no

Font
Theme

အခန်း ၁၆ နို့လက်ဖက်ရည်

လုတဲရှင်း လက်ဖက်ရည်ဆိုင်အတွင်း အလုပ်လုပ်နေစဉ် ကျန်းကျိုးက တစ်စုံတစ်ခု ပြင်ဆင်ရန် တံခါးငယ်လေးနောက်မှ လက်ဖက်ရည်ခန်းကို ခတ္တငှားယမ်းထားခဲ့သည်။

ပထမဆုံးနေဖြင့် သူက လုတာ့လန်အား သူ့အတွက် နွားနို့ သွားဝယ်ခိုင်းခဲ့သည်။ ထိုလူ၏လုပ်ငန်းက နယ်ပယ်စုံတွင် ရှိနေပြီး သူက မတူညီသောစီးပွားရေးသမားများကို သိနေကာ ကျယ်ပြန့်သော အဆက်အသွယ်ရှိသည်။ ကျန်းကျိုး၏တောင်းဆိုချက်ကို နားထောင်ပြီးနောက် လုတာ့လန်က သူ့အသိမိတ်ဆွေတစ်ဦးကို ဆက်သွယ်ကာ အကူအညီတောင်းခဲ့ပြီး လတ်ဆတ်သော နို့ပုံးကြီးနှစ်ပုံးနှင့်အတူ ပြန်‌ရောက်လာခဲ့သည်။

ကျန်းကျိုးက ရှောင်ယိအတွက် စားစရာ ပြုလုပ်ပေးရန် စီစဉ်နေခဲ့သည်။ ဆောင်းရာသီတွင် နွားနို့အမြဲရနိုင်ရန် အဆင်မပြေသလို ယခုခေတ်တွင် နွားနို့ကို သိုလှောင်ရန်က ပို၍ပင် ခက်ခဲနေသေးသည်။ နွားနို့က နာရီအနည်းငယ်အတွင်း ပျက်ဆီးသွားတက်ပြီး ချဥ်သွားလေ့ရှိသည်။ သူက သူ့ကလေးကို ဆိုးရွားသည့်အရာများ စားခွင့်မပြုချင်ပေ။ သို့သော်လည်း သူ လိုချင်သည့် နို့ပမာဏ မလုံလောက်လျှင် ကလေးလေးက ဝမ်ရန်ကို ပြသနာရှာမည်မှာ မလွဲဧကန် ဖြစ်သည်။ ကလေးများက နို့စို့ချိန်တွင် ထိန်းမနိုင်သိမ်းမရ ဖြစ်နေတတ်ပြီး ကလေးလေး အလွန်အကျွံ နို့စို့သောကြောင့် ဝမ်ရန် အဆင်မပြေ ဖြစ်မည်ကိုလည်း သူ တွေးပူနေမိသေးသည်။ ထို့အပြင် ဝမ်ရန်ကဲ့သို့သော ကောလေးများက နို့အလုံအလောက် မထွက်နိုင်ကြောင်းကိုလည်း သူ မေးမြန်းရင်း သိလာရသည်။

သူက သူ့ကလေးနှင့် ဇနီးအတွက် ကလေး စားနိုင်မည့်အစားအစာများကို သူ့မှတ်ဥာဏ်ထဲမှ ခက်ခက်ခဲခဲ ပြန်ရှာဖွေခဲ့သည်။ ထို့နောက် သူက နို့ကိတ်ဟုခေါ်သော မုန့်တစ်မျိုးကို အမှတ်ရလာခဲ့သည်။

ထိုနို့ကိတ် လုပ်ရသည့် လုပ်ငန်းစဥ်က အလွန်လွယ်ကူပြီး ရိုးရှင်းလှသည်။ ကျန်းကျိုးက နွားနို့အိုးထဲသို့ ရေနှင့် ကော်မှုန်အနည်းငယ်ထည့်ကာ ရောသမအောင်မွှေပြီး အိုးကို မီးနည်းနည်းဖြင့် အပူပေးထားလိုက်သည်။ ထို့နောက် အဆက်မပြတ် မွှေပေးနေရင်း စေးပျစ်လာချိန်တွင် အိုးကို မီးဖိုပေါ်မှ ပြန်ချကာ အအေးခံထားလိုက်သည်။

နို့ကိတ် အေးသွားအောင် စောင့်နေစဥ်အတွင်း ကျန်းကျိုးက နောက်ထပ်နို့တစ်ပုံးကို လှမ်းယူကာ အပူပေးထားလိုက်သည်။ ဤတစ်ကြိမ်တွင် မီးတောက်နှင့် မဟုတ်တော့ဘဲ ကျန်နေသည့် မီးသွေး၏အပူကို အသုံးပြုကာ တစ်ဖြည်းဖြည်း ဆူပွတ်စေရမည် ဖြစ်သည်။ ရံဖန်ရံခါ နွားနို့အိုး မခဲသွားအောင် မွေပေးနေရင်း တစ်ဖက်တွင် သူက ဟေဇယ်သီးများကို အမှုန့်ဖြစ်သွားသည်အထိ ကြိတ်ချေနေခဲ့သည်။

ထို့အပြင် သူက လုတဲရှင်း၏လက်ဖက်ရွက်များကို ဂရုတစိုက် အနံ့ခံကြည့်လိုက်ပြီး ဒေသထွက် လက်ဖက်ရွက်တစ်မျိုးကို ရွေးထုတ်လိုက်သည်။

မနေ့ညက သူ အဝကျဉ်းပြီး လည်ပင်းရှည်သော ကြွေပုလင်းငယ်များစွာကို စုဆောင်းလာခဲ့သေးသည်။ ကြွေပုလင်းအရေအတွက်က တော်တော်များပြီး ထိုကြွေပုလင်းလေးများကို တစ်ခုပြီး တစ်ခု စီတန်းပြီးနောက် ကျန်းကျိုးက သကြားညိုရေကို ထိုပုလင်းများထဲသို့ လောင်းထည့်ပြီးမှ လက်ဖက်ရွက်ပြုတ်ရည်နှင့် နွားနို့ပူပူကို ထပ်ထည့်လိုက်သည်။ အနည်းငယ်မွှေပြီးနောက် ကြိတ်ချေထားသည့် ဟေဇယ်သီးအမှုန့်များ ထပ်ထည့်လိုက်သည်။ ဤနည်းဖြင့် ရိုးရှင်းသော အိမ်လုပ်နို့လက်ဖက်ရည်ကို ပြုလုပ်နိုင်ခဲ့သည်။

သူက လုတာ့လန်ကို ပထမဆုံး တစ်ပုလင်း ပေးလိုက်ပြီး စမ်းသောက်ကြည့်ရန် ပြောလိုက်သည်။

လုတာ့လန်က ထိုကြွေပုလင်းကို အကြာကြီး ကြည့်နေပြီးမှ "ဒါကို ဘယ်လိုသောက်ရမှာလဲ?"

ကြွေပုလင်းငယ်က လှပသော်လည်း အဝက အလွန်သေးငယ်ပြီး အောက်ခြေမှ အဝိုင်းက ကြီးမားသော ပုံသဏ္ဍာန်ဖြစ်သည်။ အပေါ်မှ မော့သောက်လိုက်လျှင် အရည်များက မျက်နှာပေါ်မှ ခန္ဓာကိုယ်အနှံ့ စီးကျသွား‌ပေးလိမ့်မည်။

ထိုအချိန်မှသာ ကျန်းကျိုးက သူ့မေ့နေသည့်အရာကို ပြန်သတိရသွားပြီး သူ့ခေါင်းကိုသူ ပြန်ပုတ်လိုက်သည်။ သူက သူ ယူလာသည့် အဝတ်အိတ်ထဲမှ ကျူရိုးပြွန်(ပိုက်)နှစ်ချောင်းကို ထုတ်ယူပြီး လုတာ့လန်ကို လှမ်းပေးလိုက်သည်။

ဤသည်မှာ မနေက လှေဖြင့်ပြန်သွားစဥ် မြစ်ကမ်း‌ဘေးမှ သူ ဆွဲနှုတ်လာသော အရာများ ဖြစ်သည်။ ရှဟယ်မြစ်၏ ရှုခင်းက စွဲမက်ဖွယ် မကောင်းသော်လည်း ကမ်းပေါ်တွင် ကျူပင်များ အစုလိုက် အပြုံလိုက် ရှိနေသည်ကို တွေ့မြင်နိုင်သည်။ သူက ထိုကျူပင်များကို ဆွဲနှုတ်လာခဲ့ပြီး အရွက်များကို ဖယ်ရှားကာ သန့်ရှင်းလိုက်သည်။ နောက်ဆုံးသော ဖြောင့်စင်းနေသော ကျူရိုးကို သဘာဝပိုက်အဖြစ် အသုံးပြုလာနိုင်သည်။

ထိုပိုက်ကို လုတာ့လန်အား လှမ်း‌ပေးနေရင်း ကျန်းကျိုးက သူ့ကို သတိပေးလိုက်သေးသည်။ “သတိထားဦးနော်။ ခင်ဗျားရဲ့လျှာ အပူလောင်သွား လိမ့်မယ်။ ဖြည်းဖြည်းချင်း စုပ်သောက်ကြည့်"

သူ နွားနို့ ကျိုထားသည်မှာ အချိန်အနည်းငယ် ရှိနေပြီဖြစ်သော်လည်း နွားနို့က လုံးဝ မအေးသေးဘဲ အနည်းငယ် ပူနေသေးသည်။ ထို့အပြင် သူတို့ ညစာကို အကြိမ်ပေါင်းများစွာ အတူတူ စားခဲ့ကြပြီး သူ့၏လေ့လာတွေ့ရှိချက်အရ လုတာ့လန်က လျှာက ကြောင်လျှာနှင့်တူနွေးပြီး ပူနွေးသည့်စားစရာအား စားရမည်ကို စိုးရွံ့နေတတ်သည်။

လုတာ့လန်က တစ်ငုံ သောက်ကြည့်လိုက်ပြီး စကားမပြောဘဲ ခဏ တုံ့ဆိုင်နေသေးသည်။

"အဲဒါက ဘယ်လိုနေလဲ?"

“အရသာရှိပေမယ့်…” လုတာ့လန်က မျက်မှောင်ကြုတ်လိုက်ကာ “ငါ့အတွက်တော့ အရမ်း ချိုတယ်”

သူက ချိုသောအစားအစာများကို မကြိုက်ပေ။ ဤအထူးလက်ဖက်ရည်က အလွန်အရသာရှိသော်လည်း ချိုမြိန်မှုကတော့ သူ့အတွက် အနည်းငယ် လွန်လွန်းနေသည်ဟု သူ ခံစားရသည်။ သို့သော်လည်း လက်ဖက်ရည်က နွားနို့၏ညှီနံ့ကို ဖုံးကွယ်ထားနိုင်ပြီး ဆွဲဆောင်မှုလည်း ရှိနေပြန်သည်။

ကျန်းကျိုး၏မျက်နှာက‌တော့ ဘာမှ မပြောင်းလဲဘဲ "အိုး၊ ကျွန်တော် မေ့သွားပြန်ပြီ။ ဒါကို ကျွန်တော်ဇနီးရဲ့ အကြိုက်အတိုင်း ကျွန်တော် လုပ်မိသွားတယ်။ သူက ချိုမြိန်တဲ့အရာတွေကို ကြိုက်တယ်”

ထို့နောက် သူက သူ့ကို ဆောင်ကြည့်နေသည့် လုတာ့လန်၏အမူအရာကို လျစ်လျူရှုလိုက်ပြီး ကျန်ပုလင်းနှစ်လုံးကို ထုတ်ပိုးလိုက်သည်။

အခု အချိန်က ဇနီးလေးကို သွားကြိုရမယ့်အချိန်ပဲ။

လမ်းတစ်လျှောက် ထိုပုလင်းနှစ်လုံးကို ကိုင်လာရင်း သူ ဘယ်ကိုမှ အာရုံမဆိုက်နိုင် ဖြစ်နေခဲ့သော်လည်း လှေဆိပ်သို့ ချောမွေ့စွာ ရောက်ရှိလာခဲ့သည်။ သူ ရောက်သွားချိန်တွင် ဝမ်ရန်က ဦးလေးယွိ၏လှေပေါ်မှ အချိန်ကိုက် ဆင်းလာခဲ့သည်။ ဤဆောင်းဦးရာသီက အနည်းငယ် လေပြင်းထန်သောကြောင့် ဝမ်ရန်က အစိမ်းရောင်အပေါ်ထပ်အင်္ကျီကို ၀တ်ဆင်ထားသည်။ သူက ရှောင်ယိကိုလည်း အတွင်းအပြင် အလွှာသုံးလွှာဖြင့် ထုပ်ပိုးထားခဲ့သည်။

ကျန်းကျိုးက ဝမ်ရန်ဆီသို့ အမြန်လျှောက်သွားလိုက်ပြီး ဝမ်​ရန်​၏လက်​မှ ရှောင်ယိကို လှမ်းယူကာ ပုလင်းနှစ်လုံးကို ​လှမ်းပေးလိုက်သည်။

"ဒီမှာ"

"ဒါက ဘာလဲ?" ဝမ်ရန်က နွေးနေသေးသည့် ကြွေပုလင်းလေးများကို ကိုင်မိသွားပြီး လှေပေါ်မှ လေအေးများကြောင့် အေးစက်နေသည့် သူ့လက်လေးများ နွေးထွေးသွားသည်ကို ခံစားလိုက်ရသည်။

"နို့လက်ဖက်ရည်" ကျန်းကျိုးက သူ့ကို ပြုံးပြလိုက်ပြီးမှ ထပ်ရှင်းပြလိုက်သည်။ “ရာသီဥတုက ပိုအေးလာပြီ။ မင်း ဒီနေရာကို လှေနဲ့လာရတော့ လှေပေါ်က လေအေးတွေကြောင့် မင်း အအေးမိမှာကို ကိုယ် စိုးရိမ်နေတာ။ အဲ့ဒါကြောင့် မင်းအတွက် အဲ့ဒါကို ကိုယ်လုပ်ပေးထားတာ။ အဲဒါကို ဒီကျူရိုးနဲ့ စုပ်သောက်လိုက်၊ မင်းကြိုက်ရဲ့လားလို့ မြည်းကြည့်ပါဦး"

ဝမ်ရန်က တုံ့ဆိုင်းသွားပြီးမှ တစ်ငုံ စုပ်သောက်လိုက်သည်။ ပထမတွင် သကြားညိုရေနှင့်ရောထားသည့် နို့ရနံ့ကို ရလိုက်သည်။ ကျန်းကျိုးက နို့၏ညှီနံ့ကို မည်သို့ဖယ်ရှားထားသည်ကို သူ မသိသော်လည်း အချိုက သူ့အတွက် ပြီးပြည့်စုံသော ပမာဏ ဖြစ်သည်။ နွားနို့နှင့် အချိုဓာတ်တို့ ရောနှောကာ အရသာသစ်ကို ဖန်တီးပေးနေလေသည်။ သူ ဂရုတစိုက် ထပ်သောက်ကြည့်လိုက်ရာ လက်ဖက်ရည်၏ အရသာကို ခံစားလိုက်ရသော်လည်း အခါးဓာတ်က မပြင်းထန်ပေ။ ထို့နောက် ဝမ်ရန်က ထိုနို့လက်ဖက်ရည်ကို အလုပ်ကြီးကြီး တစ်လုပ် မျိုချလိုက်ရာ သူ့ရင်ဘတ်တစ်ခုလုံး ပူနွေးလာပြီး သူ့ဝမ်းဗိုက်ပါ ပူနွေးလာသလို ခံစားလိုက်ရသည်။

ထို့နောက် ဝမ်ရန်က ကြွေပုလင်းလေးကို ဟမ်းစတာတစ်ကောင်ကဲ့သို့ သူ့လက်နှစ်ဘက်ဖြင့် ကိုင်ထားပြီး နောက်ထပ် နှစ်ငုံလောက် သောက်လိုက်ပြီးမှ ကျူရိုးကို ပြန်လွှတ်လိုက်ကာ "ဘာလို့ နို့က အနံ့မနံတာလဲ?"

သူက ရှောင်ယိ သောက်ရန်အတွက် နွားနို့ပူပူ ကျိုသည့်အချိန်တိုင်း အနံ့ကို ထိန်းရန် ဆားအနည်းငယ် ထည့်လေ့ရှိသည်။ သူက နို့အနည်းငယ်ကိုသာ ကျိုလေ့ရှိပြီး အနံ့က သိပ်မပြင်းထန်သော်လည်း ရှောင်ယိက မြည်းကြည့်ပြီး ညှီနံရလျှင် ထိုနို့ကို မသောက်တော့ပေ။

ထိုအကြောင်းအရာကြောင့် သူ အချိန်အကြာကြီး စိတ်ပူခဲ့ရပြီး နို့၏အနံ့ဆိုးကို ဖယ်ရှားရန် ကြိုးစားခဲ့ရသည်။ သို့တိုင်အောင် ရှောင်ယိက သောက်နိုင်သည့် အတိုင်းအတာကိုသာ ရနိုင်ခဲ့ပြီး အနံ့က လုံးဝ မပျောက်သွားပေ။

ကျန်းကျိုးက သူ ဘာတွေတွေးနေသည်ကို မသိသော်လည်း ခေါင်းခါပြလိုက်ပြီး "ကိုယ်လည်း သေသေချာချာတော့ မသိဘူး၊ နို့နဲ့ လက်ဖက်ရည် ရောစပ်ထားတာကြောင့်လို့ ကိုယ် ထင်တယ်။ အဲ့နှစ်မျိုးက တစ်မျိုးနဲ့ တစ်မျိုး အားဖြည့်ပေးပြီး အရသာက ပိုချိုလာပေမယ့် ရှောင်ယိကိုတော့ တိုက်လို့ မရဘူး။ လက်ဖက်ရွက်က လန်းဆန်းစေတယ်၊ ရှောင်ယိက ငယ်သေးတော့ အိပ်ဖို့ လိုအပ်နေတုန်းပဲ၊ လက်ဖက်ရည်က သူ့အတွက် မသင့်တော်ဘူး"

ကျန်းကျိုး ပြောနေသည့်အကြောင်းအရာက အဓိပ္ပာယ်ရှိနေသောကြောင့် ဝမ်ရန်က သူ့ကို ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေမယ့် မင်း သင့်တော်တဲ့နည်းလမ်းကို တကယ်ရှာချင်တယ်ဆိုရင်တော့ ဟေဇယ်သီးကို အမှုန့်ဖြစ်အောင်ကြိတ်ပြီး နွားနို့နဲ့ ရောကျိုလို့ရတယ်။ အဲ့တာက အနံ့အသက်ဆိုးတွေကို သက်သာစေတယ်”

အတန်ကြာ နားထောင်နေပြီးနောက် ဝမ်ရန်က ရုတ်တရက် ဖြတ်မေးလိုက်သည်။

“ခင်ဗျားက ဘယ်လို့ အဲ့လောက်အများကြီး သိနေတာလဲ?”

သူက ကျန်းကျိုးကို ကောင်းကောင်းသိတယ်၊ သူတို့နှစ်ယောက်လုံး ရွာမှာ ကြီးပြင်းခဲ့ပြီး အတူတူ ကြီးပြင်းခဲ့တယ်လို့တောင် ပြောလို့ရတယ်။ ပြီးတော့ ကျန်းကျိုးက တစ်ခုခုရှိလာတိုင်း သူ့ကို အမြဲပြောတတ်တယ်။ သူတို့ကြားမှာ လျှို့ဝှက်ချက် မရှိဘူး။ အခု ကျန်းကျိုးက ဗဟုသုတအသစ်တွေအကြောင်း ရုတ်တရက် ပြောလာတာ့ ဒါက ထူးဆန်းနေပြီ။

ဒါက သူ တုံ့ဆိုင်းနေရတဲ့ အဓိကအကြောင်းရင်း ဖြစ်ပြီး သူ့ရှေ့ကလူက သူ့ခင်ပွန်း ဟုတ် မဟုတ်ကို သူ ဘယ်သောအခါမှ အတည်မပြုချင်ခဲ့ဘူး။

ကြက်ဥမုန့်အကြောင်း ကြားပြီးကတည်းက ဝမ်ရန်၏စိတ်ထဲသို့ သံသယများ အများကြီး ဝင်လာခဲ့သည်။ သို့သော်လည်း ကျန်းကျိုးက ဘာမှ မပြောပြသောကြောင့် ဝမ်ရန်က သူ့ဘက်မှ စမမေးရဲသေးပေ။ ထို့ကြောင့် သူက ကျန်းကျိုး၏ ဘေးပတ်ဝန်ကျင်တွင် ရှိနေခဲ့ပြီး သတိထား စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း သူ့ကိုယ်သူ မထိန်းနိုင်ဘဲ သူ့ခင်ပွန်း၏အနားသို့ ပို ပိုတိုးသွာမိခဲ့သည်။

သူ အမြဲတမ်း သတိထားနေခဲ့သော်လည်း နို့လက်ဖက်ရည်ကြောင့်လား? သို့မဟုတ် ကျန်းကျိုးက ရှောင်ယိအပေါ် ညင်သာစွာ ဆက်ဆံပုံကြောင့်လား? သူ မသိသော်လည်း မေးရန် သတ္တိရှိလာခဲ့သည်။

ကျန်းကျိုး၏မျက်နှာတွက် ကူကယ်ရာမဲ့ဖြစ်နေသော အမူအရာများ ပေါ်လာပြီး "ကိုယ် ပထမဆုံး ပြန်သတိရလာတယ်က ကိုယ် မင်းကို ပြောပြခဲ့ဖူးတယ်လေ"

ဝမ်ရန်က အံ့အားသင့်သွားပြီးမှ ထိုအကြောင်းကို ပြန်သတိရသွားခဲ့သည်။ ကျန်းကျိုး ထိုနှစ်ကလူက သူကိုယ်တိုင်မဟုတ်ဘဲ တခြားသူက သူ့၏ခန္ဓာကိုယ်ကို တစ်နှစ်ကြာ သိမ်းပိုက်သွားသည်ဟု ပြောခဲ့ပုံရသည်။

ထိုအချိန်က သူ မယုံကြည်ခဲ့ဘဲ ယခု ကျန်းကျိုး၏အမူအရာများက ယုံကြည်လက်ခံနိုင်ဖွယ်ရှိသည်။

ကျန်းကျိုးက နို့လက်ဖက်ရည်ကို မသိစိတ်ဖြင့် ငုံ့ကြည့်နေရင်း ခက်ခက်ခဲခဲ တွေးနေသည့် ဝမ်ရန်ကို မြင်လိုက်ရသောကြောင့် ကူကယ်ရာမဲ့နေသလို ခံစားလိုက်ရပြီး နောက်ထပ် နို့လက်ဖက်ရည်တစ်ပုလင်းကို ထပ်ပေးလိုက်ကာ "ကိုယ် ကျိန်ဆိုဝံ့ပါတယ်၊ အဲ့တုန်းက ကိုယ် ပြောခဲ့တာတွေက အမှန်တွေပါပဲ!"

ဝမ်ရန်က ဘာမှ ပြန်မဖြေဘဲ သူ့ဘာသာသူ စဉ်းစားနေဆဲပင်။

ဒီစာရေးသူမှာ ပြောစရာ ရှိပါတယ်။

နို့လက်ဖက်ရည်တစ်ခွက်က ငါ့မိန်းမကို ချော့ဖို့ မလုံလောက်ရင် ဘယ်လိုလုပ်ရမလဲ?

လွယ်လွယ်ပေးပါ၊ နောက်တစ်ခွက် ထပ်ပေးလိုက်လေ....

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment