အခန်း ၂၄ ဟေး ဟေး
ကျန်းကျိုးက သူ ခေတ္တဆိုင်းငံ့ထားခဲ့သော ကြက်ဥမုန့်လုပ်ငန်းအကြောင်း တွေးနေခဲ့သည်။ သူ အချိန်အတော်ကြာအောင် တွေးတောကာ ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီးနောက် ထိုလုပ်ငန်းကို လုံးဝရပ်တန့်လိုက်ခြင်းက နှမြောစရာကောင်းလွန်းသည်ဟု ယူဆနေမိသည်။ မည်သို့ပင်ဖြစ်စေ ထိုကြက်ဥမုန့်များက အလွန်အမြတ်အစွန်းများသော လုပ်ငန်းတစ်ခု ဖြစ်နေသေးသည်။
သူက ၀ယ်လိုအား၊ ပါဝင်ပစ္စည်းလိုအပ်မှုနှင့် လုပ်အားလိုအပ်မှုကဲ့သို့သော အကြောင်းရင်းများကို ယခင်ကတည်းက ထည့်သွင်းစဉ်းစားပေးခဲ့ပြီး ဖြစ်သည်။ အကယ်၍ အနာဂတ်တွင် သူ ကြက်ဥမု့န်လုပ်ငန်းကို လုံးဝ ရပ်တန့်လိုက်ပါက သူ့ဘက်မှ ထောက်ပံ့ပေးနိုင်မှု လုံးလုံး ပြတ်တောက်သွားနိုင်မည် ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် လုတာ့လန်၏ပံ့ပိုးကူညီမှုကို ထည့်မတွက်လျှင်ပင် ဝယ်လိုအားက အထူးတိုးတက်နေခဲ့သည်။
ထို့အပြင် လုတာ့လန်နှင့် သူ၏လက်တွဲထားမှုကြောင့် သူ ကြက်ဥမုန့်လုပ်ငန်းကို ရပ်ဆိုင်းရန် မဆုံးဖြတ်နိုင်သေးပေ။ သူ၏ကနဦး အကြံအစည်က သူ့ကို ကူညီပေးနိုင်မည့် တစ်စုံတစ်ဦးကို ရှာဖွေရန်ဖြစ်ပြီး ထိုလူကို လုတာ့လန်၏ပတ်ဝန်ကျင်မှ ရွေးချယ်ရန် တွေးထားခဲ့သည်။ သို့သော်လည်း ယခု ရိုးသားပြီး စကားနည်းလွန်းသာ လုရှန့်ရှီကို မြင်လိုက်ရချိန်တွင် သူ စိတ်ပြောင်းသွားပြီ ဖြစ်သည်။
ထို့ကြောင့် သူက လုရှန့်ရှီကို ချင်ချင်း မေးလိုက်သည်။
“ငါ့မှာ အခွင့်အရေးကောင်းတစ်ခု ရှိတယ်။ မင်း စမ်းကြည့်ချင်လား?"
လုရှန့်ရှီက အနည်းငယ် အံ့သြသွားပြီးမှ "ဘယ်လို အလုပ်မျိုးလဲ?"
ကျန်းကျိုးက သူ့၏အကြံအစည်ကို ချက်ချင်း ထုတ်လိုက်သည်။
“ငါ မင်းကို ကြက်ဥမုန့်လုပ်နည်းကို သင်ပေးမယ်။ အခုကစပြီး မင်း အဲ့လုပ်ငန်းကို ကိုင်တွယ်ရမယ်၊ အမြတ်ထဲက ဝေစုတချို့ကိုတော့ ငါ ယူရလိမ့်မယ်။ မင်း အဲဒါကို ဘယ်လိုသဘောရလဲ?"
အစပိုင်းတွင် လုရှန့်ရှီက ကျန်းကျိုး သူ့ကို အလုပ်တစ်ခု ပေးနိုင်မည်ဟု ထင်ထားခဲ့သော်လည်း ကျန်းကျိုးက သူ့ကို ကြက်ဥမုန့်လုပ်နည်း သင်ကြားပေးရန် စတင်ကမ်းလှမ်းလာခဲ့သည်။
လုရှန့်ရှီက လူကြီးမင်းချိူး၏အိမ်တော်တွင် အလုပ်လုပ်ခဲ့ပြီး သူ့၏လုပ်ဖော်ကိုင်ဖက်များ ကြက်ဥမုန့်အကြောင်း ဆွေးနွေးသည်ကို သူ ကြားဖူးခဲ့သည်။ အစပိုင်းတွင် လူအများစုက ၎င်းကို ဖြတ်သွားဖြတ်လာ လုပ်ငန်းသေးတစ်ခုအဖြစ်သာ ယူဆခဲ့ကြပြီး မကြာမီ ပြန်ပျောက်ကွယ်သွားလိမ့်မည်ဟု ယုံကြည်နေခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုကြက်ဥမုန့်က လူကြိုက်များသည့်မုန့် ဖြစ်လာမည်ဟု သူတို့ ကြိုမတွေးနိုင်ခဲ့ကြပေ။
နောက်ပိုင်းတွင် ရုံးတော်ရှိ လူတော်တော်များများက ကျန်းတာ့ကို မနာလိုဖြစ်ကြပြီး သူတို့ အဘယ်ကြောင့် ထိုအရာကို ကိုယ်တိုင်မဖန်တီးနိုင်ရတာလဲဟုပင် တွေးနေခဲ့ကြသည်။ သခင်ကြီးချိုး၏မိသားစုမှ အာသွက်လျှာသွက် ရှိလှသည့် သခင်လေးက ထိုမုန့်ကို ပြုလုပ်ရန် အဓိကအားဖြင့် ဂျုံမှုန့်နှင့် ကြက်ဥများကဲ့သို့သော ပါဝင်ပစ္စည်းအနည်းငယ်သာ လိုအပ်သည်ဟု အခိုင်အမာ ပြောခဲ့သည်။
သူက အိမ်တော်ရှိ စားဖိုမှူးကို စမ်းကြည့်ရန် တောင်းဆိုသော်လည်း ကံမကောင်းစွာဖြင့် ထိုကြက်ဥမုန့်နှင့် ဆင်တူသည့် မုန့်ကိုပင် မလုပ်နိုင်ဘဲ မည်သည့်နေရာတွင် မှားနေသည်ကိုပင် မသိနိုင်ခဲ့ကြပေ။
လုရှန့်ရှီကတော့ ကျန်းကျိုးအတွက် သူ့အမေ၏ချီးကျူးသံများကို နားမဆန့်အောင် ကြားနေခဲ့ရသည်။ ကျန်းကျိုးက သူ့မိသားစု၏ စည်းစိမ်ဥစ္စာအားလုံးကို ဆုံးရှုံးခဲ့ရပြီး အရူးတစ်ယောက် ဖြစ်သွားသည်ကို သူ သိခဲ့ရသလို ယခုအခါတွင် ကြက်ဥမုန့်များဖြင့် တစ်ကျော့ပြန်လာခဲ့သည်ကို သူ သိခဲ့ရသည်။
ထို့အပြင် သူ့အမေက သူ့ကို မကြာခဏ နှိမ့်ချပြီး ကျန်းကျိုးနှင့် နှိုင်းယှဥ်တတ်ကာ ရံဖန်ရံခါ သူ အရိုက်ခံရသေးသည်။ သို့သော် သူက သူက မွေးရာပါ ရိုးသားသူဖြစ်သောကြောင့် ကျန်းကျိုးအပေါ် တစ်ခါတရံ မနာလိုဖြစ်မိသည်မှလွဲ၍ အလွန်အကျွံ တွေးတောခြင်း မရှိပေ။ အချိန်အများစုတွင် သူလည်း ကျန်းကျိုးကို လေးစားနေမိသည်။
ယခု ကျန်းကျိုးက သူကို ကြက်ဥမုန့်လုပ်ငန်းတွင် တာဝန်ယူရန် အကြံပေးနေသောကြောင့် လုရှန့်ရှီက အမှန်တကယ် အံ့အားသင့်သွားခဲ့ပြီး "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?"
“မဖြစ်နိုင်တဲ့အရာတစ်ခုမှ မရှိဘူး၊ ဒါက ငါ မင်းအတွက်သက်သက် အခြေအနေတစ်ခု ဖန်တီးပေးနေတာ မဟုတ်ဘူး။ မင်းလည်း မြင်တဲ့အတိုင်းပဲ၊ ငါ အခု တခြားလုပ်ငန်း စဖို့ ပြင်ဆင်နေတယ်။ ကြက်ဥမုန့်လုပ်ငန်းကို တစ်ယောက်ယောက်စီ မလွှဲပေးနိုင်ရင် အဲ့လုပ်ငန်းက ရပ်တန့်သွားလိမ့်မယ်၊ အဲ့ဒါက နည်းနည်းတော့ ရှက်စရာ ဖြစ်လာလိမ့်မယ်။ ငါ မင်းကို ယုံကြည်ပါတယ်။ ပြီးတော့ မင်း ငါကို ဝေစုပေးရမှာလေ၊ မင်း ဘာလို့ မစမ်းကြည့်တာလဲ? မင်းသာ တာဝန်ယူမယ်ဆိုရင် ငါလည်း ပိုသက်တောင့်သက်သာရှိလိမ့်မယ်၊ ပြီးတော့ အပိုဝင်ငွေလည်း ရမယ်။ ဘာလို့မဖြစ်နိုင်ရမှာလဲ?"
လုရှန့်ရှီက အကြာကြီး တုံ့ဆိုင်းနေပြီး မည်သို့တုံ့ပြန်ရမည်ကို သေချာမသိသေးပေ။ နောက်ဆုံးတွင် သူက “ငါ့ကို စဉ်းစားဖို့ အချိန်တစ်ခုလောက် ပေးလို့ရမလား? ငါ မကြာခင် ဆုံးဖြတ်ပြီး ပြန်လာခဲ့ပါ့မယ်"
ကျန်းကျိုးကလည်း အလျင်လိုနေခြင်း မရှိပေ။ အလုပ်တစ်ခု စရန် စဉ်းစားချိန် လိုအပ်ကြောင်း သူ နားလည်ပေးနိုင်သည်။
ကျန်းကျိုးက ခေါင်းညိတ်ပြီး “ရတယ်လေ၊ မင်း ပြန်စဉ်းစားဖို့ အချိန်ယူလိုက်ဦး။ မင်း အဆင်သင့်ဖြစ်ရင် ငါ့ကို လာပြောပေါ့"
လုရှန့်ရှီက အိုးကို ကျန်းကျိုး၏အိမ်ရှေ့တွင် ချပေးလိုက်ပြီး သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။ ထို့နောက် သူက “ငါ မင်းကို ကူညီပေးနိုင်တာ ရှိသေးလား?”
ကျန်းကျိုးက ခေါင်းယမ်းကာ ငြင်းဆန်လိုက်ပြီး သူ့ကို ကျေးဇူးတင်သည့်အနေဖြင့် သစ်သီးသကြားလုံးတစ်အိတ် လှမ်းပေးလိုက်ရင်း "ကူညီပေးတာ ကျေးဇူးပဲနော်။ ဒါကို အိမ်မှာ စားဖို့ ပြန်ယူသွားဦး။ ပြီးတော့ ငါ မင်းကို ပြောခဲ့တဲ့စကားတွေကို သေချာစဉ်းစားပြီးမှ ငါ့ကို ပြန်ပြောနော်၊ အလျင်စလို မလုပ်နဲ့"
လုရှန့်ရှီက “အမ်း” ဟုသာ တုံ့ပြန်လိုက်ပြီး သစ်သီးသကြားလုံးအိတ်ကို ယူကာ အိမ်ပြန်သွားခဲ့သည်။ သို့သော် သူက အပြန်လမ်းတစ်လျှောက်လုံး ကျန်းကျိုး၏ စကားများကို ပြန်တွေးကာ လေးလေးနက်နက် စဉ်းစားလာခဲ့သည်။
သူ အိမ်ပြန်ရောက်ချိန်တွင် သူ့အမေက ပဲပိစပ်များ အခွံခွာပြီးသွားပြီ ဖြစ်ကာ လယ်ကွင်းများကို ရေလောင်းရန် ပြင်ဆင်နေသည်ကို သူ တွေ့လိုက်ရသည်။ အဒေါ်လုကလည်း သူမ၏သား ပြန်လာသည်ကို မြင်သွားပြီး အနည်းငယ်စိတ်ပျက်နေသည့် ဒေါသသံဖြင့် ဆူပူကြိမ်းမောင်းလိုက်ပြန်သည်။
"ကောင်စုတ်လေး အိုးကို သေသေချာချာ ပို့ပေးခဲ့ရဲ့လား? နေ့တိုင်း ငွေရှာဖို့ပဲ တွေးမနေနဲ့၊ မင်းဦးနှောက်ကြီး သံချေးတက်သွားလိမ့်မယ်"
လုရှန့်ရှီက သူ့အမေ၏ ငြီးတွားသံကြောင့် အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ သူ့အမေက အခြားအရာများထက် သူ့ကို စိုးရိမ်ပူပန်နေမှန်း သူ နားလည်နိုင်သေးသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က သူတို့မိသားစုက သူ့ကို အနီးနားရှိ ရန်ဟယ်ရွာမှ မိန်းကလေးတစ်ဦးနှင့် အိမ်ထောင်ချပေးရန် စီစဉ်ခဲ့ကြသည်။ မိန်းကလေး၏မိသားစုကလည်း ငွေကြေးအခြေအနေ ကောင်းမွန်ပြီး သူတို့နှစ်ဦးကလည်း ငယ်စဉ်ကတည်းက တစ်ဦးနှင့်တစ်ဦး သိကျွမ်းကာ ကစားဖော်များ ဖြစ်ခဲ့ကြသည်။
သို့သော်လည်း လုရှန့်ရှီ၏ဖခင်က ထိုအချိန်အတောအတွင်း ကွယ်လွန်သွားခဲ့ပြီး သူတို့မိသားစု၏ ငွေကြေးအခြေအနေက ပိုမိုဆိုးရွားလာခဲ့သည်။ သူတို့က သူတို့မိသားစု၏ပိုက်ဆံများကို သူတို့အဖေ၏ ဆေးကုစရိတ်အတွက် အကုန်သုံးခဲ့ပြီး ဝမ်းနည်းပူဆွေးခြင်းကာလလည်း ရှိနေသေးသောကြောင့် မိန်းကလေးဘက်ကို နှောင့်နှေးစေခဲ့သည်။ မိန်းခလေးဘက်မှ သူတို့၏ငွေကြေးအခက်အခဲကြောင့် ထိုအိမ်ထောင်ရေးနှင့်ပတ်သက်၍ ချီတုံချတုံ ဖြစ်လာခဲ့သည်။
လုရှန့်ရှီက ယခုနှစ်တွင် သူမကို လက်ထပ်ရန် ပြင်ဆင်နေခဲ့သော်လည်း ယခုအခါ သူ အလုပ်ပြုတ်သွားသည့်အတွက် အစီအစဉ်ပျက်သွားရပြန်သည်။ မိန်းကလေး၏မိသားစုက သူ့ဘက်မှ အခြေအနေ အရပ်ရပ်ကို သိနေပြီး စေ့စပ်ပွဲကို ဖျက်သိမ်းရန် စဉ်းစားနေပုံရသည်။
သို့သော် သူ့တို့ဘက်တွင်လည်း အပြစ်မရှိပေ။ သူတို့ အလိုလိုက်ထားသော သမီးလေးက ဝင်ငွေနည်းသော မိသားစုတွင် ရုတ်တရက် အိမ်ထောင်ကျသွားပါက သူမ မလွှဲသာမရှောင်သာ ဒုက္ခရောက်ပေလိမ့်မည်။ သူတို့ တွန့်ဆုတ်နေပြီး အိမ်ထောင်ရေးကို ဖျက်သိမ်းလိုခြင်းမှာ သူတို့ဘက်မှ ကြည့်လျှင် အမှားချေ။
လုရှန့်ရှီကတော့ လုံးဝမပျော်နိုင်ဘဲ ကောင်မလေးကိုသာ လွမ်းဆွတ်နေခဲ့သည်။
သူမ၏သား စိတ်ဓာတ်ကျနေသောကြောင့် အဒေါ်လုက မကျေမနပ် ဖြစ်နေခဲ့သည်။ တခြားသူများက သူမ၏သားကို လျှော့တွက်နေသည်ဟု သူမ ခံစားရပြီး သူမ၏သားကို သူမ ကာကွယ်ပေးနေခြင်း ဖြစ်သည်။ တခြားသူများက သူမ၏သားကို ဘာမှ မပြောသေးမီ သူမက ကြိုတင် အပြစ်ပြောထားလိုက်ပြီး တခြားသူများ၏ပါးစပ်ပေါက်များ ပိတ်သွားရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
မကြာသေးမီရက်များအတွင်း လုရှန့်ရှီက အလုပ်မှရှာနိုင်သည့်အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို သူမ သတိပြုမိခဲ့ပြီး ထိုအခြေအနေနှင့် ပတ်သက်၍ သူ အမြဲစိုးရိမ်နေသောကြောင့် သူ့နှုတ်ခမ်းတွင် အရည်ကြည်ဖုများ ပေါက်လာခဲ့သည်ကိုလည်းသူမ မြင်နေခဲ့ရသည်။
လုရှန့်ရှီက သူ့အမေကို ကြည့်ရင်း သူ့စိတ်ကို ပိုင်းဖြတ်လိုက်ကာ လှမ်းပြာလိုက်သည်။ “အမေ၊ ကျွန်တော် အလုပ်ရှာတွေပြီ”
ထို့နောက် ကျန်းကျိုး သူ့ကို ပြောခဲ့သမျှနှင့် ရုံးတော်ပတ်ဝန်းကျင်တွင် သူ ကြားသိခဲ့ရသည့် အဖြစ်အပျက်များကို မိခင်ဖြစ်သူအား ပြန်ပြောပြလိုက်သည်။
ထို့နောက် သူက “အမေ၊ အဲဒါ ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ကျန်းကျိုး လုပ်နေတဲ့ ကြက်ဥမုန့်အတွက် ကြက်ဥတွေကို လုတာ့လန်နဲ့ အလဲအလှယ် လုပ်နေတယ်လို့ ကျွန်တော် သိလာခဲ့တယ်။ အဲ့တော့ ကြက်ဥ ဝယ်ဖို့တောင် မလိုတော့ဘူး။ လုတာလန်က ထောက်ပံ့ပေးလိမ့်မယ်။ သူက မုန့်တွေ ပြန်ယူမှာဆိုတော့ အပြင်ထွက်ပြီး ရောင်းဖို့ကိုလည်း အများကြီး စိုးရိမ်နေဖို့ မလိုဘူး။ အိမ်မှာ နေရင်း မုန့်လုပ်လို့တောင် ရနိုင်သေးတယ်"
အဒေါ်လုက ဂရုတစိုက် နားထောင်နေရင်း မျက်ရည်များ ဝဲလာကာ “သားလေး၊ ငါတို့က ငါတို့ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို အကြာကြီး သည်းခံခဲ့ပြီးပြီ။ အခု အဲ့နေရက်တွေ ကုန်ဆုံးသွားပြီး၊ အခု ချက်ချင်း ကျန်းကျိုးဆီကို ပြန်သွားလိုက်တော့၊ ဒီအခွင့်အရေးကို အတည်ပြုပြီး မနက်ဖြန် ကျန်းကျိုးဆီကနေ ကြက်ဥမုန့်လုပ်နည်းကို စလေ့လာတော့"
ထို့နောက် သူမက အံကြိတ်ကာ အိမ်ထဲသို့ ပြန်ဝင်သွားပြီး သေသေချာချာ လိပ်ထားသော အထည်အိတ်တစ်အိတ်ကို ထုတ်ယူလာခဲ့သည်။ အဒေါ်လုက ထိုအိတ်ထဲမှ ရွှေလက်ကောက်တစ်ကွင်းကို ထုတ်ယူလိုက်ပြီး သားဖြစ်သူအား လှမ်းပေးလိုက်သည်။ လက်ကောက်၏ မျက်နှာပြင်ပေါ်ရှိ ပုံစံကွက်လေးများက ချောမွေ့နေပြီး တစ်စုံတစ်ဦးက မကြာခဏ ပွတ်သပ်ကြည့်လေ့ရှိကြောင်း သိသာထင်ရှားနေသည်။
အဒေါ်လုက အနည်းငယ် တုံ့ဆိုင်းနေဟန်ဖြင့် “ဒါက အမေရဲ့ ခန်းဝင်ပစ္စည်းပဲ၊ အစက မင်း မိန်းမအတွက် ပြင်ဆင်ထားပေမယ့် မင်း အခု ကြက်ဥမုန့်လုပ်တတ်အောင် သင်ယူရမယ်၊ မင်း ရိုးသားမှုမရှိဘဲ အလကားသင်လို့ မရဘူး၊ ဒီလက်ကောက်ကို ယူသွားပြီး ကျန်းကျိုးကို ပေးလိုက်ပါ”
“အမေ”
အဒေါ်လုက လက်ကောက်ကို သားဖြစ်သူ၏လက်ထဲသို့ ထိုးထည့်လိုက်ပြီး “နောင်မှာ ငါတို့ ရှန့်ရှီက ပိုက်ဆံတွေ အများကြီး ရလာလိမ့်မယ်၊ အဲ့အချိန်ရောက်ရင် အမေ့အတွက် ရွှေလက်ကောက်တွေ အများကြီး ဝယ်ပေးနိုင်မှာဆိုတော့ အခု ဒီလက်ကောက်ကို ဂရုမစိုက်တော့ဘူး၊ မြန်မြန် သွားတော့!
လုရှန့်ရှီက တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံးတွင် သူက လက်ကောက်ကို လက်ခံလိုက်ပြီး ကျန်းကျိုးဆီသို့ သွားရန် ဆုံးဖြတ်လိုက်သည်။
လုရှန့်ရှီက ကျန်းကျိုး၏အိမ်နားသို့ ပြန်ရောက်လာခဲ့ပြီး ကျန်းကျိုးက တစ်ယောက်ယောက်အား ပွေ့ဖက်နေသည်ကို သူ အဝေးမှ လှမ်းတွေ့လိုက်ရသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် မှီထားပြီး နီးနီးကပ်ကပ် ရှိနေကာ တစ်ခုခုကို တီးတိုးပြောနေပုံရသည်။
ဝမ်ရန်က ကျန်းကျိုး မှာထားသည့် အိုးကို ကြည့်ရန် ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း သူတို့နှစ်ယောက် တွေ့လိုက်သည်နှင့် စတင်နမ်းရှုံ့မိသွားကြသည်။
သူတို့က သူတို့ ဆုံးရှုံးသွားခဲ့သည့် ရင်းနှီးမှုကို ပြန်ပုံဖော်ချင်နေကြပြီး သူတို့၏ အပြုအမူများက ပို၍ရင်းနှီးလာခဲ့သည်။ တစ်ဖက်လူကို အမြဲတမ်း ဖက်ထားချင်ပြီး နမ်း၍ မဝနိုင်ဖြစ်နေခဲ့ကြသည်။
နောက်ဆုံးတွင် သူတို့ စကားပြောရန် ရပ်တန့်လိုက်ပြီး လူချင်းအနည်းငယ် ခွာလိုက်ချိန်တွင် လုရှန့်ရှီက တံခါးဝသို့ ရောက်လာခဲ့သည်။ ဝမ်ရန်က သူ့ကို မျက်လုံးထောင့်မှ လှမ်းမြင်သွားပြီး ကျန်းကျိုးကို တွန်းထုတ်လိုက်သည်။
ကျန်းကျိုးက ဝမ်ရန်ကို ခပ်ဖွဖွ ပြန်လှမ်းဖက်လိုက်ပြီး အက်ရှရှအသံဖြင့် "ဘာဖြစ်လို့လဲ?"
ဝမ်ရန်က ရှက်နေပုံဖြင့် တိုးတိုးလေး ပြန်ဖြေလာခဲ့သည်။
“အပြင်မှာ လူရှိတယ်”
ကျန်းကျိုးက အပြင်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး လုရှန့်ရှီကို မြင်သွားခဲ့သည်။ သူက အလုပ်ကိစ္စမှန်း နားလည်သွားပြီး သူ့လက်ကို ကူကယ်ရာမဲ့ ပြန်ချလိုက်သော်လည်း သူ ထွက်မသွားခင် ဝမ်ရန်၏ နားရွက်ကို တိတ်တဆိတ် ကိုက်လိုက်ကာ တိုးတိုးလေး ထပ်ပြောလိုက်သည်။
“ကိုယ် ပြန်လာတာကို စောင့်နေ”
ကျန်းကျိုးက တံခါး သွားဖွင့်ပေးနေပြီး ဝမ်ရန်က ရှက်ရွံ့နေပုံဖြင့် နာနာခံခံ ရပ်နေခဲ့သည်။
ဒီစာရေးသူမှာ ပြောစရာ ရှိပါတယ်။
ကျန်းကျိုး : ငါတို့က အိမ်ထောင်သက်ကြာနေတဲ့ စုံတွဲလေ... ငါကတော့ မရှက်ပါဘူး။
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️