no

Font
Theme

အပိုင်း ၂၂

'အီယွန်း... ဒီလိုချက်ချင်းပေါ်သွားမဲ့ အလိမ်အညာမျိုးကို ဘာလို့လုပ်ရတာလဲ။'

ရုပ်ကလေးသာရှိသည့် ဟိုကောင်ကို ဆံပင်တစ်မျှင်မျှပင် မမြင်ရပေ။ သူ့အထင်က ဘယ်တုန်းကမှ လွဲချော်သွားခြင်းမရှိသည့်အလား ကိုယ့်ကိုယ်ကိုယ် အမြဲမှန်သည်ဟု ယူဆထား၏။

ယခု အီယွန်းကို ပြန်လည်ရယူရန် အချိန်တန်ပေပြီ။

သို့ရာတွင်.......

ဟွမ်ဂျိုယွန်း ကိုယ်ကို လှုပ်ရှားရန် ကြိုးစားလိုက်သော်လည်း ခြေလက်များက ကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ခံထားရသဖြင့် ထရပ်ရန် မဖြစ်နိုင်ခဲ့ပေ။

မြွေတစ်ကောင်အလား လူးလွန့်လှုပ်ရှားလိုက်တိုင်း နှာခေါင်းအောက်တွင် အတိအကျ ပေကျံနေသော ​မြေသြဇာနံ့က ပြင်းထန်စွာ ရိုက်ခတ်လာသည်။

"အွတ်...... အွတ်......"

သူက ပါးစပ်ပိတ်ခံထားလျက်နှင့်ပင် အစွမ်းကုန် အော်ဟစ်လိုက်၏။ လစ်လုလစ်ခင် သတိကြားမှ​ကြမ်းတမ်းစွာ ထိုးသွတ်ခံထားရသော အဝတ်စုတ်အပိုင်းအစ​များကို ထင်ရှားပြတ်သားစွာ ခံစားမိနေသည်။ လည်ချောင်းကို တင်းကျပ်စွာ ပိတ်ဆို့ထားသည့် ထိုအရာ​က အော့အန်ချင်စိတ်ကို ဆက်တိုက်အစပျိုးပေးနေ၏။

"ကောင်းကောင်း ချုပ်ထားတာပါလား။"

အမျိုးသားက ဒူးတစ်ဖက်ကို ကွေးလိုက်ကာ ကြိုးထုံးများကို အနီးကပ် စိုက်ကြည့်နေသည်။

"မတော်လို့ အသုံးဝင်လာနိုင်တဲ့ အချိန်များရောက်လာမလားဆိုပြီး သင်ထားခဲ့တာပါ။"

"ဘယ်လို ဖမ်းလိုက်တာလဲ။"

"Pepper spray gun နဲ့ပါ။ အဲ့ဒီလို ပိုးကောင်​တွေအတွက် ထိရောက်မှုရှိတယ် ကြားလို့ ​ကြိုဝယ်ထားတာလေ။ ဟွမ်ဂျိုယွန်းက တစ်ချိန်ချိန် အိမ်ထဲဝင်လာလောက်မလားမသိဘူးဆိုပြီး တွေးမိလို့။ ပြီးတော့ အပင်ကနေပဲ ထုတ်ယူထားတဲ့ ဓာတုဓာတ်ငွေ့ရည်ဆိုတော့ ကိုယ်တိုင်လည်း စိတ်ဝင်စားလို့ပါ။"

"အီယွန်းက တော်လိုက်တာဗျာ။"

သူက ဒူးပေါ်တွင် လက်မောင်းထောက်ပြီး နွေးထွေးသည့် အမူအရာဖြင့် မော့ကြည့်လာသည်။

ဟွမ်ဂျိုယွန်းက ဤကဲ့သို့ ​ပေါ့ပေါ့ပါးပါး ​အေးအေးဆေးဆေးရှိသော အ​ခြေအနေကို ​မျက်လုံး​ပြူးပြီး စိုက်ကြည့်​နေ၏။

"အီး......"

'အဲ့ဒီကောင်က ဘာလို့ အိမ်ထဲက ထွက်လာတာလဲ...'

"အစ်"

"......."

"......."

ပိုးကောင်ကို ငုံ့ကြည့်ရန် ခေါင်းငဲ့စောင်းလိုက်သည့် နှစ်ယောက်သား၏ ပုံစံက အံဝင်ခွင်ကျ တူညီနေ၏။

အထူးသဖြင့် ချက်ချင်းပဲ ကလီစာများကို ဖောက်ထုတ်တော့မလို စိုက်ကြည့်နေသော အမျိုးသား၏ မျက်ဝန်းများတွင် လူသားဆန်မှု လုံးဝကင်းမဲ့နေသည်။ ဖျော့တော့တော့ မျက်ဝန်းအရောင်က ကြိတ်ခြေခံထားရသည့် ပျား​တူခွံနှင့် တူနေလေရာ ဟွမ်ဂျိုယွန်းလည်း ချွေးစေးများ ​ပြန်လာရ၏။

"ဒီကနေစပြီး ကိုယ့်ကိုပဲ အပ်ထားလိုက်ပါတော့။"

သူက ဟွမ်ဂျိုယွန်းထံမှ အကြည့်မခွာဘဲ ထရပ်လိုက်သည်။ အီယွန်းက ဂွမ်ချယ်ဝူ၏ အဝတ်စကို ဆုပ်ကိုင်ပြီး အထူးဂရုစိုက်ရန် တောင်းဆိုလိုက်၏။

"ရဲ၊ ရဲတော့ မဖြစ်ဘူးနော်။ သူက ​သေချာ​ပေါက် ပြန်လွတ်လာမှာ။ ခြံထဲမှာ CCTV တပ်ထားတာ မှန်ပေမဲ့ ကျွန်မ တိုက်ခိုက်ခဲ့တာတွေလည်း အကုန်ပါသွားပြီ။ ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှုကို ဘယ်သူကမှ အသိအမှတ်ပြုမှာမဟုတ်ဘူးရှင့်။"

"......."

"အထူးသဖြင့် ​ငွေရှိပြီး ​နောက်ခံကောင်းတဲ့သူ​တွေဆို ပိုဆိုးတယ်..."

အီယွန်း၏ အကြည့်က အဓိပ္ပာယ်ပါပါဖြင့် ဂွမ်ချယ်ဝူဆီသို့ ရောက်သွားခဲ့သည်။

ထိုလူက စိုးရိမ်ပူပန်နေပုံရသော အီယွန်း၏ ခေါင်း​ပေါ်သို့ ​ပေါ့ပေါ့ပါးပါးလေး လက်တင်လိုက်၏။ ထို့နောက် ခါးကို ကိုင်းညွှတ်ကာ တင်းကျပ်နေသော အီယွန်း၏ မျက်ခုံးနှစ်ဖက်ကြားမှ ကျုံ့ရာလေးကို ဖြည်းဖြည်းချင်း ဖိနှိပ်​ခဲ့သည်။

“ရဲမတိုင်ပါဘူး။”

“......."

“မေ့သွားပြီလား။ ကိုယ်က အီယွန်း ခိုင်းတာကိုပဲ လုပ်​ပေးမှာပါဆို။ အဲ့ဒါကြောင့် တွန့်ဆုတ်မနေဘဲ ပြောပြ​ပေးပါ။ ကိုယ့်ကို ဘာလုပ်စေချင်တာလဲ။ ကိုယ်က ဘယ်လိုလုပ်​ပေးရမလဲ။”

သူက တီးတိုး​လေး ​ပြောပြီး နားချခဲ့သည်။

ငယ်စဉ်က ‘အသားစားမျိုးနွယ်စု’ ဟူသော စကားလုံးကို ပထမဆုံးကြားခဲ့ရချိန်က ယင်းကို အပင်တစ်မျိုးဖြစ်မည်ဟု ထင်ခဲ့ဖူး၏။ ‘အသားစားတဲ့ သစ်ပင်ဖြစ်မလား’ ဟု ​အဓိပ္ပာယ်မရှိသော အတွေးကို တွေးခဲ့မိသည်။

သို့ရာတွင် အသားစားမျိုးနွယ်စုဟူသည်မှာ အသားစားသော သက်ရှိအုပ်စုကို ​ခြုံငုံ​ခေါ်ဝေါ်ခြင်းဖြစ်ပြီး ယခု ထိုစကားလုံးက ရုပ်လုံးပေါ်လာသလိုပင်။

ဖျော့တော့တော့ အညိုရောင် မျက်လုံးများက တစ်စုံတစ်ရာကို ဆွဲယူပြီး ကုတ်ဖဲ့ရန်သာ ဝမ်းပန်းတသာ စောင့်မျှော်နေလေသည်။

“ကိုယ်က အီယွန်း လျက်ခိုင်းရင် လျက်ပြီး...”

“......."

“အရိုးကို နွှင်ခိုင်းရင်လည်း အဲ့ဒီအတိုင်း လုပ်​ပေးမှာပါ။”

ပခုံးက ဆတ်ခနဲတုန်သွားသော်လည်း ယခင်လို မကြောက်တော့ပေ။

“ဟို၊ ဒီတိုင်းပဲ......”

“ဟုတ်ကဲ့။”

“ကျွန်မရဲ့​ရှေ့မှာ လုံးဝ ထပ်ပြီးပေါ်မလာ​စေချင်ပါဘူး။”

ဂွမ်ချယ်ဝူက အသာလေး ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါ ​ကောင်းမယ်ထင်တယ်။”

“......အဲ့ဒီလိုဆိုလို့ ​သတ်၊ ​သတ်ဖို့ပြောနေတာတော့ မဟုတ်ဘူး​နော်။"

ဂွမ်ချယ်ဝူကို အသုံးပြုသည့်နေရာတွင် အရေးအကြီးဆုံးအချက်က အတတ်နိုင်ဆုံး ဘေးကင်းသည့် စည်းတစ်ခုတွင် ရပ်တန့်​စေရန်ပင်။ ကျည်အစစ်မဟုတ်ဘဲ ကျည်အလွတ်ကိုသာ သုံးရန်လို၏။

သူက ရှီးခနဲ လေသံလို ရယ်လိုက်သည်။

“မသတ်ပါဘူး။”

အံ့ဩစရာကောင်းလောက်အောင် ဆင်ခြင်ချင့်ချိန်နိုင်စွမ်းပါသည့် အဖြေပင်။ အီယွန်းက အထူးအဆန်းလို ကြည့်လိုက်တော့ သူက ချက်ချင်းပင် နူးညံ့ကြင်နာသော အကြည့်ဖြင့် ပြန်ကြည့်လာသည်။

'ဟုတ်တယ်၊ ချူဂျာ​ပြောတာ မှန်ချင်မှန်လောက်မလားမသိဘူး။'

ဂွမ်ချယ်ဝူက ဘာမှ မထည့်ရသေးသည့် ခွက်တစ်လုံးပင်။ ထိုခွက်ထဲသို့ ဘာထည့်မည်ဆိုသည်မှာ ​ရှေ့​လျှောက် ပတ်ဝန်းကျင်အ​ပေါ် မူတည်ပြီး......

“ဒီ​နေရာမှာ ဘယ်လိုလုပ် သတ်မလဲ။”

“......."

“ဒီ​နေရာက လူသတ်ဖို့​ကောင်းတဲ့နေရာမှ မဟုတ်တာ။”

အီယွန်း၏ အပြုသဘောဆောင်သည့် အတွေးလည်း ချက်ချင်းပင် ရပ်တန့်သွားတော့သည်။

“ကျွန်၊ ကျွန်မ လူသတ်မှု သံသယရှိသူအဖြစ်နဲ့ အဖမ်းခံရတာမျိုး မလိုချင်ပါဘူး။”

သွေးအန်လုမတတ် အော်ဟစ်လိုက်တော့ ဂွမ်ချယ်ဝူ၏ အပြုံးက ပို၍နှစ်နှစ်ကာကာ ရှိလာတော့သည်။

“ကောင်းကောင်းနားလည်အောင် ပညာပေးလိုက်ပါ့မယ်။ အီယွန်းက အိမ်ထဲဝင်ပြီး အနားယူ​နေ​ပေးပါ။ ကိုယ်လည်း ခဏ​နေ ပြန်ဝင်လာမှာပဲ။”

အီယွန်းတစ်ယောက် ခြေလှမ်းများ တုံ့ဆိုင်းနေရာမှ သူ့ကို မှာကြားလိုက်သည်။

“......ဂွမ်ချယ်ဝူရှင့်၊ အဲ့ဒါကို ကျွန်မ ဖမ်းထားတာပါ။ မေ့လို့မဖြစ်ဘူး​နော်။”

ဂွမ်ချယ်ဝူက မျက်ခုံးတစ်ဖက်ကို ဖြည်းညင်းစွာ ပင့်လိုက်သည်။ အီယွန်း၏ ရည်ရွယ်ချက်ကို အလွယ်တကူ နားမလည်နိုင်သောကြောင့်ပင်။

“ဂွမ်ချယ်ဝူကို ကျွန်မကိုယ်စား ဒေါသထွက်​ပေးဖို့ လွှဲ​ပေးလိုက်တာ မဟုတ်ပါဘူး​။ အဲ့ဒါကြောင့် တအားစိတ်မလှုပ်ရှားပါနဲ့။ ဒီလိုလုပ်ရင်းကနေ ခေါင်းကိုက်တာမျိုး ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒီလိုတော့ ဖြစ်လို့မရဘူး​နော်......”

အကြောင်းရင်းမရှိဘဲ ရယ်ချင်စိတ် ပေါက်လာခဲ့သည်။

“ဂွမ်ချယ်ဝူက အခုအထိ ​လူနာ​ပါပဲ။ လှပပြီး ​ကောင်းတဲ့အရာ​တွေကိုပဲ ကြည့်ကြမယ်လို့ ကတိ​ပေးထားတာကို အရင် ကတိဖျက်မိလို့ တောင်းပန်ပါတယ်......”

“......."

​အာ၊ လည်ပင်းထဲတွင် ချိုမြိန်သော ညည်းသံတစ်ခု ရစ်ဝဲ​နေခဲ့သည်။

“ဟွမ်ဂျိုယွန်းက ကျွန်​မတို့ လက်ထပ်ထားတာကို မယုံနိုင်​ဖြစ်နေလို့ အမျိုးသားကို ပြ​ပေးလိုက်တာပါ။ အဲ့ဒီလောက်ပါပဲ။ ကျွန်​မပြောတာကို နားလည်တယ်​နော်။”

“ကောင်းကောင်းနားလည်ပါတယ်။”

သူက မျက်မှောင်ကြုတ်ပြီး လက်မ​ဖြင့် မျက်ခုံးစွန်းကို ကုတ်လိုက်သည်။ ဤအတိုင်း သူ့မျက်နှာသူ ထိန်းချုပ်မထားလျှင် မနေနိုင်ဘဲ ရယ်မိ​ပေတော့မည်။

မဟုတ်လည်း မျောက်လေးတစ်​ကောင်လို စွေ့ခနဲပွေ့ချီကာ လက်မောင်းအောက်တွင်ညှပ်ပြီး အိမ်ထဲဝင်သွားမိမည်ပင်။

ဤအ​ခြေအနေမျိုးတွင် နှစ်ခုစလုံးက လိုက်ဖက်သင့်တော်မည်မဟုတ်ပေ။

အီယွန်းက ထိုအခါမှသာ စိတ်အေးသွားဟန်ဖြင့် နောက်ဖေးခြံထဲမှ ယိုင်တိယိုင်တိုင် ထွက်ခွာသွားလေသည်။

"အီး...... အစ်......"

တစ်ဖက်တွင်မူ ဟွမ်ဂျိုယွန်းက ဝေးရာသို့ ထွက်သွားသည့် အီယွန်းကိုကြည့်ပြီး ဒေါသထွက်​နေ၏။ သူတို့နှစ်​ယောက် ပြောခဲ့ကြသည့်စကားများကို သူက လက်ခံနိုင်ခြင်းမရှိခဲ့။

ဤခြံဝင်းထဲအထိ ​ပြောင်ပြောင်တင်းတင်း ဝင်လာနိုင်ခဲ့ခြင်းမှာ ဆိုအီယွန်း ဘာမှမတတ်နိုင်ဘူးဟု ထင်ခဲ့သောကြောင့်ပင်။ ကြောက်လန့်တကြားဖြစ်နေသော မိန်းမက ဘာမှလုပ်နိုင်မည်မဟုတ်။ တစ်ကိုယ်လုံး တောင့်တင်း​ကာ တုန်ယင်နေရုံလောက်သာ တတ်နိုင်ပေလိမ့်မည်။

ပြတင်း​ပေါက်အလွန်တွင် ​ဖြူဖျော့နေသော အီယွန်းနှင့် ​ဝမ်းမြောက်စွာ ​မျက်နှာချင်းဆိုင်လိုက်ရ၏။

‘တွေ့လား၊ အီယွန်း။ ငါက အခုအထိလည်း ဒီလိုမျိုး လွှမ်းမိုးနိုင်တဲ့ အင်အားရှိနေတုန်းပဲ။’

သို့ရာ​တွင် သူ၏ခန့်မှန်းချက်က ထိုအချိန်မှစ၍ လွဲချော်သွားခဲ့လေသည်။ ​ခြေသံ​တဒုန်းဒုန်းနှင့် ထွက်လာသော အီယွန်းက ငရုပ်ကောင်းဖြန်းဆေးဘူးကို မျက်လုံးဆီသို့ချိန်ကာ မညှာမတာ ဖြန်းခဲ့၏။ မျက်လုံးများ မီး​လောင်​သွားသလို ခံစားရ၍ အော်ဟစ်လိုက်ရာ ချက်ချင်း ဂေါ်ပြားဖြင့် ထပ်မံအရိုက်ခံလိုက်ရပြန်သည်။

ထိုစဉ်က ဆိုအီယွန်း၏ မျက်လုံးအ​ရောင်ပုံစံက ဘယ်လိုရှိခဲ့သလဲ။

မျက်နှာက ဖြူဖျော့နေ​သော်လည်း တောက်ပသော မျက်လုံးနှစ်လုံးက​မူ.......

"ဟွမ်ဂျိုယွန်းခင်ဗျ။"

'ဟုတ်တယ်၊ အဲ့ဒီအကြည့်က ဒီလူလိုပဲ။'

သစ်ပင်တစ်ပင်အလား ရှိနေတယ်ဆိုရုံလေး သိမ်မွေ့လှသည့် က​လေးမက ဘာကြောင့်များ......

သို့ရာတွင် ​နောက်ကျမှဝင်လာသော မ​ကျေနပ်ချက်များက ​အေးအေးလူလူ ဆက်လက်တည်ရှိ​နေနိုင်ခြင်း မရှိခဲ့ပေ။

“အိမ်က ဘယ်မှာလဲဗျ။”

မျက်လုံးလယ်ဗယ်လ်ကို ပြန်ညှိလိုက်သည့် ဂွမ်ချယ်ဝူက သူ၏မေးစေ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ခဲ့သည်။ အေးအေးလူလူရှိသော မျက်နှာထားနှင့် လိုက်ဖက်မှုမရှိသည့်အားပင်။

​ပြန်ခုခံချင်​သော်လည်း တစ်ဖက်လူ၏ ချုပ်ကိုင်အားထဲမှ ရုန်းထွက်နိုင်စွမ်းမရှိခဲ့။ ဟွမ်ဂျိုယွန်းတစ်ယောက် သူ၏ အံသွား​များ ထောက်ခနဲမြည်ပြီး ​ကျိုးသွားသည့်အသံကို ​ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။

“အီး...... အီး......”

“အိမ်က ဘယ်မှာလဲလို့ ​မေး​နေတယ်လေ။”

ဂွမ်ချယ်ဝူက ယခုအထိ ​အမူအရာကင်းမဲ့​နေဆဲပင်။ သမ်းမိတော့မလို ငြီးငွေ့မှုကို ​တွေ့မြင်​နေရ၏။

သို့ရာတွင် ငိုက်မျဉ်း​နေသော မျက်နှာနှင့် ဆန့်ကျင်စွာ လက်​ကောက်ဝတ်တွင်တော့ ဓားကဲ့သို့ ထက်လှသော အ​ကြော​များ အစုလိုက်အပြုံလိုက် ​ပေါ်ထွက်လာ​သည်။ မေးရိုးကို ဒီအတိုင်း ချိုးပစ်​တော့မည့်ပုံ​ပင်။

“အီး......”

“​အာ၊ စကား​မ​ပြောနိုင်​သေးတာကိုး။ အခုမှ ​ကြည့်လိုက်တော့ ပါးစပ်ထဲ ဆို့ထည့်ထားတဲ့ဟာကို လည်ချောင်းအဆုံးအထိ ​ကျွမ်းကျွမ်းကျင်ကျင် ထည့်ထား​တာပဲ။ အီယွန်းက အိမ်​ထောင်ထိန်းသိမ်းမှုမှာ တယ်တော်တယ်နော်။ ​မဟုတ်ဘူးလားဗျ။”

ဂွမ်ချယ်ဝူက မေးစေ့မှ လက်ကိုဖယ်ကာ ပါးစပ်တွင် ဆို့ထားသောအရာကို ​ဖယ်ရှား​ပေးလိုက်သည်။

"ဟွတ်...... အဟွတ်......"

ဟွမ်ဂျိုယွန်းလည်း အောင့်ထားသည့် အော့အန်ချင်စိတ်ကို​ လွှတ်ထုတ်လိုက်ရာ သွားရည်များ စီးကျလာတော့သည်။

“......ဒါ​ပေမဲ့ ပါးစပ်ထဲ ထည့်တဲ့အခါ လည်ချောင်းဝအထိ အနက်ကြီးထည့်ရမယ်ဆိုတာကို ဘယ်ကနေ ဘယ်သူ့ဆီမှာ သင်ခဲ့တာပါလိမ့်။”

သူက ​ခေါင်းကို ဒုတ်ခနဲ ဒုတ်ခနဲမြည်အောင်ချိုးပြီး အကြောဖြေရင်း ရေရွတ်လိုက်သည်။ ဘဝင်မကျမှု အပြည့်ပါနေသော အသံပင်။

“မင်း...... မင်းတို့...... ငါ အကုန် တရားစွဲပစ်မှာ။”

ဟွမ်ဂျိုယွန်းက ဆံခြည်မျှင်သွေးကြောများပေါ်ကာ နီရဲနေသော မျက်လုံးဖြင့် သူ့အား စိုက်ကြည့်နေသော်လည်း ထိုလူကတော့ စိတ်ဝင်စားဟန်ပင်မပြဘဲ အခြားအတွေးထဲတွင် နစ်မျောနေ၏။

“မင်း...... မင်းက တကယ်ပဲ ဆိုအီယွန်းရဲ့ ယောက်ျားဟုတ်ရဲ့လား။”

"..."

ထိုအခါမှ လေဟာနယ်သို့ ရောက်နေသော ထိုလူ၏ မျက်လုံးများက အသာလေး ဒီဘက်သို့ လှည့်လာတော့၏။ ဆူဆူညံညံ လှုပ်ရှားမှုမျိုး မရှိဘဲနှင့်ပင် သူက အ​ခြေအ​နေကို အလွယ်တကူ ထိန်းချုပ်လိုက်သည်။ ဟွမ်ဂျိုယွန်းက တင်ပါးကို တရွတ်ဆွဲပြီး နောက်ဆုတ်သွားရင်း အဆုံးအထိ ဆန့်ကျင်ငြင်းဆန်နေ၏။

“.......သက်သေ​ပြစရာ အထောက်အထား ယူခဲ့​လေ။ စာရွက်စာတမ်း တစ်ခုခု ယူလာပြီး ပြလိုက်စမ်းပါ။”

“သုံးခါ​ ​မေးရတာ မကြိုက်ပါဘူးဆို။ အိမ်က ဘယ်မှာလဲဗျ။”

“ငါ​ပြောတာ မကြားဘူးလား။ စာရွက်စာတမ်း ယူလာ​ပေးလို့။ မင်းက ဆိုအီယွန်းရဲ့ ယောက်ျားဖြစ်စရာအကြောင်းမရှိဘူး။ အဲ့ဒီလိုဖြစ်နိုင်စရာမရှိဘူးလို့......”

“ကျွန်တော်ကပဲ ခန့်မှန်း​ကြည့်ရမလား။”

ထို့နောက် သူက ခြေ​လက်များ တုပ်နှောင်ခံထားရသည့် ဟွမ်ဂျိုယွန်း၏ လည်ကုပ်ကို ဖမ်းဆွဲကာ တစ်နေရာသို့ ဆွဲခေါ်သွား​တော့၏။

“အား.......၊ လွှတ်စမ်း၊ လွှတ်​ပေးလို့။”

“နားငြီးလိုက်တာ။”

“အီယွန်း၊ အီယွန်းရေ၊ အီယွန်း...”

ဟွမ်ဂျိုယွန်း အော်ဟစ်လိုက်သည်နှင့် ဂွမ်ချယ်ဝူ၏မျက်နှာက ချက်ချင်း ​အေးခဲသွားတော့သည်။

“သူများမိန်းမနာမည်ကို မ​ခေါ်နဲ့လို့ ပြောထားတာကို။”

“အီယွန်း...”

ဟွမ်ဂျိုယွန်းက တက်​နေသည့်အလား ကိုယ်ကို အကြောက်အကန် လူးလွန့် ရုန်းကန်ခဲ့သည်။ ကျွတ်စ်ခနဲ စုတ်သပ်လိုက်သည့် ဂွမ်ချယ်ဝူက ခဏနေတော့ ခြံထဲမှ ကျောက်ခဲများကို လက်တစ်ဆုပ်စာယူကာ သူ့ပါးစပ်ကို အတင်းအကျပ်ဖွင့်ပြီး ဝုန်းခနဲ လောင်းချလိုက်၏။

“ခစ်...... အဟွတ်......”

“အ​ကောင်း​ပြောပြီး သတိ​ပေးရင် နားမဝင်ဘူးလေ။”

“အ......”

“အီယွန်း အိပ်နေတာကို နိုးသွားအောင်မလုပ်ဘဲ ပါးစပ်ပိတ်ထားလိုက်ပါ။”

ဂွမ်ချယ်ဝူက ကျောက်ခဲများကြောင့် ပါး​များ ဖောင်းကား​နေသည့် ထိုလူ၏မျက်နှာကို ထပ်ပြီး တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ပါးစပ်ထဲတွင် ဖျစ်ညှစ်ခံလိုက်ရသော ကျောက်ခဲများက သွား​များကို ပွတ်တိုက်​ကာဖိမိတော့၏။ ထောင်ပေါင်းများစွာသော ဧရာမ အပ်များက နူးညံ့သော အ​မြှေးပါးကို ထိုးစိုက်​နေသည့် ​ဝေဒနာမျိုးပင်။ ဟွမ်ဂျိုယွန်းလည်း မခံနိုင်ဘဲ အော်ဟစ်မိတော့သည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment