အခန်း ၅ ဇနီးလေးနဲ့ တွေ့ခဲ့တယ်
လီယွဲ့လော်က ဝမ်ယွမ်ရှင်းကို ကြောင်တက်တက် ကြည့်နေပြီးမှ အမြန်ထရပ်ကာ အိမ်ထဲသို့ အမြန်လျှောက်သွားလိုက်ပြီး "ဒီကို ဘယ်သူမှ မလာပါဘူး၊ ဘာလို့ နိုးနေတာလဲ?"
ဝမ်ရန်၏အိမ်ခန်းက သေးငယ်သော အခန်းမဟုတ်ဘဲ အလယ်တွင် မသေမျိုးရှစ်ပါးစားပွဲတစ်လုံး ရှိပြီး ထိုစားပွဲပေါ်တွင် ဝါးခြင်းတောင်းတစ်ခု တင်ထားသည်။ ဝမ်ရန်က စားပွဲဘေးတွင် ရပ်နေပြီး "ကျွန်တော်က အအိပ်ဆတ်တယ်လေ၊ ရှောင်ယိက အရမ်းဆူညံနေတော့ ကျွန်တော်သူ့ကို ပြန်ချော့ပြီး သိပ်ထားတာ။ ပြီးတော့ ပြန်အိပ်မပျော်တာနဲ့ ပန်းနည်းနည်းပါးပါး ထိုးမလို့ ပြင်နေတာပါ”
(T/N : မသေမျိုးရှစ်ပါးစားပွဲဆိုတာက ဘေးဘက်မှာ ခုံတန်းရှည်လေးခုပါပြီး လူရှစ်ယောက် ထိုင်နိုင်တဲ့ လေးထောင့်စားပွဲပါ။ တရုတ်ဒဏ္ဍာရီပုံပြင်တစ်ခုကို အစွဲပြုပြီး အဲ့လိုနာမည်ပေးထားတာပါ၊ ကောင်းမွန်တဲ့ စွမ်းအားတွေနဲ့ စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုပြီး ကံကောင်းခြင်း၏ သင်္ကေတအဖြစ် ယုံကြည်ကြပါတယ်)
သူက ခဏလောက် တုံ့ဆိုင်းနေပြီးမှ ကုတင်ပေါ်တွင် လဲလျောင်းနေသော ကလေးလေးကို ကြည့်လိုက်ပြီး ထပ်မေးလိုက်သည်။ "ကျန်းကျိုး ဒီကို ရောက်လာတာလား?"
လီယွဲ့လော်၏ မျက်လုံးများက နီရဲလာသည်။
ဝမ်ရန် ပြန်ရောက်တဲ့နေကြစပြီး သူမတို့က ဝမ်ရန်ရဲ့စိတ်ခံစားချက်ကို လှုံ့ဆော်ပေးသလို ဖြစ်သွားမှာကို စိုးရိမ်တာကြောင့် ဝမ်ရန်ရှေ့မှာ ကျန်းကျိုးရဲ့နာမည်ကိုတောင် တစ်ခါမှ မပြောခဲ့ကြဘူး။ အခုတော့ အဲ့ဒီခွေးကောင်က ဒီကို ရောက်လာပြီ။
ဝမ်ရန်က ညှိုးငယ်သောမျက်နှာလေးဖြင့် သူမ လှမ်းကြည့်လိုက်သောကြောင့် လီယွဲ့လော်က ကျန်းကျိုးကို အရေခွံခွာချင်နေပြီ ဖြစ်သည်။
သို့သော်လည်း သူမက အကြောင်းအရာကို သေသေချာချာ မသိသောကြောင့် ဝမ်ရန် စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်ကာ တုံ့ဆိုင်းနေခဲ့သည်။
အမှန်တကယ်တွင် ဝမ်ရန်က အပြင်တွင် ရှိနေသည့်သူက သူ့ယောက်ျား ဟုတ် မဟုတ် တွေးနေခြင်း ဖြစ်သည်။
ကျန်းကျိုး လှည်းပေါ်ကနေ ပြုတ်ကျပြီး အိမ်ကို ပြန်သယ်လာတဲ့နေ့ကို သူ မှတ်မိနေသေးတယ်။ သူ တစ်ညလုံး ကြောက်လန့်တကြားနဲ့ ကျန်းကျိုးကို ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ တစ်ခုခုမှားနေပြီဆိုတာ သူ ချက်ချင်း သိလိုက်ရတယ်။ ပုံမှန်ဆိုရင် ကျန်းကျိုးက တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ နာကျင်ကိုက်ခဲမှုတွေ သက်သာစေဖို့အတွက် ညစာမစားခင်မှာ သူ့ခြေထောက်တွေကို ခဏလောက်ဖြစ်ဖြစ် ရေနွေးစိမ်တက်တယ်။ ဒါပေမယ့် အဲ့နေ့က ပြန်သတိရလာတဲ့ ကျန်းကျိုးကတော့ ညစာမစားခင်အထိ ကုတင်ပေါ်မှာ လှဲလျောင်းနေခဲ့တယ်။ သူက ကျန်းကျိုး ဒဏ်ရာရလာလို့ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်နေတယ်လို့ တွေးလိုက်မိတဲ့အတွက် သူ့ယောကျာ်း သက်သာစေဖို့ သူ့ခန္ဓာကိုယ်ကို နှိပ်နယ်ပေးဖို့ ပြင်ဆင်ခဲ့တယ်။
ဒါပေမယ့် ကျန်းကျိုးက သူ့ကို ရှောင်သွားလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးထားမိဘူး။ အဲ့အချိန်မှာ ကျန်းကျိုးက လုံးဝ ကြောက်လန့်တကြားဖြစ်နေပြီး ရှောင်ထွက်သွားခဲ့တယ်။ သူ့မျက်လုံးတွေက ထူးဆန်းနေပြီး တစ်ခုခုကို ကာကွယ်နေပုံရသလို အဓိပ္ပါယ်မဲ့တဲ့ စကားတွေကိုလည်း ရေရွတ်နေသေးတယ်။ ခြေထောက်ရေစိမ်မယ့် ရေနွေးစည်ထဲကို ဘယ်ရီသီးရိုင်းတွေကို တည့်ရမယ် ဆိုလားပဲ။
အဲ့ကတည်းက သူ့စိတ်ထဲကို သံသယတွေ ဝင်လာခဲ့ပေမယ့် ဘာမှ မဖြစ်သလို သူ ဟန်ဆောင်နေလိုက်တယ်။ အဲ့အစား၊ သူက အဲ့တာတွေက သူ ထင်ယောင်ထင်မှား ဖြစ်နေတာ ဟုတ် မဟုတ် သိဖို့ နေ့တိုင်း စမ်းသပ်ခဲ့တယ်။
နောက်ပိုင်းတော့ ဒီ'ကျန်းကျိုး’ က သူ့ရဲ့ ‘ကျန်းကျိုး’ လုံးဝ မဟုတ်တာကို သူ သေချာသွားခဲ့တယ်။ သူတို့ရဲ့ နေထိုင်မှုအလေ့အထတွေက ကွဲပြားနေတဲ့အပြင် အမူအကျင့်တွေကလည်း မတူတော့ဘူး။ ဒီ ‘ကျန်းကျိုး’က သူ တစ်ခါမှ မကြားဖူးတဲ့ စကားတွေကို အမြဲလိုလို ပွစီပွစိ ပြောနေတက်ပြီး သာမန်အသိနဲ့ ရှင်းပြလို့ မရတဲ့ ထူးဆန်းတဲ့ အပြုအမူတွေ အများကြီး လုပ်တာကို သူ တွေ့ခဲ့ရတယ်။ ဒီ ‘ကျန်းကျိုး’က သူ့မျက်နှာကို ကိုင်ပြီး ဘယ်လှည့်လိုက် ညာလှည့်လိုက်နဲ့ ကြည့်နေတက်ပြီး သူ့မျက်နှာကို သူမမှတ်မိသလိုပုံစံနဲ့ သူ့မျက်နှာကို ပြန်ထိကြည့်နေတက်တယ်။
သူလည်း နည်းနည်း စိတ်ရှုပ်နေပြီ ဆိုပေမယ့် ဒါကို ဒီ ‘ကျန်းကျိုး’ သတိမထားမိအောင် ကြိုးစားပြီး တိတ်တိတ်ဆိတ်ဆိတ် ဆက်စောင့်ကြည့်နေခဲ့တယ်။ တစ်နေ့မှာတော့ 'ကျန်းကျိုး'က အနောက်ဘက်က တောင်ပေါ်မှာ တစ်ယောက်တည်း စကားတွေပြောနေတာကို သူ တွေ့လိုက်ရပြန်တယ်။ အဲ့နေရာက အရမ်းဝေးနေတော့ ဘာတွေ ပြောလဲတော့ သူလည်း မကြားရဘူး။ ဒါပေမယ့် 'ကျန်းကျိုး' အဲ့နေရာကနေ ထွက်သွားပြီးတဲ့နောက်မှာ 'ကျန်းကျိုး' ခုနထိုင်နေခဲ့တဲ့နေရာကို သူ သွားကြည့်ခဲ့တယ်။ အဲ့အောက်နားက ချုံပုတ်တွေအောက်မှာ မြေခွေးအသိုက်တစ်ခုရှိနေပြီး မြေခွေးတွေက သူ့ကိုမြင်တော့ အားလုံး ထွက်ပြေးသွားကြတယ်။
အဲ့အချိန်မှာ ကျန်းကျိုးရဲ့ခန္ဓာကိုယ်ကို မြေခွေးတစ်ကောင်က သိမ်းပိုက်လိုက်ပြီလို့ သူ စတွေးမိလာတယ်။
တစ်ခုတွေးမိတာနဲ့ နောက်တစ်ခုကို ဆက်တွေးမိတာကြောင့် သူ အသေးစိတ် အချက်အလက်တွေအားလုံးကို ပြန်တွေးကြည့်ခဲ့တယ်။ နောက်တော့ သူရဲ့မှန်းဆချက်အတွက် စစ်ဆေးမှုတစ်ခု သူ လုပ်ခဲ့တယ်။ သူရဲ့ ‘ကျန်းကျိုး’က ကြက်သားကို သိပ်မကြိုက်ပေမယ့် သူကတော့ ကြိုက်တယ်။ အဲ့တာကြောင့် သူတို့အိမ်က ထမင်းဝိုင်းမှာ ကြက်သား ပြတ်တောက်နေတာမျိုး သိပ်မရှိခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့ ‘ကျန်းကျိုး’က သူရဲ့တူတွေကို အဲ့ကြက်သားဆီသို့ ရွှေ့ခဲတယ်။ ရွှေ့ရင်တောင် အဲ့တာက သူ့ပန်ကန်ထဲကို ထည့်ပေးဖို့ပဲ။ ဒါပေမယ့် ဒီ ‘ကျန်းကျိုး’ ကတော့ ကြက်သားဟင်းကို အရမ်း ကြိုက်တယ်။ ကြက်က မြေခွေးတွေရဲ့အနှစ်သက်ဆုံး အစားအစာလို့ သူ ကြားဖူးတယ်။ ပြီးတော့ မှန်ထဲမှာ သူ့မျက်နှာကို ကြည့်နေတာကလည်း မြေခွေးနတ်ဆိုးတွေက သူတို့ရဲ့အသွင်အပြင်ကို အထူးဂရုစိုက်တာကြောင့် မဟုတ်ဘူးလား?
ဒါပေမယ့် သူ အဲဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောရဲခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ခန္ဓာကိုယ် သိမ်းပိုက်ခံရတဲ့ကိစ္စက ကောင်းတဲ့အရာ မဟုတ်ဘူးလေ။ အရမ်း တုန်လှုပ်စရာကောင်းတယ်၊ ပြီးတော့ သူက ဒီနတ်ဆိုးနဲ့ တစ်မိုးအောက်မှာ အတူနေထိုင်နေရတဲ့အပြင် သူ့မှာလည်း ကိုယ်ဝန် ရှိနေသေးတယ်။ မြေခွေးနတ်ဆိုးတွေက လူတွေကို ဒုက္ခပေးတက်ပြီး အထူးသဖြင့် ကလေးတွေရဲ့အနှစ်သာရကို စုပ်ယူနိုင်တယ်လို့ သူ ကြားဖူးတယ်။ အိမ်မှာ ရှိနေတဲ့ ဒီမြေခွေးနတ်ဆိုးက အခုအချိန်အထိ လူတွေကို အန္တရာယ်ပြုဖို့ ရည်ရွယ်ချက်ရှိပုံ မရပေမယ့် တစ်နေ့မှာ သူ့အစွယ်တွေ ပြလာမလားဆိုတာက သူလည်း အာမမခံနိုင်ဘူး။
ဒါပေမယ့် သူက သူ့ခင်ပွန်းကိုလည်း ထည့်တွေးရသေးတယ်။ တစ်နေ့ သူရဲ့ ‘ကျန်းကျိုး’ ပြန်ရောက်လာရင် ဘယ်လိုလုပ်ကြမလဲ? ဒီ ‘ကျန်းကျိုး’က မြေခွေးနတ်ဆိုး ပူးကပ်နေတယ်ဆိုတာ လူတိုင်းကို ပြောပြလိုက်ရင် သူ့ခင်ပွန်း အစစ်ဖြစ်တဲ့ ကျန်းကျိုး ပြန်ရောက်လာတဲ့အခါ သူ့ရဲ့ကျန်းကျိုး ဘာပဲလုပ်လုပ် လူတွေက အဲဒီအကြောင်းပြောပြီး သူ့ခင်ပွန်းကို အနိုင်ကျင့်ကြလိမ့်မယ်။ အဲ့တာကြောင့် သူက ဒီကိစ္စကို တိတ်တဆိတ် မျိုသိပ်ထားပြီး သူ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်မယ့် အခွင့်အရေးကို စောင့်နေခဲ့တယ်။
အဲ့နောက်မှတော့ ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းနဲ့ ပတ်သတ်ပြီး ဖြစ်ပျက်ခဲ့တာတွေက သူအတွက် အခွင့်အရေး ဖြစ်လာတယ်။ သူက အဲ့ 'ကျန်းကျိုး'ကို အကြီးအကျယ် ပြသနာရှာပြီး ဟန်ဆောင် ရန်လုပ်ခဲ့တယ်။ အဲ့ညမှာ သူ ပျဲရှန်ရွာကို ပြန်လာခဲ့တယ်။ မြေခွေးနတ်ဆိုးက သူ့ကို လိုက်ရှာဖို့ ဘယ်တုန်းကမှ ရောက်မလာခဲ့တာကြောင့် သူ အမြဲတမ်း ဝမ်းသာနေခဲ့မိတယ်။ ဒါပေမယ့် အခုတော့ ကျန်းကျိုးက ဒီကို ရောက်လာပြီ။
ဝမ်ရန်က ကုတင်ပေါ်တွင် တောင့်တောင့်ကြီးထိုင်နေပြီး သူ့၏လက်နှင့် ခြေများက အေးစက်လာခဲ့သည်။ ကုတင်ပေါ်တွင် အိပ်ပျော်နေသော ကလေးလေးကလည်း သူ့အဖေ၏ မသက်မသာမှုကို ခံစားနိုင်ပုံပေါ်ပြီး ငိုသံနှင့်အတူ နိုးလာခဲ့သည်။
ဝမ်ရန်က သူ့သားလေးအတွက် စိတ်မကောင်း ဖြစ်သွားပြီး ကလေးလေး နောက်တစ်ကြိမ် ပြန်အိပ်ပျော်သွားသည်အထိ ကလေးငယ်ကို ပွေ့ဖက်ကာ ချော့ပေးလိုက်သည်။ ထို့နောက် သူက လီယွဲ့လော်ကို ကြည့်လိုက်ပြီး "သူ အပြင်မှာ ရှိနေသေးလား?"
လီယွဲ့လော်က အနည်းငယ် တုံ့ဆိုင်းသွားပြီး ဝမ်ယွမ်ရှင်းကို လှမ်းခေါ်ကာ "ရှန့်ကုန်း၊ ကျန်းကျိုး ရှိသေးလားလို့ သွားကြည့်ပေးပါဦး"
ဝမ်ယွမ်ရှင်းက ချက်ချင်း တုံ့ပြန်အသံပေးလိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူက တံခါးကို အက်ကြောင်းသေးသေးလေး ဖြစ်အောင် သေသေချာချာ ဖွင့်လိုက်ပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ ကျန်းကျိုးက ထိုနေရာတွင် ရှိနေသေးသောကြောင့် သူက တံခါးကို ပြန်ပိတ်လိုက်သည်။
ကျန်းကျိုးကလည်း တံခါးအနည်းငယ်ပွင့်လာသည်ကို မြင်သွားပြီး အတွင်းပိုင်းမှ လှုပ်ရှားမှုကို ဂရုတစိုက် စိုက်ကြည့်နေခဲ့သည်။ သူ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း တံခါးက အမြန်ပြန်ပိတ်သွားသောကြောင့် သူလည်း ဘာလုပ်ရမှန်း မသိတော့ပေ။
သူက သူ ယူလာသော တောဝက်သားပြုတ်များကို ကြည့်လိုက်ပြီး အားကိုးရာမဲ့သလို ခံစားနေရသည်။
ဒီဟင်းက နွေးနေသေးပေမယ့် သူ ဒီမှာ ဒီအတိုင်း ဆက်ရပ်နေမယ်ဆိုရင် အရသာက ကောင်းမှာ မဟုတ်တော့ဘူး။
သူက တံခါးထပ် ခေါက်ရန် ပြင်လိုက်သော်လည်း ယခုတကြိမ်တွင် ဝမ်ရန်က တံခါးလာဖွင့်ပေးခဲ့သည်။ ကျန်းကျိုးက သူ့ကို အပေါ်အောက် ဂရုတစိုက်ကြည့်ကာ ချက်ချင်း စကားစလိုက်သည်။
"မင်း ကိုယ်အလေးချိန် ကျသွားပြန်ပြီ။ မင်းကို အသားများများစားဖို့ ကိုယ် ပြောတာကို မင်း နားမထောင်ဘူးလား? ပြီးတော့ ဆောင်းဦးပေါက်ပြီ၊ မင်းက ဒီလောက်ပါးတဲ့ အဝတ်အစားတွေ ဝတ်ထားတယ်၊ မင်း အအေးမိရင် ဘယ်လိုလုပ်မလဲ?"
သူ့အသံက အနည်းငယ်အလောတကြီးဖြစ်နေပြီး စိုးရိမ်မှုပြည့်နေခဲ့ပြီး ယခင် ‘ကျန်းကျိုး’၏ပုံစံနှင့် ဆင်တူလှသည်။ ဝမ်ရန်က ထိုရင်းနှီးကျွမ်းဝင်နေသော လေသံကြောင့် အံ့အားသင့်သွားခဲ့သည်။ သူက ကျန်းကျိုးဆီသို့ ပြေးဝင်ရန် ခြေလှမ်းစလိုက်သော်လည်း ရုတ်တရက် ကလေးငိုသံ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ကျန်းကျိုး၏မျက်လုံးများက တောက်ပလာပြီး ကျန်းကျိုးက သူ့နောက်ကို ကျော်ကြည့်ရန် ကြိုးစားနေသည်ကို ဝမ်ရန်က သတိပြုမိသွားသည်။ ဘာကြောင့်မှန်းမသိသေည်လည်း သူ့နှလုံးသားက ရုတ်တရက် တင်းကျပ်လာပြီး သူ လျှောက်လှမ်းတော့မည့် ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားသည်။ သူက သူ့၏မူလပုံစံအတိုင်း ပြန်ဖြစ်သွားပြီး “ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ?”
ကျန်းကျိုးက ဝမ်ရန်၏လျစ်လျူရှုမှုကို မြင်လိုက်ပြီး စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူတို့ကြားထဲတွင် နားလည်မှုလွဲနေသောအရာများ ရှိနေသည်ကို သူ သိနေသောကြာင့် အမြန်ရှင်းပြရန် ပြင်လိုက်သည်။
“မင်း… ကိုယ် မင်းကို ပြောစရာရှိတယ်၊ ကိုယ် ရူးနေတာ ဖြစ်နိုင်တယ်လို့ တွေးမိပေမယ့် မင်း ကိုယ့်ကို ယုံပေးရမယ်၊ မင်း ပုံမှန်သိထားတာတွေကို ကျော်လွန်နေပေမယ့် ကိုယ် ပြောပြီးတာနဲ့ မင်း နားလည်လာလိမ့်မယ်။ အရင်တုန်းက လူက ကိုယ် မဟုတ်ခဲ့ဘူးဆိုတာ မင်းလည်း ခံစားမိမှာပါ"
ကျန်းကျိုးက စကားလုံးများ သေသေချာချာ ရွေးချယ်ပြီး ဝမ်ရန်နားလည်လွယ်အောင် ကြိုးစား ရှင်းပြနေခဲ့သည်။ နောက်ဆုံးတော့ ဒီစိတ်ဝိညာဉ်ကူးပြောင်းတဲ့ကိစ္စက တုန်လှုပ်စရာကောင်းလွန်းတယ်။ တခြားလူက သူ့ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးသွားတာကို ဘယ်လိုပြောရမှန်း သူလည်း မသိတော့ဘူး။ သူက အဲဒီအချိန်ကတည်းက သတိလစ်သွားပြီး ဒီနေ့မှ ပြန်နိုးလာတာလေ။
“ကိုယ် မင်းကို ဘယ်လိုပြောရမှန်း မသိတော့ဘူး။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကိုယ် သတိလစ်သွားပြီး အခုမှ ပြန်သတိရလာတာပါ"
ဝမ်ရန်က မျက်မှောင်ကြုတ်ထားရင်း သူ့ကို ကြည့်နေကာ သူ့စကားများကို မည်ရွေ့မည်မျှ ယုံကြည်ပေးရမည်ကို တွေးနေခဲ့သည်။
ထို့နောက်တွင် ကျန်းကျိုးက သူတို့နှစ်ယောက်တည်းသာ သိသည့် အတွေ့အကြုံများ အပါအဝင် သူတို့၏အတိတ်မှ အကြောင်းအရာများကို ဖြည်းညှင်းစွာ ပြန်ပြောပြလိုက်သည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် ဆုံတွေ့ခဲ့ချိန်မှ စ၍ ဝမ်ရန် ကိုယ်ဝန်ရှိချိန်အထိ ပြောပြပြီးနောက် “….. အဲဒီနေ့က မင်း ကိုယ်ဝန်ရှိမှန်း ကိုယ် သိလိုက်ရတယ်၊ အဲ့တာကြောင့် ကိုယ် အရမ်းစိတ်လှုပ်ရှားပြီး လှည်းပေါ်ကနေ သတ်လက်လွတ် ပြုတ်ကျသွားခဲ့တယ်။ ဒီမတော်တဆမှုကြောင့် တခြားဝိညာဉ်က ကိုယ့်ရဲ့ခန္ဓာကိုယ်ကို လုယက်ဝင်ရောက်သွားခဲ့တယ်။ မင်း ကလေးမွေးတုန်းက ကိုယ် မင်းဘေးမှာ မရှိပေးနိုင်ခဲ့ဘူး၊ အားရန် ဒီအချိန်တွေမှာ ဘယ်လိုနေခဲ့ရလဲ?"
ဝမ်ရန်က တံခါးဘောင်ကို သူ့လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားပြီး ခေါင်းကိုသာ ယမ်းပြနိုင်တော့သည်။
ဒီနှစ်အတွင်းမှာ သူ ကြုံတွေ့ခဲ့ရတဲ့ အကြောက်တရားနဲ့ နာကျင်မှုအကြောင်းတွေကို သူ ဘယ်သူ့ကိုမှ မပြောရဲခဲ့ဘူး။ သူ့မှာ စကားပြောစရာ လူမရှိသလို ဘယ်သူနဲ့မှလည်း စကားမပြောနိုင်တဲ့အတွက် ညတိုင်းညတိုင်း တစ်ယောက်တည်း တမြေ့မြေ့ ကုန်ဆုံးခဲ့ရတယ်။
အခု ကျန်းကျိုးက အတိတ်က အကြောင်းတွေကို ပြန်ပြောပြနေတဲ့အချိန်မှာ သူက အများစုကို ယုံကြည်နေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အချို့အရာတွေက သူတို့နှစ်ယောက်ပဲ သိပြီး အခြားသူတွေ ခန့်မှန်းလို့ ရတာမျိုး မဟုတ်ဘူး။
ဝမ်ရန်က ကျန်းကျိုး ပေးနေသော ပစ္စည်းများကို လက်လွှဲယူလိုက်ပြီး "ဒါက ဘာတွေလဲ?"
ကျန်းကျိုးက ပြုံးပြီး "ကိုယ် ဝက်ခြေထောက်ပေါင်းလာတယ်၊ ဒါက မင်းရဲ့ခန္ဓာကိုယ်ကို အာဟာရဖြစ်စေလိမ့်မယ်"
ဝမ်ရန်က အဖုံးကို ဖွင့်လိုက်သောကြောင့် ပဲငံပြာရည်ရောထားသော အသား၏ အနံ့ပြင်းပြင်း ထွက်လာကာ လူများကို တံတွေးမျိုချမိသည်အထိ ဆွဲဆောင်နေခဲ့သည်။ ဝမ်ရန်က ကျန်းကျိုးကို ကြည့်လိုက်ပြီးနောက် အဖုံးတစ်ခုလုံးကို သေသေချာချာ ဖွင့်လိုက်ကာ အတွင်းထဲမှာ ဟင်းရည်ကို ထုတ်ယူလိုက်သည်။
ဟင်းရည်ကို အချိန်အကြာကြီး ပြုတ်ထားပုံရပြီး နို့နှစ်ဖြူရောင် ဖြစ်နေကာ ဝက်ခြေထောက်ကလည်း နူးညံ့ပြီး ဝါးရ လွယ်မည့်ပုံပေါ်နေသည်။
ဝမ်ရန်က ဇွန်းဖြင့် ခပ်ကာ တလုပ်စား ကြည့်လိုက်သည်။
"အဲဒါ ဘယ်လိုနေလဲ?" ကျန်းကျိုးက ဝမ်ရန်ကို ဂရုတစိုက် ကြည့်နေရင်း မျှော်လင့်တကြီး မေးလိုက်သည်။ ဒါက သူ့ရဲ့ပထမဦးဆုံးအကြိမ် ဝက်လက်ပေါင်း ချက်ပြုတ်ခြင်းပဲ။ သူက ကူးပြောင်းလာသူရဲ့မှတ်ဉာဏ်တွေထဲက ဟင်းချက်နည်းအတိုင်း ချက်ခဲ့တာကြောင့် ဝမ်ရန်က အဲ့တာကို အရသာတွေ့ပြီး ကြိုက်နှစ်သက်မယ်လို့ သူ တွေးနေမိတယ်။
မထင်မှတ်ပဲ ဝမ်ရန်၏မျက်နှာက ရုတ်တရက် ပျက်ယွင်းသွားပြီး "ခင်ဗျား ပြန်သွားတော့!"
ကျန်းကျိုး : “….”
ခုနက သူ ပြောတာ တခုခု မှားသွားလို့လား?
သူ ဘာမှ မပြောရသေးခင်မှာပင် ဝမ်ရန်က သူ့မျက်နှာကို ထိလုမတက် တံခါးကို ပြန်စောင့်ပိတ်သွားသည်။
အတွင်းထဲတွင် ဝမ်ရန်က တံခါးကို မှီကာ သူ့ရင်ဘတ်ကို သူ ပြန်ပုတ်လိုက်သည်။
တော်သေးတာပေါ့.... မြေခွေးနတ်ဆိုးဆီကနေ လှည့်စားခံရလုနီးပါး ဖြစ်ခဲ့တယ်။
(T/N: ဝမ်ရန်လေးက အရမ်းလည်တယ်နော်)
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟