no

Font
Theme

အခန်း ၂၂ ကွမ်တုန်းကျူ

သူ လုပ်ချင်သည့်အရာက တခြားမဟုတ်ဘဲ ကွမ်တုန်းကျူ (Oden) သာ ဖြစ်သည်။

အချိန်ခရီးသွား၏ မှတ်ဥာဏ်များကို သူ ရှာဖွေကြည့်ခဲ့ပြီး ထိုအရာကို အစောကြီးကတည်းက ရှာတွေ့ထားခဲ့ခြင်း ဖြစ်သည်။ အချိန်ခရီးသွားက သူကိုယ်တိုင် ထိုအရာကို စားခဲ့ဖူးရုံသာမကာ သူ ဖတ်ခဲ့သည့် စာအုပ်များထဲတွင် ထိုစားစရာ၏ရုပ်ပုံများကို မြင်ဖူးခဲ့သည်။ ထို့အပြင် အခြားသူများ စားသောက်နေသည့် ပုံရိပ်များကိုလည်း သူ မြင်ခဲ့ရသည်။

ချမ်းအေးပြီး လေထန်တဲ့ ဆောင်းညတစ်ညမှာ သူလက်ထဲမှာ အငွေ့တစ်ထောင်းထောင်းထနေတဲ့ခွက်တစ်ခွက်ကို ကိုင်ထားတယ်။ အဲဒါက ကွမ်တုန်းကျူတဲ့၊ ဘယ်လောက်တောင် ဆွဲမက်ဖို့ကောင်းတဲ့စားစရာလဲ?

ဆောင်းဦးရာသီ ရိတ်သိမ်းပွဲတော်၏ ပွဲဈေးတွင် သူ ဆိုင်အနောက်တွင် ရပ်နေပြီး အဝတ်ထူထူများ ဝတ်ဆင်ကာ အေးစက်သောလေကို ရှူရှိုက်ရင်း သွားလာနေသူများကို သတိပြုမိခဲ့သည်။ ထိုအချိန်တည်းက ဤစားစရာကို ဖန်တီးသင့်သည်ဟု သူ တွေးထားခဲ့သည်။ ပထမအချက်မှာ သူ ငွေရှာဖြစ်ပြီး ဒုတိယအချက်မှာ မြို့တွင်းရှိလူများ ဆောင်းရာသီတွင် နွေးနွေးထွေးထွေး စားစရာတစ်ခု စားနိုင်ပြီး အအေးသက်သာစေရန် ဖြစ်သည်။

သို့သော် သူ သေသေချာချာ ပြန်တွေးကြည့်လိုက်ချိန်တွင် ကွမ်တုန်းကျူအတွက် စွပ်ပြုတ်ရည်က ပင်လယ်ငါးအသားလွှာခြောက်နှင့် ပင်လယ်ရေမှော်ကို အခြေခံကာ ပြုလုပ်ထားပုံရသည်။ သူတို့၏ခေတ်တွင် ဤပါဝင်ပစ္စည်းများ မရှိသောကြောင့် ကျန်းကျိုးက အခြားရွေးချယ်စရာများကို စဉ်းစားရတော့သည်။

သူ့၏ရွေးချယ်မှုက အရိုးပြုတ်ရည်နှင့် ငါးဟင်းချိုဖြစ်သည်။

အရိုးစွပ်ပြုတ်က ပေါ့ပါးပြီး အသားမပါသောအရိုးကြီးများက အဆီပြန်ခြင်း မရှိပေ။ သူက ရိုးတွင်းခြင်ဆီမှ အာဟာရကို လိုချင်ခြင်း ဖြစ်သည်။ ငါးက ဟင်းရည်ကို ပျစ်စေကာ နို့ရောင်သန်းစေပြီး ကောင်းမွန်သည့်အရသာကိုလည်း ပေးစွမ်းနိုင်သည်။ ထို့ကြောင့် သူက အသားလွှာထားသော ငါးအရိုးများနှင့် အရိုးကြီးများကို အတူတူ ပြုတ်ထားခဲ့ခြင်း ဖြစ်သည်။ ငါးအသားများ မပါဝင်သောကြောင့် ဟင်းရည်က အလွန်နှောက်ကျိမနေဘဲ မူရင်း ကွမ်တုန်းကျူ (Oden) ဟင်းရည်နှင့် အတော်လေး ဆင်တူသည်။

ကွမ်တုန်းကျူ၏အရသာက စွပ်ပြုတ်ရည်ပေါ်တွင် အဓိကမူတည်သည်။ ကျန်းကျိုး၏ ဟင်းရည်က မူရင်း ကွမ်တုန်းကျူစွပ်ပြုတ်ရည် မဟုတ်ဘဲ ပါဝင်ပစ္စည်းအမျိုးမျိုးကို ပြောင်းထည့်ထားခဲ့သည်။ သူ ၎င်းကို မြည်းစမ်းကြည့်လိုက်ရာ အနည်းငယ် ချိုမြိန်ပြီး မူရင်းအရသာနှင့် သိသိသာသာ ကွဲပြားနေခြင်း မရှိကြောင်း သူ သိလိုက်ရသည်။

သို့သော် သူ့အကြိုက်က အခြားသူများနှင့် မတူသည်ကို သူ အမြဲခံစားမိသောကြောင့် ဝမ်ရန်ကို မြည်းစမ်းခိုင်းရန် ခေါ်လိုက်ရသည်။

ဝမ်ရန်က အရသာခံစားလွယ်သော လျှာရှိပြီး ဟင်းချက်ကျွမ်းကျင်ကာ မကြာခဏ ဟင်းချက်နေသူလည်း ဖြစ်သည်။ သူက ဇွန်းတစ်ချောင်းကို ယူကာ အနည်းငယ် မြည်းစမ်းကြည့်ရုံဖြင့် လိုအပ်နေသည့်နေရာကို သိသွားပုံရသည်။

“တစ်ခုခုတော့ လိုနေသလိုပဲ။ ပေါ့ပျက်ပျက်နဲ့”

ကျန်းကျိုးက သေသေချာချာ ထပ်တွေးလိုက်ပြီး သူ စမုန်နက်နှင့် ငရုတ်ကောင်း မထည့်ရသေးကြောင်း မှတ်မိသွားခဲ့သည်။ ထို့နောက် ယခုဟင်းရည်က သူ့မှတ်ဉာဏ်ထဲမှဟင်းရည်နှင့် အနည်းငယ် ကွဲပြားနေသလို သူ ခံစားရသောကြောင့် သူ ဝယ်လာသည့် ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ရာ ပုံထားသည့် ပါဝင်ပစ္စည်းများပင် တော်တော်လေးကို ရှုပ်ပွသွားခဲ့သည်။

ဝမ်ရန်၏စူးရှသော မျက်လုံးများက ဟင်းသီးဟင်းရွက် နှစ်ခုကြားတွင် ညှပ်နေသည့် ငါးဆားနယ်ခြောက် တစ်ပိုင်းကို သတိပြုမိသွားပြီး "ဒါက ဘာလဲ?"

အခြားပါဝင်ပစ္စည်းများအားလုံးက လတ်ဆတ်နေပြီး ထိုတစ်ခုသာ ဆားသိပ်ပြီး အခြောက်ခံထားသောကြောင့် ဝမ်ရန်က ထိုငါးခြောက်ပိုင်းကို ကောက်ကိုင်လိုက်ပြီး ကျန်းကျိုးကို လှမ်းမေးလိုက်သည်။

"ဒါကို ခင်ဗျား ဘယ်နေရာမှာ သုံးမှာလဲ?"

ကျန်းကျိုးက ခေါင်းကုတ်လိုက် နှာခေါင်းကိုင်လိုက် လုပ်နေကာ "အဲဒါ ဟုတ်ပြီ၊ ကိုယ် မေ့နေတာ အဲ့ဒါ"

ကျန်းကျိုးက သူ ဝယ်လာသည့် အခြားဟင်းခတ်အမွှေးအကြိုင်များအားလုံးကို အမှုန့်ဖြစ်အောင် ထောင်းကာ ရောမွှေထားခဲ့သည်။ သို့သော် သူ ပင်လယ်ငါး အသားလွှာခြောက်ကို ရှာမတွေ့ခဲ့သောကြောင့် သူတို့ ခေတ်တွင် ရှိနေသည့် ငါးဆားနယ်ခြောက်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

ငါးဆားနယ်ခြောက်ကို သုံးရမည့်ပမာဏ အတိအကျ မသိသေးသောကြောင့် သူ ချက်ခြင်း မထည့်ရဲသေးပေ။ ထိုအစား သူက ပမာဏအနည်းငယ်ကို ဖဲ့ယူကာ အမှုန့်ဖြစ်အောင် ထောင်းပြီး နည်းနည်းစီ ထည့်ပြီးမှ ဝမ်ရန်ကို မြည်းစမ်းခိုင်းကာ ဖြည်းဖြည်းချင်း ထပ်ထည့်လိုက်သည်။

ဝမ်ရန်က သစ်သီးသကြားလုံးများ စားထားခဲ့ပြီး ချိုမြိန်သောအရသာက သူ့ပါးစပ်ထဲတွင် စွဲကျန်နေသေးသည်။ ယခု ကျန်းကျိုးက သူ့ကို ဟင်းရည်မြည်းစမ်းခိုင်းရန် လှည့်စားနေသောကြောင့် သူက ချက်ချင်း နှာခေါင်းရှုံ့ကာ ငြင်းပယ်လိုက်ပြီး "အချိုတွေ စားထားတာ။ ဒီဟင်းရည် မသောက်ချင်တော့ဘူး"

ငါးဆားနယ်ခြောက်ကို အခြေခံထားတဲ့ ဟင်းရည်... ဒါက ဝမ်ရန်အကြိုက် မဟုတ်တာ အသိသာကြီးလေ။

ကျန်းကျိုးက ထိုအမူအရာကို အလွန်ရင်းနှီးနေခဲ့သည်။

အရင်တုန်းက ဝမ်ရန် ဆေးသောက်ရင်လည်း ဒီလိုပဲ လုပ်တတ်တယ်။ သူ့ပါးစပ်က ခါးတယ် ဒါမှမဟုတ် ခေါင်းမူးပြီး ငိုက်မျဉ်းစေတယ်ဆိုတဲ့ အကြောင်းပြချက်မျိုးစုံ ထွက်လာလိမ့်မယ်။ ဝမ်ရန်က ဆေးမသောက်ရဖို့ အကြောင်းပြချက်တွေကို အမြဲရှာနိုင်ခဲ့တယ်။

သို့သော်လည်း သူကိုယ်တိုင် မမြည်းစမ်းနိုင်သည့်အတွက် ကျန်းကျိုးက ဝမ်ရန်ကို အသနားခံလိုက်သည်။

“အားရန် ကျေးဇူးပြုပြီး မြည်းကြည့်ပေးပါ....”

ဝမ်ရန်က သူ့မျက်လုံးလေးများကို စုံမှိတ်ကာ နောက်ထပ် ဟင်းရည်တစ်ဇွန်းကို မကျေမနပ် မျိုချလိုက်သည်။

"အရသာ ဘယ်လိုနေလဲ?"

ဝမ်ရန်က သူ့နှုတ်ခမ်းလေးများကို သပ်လိုက်ပြီး နောက်တစ်ဇွန်း ထပ်သောက်လိုက်သည်။ ထို့နောက် သူ့မျက်လုံးလေးများက တောက်ပလာပြီး “ငါးဆားနယ်ခြောက်ရဲ့ အရသာ မရှိတော့ဘူး။ အရာသာက လန်းဆန်းစေတယ်၊ အငန်နဲ့ ပေါ့ပါးတဲ့ အရသာတွေ ရောစပ်နေတယ်"

ဝမ်ရန်ဆီမှ ထောက်ခံချက်ကောင်းကောင်းကို ကြားလိုက်ရသောကြောင့် ကျန်းကျိုးက စိတ်သက်သာရာရသွားပြီး "ကိုယ် မင်းကို နောက်ပြောင်နေတာ မဟုတ်ပါဘူး။ အခု အခြေခံဟင်းရည် အဆင်သင့်ဖြစ်ပြီဆိုတော့ ပါဝင်ပစ္စည်းတွေကို ထည့်လို့ရပြီ”

ကျန်းကျိုးက အိုးအသစ်တစ်လုံး ယူကာ အခွံခွာထားသော မုန်လာဥဖြူများကို ထည့်လိုက်သည်။ ထို့နောက် စဥ်းကောထားသည့် အသားများကို တို့ဟူးခြောက် ဖက်ရွက်ထဲသို့ ထည့်ကာ ကံကောင်းစေသော ငွေအိတ်ပုံစံများ ပြုလုပ်လိုက်ပြီး ကြက်သွန်မြတ်နှင့် ချည်ထားလိုက်သည်။ ထိုအသားထုပ်က သူ အစမ်းလုပ်ခြင်းသာ ဖြစ်ပြီး အမျာကြီး မထုပ်ခဲ့ပေ။ ငါးနှင့် ဝက်သားကို ရောပြီး ငါးအသားလုံး အနည်းငယ်ကိုလည်း ပြုလုပ်ကာ ထိုအသားလုံးများကို ဝါးတုတ်ချောင်းလေးများ ထိုးထားလိုက်သည်။

ထိုအစားအစာများကို အသစ်ပြင်ဆင်ထားသော အိုးဖြင့် ခဏလောက် ပြုတ်ထားပြီးမှ အခြေခံဟင်းချိုထဲသို့ ပြောင်းထည့်လိုက်သည်။

ဝမ်ရန်က ဟင်းရည်၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီး စားစရာများ အဆင်သင့်ဖြစ်မည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေရင်း "ဒီအိုးကို မြို့ထဲ ယူသွားဖို့ အဆင်မပြေဘူးမလား?"

မြို့တွင်းရှိ ဈေးများတွင် မီးမွေးခြင်းကို တားမြစ်ထားခြင်း မရှိသော်လည်း စျေးသည်များက မီးခိုးများကို ရှောင်ချင်သောကြောင့် မီးမွှေးလေ့ မရှိကြပေ။ ဤဟင်းလျာကို ရောင်းချရာတွင် ထင်းအများအပြား လိုအပ်ပြီး မီးခိုးငွေ့များ ထွက်လာနိုင်သည်။

ကျန်းကျိုးက ဝမ်ရန်ထံသို့ ငါးအသားလုံးတစ်လုံးကို လှမ်းပေးလိုက်ပြီး “စိတ်မပူပါနဲ့၊ ကိုယ် စီစဉ်ထားပြီးပါပြီ။ ပြဿနာဖြစ်မှာ မဟုတ်ဘူး”

သူက ဤကိစ္စကို ကြိုတင်စဉ်းစားထားခဲ့ပြီး အထူးအိုးများကို ရှာဖွေခဲ့သည်။ ရှာမတွေ့သောကြောင့် နောက်ဆုံးတွင် အထူးအိုးများ ပြုလုပ်ပေးသည့် မြို့ထဲမှ ပန်းဖဲဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့သည်။ ထိုအိုးက ပြုလုပ်ရန် ခက်ခဲသောကြောင့် ပန်းပဲဆရာက သူ့ကို ဆယ်ရက် အချိန်စောင့်ခိုင်းခဲ့ပြီး မနက်ဖြန်တွင် ပစ္စည်းသွားယူနိုင်တော့မည် ဖြစ်သည်။

ဝမ်ရန်က ငါးအသားလုံးကို ကိုက်ကြည့်လိုက်သည်။ ငါးအသားက နူးညံ့ပြီး ထိုငါးအသားလုံးများ နူးညံ့ပျော့ပျောင်းစေရန် ကျန်းကျိုးက အာလူးမှုန့်များ ထည့်ထားခဲ့သည်။ ငါးနှင့် ဝက်သားအရောအနှောကလည်း နှံစပ်ပြီး အရသာရှိလွန်းလှသည်။

ကျန်းကျိုးက ကွမ်တုန်းကျူနှင့်တွဲစားရန် ဟင်းခတ်အနှစ်အိုးသေးသေးလေးများကို အရင်နှစ်ရက်ကတည်းက ပြင်ဆင်ထားခဲ့သည်။

သူတို့ ဒေသတွင် နေရာအများစုက ရေများ ဖုံးလွှမ်းနေပြီး ရာသီဥတုကလည်း စိုစွတ်သောကြောင့် သူတို့ဒေသရှိ လူများက သူတို့၏ခန္ဓာကိုယ်ကို နွေးထွေးစေနိုင်သည့် အစားအစာများကို နှစ်သက်ကြသည်။

ငရုတ်သီးအနှစ်ကို မရှာနိုင်ခဲ့သော်လည်း အခြားအကောင်းဆုံးရွေးချယ်စရာအဖြစ် မှိုအနှစ်ကို ပြုလုပ်နိုင်ခဲ့သည်။ သူက မြေပဲ၊ ဝက်သားနှင့် ဆောင်းမျှစ်တို့ကို ပါးပါးလှီးဖြတ်ပြီး ကြာကြာအထားခံရန် ဆီဖြင့် ကြော်ကာ ထိုအနှစ်ထဲသို့ ထည့်ထားခဲ့သည်။

တခြားသူများ သဘောကျ မကျ မသိနိုင်သေည်လည်း ဝမ်ရန်ကတော့ အလွန် နှစ်သက်နေပုံရသည်။ ကျန်းကျိုး ထုတ်ယူပေးလိုက်သည့် မှိုအနှစ်ပန်းကန်သေးသေးလေးကို ဝမ်ရန်က ပြောင်နေအောင် စားလိုက်ပြီး ဘာမှ မကျန်တော့ပေ။

ရာသီဥတုက တဖြေးဖြေး ပိုအေးလာသော်လည်း ဝမ်ရန်နှင့် ကျန်းကျိုးတို့က အမိုးအကာ မရှိသော ခြံဝင်းထဲတွင် ထိုင်ကာ ကွမ်တုန်းကျူကို အရသာခံနေကြသည်။ ယခုလတွင် အအေးဓာတ်က ပြင်းထန်နေပြီ ဖြစ်သော်လည်း နှစ်ယောက်သား အအေးဒဏ်ကို လုံးဝမခံစားရပေ။

အစပိုင်းတွင် ကျန်းကျိုး ဗိုက်ဆာနေခြင်း မရှိသော်လည်း ဝမ်ရန်နှင့်အတူ စားချင်သောကြောင့် အနည်းငယ် စားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် စားရင်းဖြင့် သူ ချွေးများပင် ထွက်လာခဲ့သည်။ အကယ်၍ ဝမ်ရန်က ရုတ်တရက် အပူချိန်ပြောင်းလဲမှုက လူကို ဖျားနာစေနိုင်သည်ဟု မပြောခဲ့ပါက သူ့အဝတ်အစားများကို ချွတ်ပြီးနေလောက်ပြီ ဖြစ်သည်။

ဝမ်ရန်ကလည်း ထူထဲသောအဝတ်အစားကို ၀တ်ဆင်ထားခဲ့သည်။ သို့သော် သူက ကျေကျေနပ်နပ် စားနေခဲ့ပြီး သူ့ပါးပြင်လေးများက အပူဒဏ်ကြောင့် နီရဲလာကာ သူ့နဖူးတွင် ချွေးများ ထွက်နေသည့်တိုင် သူက အရသာရှိသော အစားအစာများကို အားပါးတရ စားနေပြီး လက်မလွှတ်နိုင်ဖြစ်နေခဲ့သည်။

အသားအမျိုးအစားအားလုံးနှင့် နှိုင်းယှဉ်ပါက ဟင်းချိုတွင် စိမ်ထားသော မုန်လာဥဖြူကို သူ ပိုနှစ်သက်ကြောင်း သိသာနေသည်။

ဝမ်ရန်က မုန်လာဥကို မကြိုက်ပေ။ သူက မုန်လာဥ မစားချင်သောကြောင့် မကြာခဏ ညည်းညူတတ်သည်။ ကျန်းကျိုးက ဝက်နံရိုးနှင့် မုန်လာဥစွပ်ပြုတ် ချက်ခဲ့ဖူးသော်လည်း ဝမ်ရန်က မုန်လာဥများကို လုံးဝ မထိခဲ့ပေ။ သို့သော် ယနေ့တွင် မုန်လာဥက ဟင်းရည်၏အနှစ်သာရများကို စုပ်ယူလိုက်သောကြောင့် မုန်လာဥက ထူးထူးခြားခြား အရသာရှိနေသလို သူ ခံစားမိသွားခဲ့သည်။ သူ့လျှာကို ကိုက်မိလုမတတ် အလွန်ကောင်းသည်ဟု ဝမ်ရန် တွေးနေခဲ့သည်။

နောက်ဆုံးတွင် ကျန်းကျိုးက အလားအလာရှိသည့် ကြက်ဥမှုန့်လုပ်ငန်းကို စွန့်လွှတ်ပြီး ဤလုပ်ငန်းကို ပြောင်းရန် အဘယ်ကြောင့် သတ္တိရှိနေသည်ကို သူ ရုတ်တရက် နားလည်သွားခဲ့သည်။

လူတိုင်းက ဒီလိုမျှော်လင့်ချက်ရှိတဲ့ အနာဂတ်ကို စွန့်လွှတ်ဖို့ ဆန္ဒမရှိကြဘူးလေ။

ကျန်းကျိုး၏အမြင်နှင့် ရဲစွမ်းသတ္တိက ဝမ်ရန်၏နှလုံးသားထဲသို့ ချိုမြိန်မှုတစ်ခုနှင့် ဂုဏ်ယူမှုတစ်ခု တိတ်တဆိတ်ဝင်‌ရောက်လာစေခဲ့သည်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment