အခန်း ၂၃ ကွမ်တုန်းကျူအိုး
ဒုတိယနေ့တွင် ကျန်းကျိုးက သူ မှာထားသည့် အိုးကို ယူရန် ပန်းပဲဆရာထံသို့ သွားခဲ့သည်။
ထိုပန်းပဲဆရာ၏အိမ်က အဒေါ်လု၏အိမ်ဘေးတွင် ရှိနေပြီး ကျန်းကျိုးက အဒေါ်လုကို သတိရသွားသောကြောင့် သူမအတွက် ကွမ်တုန်းကျူဟင်းရည်နှင့် အသားလုံးများ ယူသွားပေးရန် ဆုံးဖြတ်လိုက်ပြီး ထုတ်ပိုး ယူလာခဲ့သည်။
အဒေါ်လုက အိမ်တံခါးဝတွင် ထိုင်နေပြီး ပဲပိစပ်များ အခွံနွှာနေရင်း သူမဘေးတွင် တိတ်တဆိတ်ထိုင်နေသော အမျိုးသားကို ဆူပူကြိမ်းမောင်းနေခဲ့သည်။
“ရုံးတော်က လူတွေနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ဖို့ မင်းကို ငါ မပြောခဲ့ဘူးလား? သခင်ကြီးချိုး ပြောင်းသွားရင်တောင် အရေးမကြီးပါဘူး။ မင်းသာ ပြောစကားနားထောင်ရင် မင်းအတွက် အဆင်ပြေ နေဦးမှာပဲ။ အခုတော့ သစ်သားတိုင်နဲ့ စကားပြော နေရသလိုပဲ။ အခု လူကြီးမင်း အသစ်ပြောင်းသွားတာနဲ့ မင်းမှာ အလုပ်မရှိတော့ဘူး။ မင်း အနောက်မြောက်လေကိုပဲ သောက်တော့မှာလား?!"
"အမေ!" ထိုလူက ရှက်ရွံ့နေပုံရပြီး ကူကယ်ရာမဲ့ ဖြစ်နေကာ သူ့အမေကို လှမ်းတားလိုက်သည်။
အဒေါ်လုက “မင်း မိုးကောင်းကင်ကို အော်ခေါ်နေရင်တောင်မှ မင်းကို ဘယ်သူမှ မကူညီနိုင်တော့ဘူး။ မနက်ဖြန် မြို့ထဲကို သွားပြီး အလုပ် သွားရှာတော့"
ကျန်းကျိုးက သူ့လည်ချောင်းကို ရှင်းရန် ချောင်းဟန့်လိုက်ပြီး "အဒေါ်လု"
သူ့အသံကို ကြားလိုက်ပြီး သူ့ကို မြင်လိုက်သည်နှင့် အဒေါ်လု၏မျက်နှာက ချက်ချင်း တောက်ပသွားပြီး “အိုး မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ?”
သူမက ကျန်းကျိုးအတွက် သူမ၏နူးညံ့မှုကို ထိန်းသိမ်းထားဆဲဖြစ်သည်။ ကျန်းကျိုး ဝိဥာဉ်အလဲမခံရမီတွင် သူမ၏မျက်လုံးများထဲမှ ကျန်းကျိုးက ရိုးသားမှု၊ ကြိုးစားမှုနှင့် အခက်အခဲများကို ကြံ့ကြံ့ခံတွန်းလှန်နိုင်မှု စသည်တို့ဖြင့် ပြည့်နှက်နေသော စံပြလူသားသာ ဖြစ်သည်။
ကျန်းကျိုး အစားထိုးခံလိုက်ရပြီးနောက် သူမ စိတ်ပျက်သွားခဲ့သော်လည်း သူမက သူ ပြောင်းလဲနိုင်မည်ဟု မျှော်လင့်ထားဆဲဖြစ်သည်။ သူမ၏မျှော်လင့်ချက်က အမှန်ဖြစ်လာခဲ့ပြီး ပြင်းထန်သောရောဂါတစ်ခုကို ခံစားရပြီးနောက် ကျန်းကျိုးက ပြန် အသိတရား ရလာခဲ့သည်။ ယခုအခါ သူ့လုပ်ငန်းက တဖြည်းဖြည်း ကြီးပွားလာပြီ ဖြစ်သည်။ ကျန်းကျိုး၏ကြက်ဥမုန့်များကို သူမ မြည်းစမ်းစားကြည့်ဖူးပြီး မြို့ထဲမှ ခြောက်သွေ့ကြမ်းတမ်းသည့် မုန့်များထက် ပိုကောင်းသည်ဟု သူမ ခံစားခဲ့ရသည်။
ထို့ကြောင့် သူမက မကြာသေးမီက သူမ၏သားဖြစ်သူ လုရှန့်ရှီအား ကျန်းကျိုးအကြောင်း မကြာခဏ ပြောနေခဲ့သည်။
လုရှန့်ရှီက လူကြီးမင်းချိုး၏အိမ်တွင် အလုပ်သောကြောင့် မြို့ထဲတွင်သာ အနေများပြီး ရှောင်းဟယ်ရွာမှ သတင်းများကို သသေချာချာ သိထားခြင်း မရှိပေ။ ထို့ကြောင့် သူက ကျန်းကျိုး မည်သူမှန်းမသိ ယောင်ဝါးဝါး ခံစားနေရသော်လည်း ရင်းနှီးနေသည်ဟုလည်း ခံစားရပြန်သည်။
သို့သော် သူက ကျန်းကျိုးနှင့်စကားမပြောချင်သောကြေင့် ဘာမှမမေးဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ ကြည့်နေခဲ့သည်။
ကျန်းကျိုးက သူ ယူလာသည့် စားစရာကို အဒေါ်လုဆီသို့ လှမ်းပေးလိုက်ပြီး “ကျွန်တော် မကြာသေးခင်က အစားအသောက်အသစ်တွေကို စမ်းလုပ်ကြည့်ခဲ့တယ်။ နောက်ပိုင်း မြို့ထဲမှာ ရောင်းဖို့ စီစဉ်ထားတယ်။ အဒေါ် မြည်းစမ်းကြည့်ဖို့ ယူလာပေးတာပါ”
အဒေါ်လုက ခြင်းတောင်းကို ဖွင့်ကြည့်လိုက်ပြီး အထဲမှ အသားလုံးများကို တွေ့သွားခဲ့သည်။ သူမက အံ့အားသင့်နေကာ တခဏတာ စကားမပြောနိုင် ဖြစ်နေပြီးမှ ငြင်းဆန်လိုက်သည်။ “ဒီအသားလုံးတွေက အဖိုးတန်တယ်။ ငါ ဒါတွေကို လက်မခံနိုင်ဘူး။ ပြန်ယူသွားပြီး မင်း မိန်းမအိမ်ကို သွားပို့လိုက်၊ ဒါက သူ့ခန္ဓာကိုယ်ကို အာဟာရဖြစ်စေလိမ့်မယ်”
သူမက ကျန်းကျိုး၏ကွဲကွာနေသောဇနီးအကြောင်း တွေးမေးနေဆဲ ဖြစ်သည်။
ကျန်းကျိုးက ခပ်ဖျော့ဖျော့ ရယ်လိုက်ရင်း “မနေ့က သူ စားပြီးသွားပါပြီး။ စိတ်မပူပါနဲ့၊ အဒေါ်လုရဲ့ ဒါက အများကြီး မကုန်ကျပါဘူး။ နောက်ပြီးတော့ ကျွန်တော် အဒေါ်ကို အကူအညီတောင်းစရာ ရှိသေးတယ်"
"ဘာအကူအညီလဲ?"
“အဒေါ်က လူတော်တော်များများနဲ့ သိတယ်မဟုတ်လား? စီးပွားရေးလုပ်ငန်းမှာ အမြဲတမ်းဝယ်ယူတဲ့ အမာခံဖောက်သည်တွေ ရှိဖို့က အရေးကြီးတယ်လေ။ ဖောက်သည်များလေလေ လုပ်ငန်းက ပိုအဆင်ပြေလေပဲ"
ကျန်းကျိုးက သူ့စကားကို ခေတ္တရပ်ထားပြီးမှ “ကျွန်တော်ရဲ့ အစားအသောက်အသစ်တွေကို လူသိများအောင် လုပ်ဖို့ ကူညီပေးစေချင်တယ်။ ဒါက အရမ်း ကြီးမားတဲ့အလုပ်တော့ မဟုတ်ပါဘူး၊ ဒီအစားအစာကို ကြက်ဥမုန့်လုပ်တဲ့ ကျန်းတာ့က ဖန်တီးထားတာလို့ လူတွေကို ပြောပေးရုံပါပဲ”
ထိုအလုပ်က အဒေါ်လု၏ နွေးထွေးပြီး သူတပါးအား ကူညီပေးတတ်သည့် သဘောသဘာဝနှင့် သင့်လျော်လှသည်။ သူမတွင် မိတ်ဆွေများစွာရှိပြီး အသက်ရှစ်ဆယ် ဘိုးဘွားများမှ စ၍ သုံးနှစ်အရွယ်ကလေးငယ်များအထိ ကျယ်ပြန့်သော မိတ်ဆွေအသိုင်းအ၀ိုင်း ရှိသည်။ သူမက မသိသူ သို့မဟုတ် သူမကို မသိသူက မရှိသလောက်ပင်။ သူမက အလွယ်တကူ ခေါင်းညိတ် သဘောတူလိုက်သော်လည်း သူ့ကို ပြန်မေးခွန်း ထုတ်နေသေးသည်။
“မင်း အဲ့အတွက်ကြောင့် ဒီကို ရောက်လာခဲ့တာလား?”
ကျန်းကျိုးက ခေါင်းခါလိုက်ပြီး “ကျွန်တော် လူအိုကြီးတျဲဆီမှာ ပစ္စည်းတစ်ခု မှာထားတယ်၊ အဲ့ဒါက ဒီနေ့ အဆင်သင့်ဖြစ်မယ် ပြောလို့ ကျွန်တော် လာယူတာ"
ဦးလေးတျဲက ဘေးအိမ်မှ ထွက်လာပြီး ကျန်းကျိုးကို တွေ့သွားကာ သူ့မျက်လုံးများ တောက်ပသွားပြီး အော်ပြောလာခဲ့သည်။
"ဟေး မင်းရဲ့အိုးက အဆင်သင့်ဖြစ်နေပြီ၊ လာ ကြည့်စမ်း"
ကျန်းကျိုးက သူ့နောက်မှ လိုက်သွားခဲ့ပြီး ထို “အထူးအိုး" ကို အတူတူ သယ်ထုတ်လာကြသည်။
အဒေါ်လုက သူမ၏ခြံဝတွင် ရပ်နေပြီး ပုံမှန်အိုးနှင့် မတူသည့် ထိုအိုးကြီးကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ ပုံသဏ္ဍာန်က အိုးနှင့် တူသော်လည်း သူမတို့ သုံးလေ့ရှိသော ပုံမှန်သံအိုးကြီးများထက် ပိုတိမ်ကာ အဝပိုကျယ်သည်။ ထိပ်ပိုင်းကို ဇကာကဲ့သို့အကွက်များလည်း တပ်ဆင်ထားသေးသည်။
အဒေါ်လုက ထိုအထူးအဆန်းအိုးကို ကြည့်နေခဲ့ပြီး "မင်းဘာလို့ ဒီသံဇကာကွက်တွေ အများကြီး ထည့်ထားရတာလဲ? ဒီလိုမျိုးနဲ့ ဘာကို ချက်မှာလဲ?”
ကျန်းကျိုးက “ဒါက ဟင်းချက်ဖို့ မဟုတ်ပါဘူး။ ကွမ်တုန်းကျူ ရောင်းဖို့ သေသေချာချာ ပုံဖော်ထားတဲ့အိုးပါ”
သူက သူ အဒေါ်လုကို ပေးထားခဲ့သည့် ခြင်းတောင်းကို ညွှန်ပြလိုက်ပြီး “ဟင်းရည်ကို အိုးအောက်ခြေ အပြည့်ဖြည့်ပြီး အသားလုံးနဲ့ တခြားပါဝင်ပစ္စည်းတွေကို ဝါးသီတံနဲ့ထိုးပြီး ထည့်ပြုတ်လိုက်ရုံပဲ။ ပြုတ်ပြီးတာနဲ့ ချက်ချင်းစားလို့ရတယ်။ အဲဒါကို ကွမ်တုန်းကျူလို့ ခေါ်တယ်”
သူ ရှင်းပြနေစဉ်အတွင်း ဦးလေးတျဲက သံအိုးအောက်မှ အောက်ခြေမှ သံချောင်းများကို နေရာရွှေ့နေပြီး ကျန်းကျိုးကို စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။
"မင်းရဲ့ အိုးအောက်ခြေကလည်း အရမ်းကို ဆန်းကြယ်လွမ်းတယ်။ မင်း မီးသွေးကို သုံးမှာလား? အရမ်းအပူချိန်မြင့်ရင် ဒီသံက လောင်ကျွမ်းသွားမှာကို ငါ စိုးရိမ်မိတယ်”
ကျန်းကျိုးက “ဒါက ပြဿနာ မဖြစ်နိုင်လောက်ပါဘူး။ မီးသွေးက သံကို အရည်ပျော်နိုင်ပါ့မလား?”
ဦးလေးတျဲက ခေါင်းကုတ်နေပြီး “ဟုတ်တော့ ဟုတ်ပါတယ်၊ မီးသွေးက သံကို အရည်မဖျော်နိုင်လောက်ပါဘူးလေ။ ဒါပေမယ့် မင်းရဲ့ အိုးခြေထောက်တွေ အရမ်းပူလာရင် ရွှေ့ရခက်သွားမှာကိုလည်း ငါ စိုးရိမ်နေသေးတယ်။ အဲ့တာအပြင် မင်း သံပြားနေရာကို မတော်တဆ သွားထိမိရင်လည်း အပူလောင်သွားနိုင်သေးတယ်”
ကျန်းကျိုးက "ကျွန်တော် နားလည်ပါပြီ၊ ကျွန်တော် သတိထားပါ့မယ်"
အစပိုင်းတွင် ထိုအိုးက အရမ်းမလေးလောက်ဘူးဟု ယူဆထားခဲ့သည့်အတွက် ကျန်းကျိုးက လှည်းနှင့် သယ်ရန် မစီစဉ်ထားခဲ့ပေ။ သို့သော် ၎င်းကို ရွှေ့ရန် ကြိုးစားလိုက်သောအချိန်တွင် လူနှစ်ယောက် မ မနိုင်လောက်အောင် လေးလံနေမှန်း သိလာခဲ့သည်။
ကျန်းကျိုးက ခဏလောက်တွေဝေနေပြီး နွားလှည်းသွားငှားတော့မည့်အချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် လုရှန့်ရှီထံမှ စကားသံ ထွက်လာခဲ့သည်။
“ငါ မင်းတို့ကို ဝိုင်းသယ်ပေးမယ်”
လုရှန့်ရှီက ကျန်းကျိုး၏တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ သူ့ခါးကို ကွေးကာ သူ့အဝတ်အစားထောင့်စွန်းကို ခါးပတ်ကြိုးပြားထဲသို့ ထိုးထည့်လိုက်ပြီး အိုးကို မြေပြင်ပေါ်မှ မတင်ကာ သူ့ ကျောပေါ်သို့ တင်လိုက်သည်။ သူ အိုးအောက်ခြေကို အလွယ်တကူ ပင့်တင်ကာ သူ့ကျောပေါ်သို့ တင်လိုက်သည့်တိုင် ပင်ပန်းနွမ်းနယ်နေသည့် လက္ခဏာလုံးဝ မရှိဘဲ ထိုအိုးကို အားစိုက်မှုမရှိသလို သယ်သွားခဲ့သည်။
ကျန်းကျိုးက အမှန်တကယ်ပင် အံ့အားသင့်နေပြီး "ညီလေးလု၊ မင်းက မယုံနိုင်လောက်အောင် သန်မာတာပဲ"
လုရှန့်ရှီက ရှက်ပြုံးသာ ပြန်ပြုံးပြနေခဲ့သည်။
သူက ဘာမှ ပြန်မပြောသော်လည်း အဒေါ်လုက “ငါ့သားက တခြားဘာမှ အသုံးမကျပေမယ့် ခွန်အားတော့ ရှိတယ်။ သူက လူကြီးမင်းချိုးရဲ့အိမ်တော်မှာ အလုပ်ကြမ်းသမား လုပ်ပြီး သူ့ဘဝကို မြုပ်နှံထားတာ"
ကျန်းကျိုးက ခေါင်းခါလိုက်ပြီး "လူတိုင်းမှာ ကိုယ်ပိုင်ကံကြမ္မာ ရှိတယ်၊ ညီလေးလုက အရမ်း အစွမ်းထက်တယ်လို့ ကျွန်တော်ထင်တယ်"
အမှန်တကယ်တွင် သူ ကြက်ဥမုန့် လုပ်နေစဥ်က လုရှန့်ရှီကို တွေ့ခဲ့လျှင် သူ့၏အင်အားများ အကုန် သက်သာစေနိုင်လိမ့်မည်ဟု ကျန်းကျိုးတွေးနေခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကြက်ဥကို မွှေရသည်က အတော်လေး ခက်ခဲသည်ဟု ဆိုနိုင်သည်။ သိပ်မခက်ခဲသော်လည်း ကြာရှည်လုပ်ကိုင်ရလျှင် ပင်ပန်းလွန်းလှပြီး သူ့လက်နှစ်ဘက်စလုံး နာကျင်နေရသည်။ ယခု ကြက်ဥမုန့်လုပ်ငန်းကို လျော့ချလိုက်မှ သူ အနားယူရန် အခွင့်အလမ်း ရလာခြင်း ဖြစ်သည်။
သို့သော် လုရှန့်ရှီက စကား အနည်းငယ်မျှ သာပြောပြီး သူ့စိတ်ထဲတွင် တစ်ခုခု ရှိနေပုံရသည်။ ကျန်းကျိုးလည်း အဒေါ်လုကို ဘာမှ မပြောနိုင်တော့ပေ။
လုရှန့်ရှီ၏ အခြေအနေနှင့် ပတ်သက်ပြီး အဒေါ်လု ပြောခဲ့သည်များကို ပြန်ပြောင်းသတိရသွားချိန်တွင် ကျန်းကျိုးက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"မင်း အခုလောလောဆယ် အလုပ်လက်မဲ့ဖြစ်နေတာလား?"
သူ မေးခွန်း မေးလိုက်ချိန်တွင် လုရှန့်ရှီက ခါးသီးမှုကို ခံစားလိုက်ရသည်။ လူကြီးမင်းချိုး ပြောင်းရွှေ့ခံရကြောင်း သူ ကြားသိခဲ့ရသော်လည်း သူက မျက်နှာသာရရန် ကြိုးစားဖို့ နေနေသာသာ စကားပင် များများ မပြောခဲ့ပေ။ သူက ထင်ထင်ပေါ်ပေါ်လည်း မနေတက်သောကြောင့် အိမ်တော်ထိန်း သူ့ကို သဘောကျရန် မကြိုးစားနိုင်ခဲ့ပေ။
ထို့ကြောင့် အခြားသူများ လူကြီးမင်းချိုးနှင့် လိုက်သွားရချိန်တွင် သူက အလွယ်တကူ ကျန်နေခဲ့ရပြီး အလုပ်ပြုတ်ကာ အလုပ်သစ်ရှာနိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်။
သူ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရချိန်တွင် ကျန်းကျိုးက ရုတ်တရက် အကြံတစ်ခုရသွားခဲ့သည်။ သို့သော် လုရှန့်ရှီက လက်ခံနိုင်မည်လားကိုတော့ သူလည်း သေသေချာချာ မသိနိုင်သေးပေ။
သို့သော်လည်း သူက သူ့စိတ်ထဲတွင် ရှိသည့်အရာကို ချက်ချင်း ထုတ်ပြောတတ်သူဖြစ်သောကြောင့် ချက်ချင်း စကားစလိုက်သည်။ “ငါ့မှာ အခွင့်အရေးကောင်းတစ်ခု ရှိတယ်။ မင်း စမ်းကြည့်ချင်လား?"
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟