အပိုင်း ၃၂
“ပုဆိန်ကြီးကိုင်ပြီး မပြုံးပြပါနဲ့။”
အခြေအနေအရပ်ရပ်ကို မည်မျှပင်နားလည်ထားပါစေဦး၊ ပုဆိန်ကိုင်ထားသည့် လူသတ်သမားက သစ်ပင်အောက်မှနေ၍ သားကောင်ကို စောင့်နေသည့် ပုံစံမျိုးဖြစ်နေသည် မဟုတ်ပေလော။
အီယွန်းတစ်ယောက် သစ်ပင် ပင်စည်ကို ပို၍ပင် တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားလိုက်မိသည်။
ဆရာဝန်၏ ရောဂါလက္ခဏာရှာဖွေချက်ကို တဒင်္ဂမျှ သစ္စာဖောက်ခံရသလို ခံစားမိခဲ့သည့် မိမိကိုယ်ကိုယ် ပန်းကန်ဆေးအဝတ်ဖြင့်သာ အားရပါးရ ပွတ်တိုက်ပြီး ဖျောက်ပစ်လိုက်ချင်တော့၏။
တကယ်ဆို လိမ်ညာလှည့်ဖြားထားသူက စိတ်ကို အမြဲ နိုးနိုးကြားကြား ရှိအောင်ထားရမည်ကို။
ထိုစဉ် ဂွမ်ချယ်ဝူက အင့်ခနဲ အသံထွက်ကာ နံဘေးကို လက်ဖြင့် ဖိကိုင်လိုက်သည်။
“......ဂွမ်ချယ်ဝူရှင့်၊ တစ်နေရာရာမှာ ထိခိုက်သွားတာလား။”
အီယွန်းက သစ်ကိုင်းကြားမှ မျက်နှာလေးကို ပြူကာ မေးလိုက်သည်။ ထိုမျှကြီးမားကာ ကြမ်းကြုတ်လှသော တောဝက်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ရာ ဂွမ်ချယ်ဝူပင် ဖြစ်နေပါစေဦးတော့၊ အကောင်းပကတိအတိုင်း ရှိနေမည်မဟုတ်ပေ။
“တအားနာနေတာလားဟင်။”
ထိုလူက ကိုယ်ကို ကိုင်းထားလျက် တုတ်တုတ်မျှမလှုပ်ဘဲ ရှိနေခဲ့ရာမှ လန့်သွားသော အီယွန်း အလောတကြီး သစ်ကိုင်းကို ပြောင်းကိုင်လိုက်သည့်အချိန်တွင်...
ဂျွတ်ခနဲ အသံနှင့်အတူ သံထည်ပစ္စည်းတစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“ပုဆိန်ကို ချလိုက်ပါပြီ။”
မည်သည့်အချိန်ကတည်းက ကိုယ်နေဟန်ထားကို ပြန်ပြင်လိုက်သည်မသိ၊ ထိုလူက လက်ယက်ကာ ခေါ်ခဲ့၏။
“အဲ့ဒါကြောင့် အခုတော့ အီယွန်း ဆင်းလာရမဲ့ အလှည့်ပါ။”
~~~~
ဂွမ်ချယ်ဝူတစ်ယောက် တစ်ကိုယ်လုံးတွင် ပွန်းပဲ့ဒဏ်ရာများ ရရှိထားသည်။
ပျက်စီးသွားသော အဝတ်အစားများကို ကတ်ကြေးဖြင့် ညှပ်ထုတ်လိုက်သောအခါ ကိုယ်အထက်ပိုင်းတစ်ခုလုံးတွင် အညိုအမည်းစွဲနေသော ဒဏ်ရာများက ဖုံးလွှမ်းလျက်ရှိ၏။
ကီလိုဂရမ် ၅၀၀ ကျော်ရှိသည့် သားရဲတစ်ကောင်က အရှိန်အကုန်သုံး၍ သူ့ကို ထပ်ကာတလဲလဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ယာဉ်တိုက်မှုနှင့် ခြားနားမှုမရှိပေ။ လည်ပင်းအောက်သို့ ငုတ်တိုင်စိုက်ပြီး ခုခံခဲ့သော လက်ကောက်ဝတ်ကမူ အရွတ်များပင် ရောင်ရမ်းနေလေသည်။
အီယွန်း၏ ဖုန်းကိုရကာ အရေးပေါ်ခန်းသို့ အပြေးအလွှားဆင်းလာသော ဆရာဝန်က အခြေအနေအရပ်ရပ်ကို နားထောင်ပြီးနောက် ဤမျှလောက်သာ ဒဏ်ရာရခဲ့သည်မှာ အံ့ဩစရာပဲဟုဆိုပြီး ခေါင်းတခါခါ ဖြစ်နေတော့၏။
“ခဏနေရင် ကျွန်တော် အိမ်ကို လာခဲ့ပါ့မယ်။”
ရှေးဦးသူနာပြုစုခြင်းကို အဆုံးသတ်လိုက်သော ဆရာဝန်က အလူမီနီယံဗန်းကိုကိုင်လျက် လိုက်ကာအပြင်ဘက်သို့ ထွက်ခွာသွားသည်။
မည်သို့ပင်ဖြစ်စေ ထိုဆရာဝန်ကြောင့် သီးသန့်မှတ်ပုံတင်စရာ မလိုခဲ့ပေ။ အလောတကြီး ကားမောင်းပြီး အရေးပေါ်ဌာနသို့ လာခဲ့ရသဖြင့် မတော်လျှင် ခင်ပွန်းဖြစ်သူ၏ မှတ်ပုံတင်နံပါတ်ကိုပင် မရေးနိုင်သူ ဖြစ်ရပေမည်။
“အီယွန်း။”
လိုက်ကာကို ပိတ်လိုက်သောအခါ ခုတင်ပေါ်တွင် သူတို့နှစ်ဦးတည်းသာ ကျန်ရစ်တော့၏။ အီယွန်းလည်း အားအင်ကုန်ခမ်းသွားသဖြင့် ခုတင်ခြေရင်းတွင် ပုံလျက်သား ထိုင်ချလိုက်မိသည်။
“စောစောကတည်းက သိချင်နေတာ၊ အဲ့ဒီလူက ဘယ်သူလဲဟင်။”
“......ဘယ်သူ့ကို ပြောတာလဲဟင်။”
“ဟိုလူပါ။”
ဂွမ်ချယ်ဝူက ဆရာဝန်ထွက်သွားသည့်နေရာကို မေးငေါ့ပြကာ အေးစက်စက် ပြောခဲ့သည်။
“ဆရာဝန်ကြီးကို ပြောတာလားရှင့်။”
“ဟုတ်။”
သူက အီယွန်းကို အင်မတန် စူးရှသော အကြည့်ဖြင့် စိုက်ကြည့်လာသည်။ ကိုယ်အထက်ပိုင်းတွင် ပတ်တီးဖြူဖြူများ ပတ်ထားကာ မျက်နှာပေါ်တွင် သွေးစွန်းကွက်များ ခြောက်ကပ်နေသည့်ပုံစံက အင်မတန် ကြမ်းတမ်းခက်ထန်နေ၏။
“......ဆရာဝန်ကြီးက ဆရာဝန်ပဲပေါ့ရှင့်။”
အီယွန်းက နားမလည်နိုင်သလို ခေါင်းကိုငဲ့စောင်းကာ ပြန်ဖြေလိုက်သည်။
“ဟွန်း။”
တစ်နေရာမှ အဓိပ္ပာယ်ပါသော နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။
လိမ်ညာနေခြင်းလားဟု ဆုံးဖြတ်လိုသည့် အေးစက်သော မျက်လုံးအစုံ။
မျက်တောင်တစ်ချက်မခတ်ဘဲ မိမိအား စိုက်ကြည့်နေသည့် အကြည့်တို့က ပြင်းထန်လွန်းလှသည်။ ထိုအခိုက် အနည်းငယ် ကြောက်လန့်သွားသော အီယွန်းတစ်ယောက် ဗြုန်းစားကြီး ဆင်ခြေပေးနေသည့် ဇနီးသည်ပမာ စကားများ ထပ်လောင်းဖြစ်စွက်ကာ ပြောမိတော့၏။
“အဲ့ဒီပုဂ္ဂိုလ်က ဂွမ်ချယ်ဝူရဲ့ တာဝန်ခံဆရာဝန်ပါ။”
“......”
“ဂွမ်ချယ်ဝူ သတိမေ့နေခဲ့တဲ့ အချိန်ကစပြီး အခုအထိ တစ်စိုက်မတ်မတ် တာဝန်ယူပေးခဲ့တာလေ။ အိမ်ကနေ ဆေးရုံအထိ ကူးချည်သန်းချည် လုပ်ပေးတာ တွေ့တယ်မဟုတ်လား။ အဲ့ဒါတွေက ဂွမ်ချယ်ဝူရဲ့ သီးသန့်ဆရာဝန်မို့လို့ စေတနာအပြည့်နဲ့.....”
“ကိုယ်တို့မှာ အဲ့ဒီလောက်တောင် ပိုက်ဆံတွေ အများကြီးရှိတာလား။”
သူက စကားဖြတ်ပြောခဲ့သည်။
“သတိမေ့နေတဲ့သူကို ပြုစုစောင့်ရှောက်နေရတာနဲ့တင် အီယွန်း ခါးကျိုးလောက်အောင် ပင်ပန်းခဲ့မှာပဲကို။ ဖုန်းတစ်ချက်ဆက်တာနဲ့ ချက်ချင်းပြေးလာတဲ့ သီးသန့်ဆရာဝန်ကို ဘယ်လိုများ ငှားနိုင်ခဲ့တာလဲ။”
“အာ......”
နှလုံးခုန်သံများ မြန်ဆန်လာသည်။ သူ၏ ရည်ရွယ်ချက်ကို အတိအကျ မသိနိုင်သော်လည်း ပင့်တက်သွားသော မျက်ခုံးအစုံက သွေးရိုးသားရိုးမဟုတ်သည်မှာ သေချာလှ၏။
ဘယ်အချိန်ကစပြီး အရာရာတိုင်းတွင် ကိုယ့်အပြစ်နှင့်ကိုယ် လန့်နေမိသည်မသိ၊ အီယွန်းတစ်ယောက် အလွန်အမင်း တုန်လှုပ်နေမိသည်။
ဤနေရာတွင် သေချာမဖြေနိုင်ပါက ထိုလူလည်း အကြောင်းမဲ့ သံသယများဝင်လာကာ အလိမ်အညာ ဟာကွက်များကို ဖော်ထုတ်တော့မည်သာ။
“ဂွမ်... ဂွမ်ချယ်ဝူရဲ့ အိမ်ကလေ၊ အဲ့ဒီတော့က ယောက္ခမအိမ်က၊ ဟို ဂွမ်ချယ်ဝူရဲ့ အစ်ကိုက အဘက်ဘက်ကနေ ကူညီပေးခဲ့တာပါ။”
“......”
“တကယ်ပါ၊ အဲ့ဒီဆရာဝန်ကြီးက တကယ့်ဆရာဝန်အစစ်မို့လို့ မစိုးရိမ်ပါနဲ့။ ယောက္ခမအိမ်က လွှတ်လိုက်တဲ့သူပါပဲ၊ သံသယဖြစ်စရာ လူမှမဟုတ်တာ။ နေ့ရောညပါ မနားတမ်း တကယ် ကြိုးစားပေးခဲ့တာပါ။”
“နေ့ရောညပါ မနားတမ်းပေါ့လေ။”
“ဟုတ်ကဲ့။”
“အီယွန်း တစ်ယောက်တည်း ရှိနေတဲ့အိမ်ကို အဲ့ဒီလူက ဝင်ထွက်နေတာလား။”
သူ၏ မျက်နှာက ချက်ချင်းဆိုသလို အီယွန်း၏ နှာခေါင်းရှေ့အထိ တိုးကပ်လာသည်။
“......ရှင်။”
“ဝင်ထွက်နေတာလားလို့။”
အရှိန်ပါသော အသံက အီယွန်းကို ထပ်မံ၍ ဖိအားပေးလာသည်။
“အဲ့......အဲ့ဒီလိုပဲပေါ့။ အဲ့ဒါကပဲ အားသာချက်လေ။”
တစ်ချိန်တည်းမှာပင် အီယွန်းတစ်ယောက် လန့်သွားကာ ကိုယ်ကို အနောက်သို့ ဆုတ်လိုက်ရ၏။
သစ်သားရောင်နှင့်တူသော သူ၏ မျက်ဝန်းညိုတို့က ခဏချင်းအတွင်းမှာပင် ဆွေးမြည့်ယိုယွင်းသွားသော မမ်မီရုပ်အလား တစစီ ကြေမွသွားတော့သည်။ လူတစ်ယောက်၏ မျက်လုံးက မည်မျှအထိ ခြောက်သွေ့သွားနိုင်သနည်း။ အီယွန်းတစ်ယောက် ထိုအခိုက်အတန့်အားလုံးကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့လိုက်ရ၏။
“အဲ့ဒါကြောင့် အရေးတကြီးဖြစ်လာရင် အဲ့ဒီလူကိုပဲ အရင်ဆုံး သတိရနေတာလား။”
ဂွမ်ချယ်ဝူက အီယွန်း၏ ဆံနွယ်များကို ဖြည်းညင်းစွာ ပွတ်သပ်ဆွဲချခဲ့သည်။
“ဂွမ်ချယ်ဝူက ဒဏ်ရာရထားတာလေ၊ ပြီးတော့ အဲ့ဒီပုဂ္ဂိုလ်က တာဝန်ခံဆရာဝန်မို့လို့....”
“နေ့ရောညပါ မနားတမ်း ဘာတွေလုပ်ခဲ့ကြတာလဲ။”
“ဟင်..... ကုသပေးတာပေါ့။”
“ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်လိုမျိုး ကုသပေးတာလဲ။”
သူက တီရှပ်လည်ပင်းကို ဆွဲမကာ မေးစေ့ကို သုတ်လိုက်သည်။ အံတင်းတင်းကြိတ်လိုက်သည့်အသံကို ဤနေရာအထိပင် ကြားနေရ၏။ ဤမျှအထိဆိုတော့ အီယွန်းလည်း ထိုလူ၏ ထူးဆန်းမှုကို အနည်းငယ် သတိထားမိလာသည်။
“ကျွန်မတို့ အခု ဆရာဝန်တစ်ယောက်တည်းရဲ့အကြောင်းကို ပြောနေကြတာတော့ ဟုတ်ပါတယ်နော်။ အမှန်အတိုင်းပြောရရင် ဘာတွေပြောနေမှန်း သိပ်နားမလည်ပါဘူး။”
“......”
“ဆရာဝန်ကြီးကို ပြန်ခေါ်ပေးရမလားဟင်။ သိမြင်နိုင်စွမ်းက နည်းနည်းလေး လျော့သွားသလိုပဲဆိုတော့......”
အီယွန်းက သူ့ကို စိုက်ကြည့်ရင်း ခေါင်းကို ငဲ့စောင်းလိုက်သည်။
“ဂွမ်ချယ်ဝူရဲ့...... ဦးနှောက်ပိုင်းက တော်တော်လေး အားနည်းနေတာကိုး။”
သူ့ခေါင်းကို အီယွန်းက သတိထားကာ အကဲခတ်လိုက်သောအခါမှ ဂွမ်ချယ်ဝူလည်း တင်းထားသော သက်ပြင်းကို ရှူထုတ်လိုက်၏။
ပြတ်ထွက်လုမတတ် တင်းထားသော အာရုံကြောများ နောက်ဆုံးတွင် ပြေလျော့သွားပြီးနောက် ပင်ပန်းနွမ်းနယ်မှုများ တစ်ဟုန်ထိုး တိုးဝင်လာသည်။
“တောင်းပန်ပါတယ်။”
အတော်ကြာ မှိတ်ထားရာမှ ပြန်ဖွင့်လာသော သူ၏မျက်ဝန်းတို့က ကြည်လင်နေ၏။
“ဘာမဟုတ်တဲ့ကိစ္စနဲ့ အပြစ်ရှာမိသွားလို့။”
အရက်ပြန်နှင့် အကြမ်းဖျင်း သုတ်ထားသည်ဆိုသော်လည်း သူက သွေးကွက်များ ပေကျံနေဆဲပင်။ ထိုပုံစံက မိတ်ကပ်ဖျက်ထားသော နားနေခန်းထဲမှ ရုပ်ရှင်မင်းသားနှင့်တူနေသဖြင့် ပို၍ပင် လက်တွေ့မဆန်သလို ခံစားရသည်။
“အီယွန်းက အဲ့ဒီဆရာဝန်ကို အထူးတလည် အားကိုးနေသလို ခံစားရလို့ပါ။ တောင်ပေါ်မှာလည်း ရုတ်တရက်ကြီး တစ်ယောက်တည်းနေချင်တယ်ဆိုတာက အဲ့ဒီလူနဲ့ စကားပြောပြီးမှ ဖြစ်လာတာမဟုတ်လား။”
“......”
အီယွန်းတစ်ယောက် ဘာမှမတတ်နိုင်ဘဲ အင်္ကျီအနားစကိုသာ ပွတ်သပ်နေမိသည်။ စူးရှသော အကြည့်ကို ရှောင်ဖယ်ချင်သော်လည်း ထိုသို့လုပ်ခြင်းက မိမိ၏ အတွေးကို ဖတ်ရလွယ်အောင် လုပ်နေခြင်းသာ။
“ကိုယ်က လူနာတစ်ယောက်လို အရူးတစ်ယောက်လို လှဲနေတဲ့အချိန်မှာ၊ အဲ့ဒီကောင်က ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ အီယွန်းရဲ့အိမ်ကို ဝင်ထွက်နေခဲ့မှာပဲလို့ တွေးမိတော့......”
အီယွန်း၏ ပါးစပ်က တဖြည်းဖြည်း ဟသွားသည်။
“ရင်ထဲမှာ ရူးမတတ် ဗလောင်ဆူလာတယ်။”
သူက နားထင်ကို ဖိထားရင်း ဒဏ်ရာရနေသော ငှက်တစ်ကောင်အလား ရင်ဘတ်ကို အနည်းငယ် ဖောင်းလိုက်ပိန်လိုက် လုပ်ခဲ့သည်။
အီယွန်းလည်း နောက်ဆုံးတွင် ခေါင်းကို ငုံ့ချလိုက်၏။ မှတ်ဉာဏ်မရှိသဖြင့် အတွေးလွန်နိုင်သည်ကို နားလည်ပေးနိုင်သော်လည်း သူက အီယွန်းနှင့် ပတ်သက်လာလျှင် အခြားသူများအပေါ် အလွန်အကျွံ ပြုမူတတ်လွန်းသည်။
ဤသည်က တကယ်ပင် ရောဂါလက္ခဏာကြောင့်ပဲလား။
အီယွန်း မျက်မှောင်ကြုတ်ကာ စဉ်းစားနေစဉ်...
“တောဝက်ကို ဖမ်းခဲ့တဲ့သူ၊ ဒီမှာ ရှိပါသလား။”
ရုတ်တရက် လိုက်ကာပွင့်သွားကာ သတင်းကြေညာသူအလား ပြတ်သားသောအသံက နားထဲသို့ တိုးဝင်လာ၏။
မျက်နှာပြူထွက်လာသော အမျိုးသမီးက ဂွမ်ချယ်ဝူ၏ပုံစံကို မြင်သည်နှင့် ဆွဲဆောင်မှုရှိသော သွားစွယ်လေးပေါ်အောင် ပြုံးခဲ့သည်။
“အာ၊ ဟုတ်တာပဲ။”
သူက အထဲသို့ အားတက်သရော ဝင်လာခဲ့သည်။
ထိုအမျိုးသမီးက ‘တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးစင်တာ’ ဟူသော လိုဂိုပါရှိသည့် ဂျာကင်အင်္ကျီကြီးကို ဝတ်ထား၏။ အရပ်ရှည်ပြီး မှဲ့ခြောက်လေးများရှိသော မိတ်ကပ်မပါသည့် မျက်နှာ၊ မေးစေ့အထိ ဝဲနေသော ဆံပင်တိုလေးက တက်ကြွလှသည်။
“မင်္ဂလာပါရှင့်။”
အမျိုးသမီးက ခါးကို ကိုင်းညွှတ်ကာ နှုတ်ဆက်ခဲ့သည်။
“တောဝက်အသေကိုတော့ ကျွန်မတို့ သေချာ သိမ်းဆည်းခဲ့ပြီးပါပြီ။ ဧကန္တများ မသိနိုင်လို့ ASF ဗိုင်းရပ်စ် စစ်ဆေးတာလည်း ပြီးပါပြီ။”
အီယွန်းလည်း ယောင်နနနှင့် ခေါင်းညိတ်လိုက်မိသည်။
လိုက်ကာနောက်ကွယ်တွင်မူ တူညီသော ဂျာကင်များဝတ်ထားသည့် အမျိုးသားများ ဝိုင်းအုံနေကြ၏။ သူတို့က အနည်းငယ် အလှမ်းဝေးရာတွင် ရပ်နေကြသော်လည်း တောက်ပသော မျက်လုံးများဖြင့် ဒီဘက်သို့ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
“ဖမ်းပေးတဲ့အတွက်....အဲ....အကြောင်းကြားပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အထက်က ဖိအားတွေက တော်တော်များနေတာလေ။ လူတွေကို ခဏခဏ ကိုက်သတ်တတ်လို့ လူသားစားတောဝက်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ကောင်ပါ။”
စကားပြောပုံက တောင့်တင်းသလိုရှိသော်လည်း တစ်မျိုးတစ်ဖုံ ပေါ့ပါးနေသည်။
“အရွယ်အစားက သာမန်မဟုတ်တော့ ကျွန်မတို့လည်း မုဆိုးအဖွဲ့တွေ သီးသန့်ဖွဲ့ပြီး ပြင်ဆင်နေတုန်းကို ကျွန်မတို့ လုပ်စရာမလိုတော့အောင် ဖြစ်သွားတာပဲ။”
သူက နောက်စေ့ကိုကုတ်ရင်း အားရပါးရ ရယ်လိုက်သည်။
“နောက်ပြီးတော့ လည်ပင်းသွေးကြောပြတ်ပြီး အမဲလိုက်ခံရတာမျိုးကို ပထမဆုံး မြင်ဖူးတာပါ။”
ယခုမူ ထိုအမျိုးသမီးက ဂွမ်ချယ်ဝူကို စူးစူးနစ်နစ် စိုက်ကြည့်နေတော့သည်။ ပါးပြင်နှစ်ဖက်က ပန်းသီးလေးလို နီမြန်းလာကာ နှုတ်ခမ်းထက်မှ အပြုံးကလည်း ပို၍ပေါ်လွင်လာ၏။
“ကြည့်ရတာ ပုဆိန်နဲ့ သစ်သားငုတ်ချွန်ကိုသုံးပြီး ဖမ်းခဲ့တာထင်တယ်၊ ဟုတ်လားရှင့်။”
ပြတ်သားခဲ့သော အသံက သိသိသာသာ တုန်ယင်သွားသည်။ တောက်ပနေသော မျက်ဝန်းအစုံတွင် ဖုံးကွယ်ထား၍မရသော သဘောကျမှုကို မြင်နေရ၏။ အီယွန်းကမူ ထိုအရာကို တကယ်ပင် ထူးဆန်းသည်ဟု တွေးလိုက်မိသည်။
“......”
“......”
ဂွမ်ချယ်ဝူက ငြိမ်သက်စွာ မျက်လုံးမှိတ်ထား၏။ တိတ်ဆိတ်မှုက အတော်လေး ကြာလာသဖြင့် အီယွန်းလည်း မနေနိုင်တော့ဘဲ “ဟုတ်ကဲ့” ဟု ကိုယ်စား ပြန်ဖြေပေးလိုက်ရသည်။
“အာ၊ အရမ်း စိတ်လှုပ်ရှားသွားလို့ ရိုင်းပျမိသွားတယ်ရှင့်။ ကျွန်မက ကယ်ဆယ်ရေးစင်တာ နို့တိုက်သတ္တဝါအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ဂျူဒုံမီလို့ ခေါ်ပါတယ်။”
ရုတ်တရက် အနောက်မှ လေချွန်သံများ ထွက်ပေါ်လာသည်။ တူညီသော ဂျာကင်များ ဝတ်ထားသည့် လုပ်ဖော်ကိုင်ဖက်များက လက်ချောင်းများကို ပါးစပ်ထဲထည့်ကာ အားပေးသံလား၊ လှောင်ပြောင်သံလား မသေချာသော အသံများကို ပေးနေကြ၏။
ကျောပြင်ကလေး တွန့်သွားသော ဂျူဒုံမီတစ်ယောက် မျက်နှာမှ လည်ပင်းအထိ တစ်ခဏချင်းမှာပင် နီရဲသွားတော့သည်။ သူက ချက်ချင်းပင် သတ္တိအပြည့်ဖြင့် အော်ပြောလေ၏။
“ဖုန်းနံပါတ်လေး တစ်ဆိတ်လောက် ပေးပါဦး။”
ဂျူဒုံမီ၏ ရဲတင်းသော အပြုအမူကြောင့် အီယွန်းလည်း တွေဝေစွာ အနောက်သို့ အနည်းငယ် ဆုတ်လိုက်မိသည်။
ထိုအခိုက်အတန့်ကို နတ်ဆိုးတစ်ကောင်အလား သတိထားမိသွားသော ဂွမ်ချယ်ဝူက သူ၏ လက်ကောက်ဝတ်ကို လျင်မြန်စွာ ဖမ်းဆွဲခဲ့၏။ ကျော့ကွင်းတစ်ခုအလား တင်းတင်းကျပ်ကျပ် အဖမ်းခံလိုက်ရသည့်နေရာက ထုံကျဉ်သွားတော့သည်။
~~~~
Miel's Translations