no

Font
Theme

အခန်း ၂၅ ကွမ်တုန်းကျူ (၂)

ကျန်းကျိုးက ဝမ်ရန်ကို လွှတ်ပေးလိုက်ပြီး အပြင်သို့ ထွက်လာရင်း လုရှန့်ရှီအနားသို့ မရောက်မီ သူ့အင်္ကျီကို သေသေချာချာ ပြန်ချိန်ညှိလိုက်လိုက်သေးသည်။ ထိုအချိန်တွင် ဝမ်ရန်က ထောင့်နားလေးသို့ ဝင်ပုန်းလိုက်သည်ကို သူ တွေ့လိုက်ရပြီး သူက တံခါးကို ဟဟသေးသေး‌လေးဖွင့်ကာ လုရှန့်ရှီ၏အနီးသို့ လျှောက်လာရင်း လှမ်းမေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ?"

လုရှန့်ရှီက ရိုးသားလွန်းပြီး စကားနည်းသူ ဖြစ်သောကြောင့် သူက သူ့လက်ထဲမှ ရွှေလက်ကောက်ကို ကျန်းကျိုးဆီသို့ တိုက်ရိုက်လှမ်းပေးလိုက်သည်။

“ဒီမှာ”

ကျန်းကျိုးက နားမလည်နိုင်ဖြစ်သွားပြီး လက်ကောက်ကို လှမ်းမယူသေးဘဲ ဇဝေဇဝါ ပြန်မေးလိုက်သည်။

“ဒါက ဘာလဲ”

လုရှန့်ရှီက ဤအရာကို သူ့လက်ထဲတွင် ဂရုတစိုက် ကိုင်ဆောင်ထားသည်ကို ကျန်းကျိုး မြင်နေရပြီး ထိုအရာတွင် အခြားအဓိပ္ပါယ်တစ်ခုခု ရှိနိုင်မည်ဟု သူ တွေးလိုက်မိသည်။

လုရှန့်ရှီက ရွှေလက်ကောက်ကို တစ်ချက်ပွတ်သပ်လိုက်ပြီးမှ စိတ်ပိုင်းဖြတ်လိုက်ပုံဖြင့် “ငါ ပြန်သွားပြီး သေသေချာချာ စဉ်းစားခဲ့တယ်၊ မင်းရဲ့စီးပွားရေးကို ငါ လုပ်မယ်၊ ဒါပေမယ့် ငါ့မိသားစုက ဆင်းရဲတယ်၊ ဒါကြောင့် ငါ့မှာ အရင်းအနှီးလည်း မရှိဘူး၊ လောလောဆယ်တော့ ငါ သင်ယူခ မပေးနိုင်သေးဘူး၊ ဒါကြောင့် ဒီလက်ကောက်ကို မင်းဆီမှာ အပေါင်အဖြစ် ချန်ထားလိုက်မယ်။ မင်း ခဏလောက် သိမ်းထားပေးဖို့ ငါ မျှော်လင့်တယ်”

ကျန်းကျိုးက အနည်းငယ် အံ့သြသွားသလို ရယ်လည် ရယ်ချင်သွားပြီး “ငါက မင်းရဲ့လက်ကောက်ကို ယူပြီး ဘယ်နေရာမှာ သွားသုံးရမှာလဲ? ငါက ဒီလုပ်ငန်းကို ငါကိုယ်တိုင် မလုပ်နိုင်လို့ တခြားလူကို ပေးချင်တာလေ။ နောက်ပြီး ငါ အမြတ်ဝေစု ယူမယ်လို့ မပြောခဲ့ဖူးလား? မင်း ဒီလို ပေးဖို့ မလိုပါဘူး"

ဤလက်ကောက်က လုရှန့်ရှီအတွက် အလွန်အရေးကြီးကြောင်း ကျန်းကျိုးက သဘာဝကျကျ ခန့်မှန်းနိုင်သည်။ ထိုသို့မဟုတ်ပါက လုရှန့်ရှီက ထိုလက်ကောက်ကို ရတနာတစ်ပါးကဲ့သို့ ဂရုတစိုက် ကိုင်ထားလိမ့်မည် မဟုတ်ပေ။ ထိုအတွေးကြောင့် ၎င်းကို လက်မခံသင့်ဟု ကျန်းကျိုးက ပို၍ ခံစားလာခဲ့ရသည်။ သူက ထိုကဲ့သို့ ပေးရန် မလိုအပ်ဘဲ လုပ်ငန်း လွှဲပြောင်းပေးရန် ဆန္ဒရှိကြောင်း လုရှန့်ရှီကို ရှင်းပြကာ လက်ကောက်ကို လက်ခံရန် ငြင်းဆန်လိုက်သည်။ ထိုအပြင် သူက လုရှန့်ရှီထံမှ အမြတ်ဝေစုယူမည့်အကြောင်းကိုလည်း ထပ်ပြောပြလိုက်သေးသည်။

သို့သော်လည်း လုရှန့်ရှီက ခေါင်းမာသူ ဖြစ်ပြီး သူ ဆုံးဖြတ်ထားသည့်အရာကို ပြောင်းလဲရန် ခက်ခဲသူ ဖြစ်သည်။ သူက ပေးသင့်သည့်အရာကို ပေးကိုပေးရမည်ဟု ခံစားနေရပြီး မဖြစ်မနေ ပေးချင်နေသည်။

ထို့နောက် နှစ်ယောက်သား အချိန်အတော်ကြာ လိပ်ခဲတည်းလည်းဖြစ်နေကြပြီး မည်သူကမှ အလျော့မပေးချက်ကြပေ။

ထိုအခိုက်အတန့်တွင် တံခါးပွင့်လာပြီး ဝမ်ရန်က အိမ်ထဲမှ ထွက်လာခဲ့သည်။ သူက အရင်ကထက် ပိုသေသေသပ်သပ် ဖြစ်နေပြီး သူ့၏အင်္ကျီကြည်သီးများကို သေသေချာချာ ပြန်တပ်ထားပြီး ဖြစ်သည်။ သူထံတွင် လွန်ခဲ့သော အခိုက်အတန့်မှ စိတ်လှုပ်ရှားမှုများနှင့် ရှက်ရွံ့မူများ မရှိတော့ဘဲ “လုတာ့ကော၊ ကျွန်တော် ပြောတာကို နားထောင်ပါဦး၊ ကျန်းကျိုးက ခင်ဗျားကို ဒီလုပ်ငန်းကို ပေးလိုက်ပြီ၊ အခု အဲဒါကို ခင်ဗျား ပိုင်သွားပြီ။ သူ အဲ့တာကို ဆက်မလုပ်ဘဲ ဒီတိုင်းထားလိုက်ရင် သူ့အတွက် ဘာအကျိုးမှ မရှိဘူး။ အခု ခင်ဗျားလက်ထဲကို အပ်လိုက်တော့ သူက ခင်ဗျားဆီကနေ ဝေစုတစ်ချို့ ရနိုင်တယ်။ နောက်ဆုံးတော့ သူ ပိုက်ဆံရနေမှာပဲလေ။ ခင်ဗျား ဒီလောက်အားနာနေစရာ မလိုပါဘူး"

လုရှန့်ရှီက ဘာမှ ပြန်မပြောသေးပေ။ ဝမ်ရန်က လက်ကောက်ကို လုရှန့်ရှီဘက်သို့ ပြန်တွန်းပေးလိုက်ရင်း "ဒီအရာက ခင်ဗျားအတွက် အရမ်းအရေးကြီးပေမယ့် ကျွန်တော်တို့အတွက်တော့ ဘာမှ အသုံးမဝင်ဘူး၊ အဲ့ဒါကြောင့် ခင်ဗျား ပြန်ယူသွားသင့်တယ်"

လုရှန့်ရှီက ထိုကဲ့သို့သောလူကို တစ်ခါမျှ မတွေ့ဖူးသောကြောင့် ခဏတာမျှ အံ့အားသင့်နေခဲ့သည်။ သူက ထိုလူနှစ်ယောက်၏ ကြင်နာမှုနှင့် ရက်ရောမှုကြောင့် စိတ်လှုပ်ရှားသွားပြီး သူတို့ကို ဦးညွှတ်ကာ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။

"မင်းတို့ကို ကျေးဇူးတင်ပါတယ်!"

"ရပါတယ်၊ ငါလည်း နေ့စဉ် စျေးရောင်းရဦးမှာလေ။ မင်း ညနေတိုင်း ကြက်ဥမုန့်လုပ်နည်းကို လာလေ့လာလို့ရတယ်" ကျန်းကျိုးက လုရှန့်ရှီအား သူ့၏အချိန်စာရင်းကို ပြောပြလိုက်သည်။ သူက ဆိုင်ဖွင့်ရန် နေ့တိုင်း စောစောထရပြီး ညနေမှ ပြန်ရောက်တတ်သည်။ သူက လုရှန့်ရှီကို ကြက်ဥမုန့်လုပ်နည်း အရင် သင်ပေးမည် ဖြစ်ပြီး ထိုနောက်မှသာ နောက်နေ့အတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်မည် ဖြစ်သည်။

ကံကောင်းစွာဖြင့် ကြက်ဥမုန့်လုပ်နည်းက သင်ယူရန် လွယ်ကူပြီး ရက်အနည်းငယ်အတွင်း ကျွမ်းကျင်သွားနိုင်သည်။

လုရှန့်ရှီ ထွက်သွားပြီးနောက် ကျန်းကျိုးက ဝမ်ရန်ကို နံရံပေါ်သို့ ဖိကာ ‌ဒေါသတကြီး ငုံကိုက်လိုက်သည်။

"ကျန်းကျိုးတဲ့လား? ဟမ်?"

ဝမ်ရန်က ကျန်းကျိုးဆီမှ လေပူများကိုပင် ခံစားနေရပြီး သူ့တစ်ကိုယ်လုံး ပူလောင်လာကာ တုန်တုန်ယင်ယင် အသံဖြင့် သနားစဖွယ် တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်၊ ကျွန်တော် မှားသွားတာပါ"

ကျန်းကျိုးက သုန်သုန်မှုန်မှုန်ဖြင့် ပြန်မေးလိုက်သည်။

“ဘာမှားတာလဲ?”

ဝမ်ရန်က သူ့ကို နမ်းရန် အစပြုပြီး "အင်း.. ကျိုးကောလို့ ခေါ်သင့်တာ"

“အင်း”

"ကျိုးကော"

“အမ်း”

"ကျိုးကော"

ဝမ်ရန်၏လေသံက ငယ်စဉ်ကလေးဘဝက အသံမဟုတ်တော့ဘဲ အနည်းငယ် ပိုကြည်လင်လာသော်လည်း သူ့လေသံလေးက နူးညံ့နေဆဲဖြစ်ကာ ယခုအချိန်တွင် သူက တမင်တကာ ညုတုတု ပြုမူနေပုံရသည်။

ဝမ်ရန်က သူ့ကို ထိုသို့ခေါ်လိုက်ချိန်တွင် ကျန်းကျိုးတစ်ယောက် သူ့ရင်ထဲမှ ယားယံလာသလို ခံစားနေရပြီး လှုပ်ပင်မလှုပ်ရဲတော့ပေ။ သူက သူ့ဆံပင်များထဲသို့ သူ့လက်ချောင်းများကို ထိုးထည့်ကာ သူ့ဆံပင်များကို ထပ်ခါထပ်ခါ ထိုးခွဲနေပြန်သည်။ ထို့နောက် ဆံပင်ထိပ်ဖျားများကို ဖိနေပြန်ကာ နောက်ဆုံးတွင် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ဝမ်ရန်၏နှုတ်ခမ်းလေးများကို သိမ်းပိုက်လိုက်သည်။ သူက ဝမ်ရန်ဆီမှ နွေးထွေးမှုများ အားလုံးကို စုပ်ယူချင်သလို အပြင်းအထန် နမ်းနေခဲ့ပြီး နောက်ဆုံး ဝမ်ရန်၏ အသက်ရှုသံလေး အားနည်းလာမှ သူ့ရင်ခွင်ထဲမှလူကို ပြန်လွှတ်ပေးလိုက်သည်။ ထို့နောက် ကျေကျေနပ်နပ် သက်ပြင်းချလိုက်ရင်း "တော်တယ်"

ဝမ်ရန်က ဒေါသထွက်နေပုံဖြင့် ခြေစောင့်ကာ သူ့ကို စိုက်ကြည့်‌နေခဲ့သည်။

သို့သော်လည်း ထိုအကြည့်က အတော်လေး ရွှမ်းစိုနေပြီး ညုတုတု ဖြစ်နေသောကြောင့် ထိုအကြည့်တွင် စိတ်အနှောက်အယှက်ဖြစ်မှုနှင့် မကျေနပ်မှုတို့ ရောပါနေသည့်တိုင် ကျန်းကျိုးက ခပ်ဖွဖွ ရယ်မောနေခဲ့သည်။

.........။.......။......

နောက်တစ်နေ့ မနက်တွင် ကျန်းကျိုးက ဦးလေးကျန်း၏နွားလှည်းကို ငှားပြီး ကွမ်တုန်းကျူအိုးကို သယ်လာကာ ထိုအိုးကို ဦးလေးယွိ၏လှေပေါ်သို့ ပြောင်းတင်လိုက်ပြီး မြို့ထဲသို့ သယ်သွားလာခဲ့သည်။

ကျန်းကျိုးက ကြက်ဥမုန့်လုပ်ငန်းအတွက် ဦးလေးယွိက ရှင်းပြလိုက်သည်။ ဦးလေးယွိက ကြက်ဥမုန့်ကို ဘယ်သူလုပ်သလဲ ဆိုသည်အား အမှန်ပင် စိတ်ဝင်စားခြင်း မရှိခဲ့ပေ။ လုရှန့်ရှီက အလုပ်ကောင်းကောင်းလုပ်ခဲ့လျှင် သူ ကျေနပ်မည်ဖြစ်ပြီး ကျန်းကျိုး၏လုပ်ငန်းသစ်အတွက်လည်း ပျော်ရွှင်ပေးခဲ့သည်။

အမှန်တကယ်တွင် ကျန်းကျိုးက သူ့၏လုပ်ငန်းအသစ်ကို လှေပေါ်တွင် လုပ်ရန် စဉ်းစားခဲ့ဖူးသည်။ သို့သော် အိုးက ကိုင်တွယ်ရခက်ခဲပြီး တစ်ယောက်ယောက်က တစ်ချိန်လုံး စောင့်ကြည့်နေရမည့်ပုံပေါ်သည်။ နောက်ဆုံးတွင် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် လှေပေါ်တွင် အကြာကြီးတင်မထားရဲပေ။

ကျန်းကျိုးက သူ့၏အတွေးများကို ဦးလေးယွိအား ပြောပြနေခဲ့ပြီး ဦးလေးယွိက "မင်းက ဘာလို့ ဒီလိုတွေပြောနေတာလဲ ကောင်လေးရဲ့။ ငါက မင်းကို အပြစ်ပြောမှာ မဟုတ်ပါဘူး"

ထိုအချိန်တွင် ကျန်းကျိုးက အိုးကို ရွှေ့ရသောကြောင့် မောပန်းနွမ်းနယ်နေကာ လှေနံဘေးကို မှီထိုင်ပြီး အသက်ကိ ပြင်းပြင်းရှုသွင်းနေရသည်။ ထိုအချိန်ခရီးသွားက တကယ်ပဲ သူ့ခန္ဓာကိုယ်ကို အားနည်းသွားစေသည်ဟု တွေးနေခဲ့သည်။

ဒီကောင် ဒီတစ်နှစ်အတွင်း လေ့ကျင့်ခန်းတောင် လုပ်ဖြစ်ရဲ့လား မသိဘူး။

ဦးလေးယွိ၏စကားကို ကြားလိုက်ချိန်တွင် ကျန်းကျိုးက ရေပြင်နှင့် တောင်တန်းများကို လှမ်းကြည့်နေရင်း ပြုံးနေကာ "ကျွန်တော် လူတွေကို ရိုးရိုးသားသားပဲ ဆက်ဆံချင်တယ်၊ စီးပွားရေးလုပ်တဲ့အခါမှာလည်း ရိုးသားချင်တယ်။ လူတွေက စီးပွားရေးလောကမှာ သားအဖတောင် မရှိဘူးလို့ ပြောကြတယ်။ အရင်းနှီးဆုံး ဆွေမျိုးတွေကိုတောင် စိတ်နှလုံးအကြွင်းမဲ့ မအပ်နှင်းနိုင်ကြတာက အရမ်း ဝမ်းနည်းစရာကောင်းတယ်လေ”

ဦးလေးယွိက "ရိုးသားခြင်း" ဟူသော စကားလုံးကို သေသေချာချာ ရေရွတ်လိုက်ပြီး “ကျစ်”ခနဲ စုတ်သတ်လိုက်ကာ "ဟုတ်တယ်၊ ဘာပဲဖြစ်ဖြစ် ရိုးသားဖို့တော့ လိုသေးတာပဲ မဟုတ်လား? ဒါပေမယ့် မင်း တခြားသူတွေထက် ပိုပြီး ပွင့်ပွင့်လင်းလင်း နေထိုင်လို့ရတယ်။ တခြားသူတွေကို အလွယ်ယုံလို့တော့ မရဘူး။ အယုံလွယ်ရင် အချိန်ကြာတာနဲ့အမျှ မင်းရဲ့ဖြူစင်တဲ့ စိတ်ထားကို ထိန်းသိမ်းဖို့ ခက်ခဲလာလိမ့်မယ်"

ကျန်းကျိုးက ထိုစကားကို သူ့စိတ်ထဲမှ လုံးဝသဘောမတူဘဲ ခေါင်းယမ်းလိုက်သည်။

သူ့မှာ ဖြူစင်တဲ့ နှလုံးသား ရှိနေတုန်းပဲ။ သူ့နှလုံးသားကို ဝမ်ရန်ကို ပေးလိုက်ရုံနဲ့ ဝမ်ရန်က သူကို "ယုံကြည်မှု" ဆိုတဲ့ စကားလုံး ပြန်သင်ပေးခဲ့တယ်။ ဝမ်ရန်ကသူနဲ့အတူ နာကျင်မှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ နှစ်ပေါင်းများစွာ လက်ခံဖို့တောင် မကြောက်ခဲ့ဘူး။

မြို့ထဲတွင် စောစောစီးစီး စျေးဝယ်ထွက်လာသည့်သူများ အများကြီး ရှိနေပြီး ကျန်းကျိုး၏ဆိုင်တွင် ကြက်ဥမုန့်ဝယ်လေ့ရှိသူများက သူ့ကို နှုတ်ဆက်နေကြသည်။

"ဟေး ကျန်းတာ့ မင်း ကြက်ဥမုန့် ရောင်းဖို့ ‌ရောက်လာတာလား?"

သို့သော်လည်း ကျန်းကျိုး၏နောက်မှ အိုးကြီးကို တွေ့သွားချိန်တွင် ထိုလူက အံ့အားသင့်သွားပုံရပြီး "ဟေး ဒါဘာလဲ၊ မင်းမှာ ဘာလို့ မုန့်ပေါင်းအိုးပါမလာရတာလဲ?"

ကျန်းကျိုးက မီး မွှေးရန် အလျင်စလို မလုပ်ဘဲ ထိုလူနှင့် ခဏတာ စကားစမြည် ပြောရန် ဆုံးဖြတ်လိုက်ကာ "ကျွန်တော် အလုပ်ပြောင်းလိုက်ပြီ။ အခု ရာသီဥတုက ပိုအေးလာပြီ။ တော်တော်များများက ဟင်းရည်ပူပူလေးကို ကြိုက်ကြမယ်လို့ ကျွန်တော် ထင်တယ်၊ ဒါကြောင့် ကွမ်တုန်းကျူ ပြောင်းလုပ်ထားတာ"

ထိုလူက ကျန်းကျိုး၏ ကြက်ဥမုန့်ကို ပုံမှန်ဝယ်လေ့ရှိသည့် စားသုံးသူ ဖြစ်သည်။ သူက ကြက်ဥမုန့်၏ ချိုမြိန်သောအရသာကို ပြန်တွေးမိသွားပြီး အနည်းငယ် စိတ်မကောင်းဖြစ်သွားပုံရသည်။

“ဘာလို့ ကြက်ဥမုန့် ထပ်မလုပ်တော့တာလဲ? ငါ စားလို့တောင် မဝသေးဘူး"

ကျန်းကျိုးက ပြုံးလိုက်ပြီး "အဲဒါကို ကျွန်တော် ထပ်လုပ်မှာ မဟုတ်တော့ဘူး၊ ဒါပေမယ့် တခြားတစ်ယောက်ယောက်က အဲဒါတွေကို လုပ်လိမ့်မယ်၊ ရက်ပိုင်းအတွင်း ပြန်စရောင်းတော့မှာပါ"

ထိုလူက အံ့ဩသွားပြီး "ဒါကို တခြားသူလုပ်မှာလား? အရသာက အတူတူပဲလား?"

ကျန်းကျိုးက ခေါင်းညိတ်လိုက်ပြီး "အရသာအတွက် ကျွန်တော် အာမခံပါတယ်။ အဲဒါက မုန့်လုပ်နည်းအတူတူပဲဆိုတော့ အရသာ အတူတူပဲ ဖြစ်မှာပါ"

ထိုလူက စိတ်သက်သာရာရသွားခဲ့သည်ေလည်း သူ ပြန်တွေးကြည့်လိုက်ချိန်တွင် တစ်ခုခု လွဲနေကြောင်း သတိပြုမိသွားခဲ့သည်။

ကျန်းကျိုးက ဘာကို ဆိုလိုချင်တာလဲ? သူက တခြားတစ်ယောက်ကို မုန့်လုပ်နည်း ပေးလိုက်တာလား??

ထိုမုန့်လုပ်နည်းအတွက် ပိုက်ဆံမည်မျှရခဲ့သည်ကို သူ မသိနိုင်သော်လည်း ကြက်ဥမုန့်အပေါ် လူကြိုက်များမှုကို ကြည့်လျှင် ၎င်းက မိသားစုမျိုးဆက်များစွာကို လက်ဆင့်ကမ်းပေးပြီး မိသားစုကို ထောက်ပံ့ပေးနိုင်မည့် စီးပွားရေး ဖြစ်ကြောင့် သေချာနေခဲ့သည်။

ကျန်းကျိုးက အဲဒါကို သူများဆီ ပေးခဲ့တာလား?

ကျန်းကျိုးက ပြုံးပြီး ဘာမှမပြောတော့သည်ကို တွေ့လိုက်သောကြောင့် ထိုလူက သက်ပြင်းသာချလိုက်တော့သည်။

ဒီကောင်က တကယ်မိုက်မဲတာပဲ၊ အဲ့လို အရေးကြီးတဲ့အရာကို ဘာလို့ တခြားတစ်ယောက်ဆီပေးခဲ့တာလဲ? ငါ တကယ်ကို နားမလည်နိုင်တော့ဘူး။

အခြားလူတစ်ယောက်ကတော့ ကျန်းကျိုး၏ဆိုင်ကို ကြည့်ကာ အနည်းငယ် စူးစမ်းချင် စိတ်ဖြစ်လာပြီး ရဲရဲရင့်ရင့် ဝင်ထိုင်လိုက်သည်။

"ငါ့ကိုလည်း စားစရာတစ်ပိုင်းလောက် ပေးပါဦး!"

ကျန်းကျိုးက "အင်း" ဟုပြောကာ မီးသွေးအမြန်ထည့်နေရင်း “ခဏတော့ စောင့်ပေးပါဦး”

သိပ်မကြာခင်မှာပင် ဟင်းရည်ပူပူမှ အငွေ့များက လူးလိမ့်တက်လာပြီး ဟင်းရည်၏မွေးပျံပျံရနံ့က မနက်ခင်း၏လေပြေအတူ လမ်းတစ်လျှောက် ပျံ့လွင့်သွားတော့သည်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment