်ကို အပြင်မထွက်စေဘဲ အိမ်တွင်သာ စောင့်နေခိုင်းခဲ့သည်။
စေ့စပ်ပြီးနောက် သူတို့၏ဆက်ဆံရေးကို အတည်ပြုခဲ့သည့် လူငယ်နှစ်ဦးကလည်း စိတ်လှုပ်ရှားနေကြနေသည်။ သို့သော် အဖေဝမ်နှင့် အမေဝမ်တို့က သူတို့ကို တစ်ယောက်နှင့် တစ်ယောက်တွေ့ခွင့် မပေးခဲ့ကြပ။ ပထမရက် အနည်းငယ်တွင် အဆင်ပြေနေသေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကျန်းကျိုးက သည်းမခံနိုင်တော့ဘဲ ပျဲရှန်ရွာကို လှေဖြင့် ရောက်လာခဲ့သည်။ သူက ဝမ်ရန်နှင့် စကားပြောနိုင်ရန် ဝမ်ရန်တို့၏အိမ်နံရံအပြင်ဘက်တွင် ထိုင်စောင့်နေလေ့ရှိသည်။
တစ်နေ့တွင် ကျန်းကျိုးက လှည့်ကွက်များ လုပ်လာခဲ့ပြီး အပြင်ဘက်တွင် ခွေးတစ်ကောင်က သူ့ကို စိုက်ကြည့်နေပြီး သူ ခွေးကိုက်ခံရမည်ကို ကြောက်နေကြောင်း ပြောလာခဲ့သည်။ ဝမ်ရန်က သူ့အတွက် စိုးရိမ်သွားပြီး လှေခါးကို ရွှေ့ကာ နံရံကို ကျော်တက်ခဲ့သောကြောင့် နောက်ဆုံးတွင် ကျန်းကျိုး၏လက်နှစ်ဖက်ထဲသို့ ပြုတ်ကျသွားခဲ့သည်။
အမှန်တကယ်တွင် ကျန်းကျိုးက ဝမ်ရန့်ကို ကျီစားခဲ့ခြင်းသာ ဖြစ်ပြီး အမြဲတမ်း ရှက်တတ်သည့် ဝမ်ရန်က တံတိုင်းပေါ်သို့ ကျော်တက်ရန် သတ္တိရှိနေမည်ဟုတော့ သူ မမျှော်လင့်ခဲပေ။
သို့သော်လည်း သူ့ရင်ခွင်ထဲတွင်မှ ခန္ဓာကိုယ်လေးက နွေးထွေးနူးညံ့လွန်းလှပြီး လှည့်စားခံရ၍ ဒေါသထွက်နေသည့် ဝမ်ရန်၏အမူအရာလေးများက ပို၍ပင် ချစ်စရာကောင်းနေခဲ့သည်။ ကျန်းကျိုးက စိတ်မထိန်းနိုင်ဘဲ ဝမ်ရန်ကို ညင်ညင်သာသာ နမ်းလိုက်ပြီး ချက်ချင်း နောက်ပြန်ဆုတ်သွားခဲ့သည်။
အနမ်းက သိသိသာသာ ပေါ့ပါးလွန်းနေသော်လည်း သူတို့နှစ်ယောက်စလုံးအတွက် ပထမဆုံးအကြိမ် ဖြစ်နေသောကြောင့် သူတို့နှစ်ယောက်လုံး ရှက်နေမိကြသည်။
ဤအခိုက်အတန့်ကဲ့သို့ပင် ဝမ်ရန်က သူ့မျက်လုံးလေးများကို အောက်စိုက်ထားခဲ့ပြီး သူ့မျက်လုံးထောင့်လေးများက နီရဲနေကာ သူ ရှက်ရွံ့နေကြောင်း သိသာနေသည်။ သူက ကျန်းကျိုးလောက် အရပ်မရှည်သောကြောင့် ခြေဖျားထောက်ပြီး ကျန်းကျိုးကို လက်နှစ်ဖက်ကို ဖက်ထားနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။
ကျန်းကျိုးက သူ့ဇနီးလေးကို အလွန်သဘောကျနေပြီး ဇနီးလေး၏မျက်လုံးထောင့်လေးများကို ထပ်နမ်းလိုက်သည်။
"ကိုယ်က ကိုယ့်ဇနီးလေးကို အချစ်ဆုံးပဲ"
သူက အချိန်ခရီးသွားသူ၏ မှတ်ဥာဏ်ထဲမှ တစ်ချို့အကြောင်း အရာများကို လှန်ကြည့်ခဲ့ပြီး ထိုခေတ်က လူများ၏ ရဲရင့်မှုနှင့် အထိန်းအကွပ်မဲ့ ဝန်ခံချက်မှုများကို အံ့သြကာ မနာလိုဖြစ်ခဲ့ရသည်။ ထို့ကြောင့် ယခုကဲ့သို့ နွေးထွေးသည့်အခိုက်အတန့်လေးတွင် သူ့ရင်ထဲမှ နွေးထွေးသည့်ခံစားချက်များကို ဝမ်ရန်ထံ တစ်ခါတရံ ထုတ်ဖော်ပြသင့်သည်ဟု သူ တွေးလိုက်မိသည်။
ဘာပဲဖြစ်ဖြစ် ဝမ်ရန်က သူ အနှစ်သက်ဆုံးလူလို့ သူ အမြဲတမ်းခံစားရတယ်။
ဝမ်ယန်က ဘာမှ ပြန်မပြောခဲ့သော်လည်း သူက သူ့ကိုယ်သူ ကျန်းကျိုးရင်ခွင်ထဲသို့ ပိုတိုးဝင်လာခဲ့ပြီး ကျန်းကျိုး၏ရင်ခွင်ထဲတွင် ပုန်းနေကာ သူ့နားရွက်နီနီလေးများသာ ထွက်ပေါ်နေတော့သည်။
နှစ်ယောက်သား ခဏတာ ငြိမ်သက်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားမိကြသည်။
နောက်ဆုံးတွင် ဝမ်ရန်က အချိန်ကြာလာသည်ကို ခံစားမိသောကြောင့် အားအနည်းငယ်သုံးကာ ကျန်းကျိုးကို ပြန်တွန်းလွှတ်လိုက်သည်။
“ကျွန်တော်တို့မှာ တခြားလုပ်စရာ ရှိသေးတယ် မဟုတ်ဘူးလား? သွားကြရအောင်"
ကျန်းကျိုးက ဝမ်ရန်ကို တွန့်ဆုတ်စွာ လွှတ်ပေးလိုက်ပြီး သူ့ခေါင်းလေးကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သေးသည်။
“အင်းပါ”
ကျန်းကျိုးက သူ စီစဥ်ထားသည့်အတိုင်း ဟင်းခတ်အမွှေးအကြိုင်အချို့နှင့် နေ့စဉ်သုံး ပါဝင်ပစ္စည်းတချို့ ဝယ်ရန် ဝမ်ရန်ကို ခေါ်သွားခဲ့သည်။ အခြားဟင်းသီးဟင်းရွက်များကိုတာ့ ရွာသားများထံမှ ဝယ်ယူရန် သူ တွေးထားခဲ့သည်။
သို့သော် နောက်ဆုံးတွင် သူ ပစ္စည်းအများအပြားကို ဝယ်မိသွားခဲ့ပြီး ဝမ်ရန်က စိတ်ရှုပ်လာပုံရကာ စတင်မေးမြန်းလာတော့သည်။
“ခင်ဗျား ဒီလို ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို ဘာလို့ ဝယ်ခဲ့တာလဲ?”
ကျန်းကျိုးက ဝမ်ရန် စိတ်မရှုပ်အောင် ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကိုယ် မင်းကို ခုနက ပြောသလိုပဲလေ၊ စားစရာ လုပ်မလို့၊ ခနလောက် စောင့်လိုက်ပါ၊ ခနနေရင် မင်း မြင်ရတော့မှာလေ"
ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးနောက် ကျန်းကျိုးက “မင်း ဗိုက်ဆာနေပြီလား?”
ဝမ်ရန်က တခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်ပြလာခဲ့သည်။
“နည်းနည်း”
ကျန်းကျိုးက သူ့လက်ထဲမှ သစ်သီးသကြားလုံး အိတ်ကို ထုတ်လိုက်ပြီး ဝမ်ရန်လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုအရာက တာရှည်အထားခံအောင် သူ ကိုယ်တိုင်လုပ်ထားသည့် တောပန်းသီးများ ဖြစ်သည်။
ဤအချိန်က တောပန်းသီးများ ရိတ်သိမ်းချိန် ဖြစ်ပြီး ထိုနေ့က သူ မှိုကောက်ရန် တောင်ပေါ်သို့ သွားခဲပြီး သစ်ပင်များပေါ်မှ အသီးအနှံများကို တွေ့ခဲ့ရသည်။ တောပန်းသီးများက အနီရောင်တောက်တောက် ဖြစ်နေပြီ ဖြစ်သောကြာင့် သူ လက်နှစ်ဆုပ်စာလောက် ခူးလာခဲ့ခြင်း ဖြစ်သည်။
သူက အနည်းငယ်ချဉ်သော တောပန်းသီးခြောက်ကို ကြိုက်သော်လည်း ဝမ်ရန်က ၎င်းကို မကြိုက်သောကြောင့် သကြားနှင့် ပျားရည်စိမ်ကာ သစ်သီးသကြားလုံးအဖြစ် ပြုလုပ်ထားခဲ့သည်။
တောပန်းသီးများကို ပထမဆုံး ခူးဆွတ်ခဲ့သည့်အချိန်ကအတိုင်း ၎င်းတို့၏ မူလအသွင်အပြင်ကို ထိန်းသိမ်းထားခဲ့သည်။ ၎င်းတို့ကို အကြည်ရည်အလွှာဖြင့်သာ ဖုံးအုပ်ထားပြီး အနီရောင်တောက်တောက် ဖြစ်နေသေးသောကြောင့် မြင်လိုက်ရုံဖြင့် စားချင်လာစေနိုင်သည်။
ကျန်းကျိုးက ဝမ်ရန် တောပန်းသီးများကို ပျော်ပျော်ရွှင်ရွှင် စားနေသည်ကို ကြည့်နေပြီးမှ သူ့ကို သတိပေးလိုက်သည်။
“မင်းက အခြားသူတွေထက် အချိုတွေ ပိုစားတယ်၊ သွားပိုးစားမှာကို သတိထားဦး။ အခု နောက်ထပ် နှစ်လုံးပဲ စားတော့။ နောက်မှ များများစားနိုင်အောင် ဒီဟင်းကို မြန်မြန်ချက်ပေးမယ်"
သူတို့ လှည့်လည်သွားလာနေရင်း ပစ္စည်းများဝယ်နေကြကာ ဦးလေးယွိ၏လှေဆီသို့ ပြန်ပို့ပေးရန် တစ်စုံတစ်ဦးကိုပင် အကူအညီတောင်းခဲ့ရသည်။
မှောင်နေသော လမ်းကြားကို ဖြတ်သွားချိန်တွင် ကျန်းကျိုးက ထိုလမ်းကြားထဲသို့ မဝင်မီ ဝမ်ရန်ကို အပြင်ဘက်တွင် စောင့်ခိုင်းထားခဲ့ပြီး သူ့ဘာသာသူ လမ်းကြားထဲသို့ ဝင်သွားခဲ့သည်။
သူက ထိုမှောင်မိုက်သောလမ်းကြားထဲတွင် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ ကျွမ်းကျင်နေကာ မကြာမီတွင် စျေးရောင်းသူတစ်ဦးကို ရှာတွေ့ခဲ့ပြီး "သူဌေး၊ ငါးနက်နှစ်ကောင်၊ ငါးကြင်းနှစ်ကောင် ပေးပါ"
ရောင်းသူက သူ့ကို မြင်သွားပြီး အနည်းငယ် အံ့အားသင့်သွားပုံရကာ "ငါ မင်းကို မတွေ့တာကြာပြီ။ ဒီနေ့ ငါးကို မင်းဘာသာ ကိုယ်တိုင် ကိုင်တွယ်မှာလား? ငါ ကိုင်တွယ်ပေးရမလား?"
“သူဌေးပဲ လုပ်ပေးပါ၊ သေသေချာချာတော့ လုပ်ပေးနော်”
စျေးသည်က ငါးကန်ထဲက ငါးနက်တစ်ကောင်ကို ထုတ်ယူပြီး မြေကြီးပေါ်သို့ နှစ်ကြိမ်ခန့် ကိုင်ပေါက်လိုက်သည်။ ထိုနောက် သူက ငါးအကြေးခွံများကို ခြစ်နေရင်း “မင်း ငါးလာဝယ်တာက ရှားရှားပါးပါးပဲ၊ ဒါပေမယ့် မင်းက အကြေးခွံတွေကို မင်းဘာသာ မခြစ်ချင်ဘူးလား?"
ကျန်းကျိုးက သူ့လက်များကို ဖြန့်ပြလိုက်ပြီး “ကျုပ်ဇနီးက အပြင်မှာ ရှိနေတယ်။ သူက ငါးညှီနံကို မခံနိုင်ဘူး အဆင်မပြေဘူး။ ကျုပ် ငါးညှီနံ့သင်းနေတဲ့လက်နဲ့ အပြင်ပြန်ထွက်သွားရင် သူ အဆင်မပြေ ဖြစ်သွားလိမ့်မယ်။ အဲ့တာဆို သူက ကျုပ်နဲ့ဝေးတဲ့နေရာကို ထွက်ပြေးသွားလိမ့်မယ်"
နောက်ဆုံးတော့ သူ သူ့ဇနီးလေးကို ခက်ခက်ခဲခဲ ပြန်လိုက်ထားရတာလေ၊ လုံလောက်အောင်တောင် မပွေ့ဖက်ရသေးဘူး၊ အသေးအဖွဲကိစ္စတွေကြောင့် သူ့ဇနီးလေးနဲ့ အတူရှိနိုင်မယ့်အချိန်တွေကို ဘယ်လိုဖြုန်းပစ်နိုင်မှာလဲ?
"ပါးဟက်ထဲမှာ ကြေးခွံတွေ ရှိသေးတယ်၊ ဟုတ်တယ်၊ ဟိုမှာ၊ ရပြီ၊ ရပြီ၊ အဲဒါကို ရေဆေးချလိုက်၊ အမ်... နှစ်လွှာထပ်ပြီး ထုတ်ပေး၊ အဲ့ဒါဆို အနံ့က သိပ်မပြင်းလောက်တော့ဘူး"
ကျန်းကျိုးက ငါးများ ထည့်ထားသည့် အထုတ်ကို ကောက်ယူပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်ရာ ဝမ်ရန်က သူ့နောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ငါးရောင်းသည့် လမ်းကြားတွင် ငါးညှီနံ့များ ပြည့်နှက်နေပြီး ဝမ်ရန်က အဆင်မပြေ ဖြစ်နေကာ သူ့မျက်နှာက အနည်းငယ် ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းများကို တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားခဲ့သည်။ ထိုအမူအရာကြောင့် ကျန်းကျိုးက ဝမ်ရန် နေမကောင်း ဖြစ်နေသည်ဟု ထင်မှတ်လုနီးပါး ဖြစ်သွားခဲ့သည်။
ကျန်းကျိုးက ငါးများကို ကိုင်ထားသည့် သူ့လက်အား ခပ်ဝေးဝေးသို့ ဆန့်တန်းထားကာ လွတ်နေသည့် လက်တစ်ဖက်ဖြင့် ဝမ်ရန်ကို လှမ်းကိုင်ထားလိုက်သည်။ ထို့နောက် သူက အနည်းငယ် အပြစ်တင်နေဟန်ဖြင့် "မင်း ငါးညှီနံ့ကို တစ်ခါမှ အသားမကျနိုင်ဘူးလေ၊ ဘာလို့ ဒီကို ဝင်လာတာလဲ?”
ဝမ်ရန်က ဘာမှပြန်မပြောဘဲ ခေါင်းငုံ့နေကာ သူ ဘာတွေးနေမှန်း မသိနိုင်သော်လည်း သူ့မျက်လုံးထောင့်လေးများက ငါးများကို ကိုင်ထားသည့် ကျန်းကျိုး၏လက်ကို လိုက်ကြည့်နေခဲ့သည်။
ဝမ်ရန်ထံမှ အချိန်အတော်ကြာအောင် တုံ့ပြန်မှု မရသောကြောင့် ကျန်းကျိုး ခေါင်းလှည့်ကြည့်လိုက်ရာ ဝမ်ရန်၏ အတွေးများပြည့်နေသော မျက်လုံးများကို တွေ့လိုက်ရပြီး သူ မနေနိုင်ဘဲ မေးလိုက်တော့သည်။
“ဘာဖြစ်နေတာလဲ?”
ဝမ်ရန်က သူ့နှလုံးသားထဲတွင် ခါးသီးသလို ခံစားနေရပြီး နာကျင်နေခဲ့သည်။
တကယ်တော့ သူ အတိတ်က အသေးစိတ်အချက်တွေ အများကြီးကို လွဲချော်ခဲ့တယ်။ ဒီနေ့ သူ ကျန်းကျိုးနဲ့ စိတ်အားထက်သန်စွာ လိုက်မလာခဲ့ရင် ဒါမှမဟုတ် ဒီနေရာကိုသာ ဝင်မလာမိခဲ့ရင် သူတို့အိမ်ကို ကျန်းကျိုယူလာတဲ့ ငါးတိုင်းက ကျန်းကျိုးကိုယ်တိုင် ကိုင်တွယ်ခဲ့ရတာကို သူ သိရမှာ မဟုတ်ဘူး။ ကျန်းကျိုး ပြန်သယ်လာတဲ့ ငါးတွေက သူ ဝယ်ထားတဲ့ငါးတွေထက် အမြဲသန့်ရှင်းနေတယ်တာ အံ့သြစရာ မရှိတော့ဘူး။
အခုတော့ သူ့ရှေ့က ကျန်းကျိုးက သူနဲ့ အရင်းနှီးဆုံး သူ့ခင်ပွန်း ကျန်းကျိုးဆိုတာကို သူ လုံးဝ အတည်ပြုနိုင်သွားခဲ့ပြီ။
.......။......။.....
ဝမ်ရန် ကျန်းကျိုး၏အိမ်သို့ မရောက်သည်မှာ အတော်ကြာနေပြီ ဖြစ်သည်။ သူ ရောက်လာလျှင်လည်း ခြံအပြင်ဘက်မှသာ ရပ်ကြည့်နေခဲ့သည်။ တခါတရံတွင် သူက ကျန်းကျိုးက အိမ်၌ မရှိသည့် အချိန်ကို ရောက်လာတက်ပြီး မြန်မြန်လာကာ မြန်မြန်ပြန်သွားရသောကြောင့် အနီးကပ် မကြည့်နိုင်ခဲ့ပေ။
သူ့၏အတွင်းစိတ်ခံစားချက်များ အပြောင်းအလဲဖြစ်သောကြောင့် ဖြစ်နိုင်ပြီး လွန်ခဲ့သည့်နှစ် သူ ဤနေရာသို့ ရောက်လာချိန်တွင် ဤနေရာက လူသူကင်းမဲ့နေပြီး ဆိတ်သုန်းနေသလို သူ ခံစားခဲ့ရသည်။
သို့သော် ယခုတစ်ခေါက် ပြန်ရောက်လာချိန်တွင် ဤနေရာက ပြည့်စုံနေသည်ဟု သူ ခံစားနေရပြီး တံစက်မြိတ်အောက်တွင် တွဲလောင်းကျနေတဲ့ ပြောင်းဖူးများကပင် တခြားနေရာမှ ပြောင်းဖူးများထက် ပိုကြီးပြီး ပိုချစ်စရာကောင်းသည်ဟု သူ ထင်နေခဲ့သည်။
ကျန်းကျိုးက ပစ္စည်းများကို လှေပေါ်မှ ချနေခဲ့ပြီး အိမ်သို့ ပြန်ယူသွားရန် ဦးလေးကျန်း၏ နွားလှည်းကို ငှားလာခဲ့သည်။ အေးလွန်းသည့် ရာသီဥတုဖြစ်သောကြောင့် သူက အလုပ်ရှုပ်နေပြီး ပူလောင်ကာ ချွေးများ စီးကျလာခဲ့သည်။ ပစ္စည်းများကို အကုန် နေရာချပြီးနောက် သူက အကျင့်ပါနေသည့်အတိုင်း အော်ပြောလိုက်သည်။
“အားရန် ရေတစ်ခွက် လောက်ပေးပါ”
ဝမ်ရန်က ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်ပြီး ရေယူရန် ပြန်လှည့်သွားခဲ့သည်။ ခဏအကြာတွင် သူ တစ်ခုခုကို သတိရသွားပုံဖြင့် တုံ့ဆိုင်းသွားခဲ့သည်။
နောက်ဆုံးတွင် နှစ်ယောက်လုံး မှင်သက်သွားကြသည်။
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️