အခန်း ၈ ချမ်းသာဖို့ ဒုတိယခြေလှမ်း
နောက်တစ်နေ့ မနက်တွင် ကျန်းကျိုးက အိပ်ရာမှ စောစောထလိုက်ပြီး ကြက်ဥမုန့်များကို လုံလုံလောက်လောက် ပေါင်းထားလိုက်သည်။ ထိုကိတ်မုန့်က အရသာရှိသော်လည်း စားပြီးလျှင် အလွယ်တကူ ရေငတ်စေသည့်အတွက် ပူစီနံရွက်ထည့်ထားသည့် ရေနွေးတစ်စည်ကိုလည်း ကြိုတင်ပြင်ဆင်ထားလိုက်သည်။ ဦးလေးယွိ ရောက်လာချိန်တွင် နှစ်ယောက်သား ပစ္စည်းများကို လှေပေါ်သို့ ရွှေ့လိုက်ကြသည်။
ဦးလေးယွိကလည်း ဤလုပ်ငန်းအတွက် ပြင်ဆင်မှုများ ပြုလုပ်လာသည်ကို သူ တွေ့မြင်လိုက်ရသည်။ ဦးလေးယွိထံတွင် လှေနှစ်စီးရှိပြီး တစ်စီးက လူသုံးယောက်မှ ငါးယောက်အထိ စီးနိုင်သော လှေငယ်လေး ဖြစ်ကာ နောက်တစ်စီးက လူငါးယောက်မှ ဆယ်ယောက်အထိ စီးနိုင်သော လှေအကြီး ဖြစ်သည်။ ဈေးနေ့ သို့မဟုတ် အထူးပွဲလမ်းဘဘင်များ မရှိပါက ဦးလေးယွိက သူ့၏လှေအကြီးများကို အသုံးပြုရန် ခဲယဥ်းလှသည်။ သို့သော်လည်း ယနေ့တွင် သူက စားသောက်ရန်နေရာလေးတစ်ခု ရှိစေရန် နေရာအလုံအလောက် ကျယ်သော လှေကြီးကို ထုတ်ယူလာခဲ့သည်။ လှေပေါင်းမိုးကိုလည်း သန့်ရှင်းရေးလုပ်ထားပြီး မူလက ဘာမှ မရှိသောနေရာတွင် ဦးလေးယွိက သစ်သားစားပွဲအသေးလေးတစ်လုံး ချထားပြီး ဘေးဘက်တွင် သေတ္တာနှစ်လုံး ရှိနေသည်။ ထိုသေတ္တာနှစ်လုံးက ကြက်ဥမုန့်များ တင်ထားရန် သင့်တော်လှသည်။
လှေပေါ်ရှိ အရာများက ရေလှိုင်းများကြောင့် သို့မဟုတ် လှေလှုပ်ခြင်းကြောင့် ဘေးတိုက်မရွေ့စေရန် ထောင့်လေးထောင့်တွင် သံမှိုများရိုက်ထားကာ ထိန်းချုပ်ထားခဲ့သည်။
ကျန်းကျိုးက ဤလုပ်ငန်း အဆင်သင့်ဖြစ်နေပြီဟု တွေးကာ ကိတ်မုန့်ပွများ ရောင်းကောင်း မကောင်း သိချင်တာကြောင့် ဦးလေးယွိ၏လှေပေါ်သို့ တက်ကာ သူနှင့်အတူ လိုက်ပါသွားခဲ့သည်။ နှစ်ယောက်သား ဖျင်ဟယ်ရွာမှ ခရီးသည်များကို ကြိုရန် ထွက်လာခဲ့ကြသည်။
ထိုရွာက သူတို့၏ပျဲရှန့်ရွာနှင့် သိပ်မဝေးသောကြောင့် သူတို့က အချိန်ခဏလေးအတွင်း ထိုရွာသို့ ရောက်ရှိသွားကြသည်။ လှေဆိပ်မှ တံတားပေါ်တွင် အမျိုးသမီးတစ်ဦး ရပ်နေပြီး သူမက ခြောက်နှစ်သားကလေးတစ်ယောက်အား လက်ဆွဲထားသည်ကို မြင်နေရသည်။ သူတို့ နီးကပ်လာချိန်တွင် သူမ၏နောက်ကျောပေါ်၌ နောက်ထပ်ကလေးငယ်တစ်ယောက်ကို ကျောပိုးထားကြောင်း သိလိုက်ရသည်။
သူမက လှေပေါ်တက်လာပြီး ဦးလေးယွိက သူမကို လှမ်းမေးလိုက်သည်။
“ချင်ရှီ၊ ဘယ်သွားမလို့လဲ?”
(ချင်- မျိုးရိုးအမည်၊ ရှီ- အိမ်ထောင်သည်အမျိုးသမီးတွေကို ခေါ်တဲ့အခေါ်ပါ)
ချင်ရှီက ငယ်ရွယ်သေးသော်လည်း သူမ၏ဆံပင်ကို ဆံထုံး ထုံးဖွဲ့ထားသောကြောင့် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးဖြစ်မှန်း သိသာနေသည်။ ကျန်းကျိုးကဲ့သို့ လူငယ်တစ်ယောက်ကို တွေ့လိုက်ရချိန်တွင် သူမပ အနည်းငယ် သတိထားသွားပုံရပြီး အပြင်ဘက်တွင် ထိုင်ရန် ရွေးချယ်လိုက်သည်။ ထို့နောက် သူမက သူမသားအကြီး၏အဝတ်များကို သေသပ်အောင် ပြန်ဆင်ပေးရန် ခေါင်းငုံ့ထားရင်း ဦးလေးယွိ၏မေးခွန်းကို ပြန်ဖြေလိုက်သည်။
"ယွီရှန်းမြစ်ဝကို သွားပြီး အမေကို သွားကြည့်မလို့"
ကလေးက လေထဲမှ မွှေးပျံ့သောရနံ့ကို ရှူရှိုက်လိုက်ပြီး သူ့၏လက်ချောင်းလေးကို ကိုက်ကာ အတွင်းသို့ ချောင်းကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူက တံတွေးမျိုချလိုက်ပြီး အသံတိုးတိုးဖြင့် "အမေ၊ အနံ့က အရမ်းကောင်းတယ်"
ချင်ရှီက သူမ၏ကလေးထက် အရင် အနံ့ခံမိသော်လည်း မေးရန် ရှက်ရွံ့နေခြင်း ဖြစ်သည်။ ယခု သူမ၏သားက ပြောလိုက်သောကြောင့် သူက မေးရန် သတ္တိရှိသွားပြီး “ဦးလေးယွိ၊ ဒီလှေပေါ်မှာ ဘာတွေ တင်လာခဲ့တာလဲ? အနံ့က ဘာလို့ ဒီလောက် မွှေးနေရတာလဲ?"
ဦးလေးယွိ “ဒါက ဒီလူငယ်လေး လုပ်ထားတဲ့ မုန့်တွေကို တင်လာခဲ့တာပါ။ ဒီလှေပေါ်မှာ ရောင်းမလို့။ ချင်ရှီ၊ မင်း ကြည့်ချင်လား?"
ကျန်းကျိုးက သူမတို့ မြည်းစမ်းကြည့်နိုင်ရန်အတွက် ကြက်ဥမုန့်တစ်ပန်းကန်ကို ပေးလိုက်ပြီး "ဒါကို အလကား မြည်းစမ်းကြည့်လို့ ရပါတယ်"
ကလေးက တစ်ခု လှမ်းယူရန် ပြင်လိုက်သော်လည်း ချင်ရှီက သူ့ကို စိုက်ကြည့်နေသောကြောင့် ကလေးက သူ့အမေကို ကူကယ်ရာမဲ့ ကြည့်နေရုံသာ တက်နိုင်တော့သည်။ ချန်ရှီက မုန့်ကို အပိုင်းသေးသေးလေးကို ဖဲ့ယူလိုက်ပြီး မြည်းကြည့်လိုက်သည်။ နူးညံ့သော ကြက်ဥမုန့်က သူမ၏ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး အရသာကလည်း တကယ်ကောင်းမွန်းကြောင်း သူမ ချက်ချင်း သိလိုက်သည်။ သူမ၏မိသားစုက အခြေအနေ မဆိုးဘဲ သူမကလည်း သန်မာသည့် မုဆိုးတစ်ယောက်နှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက ကောင်းမွန်သောဘဝဖြင့် နေထိုင်နိုင်ခဲ့သော်လည်း နှစ်သစ်ကူးတွင်သာ ထိုကဲ့သို့သောမုန့်မျိုးကို စားခဲ့ရပြီး ထိုအရာများက မာကျောကာ ဆီလည်း များလွန်းးလှသည်။ သူမ ယခု စားလိုက်ရသော မုန့်နှင့် လုံးဝ ယှဉ်လို့မရပေ။
ချင်ရှီက ထိုအရသာကို စွဲလမ်းသွားပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းမှ ချိုမြိန်သော အရသာကို လျှာဖြင့်သပ်ယူလိုက်ကာ “ဒီမုန့်ရဲ့နာမည်ကို ဘယ်လိုခေါ်လဲ? ဘယ်လောက်နဲ့ ရောင်းမှာလဲ?"
ကျန်းကျိုးက အနည်းငယ် ပြုံးလိုက်ပြီး "ဒါကို ကြက်ဥမုန့်ပွ လို့ခေါ်ပါတယ်၊ တစ်လုံးကိုမှ သုံးဝမ်ပါပဲ"
“သုံးဝမ်လား?”
ချင်ရှီက အနည်းငယ် ချီတုံချတုံ ဖြစ်သွားခဲ့သည်။ သူမက ထိုငွေသုံးဝမ်ကို တတ်နိုင်သော်လည်း မုန့်တစ်ခုအတွက် သုံးဝမ် သုံးရခြင်းက သူမအတွက် အလွန်များသည်ဟု ခံစားနေရသည်။
သားဖြစ်သူက သူ့အမေ ချီတုံချတုံဖြစ်နေသည်ကို မြင်သွားပြီး စိုးရိမ်တကြီးဖြင့် “အမေ၊ စားချင်တယ်”
ချင်ရှီက သူမ၏သားကို စိုက်ကြည့်လိုက်ပြီး “စား၊ စား... စားတာကလွဲရင် မင်း ဘာသိလဲ?"
ထို့နောက် သူမက ကျန်းကျိုးကို ပြုံးပြလိုက်ပြီး "တောင်ပန်းပါတယ်၊ ဒီကလေးက အရမ်းဆူညံလွန်းတယ်၊ ငါ မင်းကို ရယ်အောင် လုပ်လိုက်မိပြီ"
သူမက ခေါင်းငုံ့ကာ ခဏလောက် စဉ်းစားနေပြီးမှ နောက်ဆုံးတော့ အထည်အိတ်လေးကို ဆွဲထုတ်လိုက်ပြီး ငွေခြောက်ဝမ်ကို ရေတွက်ကာ "လူငယ်လေး၊ ငါ ဒီမုန့်နှစ်လုံး ဝယ်လိုက်မယ်"
နောက်ဆုံးတွင် သူမက မှန်မှန်ကန်ကန် တွေးတောလိုက်ခြင်း ဖြစ်သည်။
အခု သူမက အိမ်ကို ပြန်ပြီး မိဘတွေဆီကို သွားရောက်လည်ပတ်မှာလေ။ ဒါပေမယ့် မိဘတွေအတွက် လက်ဆောင်တွေ မယူလာခဲ့မိဘူး။ ဒီလိုမျိုး ဆန်းသစ်တဲ့ မုန့်တွေကို ပြန်ယူသွားတာက သူမအတွက် ပိုကောင်းလိမ့်မယ်၊ ဒါမှ မိဘအိမ်က သူမအစ်ကိုရဲ့ဇနီးဖြစ်တဲ့ သူမယောင်းမက သူမ မိဘအိမ်ပြန်လာပြီး အမြဲတမ်း အခွင့်ကောင်းယူတယ်လို့ တွေးတာကို ရပ်ပြီး သူမကို မထီမဲ့မြင်ပြုတာမျိုး မလုပ်တော့မှာလေ။ ဗူးထဲက ကြက်ဥမုန့်ကို ကြည့်လိုက်တော့လည်း တော်တော်လေးကြီးတယ်။ သူမရဲ့မိဘအိမ်အတွက် ဒီကြက်ဥမုန့်တစ်လုံး ပေးခဲ့ပြီး နောက်တစ်လုံးကို သူမရဲ့ခင်ပွန်းနဲ့ ကလေးနှစ်ယောက်အတွက် ပြန်ယူသွားရမယ်။
ကျန်းကျိုးက ကြက်ဥမုန့်နှစ်လုံးကို ထုပ်ပိုးပြီး သူမကို လှမ်းပေးလိုက်ရင်း "ဒီကိတ်မုန့်က အရမ်း နူးညံ့ပျော့ပျောင်းတယ်၊ ခင်ဗျားရဲ့နောက်ကျောက ကလေးကိုတောင် ကျွေးလို့ရတယ်။ ဒါပေမယ့် မနင်အောင်တော့ ဂရုစိုက်ပေးပေါ့၊ နို့နဲ့ ဖျော်ပြီးကျွေးရင်တော့ ပိုကောင်းတယ်။ နို့မရှိရင်လည်း ရေနွေးလေးနဲ့ စိမ်လိုက်ရင် ပိုအဆင်ပြေတယ်”
ချင်ရှီက ကျန်းကျိုး၏အကြံပေးမှုကြောင့် သူ့ကို ချီးကျူးကာ ကျေးဇူးတင်စကား ပြောပြီးနောက် စကားစမြည် ပြောခြင်းကို ရပ်တန့်လိုက်သည်။ သူတို့က ယွီရှန်းမြစ်ဝသို့ ရောက်သွားပြီး ချင်ရှီက သူတို့ကို နှုတ်ဆက်ကာ သူမ၏ကလေးများနှင့်အတူ သူမအမေအိမ်သို့ ထွက်သွားခဲ့သည်။
ချင်ရှီက သူမတို့ ရွာသို့ ရောက်လာခဲ့ပြီး ရွာအဝင်ဝ သစ်ပင်ကြီးအောက်တွင် စောင့်နေသော သူမ၏အမေကို တွေ့လိုက်ရသည်။ သူမ လာနေသည်ကို မြင်သောအခါ သူမ၏အမေက သူမဆီသို့ ခပ်မြန်မြန် လျှောက်လာပြီး "ဘယ်လိုနေလဲ? လှေပေါ်မှာ ခေါင်းမူးနေသေးလား? ဗိုက်ရော ဆာနေသေးလား?"
အမေချင်၏ သူမသမီးအတွက် စိတ်ပူပန်မှုက ချင်ရှီကို ရယ်မောစေခဲ့သည်။ ချင်ရှီက “အမေ၊ သမီးတို့ ခဏလေးပဲ စီးရတာပါ။ မနက်စာ စားပြီးမှ ထွက်လာတာကို ဘယ်လိုလုပ်ပြီး ဗိုက်ဆာမှာလဲ?"
အမေချင်က စိတ်သက်သာရာရသွားပြီး သူမ၏မြေးကို ကြည့်ကာ "ငါ့ရဲ့မြေးလေးရော.. ဘယ်လိုလဲ ဗိုက်ဆာနေပြီလား?"
ရှောင်ကျူးက သူ့၏အဖွားကို ကြည့်လိုက်ပြီး အနည်းငယ် ဝမ်းနည်းနေသည့်အမူအရာလေးဖြင့် "အဖွား၊ အမေက မုန့် မစားခိုင်းဘူး"
"ဘယ်လို မုန့်လဲ? အဖွားကို ပြောလေ၊ အဖွား ဝယ်ပေးမယ်"
မြေးအဖွားနှစ်ယောက် စကားပြောနေရင်း အမေချင်က သူမ၏သမီးနှင့် မြေးများကို အိမ်သို့ ပြန်ခေါ်လာခဲ့သည်။
“အမေ၊ ဘာမှ မဟုတ်ပါဘူး၊ သမီး ဒီမုန့်ကို ဦးလေးယွိရဲ့လှေကနေ ဝယ်လာခဲ့တယ်။ သမီး မြည်းကြည့်တာ အရသာကောင်းလို့ နှစ်လုံးဝယ်လာခဲ့တယ်။ အမေလည်း ခနနေရင် မြည်းကြည့်လို့ ရတယ်"
"မင်းတို့ လာရင် ရပြီလေ၊ ဘာတွေ ယူလာသေးတာလဲ?" အမေချင်က အလွန်ပျော်ရွှင်သွားခဲ့သည်။
အိမ်ထောင်ကျသွားတဲ့သမီး ဖိတ်ကျသွားတဲ့ရေနဲ့ တူပြီး ဘယ်တော့မှ ဘာမှ ပြန်မရနိုင်တော့ဘူးလို့ လူတိုင်းက ပြောကြတယ်။ ဒါပေမယ့် သူမရဲ့သမီးကတော့ သူမကို ကောင်းကောင်း ဆက်ဆံပြီး ပစ္စည်းတွေနဲ့အတူ မကြာခဏ အိမ်ပြန်လာတာတယ်။ သူမရဲ့သမီးကို ပြုစုပျိုးထောင်ပေးခဲ့ရတာက တန်တယ်။
အိမ်ထဲသို့ ဝင်လိုက်ချိန်တွင် ချင်ရှီက ခန်ပေါ်တွင် ပန်းထိုးနေသည့် သူမ၏ယောင်းမကို တွေ့လိုက်ရပြီး သူမ၏ယောင်းမက သူမကို ပြုံးရုံသာပြုံးပြပြီး သူမ၏အလုပ်ကို ဆက်လုပ်နေခဲ့သည်။
အမေချင်က ထိုအမူအရာကို မကြိုက်သော်လည်း ဘာမှ မပြောဘဲ ချင်ရှီကို လှည့်ကြည့်လိုက်ပြီး အနားယူရန် ပြောလိုက်သည်။ "ထိုင်ကြဦး၊ မနေ့တုန်းက မင်းအဖေက ဈေးကနေ ကန်စွန်းဥတွေ ဝယ်လာပေးတယ်။ အားလုံးက ကြီးပြီး ချိုတယ်၊ ငါ အဲဒါတွေကို မင်းတို့ အတွက် ပြုတ်ပေးထားတယ်။ ငါ ခုနမှ မီးဖိုပေါ်က ချထားလို့ ပူနေတုန်းပဲ"
"အိုး... ဒီတခေါက်တော့ နင်က အိတ်အပြည့်နဲ့ ပြန်လာတာပဲ" အမေချင် သူမတို့ကို ထားသွားသည်နှင့် တပြိုင်နက် ချင်ရှီ၏ယောင်းမက သူမကို လှမ်းပြောလိုက်သည်။ အိတ်ဆိုသည်က သူမ၏ကလေးများကို ရည်ညွှန်းနေခြင်း ဖြစ်သည်။
ချင်ရှီက ယောင်းမဖြစ်သူ၏ မကောင်းသော စရိုက်ကို သိနေသောကြောင့် သူမကို ဒေါသမထွက်တော့ဘဲ လျစ်လျူရှုလိုက်ပြီး သူမ၏သားငယ်လေးကို ကျီစယ်နေခဲ့သည်။ သူမက ဘာမှ ပြန်မပြောသောကြောင့် သူမ၏ယောင်းမက သူမကို ဘာမှ ဆက်မပြောနိုင်တော့ဘဲ ဒေါသတကြီးဖြင့် သူမ၏လက်ထဲမှ အပ်နှင့် ချည်ကို လွှင့်ပစ်လိုက်ရတော့သည်။
ကံမကောင်းစွာသော သူမ၏ခင်ပွန်းဖြစ်သူ ချင်တျဲက လယ်ကွင်းထဲမှ ပြန်ရောက်လာပြီး သူ အထဲသို့ ဝင်လိုက်သည်နှင့် စူပူကြိမ်းမောင်း ခံလိုက်ရသည်။ “ကျွန်မ ရှင့်ကို ဘယ်နှစ်ခါ ပြောရမှာလဲ? အိမ်ထဲ ဝင်မလာခင် ခြေထောက်ကို အရင်ဆေးရမယ်ဆိုတာကို မသ်ဘူးလား? ရှင့်ရဲ့ညစ်ပတ်နေတဲ့ ဖိနပ်တွေကို ကြည့်လိုက်ဦး ဘာလို့ ကျွန်မရဲ့စကားကို နားမထောင်တာလဲ?”
ချင်ထျဲက အလွန်ရိုးသားသူဖြစ်ပြီး သူမ၏ လျှို့ဝှက်စကားလုံးများကို မကြားနိုင်ပေ။ ဇနီးဖြစ်သူက သူ့ကို ဆူပူကြိမ်းမောင်းနေသည်ကိုပင် သူက စကားပြန်မပြောဘဲ တံခါးကို ကျောပေးကာ သန့်ရှင်းရေးလုပ်ရန် ထွက်သွားခဲ့သည်။
ချင်ရှီ၏ယောင်းမကလည်း သူ့၏နာခံမှုကြောင့် ဘာမှ ဆက်မပြောနိုင်ဘဲ တံခါးဝတွင် ထိုင်နေလိုက်ရသည်။
"စားပြီးပြီလား" ချင်ထျဲက နောက်တစ်ကြိမ် ပြန်ဝင်လာပြီး သူ့ညီမကို မေးလိုက်သည်။
ချင်ရှီက ခေါင်းညိတ်လိုက်ပြီး ကြက်ဥမုန့်ကို သူမ၏အစ်ကိုထံသို့ လှမ်းပေးလိုက်သည်။ သူတို့ အဖေနှင့် အမေလည်း ရောက်ရှိလာချန်တွင် ချင်းတျဲက ဆီစိမ်စက္ကူကို ဖွင့်လိုက်ပြီး ကြက်ဥကိတ်မုန့်ကို လှီးဖြတ်ကာ လူတိုင်း အရသာခံနိုင်ရန်အတွက် တစ်ပိုင်းစီ ဝေပေးလိုက်သည်။
အရသာက ကောင်းမွန်လွန်းသောကြောင့် လူတိုင်း အံ့အားသင့်သွားကြပြီး ချင်ရှီ၏ယောင်းမက အနည်းငယ် ရှက်နေသော်လည်း ချင်ရှီ၏အနားသို့ ကပ်လာပြီး "ညီမလေး၊ မုန့်ရှိသေးလား?"
ချင်ရှီ၏ယောင်းမကလည်း နှစ်ရက်အတွင်း သူမ၏မိဘအိမ်သို့ ပြန်သွားရန် စီစဥ်ထားသောကြောင့် ဤမုန့်ကို ပြန်ယူသွားလျှင် မဆိုးဘူးဟု တွေးနေခဲ့သည်။ ကိတ်မုန့်များကို မြည်းစမ်းကြည့်ပြီးနောက် အရသာက ကောင်းမွန်ပြီး နူးညံ့အောင် ပြုလုပ်ထားသည်ကို တွေ့ရှိရသောကြောင့် သူမ၏မိဘများထံ ပြန်ယူသွားချင်မိသည်။ သို့သော် သူမက ယောင်းမဖြစ်သူကို ရွဲ့စောင်းထားမိသည့်အတွက် ယခု မေးရန် အနည်းငယ် ရှက်နေမိသည်။ ကံကောင်းထောက်ဖြင့် ချင်ရှီက စိတ်သဘောထားကြီးသူ ဖြစ်ပြီး သူမ၏အမေကို ထိုအကြောင်း သေသေချာချာ ပြောပြခဲ့သည်။
ထို့ကြောင့် ချင်ရှီ၏ယောင်းမက ကျန်းကျိုးနှင့် ကြက်ဥမုန့်များကို သိသွားခဲ့ပြီး တိတ်တဆိတ် မှတ်ထားလိုက်သည်။
....။...။....
တဖက်တွင် ကျန်းကျိုးက ဖောက်သည်များ၏အကျိုးဆောင်မှုဖြင့် သူ့၏ကိတ်မုန့်များကို လူတစ်ဦးမှ လူဆယ်ဦးဆီသို့ ဖြန့်ဝေနိုင်ရန် မျှော်လင့်ထားခဲ့ပြီး လျင်မြန်စွာ ပျံ့နှံ့မည်မဟုတ်သည်ကိုလည်း သူ သေသေချာချာ နားလည်နေခဲ့သည်။ ထို့ကြောင့် သူက နေ့တစ်ဝက်လောက် လှေနောက်သို့ လိုက်ပါပြီးချိန်တွင် ရောင်းအား မဆိုးသည်ကို တွေ့လိုက်ရသောကြောင့် လှေပေါ်တွက် ဆက်မထိုင်တော့ဘဲ ကိတ်မုန့်တစ်ထုပ်ကို ယူကာ သူ့ဇနီးအိမ်ဆီ သွားခဲ့ပြီး ဝမ်မိသားစု၏တံခါးကို နောက်တစ်ခါ သွားခေါက်လိုက်သည်။
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟