no

Font
Theme

အခန်း ၁၈ အစီအစဥ်အသစ်

အခြားအစီအစဉ်များနှင့်ပတ်သက်လျှင်တော့ ကျန်းကျိုးက သူတို့ကို ထုတ်ပြောပြီး ကြွားဝါခြင်းမျိုး မလုပ်ချင်ပေ။ ကိတ်မုန့်များက နှစ်လိုဖွယ်ကောင်းပြီး စားချင်စိတ်ကို စွဲဆောင်နိုင်သော်လည်း ၎င်းတို့က မရှိမဖြစ် လိုအပ်သည့် စားစရာတော့ မဟုတ်ပြန်ပေ။ ၎င်းတို့က ဆောင်းဦးရာသီ ရိတ်သိမ်းပွဲတော်ကဲ့သို့သော ပွဲလမ်းသဘင်များတွင် တစ်ခါတရံ ရောင်းချခြင်း နှင့် ဖုန့်ထိုက်လက်ဖက်ရည်အိမ်ကဲ့သို့သော သီးသန့်နေရာများတွင် ရောင်းချခြင်းကသာ ၀ယ်လိုအား မြင့်မားစေနိုင်သည်။

လူအများက ယေဘူယျအားဖြင့် သူတို့၏နေ့စဉ်အစားအစာများအကြောင်းကိုသာ တွေးလေ့ရှိပြီး အဆာပြေမုန့်နှင့် ချိုမြိန်သောအရာများအတွက် ပိုက်ဆံသုံးရန် ခဲယဥ်းလှသည်။ သာမန်အိမ်ထောင်စုများကလည်း ၀င်ငွေ များများစားစား မရှိကြဘဲ ထိုကဲ့သို့သောစားစရာများကို စားရန်ဆန္ဒရှိနေသည့်တိုင် မဝယ်နိုင်ကြပေ။

ကျန်းကျိုးအနေဖြင့် အခြားမြို့များ သို့မဟုတ် ပိုကြီးသောမြို့များသို့ ကြက်ဥမုန့်များကို ကြော်ငြာပြီး စျေးကွက်ချဲ့ထွင်နိုင်သော်လည်း လောလောဆယ်တွင် လိုအပ်သောအရင်းအမြစ်များနှင့် ပံ့ပိုးကူညီနိုင်မည့်သူက နည်းပါးလွန်းနေသေးသည်။ ၎င်းက သူ တစ်ယောက်တည်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည့်အရာလည်း မဟုတ်ပြန်ပေ။ လက်ရှိတွင် သူထံ၌ အခြေခံလိုအပ်ချက်များ ဖြစ်သည့် ပါဝင်ပစ္စည်းများ၊ မုန့်ဖုတ်ရန် အသုံးအဆောင်ပစ္စည်းများ၊ ငွေကြေးနှင့် လူအင်အား စသည်တို့ တစ်ခုမှ မပြည့်စုံနေပေ‌။

သူ တစ်ယောက်တည်းဖြင့် မြင့်မားသောဝယ်လိုအားကို ဖြည့်ဆည်းရန် လိုအပ်သော မုန့်အလုံးရေ ထောင်ပေါင်းများစွာကို မထုတ်လုပ်နိုင်ပေ။ အခြားသူများကို ကူညီခိုင်းရန် သူ တွေးခဲ့ဖူးသော်လည်း ထိုအရာက အလွန်ခက်ခဲမည်ဟု အဖြေထွက်လာပြန်သည်။ အဓိကအားဖြင့် သူ့ပတ်ဝန်းကျင်မှ လူများက လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး ၎င်းတို့၏ လက်ရှိအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွင် ကျင့်သားရနေကြပြီ ဖြစ်သည်။ အလုပ်သစ်ပြောင်းရန်က သူတိုအတွက် သိသာထင်ရှားသော စိန်ခေါ်မှုတစ်ခု ဖြစ်ပြီး လိုက်လျောညီထွေ မလုပ်နိုင်ပါက မုန့်လုပ်ငန်းက သူတို့အတွက် အန္တရာယ်များမည်ဟု သူတို့ တွေးကြမည် ဖြစ်သည်။ ထိုအတွေးက လူအများစုက တွန့်ဆုတ်စေနိုင်သည်။

ထို့အပြင် သူအနေဖြင့် ထိုအခက်အခဲများကို ဖယ်ရှားပြီး လူတိုင်းပါဝင်သော ထုတ်လုပ်မှုအဖွဲ့တစ်ဖွဲ့ စုစည်းနိုင်လျှင်ပင် သူ့အတွက် အမြတ်အစွန်းက အနည်းငယ်မျှသာရှိကြောင်း ကျန်းကျိုး တွက်ချက်ထားပြီး ဖြစ်သည်။ အသေးစားထုတ်လုပ်သူတစ်ဦးအနေဖြင့် ငွေကြေးအမြတ်များစွာ မရနိုင်ကြောင်း အချိန်ခရီးသား၏မှတ်ဥာဏ်များမှ တဆင့် သူ သိထားပြီး ဖြစ်သည်။

အဲ့တော့ အကျိုးအမြတ် မများကြီးမရတဲ့ အလုပ်ကို သူ ဘာလို့ လုပ်ရမှာလဲ?

သူ့၏မှတ်ဥာဏ်တွင် မုန့်များလောက် အရင်းငွေနည်းနည်းဖြင့် အလွယ်တကူ အမြတ်ရနိုင်သည့် အစားအစာ မရှိသေးသောကြောင့် ယခုအချိန်တွင် ကျန်းကျိုးက မုန့်များရောင်းချနေခြင်းဖြင့် ငွေစုနေခဲ့ခြင်း ဖြစ်သည်။ များပြားလှသော ပမာဏကို စုဆောင်းနိုင်မှသာ သူ၏ အနာဂတ် အစီအစဉ်များကို အကောင်အထည်ဖော်ရန် ဘဏ္ဍာရေး အရင်းအမြစ်ကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

သူက အကန့်အသတ်ရှိသော ငွေရင်းလေးတစ်ခုဖြင့် စတင်ခဲ့ရပြီး တောဝက်မှ ရရှိသည့် ငွေအချို့က ကြက်ဥမုန့် လုပ်ရန်သာ တက်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူက ရရှိလာသော ၀င်ငွေအများစုကို စုဆောင်းထားခဲ့ပြီး ကုန်ကြမ်းဝယ်ရန် ပြန်လည်ရင်းနှီးမြှုပ်နှံခဲ့သည်။

လုတာ့လန်နှင့် သူ၏ပူးပေါင်းဆောင်ရွက်မှုကိုပင် အကြွေးဖြင့် လုပ်ဆောင်ခဲ့ရပြီး နောက်ပိုင်းမှသာ တဖြည်းဖြည်း ပြန်ဆပ်ရခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူ အမြတ်ရလာသည့်တိုင် သူ့၏ဝင်ငွေအများစုကို နေ့စဥ်စားရိတ်ကာမိအောင် သုံးစွဲနေရသေးသည်။

ဆောင်းဦးရာသီရိတ်သိမ်းပွဲသို့ ရောက်လာမှသာ သူ့ပိုက်ဆံအိတ်က အမှန်တကယ် ဖောင်းလာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လုတဲရှင်းထံမှ “နို့လက်ဖက်ရည် ဖျော်စပ်နည်း ဝယ်ယူခြင်း” နှင့် သူ့၏အကြံပေးမှုအတွက် လက်ဖက်ရည်ဆိုင်၏ အမြတ်ဝေစု ပြန်ပေးမည့်ကတိကိုလည်း ရရှိခဲ့သည်။

လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် ဝမ်ရန်က ရှောင်ယိကို ပွေ့ဖက်ထားရင်း တစ်ခုခုကို မေးချင်နေပုံရသည်။ သူက ခဏလောက် တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် "ခင်ဗျားမှာ ဘာအစီအစဉ်ရှိသေးလဲ?"

ကျန်းကျိုးက ဝမ်ရန် ထိုသို့မေးလာမည်ဟု မမျှော်လင့်ထားဘဲ အနည်းငယ် အံ့သြသွားခဲ့သည်။

ဝမ်ရန်၏ပင်ကိုစရိုက်က တခြားသူများလောက် မတက်ကြွပေ။ သူက ထက်မြက်ပြီး သူ့စိတ်ထဲတွင် အရာအားလုံးကို သိနေသော်လည်း စကားအများကြီး ပြောရသည်ကို မကြိုက်သူ ဖြစ်သည်။ ထို့အပြင် သူက ကျန်းကျိုးကို နားလည်ပေးနိုင်ဆုံးလူဖြစ်ပြီး မေးခွန်းများ မေးလေ့မရှိပေ။ သူတို့ နှစ်ပေါင်းများစွာ အတူတူ ရှိလာခဲ့ကြပြီး သူတို့အချင်းချင်း တစ်ယောက်အပေါ်တစ်ယောက်ထားသည့် နားလည်မှုများက နက်ရှိုင်းလွန်းသည်။ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် နားလည်ခန့်မှန်းနိုင်သောကြောင့် မေးခွန်းများ မေးကြခြင်းကလည်း ရှားပါးလွန်းလှသည်။

မည်သို့ပင်ဆိုစေကာမူ ယမန်နှစ်က ကျန်းကျိုးတွင် ပြောင်းလဲမှုများ ဖြစ်ခဲ့သောကြောင့် သူတို့ကြားမှ ဆက်ဆံရေးက အနည်းငယ် ပြတ်တောက်သွားခဲ့သည်။ ထို့ကြောင့် ဝမ်ရန်က အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး ကျန်းကျိုးကို ထိုသို့ မေးလိုက်ခြင်း ဖြစ်သည်။

ကျန်းကျိုးက မဖြေခင် ခဏလောက် စဉ်းစားနေခဲ့ပြီး တစ်ခုခုကို နားလည်သွားပုံဖြင့် “အင်း ကိုယ် အဲဒါကို စဉ်းစားပြီးပြီ။ ကြက်ဥမုန့်ကို ဆက်လုပ်ဖို့ စီစဉ်ထားတယ်၊ ဒါပေမယ့် ပမာဏကို ထိန်းထားဖို့တော့ တွေးထားတယ်၊ တခြားသူတွေကို မုန့်လုပ်နည်း သင်ပေးပြီး အမြတ်ငွေယူလို့လည်း ရနိုင်တယ်။ အဲ့တာက အခုလို အားသွန်ခွန်စိုက် လုပ်နေရပြီး အလုပ်ရှုပ်နေရတာထက် ပိုကောင်းလာလိမ့်မယ်”

သူ နောက်ထပ် မပြောခဲ့သော်လည်း အဓိက အကြောင်းအရင်းမှာ သူ အလုပ်ရှုပ်နေချိန်များ၌ ဝမ်ရန်ကို ကောင်းကောင်း ဂရုစိုက်နိုင်တော့မည်ကို သူ အနည်းငယ် စိုးရိမ်နေခြင်း ဖြစ်သည်။ အစားအသောက်များကို ပြုလုပ်ရခြင်းက စဉ်ဆက်မပြတ် စောင့်ကြည့်ရပြီး အာရုံစူးစိုက်မှုလည်း လိုအပ်သည်။ ထို့ကြောင့် သူ ဝမ်ရန်နှင့်အတူ ကုန်ဆုံးနိုင်မည့်အချိန်က အကန့်အသတ် ရှိလာနိုင်သည်။

တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ရတာ မလုံလောက်သေးဘဲ သူက ပြန်သွားရဦးမယ်။ သူက အခုမှ ဘေးဆိုးကြီးကနေ ပြန်လွတ်မြောက်လာခဲ့ပြီး ဝမ်ရန်ကလည်း ဒီကာလတွေအတွင်းမှာ လုံခြုံမှု ကင်းမဲ့တဲ့ ခံစားမှုကို ခံစားနေရပုံရတယ်။ အဲ့တာကြောင့် ဝမ်ရန်က သူနဲ့ ပြန်လာနေဖို့ တွန့်ဆုတ်နေခဲ့တယ်။ အဲ့ဒါကြောင့် သူက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ယုံကြည်မှုတိုးလာစေဖိုနဲ့ တည်ငြိမ်မှုခိုင်မြဲဖို့ ဝမ်ရန်ဆီမှာ အချိန်အနည်းငယ် မြှုပ်နှံထားချင်သေးတယ်။ နောင်မှာ ဝမ်ရန်ကို ပြန်ခေါ်ပြီးမှ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို စိတ်အေးလက်အေးနဲ့ ပြန်အာရုံစိုက်ဖို့ သူ ဆုံးဖြတ်ထားတယ်။

“အခု လောလောဆယ် ဒီသရေစာဆိုင်ကို ဆက်ဖွင့်ဖို့ တွေးထားတယ်။ ဒါပေမယ့် ကြက်ဥမုန့်တွေကတော့ အလုပ်မဖြစ်လောက်တော့ဘူး။ ဆောင်းရာသီက တဖြည်းဖြည်း ပိုအေးလာပြီဆိုတော့ လူတွေက ပူပူနွေးနွေး စားစရာကို စားချင်လာကြမယ်။ အဲ့တာဆိုရင် မုန့်တွေက ဆောင်းရာသီမှာ ဝယ်လိုအား ကြီးကြီးမားမား မရှိနိုင်တော့ဘူး၊ ဒါကြောင့် တခြားတစ်ခုခု လုပ်ကြည့်ရမယ်။ နှစ်သစ်ရောက်တဲ့အခါမှ မုန့်တွေ ပြန်လုပ်လို့ ရတယ်”

ကျန်းကျိုးက သူ့၏အနာဂတ် ရည်ရွယ်ချက်များကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။

ဝမ်ရန် အနည်းငယ် စိတ်ရှုပ်နေဆဲဖြစ်ပြီး "အမ်း"

ကျန်းကျိုးက ပြုံးစိစိဖြင့် "မင်း ကြက်ဥမုန့်ဝယ်ခဲ့သေးတယ်မလား?"

တကယ်တော့ ဦးလေးယွိ သူ့ကို ပြောကတည်းက သူ ဝမ်ရန်ကို စနောက်ချင်နေခဲ့တာ။ ဟိုအရင်တုန်းက သူ ဝမ်ရန်ကို စနောက်တိုင်း ဝမ်ရန်က ရှက်ရွံ့တဲ့အမူအရာလေးနဲ့ နှုတ်ဆိတ်နေတက်တယ်။ ဘာပဲဖြစ်ဖြစ် ကျန်းကျိုးက ဝမ်ရန် ရှက်သွားပြီး သူ့မျက်နှာလေးပေါ်က ပါးပြင်လေးတွေ နီရဲလာတာကို သဘောကျတာကြောင့် သူက ရံဖန်ရံခါ ဝမ်ရန်ကို စနောက်ပြီး ရယ်မောနေလေ့ ရှိခဲ့ဖူးတယ်။

သူနှင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့ဖူးသည့် ဝမ်ရန်က သူ့အမူအကျင့်များကို ကောင်းကောင်းသိထားပြီး ပွင့်ပွင့်လင်းလင်း ပြန်ဝန်ခံလာခဲ့သည်။

"ဟုတ်တယ်၊ အဲဒီနေ့က ခင်ဗျား ထွက်သွားပြီးတော့ ကျွန်တော် သွားဝယ်ခဲ့တာ"

ထိုရိုးသားသော ဝန်ခံချက်က ကျန်းကျိုးကို အငိုက်မိသွားစေခဲ့သည်။ သူက ရှက်သွားပုံဖြင့် သူ့နှာခေါင်းကို လက်ဖြင့် ပြန်ထိနေရင်း “အဲ့ဒါက ကိုယ်နဲ့ ဦးလေးယွိရဲ့ ပူးပေါင်းဆောင်ရွက်မှုလေ။ ကိုယ်က မုန့်တွေ ထောက်ပံ့ပေးပြီး သူက ရောင်းပေးဖို့ တာဝန်ယူရတယ်။ ဦးလေးယွိက ပွင့်လင်းပြီး ဖော်ရွေတယ်လေ။ သူက ဒီဒေသတစ်ဝိုက်က လူတွေ အများကြီးကို သိပြီး ပိုကျယ်ပြန့်တဲ့ အဆက်အသွယ် ရှိတယ်။ ဒီတစ်ခါလည်း သူ့ကိုပဲ ရှာဖို့ စီစဉ်ထားတယ်"

"ခင်ဗျားမှာ စိတ်ကူးသစ်တွေ ရှိတာလား?"

ကျန်းကျိုးက မျက်လုံးများက ပိုတောက်ပလာပြီး "အင်း၊ မင်း ကိုယ့်ကို စောင့်ကြည့်ဖို့ လာချင်လား?"

ယခုအချိန်တွင် ကျန်ကျိုးက ပစ္စည်းအချို့ ဝယ်ယူရန် စီစဉ်နေခဲ့သော်လည်း ဝမ်ရန်ကိုလည်း အချိန်ပေးချင်နေသေးသည်။ ဝမ်ရန်က ကလေးမဟုတ်တော့သော်လည်း သူက ရှောင်ယိကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားရသေးသည်။ ထို့ကြောင့် သူက ဝမ်ရန်ကို တစ်ယောက်တည်း ပြန်မလွှတ်ရက်နိုင် ဖြစ်နေခဲ့သည်။ သို့သော် သူပစ္စည်းများ ဝယ်လျှင်လည်း သူက ထိုပစ္စည်းများကို သယ်ရမည် ဖြစ်ပြီး ကလေးကို ပွေ့ချီပေးနိုင်မည် မဟုတ်ပေ။ ရှောင်ယိက ကလေးသာရှိသေးသော်လည်း အလေးချိန်အနည်းငယ်ရှိနေပြီဖြစ်ကာ နောက်ပိုင်းကြာကြာချီထားရလျှင် ဝမ်ရန်ပင်ပန်းနေမည်ကို သူ စိုးရိမ်နေခဲ့သည်။

ဝမ်ရန်က သူ့၏အတွေးများကို မြင်နိုင်ခဲ့ပြီး ခေါင်းညိတ်လိုက်ကာ “အမေနဲ့ အဖေလည်း ဒီကို ရောက်နေတယ်လေ။ ခင်ဗျားမှာ လုပ်စရာတွေ အများကြီးရှိနေတော့ ရှောင်ယိကို အတူခေါ်သွားဖို့က အဆင်မပြေဘူး။ ကျွန်တော် ရှောင်ယိကို သူတို့ဆီ အရင်သွားပြန်ပို့ပေးလိုက်မယ်၊ ပြီးမှ ခင်ဗျားအလုပ်ကို ကြည့်ဖို့ လိုက်ခဲ့ပေးမယ်"

ကျန်းကျိုးက စဉ်းစားမနေဘဲ ချက်ချင်း သဘောတူလိုက်သည်။

တကယ်တော့ သူက ဝမ်ရန်နဲ့ နှစ်ယောက်တည်း အတူ ရှိချင်တာလေ။ ရှောင်ယိကို ခေါ်လာရတာက သူတို့အားလုံးအတွက် နည်းနည်းတော့ အဆင်မပြေ ဖြစ်စေလိမ့်မယ်၊ သူတို့သွားရမယ့်နေရာတွေက ဆူညံနေတာကြောင့် ရှောင်ယိ အိပ်ပျော်ဖို့လည်း ခက်ခဲလိမ့်မယ်။ ရှောင်ယိကို ဝမ်ရန်ရဲ့မိဘတွေဆီ သွားပို့ပြီး စောင့်ရှောက်ခိုင်းတာက ပိုကောင်းလိမ့်မယ်။

ဒီတော့ သူက သဘောတူလိုက်တယ်။

ဝမ်ရန်၏ မိဘများကလည်း ဆောင်းဦးကောက်ရိတ်သိမ်းပွဲတော်တွင် စျေးဆိုင် ဖွင့်နေကြခြင်း ဖြစ်သည်။ သူတို့က သူတို့ နေရာအမျိုးမျိုးမှ စုဆောင်းလာခဲ့သည့် ဆန်းသစ်သောအရာများအပြင် အမေဝမ် ကိုယ်တိုင် ချုပ်ထားသည့် ကြိုးတပ် ရှုံအိတ်ကလေးများကိုလည်းရောင်းချနေကြသည်။ ထိုအိတ်လေးများထဲမှ အများစုကို ပြောင်းဖူး၊ ငရုတ်ကောင်းကဲ့သို့ အစေ့အဆန်များနှင့် ‌ကောက်နှံမျာ၏ ပုံစံလေးများအတိုင်း ပြုလုပ်ထားခဲ့သည်။ ၎င်းတို့ကို အလယ်တွင် အခေါင်းပေါက်ထားပြီး အပြင်ဘက်တွင် ရောင်စုံပိုးချည်များဖြင့် ပြုလုပ်ထားသောကြောင့် အထူးသေးငယ်ပြီး လက်ရာမြောက်လှသည်။ ထို့အပြင် ကောင်းသောအဓိပ္ပါယ်များကို ဆောင်ကြဉ်းပေးနိုင်သောကြောင့် လူများစွာက ၎င်းတို့ကို ဝယ်ယူကြသည်။ သူတို့က နောက်နှစ် ကောက်နှံများများ ရိတ်သိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် သူတို့၏အိမ်များတွင် အလှဆင်ချိတ်ဆွဲထားလေ့ရှိကြသည်။

ကျန်းကျိုးနှင့် ဝမ်ရန်တို့ ထိုနေရာသို့ ရောက်ရှိလာချိန်တွင် အဖေဝမ်နှင့် အမေဝမ်တို့က သူတို့၏ဆိုင်ကို ပိတ်ရန် ပြင်ဆင်နေကြသည်။ သူတို့က ဝမ်ရန်ရောက်လာသည်ကို မြင်သွားပြီး နွေးထွေးသော အပြုံးများဖြင့် ဆီးကြိုလိုက်ကြသော်လည်း ကျန်းကျိုးရှိနေသည်ကို သတိပြုမိသွားသောအချိန်တွင် သူတို့၏အမူအရာများက ပြောင်းလဲသွားခဲ့သည်။

အထူးသဖြင့် ဝမ်ယွမ်ရှင်းက မနှစ်သက်ဟန်ဖြင့် မျက်မှောင်ကြုတ်နေကာ ကျန်းကျိုးကို လှမ်းမေးလိုက်သည်။

"မင်း ဒီကို ဘာလာလုပ်တာလဲ?"

ဝမ်ရန်က အလျင်အမြန် ကြားဝင်လိုက်ပြီး “သား သူနဲ့ ဈေးဝယ် လိုက်သွားမလို့။ လမ်းတလျှောက်မှာ ပစ္စည်းတချို့ဝယ်ဖို့ စီစဉ်ထားတော့ ရှောင်ယိကို ပွေ့ချီသွားဖို့ အဆင်မပြေဘူး၊ သူ့ကို အဖေတို့နဲ့ အတူထားခဲ့ချင်လို့ပါ"

ဝမ်ယွမ်ရှင်းက ချက်ချင်း တုံ့ပြန်မေးခွန်းထုတ်လာပြန်သည်။

"မင်းတစ်ယောက်တည်း သွားမှာလား?"

ဝမ်ရန်က ခေါင်းညိတ်ပြလိုက်သည်။

သူက ကန့်ကွက်ရန် ပြင်လိုက်သော်လည်း သူ မပြောနိုင်သေးမီ လီယွဲ့လော်က သူ့ကို ကြားဝင်နှောက်ယှက်လိုက်သည်။ သူ သူမကို လှည့်ကြည့်လိုက်ရာ သူမက သူ့ကို ခေါင်းယမ်းပြနေပြီး သူ့ကန့်ကွက်မှုကို ရပ်တန့်ရန် အချက်ပြနေခဲ့သည်။ ထို့ကြောင့် ဝမ်ယွမ်ရှင်းက ပြောတော့မည့်စကားကို ပြန်မျိုချလိုက်ပြီး တက်နိုင်သမျှ စောစောပြန်လာရန်သာ ပြောလိုက်တော့သည်။

ကျန်းကျိုးနှင့် ဝမ်ရန် ထွက်သွားပြီးနောက် ဝမ်ယွမ်ရှင်းက “မင်း ငါ့ကို ဘာလို့ တားတာလဲ? ဝမ်ရန် သူနဲ့ နှစ်ယောက်တည်း အပြင်ထွက်ခွင့်သွားတာကို ငါ အရမ်း စိတ်ပူတယ်"

လီယွဲ့လော်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး "ကလေးကိစ္စမှာ ရှင်က ဘာလို့ ဝင်စွက်ဖက်ချင်နေရတာလဲ? ဒါက ကလေးတွေရဲ့ကိစ္စပဲ၊ အရင်တုန်းက ကျန်းကျိုးမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့ပြီ အဲ့တုန်းက ဝမ်ရန် ဘယ်လိုခံစားခဲ့ရလဲဆိုတာ ရှင် မမှတ်မိဘူးလား? အခု သူတို့ ပိုကောင်းလာပုံရတယ်၊ ဒါကြောင့် ငယ်ရွယ်တဲ့ စုံတွဲကို သူတို့ဘာသာ ဖြေရှင်းခိုင်းတာက အကောင်းဆုံးပါပဲ။ ဝမ်ရန် အရင်တုန်းက ဘယ်လောက်စိတ်ပျက်နေတယ်ဆိုတာ မြင်နေရပေမယ့် အခုနှစ်ရက်လောက်အတွင်းမှာ သူ့စိတ်အခြေအနေ ပြန်တိုးတက်လာပုံရတယ်။ ဒါကြောင့် သိပ်စိတ်မပူပါနဲ့၊ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သူတို့ကို အချိန်နည်းနည်းလောက် ပေးလိုက်ပါ၊ ငယ်တုန်းမှာ ရန်မဖြစ်ဖူးတဲ့ ဇနီးမောင်နှံရယ်လို့ ရှိနိုင်ပါ့မလား?”

ဝမ်ယွမ်ရှင်းက စိုးရိမ်နေဆဲဖြစ်ကာ “ငါ အဲဒါတွေကို ဂရုမစိုက်ဘူး။ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?”

လီယွဲ့လော်က သူ့ကို မျက်စောင်းထပ်ထိုးလိုက်ပြီး "ဘာဖြစ်နိုင်မှာလဲ? ရှင်က ကျွန်မတို့သားကို ငတုံးလို့ ထင်နေတာလား? သူက ဉာဏ်ကောင်းလွန်းပြီး သူ့ကို အလွယ်တကူ လှည့်စားလို့ မရဘူး။ ရှင် စိတ်အေးအေး ထားစမ်းပါ"

ဝမ်ယွမ်ရှင်းက ဘာမှ ပြန်မပြောတော့ဘဲ ထွက်ခွာသွားသည့် ကျောပြင်နှစ်ခုကို စိုက်ကြည့်နေပြီးမှ သက်ပြင်းချရင်း ခေါင်းပြန်ငုံ့လိုက်သည်။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment