အခန်း ၂၇ သူတို့ ပြောတာက ငါ့ရဲ့ကွမ်းတုန်းကျူကြောင့် အစာအဆိပ်သင့်တယ်တဲ့
ကျန်းကျိုးက ခေါက်ဆွဲပန်းကန်ကို ချလိုက်ပြီး သူ့လက်ကို သုတ်လိုက်ကာ အခြေအနေကို ပြေလည်အောင် ဖြေရှင်းရန် ရှေ့တိုးသွားလိုက်သည်။
"ဘာဖြစ်လို့လဲ?"
သူက သူ့ဆိုင်ရှေ့ရှိ လူသုံးဦးကို ကြည့်လိုက်ရာ သူတို့အားလုံးတွင် ခြိမ်းခြောက်သည့်အမူအရာ ရှိနေပြီး လက်မောင်းတွင် ဆေးမှင်ကြောင်များ ရေးဆွဲထားကြကာ အ၀တ်များကိုလည်း ဖရိုဖရဲ ဝတ်ဆင်ထားကြသည်။ သူတို့နောက်မှ လူက သူ့ဗိုက်ကို ပြန်ဆုပ်ကိုင်ထားကာ ခါးကုန်းထားသောကြောင့် သူ့အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ခေါင်းဆောင်လာသူက မောက်မာလွန်းသောပုံစံဖြင့် ဝါးပန်းကန်ကို ဆိုင်ခုံပေါ်သို့ ပစ်ချလိုက်ပြီး ကျယ်ကျယ်လောင်လောင် အော်ပြောလာခဲ့သည်။
“မင်း ဘာတွေ ချက်ရောင်းနေတာလဲ? ငါ့ညီလေးက မင်းရဲ့ကွမ်တုန်းကျူကို စားပြီး ဗိုက်နာနေတယ်။ မင်း မထည့်သင့်တဲ့အရာတွေ ထည့်ထားတာလား?"
အစားအသောက် ရောင်းချသူများက မသန့်ရှင်းသော သို့မဟုတ် အန္တရာယ်မကင်းသော အစားအစာများ ရောင်းချနေသည်ဟူသော စွပ်စွဲမှုများကို ကြောက်ရွံ့ကြပြီး ကျန်းကျိုး၏ဆိုင်က ဆိုင်ဖွင့်သည်နှင့် တပြိုင်နက် လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် စူးစမ်းလိုသော ကြည့်ရှုသူများကို ဆွဲဆောင်မိသွားတော့သည်။ လူအများက ဤကိစ္စကို အလေးထားစိတ်ဝင်စားနေကြပြီး အေးစက်နေသည့် ရာသီဥတုမှာပင် လူစုခွဲရန် တွန့်ဆုတ်နေကြပြီး စိတ်အားထက်သန်စွာ စောင့်ကြည့်ရင်း နားစွင့် နေကြသည်။
ရောက်ရှိလာများက ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်နေကြပြီး ဆိုင်ပိုင်ရှင်က အလွယ်တကူ ကြောက်လန့်သွားတတ်လျှင် သူတို့ကို ကြောက်လန့်ပြီး လုပ်ငန်းတစ်ခုလုံး ဆုံးရှုံးသွားနိုင်ပေသည်။ သို့သော် ကျန်းကျိုးက ပင်ကိုဗီဇအရ သတ္တိရှိသူဖြစ်သောကြောင့် အခြေအနေကို အေးဆေးစွာ ရင်ဆိုင်ရန် ဆုံးဖြတ်ပြီး တည်တည်ငြိမ်ငြိမ် ပြန်မေးလိုက်သည်။
“ခင်ဗျားရဲ့ညီက တကယ်ဗိုက်နာနေတာ ဟုတ်လို့လား?”
ထိုလူက ကျန်းကျိုးကို ပြန်စိုက်ကြည့်လာပြီး အော်ပြောလိုက်ပြန်သည်။
“ကြည့်လေ၊ သူ့ဗိုက်ကို ဒီလိုတောင် ဆုပ်ကိုင်ထားရတယ်။ ဗိုက်မနာရင် တခြား ဘာဖြစ်နိုင်သေးလို့လဲ။ ငါတို့က ဟန်ဆောင်နေတယ်လို့ မင်း ထင်နေတာလား?"
သူ၏အခိုင်အမာပြောဆိုချက်က သေချာပေါက် လေယူလေသိမ်း မှန်ကန်နေပြီး သူ့၏ညီဖြစ်သူကလည်း ဗိုက်ကို ကိုင်ထားကာ ချွေးများ တသွင်သွင် စီးကျနေပြီး ဝေဒနာ ခံစားနေရမှန်း သိသိသာသာ မြင်နေရသည်။ ထို့ကြောင့် ဤကိစ္စကို စတင်ဆွေးနွေးလာကြပြီး မျက်မြင်ကြည့်ရှုသူအများစုက ထိုလူများကို ယုံကြည်လာကြသည်။
ကျန်းကျိုးက ဘာမှ မတုံ့ပြန်ရသေးခင်မှာပင် ဝမ်ရန်က ထိုလူ၏အခြေအနေကို စစ်ဆေးရန် ထို့လူ၏ရှေ့သို့ တိုးသွားလိုက်ပြီး ဒူးတစ်ဝက်ထောက် ထိုင်ချလိုက်သည်။
"မင်း ဘာလုပ်တာလဲ?" ခေါင်းဆောင်လာသောလူက သံသယဖြင့် မေးခွန်းထုတ်လိုက်သည်။
ဝမ်ရန်က ဗိုက်နာနေပုံရသည့်လူကိုသာ စူးစူးစိုက်စိုက် ကြည့်နေပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ငါ့မှာ ဆေးပညာအခြေခံ ဗဟုသုတ နည်းနည်း ရှိတယ်။ မင်းရဲ့ညီက ဒီလောက် နာကျင်နေတာလေ၊ ငါ့ကို ကြည့်ခွင့်ပေးလိုက်ပေါ့၊ သူ့အခြေအနေ ပိုဆိုးလာပြီး နာကျင်မှုကြောင့် မေ့လဲသွားရင် ဘယ်လိုလုပ်ကြမလဲ?”
ထိုလူက သံသယဝင်နေသေးပုံဖြင့် ငြင်းဆန်လိုက်သည်။
“စောစောက မင်းတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်လက်တွေ ကိုင်ထားပြီး မျက်နှာချင်းဆိုင် စကားပြောနေတာကို ငါ တွေ့ခဲ့တယ်၊ ငါ မင်းကိုလည်း မယုံဘူး။ မင်း ငါ့ညီကို မထိနဲ့!"
တခြားအချိန်ဆိုလျှင် ဝမ်ရန်က ရှက်ရွံ့ကာ မျက်နှာတပြင်လုံး နီရဲသွားတတ်သော်လည်း ယခုအခါ သူက ကျန်းကျိုးဘက်မှ အခိုင်အမာ ရပ်တည်နေပြီး "ငါတို့ သူ့ကို မစစ်ဆေးရင် သူ ဗိုက်နာနေတာ ဟုတ် မဟုတ် ဘယ်လို ဆုံးဖြတ်နိုင်မှာလဲ? တခြားသူတွေရော ဘယ်လိုထင်ကြလဲ?"
လူအုပ်ထဲမှ လူတချို့က ဝမ်ရန်၏ပြောဆိုမှု ကျိုးကြောင်းဆီလျော်သည်ကို နားလည်နိုင်ကြပြီး သူ့အမြင်ကို ထောက်ခံလာကြသည်။
လူအုပ်ထဲမှ လူတစ်ယောက်က အော်ပြောလိုက်သည်။
“သူ ပြောတာ မှန်တယ်၊ နျိုတင်း၊ ဘာမှားနေလဲ သိရအောင် စစ်ဆေးကြည့်သင့်တယ်”
အော်ပြောလိုက်သူက ထိုလူကို သိနေကြောင်း ထင်ရှားနေသည်။
နျိုတင်းက နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး ဝင်ပြောလိုက်သည့်လူကို စူးစူးစိုက်စိုက်ကြည့်ကာ သတိပေးသည့်အမူအရာမျိုး လုပ်ပြလိုက်သည်။ ထို့နောက် သူက ဝမ်ရန်ဆီသို့ အကြည့်ပြန်ရောက်လာပြီး “မလိုဘူး၊ ငါတို့ ဒီကို လာတုန်းက သမားတော်ခေါ်ဖို့ ကျိရှစ်ဆေးခန်းမကို လူလွှတ်ပြီးပြီ။ ငါတို့ ဒီကနေ စောင့်နေမယ်"
သူ့စကားဆုံးသွားချိန်တွင် ဝမ်ရန်အတွက် နောက်ပြန်ဆုတ်ရန်မှတပါး ရွေးစရာလမ်းမရှိတော့ပေ။ ဝမ်ရန်က ကျန်းကျိုးကို ကြည့်လိုက်ရင်း သူ့ခေါင်းလေးကို ခါယမ်းကာ တိုးတိုးလေး ပြောပြလိုက်သည်။
“သူက သူ့ခေါင်းကို အတင်းငုံ့ထားတယ်၊ ကျွန်တော် သေသေချာချာ မမြင်ရဘူး"
ထိုအတောအတွင်းတွင် လူအုပ်ကြားထဲ၌ ဖုန်းထိုက်လက်ဖက်ရည်ဆိုင်မှ လုတဲရှင်းကို တွေ့လိုက်ရသောကြောင့် ကျန်းကျိုး၏မျက်လုံးများ လင်းလက်လာခဲ့သည်။ လုတဲရှင်းကလည်း လူအုပ်ထဲတွင် ရပ်နေရင်း သူ့ကို တိတ်တိတ်လေး ခေါင်းညိတ်ပြလာခဲ့သည်။
သို့သော် သူက ခဏမျှသာ တုံ့ဆိုင်းနေခဲ့ပြီး ကျန်းကျိုး၏နံဘေးသို့ လျှောက်လာကာ "နျိုတင်းက ဒီဒေသမှာ နာမည်ဆိုးတဲ့ ကျော်ကြားတဲ့ ဒေသခံလူမိုက်တစ်ယောက်ပဲ။ သူက အရက်သောက်ပြီး နေ့တိုင်း တခြားလူတွေကို ဒုက္ခပေးတယ်။ သူက အမြဲတမ်း ပြဿနာတွေကို လိုက်ရှာနေတတ်တော့ လူတွေက သူ့ကို ရွံကြောက်ကြီး ဖြစ်နေတာ၊ မင်း သတိထားဖို့ လိုလိမ့်မယ်"
ထိုသတိပေးချက်က စေတနာကောင်းအပေါ် အခြေခံပြီး ကျန်းကျိုးအတွက် သူ့၏စိုးရိမ်မှုကို ဖော်ပြနေသောကြောင့် ကျန်းကျိုးက ထိုစကားကို တန်ဖိုးထားကာ အလေးအနက် တုံ့ပြန်လိုက်သည်။
“စိတ်မပူပါနဲ့၊ ကျွန်တော်ရောင်းတဲ့ အစားအစာက သန့်ရှင်းပြီး ဘေးကင်းပါတယ်။ ကျိရှစ်ဆေးခန်းမကို ရောက်သွားရင်တောင် ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်နေရင် ရပါပြီ"
ဆေးခန်းမမှ လူများ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေချိန်တွင် ကျန်းကျိုးက သူ့ဇနီးလေး ချက်ပေးသည့် ခေါက်ဆွဲက ပိုအရေးကြီးသည်ဟု ခံစားလိုက်ရသည်။ ထို့အပြင် သူ့ဗိုက်ဗလာဖြစ်ပြီး အလွန်ဆာလောင်နေသောကြောင့် ထိုင်ခုံသေးသေးလေးပေါ်တွင် ထိုင်ကာ အရသာရှိသော ခေါက်ဆွဲကို အရသာခံကာ တရူးရူးမြည်အောင် စားသောက်နေတော့သည်။ အိုးထဲတွင် ပွက်ပွက်ဆူနေသော ကွမ်တုန်းကျူဟင်းရည်ကလည်း မွေးပျံ့နေကာ ကြည့်နေသူများကို သရေကျလာစေသည်။
မကြာသေးမီက အိမ်တွင် စားသောက်ခဲ့သည့်လူများက အရသာရှိသော ဟင်းလျာအသစ်၏ ဆွဲဆောင်မှုကြောင့် သူတို့၏ဗိုက်များ တဆတ်ဆတ် တုန်လာသလို ခံစားနေရပြီး ဆိုင်နားသို့ ချဉ်းကပ်လာရန် ဆွဲဆောင်ခံနေရသည်။
သို့သော် သူတို့ နှစ်ကြိမ်ခန့် ပြန်ကြည့်ပြီးနောက်တွင် ထူးထူးခြားခြား တစ်စုံတစ်ရာ ဖြစ်နေသည်ကို နားလည်သွားကြပြီး ဝယ်စားရန် တွန့်ဆုတ်နေကာ သူတို့၏တောင့်တနေသော အကြည့်များကို ထိန်းသိမ်းထားရသည်။ သူတို့အတွက်လည်း မလွယ်ကူလှပေ။ အအေးဒဏ်ကို သည်းခံပြီး ဆေးခန်းမမှ သမားတော်ကို စောင့်မျှော်နေချိန်တွင် အစာစားချင်စိတ်ကိုပါ ထိန်းထားကြရသည်။
ကျိရှစ်ဆေးခန်းက မြို့တွင်းရှိ တစ်ဦးတည်းသော ဆေးကုသသည့်နေရာ ဖြစ်ပြီး သမားတော်အိုကြီးတစ်ဦးနှင့် အလုပ်သင်လက်ထောက်နှစ်ဦး ရှိသည်။ သမားတော်အိုကြီးက ဆေးပညာ ကျွမ်းကျင်ပြီး လျင်မြန်ဖျပ်လက်ဆဲ ဖြစ်ကာ သိမကြာခင်မှာပင် သူက သူ့၏ဆေးသေတ္တာကို ကိုင်ထားရင် မျှော်လင့်နေသော လူအုပ်ရှေ့၌ ပေါ်လာခဲ့သည်။
လူအုပ်ကြီးက ဘေးနှစ်ဘက်သို လမ်းခွဲပေးလိုက်ကြသည်။ သမားတော်အိုကြီးက သူ၏ဗိုက်ကို ဆုပ်ကိုင်ထားည့် အမျိုးသား၏ရှေ့တွင် ထိုင်ချလိုက်ပြီး သူ့၏မျက်လုံးနှင့် လျှာကို တစ်ချက်ကြည့်ကာ သွေးခုန်နှုန်းကို စစ်ဆေးရင်း လိုအပ်သည့်မေးခွန်းများကို မေးနေလေသည်။
ထိုနောက် သူက မှတ်ချက်ချပေးလိုက်သည်။ “ဒါဟာ အစားမှားလို့ အစာအိမ်နာတာပါ၊ အပ်စိုက်လိုက်ရင် ဒါမှမဟုတ် ဆေးသောက်လိုက်ရင် သက်သာသွားမှာပါ”
သမားတော်က ထိုသို့ ပြောလိုက်သည့်အတွက် လူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အတော်လေး တုန်လှုပ်သွားကြသည်။ ဆိုလိုသည်မှာ ကျန်းကျိုး၏ကွမ်တုန်းကျူတွင် တစ်ခုခု မှားနေပြီပင်။
အားလုံး သူ့ထံသို့ အကြည့်ရောက်လာချိန်တွင် ကျန်းကျိုးက သူ့လက်ထဲမှ ပန်းကန်လုံးကို အေးအေးဆေးဆေး ပြန်ချလိုက်ပြီး တည်တည်ငြိမ်ငြိမ် ထပ်မေးလိုက်သည်။ "ခင်ဗျား မနက်ကတည်းက ကျုပ်ရဲ့ ကွမ်တုန်းကျူတစ်မျိုးတည်းကို စားခဲ့တာ သေချာလား?"
မြေပြင်ပေါ်ရှိလူက ခေါင်းညိတ်ပြပြီး သူ့မျက်နှာက ဖြူဖျော့နေလေသည်။
သူ့အုပ်စုလေးအပေါ် သစ္စာစောင့်သိပြီး သူ့ညီအစ်ကိုများအပေါ် အကာအကွယ်ပေးတတ်သည့် စရိုက်ကြောင့် နာမည်ကြီးလှသည့် နျိုတင်းက အလွန်ဒေါသ ထွက်နေပြီ ဖြစ်သည်။ သူ့၏ညီအစ်ကိုက ဖြူဖျော့နေသော အမူအရာဖြင့် သူ့ထံသို့ ရောက်လာချိန်ကတည်းက သူ ဒေါသထွက်နေပြီး သူ့ညီအတွက် တရားမျှတမှု ရှာပေးချင်ခဲ့သည်။
ထို့ကြောင့် သူက သူနှင့်အတူ အခြားသူများကို ခေါ်လာပြီး ကျန်းကျိုးဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယခု ကျန်းကျိုး၏ အေးဆေးသော အပြုအမူကို မြင်တွေ့ပြီးနောက် သူ၏ဒေါသက ပိုကြီးထွားလာခဲ့သည်။ နောက်ဆုံးတွင် သူ့၏ညီအစ်ကိုက ဒုက္ခတစ်ခုခုကို စားခဲ့မိပြီး ဗိုက်နာနေကြောင်း ကျိရှစ်ခန်းမမှ သမားတော်က အတည်ပြုပေးလိုက်သဖြင့် သူ့ဒေါသက အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
သူက ကျန်းကျိုးကို ပညာပေးရန် ရည်မှန်းထားပြီး မျက်လုံးပြူဖြင့် အော်ငေါက်လိုက်သည်။ "ဟေ့၊ မင်းက ဒီလို အန္တရာယ်ရှိတဲ့ အစားအစာတွေ လုပ်နေတာလား? ငါ ဒီနေ့ မင်းကို သင်ခန်းစာ မပေးနိုင်ရင် ငါ... နျိုင်တင်းရဲ့နာမည်ကို နောက်ပြန်ရေးမယ်ကွ!"
သူက ပြောနေရင်းဖြင့် ကျန်းကျိုးကို လှမ်းဆွဲလိုက်သော်လည်း ကျန်းကျိုးက နျိုတင်း၏လက်ကို သွက်သွက်လက်လက် ရှောင်တိမ်းလိုက်ပြီး "ခင်ဗျားက ဘာတွေ စိတ်လောနေတာလဲ? ကျုပ် မေးနေတာတောင် မပြီးသေးဘူး!"
နျိုတင်းက “နောက်ထပ် ဘာမေးစရာလိုသေးလို့လဲ? မင်းတို့လို မရိုးသားတဲ့ စီးပွားရေးသမားတွေက ပိုက်ဆံကိုပဲ ဂရုစိုက်တာလေ"
ကျန်းကျိုးက နျိုတင်း၏လှမ်းဆွဲမှုကို ရှောင်တိမ်းလိုက်ရင်း ဝမ်ရန်ကို သူ့နောက်သို့ လှမ်းဆွဲကာ ကာကွယ်ပေးရန်လည်း မမေ့ခဲ့ပေ။ သူက မျက်ခုံးကို ပင့်ကာ နျိုတင်းကို စိန်ခေါ်သလို ကြည့်လိုက်ပြီး "မတရားဘူးလို့ ထင်ရင် တရားရုံးမှာ တရားရင်ဆိုင်ပြီး တရားခံကို ဆုံးဖြတ်လို့ ရသေးတယ်လေ၊ ခင်ဗျားက ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ?"
ထို့နောက် ကျန်းကျိုးက နျိုတင်း၏လက်ကို လှမ်းဆွဲကာ ခါယမ်းလိုက်ပြီး “ကျုပ်ဆိုင်က ကွမ်တုန်းကျူကြောင့် ပြသနာ ဖြစ်တာသေချာရင် ကျုပ် ဖြေရှင်းပေးနိုင်တယ်”
နျိုတင်းက “တကယ်လား?”
ကျန်းကျိုးက "ဟုတ်တယ်"
နျိုတင်းက သူ့လက်ကို ပြန်ချလိုက်ပြီး "ဒါဆို မေးစရာ ရှိတာ မြန်မြန်မေး"
ကျန်းကျိုးက စိုးရိမ်ပုံပေါ်နေသည့် ဝမ်ရန်ကို နှစ်သိမ့်ပေးလိုက်ပြီးနောက် သူ့ခေါင်းကို ငုံ့လိုက်ကာ မြေပြင်ပေါ်တွင် ထိုင်နေသည့်လူကို ခပ်ဆတ်ဆတ် လှမ်းပြောလိုက်သည်။
“မင်းရဲ့ ခေါင်းကို မော့လိုက်”
ထိုလူက ချောင်းဆိုးလိုက်ပြီး သူ့ခေါင်းကို အနည်းငယ် မော့လိုက်သော်လည်း ချက်ချင်း ခေါင်းပြန်ငုံသွားခဲ့သည်။
ထိုလူ၏အပြုအမူက အလွန်လျင်မြန်သော်လည်း ကျန်းကျိုးက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူ့နှလုံးသားထဲမှ ချက်ချင်း နားလည်သွားခဲ့သည်။ ထိုအခိုက်အတန့်လေးတွင် မကြာသေးမီက သူ ပြန်နိုးလာပြီးနောက် သူ၏မှတ်ဉာဏ်က သိသိသာသာ တိုးတက်လာသည်ကိုလည်း သူ သဘောပေါက်သွားခဲ့သည်။
သူ စိတ်အားထက်သန်စွာ အားထုတ်ပြီး ပြန်တွေးလိုက်လျှင် သူ့ဆိုင်သို့ မကြာခဏ ရောက်လာတတ်သည့်သူများ၏မျက်နှာများကိုပင် သူ မှတ်မိနိုင်နေသည်။ ဖောက်သည်တိုင်း၏မျက်နှာများက သူ့မှတ်ဉာဏ်ထဲတွင် ထွင်းထုထားသလို ပေါ်နေတတ်ပြီး ခေါင်းငုံ့ထားတတ်သည့် ဤလူကတော့ မရင်းနှီးကြောင်း သိသာနေသည်။
ကျန်းကျိုးက သူ လိမ်လည်လှည့်ဖြားမှုတစ်ခုကို ပထမဆုံးအကြိမ် ကြုံတွေ့လိုက်ရပြီ ဖြစ်ကြောင်း သိသွားပြီး စိတ်ထဲမှ ကျိတ်ရယ်လိုက်မိသည်။
သို့ရာတွင် သူက ဤလူ ကွမ်တုန်းကျူအား တစ်ခါမျှ မစားခဲ့ဖူးကြောင်း အခိုင်အမာ သက်သေမပြနိုင်ပါက ကြည့်ရှုသူများ အနေဖြင့် သူ့ကို ယုံလိမ့်မည် မဟုတ်ပေ။ သူ့ဆိုင်က လူဝင်လူထွက်များလှပြီး သူ့ထံတွင် ပြောင်မြောက်သည့် မှတ်ဉာဏ်ရှိသည်ဟု ပြောလျှင်ပင် မည်သူမျှ ယုံမည် မဟုတ်ပေ၊ သူက သူ့အမှားကို ဖုံးကွယ်ရန် မရှိသည့်မှတ်ဉာဏ်ကို အသုံးပြုနေသည်ဟုပင် လူအများက သူ့ကို စွပ်စွဲနိုင်သေးသည်။
ဤလူများတွင် လိမ္မာပါးနပ်သည့် အစီအမံများ ရှိကြောင်းကိုတော့ သူ မဖြစ်မနေ ဝန်ခံရပေမည်။ အကယ်၍ သူက ထူးထူးခြားခြား မှတ်ဉာဏ်မရှိသော သာမန်ရောင်းချသူတစ်ဦးသာဖြစ်ပါက၊ ဤပုဂ္ဂိုလ်က သူ့ကို လှည့်ဖြားရန် ဖြစ်နိုင်ချေရှိနေသေးသည်။ ထိုအခြေအနေများအောက်တွင် ကျန်းကျိုးက သူ၏ ကံကြမ္မာကို လက်ခံရန်မှတပါး ရွေးချယ်စရာရှိနိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း ဤလူက မှတ်ဥာဏ်ပိုကောင်းလာပြီး ပိုထက်မြက်လာသည့် ကျန်းကျိုးနှင့် ရင်ဆိုင်မိသွားခြင်း ဖြစ်သည်။
ကျန်းကျိုးက ဒေါသထွက်နေသော နျိုတင်းကို ပြန်ကြည့်လိုက်ပြီး နျိုတင်းက ဤလူ၏ ဖုံးကွယ်မှုကို သိ မသိ တွေးနေလိုက်သည်။ သို့သော် နျိုတင်းက အမှန်တကယ် ဒေါသထွက်နေပုံရသည်။
ထိုအချိန်တွင် ကျန်းကျိုးက စားပွဲပေါ်သို့ နျိုတင်း ပစ်ချလိုက်သော ဝါးပန်းကန်ကို ရုတ်တရက် သတိရသွားပြီး သူ့မျက်လုံးများက ရုတ်တရက် တောက်ပလာခဲ့သည်။ သူက ဝါးပန်းကန်ကို ကိုင်ပြီး ထပ်မေးလိုက်သည်။
“ငါ မှတ်မိတာ မှန်ရင် ဒီဝါးပန်းကန်က မင်းတို့ ယူလာတာ မဟုတ်လား?”
နျိုတင်းက ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး ထူးထူးခြားခြား ကွဲပြားမှုများကို ပိုင်းခြား၍ မရသော်လည်း ၎င်းကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ကျန်းကျိုးက ရယ်မောလိုက်ပြီး “ဒါက နည်းနည်းတော့ ရှက်ဖို့ ကောင်းတယ်”
"ဘာကို ရှက်ရမှာလဲ?"
ကျန်းကျိုးက ထိုဝါးခွက်လေးကို ပြောင်းပြန်လှန်လိုက်ပြီး သူ့ဆိုင်မှ ဝါးခွက်တစ်လုံးကိုပါ တစ်ပြိုင်နက် ကောက်ယူကာ လှန်ပြလိုက်သည်။ သူက သူ ပေါ့ပေါ့ပါးပါး ရွေးချယ်ထားသော ဝါးခွက်၏အောက်ခြေကို လက်ညှိုးထိုးပြလိုက်ပြီး ၎င်းတွင်ထွင်းထားသည့် "ရန်" ဟူသော စာလုံးသေးသေးလေးကို အများမြင်အောင် ပြသလိုက်သည်။
ဆန့်ကျင်ဘက်အနေဖြင့် နျိုတင်းယူလာခဲ့သည့် ဝါးခွက်၏အောက်ခြေက အလွတ်ဖြစ်နေခဲ့သည်။
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟