၁၉ နောက်ဆုံးတော့ ဇနီးလေးကို နမ်းလိုက်ရပြီ
ကျန်းကျိုးက ဝမ်ရန်ကို ယခုအချိန်တွင် မှောင်မဲသော လမ်းကြားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သော စန်းရွှေ့လမ်းကြားအနီးရှိ အစားအသောက်နှင့် ပတ်သတ်သော ပစ္စည်းများ ရောင်းချသည့် စျေးသို့ ခေါ်သွားခဲ့သည်။
ထိုမည်းမှောင်နေသောလမ်းတွင် အဓိကအားဖြင့် ငါးရောင်းသူများနှင့် ပြည့်နေခဲ့သည်။ သူတို့မြို့၏ ပတ်ဝန်းကျင်တွင် မြစ်၊ ချောင်းများ ပေါများသောကြောင့် ငါးများက အထူး တန်ဖိုး မရှိပေ။ သို့သော် ပတ်ဝန်းကျင်ရှိ တောင်တန်းများကြောင့် ရွာသားများ ပိုင်ဆိုင်နိုင်သည့် လယ်မြေများက အလွန်နည်းပါးလှသည်။
ထို့ကြောင့် လူများစွာက ဆက်လက်၍ ငါးဖမ်းနေကြရပြီး ဤငါးဖမ်းသမားများက ၎င်းတို့၏ဖမ်းမိသော ငါးများကို နီးစပ်ရာကျေးရွာများသို့ ရောင်းချရုံသာမက ဤမှောင်မိုက်သောလမ်းကြားတွင်လည်း လာရောင်းလေ့ရှိကြသည်။
ထို့ကြောင့် ဤနေရာမှ ပြင်းထန်သော ငါးညှီနံ့က လူတိုင်းကို နှာခေါင်းရှုံ့စေသည်။
ထိုမှောင်မိုက်သောလမ်းကြားတွင် လမ်းလျှောက်ကြချိန်တွင် ဝမ်ရန်ထံ၌ အလွန်အကဲဆတ်ပြီး ထိခိုက်လွယ်သော နှာခေါင်းရှိသောကြောင့် ကျန်းကျိုးက ဝမ်ရန် ငါးဆိုင်များနှင့် ခပ်ဝေးဝေးမှ သွားနိုင်စေရန် သတိဖြင့် ကြိုးစားအားထုတ်ပေးခဲ့သည်။
အရင်တုန်းက ဝမ်ရန် ချက်ပြုတ်တဲ့အချိန်ဆို သူ ပြင်ဆင်ပေးရတဲ့အရာက ငါးတွေပဲ။ ပြီးတော့ ဝမ်ရန်က ငါးကို ခဏခဏ ချက်လေ့မရှိဘူး။ သူက ငါးရဲ့ပြင်းထန်တဲ့ ညှီနံ့ကို မကြိုက်သလို ငါးရဲ့အကြေးခွံတွေကို မြင်ရတာနဲ့ သူ့ကျောရိုးထဲကနေ စိမ့်တက်လာသလို ခံစားရတဲ့သူပဲ။
သို့သော် မြစ်ကမ်းအနီးရှိ ရွာများတွင် နေထိုင်သူများကတော့ ငါးများကိုသာ ရိုးအီနေအောင် စားကြရသည်။ အသားဝယ်ရန် ပိုက်ဆံလိုအပ်ချိန်တွင် ငါးက အလကားဖမ်းနိုင် သောကြောင့် တစ်နေ့နှစ်နှပ်စာတွင် ငါးကို မရှောင်နိုင်ကြပေ။ ဝမ်ရန်က ငါးသတ်ရခြင်းနှင့် ငါးကိုင်ရခြင်းကို မဟုတ်ချင်သော်လည်း ငါးစားရခြင်းကိုတော့ နှစ်သက်ပြန်သည်။
ထို့ကြောင့် အချိန်တိုင်း ကျန်းကျိုးက ကိုင်တွယ်ပြီးသောငါးများကို ဝယ်ယူလေ့ရှိပြီး ဝမ်ရန်ရှေ့မှာ ဘယ်တော့မှ ငါးသတ်လေ့ မရှိပေ။ ထိုအပြင် ငါးကို အိမ်ပြန်မယူသွားခင် အကြေးခွံများ ဖယ်ရှားပြီးကြောင်း သေချာအောင် စစ်ဆေးလေ့ရှိသည်။ သူက ငါးနှင့်ပတ်သက်ပြီး ဇီဇာကြောင်းလွန်သောကြောင့် နောက်ပိုင်းတွင် ဒေသခံစျေးသည်များက သူ့၏ဇနီးလေး ငါးအကြေးခွံကြောက်ကြောင်း သိလာကြသည်။ ထို့ကြောင့် ကျန်းကျိုး ငါးလာဝယ်တိုင်း ဈေးသည်များက သူ့အတွက် သေသေချာချာ ငါးအကြေးခွံ ဖယ်ပေးကြသည်။
သို့သော်လည်း စျေးသည်အားလုံးကတော့ စိတ်ရှည်သည်းခံမှု မရှိဘဲ အချို့သောငါးသည်များကို သေသေချာချာ မကိုင်တွယ်ပေးကြပေ။ ထိုသို့ ကြုံလာလျှင်လည်း ကျန်းကျိုးက စိတ်မဆိုးဘဲ ဝမ်ရန် မကြောက်ရအောင် ဓားတစ်ချောင်း ငှားပြီး သူ့ဘာသာသူ စိတ်ရှည်စွာ ကိုင်တွယ်လေ့ရှိသည်။
ယခုအချိန်တွင်းလည်း ကျန်းကျိုးက ထိုနေရာကို ရှောင်နိုင်ရန် ဝမ်ရန်ကို လမ်းလွှဲမှ ခေါ်ဆောင်သွားခဲ့သည်။
ဤဒေသတွင် သားသတ်ရုံများ ရှိခဲ့ဖူးသော်လည်း စီးပွားရေးမကောင်းကြပေ။ နောက်ဆုံးတွင် နှစ်ပေါင်းများအတွင်း သားသတ်သမားတစ်ဦးသာ ဆက်လက်ရှင်သန် ရပ်တည်နိုင်ခဲ့သည်။
ထိုသားသတ်သမား၏မျိုးရိုးအမည်က ချန်ဖြစ်သည်။ သူက အရပ်ရှည်ပြီး ကြံ့ခိုင်သည့် လူထွားကြီး ဖြစ်သော်လည်း ကြင်နာတတ်သည့်စရိုက်ရှိသူ ဖြစ်သည်။ ကျန်းကျိုးကို တွေ့လိုက်ချိန်တွင် သူက ကျန်းကျိုးကို နွေးနွေးထွေးထွေး နှုတ်ဆက်လာခဲ့သည်။
"မတွေ့တာကြာပြီ ကျန်းတာ့!"
အမှန်တကယ်လည်း သူတို့ နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ကျန်းကျိုးက ဤနေရာသို့ မကြာခဏ လာလေ့ရှိသော ပုံမှန်ဖောက်သည် ဖြစ်သည်။ သူက ဇနီးဖြစ်သူ၏ခန္ဓာကိုယ်ကို အားဖြည့်ပေးရန် အသားအချို့ ဝယ်လေ့ရှိသည်။ အချိန်ခရီးသွား ရောက်လာပြီးနောက် ထိုလူကလည်း သားသတ်သမားချန်ထံမှ အသားနှစ်ခါ လာဝယ်ခဲ့သေးသည်။ သို့သော်လည်း နောက်ပိုင်းတွင် သူက အလုပ်ကြောင့် မအားလပ်တော့ခြင်းနှင့် သူ၏ ကြွယ်ဝမှုများ တဖြည်းဖြည်း လျော့နည်းလာခြင်းတို့ကြောင့် အသားလာမဝယ်နိုင်တော့ပေ။ သားသတ်သမားချန် သူ့ကို မတွေ့ရသည်မှာ အမှန်တကယ်ကို အတော်ကြာနေပြီ ဖြစ်သည်။
သားသတ်သမားချန်က ကျန်းကျိုး၏နောက်မှ လိုက်လာသော ဝမ်ရန်ကို ကြည့်လိုက်ပြီး အခြေအနေကို နားလည်သွားခဲ့သည်။ သူက ကျန်းကျိုး၏ သူ့ဇနီးအပေါ်ထားသော လေးနက်သောချစ်ခင်မှုကို မနာလို ဖြစ်နေပြီး "မင်းတို့နှစ်ယောက်က ဆက်ဆံရေး ကောင်းတယ်။ မင်းက သူ့အတွက် နှစ်ပေါင်းများစွာ ဒီကို အမြဲ ရောက်လာခဲ့တယ်။ မင်းက သူ့ကို တကယ်ချစ်တာပဲ"
ကျန်းကျိုးက ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သော်လည်း အတုအယောင် နှိမ်ချခြင်းတော့ မရှိပေ။ သူက ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေလိုက်သည်။ “ခင်ဗျားကတော့ ပြောတော့မယ်၊ ကျွန်တော်တို့က ငယ်ငယ်ကတည်းက ငယ်ကျွမ်းဆွေတွေ ဖြစ်ခဲ့တာလေ။ ဒီဘဝမှာ သူ့ကို လက်ထပ်ခွင့် ရဖို့ ရှေ့သုံးဘဝစာလောက် ကောင်းချီးတွေ စုခဲ့ရတာလေ၊ ကျွန်တော် ဇနီးကို ကျွန်တော် မချစ်ဘဲနေပါ့မလား?”
သားသတ်သမားချန်က လေးလေးနက်နက် ခေါင်းညိတ်ပြလာခဲ့သည်။ ဆင်းရဲသောစုံတွဲလေးများက အခက်အခဲများစွာကို ရင်ဆိုင်ရလေ့ရှိကြောင်း လူအများက ပြောလေ့ရှိကြသည်။ သူလည်း ယခင်က ဒုက္ခများ ကြုံခဲ့ဖူးပြီး ယခုအချိန်တွင် သူက အသက်မွေးဝမ်းတစ်ခု ရှာဖွေနိုင်ခဲ့ကာ သက်သောင့်သက်သာရှိသောဘဝကို ဦးဆောင်နိုင်ခဲ့ပြီး သူ့ဇနီးသည်နှင့်လည်း ရင်းနှီးသော ဆက်ဆံရေးကောင်း ရှိနေခဲ့သည်။ ထို့ကြောင့် သူများစုံတွဲကို တွေ့ရချိန်တွင် သူ ထိုခံစားချက်များကို အမှန်တကယ် နားလည်ပေးနိုင်ခဲ့သည်။
ထို့နောက် သူတို့နှစ်ဦးသား ထိုအကြောင်းအရာကို ဆက်မပြောကြတော့ပေ။ ကျန်းကျိုးက အသားဆိုင်ရှိ အသားများကို အကဲခတ်လိုက်ပြီး မေးမြန်းလိုက်သည်။
“ခင်ဗျားမှာ အရိုးကြီးတွေ ရှိသေးလား?”
သားသတ်သမားချန်က ထောင့်စွန်းတွင် စုပုံထားသည့် အသားအိတ်များကို လက်ညှိုးထိုးပြလိုက်ပြီး "ဟိုမှာလေ၊ အဲ့ဒါတွေ အားလုံးက အရိုးကြီးတွေပဲ။ ဘယ်သူကမှ အဲ့ဒါကို မလိုချင်ချင်ကြဘူး။ အားလုံးက အရိုးပေါ်က အသားတွေကိုပဲ ဖယ်ခိုင်းပြီး ယူသွားကြတယ်။ ဘယ်သူမှ မလိုချင်ရင်တော့ ငါ ပေးပစ်ရတော့မယ် ထင်တယ်။ မင်း လိုချင်လို့လား?"
ကျန်းကျိုးက ခေါင်းညိတ်ပြလိုက်သည်။ အထူးသဖြင့် သန့်စင်ပြီး အသား အနည်းငယ် သာရှိသော အရိုးကြီးများကို ရောင်းချရခြင်းမှာ ဤခေတ်တွင် စိန်ခေါ်မှုတစ်ခုသာ ဖြစ်နေသေးသည်။ အများစုက ဤအရိုးများအတွက် ငွေပေးမည့်အစား အသားအပိုင်းအစများအတွက် ငွေအနည်းငယ်ပိုသုံးစွဲရန် ဆုံးဖြတ်လေ့ရှိကြသည်။
သို့သော် ကျန်းကျိုးကတော့ ထိုအရိုးများကို ဝယ်ရန် ရောက်လာခဲ့ခြင်း ဖြစ်ပြီး ရသမျှကို ယူရမည် ဖြစ်သည်။ "ကျွန်တော် ဒီအရိုးတွေအားလုံး ယူလိုက်မယ်။ အဆီနဲတဲ့ အသားဆယ်ကျင်း၊ အဆီများတဲ့အသားဆယ်ကျင်း၊ ကလီစာဆယ်ကျင်းနဲ့ အရိုးနုဆယ်ကျင်းလည်း လိုချင်သေးတယ်။ နောက်ပြီး အဲ့ဒါတွေကို ဦးလေးယွိရဲ့ လှေပေါ် တင်ပေးဖို့ တစ်ယောက်ယောက်ကိုလည်း စီစဉ်ပေးပါဦး"
သူ အားလုံးပြောပြီးသည်နှင့် သူ့နောက်မှ ဝမ်ရန်က ရယ်မောလိုက်သည်။
ကျန်းကျိုးက အနည်းငယ် စိတ်ရှုပ်သွားပြီး အသားဆိုင်မှ ထွက်လာပြီးနောက် ဝမ်ရန်ကို ချက်ချင်း မေးလိုက်သည်။
“ဘာလို့ ရယ်နေတာလဲ?”
ဝမ်ရန်က နံရံတစ်ခုကို မှီကာ ရယ်မောနေရင်း အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီးမှ ကျန်းကျိုးကို လက်ညှိုးထိုးပြကာ "ခင်ဗျားကို ရယ်နေတာ၊ အခု ခင်ဗျားက လုကျစ်ရှန့်လို ဖြစ်နေပြီ"
ထို့နောက် သူက သူ့မျက်လုံးထောင့်မှ မိုးမခပင်တစ်ပင်ကို လက်ညှိုးထပ်ထိုးပြလိုက်ပြီး "နောက်ဆို ခင်ဗျားက ညွတ်နွဲ့ကျနေတဲ့ မိုးမပင်ကို အမြစ်ကနေ ဆွဲနှုတ်ဖို့ စိတ်ကူးထားတာလား?"
ထိုအခါမှသာ ကျန်းကျိုးက လုကျစ်ရှန့် သခင်လေးကျန်းအား လက်သီးဖြင့် ထိုးသည့်အခန်းကို ပြန်တွေးမိပြီး လုကျစ်ရှန့်က ကြက်ဆယ်ကျင်း၊ အဆီများသောအသားဆယ်ကျင်းနှင့် အရိုးနုဆယ်ကျင်း တောင်းသည့်အပိုင်းကို ရုတ်တရက် သတိရသွားခဲ့သည်။
သူ စာမဖတ်ဖြစ်သည်မှာ ကြာနေပြီ ဖြစ်သောကြောင့် ချက်ခြင်း သတိမမူမိခဲ့ခြင်း ဖြစ်သည်။ ယခု ဝမ်ရန်က ကိုင်းကျနေသော မိုးမခကို နှုတ်မှာလားဟု မေးလိုက်မှ သူမှတ်ဥာဏ်များ ပြန်ပေါ်လာခြင်း ဖြစ်သည်။
(T/N: လုကျစ်ရှန့်ဆိုတာက မင်မင်းဆက်ရဲ့ဂန္ဒဝင်ဇာတ်လမ်းတပုဒ်ထဲမှ ဇာတ်ကောင်ပါတဲ့)
ထိုမှတ်ဥာဏ်က သူ သတိလစ်နေခြင်းကြောင့် မဟုတ်ဘဲ သိထားခဲ့သည်မှာ အချိန်အတော်ကြာနေသောကြောင့် ပြန်မေ့နေခဲ့သော မှတ်ဥာဏ်တစ်ခုသာ ဖြစ်သည်။
သို့သော်လည်း သူ့ထံတွင် စဉ်းစားရန် အချိန်များစွာ မရှိသဖြင့် ဝမ်ရန်ဆီမှ မျက်လုံးတောက်တောက်လေးများဖြင့် ရယ်မောခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။ သူ၏ ဝေါဟာရက ကျယ်ပြောလှသည် မဟုတ်သောကြောင့် မည်သို့ တင်စားပြောဆိုရမည်ကို သူ မသိသော်လည်း ယခုအချိန်တွင် ဝမ်ရန်၏မျက်လုံးလေးများက ငြိမ်သက်နေသော မြစ်တစ်ခုလုံးပေါ်တွင် တောက်ပနေသော လှိုင်းဂယက်လေးများနှင့် ဆင်တူသည်ဟု သူ ခံစားနေရသည်။
ခဏအကြာတွင် ဝမ်ရန်က အရယ်ရပ်လိုက်ပြီး သူ၏မျက်လုံးထောင့်မှ မျက်ရည်စလေးများကို သုတ်လိုက်ကာ ကျန်းကျိုးကို လှမ်းကြည့်လိုက်သည်။ ကျန်ကျိုး၏ အကြည့်များကြောင့် သူ့ပါးပြင်များ ပူလောင်လာပြီး သူ့မျက်နှာက ကြက်သွေးရောင်ပြောင်းသွားပြီဟု သူ တွေးလိုက်မိသည်။
နှစ်ယောက်သား စကားတစ်ခွန်းမှ မပြောဘဲ တစ်ယောက်ကို တစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် စိုက်ကြည့်နေမိကြသည်။ အချိန်အတော်ကြာပြီးနောက် ဝမ်ရန်က သူ၏နွေးနေသော ပါးပြင်လေးများကို ပြန်ထိလိုက်ပြီး "ခင်ဗျား ဘာလို့ ကျွန်တော့်ကို ကြည့်နေတာလဲ?"
ကျန်းကျိုးက ဝမ်ရန်၏အနားသို့ တိုးကပ်သွားခဲ့ပြီး သူ့မျက်လုံးများက နက်မှောင်လာကာ တိုးတိုးလေး ပြန်ဖြေလိုက်သည်။
"မင်းက အရမ်းကြည့်ကောင်းတယ်လို့ ကိုယ်တွေးမိလို့ပါ"
ဝမ်ရန်၏မျက်နှာက ပို၍ပင် နီရဲလာပြီး သူက စကားတစ်ခွန်းမှ မပြောတော့ဘဲ သူ့နှုတ်ခမ်းလေးကို ဖိကပ်ကာ တင်းတင်းစေ့ထားသည်။ ကျန်းကျိုး ချဉ်းကပ်လာသည်ကို မြင်နေရသော်လည်းက သူက မခုခံဘဲ နံရံကိုသာ မှီနေဆဲဖြစ်သည်။
ကျန်းကျိုးက အမှန်တကယ် စိတ်လှုပ်ရှားနေပြီး သူ့ကျောနောက်ဘက်မှ လက်သီးများကို တင်းတင်းဆုပ်ထားရသည်။ သူ့နှလုံးသားကလည်း အချိန်မရွေး ပေါက်ကွဲတော့သလိုပဲ ကျယ်လောင်စွာ မြည်ဟီးနေခဲ့သည်။
သူတို့ နီးကပ်လာသည်နှင့်အမျှ တစ်ယောက်၏နှလုံးခုန်သံကို တစ်ယောက်ကြားနိုင်လုနီးပါး ဖြစ်လာခဲ့သည်။
ကျန်းကျိုးက သူ့လက်ကို ဆန့်ထုတ်ပြီး ဝမ်ရန်၏ နားရွက်နားတွင် တွဲလောင်းကျနေသည့် နွယ်ပင်ကို ဖယ်ရှားပေးလိုက်သည်။ သူက ထိုအနေအထားကို အခွင့်ကောင်းယူကာ ဝမ်ရန်ကို နံရံပေါ်သို့ ဖိကပ်လိုက်သည်။
ဝမ်ရန်က သူ့မျက်လုံးလေးများကို အချိန်ကိုက် မှိတ်ချလိုက်သော်လည်း တုန်လှုပ်နေသော မျက်ခွံလေးများက သူ၏စိတ်လှုပ်ရှားမှုကို ပြသနေခဲ့သည်။
အလွန်ပေါ့ပါးပြီ ပူနွေးစိုစွတ်သော အသက်ရှုသံက ဝမ်ရန်၏ နားရွက်ဖျားလေးပေါ်သို့ ကျရောက်လာပြီး ဝမ်ရန်၏နားရွက်လေးများကို နီရဲသွားစေခဲ့သည်။ ကျန်းကျိုးက သူ့အသံကို အနီးကပ် တိုးတိုးလေး ပြောလိုက်သည်။
“နမ်းချင်တယ်”
သူတို့၏ စိတ်ခံစားချက်က နီးကပ်လာခြင်းက သဘာဝတရား၏ လမ်းကြောင်းမှန်ပေါ်ရောက်လာသည့် ကိစ္စသာ ဖြစ်သည်။ ဟိုအရင်က ကျန်းကျိုး၏ အထိန်းအကွပ်မဲ့ဆုံး စကားက သူတို့နှစ်ယောက် သတို့သမီး အခန်းထဲသို့ ဝင်စဥ်က ကျန်းကျိုးပြောခဲ့သည့် 'ကိုယ် မင်းကို ချစ်တယ်' ဟူသာ စကားသာ ဖြစ်သည်။
ယခု ဤကဲ့သို့ ရိုးရှင်းသော စကားကို ဝမ်ရန် မည်သို့မျှ ခံနိုင်ရည် မရှိပေ။ သူက ရှက်လွန်းသောကြောင့် သူ့မျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်သည်။
သို့သော် သူ့မျက်လုံးများကို ဖွင့်လိုက်သည်နှင့် ကျန်းကျိုး၏ နွေးထွေးသော လက်ဖဝါးက သူ့မျက်လုံးများကို ဖုံးအုပ်လာခဲ့ပြီး ကျန်းကျိုးက သူ့အနားသို့ တိုးကပ်လာသည်ကို သူ ခံစားလိုက်ရသည်။
ကျန်းကျိုးက သူ့နှုတ်ခမ်းများကို ဂရုတစိုက် ပွတ်သပ်ပေးလာပြီး သူ့နှုတ်ခမ်းကြားကို လျှာနဲ့ နမ်းလိုက်ကာ သူ့ပါးစပ်ထဲသို့ တိုးဝင်လာခဲ့သည်။ သူ သတိပြင်ဝင်လာချိန်တွင် သူ့ပါးစပ်တစ်ခုလည်း ဖွင့်ဟပေးပြီးပြီ ဖြစ်သည်။
ကျန်းကျိုးက ဂရုတစိုက် နမ်းနေခဲ့ပြီး ဝမ်ရန်ထဲမှ နွေးထွေးမှုကို စုပ်ယူလိုက်ရရုံဖြင့် သူတို့၏အခြေအနေက သူ့စိတ်ဝိညာဉ် အသိမ်းပိုက်ခံရပြီး သူ မအိပ်ပျော်သွားသေးခင် လွန်ခဲ့သောတစ်နှစ်သို့ တစ်ကယ်ပြန်ရောက်သွားပြီ ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။
....ဒီနူးညံ့သိမ်မွေ့ပြီး ငြင်းဆန်လို့မရတဲ့ အနမ်းမှာ သူရဲ့နာကျင်ခြင်းတွေ နောင်တတရားနဲ့ အပြစ်တင်စိတ်တွေကို သွန်းလောင်းထားခဲ့တယ်။
ဒီစာရေးသူမှာ ပြောစရာ ရှိပါတယ်....
အားးးးးးးးး
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟