အပိုင်း ၆၃
“ဂွမ်... ဂွမ်ချယ်ဝူ...”
စိတ်လွတ်ကိုယ်လွတ်ဖြစ်နေသော အသံက အားအင်ကင်းမဲ့လျက်။ ဆက်တိုက်တုန်ခါနေသည့် ပခုံးရိုးကြောင့် ဗိုက်သားက ဖိကပ်ခံထားရသဖြင့် ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည်ဖြစ်ကာ ပျို့အန်ချင်လာမိသည်။ မျက်လုံးနှင့် တပ်အပ်မြင်နေရသည့်တိုင်အောင် ယခုအခြေအနေကို မယုံကြည်နိုင်သေးပေ။
တောင်စောင်းအောက်ခြေတွင် စီထားသည့် ကျောက်တံတိုင်းက ဘေးတစ်ဖက်တစ်ချက်စီမှ ပြိုကျလာသော မြေစာများကို တားဆီးရန် မလုံလောက်ခဲ့။ အပေါ်ယံတွင် ပိတ်စဖြင့်သာ အုပ်ထားသော အပိုင်းကလည်း စီးဆင်းလာသော မြေကြီးများကို မထိန်းထားနိုင်တော့ဘဲ အတူတူပြိုကျလာသည်။ တဖြောင်းဖြောင်း ကျိုးပဲ့နေသော သစ်ပင်ငယ်လေးများသည်လည်း သစ်ကိုင်းများနှင့်အတူ ရောထွေးကုန်သဖြင့် ပုံသဏ္ဌာန်ပင် ခွဲခြား၍မရတော့ပေ။
“အီယွန်း၊ ကိုယ်ပြောတာ သေချာနားထောင်နော်။”
ထိုစဉ် ဂွမ်ချယ်ဝူက အသက်ကို ပြတ်တောင်းပြတ်တောင်းရှူရင်း ပြောလာသည်။ ဧရာမ ကျောပိုးအိတ်နှစ်လုံးအပြင် အီယွန်းကိုပါ ပိုးပြီး ပြေးလွှားနေရခြင်းက သူ့အတွက်လည်း မသက်သာလှသဖြင့် ဟောဟဲဆိုက်နေသော အသံတွင် တည်ငြိမ်မှုမရှိတော့ပေ။
“ဒီကနေ ဘယ်ဘက်ကို ချိုးဝင်လိုက်ရင် ဂူလေးတစ်ခု ရှိတယ်။”
ဂွမ်ချယ်ဝူက မြင်လိုက်ရုံမျှနှင့် အလွတ်မှတ်မိနေသည့် မြေပုံကို ပြန်တွေးလိုက်၏။
ယခင်က ဂျပန်တို့ ဟွာအီဒိုကို ရှေ့တန်းစခန်းအဖြစ် အသုံးချရန်အတွက် တောင်ကုန်းတောင်တန်းပေါများသော ဤနေရာတွင် လူလုပ်ဂူအမြောက်အမြား တူးထားခဲ့သည်ဟုဆိုသည်။ သူက မြေပုံပေါ်တွင် သီးသန့်မှတ်သားထားသည့် ဂူအောင်းစခန်းတည်နေရာကို ဦးနှောက်ထဲတွင် အမြန်ရှာဖွေရင်း လမ်းကြောင်းကို ပြောင်းလိုက်၏။
ရုတ်ခြည်း ဖိနပ်အောက်ခြေ၌ ကျောက်ခဲတစ်ခု ခံနေသဖြင့် ယိုင်လဲလုနီးပါး ဖြစ်သွားသော်လည်း ချက်ချင်းပင် ဟန်ချက်ပြန်ထိန်းခဲ့သည်။
ပြုတ်ကျသွားမည်စိုးသဖြင့် အီယွန်း၏ တင်ပါးကို ပွေ့ချီထားသော လက်မောင်းများတွင် ပို၍ အားထည့်ခဲ့၏။
“အပေါက်က ကျဉ်းပေမဲ့ အီယွန်းကတော့ ဝင်လို့ရလိမ့်မယ်။”
နားထောင်ကောင်းလှသော သူ၏အသံက ပြင်းထန်သော အသက်ရှူသံများကြားတွင် ခဏခဏ နစ်မြုပ်သွားသည်။
“အဲ့ဒီထဲကိုဝင်၊ ကျောပိုးအိတ်နဲ့ပိတ်ပြီး တောင့်ခံထားပါ။”
အီယွန်းက ဒါ ဘာစကားတွေလဲဟု နားမလည်နိုင်ဘဲ ကြောင်နေသော မျက်ဝန်းများဖြင့် သူ၏ဘေးတိုက်မျက်နှာကို ငေးကြည့်နေမိသည်။
ဘာကြောင့်မှန်းမသိဘဲ အာခေါင်ခြောက်လာကာ နှလုံးက ဒုတ်ခနဲ ပြုတ်ကျသွားရ၏။ ဂွမ်ချယ်ဝူ၏ စကားထဲမှ တစ်စုံတစ်ရာက စိတ်ကို စနိုးစနောင့်ဖြစ်လာစေသောကြောင့်ပင်။ အီယွန်း မျက်နှာကို မဲ့လိုက်ရင်း သူ၏ အင်္ကျီစကို ခပ်တင်းတင်း ဆွဲဆုပ်လိုက်၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင်လည်း သစ်ပင်များ ကျိုးပဲ့သံက တဖြောင်းဖြောင်းနှင့် မရပ်မနား ထွက်ပေါ်နေဆဲပင်။
“......ဂွမ်ချယ်ဝူကရော။”
“.......”
ထိုလူက အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်ရုံမှလွဲ၍ ဘာမှ ပြန်မဖြေခဲ့ပေ။ မကြားချင်ဆုံးသော တိတ်ဆိတ်မှုက အဆိုးဆုံးယူဆချက်တစ်ခုကို ဆွဲထုတ်လိုက်သဖြင့် အီယွန်းတစ်ယောက် ရင်ထဲတွင် ဆို့တက်လာကာ မျက်စိရှေ့တွင် ဝေဝါးသွားရတော့သည်။ ရင်ထဲတွင် လှိုင်းထန်လာသဖြင့် နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်လာ၏။
“တစ်ယောက်တည်းတော့ မသွားဘူး။”
“ကိုယ့်စကားကို နားထောင်စမ်းပါ။”
“မထောင်ချင်ဘူး။”
“ဆိုအီယွန်း။”
အရှိုက်ကို ထိုးနှက်လိုက်သည့်အလား အေးစက်သော အသံက အီယွန်းကို ရိုက်ခတ်သွားသည်။ အေးစက်လှသည့် အီယွန်း၏ နာမည်သုံးလုံးက ရေခဲစိုင်ပမာ ချွန်ထက်လှ၏။
“သတိကပ်စမ်း၊ ဒီမှာ သေချင်လို့လား။”
သွားကြိတ်ပြီး ပြောလာသော စကားထဲတွင် ဒေါသများ ပါဝင်နေသည်။ ပုံမှန်ရှိတတ်သည့် နွေးထွေးမှုများ လုံးဝပျောက်ကွယ်သွားကာ အေးစက်ခက်ထန်မှုသာ ကျန်ရှိတော့သည့် လေသံကြောင့် အီယွန်းတစ်ယောက် ထိတ်လန့်သွားရ၏။ ဦးနှောက်က ဤအခြေအနေကို နားလည်သော်လည်း နှလုံးသားကမူ ဆန့်ကျင်ဘက်ကိုသာ အော်ဟစ်နေသည်။
‘ဒါပေမဲ့လည်း မလုပ်ချင်ဘူး၊ မဖြစ်ဘူး၊ မလုပ်ချင်ပါဘူး...’
အီယွန်း လက်ဆစ်လေးများ ဖြူလာသည်အထိ ထိုလူ၏ အင်္ကျီစကို အားကုန် ဆွဲထားမိ၏။
ခိုးကြည့်လိုက်သည့် မြင်ကွင်းက ထူးမခြားနားပင်။ အဝေးမှ စတင်ပြိုကျလာသော မြေစာနှင့် ကျောက်ခဲများက အရှိန်ရလာကာ သူတို့နောက်သို့ အနီးကပ် ရောက်ရှိနေချေပြီ။ သူ အီယွန်းကိုချပေးရန် ခါးကို ဖမ်းကိုင်လိုက်စဉ် အီယွန်းလည်း စိတ်ဖောက်သလို အော်ဟစ်တော့သည်။
“ကျေးဇူးပြုပြီး အဲ့ဒီလို မလုပ်ပါနဲ့။ ကျွန်မ တစ်ယောက်တည်းတော့ မနေချင်ဘူး။”
“ဂဂျီဂဂျောင် မလုပ်နဲ့။”
နှစ်ဦးသား၏ အသံများက ပြင်းထန်စွာ ထိပ်တိုက်တွေ့သွား၏။
“အီယွန်းက ဘာမို့လို့ ကိုယ်... ကိုယ့်ဇနီးကို ကယ်မဲ့ကိစ္စမှာ ဘာလို့ လာနှောင့်ယှက်နေတာလဲ။”
“......”
သူ့အား စောင်းငဲ့ကြည့်လာသော အကြည့်က ခက်ထန်လွန်းလှသည်။ ဩရှရှ အသံအက်အက်တွင် ညှိနှိုင်းရန် အခွင့်အရေး တစ်စက်ကလေးမျှ မတွေ့ရပေ။
အီယွန်းလည်း ရုတ်တရက် တိုးထွက်လာသော ဝမ်းနည်းစိတ်ကြောင့် နှာခေါင်းထဲတွင် ကျဉ်တက်လာသည်။ ပြိုကျလာသော မြေပြိုမှုထက် ဂွမ်ချယ်ဝူ၏ တစ်ကိုယ်ကောင်းဆန်သော အချစ်ကြောင့် အရင်ဆုံး အသက်ရှူကျပ်ကာ မွန်းလာရ၏။ နှလုံးသားက ချောက်ကမ်းပါးထိပ်သို့ ရောက်နေသည့်အလား ခုန်ပေါက်နေကာ ထိန်းမရသော ရှိုက်ငင်သံများ ထွက်ပေါ်လာသည်။
“ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး၊ ဂွမ်ချယ်ဝူ။ အဲ့ဒီလို မလုပ်ပါနဲ့။ ကျွန်မစကား... ကျွန်မစကား နားထောင်မယ်လို့ ကတိပေးထားတယ်မဟုတ်လား။ ကျွန်မစကားကိုပဲ နားထောင်မယ်ဆို။ ကျွန်မ ခိုင်းတာပဲ၊ ခွင့်ပြုတာပဲ လုပ်မယ်ဆိုပြီးတော့ ဘာလို့ အမြဲတမ်း၊ ဘာလို့ အမြဲတမ်း ဒီလိုလုပ်ရတာလဲ။”
ကျွန်မမှာတော့ ရှင့်ကို လက်ခံပေးဖို့တင် အားတင်းထားရတာကို၊ ရှင့်အတွက်တော့ ဘာလို့ ဒီလောက်လွယ်နေရတာလဲ...
တောအုပ်တစ်ခုလုံးက ပြိုကျလာသော မြေထုကြောင့် လှုပ်ခတ်နေကာ အီယွန်းက ထိုမြင်ကွင်းကိုကြည့်ရင်း မျှော်လင့်တကြီး တောင်းပန်နေမိသည်။ ဂွမ်ချယ်ဝူ၏ ခြေထောက်များ ရွှံ့ထဲတွင် နစ်ဝင်သွား၏။ သူ့ထံတွင် ကပ်တွယ်နေသော ခန္ဓာကိုယ်က လွတ်ထွက်သွားကာ လူနှစ်ယောက်ကြားတွင် ကွာဟချက်တစ်ခု ဖြစ်လာသည်။ ဂွမ်ချယ်ဝူက အီယွန်းကို ဖြည်းဖြည်းချင်း ဖယ်ထုတ်နေခြင်းပင်။
“ဟင့်၊ ကျေးဇူးပြုပြီးတော့၊ လက်ကို မလွှတ်ပါနဲ့။ ကျွန်မ... ကျွန်မ ဒီလိုမျိုးမလုပ်ချင်ဘူး။”
နာကျင်စွာ ရှုံ့မဲ့နေသော ဂွမ်ချယ်ဝူ၏ မျက်နှာက တဖြည်းဖြည်းနှင့် ဝေးကွာသွားသည်။ ထိုအခိုက်အတန့်တွင် အချိန်က အဆုံးမရှိ ဆန့်ထွက်သွားသလိုပင်။
ပြိုကျလာသော မြေပြိုမှုကိုရော၊ သူ၏ ဆုံးဖြတ်ချက်ကိုပါ အကုန်မေ့လျော့ပြီး သူ့ကိုသာ အတင်းအဓမ္မ ဖက်တွယ်ထားမိသည်။ ငါ့ကိုပဲ ဘာလို့ ထားခဲ့ကြတာလဲဟူသော ကလေးဆန်သည့် မကျေနပ်မှုက ရုတ်တရက် ပေါ်ထွက်လာ၏။ ရင်ထဲတွင် မြှုပ်နှံထားသည့် ခံစားချက်ဟောင်းများက ယခုမှ ထူးဆန်းစွာ ပေါက်ကွဲထွက်လာခြင်းပင်။
ကျွန်မကိုပဲ ထားမသွားပါနဲ့။ ဖြစ်ချင်ဖြစ် ကျွန်မကိုပါ ခေါ်သွားပါ။ ကြောက်စရာကောင်းတဲ့ နေရာမှာ ကျွန်မတစ်ယောက်တည်း မကျန်ရစ်ချင်ဘူး။
သူ၏ လက်မောင်းကို ဖမ်းကိုင်ခဲ့သော်လည်း ချက်ချင်းပင် အားပါသော တွန်းဖယ်မှုကြောင့် လွတ်ထွက်သွားရသည်။ လက်ကို ထပ်မံကမ်းလိုက်သော်လည်း ရက်စက်စွာ ပုတ်ထုတ်ခြင်းခံရ၏။ အဆက်မပြတ် လက်လှမ်းရင်း သူ၏ လက်မောင်းကို မရည်ရွယ်ဘဲ ကုတ်မိသွားသည့် ခဏတွင် ဂွမ်ချယ်ဝူက အရှေ့တွင် လွယ်ထားသော ကျောပိုးအိတ်ကို အီယွန်းနှင့်အတူ ပစ်ချလိုက်လေသည်။
“အင်း......”
မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော တင်ပါးထက် နောက်ဆက်တွဲ ရောက်ရှိလာသော ကန်ချက်ကြောင့် မျက်ရည်များပင် ထွက်လာရသည်။ သူက ကျောပိုးအိတ်ကို ခြေထောက်ဖြင့် တဖုန်းဖုန်းကန်ကာ အီယွန်းကို ခွေးတိုးပေါက်လို ကျဉ်းမြောင်းသော ဂူထဲသို့ ထိုးထည့်နေခြင်းပင်။ ဂွမ်ချယ်ဝူ၏ အေးစက်သော အကြည့်ထဲတွင် နာကျင်ရိပ်လေး တစ်ချက် ဖြတ်သန်းသွားသည်ကို အထင်အရှား မြင်လိုက်ရသည်။ အီယွန်းကို လိမ့်ဝင်သွားစေရန် အတင်းအဓမ္မ ထည့်ပေးပြီးနောက် သူက ကျောပိုးအိတ်နှစ်လုံးကိုထောင်ကာ ဂူအပေါက်ကို ပိတ်ဆို့လိုက်၏။
“တင်းတင်းဆုပ်ကိုင်ပြီး တောင့်ခံထားပါ။”
“ခ... ခဏလေး၊ ခဏလေးပါ၊ ဂွမ်ချယ်ဝူ….”
“ကိုယ် အခုအထိ ဆန္ဒရှိသလောက် မလုပ်ရသေးဘူး။”
“......”
“ကိုယ်တို့က အခုအထိ အဆုံးမသတ်ရသေးဘူး မဟုတ်လား။”
တုန်လှုပ်ခြင်းမရှိဘဲ ပြတ်သားကာ အပူတပြင်းတောက်လောင်နေသော မျက်ဝန်းများက ဓားတစ်လက်လို ရင်ထဲသို့ စိုက်ဝင်လာသည်။ ယင်းက နောက်ဆုံးနှုတ်ဆက်ခြင်းမျိုး မဟုတ်ခဲ့ပေ။ သူက အရေးကြီးနေသည့်အလျောက် ခက်ထန်လှသော မျက်နှာကို အရှိအတိုင်း ဖော်ပြခဲ့သည်။
“အဲ့ဒါကြောင့် ဒီလိုနေရာမျိုးမှာ သေသွားရင် ကိုယ့်လက်နဲ့ ပြန်သတ်ပစ်မယ်လို့သာ မှတ်ထားလိုက်။”
ခြိမ်းခြောက်နေသော အကြည့်နှင့် ဆုံလိုက်သည့်အခါ ကွဲအက်သွားသော အာရုံကြောများက တစ်ခုနှင့်တစ်ခု ပြန်ဆက်သွားသလိုပင်။ သီးခြားစီ ဖြစ်နေသော လူနှစ်ယောက်၏ လှိုင်းအလျားများက နွယ်ပင်များကဲ့သို့ ရောယှက်သွား၏။
သို့သော် ထိုအချိန်ကား မျက်စိတစ်မှိတ်အတွင်းသာဖြစ်ပြီး၊ စောင့်နေသည့်အလား ထိုလူ၏ ဘေးဘက်သို့ လှိုင်းလုံးကြီးများပမာ မြေကြီးများ တိုးဝင်လာတော့သည်။
ဖတ်၊ ဂျွတ် ၊ ဂျွတ်၊ ဝေါ….
ဆက်တိုက်ထွက်ပေါ်လာသော အသံများက အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ ဧရာမ မြေပြိုမှုကြီးက သူ့ကို ခဏချင်းအတွင်း ဝါးမျိုသွားတော့၏။ ထိုအခါ သူနှင့် ဆက်သွယ်ထားသမျှ ကြိုးအားလုံး အတင်းအဓမ္မ ပြတ်တောက်သွားသလို ခံစားရကာ အရိုးများ ကျိုးပဲ့သွားသလို နာကျင်မှုက ဝင်ရောက်လာသည်။
“ဂွမ်ချယ်ဝူ….”
အက်ကွဲနေသော အော်ဟစ်သံက ကျဉ်းမြောင်းသော ဂူနံရံကို ရိုက်ခတ်ကာ ပဲ့တင်ထပ်သွားသည်။
ကျောပိုးအိတ်နှစ်လုံးဖြင့် လုံလောက်စွာ မပိတ်နိုင်သော အပေါက်ကြားမှ မြေစေးများ တိုးဝင်လာ၏။ လွင့်ပါသွားနိုင်သည့် ကျောပိုးအိတ်ကို လက်သည်းများ ကျွတ်ထွက်မတတ် အားကုန်ဆုပ်ကိုင်ထားမိသည်။ အဆက်မပြတ် စီးဝင်လာသော မြေကြီးများကို တွန်းထုတ်ကာ ခုခံသည့်အလား ထိုအတိုင်း တောင့်ခံထားခဲ့၏။
ဝေါ….
ဝေါ….
ကျောပိုးအိတ် လှုပ်ခါသွားတိုင်း လက်ကောက်ဝတ်က နာကျင်လာကာ လက်မောင်းများ တဆတ်ဆတ် တုန်ယင်လာသည်။ လက်ဆစ်များ ကိုက်ခဲလာသည်အထိ ဇွဲနပဲဖြင့် ဆုပ်ကိုင်ထားသော်လည်း အပေါက်တစ်ခုလုံးကို ပိတ်ထားရန်က မဖြစ်နိုင်ပေ။ အဟုန်ဖြင့် ဝင်လာသော ရွှံ့ရေများက မျက်နှာပေါ်သို့ စဉ်ကုန်ပြီး အဝတ်အစားများကလည်း ချက်ချင်းပင် ညစ်ပတ်သွား၏။
“ဟစ်….”
ဘာတွေဖြစ်နေမှန်း တစ်ခုမှ မသိတော့ပေ။ အရာအားလုံးက မြန်ဆန်လွန်းလှကာ ခဏချင်းအတွင်း ပြီးဆုံးသွားခဲ့သည်။
ခဏချင်းအတွင်းမှာပင် ဂွမ်ချယ်ဝူ ပျောက်ကွယ်သွားချေပြီ။
ဘယ်တော့မှ ပြီးဆုံးမည်မဟုတ်ဟု ထင်ရသော အချိန်ကာလတစ်ခု ကုန်လွန်သွားပြီးနောက်။
ကမ္ဘာကြီးကို ဖုံးလွှမ်းတော့မည့်အလား ကြောက်စရာကောင်းသော အသံကြီးက ရုတ်ခြည်း တိတ်ဆိတ်သွားပြီး စီးဝင်နေသော မြေကြီးများကလည်း ရပ်တန့်သွားလေသည်။
ထိုင်လျက် အနေအထားတွင် ခါးအထိ မြေကြီးများ ဖုံးလွှမ်းနေ၏။ စိုစွတ်နေသော အဝတ်အစားနှင့် ပွတ်တိုက်မိသဖြင့် အရေပြားက နာကျင်နေကာ ဂူထဲမှ အေးစက်သော အအေးဓာတ်ကြောင့် နှုတ်ခမ်းများ ပြာနှမ်းနေသည်။
ခွေးတိုးပေါက်ကဲ့သို့ နေရာကျဉ်းကျဉ်းလေးထဲတွင် ခန္ဓာကိုယ်ကို အတင်းထည့်ကာ မျောပါသွားခြင်းမှ ကင်းလွတ်ခဲ့သော်လည်း ဤနေရာမှ ထွက်ရန်ကမူ ပို၍ပင် ခက်ခဲမည့်ပုံပင်။ ကျောပြင်တစ်လျှောက် ချွေးစေးများ စီးကျလာသည်။
“ဂွမ်ချယ်ဝူ......”
ကြမ်းတမ်းသော ကျောက်နံရံကို ကျောမှီလိုက်မှသာ ငိုသံပါသော သက်ပြင်းတစ်ချက် ထွက်လာ၏။
တောင့်တင်းနေသော လက်ဖဝါးများက ဆက်တိုက် ကြွက်တက်နေသည်။ အီယွန်း တုန်ရီနေသော လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကာ မျက်နှာကို အုပ်ထားမိ၏။
“အဲ့ဒီ.. အပြင်မှာ ရှိနေလားဟင်။ ချယ်ဝူ... အဲ့ဒီမှာ ရှိနေလား။”
အက်ကွဲနေသော အသံအိုးမှ လေတိုးသံသာ ထွက်လာသည်။ ဂူအပြင်ဘက်၌ ညကဲ့သို့ တိတ်ဆိတ်နေပြီး အီယွန်းတစ်ယောက် ရင်ထဲမှ ဝုန်းခနဲ တက်လာသော ခံစားချက်ကို အတင်းဖိနှိပ်ထားလိုက်၏။
“အင့်......”
ကျောနှင့် တင်ပါးကို ထိုးနေသော လက်သီးဆုပ်ခန့် ကျောက်ခဲများကြောင့် နာကျင်လှသည်။ အပေါက်ကြားမှ အေးစက်ကာ စိုထိုင်းသော လေများ တိုးဝင်လာ၏။
ထိုစဉ် မှောင်မိုက်နေသော အကြည့်၏အဆုံး၌ ပုံသဏ္ဌာန်ပင် ခွဲခြား၍မရတော့ဘဲ ရွှံ့များပေကျံနေသည့် ကျောပိုးအိတ်က ဝင်လာသည်။
အရှေ့အိတ်ထဲတွင် ထည့်ထားသော Tablet PC ကို မြင်သည်နှင့် ချက်ချင်း ဆွဲထုတ်ကာ အတတ်နိုင်ဆုံး ပွတ်တိုက်သန့်စင်ပြီး Power ခလုတ်ကို ဖွင့်လိုက်၏။
Wifi အချက်ပြ ပျောက်ကွယ်သွားသော်လည်း မျက်နှာပြင်ပေါ်တွင် အပြည့်အဝ ပေါ်နေသည်က သူ စောစောက လုပ်ဆောင်ခဲ့သည့် သစ်ပင်ဓာတ်ပုံများပင်။
မည်သည့်ခံစားချက်မှမရှိသော မျက်လုံးများဖြင့် ယင်းတို့ကို ရွှေ့ကြည့်နေရင်း လက်ချောင်းလေးများက လေထဲတွင် ရပ်တန့်သွား၏။
“......ဟင်းးး”
ပါးစပ်မှ အမည်မဖော်နိုင်သော ညည်းတွားသံ ထွက်လာသည်။
ဓာတ်ပုံများက သစ်ပင်များမဟုတ်တော့ဘဲ ယင်းတို့ကို ကုသပေးနေသည့် အီယွန်း၏ ကျောပြင်၊ မျက်နှာနှင့် အပြုံးများကို ရိုက်ကူးထားခြင်းပင်။
စိုးရိမ်တကြီး မျက်ခုံးလေးများ ညှိုးကျနေသည့်ပုံ၊ အလေးအနက် မျက်မှောင်ကြုတ်နေသည့်ပုံ၊ နူးညံ့စွာ နှုတ်ခမ်းထောင့်စွန်းလေးများပင့်ပြီး ပြုံးနေသည့်ပုံနှင့် သွားလေးများပေါ်သည်အထိ အားရပါးရ ရယ်မောနေသည့် ပုံများအထိ။
သာမန်ကာလျှံကာ ကျော်သွားနိုင်သော ထိုအခိုက်အတန့်တိုင်းကို။
တစ်စုံတစ်ယောက်၏ အလွန် စူးစိုက်လှသော မျက်ဝန်းများက စိမ်းသက်လှသော အီယွန်း၏ အသက်ဝင်လှုပ်ရှားနေသည့် မျက်နှာကို လွတ်မသွားစေလိုသဖြင့် နှမြောတသစွာ သိမ်းဆည်းထားခဲ့ပုံပင်။
“.......”
လေဝင်လေထွက်မကောင်းသဖြင့် အသက်ရှူရကျပ်ကာ အနံ့ဆိုးများက အီယွန်းကို မွန်းကျပ်စေခဲ့သည်။
‘ဒီမှာသေသွားရင် ကိုယ့်လက်နဲ့ ပြန်သတ်ပစ်မယ်လို့ မှတ်ထားလိုက်။’
ဒီ ကိုက်တတ်တဲ့ခွေးက တကယ်ပဲ ဘယ်သူပြောရမဲ့စကားကို ပြောနေတာလဲ......
တဆတ်ဆတ် တုန်ယင်နေသော မျက်ခွံကို တင်းတင်းပိတ်ကာ ပြန်ဖွင့်လိုက်ချိန်တွင် အီယွန်း၏ မျက်ဝန်းများ၌ တောက်ပသော အလင်းရောင်များ စီးဆင်းသွားတော့သည်။
ရှာရမည်။
ရှုပ်ပွပျက်စီးနေသော ဤတောအုပ်ထဲတွင် ရှင့်ကို ကျိန်းသေပေါက် ပြန်ရှာတွေ့မှဖြစ်မည်။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အစ/အဆုံး ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။