no

Font
Theme

အခန်း ၃၀ သင်ယူလိုစိတ်

ကျန်းကျိုး အိမ်ပြန်ရောက်လာချိန်တွင် သူ့အိမ်တံခါးဝ၌ ထိုင်စောင့်နေသည့် လုရှန့်ရှီကို တွေ့လိုက်ရသည်။ ကျေးလက်မှ လူအများစုက တချိန်လုံး မြေကြီးများကို တူးဆွကာ ပင်ပင်ပန်းပန်း အသက်မွေးကြရသောကြောင့် မူရင်းအသက်ထက် ပိုအိုမင်းသည်ဟု အထင်ခံရတတ်သည်။ လုရှန့်ရှီက အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးသော်လည်း သူကလည်း အများနည်းတူ မီးခိုးရောင်အသားအရေကို ပိုင်ဆိုင်ထားပြီး ရိုးရှင်းသော ပုံပန်းသွင်ပြင် ဖြစ်သည်။

လူငယ်လေးက ရိုးရှင်းသော အသွင်အပြင်ရှိသော်လည်း သင်ယူရန် အလားအလာရှိပုံတော့ ပေါ်နေသေးသည်။ သူက ကျန်းကျိုး မျှဝေပေးထားသော ရေနွေးအိတ်ကို လိုက်လံတုပကာ ရေနွေးအိတ်ပြုထားခဲ့ပြီး သူ့ကိုယ်သူ ‌နွေးထွေးစေရန် ထိုရေနွေးအိတ်ကို သူ့လက်ထဲ၌ ကိုင်ဆောင်ထားလေသည်။

ကျန်းကျိုး အဝေးမှ ပြန်လာနေသည်ကို မြင်လိုက်သည်နှင့် သူ့က အေးစက်စက်လေထုကို အံတုကာ ကျန်းကျိုးကို ဆီးကြိုနှုတ်ဆက်လိုက်သည်။

“ဆရာ ပြန်လာပြီလား? အေးနေလား?”

ကျန်းကျိုးက ကူကယ်ရာမဲ့ဟန်ဖြင့် "မင်း ဒီကို ဘာလို့ ဒီလောက် အစောကြီး ရောက်နေရတာလဲ? အရမ်းအေးနေပြီ၊ မင်း နောက်ကျမှ လာလည်းရတယ်လေ။ အပြင်က လေအေးတွေထဲမှာ နေရတာထက်စာရင် နောက်ကျတာက ပိုကောင်းတယ်လေ"

လုရှန့်ရှီက သူ့၏သင်ယူလိုစိတ်ပြင်းပြမှုကို ရှက်ရွံ့နေပုံရပြီး သူ့လက်ထဲမှ ရေနွေးအိတ်ကို ကိုင်ကာ မရဲတရဲ ပြန်ပြောလာခဲ့သည်။

"ဆရာက ဒါက ဆရာ ပြောခဲ့တဲ့ပုံစံအတိုင်း ကျွန်တော် လုပ်ထားတာပါ၊ အဆင်ပြေလား? ကြည့်ပေးပါဦး"

ထိုအချိန်၌ ကျန်းကျိုးက ပဲစေ့များ ခွာနေသော အဒေါ်လုကို တွေ့ခဲ့ရပြီး သူမ၏လက်များမှ နှင်းကိုက်ရာများကိုလည်း သတိပြုမိခဲ့သည်။ ထို့ကြောင့် သူက ဝက်၏ဆီးအိမ်ထဲသို့ ရေနွေးထည့်ပြီး အသုံးပြုနိုင်သည့် ရိုးရှင်းသော ရေနွေးအိတ်ပြုလုပ်နည်းကို ပြောပြခဲ့သည်။ အပူမလောင်စေရန် အပေါ်မှ သားမွေးတစ်ထပ် ထပ်ထည့်ရကြောင်းလည်း ပြောပြလိုက်သေးသည်။

(T/n: ရှေးခေတ်တောင်သူလယ်သမားတွေအနေနဲ့ ရှေးအခါက ဝက်နဲ့နွားတွေရဲ့ ဆီးအိမ် (bladders)တွေက ရေစိမ့်မလို့ စင်ကြယ်အောင် သန့်စင်ပြီးနောက်မှာ ရေထည့်တဲ့အရာအဖြစ် သုံးခဲ့ကြတာပါတဲ့၊ အသားထူတဲ့ အူပုံစံမျိုးမို့ ရာဘာနဲ့ ဆင်တူပါတယ်တဲ့၊ ဒါပေမယ့် မတော်တဆ ကွဲထွက်တာမျိုးတွေ ရှိတော့ ခုခေတ်အနေနဲ့ကတော့ မသုံးဖို့ အကြံပြုထားပါတယ်)

ကျန်းကျိုးက ပေါ့ပေါ့ပါးပါး ပြောပြလိုက်ခြင်း ဖြစ်သော်လည်း ရလဒ်အနေဖြင့် လုရှန့်ရှီက ၎င်းကို အမှန်တကယ်ပြုလုပ်ခဲ့ပြီး အလွန်ကြည့်ကောင်းနေလေသည်။

ကျန်းကျိုးက ထိုရေ‌နွေးအိတ်ကို ထိကြည့်လိုက်ပြီး အအေးဒဏ်ကြောင့် ထုံကျင်နေသည့် သူ့လက်ချောင်းထိပ်များတွင် နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။ ကျန်းကျိုးက သူ့၏သင်ယူနိုင်စွမ်းကို အံ့သြလွန်းသောကြောင့် သက်ပြင်းချရင်း ချီးကျူးပေးလိုက်သည်။

“မင်းက တော်တော် ဉာဏ်ကောင်းတာပဲ၊ ငါ ပြောလိုက်ရုံနဲ့ တကယ်လိုက် လုပ်နိုင်တယ်”

ကျန်းကျိုးက လုရှန့်ရှီကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။

"အပြင်မှာ အရမ်းအေးတယ်၊ မင်း အထဲဝင်လေ၊ ပြီးရင် ငါ မင်းကို အချက်အလက်တစ်ချို့ ပြောပြရင်း တစ်ခါ လုပ်ပြပေးမယ်။ မင်း သေသေချာချာ လိုက်ကြည့်ထားပေါ့"

ကျန်းကျိုးက အိုးကို သေသေချာချာ နေရာချလိုက်ပြီး ကြက်ဥများကို ခွဲထည့်လိုက်ကာ သကြားပါ ထည့်လိုက်ပြီး ဂရုတစိုက် မွှေနေရင်း "ဒါက ကြက်ဥမုန့်လုပ်တဲ့နေရာမှာ အရေးကြီးဆုံးနဲ့ အသိမ်မွေ့ဆုံးအဆင့်ပဲ။ သကြားအချိုးအစားကို မှန်အောင် ထည့်ရမယ်၊ ပြီးရင် ကြက်ဥတွေကို လုံးလုံး ကျေသွားအောင် သေသေချာချာ မွေနိုင်ရမယ်"

ကျန်းကျိုးက သကြားအချိုးအစား မှန်အောင် ထည့်နည်းနှင့် ကြက်ဥခေါက်ရန် လိုအပ်သည့် ခွန်အားပမာဏ၊ လှုပ်ရှားမှုများကို သေသေချာချာ ပြသပေးနေပြီး လုရှန့်ရှီက ထိုတိကျသောလှုပ်ရှားမှုများကို ဂရုတစိုက်ကြည့်ရှုမှတ်သားနေခဲ့သည်။ သို့သော် မတ်တပ်ရပ်နေရသောကြောင့် လုရှန့်ရှီ၏ခြေထောက်များ နာကျင်လာသည့်တိုင် ကျန်းကျိုးက ကြက်ဥခေါက်နေဆဲ ဖြစ်သည်။

လုရှန့်ရှီ : “…..”

လုရှန့်ရှီက ခဏလောက် တုံ့ဆိုင်းနေပြီးမှ မနေနိုင်တော့ဘဲ ထုတ်မေးလာခဲ့သည်။

"ဆရာ၊ အဲ့ဒါက... မွှေဖို့ ဒီလောက်ကြာတာလား?"

ကျန်းကျိုးက သူ့ကို ပြုံးပြလိုက်ပြီး “ဟုတ်တယ်၊ အခု အပြင်မှာ လုပ်နေကြတဲ့ ကြက်ဥမုန့်တွေက ငါ့ရဲ့မုန့်တွေလောက် အရသာမရှိရတဲ့ အကြောင်းအရင်းကို သိပြီးမှတ်လား? အဲဒါက သူတို့က ဒီလိုအဆင့်မျိုးကို မလုပ်ခဲ့ကြလို့ပဲ။ သူတို့ ပြောတဲ့ သူတို့ရဲ့ကြက်ဥမုန့်တွေကို ငါ မြည်းစကြည့်ပြီးပြီ။ အများစုကတော့ ကြက်ဥနဲ့ ဂျုံမှုန့်ကို ရောမွှေပြီး ပေါင်းထားကြတာလေ။ အဲ့တော့ ဘယ်လိုလုပ်ပြီး မွမွလေးနဲ့ ပျော့ပျောင်းနိုင်တော့မှာလဲ?"

လုရှန့်ရှီက အလွန်အကျွံ အံ့သြနေပုံဖြင့် “ဆရာ၊ အရင်တုန်းက ဆရာ ကြက်ဥမုန့်တွေ အများကြီးရောင်းခဲ့ရတာ မဟုတ်ဘူးလား? ဒီလိုမျိုး မွှေရတာက မပင်ပန်းဘူးလား?”

ခြံဝင်းထဲတွင် ကြက်ဥများခေါက်နေသည့် ကျန်းကျိုး၏ပုံရိပ်ကို မြင်ယောင်မိချိန်တွင် လုရှန့်ရှီက သူ့ဆရာ၏ အလုပ်ကြိုးစားမှုနှင့် လုံ့လဝီရိယတို့ကို လေးစားအားကျကာ ပို၍ သင်ယူလိုစိတ် ဖြစ်လာခဲ့သည်။

ကျန်းကျိုးက ခပ်တိုးတိုး ရယ်မာလိုက်ပြီးမှ ထိုမေးခွန်းကို ပြန်ဖြေလိုက်သည်။

"အဲ့လိုမျိုး ဘယ်လို လုပ်နိုင်မှာလဲ၊ ငါက အဲ့အတွက် ရည်ရွယ်ပြီး ပစ္စည်းတစ်ခု ဖန်တီးထားတာပေါ့"

ထို့နောက်တွင် ကျန်းကျိုးက ထောင့်တွင် ထောင်ထားသည့် ကြက်ဥခေါက်တံကို လှမ်းယူလိုက်သည်။ ထိုအရာက အချိန်ခရီးသွား၏ မှတ်ဉာဏ်အရ သူ ပြုလုပ်ထားသော ရိုးရှင်းသည့် ကြက်ဥခေါက်တံ ဖြစ်သည်။ ၎င်းက လျှပ်စစ်စွမ်းအား မသုံးနိုင်ဘဲ လူ၏အင်အားကိုသာ အသုံးပြုရသော်လည်း တူနှစ်ချောင်းနှင့် လက်တစ်စုံကို အားကိုးကာ ပင်ပင်ပန်းပန်း မွှေနေရသည်ထက်‌တော့ ပိုကောင်းနေသေးသည်။

ထိုကြက်ဥခေါက်တံ၏ ထိပ်ပိုင်းက ကြက်ဥပုံဖြစ်ပြီး သံကြိုးမျှင်များကို ရစ်ခွေထားခြင်း ဖြစ်သည်။ သူ မှတ်မိသလောက် လျှပ်စစ်မီးမရသေးသည့်အချိန်များနှင့် အချိန်နှင့် အားစိုက်ထုတ်မှု သက်သာစေရန် ထိုကြက်ဥခေါက်တံမျိုးကို အသုံးပြုခဲ့ကြသည်။ သံကြိုးမျှင်ဝိုင်ယာကြိုးများကို ပူးကပ်နေအောင် မချည်ထားဘဲ အကွာအဝေးတစ်ခုစီ ခြားထားခဲ့သည်။ ထိုသို့ခြားနေစေရန် လက်ကိုင်ကို သစ်သားပြားများဖြင့် ပြုလုပ်ထားပြီး စရွေးပေါက်များ ဖောက်ထားကာ ထိုအပေါက်များထဲသို့ သံကြိုးမျှင်များ တစ်ခုပြီး တစ်ခုထည့်ကာ တပ်ဆင်ထားသည်။

(တကယ်က အများကြီး ရေးထားပေမယ့် ခုခေတ်သုံးနေတဲ့ လက်ကိုင် ကြက်ဥခေါက်တံပါ၊ စရွေးဖောက်တယ်ဆိုတာက အရှေ့မှ အဝိုင်းဖြစ်ဖို့ ညှိယူတဲ့ သံကွင်းလေးကို ပြောတာပါ၊ ပုံမှာလိုမျိုးပေါ့)

ကောင်းစွာ မမွှေရသေးသည့် အပိုင်းများ ရှိပါက သံကြိုးများ တစ်စုတစ်စည်းတည်း ဖြစ်သွားစေရန် မွှေတံကို ထပ်မံချိန်ညှိနိုင်သည်။ ထိုကြက်ဥခေါက်တံက ကျန်းကျိုး၏အားထုတ်မှုကို အများကြီး သက်သာရာရစေခဲ့သည်။

ဤအခိုက်အတန့်တွင် လုရှန့်ရှီ၏ဦးနှောက်ထဲ၌ ကျန်းကျိုးအတွက် ချီးမွမ်းမှုများသာ ပြည့်နှက်နေတော့သည်။

သူမှာလည်း ဦးနှောက်ရှိပေမယ့် ကျန်းကျိုးကတော့ ဘာလို့ ဒီလောက် ထက်မြက်နေရတာလဲ?

ကြက်ဥမွှေသည့်အဆင့်ပြီးနောက်တွင် ကျန်သောအဆင့်များက အမှန်တကယ် ရိုးရှင်းလွန်းလှသည်။ သို့သော် ကျန်းကျိုးက တဆင့်ချင်းကို သေသေချာချာ လုပ်ပြနေရင်း ရှင်းပြနေခဲ့သည်။ ထို့နောက် လုရှန့်ရှီကို သူ့ဘာသာသူ စမ်းလုပ်ကြည့်ခွင့်ပေးလိုက်ပြီး သူက အမှားများကို ထောက်ပြရန် ဘေးနားတွင် ရပ်နေခဲ့သည်။

အလေ့အကျင့် လိုအပ်သည့်အပြင် ယခု ကြက်သားမုန့်အနည်းငယ်ကိုသာ ပြုလုပ်မည်ဖြစ်သောကြောင့် ကျန်းကျိုးက လုရှန့်ရှီအား ကြက်ဥခေါက်တံ မသုံးခိုင်းတော့ပေ။ ပြင်ပအကူအညီများကို အလွန်အကျွံ အားကိုးခြင်းက မသင့်တော်သလို အနာဂတ်တွင် လုရှန့်ရှီက ဤမုန့်လုပ်ငန်းကို ဆက်လုပ်ရမည် ဖြစ်ပြီး အသစ်အဆန်းများ ပြုလုပ်ရန်လည်း လိုအပ်လာပေလိမ့်မည်။ အဆင့်တစ်ဆင့်ချင်းစီနှင့် ရင်းနှီးကျွမ်းဝင်နေမှသာ ၎င်း၏အကျိုးဆက်များကို နားလည်နိုင်မည် ဖြစ်ပြီး အခြားသူများ၏ဉာဏ်ပညာကို ပုံတူကူးခြင်းထက် သူ့ဘာသာသူ ဆန်းသစ်တီထွင်နိုင်စေရန် ကူညီပေးနိုင်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ကျန်းကျိုးက လုရှန်းရှီကို အကြံပေးနေခဲ့သည်။

"တကယ်တော့ အခုလက်ရှိ မင်းလုပ်နေတဲ့အဆင့်က ကြက်ဥမုန့်အတွက် အခြေခံအကျဆုံးအဆင့်ဆိုတာ မင်း သိနေရမယ်။ မင်း ဒီအရာနဲ့ အသက်မွေးဝမ်းကြောင်းလုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ရင် မုန့်တစ်ပိုင်းစီတိုင်းက အရောင်အသွေး စုံလင်ပြီး အရသာရှိဖို့ မင်း ကြိုးစားနိုင်ရမယ်၊ အရသာ ပိုကောင်းဖို့ ဘာတွေကို ပေါင်းထည့်နိုင်မလဲလို့ မင်း အမြဲစဉ်းစားနေရမယ်။ တူညီတဲ့ မုန့်တစ်မျိုးထဲကိုပဲ ထပ်ခါထပ်ခါ စားနေရရင် လူတွေက ငြီးငွေ့လာလိမ့်မယ်"

လုရှန့်ရှီက ဂရုတစိုက် နားထောင်နေသည်ကို သူ မြင်နေရပြီး သူ့ကိုလည်း ဆရာဟု တစ်လေးတစား ခေါ်နေသောကြောင့် ကျန်းကျိုးက သူ့ကို ထပ်သင်ကြားပေးချင်နေမိသည်။

“ဒါက ကြက်ဥမုန့်မှာတင် မကဘူး။ ငါ မင်းကို သင်ပေးနေတဲ့ မုန့်လုပ်နည်းတွေကို တခြားနေရာတွေမှာလည်း အသုံးချနိုင်တယ်။ မတူတဲ့ပါဝင်ပစ္စည်းတွေ မတူတဲ့ အချိုးအစားတွေကိုလည်း စမ်းကြည့်လို့ရတယ်၊ ကြက်ဥနဲ့ သကြား အချိုးအစားကွဲသွားရင်တောင် သက်ရောက်မှု အမျိုးမျိုးကို ဖြစ်စေလိမ့်မယ်။ လောလောဆယ်မှာ ငါ သင်ပေးနေတာက အရိုးရှင်းဆုံးမုန့်လုပ်နည်းပဲ ရှိသေးတယ်၊ နောင်ထပ် မင်း သင်ယူပြီး စမ်းကြည့်ရမယ့်အရာတွေ အများကြီး ရှိနေသေးတယ်”

လုရှန့်ရှီက နားထောင်နေရင်း အနည်းငယ် စိတ်ရှုပ်နေပုံရသည်။ သူက သူ့ခေါင်းထဲသို့ အချက်အလက်အသစ်များ ထပ်ထည့်နေရင်း သူ့လက်ကို လုံးဝ မရပ်ဘဲ ကြက်ဥများကို ဆက်မွှေနေခဲ့သည်။ သို့သော်လည်း ဤအချိန်က သူ့အတွက် အတွေးအမြင်သစ်တစ်ခုကို ဖွင့်ပေးလိုက်သလိုမျိုး ဖြစ်နေခဲ့ပြီး ဆန်းသစ်သောအတွေ့အကြုံတစ်ခု ဖြစ်နေခဲ့သည်။

သူက လယ်ကွင်းထဲ၌ မြေပြင်ကို တူးဆွနေရင်း အသက်မွေးဝမ်းကြောင်းပြုရသည့် လယ်သမားတစ်ဦးသာ ဖြစ်သည်။ သူ့ဘဝတွင် သူ လုပ်ဖူးသမျှ အရဲတင်းဆုံးအရာက သခင်ကြီးချိုး၏မိသားစုမှ လုပ်သားစုဆောင်းနေချိန်တွင် သွားရောက်ခဲ့မိခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် သူ့၏ကြံ့ခိုင်သော ကိုယ်ရည်ကိုယ်သွေးကြောင့် အလုပ်ကြမ်းသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထို့နောက် အလုပ်လုပ်နေရင်း ဘာကြောင့်မှန်းမသိဘဲ နှင်ထုတ်ခံလိုက်ရပြန်သည်။

ယခုတွင် သူက ကျန်းကျိုး၏တပည့်လက်သား အလုပ်သင် ဖြစ်လာပြီး ကြက်ဥမုန့်လုပ်နည်းကို သင်ယူနေခဲ့ရသည်။ သို့သော် သူက ကြောင်တောင်တောင် ဖြစ်မနေတော့ဘဲ သူ့၏ရည်ရွယ်ချက်များ မပျောက်ကွယ်သွားစေရန် ကြိုးစားနေခဲ့သည်။

သူက သူ့ဘဝရဲ့ တစ်ဝက်လောက်ကို ထုံထုံထိုင်းထိုင်းနဲ့ နေခဲ့ဖူးပြီးပြီ၊ သူ အခု ဆက်တုံးနေရင် ဘယ်အချိန်ရောက်မှ အိမ်ထောင်ပြုပြီး ဇနီးယူနိုင်တော့မှာလဲ?

နူးညံ့သိမ်မွေ့သော သူ့ဇနီးလောင်းလေးက သူ့နှင့် လက်ထပ်ရန် စိတ်အားထက်သန်စွာ စောင့်မျှော်နေကြောင်း တွေးတောမိချိန်တွင် လုရှန့်ရှီက သူ့စိတ်ကို လုံးဝ ပိုင်းဖြတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူ့လက်များက ပိုမြန်လာပြီး ကြက်ဥများကို ခေါက်ရန် ပိုခွန်အားဖြစ်လာပုံရသည်။

လက်ရှိအချိန် ကျန်းကျိုး ပြောသမျှအားလုံးကို အပြည့်အဝ ဆုပ်ကိုင်မထားနိုင်သော်လည်း သူ့၏နှလုံးသားထဲမှ မှတ်သားထားပြီး အချိန်တန်လျှင် သူ နားလည်နိုင်လိမ့်မည်ဟု သူ ယုံကြည်နေမိသည်။

ကျန်းကျိုးက လုရှန့်ရှိ၏ စိတ်အားထက်သန်စွာကို မနှောင့်ယှက်တော့ဘဲ ကွမ်တုန်းကျူ ပြင်ဆင်ရန် လှည့်ထွက်လာခဲ့သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူက အထူးအဆန်းတစ်ခုခုကို သတိပြုမိသွားပုံဖြင့် လုရှန့်ရှီ၏လက်ကို ပြန်ထပ်ကြည့်လိုက်သည်။ လုရှန့်ရှီ၏လက်ကို အထည်ကြိုးစလေးဖြင့် ပတ်ထားပြီး သူ့၏လက်ကြမ်းကြီးနှင့် မလိုက်မဖက် ဖြစ်နေကာ ရယ်စရာဖြစ်နေလေသည်။

ကျန်းကျိုးက စိတ်ဝင်တစားဖြင့် “မင်းလက်က ဘာဖြစ်တာလဲ?”

လုရှန့်ရှီက မျက်နှာက ရုတ်တရက် နီရဲသွားပြီး "ဘာမှ မဟုတ်ပါဘူး၊ ဒီရေနွေးအိတ်ကို လုပ်နေရင်း လက်ကို အပူလောင်သွားတာပါ”

ကျန်းကျိုးက သူ့မျက်နှာတွင် တစ်ခုခု ထူးဆန်းနေသလို ခံစားရသောကြောင့် ထပ်မေးလိုက်ပြန်သည်။

"အော်..အဲလိုလား? ဒါပေမယ့် မင်းက ဘာလို့ ပိတ်စကြိုးသေးသေးလေးနဲ့ ချည်ထားတာလဲ?"

ထိုကြိုးကို ပြောလိုက်ချိန်တွင် လုရှန့်ရှီက ရှက်နေပုံရသည့်အပြုံးဖြင့် ပြန်ဖြေလာခဲ့သည်။

"ဒါက ကျွန်တော့်ဇနီးလောင်းက ကျွန်‌တော်အတွက် လုပ်ပေးလိုက်တာပါ"

ယခုတစ်ကြိမ်တွင် သူက ကြက်ဥမုန့်လုပ်ငန်း စတင်ရန် ဆုံးဖြတ်လိုကသောကြောင့် သူဇနီးလောင်းလေး စိတ်ချမ်းသာစေရန် သူ့အစီအစဥ်များအားလုံးကို ရှင်းပြခဲ့ပြီး သူမအတွက် ရေနွေးအိတ်ကိုလည်း လက်ဆောင်ပေးခဲ့သည်။

သူ့ဇနီးလောင်းက သူ့လက်မှ ဒဏ်ရာကို သတိပြုမိသွားပြီး သူ့ကို ဂရုစိုက်ပေးခဲ့သည်။

ပတ်တီးစည်းပေးနေစဥ်အတောအတွင်း ဇနီးလောင်းလေး၏ ကြင်နာယုယမှုကို သတိပြန်ရသွားသောကြောင့် လုရှန့်ရှီ၏ နှလုံးသားတွင် ချစ်ခင်မှုနှင့် လွမ်းဆွတ်မှုတို့ ပြည့်နှက်လာပြန်သည်။

ကျန်းကျိုး၏အမူအရာက ပို၍ပင် စိတ်ရှုပ်လာပုံရပြီး မထင်မှတ်ပဲ သူ့ကို တစ်ခုခုကို တွေးလိုက်မိသည်။

အဲ့တုန်းက သူနဲ့ ဝမ်ရန်ကို စိုက်ကြည့်နေတဲ့ လုတာ့လန် ဘယ်လို တွေးနေမယ်ဆိုတာကို သူ နားလည်သွားပြီ။

📢📢📢

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ကျန်းကျိုး : ငါ တနေ့ ဒီလို ခွေးစာအကျွေးခံရမယ်လို့ တခါမှ မတွေးခဲ့ဖူးဘူး။

အဲ့အချိန်တုန်းက ကျန်းကျိုး ချစ်ခြင်းမေတ္တာတွေ ပြသနေတာကို ကြည့်နေခဲ့ရတဲ့ လုတာလန် : မင်း အခုတော့ ကိုယ်ချင်းစာတက်ပြီပေါ့.... [ ဗိုက်နှိပ်ပြီး ရယ်မော. Jpg]

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment