အခန်း ၂၁ ဇနီးလေးကို ဖက်ထားလိုက်တယ်
ကံကောင်းထောက်မစွာဖြင့် ဝမ်ရန်က အချိန်အကြာကြီး မှင်သက်မနေခဲ့ပေ။ သူက နောက်သို့ လှည့်သွားပြီး ရေတစ်ခွက် ငဲ့ကာ ကျန်းကျိုးထံသို့ လှမ်းပေးလိုက်သည်။
အစပိုင်းတွင် ကျန်းကျိုးက ထိုရေခွက်ကို လှမ်းယူရန် လက်လှမ်းမမီဖြစ်နေသည်ဟု ဝမ်ရန် ထင်ထားခဲ့သော်လည်း ကျန်းကျိုးက သူ့ကို စိုက်ကြည့်နေပြီးမှ သူ့ခေါင်းကို ငဲ့စောင်းကာ သူ့လက်ထဲမှ ရေပန်းကန်ကို ငုံ့သောက်လိုက်သည်။
ရေသောက်ပြီးနောက်တွင် ကျန်းကျိုးက အားကိုးရာမဲ့အမူအရာဖြင့် "ကိုယ်လက်တွေမှာ ချွေးတွေ ရှိနေလို့ ရေခွက်ကို ကိုင်ဖို့ အဆင်မပြေဘူး"
ဝမ်ရန် သူ့ကို သိလာသည်မှာ ဆယ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သောကြောင့် သူ့ကို နားမလည်ဘဲ မနေပေ။ ကျန်းကျိုးက ရည်ရွယ်ချက်ရှိရှိ ခေါင်းငုံကာ ရေသောက်ခဲ့ခြင်း ဖြစ်ပြီး သူ့ကို လှည့်စားနေခြင်းသာ ဖြစ်ကြောင်း ဝမ်ရန် ရိပ်မိနေခဲ့သည်။
သို့သော်လည်း ခေါင်းငဲ့ထားရာမှ ကြည့်လာခဲ့သည် ထိုအကြည့်တစ်ချက်ကပင် သူ့ကို အလွန်ပူလောင်လာစေသောကြောင့် သူ့တကိုယ်လုံးလုံး တုန်ယင်သွားသလို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး အတွင်းရော အပြင်ပါမကျန် ပူလောင်လာသလိုလည်း ခံစားနေရသည်။
အာ... သူ့ကိုယ်သူတောင် နားမလည်နိုင်တော့ဘူး။ သူတို့ လမ်းခွဲတာ တစ်နှစ်ကျော်လောက်ပဲ ရှိသေးတာ မဟုတ်ဘူးလား? သူက ဘာလို့ ကျန်းကျိုးရဲ့အကြည့်တစ်ချက်ကြောင့် ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ?
ပြီးတော့ ဒါက ပုံမှန် ပေါ့ပေါ့ပါးပါး လှုပ်ရှားမှု တစ်ခုတည်းပဲ မဟုတ်ဘူးလား? ကျန်းကျိုးရဲ့အကြည့်က သူ့ကို အရည်ပျော်သွားအောင် လုပ်နိုင်တာလား?
ရေသောက်ပြီးနောက် ကျန်းကျိုးက သူ့လက်များကို သေသေချာချာ ဂရုတစိုက် သုတ်လိုက်ပြီး သူ ဝယ်လာခဲ့သည့်ပစ္စည်းများကို နေရာချရန် မီးဖိုချောင်ဆီသို့ လျှောက်သွားလိုက်သည်။
သူက အလုပ်ကို မြန်မြန်ဆန်ဆန် လုပ်နိုင်ပြီး အသားကိုင်ခြင်းနှင့် ငါးအသားလွှာခြင်းကို အကြိမ်ပေါင်းများစွာ သပ်သပ်ရပ်ရပ် ကိုင်တွယ်ခဲ့ဖူးသည်။ ထို့ကြောင့် ထိုကဲ့သို့သောအလုပ်မျိုးတွင် သူက ဝမ်ရန်ထက်ပင် အနည်းငယ် ပိုကျွမ်းကျင်နေသေးသည်။ သူက အကြေးခွံ ချွတ်ထားပြီးသောငါးများကို သေချာဆေးကြောသန့်စင်ပြီး သည်းခြေနှင့် အရေခွံများကို တစ်ခုပြီး တစ်ခု ဖယ်ရှားလိုက်သည်။ ထို့နောက် ငါးများကို တစ်ကောင်ပြီး တစ်ကောင်စတင် အရိုးထုတ်တော့သည်။ ငါးနက်က အရိုးအနည်းငယ်သာ ရှိပြီး အရိုးမကြီးတစ်ချောင်းနှင့် ကျောရိုးတစ်တန်းသာ ရှိသောကြောင့် အရိုးထုတ်ရန် ပိုလွယ်ကူသည်။ ထို့နောက် ကျန်းကျိုးက အရိုးကြီးများကို အပိုင်းပိုင်း ခုတ်ကာ ပွက်ပွက်ဆူနေသောအိုးထဲသို့ ပစ်ချလိုက်သည်။
အိုးထဲမှ အသားမှ ကျက်မည့်အချိန်တွင် စောင့်ဆိုင်းနေစဥ်တွင် ကျန်းကျိုးက သူ ဝယ်ထားသည့် ဟင်းသီးဟင်းရွက်များကို ရေဆေးရန် ပြင်ဆင်လိုက်သည်။ ရာသီဥတုက အလွန်အေးနေပြီး သူ ရေတွင်းထဲမှ ရေကို ဆွဲတင်လိုက်သည့်ရေက စူးစူးဝါးဝါး အေးနေပြီဖြစ်ကာ ရေခဲလုနီးပါး အအေးဓာတ် ရှိနေခဲ့သည်။
ကျန်းကျိုးက သူ့လက်ထဲမှ ဟင်းသီးဟင်းရွက်များကို ဖြည်းညှင်းစွာ ဆေးကြောနေပြီး သူ့လက်များက အအေးဒဏ်ကြောင့် နီရဲသွားသည့်တိုင်း သူ့အမူအရာက မပြောင်းလဲသွားပေ။
ဝမ်ရန်က သည်းမခံနိုင်တော့ဘဲ ပန်းကန်လုံးတစ်လုံးကို ယူကာ ရေနွေးအနည်းငယ် ခပ်ယူလိုက်ပြီး ရေပုံးထဲသို့ ရေနွေးများ ထည့်ပေးလိုက်သည်။ ထို့နောက် သူက နောက်သို့ ပြန်လှည့်ကာ အိုးထဲမှ အသားများကို မွှေနေရင်း ကျန်းကျိုးကို လှမ်းမေးလိုက်သည်။ “ဒီအိုးထဲကို ဘာထည့်ရမှာလဲ?”
အမှန်တကယ်တွင် ကျန်းကျိုးက ဝမ်ရန် စိတ်မသက်မသာ ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ တွေးပြီး သေသေချာချာ ပြုမူနေခဲ့ခြင်း ဖြစ်သည်။ သူ့လက်များ အေးစက်နေလျှင် ဝမ်ရန်က သူ့အတွက် စိတ်မကောင်းဖြစ်သွားပြီး သူ့လက်များ နွေးထွေးလာစေရန် ဆုပ်ကိုင်ပေးလိမ့်မည်ဟု သူ တွေးထားခဲ့သည်။ ထိုအချိန်တွင် နှစ်ယောက်သား လက်ချင်းတွဲထားနိုင်ပြီး သူလည်း သူ့ဇနီးနှင့် အချိန်ပိုကြာအောင် နေနိုင်ပေလိမ့်မည်။
သူ ချက်မည့် အစားအသောက်က စားကာင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အရေးမကြီးဘဲ သူက သူ့ဇနီး၏လက်ကို ထိထားချင်ရုံသာ ဖြစ်သည်။
သို့သော်လည်း ဝမ်ရန်က ရေနွေးတစ်ပန်းကန် လာလောင်းထည့်ပေးမည်ဟုတော့ သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
နောက်ဆုံးတွင် ကျန်းကျိုးက သူ့လက်ထဲမှ ဟင်းရွက်များကို ဆုပ်ကိုင်ထားရင်း စကားပင်မပြောနိုင်လောက်အောင် တစ်ဆို့နေကာ ရက်စက်နိုင်လွန်းလှသည့် ဝမ်ရန်၏ကျောပြင်လေးကိုသာ ငေးကြည့်နေရတော့သည်။
မီးဖိုက အရမ်းမမြင့်ဘဲ အပေါ်တွင် သံအိုးကြီးတစ်လုံးရှိသည်။ အိုးထဲတွင် ရေများ ရှိနေပြီး အရိုးကြီးများကလည်း ကျင်းဒါဇင်ကျော်နေသောကြောင့် မွှေရသည်မှာ မလွယ်ကူဘဲ ပင်ပန်းလွန်းလှသည်။
သေးသွယ်သည့် ဝမ်ရန်က သံဇွန်းကြီးတစ်ချောင်းကို ကိုင်ထားပြီး အိုးထဲရှိ အသားများကို မွှေရန် ကြိုးစားနေခဲ့သည်။ သူက သူ့၏ခွန်အားကို အပြည့်အဝ အသုံးချနိုင်ရန် သူ့ခြေထောက်များကို ဆန့်တန်းထားရပြီး ရံဖန်ရံခါ ခြေဖျားထောက်ကာ ပြန်ချလိုက်သေးသည်။ သူ့လှုပ်ရှားမှုလေးများကို အနောက်မှ ကြည့်နေရခြင်းက အထူးပင် ချစ်ဖို့ကောင်းလှသည်။
ဝမ်ရန်က အလွန်ချစ်စရာကောင်းနေသော်လည်း ကျန်းကျိုးက ဝမ်ရန် ပင်ပင်ပန်းပန်း အလုပ်လုပ်နေသည်ကို မကြည့်ရက်ပေ။ ထို့ကြောင့် သူက "အဲ့တာကို ထားခဲ့လိုက်ပါ၊ မမွှေနေနဲ့တော့။ ကိုယ် နောက်မှ လုပ်လိုက်မယ်။ မင်း အပင်ပန်းမခံပါနဲ့"
ဝမ်ရန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ခေါင်းခါလိုက်ကာ “ရပါတယ်။ ကျွန်တော် လှုပ်လှုပ်ရှားရှား မလုပ်တာတော်တော်ကြာနေပြီ၊ ကျွန်တော်ကို နည်းနည်းပါးပါး လှုပ်ရှားခွင့် ပေးပါ"
သူ ကိုယ်ဝန်ရှိလာကတည်းက အိမ်မှာ နေ့တိုင်း ခြံထဲကို လမ်းလျှောက်ရင်လျောက် မဟုတ်ရင် လဲလျောင်း အိပ်စက်အနားယူနေခဲ့ရတယ်။ သူ အများကြီး မလှုပ်ရှားနိုင်ခဲ့ဘူး။ သူ အဝေးဆုံးသွားနိုင်တဲ့ နေရာက ခြံတံခါးပဲ။
ရှောင်ယိကို မွေးဖွားပြီးတဲ့နောက်မှာလည်း သူ ရှောင်ယိကို ပြုစုစောင့်ရှောက်ဖို့အတွက် အလုပ်များနေခဲ့ရတယ်။ ပြီးတော့ အဲ့အချိန်တွေတုန်းက ရှောင်ယိက အမြဲလိုလို ငိုနေတက်တယ်။ သူ အပြင်ထွက်ဖို့ နေနေသာသာ ရှောင်ယိကို ချော့နေရတာနဲ့ပဲ နေ့တိုင်း ဘာမှ မလုပ်နိုင်ခဲ့ဘူး။ အချိန်အတော်ကြာလာတော့ သူ့ခန္ဓာကိုယ်က အများကြီး အားနည်းသွားတယ်လို့ သူ အမြဲခံစားနေရတယ်။ ကိုယ်အလေးချိန် ကျသွားပြီး နည်းနည်းလေး လှုပ်လိုက်တာနဲ့ မောဟိုက်နေသလို ခံစားရတယ်။
ကျန်းကျိုးက မျက်မှောင်ကြုတ်ကာ စဉ်းစားနေရင်း သူ့ရင်ထဲတွင် အတွေးမျိုးစုံ ရှိနေကာ ထိုအတွေးများကြား ရုန်းကန်နေရင်း နာကျင်မှုတစ်ခုက သူ့ကို နှိပ်စက်နေပြန်သည်။ တစ်ဖက်တွင် ဝမ်ရန်က ရှောင်ယိကို သူ့ဘသာသူ တစ်ယောက်တည်း ပြုစုစောင့်ရှောက်နေရပြီး သူက ဝမ်ရန် မပင်ပန်းစေရန် ဝမ်ရန်နှင့်ရှောင်ယိကို အမြန်ဆုံး ပြန်ခေါ်ဖို့ စဉ်းစားနေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက လုံလောက်သော လက်တွဲဖော်မဖြစ်နိုင်သေးဘဲ ဝမ်ရန်ကို အပြည့်အဝ အကာအကွယ် မပေးနိုင်သေးသလို သူ ခံစားနေရပြန်သည်။
ဝမ်ရန်ကတော့ သူ့အတွေးများကို မသိဘဲ ဆက်ပြောနေခဲ့သည်။
“ဆောင်းဦးရိတ်သိမ်းချိန်ပြီးရင် လာပါ့ပွဲတော်ရောက်တော့မှာ မဟုတ်လား? နှစ်တိုင်း လာပါ့ယာဂု လုပ်ပေမယ့် ကျွန်တော် သိပ်မသောက်ချင်ဘူး။ ဒါပေမယ့် ဒီနှစ်တော့ သောက်ချင်တယ်”
သူ အချိန်အတော်ကြာ စကားပြောနေခဲ့သော်လည်း ကျန်းကျိုးထံမှ တုံ့ပြန်မှု မရှိသောကြောင့် ဝမ်ရန်က သူ့လက်ထဲမှ သံဇွန်းကို ချလိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ ကျန်းကျိုးက တွေဝေနေပုံဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် သူလည်း မျက်မှောင်ကြုတ်သွားပြီး "ဘာဖြစ်နေတာလဲ?"
ထိုအချိန်အထိ ကျန်းကျိုးက ဘာမှ ပြန်မပြောသောကြောင့် ဝမ်ရန်က အနည်းငယ် စိတ်ပူသွားပြီး စမ်းကြည့်ရန် သူ့လက်ကို ကျန်းကျိုး၏နဖူးပေါ်သို့ တင်လိုက်သည်။
“ထူးဆန်းလိုက်တာ၊ အဖျားလည်း မရှိပါဘူး။ ခင်ဗျား အရမ်းပင်ပန်းနေလို့လား?"
မကြာသေးမီက သူက ကျန်းကျိုးရဲ့လတ်တလော လှုပ်ရှားမှုတွေအကြောင်း မေးမြန်းခဲ့ပြီး ကျန်းကျိုးရဲ့ကျန်းမာရေးအတွက် သူ အမှန်တကယ် စိုးရိမ်နေမိတယ်။ သူ တော်တော်များများ သိလိုက်ရတာကြောင့် ကျန်းကျိုး အရမ်းပင်ပန်းနေတာကိုလည်း သဘာဝကျကျ သိနိုင်ခဲ့တယ်။ ကျန်းကျိုးက မုန့်လုပ်ဖို့ မနက်စောစော အိပ်ရာထရပြီး ရောင်းချဖို့ ဈေးကို သယ်သွားရတယ်။ စျေးရောင်းပြီးရင်လည်း နောက်နေ့အတွက် ပြင်ဆင်ရင်း တနေ့လုံးအလုပ်လုပ်ရပြီး နောက်ကျမှ အိပ်ယာဝင်ရတယ်။
သူ့ခင်ပွန်း ကျန်းကျိုးက ပြန်ရောက်လာတာကို အတည်ပြုပြီးတဲ့ နောက်မှာ ကျန်းကျိုး ဘာလို့ ဒီလောက် အလုပ်တွေ အများကြီး လုပ်နေတာလဲဆိုတာကိုလည်း သူ နားလည်သွားခဲ့တယ်။ ကျန်းကျိုးက သူ့ကို မပြောပြခဲ့ပေမယ့် ကျန်းကျိုးက သ့အတွက် ပိုက်ဆံရှာဖို့ စိတ်အားထက်သန်နေတာကို သူ သိတယ်။ ဒါပေမယ့် ကျန်းကျိုးက သူ့ရဲ့ကျန်းမာရေးကို ဂရုမစိုက်တာကိုတော့ သူ နည်းနည်းငယ် စိုးရိမ်နေမိသေးတယ်။
ဝမ်ရန်က သူ့၏နွေးထွေးသော လက်ဖဝါးကို ကျန်းကျိုး၏နဖူးပေါ်သို့ တင်လိုက်သည့်အပြင် ကျန်းကျိုး၏ အခြေအနေကို ကြည့်ရန် ကျန်းကျိုးအနီးသို့ တိုးကပ်သွားလိုက်သေးသည်။ သူ မျှော်လင့်ထားသည့်အတိုင်း ကျန်းကျိုး၏မျက်လုံးများ သွေးနီရောင်သန်းနေသည်ကို သူ မြင်လိုက်ရပြီး မနေနိုင်ဘဲ ထပ်မေးလိုက်မိသည်။
“ခင်ဗျား ကောင်းကောင်း မအိပ်ရသေးဘူးလား?"
“မအိပ်ရဘူး၊ ကိုယ် နေ့တိုင်း အလုပ်ရှုပ်နေတာ။ ညသန်းခေါင်အထိ မအိပ်ရသေးဘဲ မိုးမလင်းခင် အပြင်ထွက်ရတယ်”
ကျန်းကျိုးက ဝမ်ရန် စိတ်သဘောထားပျော့ပျောင်းကြောင်း သိနေသောကြောင့် သူ့အခြေအနေက ပိုခက်ခဲနေသလိုမျိုး ချဲ့ကားပြောဆိုနေခဲ့သည်။ သို့သော်လည်း သူ ပြောသောနေသည့်စကားအများစုက အမှန်သာ ဖြစ်ပြီး သူ လိမ်လည်နေခြင်း မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် သူက ဝမ်ရန်ကို စနောက်ရန် တွေးလိုက်ပြီး "အဓိကကတော့ ကိုယ် ညဘက်တွေ ကောင်းကောင်းမအိပ်နိုင်ဘဲ မင်းအကြောင်းပဲ ဆက်တိုက် တွေးနေမိတယ်"
သူ မျှော်လင့်ထားသည့်အတိုင်း ဝမ်ရန်၏မျက်နှာလေးက တဖြည်းဖြည် နီရဲလာသည်။ ဝမ်ရန်က မူလအတည်းက အရေပါးသူ ဖြစ်ပြီး ကျန်းကျိုးက သူ့ကို ထပ်ခါ ထပ်ခါ စနောက်နေသောကြောင့် သူ အနည်းငယ် ရှက်သွားတော့သည်။
သူက ကျန်းကျိုး၏နဖူးကို သူ့လက်ဖြင့် ခပ်ဖွဖွ တောက်လိုက်ပြီး တစ်ချိန်တည်းမှာ ယုံကြည်မှုအပြည့်ဖြင့် "ကျွန်တော်တို့ ငယ်ငယ်တုန်းက ခင်ဗျား ကျွန်တော့်ကို ဒီလို အမြဲတောက်ခဲ့ဖူးတယ်။ အခုနောက်ဆုံး ကျွန်တော် ခင်ဗျားကို ပြန်တောက်နိုင်သွားပြီ!"
သူ့ပါးပြင်နှစ်ဖက်က အနည်းငယ် နီရဲနေသော်လည်း ဝမ်ရန်၏အမူအရာက သူ့လုပ်ရပ်အပေါ် အနည်းငယ် အောင်ပွဲခံနေပုံရသည်။ သူက သူ့ လက်ချောင်းလေးများကို ခါယမ်းပြကာ ပြုံးနေခဲ့သော်လည်း ထိုအပြုံးတွင် သိမ်မွေ့မှု၊ ဣန္ဒြေရှိမှုနှင့် ရှက်ရွံ့မှုအနည်းငယ်ပါရှိနေသောကြောင့် ကျန်းကျိုး သူ့ကို ပိုချစ်မိသွားစေရန် ပြုစားနေပြန်သည်။
ထို့အပြင် ဝမ်ရန်က သူ့တို့၏ငယ်ဘဝအကြောင်းကို သူ့ဘက်မှ စပြောလာသောကြောင့် ဆိုလိုသည်မှာ သူ ပြန်ရောက်နေပြီကို ဝမ်ရန် သိသွားပြီဟု ပြောနေခြင်းပင်။
ကျန်းကျိုး၏မျက်လုံးများက တောက်ပလာပြီး သူက ရုတ်တရက် ထရပ်လိုက်ကာ ဝမ်ရန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး ပွေ့ဖက်ထားလိုက်သည်။
ဝမ်ရန် လန့်သွားပြီး သူ့ ရင်ဖက်ကို ထုနှက်လိုက်ကာ "ခင်ဗျား ဘာလုပ်တာလဲ?!"
ကျန်းကျိုးက ဝမ်ရန်၏ပခုံးကပေါ်သို့ မှီချလိုက်ပြီး သူ့မျက်နှာကို ဝမ်ရန်၏လည်ပင်းတွင် ဖိထားပြီးမှ ရုတ်တရက် ပြုံးလိုက်ပြီး တိုးတိုးလေး ခေါ်လိုက်သည်။
"အားရန်"
ဝမ်ရန်လည်း လန့်သွားခဲ့သည်။ ကျန်းကျိုး ရှူထုတ်လိုက်သည့် လေပူများကြောင့် သူ တုန်လှုပ်သွားသည့်တိုင် ဝမ်ရန်က လုံးဝ မလှုပ်ရှားရဲတော့ပေ။ ကျန်းကျိုးက သူ့ကို ခေါ်လိုက်ချိန်တွင် ဝမ်ရန်က “အာ”ဟု တိုးတိုးလေးသာ ပြန်ထူးနိုင်ခဲ့သည်။
ကျန်းကျိုးက ဝမ်ရန်ကို အကြာကြီး ပွေ့ဖက်ထားပြီး သူ့ဘာသာ ပြုံးနေပြန်ကာ "မင်းရဲ့အဝတ်အစားတွေက ကိုယ်ကြောင့် စိုသွားပြီ"
ဝမ်ရန်က ကျန်းကျိုးဆီမှ ပွေ့ဖက်ခံထားရပြီး အခြေအနေအတိအကျကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ထို့ကြောင့် သူက သူ့အဝတ်အစားများကို ပြန်ကြည့်ရန် သူ့လည်ပင်းလေးကို စောင်းငဲ့လိုက်သည်။ သို့သော် ထို အပြုအမူက သူနှင့် ကျန်းကျိုးကို ပိုနီးကပ်သွားစေပြီး သူ့လည်ပင်းကို ယားယံသွားစေခဲ့သည်။ ဝမ်ရန်က သူ့ကိုယ်သူ သတိမမူမိဘဲ ကျန်းကျိုး၏လက်နှစ်ဖက်ထဲသို့ ပိုကျုံ့ဝင်လိုက်မိသည်။
ကျန်းကျိုးက နောက်ထပ် ပြသနာ ထပ်မရှာရဲတော့ပဲ ဝမ်ရန်ကို ညင်ညင်သာသာ နှစ်သိမ့်ပေးလိုက်ပြီး သူ့မျက်နှာကို ပြန်တည်လိုက်ကာ "လိမ်မာတယ်၊ မင်း အဝတ်အစားတွေက ဘာမှ မဖြစ်ဘူး၊ ကိုယ် မင်းကို စနောက်နေတာ"
သူက ခြောက်သွေ့နေသည့် လက်ဖြင့် ဝမ်ရန်၏မျက်နှာလေးကို ဖိညှစ်လိုက်သည်။ သူ့လက်များက ခြောက်သွေ့နေသောကြောင့် ဝမ်ရန်၏အဝတ်များက စိုစွတ်သွားစရာ အကြောင်းမရှိပေ။
သူ ထိုလှည့်ကွက်ကို ဘယ်နှစ်ကြိမ်သုံးခဲ့မှန်း မသိနိုင်တော့သော်လည်း ဝမ်ရန်က အမြဲ လှည့်စားခံရပြီး သူကို ဒေါသတကြီး စိုက်ကြည့်နေလေ့ရှိသည်။
ယခုတကြိမ်တွင်လည်း ခြွင်းချက်မဟုတ်ပေ။ သူ့အဝတ်အစားများ အဆင်ပြေနေသေးကြောင်း ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် ဝမ်ရန်က သူ့ကို ဒေါသတကြီး စိုက်ကြည့်ရင်း “အသားတွေ တူးကုန်တော့မယ်”
ကျန်းကျိုးက သူ့ခေါင်းကိုသူ ပြန်ပုတ်လိုက်သည်။
သူကတော့ ပေါက်ကရတွေ လုပ်မိပြီး အချိန်တွေ အများကြီး ဖြုန်းမိသွားပြန်ပြီ၊ အရာအားလုံးက အဆင်သင့် မဖြစ်သေးဘူး။
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟