အခန်း ၁ နိုးလာတော့ ဘာမရှိတော့ဘူး
ကျန်းကျိုး၏ခေါင်းက မူးဝေနေပြီး သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော အသံဗလံများကို ကြားနေရသော်လည်း ဘာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သူက တစ်ဝက်မှေးကျဥ်းထားသော မျက်လုံးဖြင့် အခန်းတစ်ဝိုက်ကို ဝေ့ကြည့်လိုက်ပြီး ကြိုကြားမှ ထွက်ပေါ်နေသော နေရောင်ကို မြင်လိုက်ရသည်။ ထိုမိန်းမောနေသော အခြေအနေတွင် ဝမ်ရန်က သူ့ကို တိတ်တဆိတ် ကြည့်နေသည်ဟု ခံစားနေရသည်။ ထို့နောက် ဝမ်ရန်က သက်ပြင်းချကာ လှည့်ထွက်သွားပြီး ဘယ်တော့မှ ပြန်မလှည့်လာတော့ဘူးဟုပင် ထင်ရစေသည်။
သူ လန့်ဖျပ်သွားပြီး ရုတ်တရက် အော်ခေါ်လိုက်သည်။ "အားရန်!"
ကျောပေါ်ရှိ အေးစက်သော ချွေးများက သူ့အဝတ်များကို စိုစွတ်စေပြီး စေးကပ်နေကာ စိတ်မသက်မသာ ခံစားရစေသည်။ ကျန်းကျိုးက ကုတင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်သောကြောင့် သူ့မျက်လုံးများက ခဏတာမျှ မည်းမှောင်သွားသည်။
လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူ အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသည်။
အခု သူက ယိုယွင်းနေတဲ့ ရွှံ့အိမ်ထဲမှာ လဲလျောင်းနေရပြီး သူ့ခန္ဓာကိုယ်အောက်မှာ အေးစက်မာကျောတဲ့ အိပ်ယာရှိနေတယ်။ သူ့ရဲ့ခါးတစ်ဝိုက်မှာ အနံအသက်ဆိုးတွေ ထွက်နေတဲ့ စောင်တစ်ပိုင်းကိုလဲ အုပ်ထားသေးတယ်။ မနီးမဝေးက စားပွဲပေါ်မှာ ပန်းကန်လုံးတစ်လုံး တင်ထားတယ်။
သူ အရင်က ဈေးကို သွားခဲ့ပြီး အပြန်မှာ ဦးလေးကျန်းရဲ့လှည်းကို စီးပြီး ပြန်လာခဲ့တယ်။ တောင်ပေါ်လမ်းလေးကို ဖြတ်သွားတဲ့အချိန်မှာ လှည်းဘီးက ကျောက်ခဲကို ဝင်တိုက်မိပြီး သူ လှည်းပေါ်ကနေ လွှင့်ကျသွားတာကို သူ ပြန်သတိရမိတယ်။
ဟုတ်တယ်၊ အဲ့တုန်းက သူ သတိလစ်သွားပြီး အခု သူ ပြန်နိုးလာပြီ။ ဒါပေမယ့် ဘာဖြစ်တာလဲ? သူ မတော်တဆ လုယက်ခံလိုက်ရတာလား?
ခေါင်းတစ်ခြမ်း ကိုက်လာသောကြောင့် သူက ခါတိုင်းကဲ့သို့ လှမ်းခေါ်လိုက်သည်။ “အားရန်”
သို့သော်လည်း မည်သူကမှ ပြန်မဖြေသောကြောင့် ကျန်းကျိုးတစ်ယောက် ခဏလောက် ထိတ်လန့်သွားခဲ့သည်။ ထို့နောက်တွင် ဝမ်ရန်က ခြံထဲတွင် ရှိနေပြီး သူ့အသံကို မကြားခြင်း ဖြစ်မည်ဟု တွေးမိသောကြောင့် သူ ထပ်ခေါ်လိုက်သည်။
"အားရန်?"
"မင်း ဘယ်သူကို ခေါ်တာလဲ?" တံခါးမှ အသံတစ်ခု ထွက်လာပြီး "မင်း ဝမ်ရန်ကို ခေါ်နေတာကို ငါ ကြားတယ်။ အခုမှ ဘာလို့ ခေါ်နေတာလဲ? မင်း ဘဝသာယာနေတုန်းကတော့ မင်းက ဒေါသတကြီးနဲ့ မင်းမိန်းမကို နှင်ထုတ်လိုက်တယ်၊ မင်း အခု ဒုက္ခရောက်နေတော့ သူ့ကို ပြန်လိုချင်နေတာလား? အဲဒီတုန်းက ဘာလို့ သူ့ကို နှင်လွှတ်လိုက်တာလဲ?"
ရောက်ရှိလာသူက ရွာအဝင်ဝတွင် နေထိုင်သော အဒေါ်လု ဖြစ်ပြီး သူမက များသောအားဖြင့် တခြားရွာသားအပေါ် နွေးနွေးထွေးထွေး ဆက်ဆံတက်ပြီး အလွန်သဘောကောင်းလှသည်။
ယနေ့တွင် အဒေါ်လုက သူမ၏လယ်ကွက်အစွန်းမှ ခရမ်းသီးအချို့ကို သွားယူကာ ခရမ်းသီးခြောက်ပြုလုပ်ရန် စိတ်ကူးဖြင့် ထွက်လာခဲ့ခြင်း ဖြစ်သည်။ နုသော အသီးများကို စားသောက်ပြီး ဖြစ်ကာ ထိုလယ်ကွက်တွင် ရှိနေသည့် အသီးများက ရင့်နေကာ စားရန် လတ်လတ်ဆတ်ဆတ် စားရန် မဆင်မပြေတော့ပေ။ ထို့ကြောင့် အခြောက်သာ ပြုလုပ်ရတော့မည် ဖြစ်သည်။ သူမ လယ်ကွက်ဆီသို့ သွားနေသည့်လမ်းတွင် တစ်စုံတစ်ဦး၏ ခေါ်သံကြားလိုက်သောကြောင့် ဝင်ကြည့်လိုက်ရာ အိမ်အတွင်းမှ ကျန်းကျိုးကို တွေ့လိုက်ရခြင်းပင်။
ဒီကျန်းကျိုးအကြောင်းပြောရရင် သူမလည်း ခံစားချက်တွေ ရောထွေးနေတာပါပဲ။ သူမ သူ့ကို အနည်းငယ် စိတ်ပျက်နေပေမယ့် လွန်ခဲ့သည့်တစ်နှစ်အထိ ကျန်းကျိုးက အရာရာမှာ ထူးချွန်ပြီး အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါပဲ။ သူ့မိဘတွေက စောစောဆုံးပါးသွားပြီး သူ့အတွက် ပိုင်ဆိုင်မှုအချို့ကို ချန်ထားပေးခဲ့တယ်။ သူကလည်း ကြိုးစားတဲ့သူ ဖြစ်တာကြောင့် ကောတစ်ယောက်နဲ့ လက်ထပ်နိုင်ခဲ့တယ်။ သူတို့နှစ်ယောက် အိမ်ထောင်ကျပြီးတဲ့နောက်မှာ တကယ်ကို ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်နေခဲ့ကြတယ်။ ဒါပေမယ့် အဖိုးအိုကျန်းရဲ့လှည်းပေါ်ကနေ ပြုတ်ကျပြီးကတည်းက ကျန်းကျိုးက သူနဲ့ မတူတဲ့လူအဖြစ် ပြောင်းလဲသွားတော့တယ်။
အဲ့အချိန်မှာ ကျန်းကျိုးက အရင်ကထက် လိမ္မာပါးနပ်မှုတွေ လျော့နည်းလာပြီး ပျင်းရိတက်လာတယ်။ သူက နေမြင့်အောင် အိပ်စက်တက်လာပြီး နေလည်အထိတောင် အိပ်နေသေးတယ်။ အဲ့အထိက အဆင်ပြေနေသေးတယ်။ နောက်ပိုင်းမှာ သူက ရှီးချမ်က ကုန်သည်တချို့နဲ့ ပေါင်းပြီး ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းကို လုပ်ကိုင်ဖို့ စတင်လာတယ်။ အဲ့ကိစ္စကြောင့် ဝမ်ရန်နဲ့ အကြီးအကျယ် ရန်ဖြစ်ကြပြီး ဝမ်ရန်က သူ့မိဘတွေရဲ့အိမ်ကို ပြန်သွားခဲ့တယ်။ ဒါပေမယ့် ဇနီးကို ဆုံးရှုံးလိုက်ရတဲ့ ကျန်းကျိုးက ဘာကိုမှ ဂရုမစိုက်ဘဲ အခြားသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စီးပွားရေး ဆက်လုပ်ခဲ့တယ်။
သူက သူ့နဲ့အတူ စီးပွားရေး လုပ်ဖို့ တခြားသူတွေကို ပြောပေမယ့် ရွာသားတွေက သူ့ကို စိတ်မချရဘူးလို့ ထင်တာကြောင့် ငြင်းခဲ့ကြတယ်။ သူနဲ့အတူ အလုပ်လုပ်တဲ့ ကုန်သည်က ရွာကို အလည်ရောက်လာတက်ပြီး သူ ရောက်လာရင် သူ့မျက်လုံးတွေက မိန်းကလေးငယ်လေးတွေနဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေဆီသို့ အမြဲလိုလို လွင့်မျောနေတက်တယ်။ ဒီလူက မကောင်းဘူးဆိုတာ ထင်ရှားနေတာကြောင့် ရွာသားတချို့က ကျန်းကျိုးကို သတိပေးဖို့ ကြိုးစားပေမယ့် ကျန်းကျိုးက သူတို့ကို ကျောခိုင်းခဲ့တယ်။ လူတွေ တဖြည်းဖြည်းနဲ့ ပြောရတာ မောလာကြပြီး ဘယ်သူကမှ ကျန်းကျိုးကို ဂရုမစိုက်တော့ဘူး။
အစောပိုင်းကာလတွေမှာတော့ ကျန်းကျိုးက ငွေတစ်လျန်၊ နှစ်လျန်လောက် ရလာတက်ပြီး လူတိုင်း မြင်အောင် ထုတ်ကြွားနေသေးတယ်။ သူက ရွာသူရွာသားတွေက သူ့အတွက် ဘာမှလုပ်မပေးနိုင်ဘူးလို့တောင် ပြောခဲ့သေးတယ်။
ပထမအောင်မြင်မှုကနေ ချိုမြိန်မှုကို မြည်းစမ်းနိုင်ခဲ့တာကြောင့် အဲ့နောက်မှာ ကျန်းကျိုးက လောဘကြီးလာပြီး အဲ့ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းအတွက် ငွေတွေ ရင်းနှီးမြှပ်နှံတော့တယ်။ သူတို့က မြို့ထဲမှာ ဆိုင်ဖွင့်ဖို့ စီစဉ်ထားပြီး သူက အများစုကို စိုက်ထုတ်ထားရမယ်၊ ကုန်သည်က ကုန်ပစ္စည်းတွေကို လက်ခံခဲ့ပြီး သူ့ကို စပေါ်ငွေတစ်ချို့လည်း ပေးခဲ့တာကြောင့် အားလုံးက စည်းစနစ်တကျပေါ့။
အဲဒီအချိန်က သူ့တွက်ကိန်းနဲ့သူတော့ ဟုတ်နေတာပေါ့၊ သူ့မှာ အကြံအစည်ကောင်းတွေ ရှိနေပြီး သူက ရွံခြေထောက်(လယ်သမား)ဘဝနဲ့ မြေကြီးကို တူးဆွရင်း သူ့ဘဝကို ကုန်ဆုံးမှာ မဟုတ်ဘူးလို့ပဲ တွေးနေပုံရတယ်။ ဆိုင်ဖွင့်ပြီး ကုန်ပစ္စည်းတွေ ရောင်းတာ ကောင်းတယ်လေ၊ အတူတွဲလုပ်တဲ့ ကုန်သည်က စိတ်ချရတော့ သူက အိမ်မှာ အိပ်နေရင်းနဲ့ ပိုက်ဆံရေတွက်လို့ ရတယ်။ ဒါပေမယ့် ကံမကောင်းတာက အရာအားလုံးက သူဆန္ဒအတိုင်း မဖြစ်ခဲ့ဘူး။ သူတို့ ငွေတွေ ပြန်ဝင်လာပြီးနောက်မှာ ကုန်သည်က ခြေရာတောင်မကျန်အောင် ပျောက်ကွယ်သွားခဲ့တယ်။ ပြီးတော့ ဆိုင်ဝယ်တဲ့ကိစ္စကိုလည်း အဲ့ကုန်သည်ကပဲ ဦးဆောင်ခဲ့ပြီး အယုံကြည်ရဆုံးနေရာကို ရွေးပေးမယ်လို့ ပြောခဲ့ပေမယ့် အဲ့တာကလည်း လှည့်စားမှုသက်သက်ပဲ။ သူ့က ဆိုင်ကို ဝယ်ခဲ့ပေမယ့် ဆိုင်က သူ့နာမည်အောက်မှာ မရှိဘူး။
တကယ်တော့ ဆိုင်တစ်ဆိုင် ပိုင်ဆိုင်နိုင်ဖို့ အစိုးရရုံးကို သွားပြီး စာချုပ်ရေးခိုင်းရတယ်။ စာချုပ်က သုံးစောင် ဖြစ်ပြီး ဝယ်သူနဲ့ ရောင်းသူက တစ်စောင်စီရတယ်။ နောက်တစ်စောင်က အစိုးရရုံးမှာ သိမ်းထားဖို့ပါပဲ။ အဲ့ကုန်သည်က ပြဿနာတစ်ခုရှိနေလို့ စာချုပ်က နှစ်ရက်လောက်ကြာမှ ရမယ်လို့ သူ့ကို ပြောခဲ့တယ်။ ကျန်းကျိုးကလဲ ဘာမှ သံသယမရှိဘဲ ငွေကို အရင် လွှဲပေးလိုက်တယ်၊ နောက်နှစ်ရက်အကြာမှာ အဲ့ကုန်သည်က ခြေရာလက်ရာမရှိဘဲ ပျောက်ကွယ်သွားလိမ့်မယ်လို့တော့ သူလည်း ဘယ်ကြိုသိပါမလဲ?
ကျန်းကျိုးက သူ့ရဲ့ဘိုးဘွားတွေ ထားခဲ့တဲ့ ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးခဲ့ပြီး ချမ်းသာတဲ့ မိသားစုကနေ ဆင်းရဲသားအဖြစ် ပြောင်းလဲသွားတော့တယ်။
နောက်ဆုံးမှာတော့ ဒီခရီးသွားသူက ဒီတုန်လှုပ်မှုကို သည်းမခံနိုင်တော့ဘဲ ချက်ချင်း မေ့လဲသွားတော့တယ်။
အန်တီလုက ကုတင်ပေါ်တွင် ကြောင်တောင်တောင် ဖြစ်နေသော ကျန်းကျိုးကို ကြည့်ကာ သည်းမခံနိုင်တော့ဘဲ သက်ပြင်းတစ်ချက်ချလိုက်ရင်း “မင်း အကူအညီမဲ့နေတယ်ဆိုတာကို ငါ သိပါတယ်။ မင်းက သူများတွေ အကြံဉာဏ်ပေးတာကို နားထောင်ရတာ စိတ်မရှည်မှန်းလည်း ငါ သိတယ်၊ ဒါပေမယ့် အခု ဒီအခေုအနေကို ရောက်နေပြီ၊ အဲ့တော့ ဒီအဒေါ်ပြောတာကို နားထောင်ပါ၊ ပိုက်ဆံက ကုန်သွားပေမယ့် ပြန်ရှာလို့ ရနိုင်သေးတယ်။ ငါတို့လို ရွာသူရွာသားတွေအတွက် မြေကို တူးနေရုံနဲ့ စာစရာ ရှာနိုင်တယ်။ မိုးကောင်းကင်က တန်ခိုးကို မပြသရွေ့ ငါတို့ ဘယ်တော့မှ အစာငတ်သေမှာ မဟုတ်ဘူး။ မင်းရဲ့အိမ်နဲ့ ပိုက်ဆံတွေ ဆုံးရှုံးသွားပေမယ့် မင်းမှာ ခြေတွေ လက်တွေ ရှိနေသေးတယ်။ ကျူးစန်းယဲ့(ကျူးမိသားစုမှ တတိယသား)နဲ့ မတူတာက မင်းက လုံ့လဝီရိယနဲ့ အလုပ်ကြိုးစားတဲ့သူလေ၊ နည်းလမ်းတစ်ခုတော့ ရှိမှာ သေချာပါတယ်”
သူမ ခိုင်းနှိုင်းနေသော ကျူးစန်းယဲ့က ကျူးမိသားစုမှ မသန်မစွမ်းဖြစ်နေသော လူငယ်တစ်ဦးဖြစ်ပြီး ယခု သူက လက်ထပ်ရန် အရွယ်ရောက်နေပြီဖြစ်သော်လည်း မည်သူမှ သူ့ဇနီးဖြစ်လိုစိတ်မရှိကြပေ။
ကျန်းကျိုးက ဘာမှ ပြန်မပြောသည်ကို မြင်နေရသောကြောင့် အဒေါ်လုက ဆက်ပြောနေလေသည်။ "မင်း ဝမ်ရန်ကို ခေါ်နေတာ ငါ ကြားလိုက်ရတယ်၊ မင်း မင်းမိန်းမကို လွမ်းနေတာလား? သူ ဒေါသထွက်ပြီး ပြန်သွားဖို့ ပြင်နေတဲ့အချိန်က မင်း သူ့ကို မတားခဲ့ဘူး။ မင်းမိန်းမက အကျင့်စာရိတ္တကောင်းတယ်၊ ရုပ်ရည်ချောမောသလို လိမ္မာပါးနပ်တယ်၊ စာတောင်မှ ရေးတတ်သေးတယ်၊ မင်းက ဘာလို့ သူ့ကို စိတ်ဆင်ရဲအောင် လုပ်ရတာလဲ? ငါ မပြောတာချင်ပေမယ့် အရင်တုန်းက မင်းက သူ့ကို ပြန်ရဖို့ မကြိုးစားခဲ့ဘူး။ အခုတော့ မင်းက နောင်တရနေပြီ...ဒါပေမယ့် အိုက်ယား.... အခု မင်းရဲ့အခြေအနေက အရမ်းဆိုးနေပြီ။ မင်းရဲ့ဘဝကို အရင်ပြင်ဆင်ပြီးမှ ဝမ်ရန်ကို ပြန်သွားခေါ်တာက ပိုကောင်းမယ်လို့ ငါ ထင်တယ်၊ သူ့ကို မင်းနဲ့အတူ ခက်ခဲတဲ့ ဘဝမှာ မနေခိုင်းနဲ့"
သူမက စကားတွေ အများကြီး ပြောခဲ့ပြီး ကျန်းကျိုးက တိတ်တိတ်ဆိတ်ဆိတ်သာ နားထောင်နေခဲ့သည်။ ထိုအတောအတွင်းတွင် သူ့၏မှတ်ဉာဏ်ကလည်း အနည်းငယ် ရှင်းလင်းလာခဲ့သည်။ အဖြစ်အပျက်ကို သိပြီးနောက် သူ ဝမ်းပမ်းတနည်း ပြုံးရုံသာ တတ်နိုင်တော့သည်။
သူ ဘာပြောနိုင်မှာလဲ? သူ ဘာမှ မလုပ်ခဲ့ဘူး။ သူ့မှတ်ဥာဏ်ထဲက 'ကျန်းကျိုး'က သူ မတော်တဆ သတိလစ်နေချိန်မှာ သူ့ခန္ဓာကိုယ်ထဲကို ခိုးဝင်သွားတဲ့ ခေတ်သစ်က လေလွင့်ဝိညာဉ်တစ်ကောင်လေ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့နှစ်ယောက်လုံးကို ကျန်းကျိုးလို့ခေါ်တယ်။ ဒီအချိန်ခရီးသွားက သူ လှည်းပေါ်ကနေ ပြုတ်ကျပြီး သတိလစ်နေချိန်မှာ သူ့နေရာကို အစားထိုးဝင်ရောက်လာခဲ့တယ်။ ပြီးတော့ ဒီလူက “ဝတ္ထု”လို့ခေါ်တဲ့ ရသစာပေတွေကို အလွန်အကျွံ ဖတ်တဲ့သူပဲ၊ ကူးပြောင်းလာပြီးတဲ့နောက်မှာ သူက သူ့ကိုယ်သူ ဇာတ်လိုက်လို့ သတ်မှတ်လိုက်ပြီး သူ ထွန်းတောက်ဖို့ အချိန်ရောက်လာပြီလို့ ထင်နေခဲ့တယ်။ ဒါပေမယ့် ဒီလူက ဒီဘက်ခေတ်မှာ လုံလောက်တဲ့ အတွေ့အကြုံမရှိဘဲ သူကိုယ်တိုင်ကလည်း အကောင်းနဲ့အဆိုးကိုတောင် မခွဲနိုင်ဘူးလေ။ အဲ့တာကို စီးပွားရေး လုပ်ဖို့ ကြိုးစားတော့ ဘာမှ မကိုင်တွယ်နိုင်ဘဲ နောက်ဆုံး လှည့်စားခံခဲ့ရပြီး အဲဒီအတိုင်း ပြန်ပျောက်ကွယ်သွားခဲ့တယ်။ သူက ချိုမြန်မှုကို မည်းစမ်းပြီးမှ ချောက်နက်ထဲကို ပြန်ကျသွားတာကြောင့် ဒီဖြစ်ရပ်အတွက် တုန်လှုပ်မှုကို သည်းမခံနိုင်ဘဲ နောက်ဆုံး လဲကျသေဆုံးခြင်းနဲ့ အဆုံးသတ်သွားတယ်။
တကယ်တော့ ကျန်းကျိုးက အဲ့ဒိလူ “ပြန်သွားပြီ”လို့ ပြောဖို့တောင် နည်းနည်းလေး ချီတုံချတုံ ဖြစ်နေခဲ့တယ်။ သူ့အတွက် ဘာလို့ ဒီလိုထူးထူးဆန်းဆန်း တစ်ခုခု ဖြစ်ခဲ့မှန်း သူ မသိသလို သူ ဘယ်ရောက်နေခဲ့လဲဆိုတာလဲ သူ မသိဘူး။ အတိတ်မှာသာ ဒါမျိုးတွေ သူ့ကို လာပြောခဲ့ရင် တုန်လှုပ်ခြောက်ခြားစရာတွေချည်းပါပဲ။ ဒါပေမယ့် အခုအချိန်မှာတော့ အဲ့လူရဲ့မှတ်ဥဏ်တွေက သူ့ခေါင်းထဲမှာ ရှိနေပြန်တယ်။ အဲ့ဒါက အဖြစ်အပျက်တွေက တကဘ်ဖြစ်ခဲ့ကြောင်း သူကို ပြောပြနေတယ်။ ဒါက မယုံနိုင်စရာကောင်းပြီး ရှုပ်ယှက်ခတ်နေပြန်တယ်။
သူက သူ့၏နာကျင်နေသော လက်ဖြင့် အဆင်မပြေ ဖြစ်နေသော သူ့ဦးခေါင်းကို ခပ်ဖွဖွ ပြန်ပုတ်လိုက်ပြီး “အဒေါ်၊ အဒေါ်ပြောတတွေကို ကျွန်တော် နားလည်ပါပြီ။ အရင်က.... ကျွန်တော် မသိတက်ခဲ့တာပါ၊ အခုကစပြီး ကျွန်တော် ပြောင်းလဲပါ့မယ်၊ ဝမ်ရန်...." သူက ခဏရပ်လိုက်ပြီး သူ့ဇနီး၏နူးညံ့သောအကြည့်များကို ပြန်တွေးကာ "ကျွန်တော် သူ့ကို ပြန်ချော့ပါ့မယ်"
ကျန်းကျိုးက အဲ့တုန်းက စိတ်တွေ ထွေနေခဲ့ပြီး တခြားသူတွေရဲ့ အကြံဥာဏ်တွေကို လက်မခံခဲ့ဘူး။ အခု သူက စိတ်ပြန်ရှင်း သွားပြီဆိုတော့ သူမရဲ့စကားတွေကို နားထောင်နေပြီး လက်ခံလာတဲ့အပြင် သူ မှားမှန်း သိသွားပုံရတယ်။
ထိုသို့တွေးမိသောကြောင့် အဒေါ်လုက အနည်းငယ် ကျေနပ်သွားသည်။
“မြန်မြန် သန့်ရှင်းရေးလုပ်တော့။ မင်းအိမ်က နည်းနည်း စိုစွတ်နေတော့ မြစ်တဝိုက်မှာ အကောင်ငယ်လေးတွေ ဝင်လာတက်တာကို ငါ မြင်နေရတယ်။ မကြာခင် မိုးရွာတော့မယ် ထင်တယ်၊ မင်း အမိုးကိုလည်း ပြန်ပြင်သင့်တယ်"
ကျန်းကျိုးက တိုးညှင်းသောအသံဖြင့် တုန့်ပြန်လိုက်ပြီး မတ်တပ်ထရပ်ကာ အဒေါ်လုကို ပြန်လိုက်ပို့ပေးလိုက်သည်။ သူက သူလက်ရှိ နေထိုင်သည့်နေရာကိုလည်း ပြန်ကြည့်လိုက်သည်။
အရင်က သူက ရွာလယ်မှာ နေခဲ့ဖူးပြီး ကြီးကြီးမားမား မဟုတ်ပေမယ့် ပရိဘောဂတွေ အားလုံး အပြည့်အစုံ ရှိနေတဲ့ အိမ်ငယ်လေးတစ်အိမ် ပိုင်ဆိုင်ခဲ့ဖူးတယ်။ သူက ဝမ်ရန်အတွက် ခြံဝန်းငယ်လေးတစ်ခုတောင် တိုးချဲ့ပေးခဲ့ပြီး ဝမ်ရန်က အဲ့နေရာမှာ အဝတ်လျှော်ဖို့၊ ဒါမှမဟုတ် ပန်းပင်တွေနဲ့ အလုပ်ရှုပ်ပြီး အပန်းဖြေဖို့ ထိုင်နေလေ့ရှိတယ်။ နောက်ပိုင်းမှာ အဲ့ကူးပြောင်းလာသူက စီးပွားရေးလုပ်ဖို့ သူ့ပိုင်သမျှ ပစ္စည်းဥစ္စာအားလုံးကို ရောင်းချခဲ့ပြီး သူ့အိမ်ကိုလည်း ပေါင်နှံခဲ့တယ်။ ပိုက်ဆံများ ကုန်သွားတော့ အိမ်ကိုပါ ထပ်ရောင်းလိုက်တယ်။
အခု သူ နေထိုင်တဲ့နေရာက ရွာအဝင်ဝမှာ ရှိနေတာပါ။ ဒီအိမ်က အဘိုးကြီးယန်ရဲ့နေအိမ် ဖြစ်ခဲ့ဖူးတယ်၊ အဲ့အဘိုးကြီးမှာ ကလေးမရှိတာကြောင့် ရွာသားတွေက သူရဲ့လယ်ကွင်းတွကို ဝိုင်းကြည့်ပေးကြပြီး သူ့သာသာသူ အသက်မွေးရတယ်။ သူက အခက်အခဲတွေကို ကြံ့ကြံ့ခံခဲ့ပြီး နှစ်အတော်ကြာတဲ့အခါ ငွေ အနည်းငယ် စုဆောင်းနိုင်ခဲ့တယ်။ နောက်ဆုံးတွင် သူ ပြောင်းရွေ့သွားတဲ့ အချိန်မှာ အဲ့ဒီခရီးကူးပြောင်းလာတဲ့သူ နေစရာ မရှိတာကို တွေ့လိုက်ရတာကြောင့် အဘိုးကြီးယန်က ဒီအိမ်ကို ငှားပေးခဲ့တာပါ။
သက်ကယ်အိမ်က အချိန်အတော်ကြာကတည်းက ပြိုကျပျက်စီးနေခဲ့ပြီး ခေါင်မိုးများပင် ပွင့်ထွက်နေခဲ့သည်။ မူလက တံခါးကို သစ်သားဖြင့်ပြုလုပ်ထားပုံရပြီး အပြင်ဘက်တွင် ကောက်ရိုးကန့်လန့်ကာ တစ်ခုရှိသည်။ ယခုအချိန်တွင် အပေါက်ကြီးတစ်ခုရှိနေသောကြောင့် ကျန်းကျိုး ပြန်နိုးလာချိန်တွင် အေးခဲနေသည်က အံ့သြစရာ မရှိတော့ပေ။
အဒေါ်လုက မိုးရွာတော့မှာမို့ အိမ်ကို အမြန်ပြင်ရမယ်လို့ ပြောသွားတယ်။ ဒါပေမယ့် သူမှာ ပိုက်ဆံမှ မရှိတာ ဘယ်လိုလုပ်ရမလဲ? သာမန်အချိန်တွေမှာ အရိုးရှင်းဆုံးအရာတွေက အခုတော့ ပြဿနာဖြစ်နေခဲ့ပြီ။
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟