အပိုင်း ၁၇
“အီယွန်း။”
“ဟုတ်၊ ဟုတ်ကဲ့။”
“ဇနီးဖြစ်သူကိုတောင် မပြုစုရဘူးဆိုရင် ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးမကျသလို ခံစားရမယ်ထင်တယ်။ အီယွန်းက ကိုယ့်ကို ခင်ပွန်းတစ်ယောက်အနေနဲ့ လုံးဝကို အသုံးမချဘူးလေ။”
“……”
“ကိုယ်က ဒီလိုပုံစံဖြစ်နေလို့ပဲ အီယွန်းလည်း တစ်ပတ်လုံး ကိုယ့်ကို ပစ်ထားပြီး မနှိုးတာပေါ့။ အသက်ရှင်နေဖို့အတွက် ကိုယ့်ကို တစ်စက်ကလေးမှ မလိုအပ်တာမို့လို့။ ကိုယ်ပြောတာ မှားလား။”
“……”
အီယွန်း၏ ရင်ထဲတွင် ဖျဉ်းခနဲဖြစ်သွားသည်။ ပြောတာကလည်း သိပ်မမှားနေသလို ဖုံးကွယ်ထားချင်သည့် အတွင်းစိတ်ကို အမိအရ ဖမ်းမိသွားသလိုပင်။ ယင်းက ဘာကြောင့်မှန်းမသိ ရှက်စရာကောင်းသလို ခံစားရ၏။
“အဲ့... အဲ့ဒါကတော့ ဆရာဝန်ကလည်း လောလောဆယ် ဘာမှမသေချာသေးဘူး၊ ဆက်ပြီး စောင့်ကြည့်ရမယ်လို့ ပြောထားတယ်မဟုတ်လားရှင့်။ ကျွန်မလည်း ဂွမ်ချယ်ဝူ အိပ်ပျော်နေတုန်း ဘေးမှာ အမြဲရှိနေခဲ့တာပဲကို…”
ဆင်ခြေက အလကားနေရင်း ရှည်လာသည်။ အခွံသက်သက်လို ဗလာဖြစ်နေသော မိမိကိုယ်ကိုယ် ကာကွယ်ပြောဆိုမှုက ကိုယ်တိုင် ပြန်နားထောင်ကြည့်လျှင်ပင် သိပ်ပြီးခိုင်လုံမှုမရှိဘဲ ထိုအကြောင်းကြောင့်ပင် အသံကလည်း တိမ်ဝင်ပျောက်ကွယ်သွား၏။ ထိုလူကတော့ ကိစ္စမရှိဘူးဟူသောပုံစံမျိုးနှင့် ခေါင်းကို ခါယမ်းခဲ့သည်။
“သေချာတော့ မပြောတတ်ပေမဲ့ ဒီအတိုင်း သိနေတယ်။”
“……”
“အီယွန်းက ကိုယ့်ရဲ့ မနက်ခင်းလေးပါ။”
ထိုလူက ဤမျှအထိ တစ်ဖက်သတ် ဆန္ဒပြင်းပြနေသလောက် အခြားတစ်ဖက်တွင်တော့ အီယွန်းက တာဝန်မဲ့သူလို ဖြစ်နေသည်။ ထိုသို့သော ကွာခြားမှုကြောင့် ထူးထူးဆန်းဆန်း အပြစ်ရှိစိတ် ခံစားရတော့၏။
အကြိမ်တစ်ရာလောက် သည်းခံလည်း တာဝန်မကျေသည့် ဇနီးက သူ၏သံသယများကို လှုံ့ဆော်ပေးသည့် အကြောင်းရင်းတစ်ခု ဖြစ်နေသည်။
အီယွန်း စိတ်ထဲမှ တွက်ချက်မှုများလုပ်နေစဉ် ဂွမ်ချယ်ဝူက မည်သို့သောမျက်နှာထားနှင့် သူ့ကို ငုံ့မိုးကြည့်နေမှန်း သတိမထားမိခဲ့ပေ။
“အီယွန်းက ကိုယ့်ကို သင်ပြပေးဖို့ ယုံကြည်ချက်မရှိဘူးဆိုရင် ကိုယ် ခင်ပွန်းတစ်ယောက်ရဲ့ တာဝန်ကို ဆောင်ရွက်ဖို့ ကြိုးစားတာကိုတော့ မငြင်းလိုက်ပါနဲ့နော်။”
“……အဲ့ဒီတာဝန်ထဲမှာ ရေချိုးပေးတာရော ပါတာလားဟင်။"
အီယွန်းက မသင်္ကာသလို ပြန်မေးလိုက်တော့ ဂွမ်ချယ်ဝူက မျက်မှောင်ကြုတ်လိုက်ကာ လက်နှစ်ချောင်းနှင့် သူ့နှုတ်ခမ်းသူ ပွတ်ခဲ့သည်။
“ထူးဆန်းတယ်။ Sex လုပ်တုန်းကဆို ဒီထက်ပိုဆိုးတဲ့ကိစ္စတွေတောင် လုပ်ခဲ့ဖူးမှာပဲကို။”
“……”
အီယွန်းတစ်ယောက် ပျားရည်စားပြီး ဆွံ့အသွားသူလို အကြောင်သားနှင့် ဘာစကားမှ မပြောနိုင်တော့။
“ကိုယ်တို့လင်မယား လိင်မှုကိစ္စကို စိတ်မဝင်စားကြတာက အဝတ်အစားကြယ်သီးကို လည်ပင်းထိ တစ်ဆုံးတပ်ပြီး လုံလုံခြုံခြုံနေကြတဲ့ အကျင့်ကြောင့်ပဲဖြစ်မလားမသိဘူး။ ကိုယ့်အပေါ် ပိုပြီး ရိုင်းရိုင်းပျပျ ဆက်ဆံကြည့်ပါလား။”
သူက ထိုနည်းဖြင့် ပြဿနာကို အကျယ်ချဲ့လာလျှင် ဒီဘက်က ဘာမှ ပိုင်ပိုင်နိုင်နိုင် တုံ့ပြန်စရာမရှိပေ။ ဒီအတိုင်း ရှက်စရာတွေပြောနေသည့် သူ့ပါးစပ်ကိုသာ အမြန်ဆုံး ပိတ်ပစ်လိုက်ချင်တော့သည်။
“……အဲ့...အဲ့ဒါဆိုရင် ကျောပဲ တိုက်ပေးပါ။ ကျောတစ်ခုပဲနော်။”
သူက နှေးကွေးစွာ နှုတ်ခမ်းထောင့်စွန်းများကို ပင့်လိုက်သည်။
~~~~
ရှပ်ခနဲ ရေလှုပ်ရှားသံက ငိုကြွေးသံအလား ကြောက်စရာကောင်း၏။
ရူးသွားပြီ၊ ရူးသွားပြီ။
ရေချိုးကန်ထဲတွင် ခန္ဓာကိုယ်ကို စိမ်ထားသည် အီယွန်းက လုံးဝ ကျောပေးထားလျက်ရှိနေသည်။
ထိုလူကို လှည့်စားနေသူက သူကိုယ်တိုင် ဖြစ်နေသော်လည်း ဘာကြောင့်များ ကိုယ်က ဆုံးရှုံးနစ်နာသူလို ခံစားနေရမှန်း နားမလည်နိုင်ခဲ့။
ဒေါက်၊ ဒေါက်...
သူက ရေချိုးခန်းတံခါးကို ခေါက်ခဲ့သည်။
“ဝင်… ဝင်ခဲ့ပါ။”
အီယွန်းတစ်ယောက် အတိတ်က သူ၏ အရှင်လတ်လတ် မြေမြှုပ်မှုကို မြင်ခဲ့ရသည့် အချိန်နှင့် ယခု အဝတ်အစားများအားလုံး ချွတ်ထားရသည့် အချိန်၊ ဤနှစ်ခုအနက် ဘယ်အရာကို ပို၍ ရူးမတတ်ရင်ခုန်ရမှန်း ခွဲခြားနိုင်ခြင်းမရှိတော့။
တကယ်ပဲ ဒီလိုလုပ်လို့ ဖြစ်ပါ့မလား။ တစ်ယောက်ယောက် နည်းနည်းလောက် ဘရိတ်လေးအုပ်ပေးလို့ မရဘူးလား။ နှာခေါင်းပေါက်ထဲ ကပ်တွယ်နေသော ရေငွေ့များ ပိုများလာသည်နှင့်အမျှ အီယွန်း ခေါင်းထဲတွင် မူးရိပ်ရိပ်ဖြစ်လာတော့သည်။
“အီယွန်း။”
ယခု ရင်းနှီးနေပြီဖြစ်သော သူ့အသံ။ နဂိုက နွေးထွေးသော လေထုထဲတွင် ဝန်းရံခံထားရသော်လည်း ရုတ်တရက် ပခုံးကို အေးစက်မှုက ထိတွေ့လာသည်။ သူက ရေချိုးကန်အပြင်ဘက်တွင် ထားထားသည့် ကုလားထိုင်ကို ဂျစ်ခနဲ ဆွဲလာ၏။
“ကိုယ်တွေ လက်တွေ နည်းနည်း ပြေလျော့သွားပြီလား။”
“……ဟုတ်ကဲ့။”
“တကယ် ကျောပဲ ရပြီလား။”
“ဟုတ်၊ ဟုတ်ကဲ့။”
အီယွန်းက တမင်ပင် ရေချိုးကန်ထဲတွင် ဆပ်ပြာမြှုပ် အများကြီးထွက်အောင် လုပ်ထားခဲ့သည်။
ဂွမ်ချယ်ဝူ ဝင်လာချိန်မှစကာ ပိုပြီး ခေါင်းမာမာနှင့် နံရံကိုသာ စိုက်ကြည့်နေခဲ့၏။ ခက်ခဲပြီး ကြောက်စရာကောင်းသည့် လူ၏အရှေ့တွင် ရင်သားကို ထုတ်ပြမည့်အစား ကျောကို ပေးဆပ်လိုက်သည်က အဆတစ်ရာ ပိုကောင်းပေသည်။
ဖန်ခွက်ကပ်ကုထုံးတောင် တမင်ခံယူခဲ့သည်ကို ဤမျှလောက်ကတော့ ဘာမှမဟုတ်ပေ။
“အတွင်းခံ ဝတ်ထားဝာာလား။”
အနီးအနားတွင် ရယ်သံသဲ့သဲ့လေးကို ခံစားလိုက်ရသည်။
“……ရှင်။ အဲ့… အဲ့ဒါကို မြင်နေရတာလား။”
အီယွန်းလည်း ဆတ်ခနဲတွန့်သွားကာ တိမ်ထက်ပင် ပိုထူသော ဆပ်ပြာမြှုပ် တစ်စုကြီးကို ဆွဲယူလိုက်သည်။ သေချာတော့ မသိသော်လည်း သူ့အကြည့်က အောက်ဘက်ကို စူးစိုက်နေသလို ခံစားရ၍ တင်ပါးဘက်တွင် မရိုးမရွဖြစ်လာ၏။
“ရှက်လို့ ဝတ်ထားတာလားဟင်။”
“……ကျွန်မ၊ ကျွန်မထက်စာရင် ဂွမ်ချယ်ဝူကမှ ပိုပြီးရှက်ရမှာ မဟုတ်ဘူးလားရှင့်။ ဂွမ်ချယ်ဝူက မှတ်ဉာဏ်တွေ မရှိသေးတော့ ဒီလိုအခြေအနေမျိုးက ပထမဆုံး ဖြစ်မှာပဲလေ။ ကျွန်မ၊ ကျွန်မကတော့ တော်တော်လေး ရင်းနှီးပါတယ်။ ဒါပေမဲ့ ဂွမ်ချယ်ဝူ မိန်းမတစ်ယောက်ရဲ့ ဝတ်လစ်စားလစ်ကိုယ်လုံးကို မြင်ပြီး လန့်သွားမှာစိုးလို့ပါ…”
“အဲ့ဒီလိုလား။”
သူက ရေချိုးကန်ထဲသို့ လက်ကို ရုတ်တရက် ထိုးထည့်ခဲ့သည်။ ပလက်ခနဲ ရေလှုပ်ရှားသံ ထွက်ပေါ်လာတော့ အီယွန်း၏ ကျောရိုးတစ်လျှောက် တောင့်တင်းသွား၏။ အပြောနှင့် အလုပ်က လုံးဝ ဆန့်ကျင်ဘက်ပင်။
“အီယွန်းက တကယ် ချစ်ဖို့ကောင်းတာပဲ။”
အကြားအာရုံကိုသာ အားကိုးကာ သူ၏ လုပ်ရပ်ကို မှန်းဆနေရသည့် အခြေအနေကြောင့် အီယွန်း၏ အာရုံကြောများ ပို၍တင်းမာလာရသည်။
“အဲ့ဒီလို အရေးမပါတဲ့အရာမျိုးကို ထောက်ထားစဉ်းစားပေးတဲ့ ယဉ်ယဉ်ကျေးကျေးအပြုအမူလို့ သတ်မှတ်ပြီး ဆက်လုပ်နေတုန်းပဲလား။”
သူက နောက်သလိုလို ရယ်ရင်း ရေကို မွှေနှောက်လိုက်သည်။
အီယွန်းတစ်ယောက် နောက်လှည့်ကြည့်ချင်သော်လည်း ဖုံးကွယ်၍မရသည့် ရင်ဘတ်ကြောင့် မတတ်သာဘဲ အောင့်အီးသည်းခံနေလိုက်ရ၏။
သို့သော် ဂွမ်ချယ်ဝူက အီယွန်း ထင်သလို သက်သောင့်သက်သာ ရယ်မောနိုင်သည့် အနေအထားမျိုးတွင် ရှိမနေပေ။
မိန်းမတစ်ယောက်၏ နူးညံ့သော ပခုံးနှင့် သိမ်သွားသော ကျောအောက်ပိုင်းကို မြင်လိုက်ရချိန်တွင် ရုတ်တရက် ချိုင်းအောက်သို့ လက်လျှိုကာ ရင်သားများကို ဆုပ်ကိုင်ချင်စိတ်က ပြင်းပြစွာ ပေါ်ထွက်လာသည်။
သေးသွယ်ကျစ်လျစ်သော ခန္ဓာကိုယ်၊ ချောမွေ့သော အသားအရေ၊ သူ့အကြည့်ကို မဖမ်းစားနိုင်သည့် အစိတ်အပိုင်း တစ်ခုမှမရှိခဲ့။
လောဘကြီးသည့် ခွေးတစ်ကောင်လို ဖိချုပ်ထားလိုက်လျှင် လန့်သွားမလား၊ အော်ဟစ် ငိုကြွေးလေမလား။ သို့မဟုတ် ဖျပ်ဖျပ်ခါ လူးလွန့်ရုန်းထွက်ရန် ကြိုးစားလေမလား။
သူက ဆူပွက်မှတ်ထက် ကျော်လွန်နေသော မျက်လုံးများဖြင့် အမှတ်အသားတစ်ခု ရိုက်နှိပ်သလို အီယွန်းကို စိုက်ကြည့်လိုက်သည်။ ဆံပင်များကပ်ကာ စိုစွတ်နေသော လည်တိုင်၊ အားနွဲ့ပုံရသည့် လက်ပြင်ရိုးများ၊ သေးသွယ်သည့်ခါး။
သူ၏ အောက်ပိုင်းက အဆုံးအစွန်အထိ ဖောင်းကြွနေသော်လည်း သူက တစ်ချက်လှည့်ကြည့်ရုံသာ ကြည့်ကာ ပစ်ထားလိုက်သည်။
ဂွမ်ချယ်ဝူ အစစ်ကတော့ အီယွန်းကို စိတ်ကြိုက် ထိတွေ့ဖူးခဲ့ပေလိမ့်မည်။ သူ့အား မငြင်းဆန်သော မိန်းမကို ဖြဲလှန်၊ တစ်လက်မ မကျန်အောင် စုပ်လျက်ပြီး အတင်းထိုးသွင်းဝင်ရောက်ကာ အရာအားလုံးကို သိမ်းပိုက်ခဲ့ဖူးလောက်၏။
ထိုနိဂုံးသို့ရောက်သောအခါ ဂွမ်ချယ်ဝူ၏ မျက်နှာက ပြင်းပြင်းထန်ထန် မဲ့သွားတော့သည်။ မှတ်ဉာဏ်များ ပြန်ရချင်၏။ ယခုလောက်အထိ ပျောက်ဆုံးနေသော မှတ်ဉာဏ်များကို ပြင်းပြင်းပြပြ တောင့်တဖူးသော အခိုက်အတန့်မျိုး မရှိခဲ့။
“……အီယွန်း၊ ဒါက ဘာလဲဟင်။”
ထိုစဉ် သူ၏ ကြမ်းရှရှအသံက တိုးလျစွာ ထွက်ပေါ်လာ၏။ ဂွမ်ချယ်ဝူ၏ လက်ချောင်းများက အီယွန်း၏ ကျောပြင်ကို ချောမွေ့စွာ ပွတ်သပ်သွားသည်။ လှုပ်ရှားနေသော လက်ဖဝါးအတိုင်း ဆတ်ခနဲ ဆတ်ခနဲ တွန့်သွားသည့် အီယွန်းက အော်ပြောလိုက်၏။
“ချေးတွန်းလက်အိတ် ဝတ်ရမှာပေါ့၊ ချေးတွန်းလက်အိတ်။”
“……”
သို့သော် ဂွမ်ချယ်ဝူက နားမကြားသူလို ပြုမူနေသည်။ အီယွန်း၏ အမာရွတ်ဟောင်းများကို ဖြည်းညင်းစွာ ထိတွေ့နေခြင်း၌သာ သူ့စိတ်တစ်ခုလုံးကို နှစ်ထား၏။ လက်ဖျားတွင် ခံစားရသည့် ကြမ်းတမ်းမှု အားလုံးကို စုပ်ယူသွားမည့်အလား နက်နက်ရှိုင်းရှိုင်း ခွက်ဝင်နေသော အမာရွတ်၏ အနားသတ်များကိုပါ သေသေချာချာ စူးစမ်းကြည့်နေသည်။
“ဧကန္တ အရိုက်ခံခဲ့ရတာလား။"
“ဘာမှမဟုတ်ပါဘူး။”
ဆပ်ပြာမြှုပ်နှင့် ရေတို့ရောနေသဖြင့် ချော်ကျိကျိဖြစ်နေသော ထိတွေ့မှုပင်။ စိတ်ထဲတွင် တစ်မျိုးဖြစ်လာသည့် အီယွန်းလည်း အသာလေး ကိုယ်ကို လှည့်လိုက်သည်။
“ကိုယ့်မေးခွန်းက အဲ့ဒါ မဟုတ်ဘူးလေ၊ အီယွန်းရဲ့။”
“ဘာကို…”
အီယွန်းက ဒူးပေါ်သို့ ခေါင်းငုံ့ချလိုက်သည်။
ပြုတ်ကျသွားသလို ဖြစ်နေသော လည်တိုင်က သနားစရာကောင်း၏။ တစ်ချိန်တည်းမှာပင် သမင်လည်တိုင်လို ထိုကုပ်သားလေးကို တင်းတင်းကိုက်ခဲပစ်ချင်သည့် ကြမ်းကြုတ်သောစိတ်များ ပေါ်လာတော့သည်။ ထိန်းချုပ်မရသော ပူလောင်သည့် အစိုင်အခဲတစ်ခုက သူ့ရင်ထဲတွင် နေရာယူသွား၏။ ဂွမ်ချယ်ဝူက ဂျစ်ခနဲ ကုလားထိုင်ကို အနောက်ဘက်သို့ ဆွဲရွှေ့လိုက်သည်။
“ဘယ်သူက ဒီလိုလုပ်တာလဲ။”
ဤအမာရွတ်က အကြမ်းဖက်မှု၏ အမှတ်အသားပင်။
တိကျပြတ်သားသော အလိုလိုအာရုံခံမိသည့်စိတ်က ဂွမ်ချယ်ဝူ နဂိုကတည်းက ပိုင်ဆိုင်ထားသည့် ထူးခြားသော အချက်ဖြစ်၏။ အဖြေလွှာကို ဖွင့်ကြည့်လိုက်ရသလို ထူးဆန်းသော ပိုင်နိုင်သေချာမှုကို ခံစားလိုက်ရသည်။ ဤသို့သော အမာရွတ်မျိုးမှာ ဘောပင်ထိပ် သို့မဟုတ် ကတ်ကြေးအချွန်နှင့် နှစ်ရှည်လများ ထိုးဆွခဲ့မှသာ ဖြစ်နိုင်သည့်ပုံစံမျိုးဟု သိနေ၏။ ဗီဇအတိုင်း လည်ပတ်နေသော ရင်းနှီးအသားကျနေသည့် ကောက်ချက်ချမှုကြောင့် သူ မျက်ခုံးကျုံ့လိုက်မိသည်။
“မပြောပြချင်ဘူးလား။”
အီယွန်း ခေါင်းခါလိုက်သည်။
မပြောပြလိုခြင်း မဟုတ်ဘဲ ပထမဆုံးအကြိမ် ကြားဖူးသည့် မေးခွန်းဖြစ်နေသောကြောင့်ပင်။ 'ဘယ်သူက ဒီလိုလုပ်တာလဲ' ဟူသော ရိုးရှင်းသည့် စိုးရိမ်ပူပန်မှုမျိုးကို ဤအသက်အရွယ်အထိ တစ်ခါမှ မရရှိခဲ့ဖူးပေ။
ယခင်ကတည်းက သူ့ဘဝနှင့် ပတ်သက်လာလျှင် လူတိုင်းက ဒီလိုပဲ ဖြစ်မှာပါလေဟုသာ သဘောထားခဲ့ကြ၏။
သူက ထိုအတိုင်းဖြစ်သွားလည်းရသည့် ကလေးဟူ၍။ သနားစရာကောင်းသည်က ထိုသို့သော ကလေးမဟုတ်ဘဲ ဤအဖြစ်ကို တစ်သက်လုံး ကြည့်နေရမည့် မိသားစုတွေဟူ၍။ ထိုသို့မှမလုပ်လျှင် တစ်မိသားစုလုံး ရူးကုန်လိမ့်မည်ဟူ၍။ အားလုံးက သဘောတူလက်ခံကာ နှုတ်ဆိတ်နေခဲ့ကြ၏။
အီယွန်းက ဆပ်ပြာမြှုပ်ရောနေသော ရေချိုးကန်ထဲမှ ရေကို မျက်နှာပေါ်သို့ ပက်ဖျန်းလိုက်သည်။ မျက်လုံးများ စပ်သွားပါစေဟု ဆုတောင်းမိ၏။
“မိသားစုပါ။”
“……”
ဂွမ်ချယ်ဝူ နှုတ်ဆိတ်နေခဲ့သည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် မနှစ်မြို့ဖွယ် ကောက်ချက်တစ်ခုက စိုကပ်ကပ်ကော်လို သူ့တွင်တွယ်ကပ်လာ၏။ အီယွန်းက ကြင်နာပြီး သဘောကောင်းသည်ဟု ထပ်ခါတလဲလဲ ပြောခဲ့သော ‘ဂွမ်ချယ်ဝူ’ အပေါ် သံသယဝင်လာခြင်းပင်။
အမာရွတ်များတင် မကပေ။ အီယွန်း၏ခန္ဓာကိုယ်က ပုံမှန် အညိုအမဲစွဲတတ်သည့် ခန္ဓာကိုယ်ဖြစ်ပုံရကာ ဖြူဝင်းသော အသားအရေပေါ်တွင် အညိုအမည်း ဒဏ်ရာများ ဟိုတစ်ကွက်ဒီတစ်ကွက် တွေ့ရ၏။
“ရပါတယ်၊ မယုံပေးလို့လည်း ဖြစ်ပါတယ်။”
အီယွန်းက တကယ် ဘာမှမဖြစ်သလို ထပ်ပြောခဲ့သည်။ ထိုကဲ့သို့ အကျင့်ပါနေသလို ငြင်းပယ်မှုကြောင့် ဂွမ်ချယ်ဝူက ရုတ်တရက် တွန်းထုတ်ခံလိုက်ရသလို ပြန်ဖြေလိုက်၏။
“ယုံပါတယ်။”
ဤတစ်ကြိမ်တွင်တော့ အီယွန်း၏ ပခုံးက ဆတ်ခနဲတွန့်သွားခဲ့သည်။
“အဲ့ဒီ မိသားစုဆိုတဲ့ လူတွေက တကယ့် အမှိုက်လိုလူတွေ ဖြစ်မယ်ထင်တယ်။”
ဂွမ်ချယ်ဝူ တီးတိုးရေရွတ်လိုက်တော့ အီယွန်းကလည်း တည်ငြိမ်စွာ ပြန်ပြောခဲ့သည်။
“မပြောတတ်ပါဘူး၊ အဲ့ဒီလိုလုပ်ရလောက်တဲ့ အကြောင်းရင်းရော မရှိနိုင်လောက်ဘူးလား။”
“ရိုက်ပါတယ်ဆို အကြောင်းရင်းက ဘယ်မှာရှိလို့လဲ။”
ဂွမ်ချယ်ဝူက ဒေါသထွက်နေသလို မျက်နှာနှင့် အံကြိတ်လိုက်သည်။
“တအားချစ်ရင်လည်း အဲ့ဒီလိုမျိုး ဖြစ်သွားတတ်ပါတယ်။”
“……”
နိုးလာသည်နှင့် ရုတ်တရက် ပြုမူခဲ့သည့် တိရစ္ဆာန်ဆန်လို လုပ်ရပ်၊ အီယွန်း၏ ကြောက်လန့်တကြား တုံ့ပြန်မှု၊ လိင်မှုကိစ္စအပေါ် အဆိုးမြင်သောအမြင်။ မယုံချင်သော်လည်း အကြမ်းဖျင်း နားလည်လာပေပြီ။ ဂွမ်ချယ်ဝူက နဖူးပေါ်တွင် သေနတ်ပြောင်းနှင့် အချိန်ခံထားရသူလို ကြောင်အသွား၏။
“ချစ်ခြင်းမေတ္တာက ဒေါသအဖြစ် ပြောင်းလဲသွားဖို့ဆိုတာ အချိန်ခဏလေးပဲလိုတာပါ။ လူသားတွေက သစ်ပင်တွေလို မဟုတ်ဘူးလေ၊ အစားပြန်မရတဲ့ ပေးဆပ်ခြင်းဆိုတာမျိုးကို ထပ်ခါတလဲလဲ မလုပ်ပေးတတ်ကြဘူးရှင့်။ အဲ့ဒါကြောင့် အသီးအပွင့်က ချွတ်ချော်သွားရင် လူတွေ မခံမရပ်နိုင် ဖြစ်ကြတာပေါ့။”
ခပ်အေးအေး ပြောလိုက်သည့် အသံက ကြွေပြားကို ထိမှန်ကာ ပြန်ကန်ထွက်လာသည်။
ဂွမ်ချယ်ဝူ မျက်လုံးကို တင်းတင်းမှိတ်လိုက်၏။ ထိုအခါမှသာ ဆိုအီယွန်း၏ အပြုအမူများကို တဖြည်းဖြည်း နားလည်လာတော့သည်။ သူတို့၏ အိမ်ထောင်ရေးဘဝက အီယွန်းအတွက် ကြောက်မက်ဖွယ်ရာတစ်ခု ဖြစ်နေခဲ့မလားမသိဘူးဟူ၍။
~~~~
Miel's Translations