အပိုင်း ၂၃
“ဒီအတိုင်း အရိုက်ခံရလို့ သွားကျွတ်မသွားချင်ရင် တိတ်တိတ်နေပါဗျ။”
“အူး........ အူး........”
သူက ကြောက်လန့်တကြား ခေါင်းညိတ်ပြခဲ့သည်။
“လိမ္မာသားပဲ။”
ဂွမ်ချယ်ဝူက သူ့ကို ပြန်ဆွဲခေါ်ကာ အိမ်အပြင်သို့ ထွက်သွားသည်။ ကံဆိုးချင်တော့ ရပ်ကွက်လမ်းကြားထဲတွင် ဖြတ်သွားဖြတ်လာလုပ်သူ တစ်ယောက်မှ မရှိချေ။ ဟွမ်ဂျိုယွန်းလည်း မျက်ရည်များ ချက်ချင်း စီးကျလာရ၏။
ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ဂွမ်ချယ်ဝူက သူ လျှို့ဝှက်ဝယ်ယူထားသော အိမ်ဘက်သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းနေခြင်းပင်။ လမ်းလျှောက်ပုံက တုံ့ဆိုင်းမှု တစ်စက်မှ ရှိမနေခဲ့။
“အူး........”
ဟွမ်ဂျိုယွန်းတစ်ယောက် ကွဲသွားသော ပါးစပ်အတွင်းမှ သွေးများ တရစပ်စီးကျနေသည့်အတိုင်း ရုန်းကန်နေသည်။ ယင်းမှာ ဗီဇအရ သိနေခြင်းပင်။ ဒီလူနဲ့ နှစ်ယောက်တည်း အိမ်ထဲဝင်လို့ လုံးဝမဖြစ်ဘူးဟူ၍။
“ကျွန်တော်က ဟွမ်ဂျိုယွန်း ခိုနေတဲ့နေရာကို ဘယ်လိုလုပ်ပြီး သိခဲ့တယ်ထင်လဲဗျ။”
“အူး........”
“ပထမဆုံး အပြင်ထွက်တုန်းက မျက်စောင်းထိုးအိမ်ကို မြင်ပြီး ဒီလိုမျိုး တွေးမိခဲ့တာလေ။ အီယွန်းနဲ့ sex လုပ်ရင် ဟိုကနေ အကုန်လုံး မြင်နေရမှာပဲဆိုပြီး။”
သာမန်မဟုတ်သော အကြမ်းဖက်မှုကြားမှာပင် တစ်စက်ကလေးမှ စိတ်မလှုပ်ရှားခဲ့သည့် အသံက စိတ်လှုပ်ရှားခြင်းကြီးစွာ တုန်ရီနေသည်။
“ကျွန်တော်သာဆိုရင် အဲ့ဒီအိမ်ကို ဝယ်ပစ်လိုက်မှာ။”
“.........”
“အဆုံးအထိ ဖုံးကွယ်ထားခဲ့ရောပေါ့။ အီယွန်း ဘယ်တော့မှ သတိမထားမိအောင် လုပ်ရမှာကို။ လုပ်ပုံကိုင်ပုံက နမော်နမဲ့ဖြစ်နေရင် တစ်ဖက်လူကပဲ ဒုက္ခရောက်ရတာဗျ။ လုပ်မယ်ဆိုရင်လည်း တိတိကျကျ လုပ်ရမှာပေါ့။”
“အူး........”
“ကလေးလို လျှောက်လုပ်ပြီး ပွဲခံမဲ့အစား ခွေးလိုရမ်းကားတာကမှ ပိုကောင်းသေးတာကို။”
ဂွမ်ချယ်ဝူက ကြံ့ခိုင်သော အရွယ်ရောက်ပြီးသား အမျိုးသားကို အင်မတန် လွယ်ကူစွာ တရွတ်ဆွဲခေါ်သွားသည်။ သူက မျက်စောင်းထိုးတွင်ရှိသော အိမ်၏ တံခါးကို ရိုက်ချိုးတော့မတတ် ခြေထောက်ဖြင့်ကန်ပြီး အတင်းအကျပ်ဖွင့်ကာ ဝင်သွား၏။
နှစ်ယောက်သား ဤအိမ်အိုကြီးအတွင်းသို့ လုံးဝ မပျောက်ကွယ်သွားမီ ဟွမ်ဂျိုယွန်းတစ်ယောက် လက်ကောက်ဝတ်တွင် ပလပ်စတစ်အိတ်ကိုချိတ်လျက် အေးရာအေးကြောင်း လျှောက်လာသော ရပ်ကွက်နေသူတစ်ဦးနှင့် မျက်လုံးချင်း ဆုံမိလိုက်သည်။
“အီးးး........ အီးးးးး”
ဟွမ်ဂျိုယွန်းလည်း မျှော်လင့်တကြီး အကြောက်အကန် အော်ဟစ်တော့၏။ နောက်ဆုံးအခွင့်အရေးပင်။
“အီးးးးး”
ဘေ့စ်ဘောဦးထုပ် ဆောင်းထားသော ထိုလူက ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်သည်။ လက်နှင့်ခြေများ ချည်နှောင်ခံထားရသော ဟွမ်ဂျိုယွန်း၏ ပုံစံကို အလျင်အမြန် စစ်ဆေးကြည့်လိုက်ပုံပင်။
ရပြီ... ရပြီ...
ဟွမ်ဂျိုယွန်း၏ မျက်ဝန်းများတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
သို့သော်........
“........အွတ်........ အီးးးးး”
ထိုလူက စိတ်ဝင်စားမှုမရှိဘဲ ခေါင်းလှည့်ကာ သူ၏ခြေလှမ်းကို အရှိန်မြှင့်လိုက်၏။ ထိုအတိုင်း နောက်လှည့်မကြည့်ဘဲ သူဝင်သွားသော နေရာမှာ စိတ်ပျက်စရာကောင်းလောက်အောင် ဘေးချင်းကပ်အိမ် ဖြစ်နေသည်။ ထိုအချက်က ဟွမ်ဂျိုယွန်းကို ပို၍ပင် စိတ်ပျက်သွားစေခဲ့၏။
ဒီနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုတွေ အကုန် ဘယ်ရောက်ကုန်တာလဲ။
ဟွမ်ဂျိုယွန်းအဖို့ ကယ်တင်ရှင်မရှိခဲ့ချေ။
~~~~
ကျွီ...ဒုန်း
ခြံတံခါး ပိတ်သွားသည်။
အိမ်ထဲတွင် နက္ခတ်တာရာကြည့်မှန်ပြောင်းအဖြစ် အထင်မှားစရာရှိသော အင်မတန်ကြီးမားသည့် အဆပေါင်းများစွာချဲ့နိုင်သော မှန်ဘီလူးတစ်ခု ပြတင်းပေါက်နားတွင် တပ်ဆင်ထားလျက်ရှိ၏။
သတင်းစာကို ဖြစ်ကတတ်ဆန်းခင်းထားသည့် ကြမ်းပြင်ပေါ်တွင် ညှိုးခြောက်ပြီးသား အနီရောင်ရင့်ရင့် နှင်းဆီပန်းများ အစည်းလိုက်ပုံနေသည်။
စားပွဲပေါ်တွင် ပလတ်စတစ်အိတ်ကိုချပြီး ဘေ့စ်ဘောဦးထုပ်ကို ချွတ်လိုက်သည့် ထိုလူက ပြတင်းပေါက်နားတွင်ထိုင်ကာ အကျင့်ပါနေသည့်အလား ဆိုအီယွန်း၏အိမ်ကို အရင်ဆုံး စစ်ဆေးလိုက်သည်။
မနေ့က ထိုကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ပြီး နောက်ဆုံးတွင် အဖမ်းခံလိုက်ရပုံပင်။
“ဟား...... ဘယ်လိုလုပ်ပြီး သခင်လေးရဲ့လက်ထဲ ရောက်သွားရတာပါလိမ့်......”
ဤကဲ့သို့ ဂွမ်ချယ်ဝူနှင့် အနီးကပ် ဆုံတွေ့ရသည်မှာ နှစ်အတော်ကြာမှ ပထမဆုံးအကြိမ်ပင်။
သို့သော် ပြန်လည်ဆုံတွေ့ရခြင်း၏ ဝမ်းသာပီတိမှာ ခဏတာသာ။ ယခင်ကအတိုင်း ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် ပြင်းထန်သော လက်အားကို မြင်လိုက်ရသည့်အခါ တုန်လှုပ်ချောက်ချားသွားရသည်။
ဦးခေါင်းမဟုတ်ဘဲ ခန္ဓာကိုယ်သာ ဒဏ်ရာရခဲ့လျှင် ပိုကောင်းပေဦးမည်။
“အဲ့ဒီလိုဆိုပေမဲ့လည်း လက်ကိုတော့ သက်သက်သာသာလေး လုပ်သင့်တာပေါ့။ အဲ့ဒါက ဘယ်လောက်တောင်တန်တဲ့ လက်ချောင်းတွေလဲလို့။”
ထိုလူက မျက်ရည်တွေဝဲလာသော မျက်လုံးကို လက်မောင်းဖြင့် ပွတ်သုတ်ပြီး ဖုန်းကိုဖွင့်လိုက်သည်။
လျှပ်တစ်ပြက် မြင်လိုက်ရသော ဂွမ်ချယ်ဝူ၏ မျက်လုံးများက ထူးဆန်းစွာ တည်ငြိမ်နေ၏။ မီးလို တောက်လောင်ပေါက်ကွဲတတ်သော စိတ်နေစိတ်ထားရှိသော်လည်း တစ်ခါတလေ ငြီးငွေ့စွာ ပျင်းတိပျင်းတွဲ ဖြစ်နေတတ်သူပင်။ ဤကဲ့သို့ နူးညံ့စွာ အိမ်မွေးခွေးလေးလို နာခံပြီး ငြိမ်သက်နေခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်သည်။ မှတ်ဉာဏ် ပျောက်ဆုံးသွားသည်ဟူသော စကားက တကယ် အမှန်ဖြစ်နေပေလိမ့်မည်။
“ဒါရိုက်တာကြီး၊ ကျွန်တော် ဘုမ်ဟီးပါ။”
ငါတို့ သခင်လေးသာဆိုရင် ဦးနှောက်မရှိတဲ့ အရူးဖြစ်သွားခဲ့ရင်တောင် နောက်ဆက်တွဲ ပြဿနာမရှိအောင် လူကို ဖမ်းနိုင်မှာပဲဆိုပေမဲ့ အတတ်နိုင်ဆုံး အခြေအနေက သပ်သပ်ရပ်ရပ်ဖြစ်နေမှဖြစ်မှာပေါ့။
~~~~
အီယွန်း အချိန်အကြာကြီး အိပ်ခဲ့ရသည်။
တရှပ်ရှပ်အသံပေးပြီး ကိုယ်ကို ထူမတ်လိုက်သည့် သူက ဤပျင်းရိလေးပင်ခြင်းကို အကြောင်သား ခံစားနေ၏။ သူ့ခေါင်းအုံးပေါ်၌ စွဲကျန်နေသည့် သူစိမ်း၏ ကိုယ်သင်းနံ့ကိုပင် သိပ်ပြီး ငြင်းဆန်လိုစိတ် မဖြစ်ခဲ့ပေ။ ထိုအခါ သဘာဝကျကျ ထိုလူ၏ မျက်နှာကို သတိရသွားလေသည်။
“......အား”
ရီဝေဝေဖြစ်နေသော မျက်လုံးများက တစ်မုဟုတ်ချင်း လင်းလက်တောက်ပသွား၏။
“ဂွမ်ချယ်ဝူရှင့်......”
အီယွန်းလည်း အလျင်အမြန်ပင် ဧည့်ခန်းဆီသို့ ပြေးထွက်သွားမိသည်။
ထိုလူက ခေါက်စားပွဲနားတွင် မတ်တပ်ရပ်လျက် နီရဲနေသော ပန်းများကို သင်နေသည်။ ဆူးများကို ဖယ်ရှားပြီး ညှိုးနေသော အရွက်များကို တုံ့ဆိုင်းမှုမရှိဘဲ တတောက်တောက် ဖြတ်တောက်နေပုံက အင်မတန် ကျင်လည်လှ၏။
အီယွန်းလည်း မျက်လုံးများ အဝိုင်းသားပြူးကာ ခြေလှမ်းကို ရပ်တန့်လိုက်မိသည်။ ဂွမ်ချယ်ဝူက ကြောင်တောင်တောင် ရပ်နေသော အီယွန်းကိုမြင်ပြီး စကားစပြောလာ၏။
“အီယွန်း၊ ကောင်းကောင်း အိပ်ပျော်ခဲ့ရဲ့လား။”
သူက ရွှန်းရွှန်းစားစား ပြုံးပြရင်း ပန်းကို ချထားလိုက်သည်။ ထိုအပြုံးကို ကြည့်နေရသည့်အခါ သွေးများ ခြောက်ကပ်သွားသလို ခံစားခဲ့ရသော ပြီးခဲ့သည့် တစ်ပတ်တာက လက်တွေ့မကျသလိုပင်။ သူ အီယွန်းဘက်သို့ လုံးဝလှည့်လာတော့ အီယွန်းလည်း ညှို့ယူခံလိုက်ရသလို အနားကပ်သွားမိသည်။
“......ဘာတွေလုပ်နေတာလဲဟင်။”
“ပန်းအလှဆင်နည်း လေ့ကျင့်နေတာပါ။”
“ဘာဖြစ်လို့လဲ။”
“ပြန်ပြီး အလုပ်လုပ်ချင်လို့လေ။ အမြန်ဆုံး ပုံမှန်နေ့စဉ်ဘဝကို ပြန်သွားရမှာပေါ့။”
“......”
ရင်ထဲတွင် ပူခနဲဖြစ်သွားသည်။ လိမ်ခဲ့ရသည်ကို နောင်တမရ။ အီယွန်းက သူကိုယ်တိုင် မှားယွင်းစွာ တပ်ဆင်ခဲ့သော ပထမဆုံး ကြယ်သီးအတွက် နှမြောတသခြင်းအလျဉ်းမရှိပေ။ သို့သော် ဤသို့သော အချိန်မျိုးတွင်တော့ သူ့အား မျက်နှာချင်းဆိုင်ကြည့်ရန် ခက်ခဲနေသည်။ အီယွန်းတစ်ယောက် အတင်းဖျစ်ညှစ်ကာ အကြည့်လွှဲလိုက်၏။
“ပန်းတွေက ဘယ်က ရတာလဲဟင်။”
“ခူးလာတာ။”
“ခူးလာတယ်။”
“ဟုတ်တယ်။ ဒီရှေ့မှာ ပွင့်နေတာ တွေ့လို့ပါ။”
သူက မျက်နှာရိပ်မျက်နှာကဲဖြင့် ပြတင်းပေါက်အပြင်ဘက်ကို ညွှန်ပြခဲ့သည်။
တိုတောင်းလှသော ထိုအခိုက်အတန့်လေးတွင် အီယွန်းက ထိုလူ၏ ဘေးတိုက်ပုံစံကို ငေးကြည့်လိုက်၏။ မေးရိုးအစွန်းမှ နားရွက်အထိ အပြစ်အနာအဆာ တစ်ခုမှမရှိဘဲ ချောမွတ်ညီညာသော အသားအရေကို ပိုင်ဆိုင်ထားသည်။ ခေါင်းကို ပြန်လှည့်လာတော့ အကြည့်ချင်း ဆုံသွား၏။
“ဆံပင်စည်းပေးရမလား။”
“……အာ၊ ကျွန်...ကျွန်မက အခု ပုံပျက်ပန်းပျက် ဖြစ်နေတယ် မဟုတ်လားဟင်။”
အီယွန်းလည်း ရှက်ကိုးရှက်ကန်းနှင့် ရှုပ်ပွနေသော သူ့ဆံပင်သူ လက်ဖြင့်သပ်တင်လိုက်သည်။
“အဲ့ဒီလိုပြောတာမဟုတ်ပါဘူး။”
သူက တည်ငြိမ်စွာ အီယွန်းကို ဖမ်းဆွဲပြီး လှည့်လိုက်သည်။
“ကိုယ်က ကိုင်ချင်လို့ပါ။”
ပန်းများကို စည်းထားသည့် သားရေကြိုးကိုဖြုတ်ပြီး သွားဖြင့် ကိုက်ထားလိုက်၏။ လက်နှစ်ဖက်ဖြင့် အီယွန်း၏ ဆံပင်ကို မြှောက်တင်လိုက်တော့ လျှို့ဝှက်ချက်တစ်ခုအလား ပေါ်ထွက်လာသော ကုပ်သားလေးက နုဖပ်ကာ သန့်ရှင်းနေသည်။
“ဟွမ်ဂျိုယွန်းက အခုဆို အဲ့ဒီလိုမျိုး လုပ်နိုင်မှာမဟုတ်တော့ပါဘူး။”
အီယွန်း၏ကိုယ်က ဆတ်ခနဲ တောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။ ဂွမ်ချယ်ဝူက နူးညံ့ညင်သာသော အကိုင်အတွယ်ဖြင့် အီယွန်း၏ ဆံပင်ကို စုသိမ်းစည်းနှောင်ပေးခဲ့၏။
“အဲ့ဒါကြောင့် စိတ်ပူမနေဘဲ စိတ်ချလက်ချသာနေပါ။”
အီယွန်းက မလုံမလဲဖြင့် သူ့ငယ်ထိပ်သူ ကိုင်လိုက်သည်။ နဂိုက အောက်နားတွင် ကပိုကရိုလေး စည်းနေကျ ဆံပင်ကို အပေါ်ဘက်တွင် တင်းတင်းစည်းလိုက်တော့ မျက်နှာအသွင်အပြင်က တခြားစီ ဖြစ်သွား၏။
“လှလိုက်တာ။”
“အော... ကျွန်မကလား။”
အီယွန်း နှေးကွေးစွာ တုံ့ပြန်လိုက်သည်။ ထိုလူက ခပ်တိုးတိုးရယ်လိုက်ကာ စားပွဲတွင် ကိုယ်ကို မှီလိုက်သည်။
“အီယွန်းက လုံးဝ မသိခဲ့ဘူး ထင်ပါရဲ့။ အပြင်ထွက်တဲ့အခါ လုပ်ငန်းခွင်ဝတ်စုံအနောက်မှာ ပုန်းကွယ်နေပေမဲ့ ညဘက်ကျတော့ အကုန် ရေချိုးသန့်စင်ထားတဲ့ အနေအထားနဲ့ ကိုယ့်ရဲ့အိပ်ရာထဲ ဝင်လာတာ။”
“……”
“အဲ့ဒီလို မိတ်ကပ်မပါတဲ့ မျက်နှာပြောင်လေးက လူကို ဘယ်လောက်တောင် ရူးသွပ်စေလဲဆိုတာ သိရဲ့လား။”
အီယွန်းတစ်ယောက် ဗုံးကြဲခံရသလို ကြောင်တောင်တောင် ရပ်နေရင်းမှ ရုတ်တရက် လက်နှစ်ဖက်ဖြင့် မျက်နှာကို ကာလိုက်သည်။
နီမြန်းသော နေဝင်ချိန်အလင်းရောင်က သူ့ကျောပြင်သေးသေးလေးပေါ်သို့ ဖြာကျလျက်။
~~~~
အီယွန်းက ခွဲစိတ်ခန်းသုံး လက်အိတ်စွပ်လျက် ပန်းခင်းကို သေသပ်အောင် ပြုပြင်ခြင်း၌ အာရုံစိုက်နေခဲ့သည်။ ရေလောင်း၊ မြေကြီးအသစ် ထပ်ထည့်ပြီး ထိုးထွက်နေသော ကိုင်းများကို ဖြတ်တောက်နေသည့် ကျွမ်းကျင်သော အကိုင်အတွယ်တွင် ချစ်ခင်ကြင်နာမှုများ အပြည့်ပင်။
ကြီးထွားဖွံ့ဖြိုးမှု မပြီးသေးသည့် အရွက်လေးများကို ဆက်ဆံပုံက အင်မတန် အလေးအနက်ရှိကာ စိတ်ရင်းအပြည့်ပါနေသဖြင့် ဂွမ်ချယ်ဝူတစ်ယောက် အီယွန်း၏ အာရုံစိုက်မှုကို လုယူချင်နေမိ၏။
‘ငါ သစ်ပင်လူသား ဖြစ်နေတုန်းကလည်း ဒီလိုမျိုး ဂရုစိုက်ပေးခဲ့လား။’
ဂွမ်ချယ်ဝူတစ်ယောက် လှုပ်ရှားနေသော အီယွန်းထံမှ တစ်ချက်ကလေးပင် မျက်လုံး မခွာနိုင်ခဲ့ပေ။
အလုပ်လုပ်နေသည့် အီယွန်း၏ပုံစံက ရိုးရာပုံပြင်ထဲမှ သစ်ခုတ်သမားလေးနှင့် တူနေသည်။ ရုပ်ပြထဲမှ ဖျတ်ခနဲ ထွက်လာသည့်ပုံစံနှင့် ဖျတ်လတ်စွာ လှုပ်ရှားနေသည်ကိုမြင်တော့ ဒီအတိုင်း အိတ်ထဲထည့်ပြီး သယ်သွားလိုစိတ်များဖြစ်လာ၏။
ထိုကဲ့သို့ လိုအပ်ချက်နှင့်မဆိုင်ဘဲ သူ့အလိုလို ဖမ်းစားခံရကာ လောဘတက်မိခြင်းပင်။
သူစိမ်းသာဖြစ်မည်ဆိုလျှင် ဖူးစာကြိုးကိုညှပ်ပြီး ပြန်ဆက်မည်။ ယခုလို ရင်းနှီးပြီးသား ဆက်ဆံရေးဆိုလျှင်တော့ သားရဲတစ်ကောင်လို ခုန်အုပ်ဝါးမျိုပစ်မည်။ ဤသို့သောအတွေးများ သူ့စိတ်ထဲတွင် တဒင်္ဂ ပြည့်လျှံသွား၏။
အပြင်ထွက်သည့်အခါ ဆိုအီယွန်းက သူ့ကိုယ်သူ ဖုံးကွယ်ချင်၍ အမျိုးမျိုးသောအရာများဖြင့် ဖုံးအုပ်ထားခဲ့သော်လည်း အခွံကို ခွာလိုက်သည့်အခါ အံ့ဩစရာကောင်းလောက်အောင် ဖြူစင်ပြီး နူးညံ့ချောမွတ်လှပေသည်။
သေသပ်သော မျက်ခုံး၊ ကြင်နာတတ်ပုံရသည့် မျက်ဝန်းအိမ်၊ သေးငယ်သည့် နှာခေါင်းလုံးလုံးလေး၊ ဖူးကြွပြီး နီမြန်းသည့် နှုတ်ခမ်းလေး။ ထိုအရာများကပေးသော သက်ရောက်မှုကို ကျိန်းသေပေါက် ဆိုအီယွန်းကတော့ သိမည်မဟုတ်ပေ။
ယင်းမှာ ကောင်းသည့်ကိစ္စပင်။
တစ်လျှောက်လုံး မျက်နှာထားတည်တည် ရှိနေခဲ့သည့် ဂွမ်ချယ်ဝူက အီယွန်း၏ အပြုံးလေးကို အတုခိုးကြည့်သော်လည်း ရေဆာသလို ခံစားချက်မျိုးသာဖြစ်လာ၏။
အီယွန်းက သေးငယ်သော ထိုအရွက်လေးတစ်ရွက်ကိုသာ ပြုစုယုယနေသည်ကို။ ဘာကြောင့် သူ့ကိုယ်က ဆတ်ခနဲတွန့်သွားရသလဲ။
ထိုသို့ဖြင့် အရာအားလုံးက ဖြည်းဖြည်းချင်း လည်ပတ်သွားခဲ့သည်။
အီယွန်းက နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ကာ ပန်းပွင့်နေသော အပင်ကို ချီးမွမ်းသည့်အလား လက်ဗလာဖြင့် ပွတ်သပ်လိုက်၏။ မြေပြင်ပေါ်မှ ပန်းပွင့်အကြွေလေးများကို ကောက်ယူကာ နှစ်ယောက်စလုံး၏ ကျောပြင်ပေါ်သို့ ဖြာကျလာသော နေဝင်ရီတရော နေရောင်ခြည်ကို ခံယူခဲ့ကြသည်။
ထိုသို့နေရာမှ ရုတ်တရက် အီယွန်းက ဒီဘက်ကို လှည့်ကြည့်ကာ ပြုံးပြခဲ့၏။
“……”
ဤသည်မှာ သူ ပထမဆုံး မြင်ဖူးသော ကြည်လင်သည့် အပြုံးပင်။ မသိစိတ်မှ လက်သီးကို ဆုပ်လိုက်မိသည်။ လှပစွာ အနည်းငယ်ဟနေသော နှုတ်ခမ်းလေးတွင် သူတစ်ခါမှ မခံစားခဲ့ဖူးသည့် နွေဦးနှင့် နွေရာသီ၏ အငွေ့အသက်များ အကုန်ပါဝင်နေ၏။
‘မင်း....... မင်းက တကယ်ပဲ ဆိုအီယွန်းရဲ့ ယောက်ျားလား.......သက်သေယူလာခဲ့။ စာရွက်စာတမ်း တစ်ခုခု ထုတ်ပြစမ်းပါ။’
ဂွမ်ချယ်ဝူက အဓိပ္ပာယ်ပါသော အကြည့်ဖြင့် အီယွန်းကို စိုက်ကြည့်နေသည်။ မာကျောသော သူ၏အခွံက အတွင်းစိတ်ကို ထုတ်ဖော်လေ့မရှိသော်လည်း မျက်လုံးအကြည့်ကတော့ ဖုံးကွယ်မထားနိုင်လောက်အောင် ပူပြင်းနေ၏။
“အီယွန်း၊ ပန်းကို စုပ်ဖူးလားဟင်။”
“အာ.......ငယ်ငယ်ကတော့ တစ်ခါနှစ်ခါ စားဖူးပါတယ်။”
“ဒါဆို သင်ပေးပါ။”
“ဘာကို....... လဲ။”
လက်နှစ်ဖက်အပြည့် ပန်းပွင့်ဖတ်များကို ကိုင်ထားသည့် အီယွန်းက ပြန်မေးလိုက်သည်။ သူ့မျက်နှာတွင် နားမလည်နိုင်ဖြစ်နေမှုက ထင်ရှားပေါ်လွင်လျက်။
ဂွမ်ချယ်ဝူက ခြံစည်းရိုးဘက်သို့ အေးရာအေးကြောင်း လျှောက်သွားပြီး အဖြူရောင် အကေးရှားပန်းကို ချိုးယူလာသည်။ အီယွန်းလည်း ဆတ်ခနဲတွန့်သွားကာ သူ့ကိုတားရန် ကြိုးစားခဲ့သော်လည်း ပန်းက မျက်စိတစ်မှိတ်အတွင်းမှာပင် တစစီ ပြဲထွက်သွားတော့၏။ ရိုင်းစိုင်းကြမ်းတမ်းသော ထိုအကိုင်အတွယ်က အင်မတန် အန္တရာယ်များလှသဖြင့် အီယွန်း အသက်အောင့်ထားလိုက်မိသည်။
“ဘယ်လိုစုပ်ရင် အောက်ဆုံးအထိ အကုန်လုံး လျက်စားနိုင်မလဲဆိုတာ အီယွန်းက သင်ပေးရင် ကောင်းမှာပဲ။”
“……”
“ကိုယ်က တစ်စက်လေးတောင် ချန်ထားခဲ့ချင်စိတ် မရှိလို့ပါ။”
~~~~
Miel's Translations