no

Font
Theme

အခန်း ၂၆ ကွမ်တုန်းကျူ (၃)

သင်းပျံ့ပြီး စွဲမက်ဖွယ်ကောင်းလွန်းသော ရနံ့က လေထဲတွင် ပျံ့လွင့်နေပြီး စားသုံးသူများက ကျန်းကျိုး ပြောခဲ့သည့် ကွမ်တုန်းကျူအကြောင်း တွေးတောရင်း စပ်စုချင်လာကြသည်။

သူတို့ထဲမှ တစ်ယောက်ကတော့ မျိုသိပ်မနေဘဲ ချက်ချင်း မေးမြန်းလိုက်သည်။

“ဒါကို ဘာလို့ ကွမ်တုန်းကျူလို့ ခေါ်တာလဲ?”

ကျန်းကျိုးက ခဏမျှ တုံ့ဆိုင်းနေခဲ့သည်။ ကွမ်းတုန်းဟု လူသိများကြသည့် အရှေ့ပိုင်းပြည်နယ်သုံးခုကို ဂျပန်တို့ သိမ်းပိုက်မှုထားခဲ့သောကြောင့် ဤစားစရာက ဂျပန်တို့ထံမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ ထိုအကြောင်းကို ပြောပြရန် မဖြစ်နိုင်ပေ။

လက်ရှိခေတ်က လူတွေက ဂျပန်ဆိုတာ သိဖို့နေနေသာသာ ဒီမြို့ရဲ့အပြင်ကိုတောင် မထွက်ဖူးကြဘူး။ အဲ့တော့ သူ ဘယ်လို ရှင်းပြရမှာလဲ?

ထို့ကြောင့် ကျန်းကျိုးက ယောင်ဝါးဝါးသာ ရှင်းပြလိုက်တော့သည်။ “အသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်တော်လည်း သေသေချာချာ မသိဘူး။ ကျွန်တော် သိတာက ကျွန်တော်ကို မြည်းစမ်းခိုင်းတဲ့သူက ဒါကို ကွမ်တုန်းကျူလို့ ခေါ်တယ်။ အခုချက်ချင်း နာမည် မပြောင်းနိုင်တော့လို့ ဒီအတိုင်းပဲ နာမည်ပေးလိုက်တာ”

အမှန်တကယ်တွင် စားသုံးသူများက စူးစမ်းချင်ရုံသာ ဖြစ်ပြီး နာမည်ကို အလွန်အကျွံ ဂရုစိုက်နေခြင်းမျိုး မရှိကြချေ။ သူတို့အတွက် စားစရာ၏အရသာကသာ အရေးကြီးဆုံးဖြစ်ပြီး စားကောင်းနေသရွေ့ သူတို့ ကျေနပ်နိုင်ကြသည်။

ကျန်းကျိုး၏ အမာခံ ဖောက်သည်တစ်ဦးက ပွက်ပွက်ဆူနေသောအိုးကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေပြီး ကျန်းကျိုး အိုးထဲသို့ ဝါးတံကျင်လေးများ တစ်ချောင်းပြီး တစ်ချောင်း ထည့်နေသည်ကို စောင့်ကြည့်နေခဲ့သည်။ လေထဲမှ မွှေးကြိုင်သောရနံ့ကလည်း လုံးဝ မပျောက်သွားပဲ ပိုသင်းပျံ့လာကာ သူ့ပါးစပ်ထဲတွင် တံတွေးများ ပြည့်လျှံလာသည်ကို သူ ခံစားလိုက်ရသည်။

“ဒါက ဘယ်လောက်ကြာအောင် စောင့်ရမှာလဲ?”

ကျန်းကျိုးက ဝါးသီတံများကို အမြန်ထည့်လိုက်ပြီး သူ ပြင်ဆင်ထားသော ငံပြာရည်ကို ထုတ်ယူကာ “မကြာခင် အဆင်သင့်ဖြစ်တော့မှာပါ။ ဒါတွေအားလုံးက ကြိုတင်ချက်ထားပြီးသားတွေလေ၊ ခင်ဗျား ဘာစားချင်လဲ? ကြည့်ပါဦး"

ထိုလူက ရွေးချယ်စရာများကို တစ်ချက်လိုက်ကြည့်လိုက်ပြီး အားလုံးက စားချင်စဖွယ် ဖြစ်နေသောကြောင့် ရွေးချယ်ရန် အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။

"ဒါတွေကို ဘယ်လို ရောင်းမှာလဲ?"

ကျန်းကျိုးက ဝါးတုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး “ဒါကို ဝါးသီတံတစ်ခုဆီပေါ်မှာ အခြေခံပြီး တွက်ချက်မယ်။ ဒီသက်သတ်လွတ် သီတံတစ်ချောင်းကို တစ်ဝမ်၊ အသားနဲ့ အသီးအရွက်ရောထားတာက သုံးဝမ်၊ အသားသီးသန့်ကတော့ ငါးဝမ်”

အသားက နှစ်မျိုးပါရှိပြီး ဝယ်ရသည့် စျေးနှုန်း မတူသော်လည်း ကျန်းကျိုးက ဝက်သားဖြစ်စေ၊ ကြက်သားဖြစ်စေ အသားအမျိုးအစားများကို မခွဲခြားတော့ဘဲ မျှတသောစျေးနှုန်းဖြင့် ရောင်းချရန် ဆုံးဖြတ်ထားခဲ့သည်။ သူက သားသတ်သမားချန်ထံမှ ဝက်သားနှင့် လုတာ့လန်ထံမှ ကြက်သားများကို ဝယ်ယူခဲ့ပြီး သူတို့နှစ်ဦးစလုံးအတွက် သင့်တင့်သောစျေးနှုန်း ပေးဆောင်ခဲ့သည်။ ထိုလူများကလည်း လောဘမကြီးသောကြောင့် နှစ်ဦးနှစ်ဘက် အဆင်ပြေစေမည့်စျေးနှုန်းဖြင့် ဝယ်ယူနိုင်ခဲ့သည်။

စားသုံးသူက ခေတ္တခေတ္တမျှ တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် သူက တိုဟူးခြောက်တစ်ချောင်း၊ အသားလုံးတစ်ချောင်းနှင့် ဝက်အူချောင်းတစ်ချောင်းကို ရွေးချယ်လိုက်သည်။

ကျန်းကျိုးက ဝက်အူချောင်းများကို လတ်လတ်ဆတ်ဆတ် လုပ်ထားခဲ့ပြီး လုံးဝ စင်ကြယ်အောင် ဆေးကြောထားပြီး အနံအသက်ကင်းသည့် အူများထဲသို့ အဆီမပါသည့် အသားများ ထည့်ထားခဲ့သည်။ ဤသည်မှာ မကြာသေးမီက ဝမ်ရန် အကြိုက်ဆုံး အစားအစာဖြစ်လာခဲ့သည်။

ယခုခတ်တွင် ခရီးသွား၏ မှတ်ဥာဏ်များထဲမှ ကျန်းကျိုး ရှာတွေ့ခဲ့သည့် တစ်ခါသုံး စက္ကူခွက်များ မရှိသေးပေ။ ကျန်းကျိုးက ထိုအစား ဖြတ်တောက်ထားသည့် ဝါးဆစ်ပိုင်း လေးများကို ယာယီဝါးပန်းကန်များအဖြစ် အသုံးပြုရန် ‌‌ရွေးချယ်ထားခဲ့သည်။ ထို့အတွက် သင့်တော်သော အထူနှင့် သင့်တင့်သော အဆစ်များပါရှိပြီး ဖြောင့်တန်းသော ဝါးအမျိုးအစားကို ရှာဖွေကာ ထည့်စရာခွက်လေးများအဖြစ် ဖန်တီးခဲ့ရသည်။

သို့သော် ကျန်းကျိုးအတွက် အဓိကပြသနာမှာ ထိုဝါးပန်းကန်များ ပြုလုပ်ရန် ဝါးခုတ်ရင်း အချိန်မဖြုန်းတီးနိုင်ခြင်းပင်။ တချို့က ယူသွားပြီး ပြန်လာမပေးဘဲ လွှင့်ပစ်လိုက်လျှင် သူ့၏ဝါးပန်းကန် အရေအတွက် လျော့နည်းသွားမည်ကို ကျန်းကျိုး စိုးရိမ်နေမိသည်။

နောက်ဆုံးတွင် သူက ထိုပြဿနာကို ဖြေရှင်းရန် သူ့ဘာသာသူ အစီအစဥ်တစ်ခု သတ်မှတ်လိုက်သည်။ စားသုံးသူများက ဆိုင်တွင် ထိုင်စားလျှင် အဆင်ပြေသော်လည်း ၎င်းကို ယူသွားလိုပါက ထည့်စရာတစ်ခုအတွက် စရန်ငွေကို တစ်ဝမ် ပေးဆောင်ရမည် ဖြစ်သည်။ စားသောက်ပြီး ဝါးပန်းကန်ကို ပြန်လာပေးလျှင် သူက ထိုတစ်ဝမ်ကို ပြန်အမ်းပေးမည် ဖြစ်သည်။

ကျန်းကျိုးက သူ့‌ရှေ့မှ စားသုံးသူ မှာယူထားသည့် ဝါးသီတံသုံးချောင်းကို အစိမ်းရောင်ဝါးခွက်လေးထဲသို့ ထည့်လိုက်ပြီး ဟင်းချိုတစ်ဝက်နှင့် ငံပြာရည်အနည်းငယ်ထည့်ကာ ထို့လူဆီသို့ လှမ်းပေးလိုက်ရင်း ကျသင့်ငွေကို ပြောပြလိုက်သည်။

“ဒါက ဆယ့်တစ်ဝမ်ပါ”

ထိုလူက အတော်အသင့် ချမ်းသာပုံရပြီး ငွေဝမ်ဆယ့်ဝမ်ကို မဆိုင်းမတွ ထုတ်ပေးကာ ကွမ်တုန်းကျူကို လှမ်းယူလိုက်သည်။

သူက “အရသာရှိတဲ့ ဟင်းလျာတစ်ခွက်ဖြစ်ဖို့ ဟင်းရဲ့အရသာက ဟင်းအနှစ်ရဲ့ အရည်အသွေးပေါ်မှာ မူတည်တယ်” ဟူသော စကားကို သဘာဝကျကျ နားလည်ထားပြီး ဝါးသီတံများကို အရင်မြည်းစမ်းကြည့်မည့်အစား ဟင်းရည်ကို အရင်သောက်ကြည့်လိုက်သည်။

ဟင်းရည်က သူ့အာခေါင်ကို ထိလိုက်သည်နှင့်တပြိုင်နက် သူ့မျက်လုံးများ တောက်ပလာသည်။ ဟင်းရည်က လတ်ဆတ်ပြီး မွှေးပျံ့နေသော်လည်း အရသာ အရမ်းမပြင်းဘဲ ပေါ့ပေါ့ပါးပါး ရှိသည်။ မတူညီသောအရာများကို ထည့်ပြုတ်ထားခြင်း ဖြစ်နိုင်ပြီး အရသာက အမျိုးစုံနေကာ ထိုစုံလင်သော ပေါင်းစပ်မှုက လိုက်လျောညီထွေ ဖြစ်နေပြန်သည်။ တစ်ငုံလောက် သောက်လိုက်သည်နှင့် စွဲလမ်းသွားပြီး နောက်တစ်ငုံ ထပ်သောက်ရန် မစောင့်နိုင်တော့ပေ။

ထိုလူက ဟင်းရည်ကို စိတ်အားထက်သန်စွာ ငုံသောက်နေပြီး ဟင်းရည်ကုန်သွားမှ ကျန်းကျိုးကို မော့ကြည့်ကာ ရှက်ရွံ့နေသော အမူအရာဖြင့် လှမ်းမေးလိုက်သည်။

"ဟင်းရည် ထပ်ရနိုင်ဦးမလား?"

ကျန်းကျိုးက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

"ကိစ္စမရှိပါဘူး!"

ထို့နောက် သူ့က ဝါးခွက်ထဲသို့ နောက်ထပ် ဟင်းရည်တစ်ဇွန်းကို ထပ်ထည့်ပေးလိုက်သည်။

ဟင်းရည်ကို မြည်းစမ်းပြီး လက်ရာကောင်းကြောင်း တွေ့ရှိသွားချိန်တွင် ထိုအမျိုးသားက ဝါးသီတံများကို ပိုမိုစိတ်ဝင်စားလာခဲ့သည်။

သူ ပထမဆုံး စမ်းစားကြည့်လိုက်သည်က တိုဟူးခြောက် ဖြစ်ပြီး ၎င်းက တောက်ပြောင်ကာ နူးညံ့သိမ်မွေ့ပုံပေါ်နေသည်။ ဝါးသီတံက အတော်အတန် ရှည်လျားပြီး ကျယ်ပြန့်သည့် တိုဟူးခြောက်ကို အတုံးလေးများ တုံးကာ ဝါးတံကျင်ပေါ်တွင် သေသေသပ်သပ် ထိုးသီထားသည်။ ထိုတစ်တုံးစီ၏အောက်တွင် တိုဟူးခြောက်ကို အမျှင်ချောင်းပုံစံ ပေါ်ဖော်ပြီး ကြားထဲမှတစ်လှည့်စီ ထိုးသီထားသောကြောင့် ပြွတ်သိပ်နေသည့် ခံစားမှုကို မခံစားရဘဲ အမြင်လှနေစေသည်။

တိုဟူးခြောက်က အရည်ထဲမှ အရသာကို စုပ်ယူထားသည့်အပြင် မှိုအနှစ်ဖြင့် နှပ်ထားသောကြောင့် မြေပဲနှင့် အခြားပါဝင်ပစ္စည်းများ၏ အရသာနှင့် အနံ့ကိုလည်း ရရှိစေသည်။ ဝါးသီတံ တစ်ဝက်စာလောက်ကို စားသုံးပြီးနောက် အရသာက သူ့ပါးစပ်ထဲတွင် စွဲကျန်နေခဲ့သည်။

ထို့နောက် သူ အသားလုံးကို ထပ်စားကြည့်လိုက်ရာ အရသာက အံ့သြစရာကောင်းလောက်အောင် ကောင်းနေပြီး ဝက်အူချောင်းကလည်း တင်းမာနေကာ စိတ်ကျေနပ်မှုကို အပြည့်အဝ ပေးစွမ်းနိုင်သည်။ ၎င်းတို့ကို ပြင်ဆင်ရာတွင် ချက်ပြုတ်သူက ဂရုတစိုက်နှင့် များစွာကြိုးစားအားထုတ်ထားကြောင်း သိသာထင်ရှားနေသည်။

အနည်းဆုံးတော့ သူလို အစားအသောက် ကြိုက်တဲ့သူအတွက် ကျေနပ်စရာ ကောင်းလွန်းတယ်။

ထိုလူက ဝါးခွက်လေးကို ပြန်မချမီ ခွက်အောက်ခြေမှ ဟင်းရည်များကို အကုန်မော့သောက်လိုက်သေးသည်။ သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားသည့် စိတ်ကျေနပ်မှုနှင့် နွေးထွေးမှုကို ခံစားရင်း သူက မှတ်ချက်ပေးလိုက်သည်။

"ဒါက ထူးခြားပြီး အရသာရှိလွန်းတယ်၊ ပြီးတော့ လက်ရှိရာသီဥတုနဲ့ လုံးဝကို သင့်တော်တယ်"

ဆိုင်ရှေ့သို့ ထပ်ရောက်လာသည့် လူများကို ကြည့်လိုက်ရင်း ထိုလူက သူ ကျန်းကျိုး၏လုပ်ငန်းကို ထပ်မ‌နှောင့်နှေးစေသင့်ကြောင်း သိသွားပြီး နှုတ်ဆက်လိုက်သည်။ ကျန်းကျိုးက အခြားသော ဝယ်သူများအတွက် နောက်ထပ်စားစရာများ ထည့်ပေးရန် အလုပ်ရှုပ်နေပြီး သူ့ကို ချိုချိုသာသာ တုံ့ပြန်လိုက်သည်။

"နောက်တစ်ကြိမ် ပြန်လာခဲ့ပါဦးဗျ"

မြို့ပေါ်မှ လူများက ဆောင်းရာသီအတောအတွင်း ခန်၏အနွေးဓာတ်ဖြင့် နွေးနွေးထွေးထွေး နေနိုင်သည့် ကျေးလက်မှ လူများနှင့် မတူပေ။ သူတို့ထံတွင် တာဝန်များ ရှိနေပြီး ဆောင်းရာသီတွင်ပင် အလုပ်သို့ သွားကြရသည်။ ထို့ကြောင့် ဆောင်းတွင်း၏အ‌အေးဒဏ်ကို အံတုကာ လမ်းပေါ်တွင် လမ်းလျောက်ကြရသည်။

ယခုရက်ပိုင်းတွင် ရာသီဥတုက ခါးသီးဖွယ် အေးခဲနေပြီး တိုက်ခတ်နေသည့်လေကလည်း အရိုးထဲသို့ ထိုးဖောက်ဝင်ရောက်လာတော့မယောင် ခံစားရစေသည်။ ထိုပြင်းထန်သော အအေးဒဏ်ကြောင့် လူအများ၏နှုတ်ခမ်းများ ကွဲအက်ကာ သွားများ တဆတ်ဆတ် တုန်နေကြရသည်။ ထို့ကြောင့် အပြင်သို့ ထွက်လာရသည့်လူများအတွင် ကွမ်တုန်းကျူဆိုင်မှ နွေးထွေးသော မီးဖိုနှင့် ကွမ်တုန်းကျူတစ်ပန်းကန်က သူတို့လိုအပ်နေသည့် သက်တောင့်သက်သာရှိမှုနှင့် နွေးထွေးမှုကို ပေးစွမ်းနိုင်ခဲ့သည်။

ကျန်းကျိုးက အမှန်တကယ် ရောင့်ရဲလွယ်သူတစ်ဦး ဖြစ်သည်။ သူ့၏ စားသုံးသူများ သူ့ဆိုင်တစ်ဝိုက်တွင် စုပြုံနေပြီး ၎င်းတို့၏ ကွမ်တုန်းကျူကို နှစ်သက်စွာ စားသောက်ကာ ချွေးတလုံးလုံးဖြင့် ပြန်ထွက်သွားသည်ကို ကြည့်နေရင်း သူ့ထံတွင် အကန့်အသတ်မရှိသော စွမ်းအင်များနှင့် စိတ်အားထက်သန်မှုများ ပြည့်နှက်လာခဲ့သည်။

မွန်းတည့်ချိန်နီးလာသည်နှင့်အမျှ မြို့သူမြို့သားများက နေ့လယ်စာစားရန် အိမ်သို့ အလျင်အမြန် ပြန်သွားကြပြီး ဈေးဆိုင်များ အရောင်းပါးသွားခဲ့သည်။

ဤအချိန်တွင် ဝမ်ရန်က ကျန်းကျိုးအတွက် အစားအစာများ ယူဆောင်ပြီး ရောက်လာခဲ့သည်။

အစောပိုင်းတွင် ကျန်းကျိုးက ကွမ်တုန်းကျူကိုသာ စားရန် စီစဉ်ထားခဲ့သော်လည်း ဝမ်ရန်က သူ့အတွက် ကွမ်တုန်းကျူက မတင်းတိမ်စေနိုင်ဘူးဟု တွေးကာ နေ့လည်စာ လာပို့ရန် တောင်းဆိုခဲ့သည်။

ဝမ်ရန် ​ရောက်​လာချိန်တွင် သူ့နားရွက်များက ​အေးစက်နေပြီး စားစရာခြင်း​တောင်းကို ကိုင်​ထားသည့် သူ့လက်များက အ​အေးဒဏ်ကြောင့် ဖြူဖျော့နေကာ သူ့မျက်​နှာလေးက နီရဲနေသည်​။ ထိုအခြေအနေက ကျန်းကျိုးကို အလွန်စိုးရိမ်ပူပန်သွားစေခဲ့သည်။ သူက ဝမ်ရန်ကို မီးဖိုနားသို့ အမြန်ဆွဲခေါ်လိုက်ပြီး အေးစက်နေသည့်လက်ကလေးများကို ပွတ်သပ်ပေးကာ နွေးထွေးအောင် လုပ်ပေးလိုက်သည်။

ကျန်းကျိုး တချိန်လုံး အလုပ်ရှုပ်နေခဲ့ပြီး သူ့ခြေလက်များက နွေးထွေးနေသည်။ ယခု သူက ဝမ်ရန်၏လက်ကို သူ့လက်ဖြင့် ပွတ်သပ်ရင်း သူ့ထံမှ နွေးထွေးမှုကို မျှဝေပေးနေခဲ့သည်။

“ကိုယ် မင်းကို မလာဖို့ ပြောတယ်လေ။ အခု မင်းရဲ့ အေးစက်နေတဲ့ လက်တွေကို ကြည့်ပါဦး။ ဒီနှစ်တော့ မင်း နှင်းကိုက်နာတွေ ဖြစ်ကုန်တော့မယ် ထင်တယ်။”

ဝမ်ရန်၏လက်များက အေးရာမှ ပူလာပြီး သူ့လက်ချောင်းထိပ်များ အနည်းငယ် ယားယံလာသလို ဝမ်ရန် ခံစားနေရသည်။ သူ့ခင်ပွန်းက သူ့ကို မျက်မှောင်ကြုတ်က စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် သူ့ရင်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရသည်။

"ရပါတယ်၊ မနှစ်ကလည်း အဲ့လို ဖြစ်ခဲ့တာပဲ၊ ကျွန်‌တော် ကျင့်သားရသွားမှာပါ"

ကျေးဘက်မှ လူများအတွက် နှင်းကိုက်နာ မဖြစ်သည့်ဆောင်းရာသီက မရှိသလောက်ပင်။ အစားအစာများကို ချက်ပြုတ်ရန် ဆန်နှင့် ဟင်းသီးဟင်းရွက်များကို ဆေးကြောခြင်းနှင့် အဝတ်လျှော်ခြင်းများ ပြုလုပ်ရာတွင် သူတို့အတွက် ရေခဲကဲ့သို့ အေးစက်နေသည့် ရေအေးများသာ သုံးစွဲနိုင်သည်။ ထို့ကြောင့် ကျေးလက်နေပြည်သူများက နှင်းကိုက်နာကို ခံစားကြရသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့အတူရှိနေစဥ်က ကျန်းကျိုက ဝမ်ရန်ကို သေသေချာချာ ဂရုစိုက်ပေးခဲ့ပြီး ရေအေးနှင့် မထိစေရန် တတ်နိုင်သမျှ ရှောင်ရှားစေခဲ့သောကြောင့် ဝမ်ရန်က နှင်းကိုက်နာကို ကာကွယ်နိုင်ခဲ့သည်။

ယခု မနှစ်က ဝမ်ရန် နှင်းကိုက်နာ ဖြစ်ခဲ့ကြောင်း ကြားလိုက်ရချိန်တွင် ကျန်းကျိုးက ပို၍ပင် စိတ်မကောင်း ဖြစ်လာခဲ့သည်။

အဲ့ဒီ သူ မရှိပေးနိုင်တဲ့ တစ်နှစ်အတွင်းမှာ ဝမ်ရန် တစ်ယောက်တည်း ဘယ်လောက်တောင် ခံစားခဲ့ရပြီး ဘယ်လောက်တောင် ပင်ပန်းနေလိမ့်မလဲ?

ကျန်းကျိုးက အပြစ်ရှိသလို ခံစားနေရပြီး လေပူများကို မှုတ်ထုတ်လိုက်ကာ “အင်းပါ၊ အခု မကြောက်နဲ့တော့နော်၊ ကိုယ် မင်းရဲ့လက်ကို လိမ်းဖို့ တစ်ခုခု လုပ်ပေးမယ်၊ အဲ့ဒါက ​​မင်းရဲ့လက်ကို မွေးပျံ့နေစေပြီး နှင်းကိုက်နာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်လိမ့်မယ်”

ကျန်းကျိုး၏ရည်ရွယ်ချက်များက သူ့အပေါ်ထားသည့် ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာကြောင့် မွေးဖွားလာခြင်းဖြစ်ကြောင်း ဝမ်ရန် နားလည်နေသော်လည်း သူ့၏လက်တွဲဖော်ကို အပြစ်ရှိစိတ်ဖြင့် မနေထိုင်စေချင်ပေ။ ထို့ကြောင့် သူက ကျန်းကျိုး၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး နှစ်သိမ့်ပေးလိုက်သည်။

“ခင်ဗျား ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့ တွေးနေစရာ မလိုပါဘူး။ ကျွန်တော်က ခင်ဗျား ပြန်ရောက်လာတာကိုပဲ ကျေးဇူးတင်နေပါပြီ။ ဒီတစ်နှစ်က အချည်းနှီး သည်းခံခဲ့ရတာတော့ မဟုတ်ပါဘူး”

ထို့နောက် ဝမ်ရန်က ကျန်းကျိုး၏တုံ့ပြန်မှုကို မစောင့်တော့ဘဲ သူ ယူလာသည့် ခြင်းတောင်းကို ဖွင့်လိုက်ကာ အထဲမှ ခေါက်ဆွဲပန်းကန်ကို ထုတ်ယူလိုက်သည်။

သူက “ဒီလိုအေးတဲ့ ရာသီဥတုမှာ ခင်ဗျား မာတဲ့အစားအစာတွေ မစားချင်လောက်ဘူးလို့ ကျွန်တော် တွေးမိတယ်၊ ဒါကြောင့် ခင်ဗျားအတွက် ခေါက်ဆွဲတစ်ပန်းကန် လုပ်လာခဲ့တယ်”

ခေါက်ဆွဲများမှာ ကြက်ဥခေါက်ဆွဲဖြစ်ပြီး အပေါ်တွက် ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် အသားအပိုင်းလေးများ တင်ထားသည်။ မျှစ်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးနှင့် ပဲပင်ပေါက်တို့ကို နည်းနည်းစီထည့်ကာ ပန်းကန်လုံးကြီးအပြည့်ဖြစ်သည်အထိ အလှဆင်ထားသည်။

ဝမ်ရန်က ကျန်းကျိုးအတွက် ချက်ပြုတ်ပေးခြင်း မရှိသည်မှာ ကြာနေပြီ ဖြစ်သည်။ အလားတူပင် ကျန်းကျိုး ဝမ်ရန်၏ အိမ်လုပ်ခေါက်ဆွဲကို မမြည်းစမ်းခဲ့ရသည်မှာ တစ်နှစ်ရှိပြီ ဖြစ်သည်။ နှစ်ယောက်စလုံး အနည်းငယ် တမျိုးလေး ဖြစ်နေကြပြီး တစ်ယောက်က စိတ်အားထက်သန်မှုအပြည့်ဖြင့် စောင့်ကြည့်နေကာ တစ်ယောက်က ခေါက်ဆွဲပန်းကန်ကို ဂရုတစိုက် ကိုင်ထားရင်း အရသာခံ စားသောက်နေခဲ့သည်။

နောက်ဆုံး ကျန်းကျိုး တစ်လုပ်စားပြီးချိန်တွင် ဝမ်ရန်က မစောင့်နိုင်တော့ဘဲ လှမ်းမေးလိုက်သည်။

“စားကောင်းလား?”

ကျန်းကျိုးက သူ့မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး ပြုံးနေကာ သူ့ပါးစပ်ထဲတွင် စွဲကျန်နေသေးသည့် ခေါက်ဆွဲအရသာများကို ပြန်တွေးရင်း "ဒါက အရမ်း အရသာရှိတယ်။ အကောင်းဆုံး အစားအစာက ကိုယ့်ဇနီးလေး ချက်တဲ့ ဟင်းပဲ”

ဝမ်ရန်က ရှက်ရွံ့သွားပြီး ခေါင်းငုံ့သွားပြန်သည်။

သို့သော်လည်း သူတို့နှစ်ယောက်ကြားက နွေးထွေးမှုက ကြာရှည်မခံလိုက်ပေ။ သူတို့နှစ်ဦး ဤရင်းနှီးသောအခိုက်အတန့်လေးကို မျှဝေနေသည့်အချိန်တွင် လူနှစ်ယောက်က ဈေးဆိုင်အနီးသို့ ရောက်လာပြီး အော်ဟစ်လိုက်ကြသည်။

“ပိုက်ဆံပြန်ပေး”

သူတို့၏ ကြမ်းတမ်းသော လေသံနှင့် မနှစ်မြို့ဖွယ် အမူအရာတို့က အခြားသူများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

💖💖💖Thank you for taking the time to read my translation💖💖💖

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment