အပိုင်း ၆၅
ကြက်သီးမွေးညင်းများ ငယ်ထိပ်အထိ စိမ့်ခနဲ ထသွားရသည်။
အီယွန်းတစ်ယောက် မိမိ အစွမ်းကုန် ဂရုတစိုက် ကိုင်ထားခဲ့သော ငါးကန်လေး ရုတ်တရက် ကွဲကြေသွားသလို ခံစားလိုက်ရသည့် တုန်လှုပ်မှုကြောင့် ရင်ထဲမှ အော်ဟစ်သံကို အသာမျိုသိပ်လိုက်ရ၏။
“မဖြစ်ပါဘူး၊ မဖြစ်ဘူး……”
လွန်ကဲသော စိတ်ဖိစီးမှုကြောင့် လက်ရှိအခြေအနေကို ငြင်းဆန်နေစဉ်မှာပင် ဂွမ်ချယ်ဝူက မူးဝေလာသဖြင့် နဖူးကို ပြင်းပြင်းထန်ထန် ဖိလိုက်လေသည်။
“ချီးပဲ ဘာတွေ…..”
မျက်ခုံးများ ပင့်တက်သွားကာ မျက်ဆန်များ အပေါ်သို့ လန်သွားပြီးမှ နဂိုအတိုင်း ပြန်ဖြစ်လာပုံက သတိလစ်တော့မည့် လက္ခဏာလိုပင်။ သူက စိတ်တိုတိုဖြင့် မျက်ခုံးကို အားထည့်ကာ ခေါင်းကို ခါယမ်းလိုက်သော်လည်း ထိုသို့လုပ်လေ ခန္ဓာကိုယ်က ပို၍လေးလံလာလေ ဖြစ်နေသည်။
“……ဒီအတိုင်း ဘာမှမပြောဘဲ တစ်ရေးလောက်အိပ်ပြီးမှ ပြန်ထလာပါ။ ဘယ်လိုပဲ စဉ်းစားစဉ်းစား အဲ့ဒါက အကောင်းဆုံးပါပဲ။ အခု ဂွမ်ချယ်ဝူက ပုံမှန်မဟုတ်ပါဘူး။ တကယ်ပဲ၊ ဒါ…ဒါက မဟုတ်သေးပါဘူး။ တကယ် ဒါကတော့……။ ဒီလိုဖြစ်စရာ အကြောင်းမရှိပါဘူး။ အခုအချိန်ကြီး၊ ဒီလိုမျိုးကတော့……”
လက်သည်းကို ကိုက်လိုက်တော့ မြေကြီးအရသာက လျှာဖျားတွင် ပျံ့နှံ့သွားသည်။ ဂွမ်ချယ်ဝူက ဖြူဖျော့နေသော မျက်နှာဖြင့် တတွတ်တွတ် ရေရွတ်နေသည့် အီယွန်းကို စိုက်ကြည့်နေ၏။
“မင်း……”
ရီဝေဝေ မျက်လုံးတွင် ထူးဆန်းသော အရောင်အဝါတစ်ခု ဝင်လာသည့် အခိုက်အတန့်မှာပင် သေးငယ်သော အမျိုးသမီး၏ လက်ဖဝါးက သူ၏ မြင်ကွင်းကို ဖုံးကွယ်သွားခဲ့သည်။ ရယ်စရာကောင်းလောက်အောင် ယားကျိကျိနိုင်သော လက်ဖဝါးလေးဖြစ်သော်လည်း ရုတ်တရက် မီးခလုတ် ပိတ်ချလိုက်သလို ခံစားချက်နှင့်အတူ ခန္ဓာကိုယ်မှ အားအင်များ ဆုတ်ယုတ်သွားတော့၏။ ဂွမ်ချယ်ဝူ မျက်လုံးကို မည်သို့ပင် အတင်းဖွင့်ထားရန် ကြိုးစားပါစေ နဂိုကတည်းက တစ်ဝက်သာ ကျန်တော့သည့် သတိက ပြန်လည်နစ်မြုပ်သွားသည်ကိုသာ ခံစားလိုက်ရသည်။
သူ ပြန်လည်ခုခံခြင်း မပြုနိုင်မီမှာပင် ဒူးများက အရင် ညွှတ်ခွေကျသွား၏။ အီယွန်းက လဲကျလာသော ထိုလူကို အမှတ်တမဲ့ ပွေ့ဖက်ထားလိုက်ပြီး ယခုက အခွင့်အရေးဟုမှတ်ယူကာ သူ၏ခေါင်းကို တဒုန်းဒုန်း ထုနှက်လေတော့သည်။
“……ကျွန်မတို့ ဒီလိုမဟုတ်ဘဲ ပြန်၊ ပြန်တွေ့ကြရအောင်နော်။ ကျွန်မရဲ့ ခင်ပွန်းအဖြစ်နဲ့ ပြန်လာပေးပါ။”
ချောင်ပိတ်ခံရသဖြင့် ကျုံ့ဝင်သွားသော မျက်ဆန်များက ဟိုရောက်ဒီရောက် တုန်လှုပ်လျက်။
~~~~
ကယ်ဆယ်ရေးအဖွဲ့ ရောက်လာပြီးနောက် အခြေအနေများက အရှိန်အဟုန်ဖြင့် ပြေလည်သွားခဲ့သည်။
ရဟတ်ယာဉ်၏ ပန်ကာသံကို ခပ်ရေးရေး ကြားနေရပြီး၊ မည်းမှောင်နေသော ရွှံ့နွံများကို ဖြတ်ကျော်ဝင်ရောက်လာသည့် ကယ်ဆယ်ရေးသမားများ၏ လိမ္မော်ရောင် ဝတ်စုံများ မျက်စိထဲတွင် ပေါ်လာ၏။ သို့သော် အီယွန်းကမူ မည်သည့်ခံစားချက်မျှ မရှိပေ။ လူနာထမ်းစင်ဖြင့် တောင်ခြေသို့ ဘေးကင်းစွာ ရောက်ရှိလာသည့် အချိန်တွင်ပင် လူသာရှိနေသော်လည်း စိတ်က လွင့်စဉ်နေခဲ့သည်။
ဒုတိယအကြိမ်မြောက် ပြိုင်ပွဲက ထင်မှတ်မထားသော မြေပြိုမှုကြောင့် ယာယီ ရပ်ဆိုင်းသွားခဲ့ရပြီး၊ တော်သေး၍ သေဆုံးသူ မရှိခဲ့ပေ။ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ မျက်နှာအပျက်ပျက်ဖြင့် အခင်းဖြစ်ရာနေရာတွင် ဟိုဟိုဒီဒီ ပြေးလွှားနေကြစဉ်၊ အီယွန်းကမူ လူနာတင်ယာဉ်ပေါ်သို့ ယခုလေးတင် တင်ဆောင်သွားသော ဂွမ်ချယ်ဝူကိုသာ ငေးကြောင်ကြည့်နေမိ၏။
“လူနာရဲ့ အုပ်ထိန်းသူ၊ မလိုက်တော့ဘူးလားခင်ဗျ။”
ကယ်ဆယ်ရေးသမားတစ်ဦးက လူနာတင်ယာဉ်၏ အနောက်တံခါးကို ကိုင်ထားရင်း အီယွန်းကို မေးခဲ့သည်။ သို့သော် ထူးဆန်းစွာပင် ခန္ဓာကိုယ်က လှုပ်ရှား၍ မရခဲ့ပေ။ တစ်ကိုယ်လုံး ရွှံ့နွံများထဲ စိုက်ကျသွားခဲ့သည့်ပုံစံဖြင့် ကျောက်ရုပ်လို မတ်တတ်ရပ်နေသောကြောင့် ကယ်ဆယ်ရေးသမားလည်း တံခါးကိုလွှတ်ကာ အီယွန်းအနားသို့ ခြေတစ်လှမ်းတိုးလာ၏။
“အုပ်ထိန်းသူ။ အဆင်ပြေရဲ့လား။”
“…….”
တကယ်ပဲ ဘာတွေ လွဲချော်သွားတာလဲ။
‘မေးနေတယ်လေ။ မင်းက ဘယ်သူလဲလို့။’
ကြမ်းတမ်းလှသော ထိုအသံက အီယွန်း၏ ခေါင်းထဲတွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုကို ချန်ရစ်ခဲ့သည်။ ပထမဆုံးအကြိမ် တွေ့ဖူးသူလို စိမ်းသက်သော စကားလုံးများ ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေတိုင်း အီယွန်း၏ နှလုံးက ပေါက်ကွဲမတတ် ခုန်လာပြီး လက်ဖျားများ တုန်ယင်လာရ၏။
အခု ဘာတွေ ဆက်ဖြစ်မှာလဲ။ ငါ ဘယ်လိုလုပ်ရမလဲ……
အေးစက်ပြီး ခါးသီးသော အကြည့်များက အီယွန်းကို ချက်ချင်း ချောက်ကမ်းပါးအစွန်းသို့ တွန်းပို့လိုက်သလိုပင်။ ကြွက်သေတစ်ကောင်ကို ကြည့်နေသည့်နှယ် ဂရုမစိုက်မှုကို ခံစားလိုက်ရပြီးသည့်နောက်တွင် သူ့နောက်လိုက်ပြီး လူနာတင်ယာဉ်ပေါ် တက်ရမည်ကို ကြောက်ရွံ့မိခဲ့သည်။
အတောမသတ်သော သူ၏ ချစ်ခြင်းမေတ္တာများထဲတွင် အလွန်အမင်း နစ်မွန်းနေခဲ့၍လားမသိ၊ ရေအေးနှင့် အပက်ခံလိုက်ရသလို ခံစားချက်က ဝမ်းနည်းစရာကောင်းလှကာ ကြောင်တောင်တောင် မှင်တက်နေမိ၏။
“....ပါ။ အုပ်ထိန်းသူ။”
“အာ၊ ဟုတ်ကဲ့။”
ချက်ချင်း သတိပြန်ဝင်လာသော အီယွန်းက ကယ်ဆယ်ရေးသမား၏ သင်္ကာမကင်း အကြည့်များကို ရှောင်လွှဲရင်း ကားပေါ်သို့ အမြန် တက်လိုက်သည်။
လောလောဆယ်တွင် ဂွမ်ချယ်ဝူ၏ အုပ်ထိန်းသူက မိမိပင်။
စိတ်ကို ဘာမှပြင်ဆင်မထားရသေးသော်လည်း၊ အီယွန်းက ဂွမ်ချယ်ဝူနှင့် တကယ်တမ်း မဆုံတွေ့ရသေးပေ။ ကျဉ်းမြောင်းသော ဂူထဲတွင် ထိုမျှလောက် တမ်းတခဲ့သော ထိုလူကို ယခုအထိ အတည်မပြုနိုင်သေး။
“ဂွမ်ချယ်ဝူ…… ကျေးဇူးပြုပြီး ပြန်လာပေးပါ။”
လူနာတင်ယာဉ်၏တံခါး ပိတ်သွားတော့သည်။
~~~~
“ထူးထူးခြားခြား ပြဿနာမရှိပါဘူး။ ဒဏ်ရာတွေကိုလည်း သေသေချာချာ ချုပ်ပေးထားပြီးပါပြီ။ သတိကတော့ မကြာခင် ပြန်ရလာပါလိမ့်မယ်။”
“……ကျေးဇူးတင်ပါတယ် ဆရာ။”
တာဝန်ခံဆရာဝန် ခေါင်းညိတ်နှုတ်ဆက်ပြီး ထွက်သွားတော့မှ အီယွန်းလည်း အားပြတ်စွာ ထိုင်ချလိုက်မိသည်။
ဆေးရုံရောက်သည်နှင့်တစ်ပြိုင်နက် ဂွမ်ချယ်ဝူကို အရေးပေါ်ခုတင်ပေါ်သို့ ရွှေ့လိုက်သော ဆရာဝန်က အရင်ဆုံး ရင်ခွဲရုံဘက်သို့ ဦးတည်သွားခဲ့သည်။ ဆရာဝန်တစ်ဖြစ်လဲ သစ်ပင်လူသားကို ပြုစုစောင့်ရှောက်သူလည်း ဖြစ်ခဲ့သည့် ထိုလူက ဂွမ်ချယ်ဝူကို ရေပိုက်ဖြင့် သေသေချာချာ ဆေးကြောသန့်စင်ပေးသည့် အလုပ်ကို အရင်လုပ်ခဲ့ခြင်းပင်။
သူ ကုသမှု ခံယူနေစဉ် အီယွန်းကလည်း VIP အခန်းတွင် ရေချိုးပြီးစီးခဲ့သည်။ ရွှံ့များပေကျံပြီး စိုထိုင်းနေသော အဝတ်အစားများကို စွန့်ပစ်ကာ လူနာဝတ်စုံသို့ လဲလှယ်ဝတ်ဆင်ပြီး ထွက်လာတော့ မျက်စိရှေ့တွင် ဂွမ်ချယ်ဝူက ပန်းချီကားတစ်ချပ်လို လဲလျောင်းနေချေပြီ။
“…….”
အနားကို အတင်းသွားမိလျှင် ယခင်လို ခုတင်ပေါ်သို့ တွန်းလှဲဖိချုပ်ခံရမည်လား။
အီယွန်းက ခုတင်နှင့် ဝေးရာတွင်ရှိသော ဆိုဖာတွင်ထိုင်ကာ စိုစွတ်နေသော ဆံပင်များကို တဘက်ဖြင့်သာ ခပ်ပြင်းပြင်း ဖိညှစ်နေမိသည်။ သို့သော်လည်း သူ့ဆီသို့ ခဏခဏ ရောက်သွားသော အကြည့်များကိုမူ မတားဆီးနိုင်ခဲ့ပေ။
မျက်နှာတစ်ခုလုံး ရွှံ့နွံများ ပေကျံနေသဖြင့် ခွဲခြား၍ပင် မရခဲ့စဉ်ကလို မဟုတ်ဘဲ ယခုမူ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီတိုင်းက အီယွန်းသိသော ဂွမ်ချယ်ဝူဖြစ်နေသောကြောင့်ပင်။
သတိထားပြီး အနားတိုးသွားလိုက်၊ ပြန်ခွာလာလိုက်နှင့် ဆေးရုံခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်က နာရီပိုင်းမျှ ကြာသွား၏။
ရုတ်တရက် လှုပ်ရှားသွားသော ခန္ဓာကိုယ်ကြောင့် ပါးလွှာသောစောင်မှ တရွှပ်ရွှပ် အသံထွက်လာသည်။
“……”
အီယွန်းလည်း ထိုနေရာ၌ပင် ချက်ချင်း တောင့်ခနဲဖြစ်သွားတော့၏။ ငြိမ်သက်စွာ ပိတ်ထားသော ထိုလူ၏ မျက်ခွံအောက်တွင် မျက်လုံးများက လှုပ်ရှားနေသည်။ ဤနေရာက ဆေးရုံခန်း ဖြစ်သင့်သော်လည်း ဘာကြောင့်မှန်းမသိ၊ ခါးအထိ နွံထဲနစ်နေသလို ခံစားချက်က တောအုပ်ထဲကနှင့် ထပ်တူကျနေ၏။
အီယွန်းက မူမမှန်သော အသက်ရှူသံများကို ထိန်းချုပ်ကာ အသက်အောင့်ထားလိုက်မိသည်။
ဂွမ်ချယ်ဝူ မျက်လုံးဖွင့်လာသည့် အခိုက်အတန့်တွင်….
“…….”
“…….”
မျက်တောင်ကို နှစ်ခါတိတိ ခတ်လိုက်ပြီးနောက် အသိစိတ် ကြည်လင်လာသော ထိုလူက ခုတင်ခြေရင်းတွင် စိတ်မသက်မသာ မတ်တတ်ရပ်နေသည့် အီယွန်းကို ချက်ချင်း ရှာတွေ့သွားတော့သည်။
အီယွန်းက ခုတင်ဘောင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသဖြင့် လက်တွင် အားပါနေပြီး၊ ထိုလူကမူ အီယွန်းကို စကားတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်နေ၏။ ဖြည်းညင်းစွာ လှုပ်ရှားနေသော အကြည့်များက အရင်ဆုံး အီယွန်း၏ ခန္ဓာကိုယ်ကို အထက်၊ အောက် စုန်ချည်ဆန်ချည် စစ်ဆေးပြီးနောက် အီယွန်း၏ မျက်နှာဆီသို့ ပြန်ရောက်လာကာ ထိခိုက်ရှနာ သေးသေးလေးများကို ဝေ့ဝဲကြည့်ရှုလေသည်။ တံတွေးကို ခဲရာခဲဆစ် မျိုချလိုက်မိ၏။ အသက်ရှူကျပ်လောက်စရာ တိတ်ဆိတ်မှုပင်။
“ဒီကိုလာပါ။”
နောက်ဆုံးတွင် ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူက တိုးရှရှအသံဖြင့် လိုချင်သည့်အရာကို အရင်တောင်းဆိုလာသည့် ဂွမ်ချယ်ဝူပင်။ သို့သော် အီယွန်းကမူ အလွယ်တကူ မလှုပ်ရှားရဲခဲ့ပေ။ ထိုအစား သူ့ကို သံသယဖြင့် ကြည့်နေမိရာ ထိုအကြည့်က တစ်ခုခု မူမမှန်ဟု ခံစားမိသွားပုံရသော ဂွမ်ချယ်ဝူက မျက်မှောင်ကြုတ်သွားသည်။
“ဘာလို့ အဲ့ဒီလောက် အဝေးကြီးမှာ ရပ်နေတာလဲ။ သူစိမ်းတွေကျနေတာပဲ။”
“…….”
ခြေထောက်နှစ်ဖက်ကမူ ခေါင်းမာစွာဖြင့် မြေပြင်တွင် အမြစ်တွယ်နေဆဲပင်။
“အီယွန်း။”
သို့သော် ချော့မော့သလို ညင်သာစွာခေါ်လာသော မိမိ၏ အမည်ကို ကြားလိုက်ရသည့် ခဏမှာပင် မျက်ရည်များ ဝဲတက်လာတော့သည်။ အီယွန်း အားမပါစွာ မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ထားလိုက်မိ၏။ ထိုအခါ မျက်နှာကို တင်းထားသော ဂွမ်ချယ်ဝူက အလျင်အမြန်ပင် ခုတင်ပေါ်မှ ကိုယ်ကို ထူမတ်လိုက်လေသည်။ မျက်နှာက ရှုံ့မဲ့သွားသော်လည်း နာကျင်မှုက တဒင်္ဂသာ။ မျက်နှာထားကို ကျင်လည်စွာ ပြန်ထိန်းလိုက်သော ထိုလူက ခြေဗလာဖြင့် အီယွန်းအနားသို့ တိုးလာ၏။
“အီယွန်း။”
အီယွန်း နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။ ထိုသို့ နူးညံ့လှသော ခေါ်သံလေးကို မည်မျှအထိ တမ်းတခဲ့ရသနည်း။
“တကယ်…… တကယ် ဟုတ်ပါတယ်နော်။ ဂွမ်ချယ်ဝူ။ ကျွန်မ၊ ကျွန်မယောက်ျား ဟုတ်ပါတယ်နော်။”
အီယွန်းက အားမပါစွာ လက်နှစ်ဖက်ကိုချလိုက်ကာ ဂွမ်ချယ်ဝူ၏ မျက်ဝန်းထဲမှ အကြင်နာများကို အငမ်းမရ လက်ခံယူလိုက်သည်။ မျက်ရည်များ စီးကျလာလိုက်၊ ပြန်ဝဲတက်လာလိုက်ဖြင့် အမြင်အာရုံက ဝေဝါးနေသော်လည်း အကြည့်ကိုမူ လုံးဝ မလွှဲဖယ်ခဲ့။
“တောဝက်ကိုလည်း ကောင်းကောင်းဖမ်းနိုင်၊ လူကိုလည်း ကောင်းကောင်းထိုးနိုင်၊ ဓားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တဲ့ အဲ့ဒီလူ ဟုတ်ပါတယ်နော်။”
ဂွမ်ချယ်ဝူ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသော်လည်း အီယွန်းက ဘာကိုမှ သတိမမူမိပေ။
“ထ၊ ထမင်းဘူးလည်း ကောင်းကောင်းပြင်ပေးနိုင်၊ ပန်းအလှလည်း ပြင်တတ်၊ ကျွန်မနဲ့အတူ ပန်းဝတ်ရည်တွေ စုပ်စားခဲ့တဲ့ အဲ့ဒီလူ ဟုတ်ပါတယ်နော်။”
“ကိုယ်က အီယွန်းရဲ့ယောက်ျားမဟုတ်လို့ ဘယ်သူဖြစ်ရဦးမှာလဲ။”
မျက်မှောင်ကြုတ်ကာ အီယွန်း၏ သံသယကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သော သူ၏ အသံက အနည်းငယ် စူးရှနေ၏။
“အီယွန်းက ကိုယ်မဟုတ်ဘဲ တခြားကောင်နဲ့ ပန်းစုပ်ဖူးလို့လား။”
“……ရှင်။ မ၊ မဟုတ်ပါဘူး။”
“ဒါဆို ဘာလို့ လူကို ရင်ထဲဗြောင်းဆန်ရအောင် ပြန်တွေ့ရတဲ့ ယောက်ျားကိုတောင် မမှတ်မိသလိုလုပ်နေတာလဲ။”
အီယွန်းတစ်ယောက်တည်းကိုသာ ဆောင်ကြဉ်းထားသော သူ၏ မျက်ဝန်းထဲတွင် စေးကပ်သော သဝန်တိုမှုများ စိမ့်ဝင်လာသည်။
“ဒါပေမဲ့……”
စောစောကတော့ ကျွန်မကို မသိတဲ့လူလို ကြည့်ခဲ့တာလေ……
သို့သော် ထိုအချက်ကို ထုတ်ဖော်မပြောလိုသဖြင့် အီယွန်း ခါးသက်သော ရေကို မျိုချသလို လည်ချောင်းထဲသို့ ပြန်မျိုသိပ်လိုက်ရသည်။
“ဂွမ်ချယ်ဝူ ပျောက်သွားမှာစိုးလို့ ကျွန်မ ဘယ်လောက်တောင် စိတ်ပူခဲ့ရလဲ။”
အီယွန်းက လက်မောင်းနှင့် မျက်လုံးများကို ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်သည်။
ဂွမ်ချယ်ဝူ သူ့ကို အတင်းအကျပ် ဂူထဲသို့ တွန်းထည့်ပြီး မျောပါသွားခဲ့သည့် အခိုက်အတန့်နှင့်၊ ဝိုးတဝါး အသိစိတ်ထဲတွင် အခြား ဂွမ်ချယ်ဝူအသံ ထွက်ပေါ်လာခဲ့သည့် အခိုက်အတန့်။ မည်သည့်ဘက်ကဖြစ်စေ အီယွန်းအတွက် ခံနိုင်ရည်ရှိရန် ဝန်လေးလွန်းသောကိစ္စများပင်။
လူသတ်သမား ဂွမ်ချယ်ဝူက ယခု ‘အစစ်’ မဟုတ်တော့ပေ။ အီယွန်း၏ လက်ကို မနာစေအောင် ဆုပ်ကိုင်ကာ နီမြန်းနေသော မျက်ဝန်းများကို ညင်သာစွာ သုတ်ပေးနေသော မျက်စိရှေ့မှ ဂွမ်ချယ်ဝူကသာ ‘အစစ်’ ဖြစ်လာပေပြီ။
“ဆုံးရှုံးသွားမလားဆိုပြီး တကယ် လန့်သွားတာပါ။ တကယ်ပဲ…… ဒီလိုမျိုး အားလုံးပြီးဆုံးသွားပြီလို့ ထင်ခဲ့တာ။”
အီယွန်း ဂွမ်ချယ်ဝူ၏ အင်္ကျီလက်အနားစကို ဆွဲကိုင်ကာ ငိုယိုနေမိသည်။
“အန္တရာယ်ရှိတဲ့ အခြေအနေမျိုးပဲဖြစ်ဖြစ်၊ အရေးကြီးတဲ့ အခြေအနေပဲဖြစ်ဖြစ်၊ အဲ့ဒါတွေ ဂရုမစိုက်ဘဲ ကျွန်မကို ဖယ်မထားပါနဲ့လို့ပြောရင် ကျွန်မက လောကကြီးအကြောင်းမသိတဲ့ မိန်းမလိုဖြစ်နေမလား။ ဒါပေမဲ့လည်း…… အဲ့ဒါက ဘယ်နေရာပဲဖြစ်ဖြစ် ကျွန်မကို ခေါ်သွားပေးပါလို့ပြောရင် အဲ့ဒီလို လုပ်ပေးနိုင်မလားဟင်။”
“…….”
ဂွမ်ချယ်ဝူက မျက်လုံးတစ်ဖက်ကို အနည်းငယ် ကျုံ့ခဲ့သည်။ အီယွန်းကို ဤမျှအထိ စိတ်မအေးအောင်လုပ်ခဲ့သည်က မိမိအမှားဟု ထင်နေသလိုပင်။ သူက အီယွန်းကို ရုတ်တရက် ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။ ချမ်းနေသည့်နှယ် တုန်ယင်နေသော ကိုယ်လေးက သနားစရာကောင်းလှသည်။ ထိုလူက နှာတံကိုကျုံ့ထားရင်း သူ၏ ကိုယ်ငွေ့အားလုံးကို ပေးစွမ်းနိုင်ရန်ရည်ရွယ်ကာ အီယွန်းကို ပို၍ နက်နက်ရှိုင်းရှိုင်း ဆွဲဖက်ခဲ့လေသည်။
“အီယွန်း။”
“ဖြေပါ။ ခေါ်သွားပေးမှာလား။”
“အလားတူကိစ္စမျိုး ထပ်ဖြစ်လာရင်လည်း ကိုယ်က ဒီလိုပဲ ထပ်လုပ်မှာ။”
“……”
အီယွန်း ရုန်းကန်ရန်ပြင်လိုက်သော်လည်း သူက ခွန်အားနှင့် ဖိနှိပ်ထား၏။ အီယွန်း၏ နောက်စေ့ကို သူ၏ ရင်ဘတ်ထဲသို့ တင်းတင်းကျပ်ကျပ် ကပ်ထားရင်း တောင်းဆိုသလို ရေရွတ်ခဲ့သည်။
“တောင်းပန်ပါတယ်။ ကိုယ် အသက်ရှင်စေချင်တဲ့ တစ်ယောက်တည်းသောသူက အီယွန်း ဖြစ်နေလို့ပါ။”
“ဟင့်……”
အီယွန်း ရှိုက်ကြီးတငင် ငိုကြွေးနေစဉ်မှာပင် နွေးထွေးသော လက်အထိအတွေ့က အီယွန်း၏ ကျောပြင်ကို ညင်ညင်သာသာ ပွတ်သပ်ပေးလာခဲ့သည်။
“ဒါကြောင့် အဲ့ဒီလို တောင်းဆိုချက်မျိုးကိုတော့ ကိုယ် မလိုက်လျောနိုင်ဘူး။”
“……ဂွမ်ချယ်ဝူ။ ချယ်ဝူ။”
အီယွန်းက ရှိုက်ငိုရင်း သူ၏ ရင်ခွင်ထဲသို့ ပို၍တိုးဝင်လိုက်သည်။
“အဲ့ဒါဆို အဝတ်တွေချွတ်ပြီး ကျွန်မကို ထွေးပွေ့ပေးပါ။”
ထိုအခိုက်အတန့်တွင် ကျောပြင်ကို ပွတ်သပ်ပေးနေသော သူ၏ လက်လှုပ်ရှားမှုက တုံ့ခနဲ ရပ်တန့်သွားတော့၏။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အစ/အဆုံး ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။