no

Font
Theme

အပိုင်း ၂၅

“ကိုယ့်ကိုကြည့်ပြီး စာမဖတ်နဲ့လို့ ပြောနေတာလား။”

သူက ခေါင်းလှည့်ကာ အီယွန်းကို ငုံ့ကြည့်ခဲ့သည်။ စူးရှနက်နဲသော ထိုအကြည့်က အသက်ရှူမှားလောက်အောင် တည်ငြိမ်လှ၏။

“ရှင်။ ကျွန်မက ဘာကို...”

“မိန်းမဖြစ်သူက အဲ့ဒီလောက် စိုက်ကြည့်နေတာကို ဘယ်ယောက်ျားကများ အိပ်ရာပေါ်မှာ တခြားဆီ အာရုံစိုက်နိုင်မှာလဲဗျ။”

သူက ထူးဆန်းသော သက်ပြင်းကိုချရင်း ကုပ်ပိုးကို ဖိနှိပ်လိုက်သည်။

“အဲ့ဒီလိုမဟုတ်ပါဘူး၊ အိပ်မပျော်လို့ပါ...”

ထိုလူက အိပ်ချင်စိတ် တစ်စက်ကလေးမှမရှိသော အီယွန်း၏မျက်လုံးများကို စိုက်ကြည့်ကာ စာအုပ်ကို ချထားလိုက်သည်။

“ဒါဆို အီယွန်းက အရင်ကအကြောင်းလေးတွေ ပြောပြပေးပါဦး။”

“ဘယ်လိုဟာမျိုးလဲဟင်။”

“ကိုယ်တို့နှစ်ယောက်အကြောင်းလေ။ ဥပမာပြောရရင် ပထမဆုံး....”

“....ညလားဟင်။”

ဂွမ်ချယ်ဝူက အီယွန်းဘက်သို့ လုံးဝလှည့်အိပ်ခဲ့သည်။ အနည်းငယ် ကျုံ့သွားသော သူ၏မျက်ခုံးများက မကျေနပ်သည့်ပုံပင်။

“အဲ့ဒါမဟုတ်ဘဲ ပထမဆုံးတွေ့ဆုံမှုပါ။”

“……”

“မြန်မြန်ပြီးသွားတယ်ဆိုတဲ့ ကလေးလိုကောင်ရဲ့ အကြောင်းတော့ မကြားချင်ပါဘူး။”

အီယွန်း ချောင်းဟန့်လိုက်သည်။ အနက်ရောင် မိုးကာဝတ်စုံနှင့် ပေါက်တူးတစ်လက် ကိုင်ထားသည့် ထိုလူ။ သူ၏ပတ်ဝန်းကျင်တွင်တော့...။ အီယွန်းတစ်ယောက် ချက်ချင်းပေါ်လာသော ပုံရိပ်ကို အတင်းဖျောက်ဖျက်ပစ်ရန် ကြိုးစားလိုက်၏။

“...တောင်ပေါ်မှာ တွေ့ခဲ့တာပါ။ ကျွန်မရဲ့ အသုံးအဆောင်ပစ္စည်းလေး ပြုတ်ကျကျန်ခဲ့တာကို ဂွမ်ချယ်ဝူက ကျေးဇူးတင်စရာကောင်းအောင် လိုက်လာပြီး ပြန်ပေးခဲ့တာလေ။ အဲ့ဒါက အစပဲပေါ့။”

တော်သေး၍ ဇာတ်လမ်းအမျိုးအစားပြောင်းပြီး ပြန်လည်ရေးသားရာတွင် အားစိုက်ထုတ်စရာမလိုခဲ့ပေ။

“ဂန္ထဝင်ဆန်လိုက်တာ။”

“ဟုတ်ပါတယ်၊ အ...အရမ်းကို ခေတ်ဟောင်းဆန်တဲ့ တွေ့ဆုံမှုမျိုးပါပဲ။”

“ဧကန္တ လက်ကိုင်ပဝါတော့ မဟုတ်လောက်ပါဘူးနော်။”

နောက်ပြောင်သလို မေးလာသော ထိုလူကို အီယွန်းက ခပ်အမ်းအမ်း ပြုံးပြလိုက်သည်။ ကျွန်မအကြိုက်ဆုံး ဖြတ်လွှပါဟု ပြောမည့်စကားကို မျိုချလိုက်၏။

“ဒီအတိုင်း ဘီးအသေးလေးပါ။”

သူကလည်း လိုက်ပြီး ခပ်ရေးရေးပြုံးခဲ့သည်။ သူတို့နှစ်ဦး၏ ပထမဆုံးတွေ့ဆုံမှုကို စိတ်ထဲမှ ပုံဖော်ကြည့်နေခြင်းများလား။ မျက်လုံးထောင့်စွန်းများ နူးညံ့စွာ ကွေးညွတ်သွားသော ထိုလူကိုကြည့်ရင်း ရုတ်တရက် ပါးစပ်ထဲတွင် ခါးသီးလာသည်။

‘ရှေ့လျှောက် အီယွန်းက ပိုပြီးသစ္စာရှိတဲ့ပုံကို ပြမှဖြစ်ပါမယ်။ ကိုယ်တို့က တကယ်ချစ်လို့ လက်ထပ်ထားတာ မှန်တယ်ဆိုရင်ပေါ့။’

ထင်သည့်အတိုင်း စိတ်ကူးပေါက်ရာ ပြောမိသည့် အလိမ်အညာက အန္တရာယ်များ၏။ ဂွမ်ချယ်ဝူက အလွယ်တကူ လက်ခံယုံကြည်သွားဟန်ရှိသော်လည်း တစ်ခါတစ်ရံ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ကြက်သီးထသွားအောင် လုပ်တတ်သည့် အချိန်များ ရှိနေပေသည်။

ယင်းမှာ ရှာဖွေစုံစမ်းခြင်းကို မရပ်တန့်သေးသည့်သဘောပင်။ ထို့ကြောင့် ပို၍ စိတ်ရင်းပါကာ၊ ပို၍အမှန်ဖြစ်သော အလိမ်အညာကို လိုအပ်လာပေပြီ။

တစ်တောင်ပြီးသွားတော့ တစ်တောင်ပေါ်လာပြန်၏။

~~~~

“အမြဲစိမ်းထင်းရှူးပင်ဆေးရုံ ရောက်ပါပြီလား။”

နောက်ဆုံးတွင် ပထမအဆင့် ပြိုင်ပွဲ၏ လူသိရှင်ကြား စစ်ဆေးခံရမည့်နေ့ ရောက်လာခဲ့ပေပြီ။

“ဟုတ်ကဲ့၊ ဒီမှာ ရှိပါတယ်။”

အီယွန်းက လက်ဝှေ့သမားလို ပင့်သက်တိုတိုလေးများကို တဟူးဟူးရှူထုတ်ကာ လက်မြှောက်လိုက်သည်။

အနောက်ဘက်တွင် နှစ်လမ်းသွား လမ်းခင်းထားသည့် ထူထပ်သော တောင်စောင်းသစ်တော။ ထိုနေရာတွင် စုဝေးနေသူများက မီတာ ၃၀ အမြင့်ရှိသော ဂင်ဂိုပင်ကြီးကို မော့ကြည့်ရင်း တစ်ယောက်မကျန် ပါးစပ်အဟောင်းသားဖြစ်နေကြ၏။

ပုံသဏ္ဌာန်မမှန်စွာ ကွေးထွက်နေသော အကိုင်းအခက်များက တစ်ချက်အကြည့်မှာပင် အန္တရာယ်ရှိနေသည်။ ထို့အပြင် ပတ်ဝန်းကျင်ရှိ အခြားသစ်ပင်များပါ ပြဿနာရှိသော ဤသစ်ပင်နှင့် လိုက်လျောညီထွေဖြစ်အောင် အနည်းငယ်စီ ပုံစံပြောင်းလဲနေကြခြင်းက စိုးရိမ်စရာပင်။

“ဆေးရုံအုပ် ဆိုအီယွန်းနဲ့ နောက်ထပ် ၂ယောက်၊ ဟုတ်ပါသလား။”

“ဟုတ်ကဲ့။ ...ရှင်။”

သူက ခေါင်းလှည့်ကာ တာဝန်ခံကို ကြည့်လိုက်သည်။

“နှစ်ယောက်တဲ့လားရှင့်။”

ကျိန်းသေပေါက် စိတ်ကူးထဲတွင်တော့ သစ်ပင်ဆရာဝန် ဆိုအီယွန်း၊ သစ်ပင်ကုထုံးပညာရှင် ဂယ်ချူဂျာ၊ ပန်းအလှဆင်သူ ဂွမ်ချယ်ဝူ၊ ပိုးမွှားပါရဂူ အီဂယူဘဲ့တို့ဖြင့် ဖွဲ့စည်းထားသည့် နာမည်ကျော်ဆေးရုံကြီး ဖြစ်နေသော်လည်း လက်တွေ့တွင်မူ မိန်းမနှစ်ယောက်တည်း မီတာခကိုပင် အနိုင်နိုင်ပေးပြီး လည်ပတ်နေရသည့် အခြေအနေသာ။

ဒါပေမဲ့ ဂယ်ချူဂျာအပြင် တရားဝင် စာရင်းသွင်းထားတဲ့ဝန်ထမ်း ရှိတယ်ဆိုတော့၊ တကယ်ပဲ ဘယ်သူ့ကိုများ ပြောနေတာပါလိမ့်...

“ဒီမှာ ဂွမ်ချယ်ဝူလို့ စာရင်းသွင်းထားပါတယ်။”

ဆေးရုံပိုင်ရှင်ဖြစ်တဲ့ ကျွန်မက တရားဝင် စာရင်းသွင်းထားတာမျိုး မရှိတာကိုရှင်...

အီယွန်းတစ်ယောက် ဘာကြောင့်မှန်းမသိ တောင့်ခနဲဖြစ်သွားသော်လည်း ခဏနေတော့ သတိကို ပြန်စုစည်းလိုက်သည်။ အကြောင်းမူကား ဂွမ်ချယ်ဝူက သူ့ဘေးနားမှနေ၍ အီယွန်းကို စူးစိုက်ကြည့်နေသောကြောင့်ပင်။ မိမိ၏လှုပ်ရှားမှုများကို လျင်လှ​သောထိုလူ ရိပ်မိသွားမည်ကို စိုးရိမ်နေမိ၏။

“ဟုတ်ကဲ့၊ ...မှန်ပါတယ်။ မှန်ပါတယ်ရှင့်။”

အီယွန်းက မျက်နှာထား ပြေပြစ်စွာထားကာ ရွှန်းရွှန်းဝေအောင် ပြုံးပြလိုက်သည်။

တကယ်တော့ လုံးဝ ခန့်မှန်း၍မရခြင်းမျိုးမဟုတ်ပေ။ တစ်စုံတစ်ယောက်က လျှို့ဝှက်စွာ ပါဝင်ခဲ့သည်ဆိုလျှင် စဉ်းစားမိသူမှာ တစ်ယောက်တည်းသာရှိသည်။

ထိုလူ။

ဂွမ်ချယ်ဝူ၏ အစ်ကို၊ ဂွမ်ဂီဆော့။

အီယွန်းတစ်ယောက် ဖြူဖျော့သွားသောနဖူးကို ဖိထားရင်း မျက်လုံးများကို မှိတ်လိုက်သည်။ မေ့သွားပြီဟု ထင်သည့်အခါ တစ်ခါတစ်ရံ သူ၏ဖြစ်တည်မှုကို ဖော်ပြတတ်သော ထိုလူ။ ရုတ်တရက် အသက်ရှူနှုန်း မြန်လာ၏။

—ဆိုအီယွန်းခင်ဗျ၊ နေကောင်းပါတယ်နော်။

သူက သုံးလတစ်ကြိမ် အီယွန်းကို ဖုန်းခေါ်လေ့ရှိသည်။ ယင်းမှာ အီယွန်း၏ စိတ်ဖိအားကို ဆက်လက်မီးထိုးပေးနေသည့် လောင်စာများဖြစ်ကြောင်း မသိဘဲနေစရာအကြောင်းမရှိပေ။ သူ့အသံကို နားထောင်လိုက်ရုံဖြင့် ထိုညက ခြိမ်းခြောက်မှုများကို အလိုအလျောက် သတိရမိသောကြောင့်ပင်။

ဖုန်းပြောဆိုမှုများ စုပုံလာသည်နှင့်အမျှ တစ်ချိန်အရောက်တွင် အီယွန်းတစ်ယောက် တခြားအတွေးများကို စိတ်ရင်းအမှန်ဖြင့် မတွေးမိတော့။ ပြီးပြည့်စုံသော ယဉ်ပါးအသားကျအောင် ပုံသွင်းခြင်းပင်။

'ထင်တဲ့အတိုင်း ငါ့ကို စောင့်ကြည့်နေတဲ့နည်းလမ်းက ဖုန်းဆက်တာတစ်ခုတည်းတော့ မဟုတ်ခဲ့ဘူးပဲ။’

နှလုံးခုန်သံက တစ်ကိုယ်လုံးကို ထုနှက်နေသည်။

‘တကယ်ပဲ ဘယ်တော့များမှ ငါလည်း အချုပ်အနှောင်ကနေ လွတ်မြောက်မှာလဲ...’

ဂွမ်ချယ်ဝူ သစ်ပင်လူသားလို လဲနေစဉ်အချိန်က ဤမျှအထိ မပင်ပန်းခဲ့ရပေ။ မပင်ပန်းရသလောက် နေ့စဉ်ဘဝတွင် ဘာမှ အထိအခိုက်မရှိခဲ့။

ပြုစုစောင့်ရှောက်မှုသာမက ကုန်ကျစရိတ်များကိုပါ အကုန် အဲ့ဒီဘက်မှ တာဝန်ယူခဲ့ပြီး ဝင်ထွက်သွားလာရန် အနောက်တံခါးကိုလည်း သီးသန့်ထားရှိထားသဖြင့် အီယွန်း၏ နေထိုင်ရာနယ်ပယ်နှင့် ထပ်မနေပေ။

ထိုညက တကယ် အိပ်မက်တစ်ခုဖြစ်ခဲ့သလား မှတ်ရလောက်အောင် အီယွန်းတစ်ယောက် ပုံမှန်နေ့စဉ်ဘဝထဲသို့ လျင်မြန်စွာ ပြန်ရောက်လာခဲ့သည်။ တစ်ခါတစ်ရံ ငြိမ်းချမ်းမှုများပင် ရှိသေး၏။

ထိုသားသတ်ရုံမှ လက်တစ်ချောင်းပင် မပြတ်ဘဲ ထွက်လာနိုင်သည်မှာ အံ့ဖွယ်ရာပင်။ တစ်ခါတစ်ရံ ဒုတိယထပ်မှ သစ်ပင်လူသားကို အသက်ကြိုးဟု မြင်မိသည်။

အစ်ကိုဖြစ်သူအတွက် အီယွန်းက ဓားစာခံဖြစ်ကာ၊ အီယွန်းအတွက် ဂွမ်ချယ်ဝူက ဓားစာခံဖြစ်နေ၏။

သို့သော် သူနိုးထလာတော့ အရာရာတိုင်း ပြောင်းလဲသွားလေသည်။

ဂွမ်ချယ်ဝူ နိုးထလာပြီးနောက် အီယွန်းတစ်ယောက် ယခုအခါ ဂွမ်ဂီဆော့အပေါ် သံသယမျိုးစေ့များ စတင်ပေါက်ဖွားလာရ၏။ ထိုမျှအထိ ဩဇာရှိသူက ၂ နှစ်တာ ကာလပတ်လုံး အောင်မြင်မှုတစ်ခုမျှမရှိခြင်းမှာ ဖြစ်နိုင်ပါ့မည်လား။

ဧကန္တ အကွက်ချဖန်တီးထားသော အကျဉ်းထောင်ထဲသို့ အီယွန်းကပဲ အရူးတစ်ယောက်လို ဝင်ခဲ့မိခြင်းများလား။

“အီယွန်း။”

ဂွမ်ချယ်ဝူ၏လက်က အီယွန်း၏မျက်နှာကို အသာလေး ပင့်ယူခဲ့သည်။ နွေးထွေးသော လက်ဖဝါးက တောင့်တင်းနေသော ပါးပြင်ကို ဖြည်းဖြည်းချင်း အရည်ပျော်သွားစေ၏။

“ခေါင်းမော့မှပေါ့။ စစ်ဆေးမှု စတင်နေပါပြီ။”

“……အာ။”

အသိစိတ်ကို နိုးကြားသွားစေသော ကိုယ်ငွေ့ကြောင့် အီယွန်းလည်း လျှာဖျားကို ခပ်ဖွဖွ ကိုက်လိုက်မိသည်။ ချက်ချင်းဆိုသလို “Green သစ်ပင်ဆေးရုံက စတင်ပါတော့မယ်” ဟူ၍ အချက်ပြ ပစ်ဖောက်ခဲ့လေ၏။

အီယွန်းက လက်နှစ်ဖက်ကိုယှက်ကာ လက်မောင်းများကို ဆန့်လိုက်သည်။ အဖြေမရှိသော ပြဿနာကို ယခု တွေးနေ၍ ဘာအထောက်အကူမှ ဖြစ်နိုင်မည်မဟုတ်။

မကြာမီ မှတ်တမ်းတင်ကင်မရာများ စတင်လည်ပတ်ကြတော့၏။

Green ဆေးရုံ၏ ဒါရိုက်တာက ဝန်ထမ်းတစ်ဦးနှင့်အတူ ခါးတွင် ကြိုးကို ပတ်လိုက်သည်။ အဆင်သင့်ဖြစ်သောအခါ သူက သစ်ပင်ခုတ်ရန် လိုအပ်သော လွှကိုယူဆောင်ပြီး သစ်ပင်ပေါ်သို့ စတက်လေ၏။

Green ဆေးရုံအဖွဲ့က မဆိုင်းမတွ ရှေ့ဆက်သွားခဲ့ပြီး အီယွန်းက ထိုမြင်ကွင်းကိုကြည့်ရင်း ဘောင်းဘီကို ခပ်ဖွဖွ ဆုပ်ကိုင်ထားလိုက်မိသည်။

ထိုအခိုက်အတန့်တွင် ဆူးတစ်ချောင်းအလား သက်ပြင်းချသံတစ်ခုက အီယွန်း၏နားထဲသို့ ထိုးဖောက်ဝင်ရောက်လာ၏။

“ကိုယ်၊ အခု ကောင်းကောင်း နားမလည်လို့ မေးတာဆိုပေမဲ့။”

ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသော စကားလုံးအဖြတ်အတောက်က ကြာပွတ်ကဲ့သို့ ပြင်းထန်လှ၏။

“အဲ့ဒါက အီယွန်း လုပ်မယ်ဆိုတဲ့ဟာလား။”

မျက်နှာချင်းဆိုင်တွင်ရှိနေသော သူ့မျက်နှာက တင်းမာစွာ ပျက်ယွင်းနေသည်။

ဂွမ်ချယ်ဝူအား စစ်ဆေးမှု၏ အကြောင်းအရာကို ပြောပြဖူးခြင်းမရှိသောကြောင့် သူ မသိသည်မှာ သဘာဝကျ၏။ အီယွန်းက ပခုံးတွန့်ပြပြီး လက်ဖြင့် နေရောင်ကို ကာလိုက်သည်။ ကောင်းကင်ကို မော့ကြည့်နေသော အကြည့်က အင်မတန် တည်ကြည်လေးနက်လှ၏။

“ကျွန်မမှာ အမြင့်ကြောက်တတ်တာမျိုး မရှိပါဘူး။”

“အဲ့ဒါက ပြဿနာမဟုတ်ဘူးလေ၊ အန္တရာယ်များတယ်မဟုတ်လား။”

“ဒါပေမဲ့လည်း လုပ်ရမှာပေါ့။ ကျွန်မက မျောက်လိုပဲ သစ်ပင် ကောင်းကောင်းတက်နိုင်တာကို။”

“……”

ဂွမ်ချယ်ဝူ၏ မျက်ခုံးများက အပြင်းအထန် ကွေးတက်သွားသည်။ သူက တောမီးကဲ့သို့ ပျံ့နှံ့လာသော စိတ်လှုပ်ရှားနေသည့် စကားလုံးများကို အနိုင်နိုင် မျိုချလိုက်၏။

သစ်ပင်ကို ကောင်းကောင်းတက်နိုင်တယ်တဲ့လား။ ဖြူဖျော့နေတာကိုများ။

တောင့်တင်းနေသည်က မြင်သာနေပါလျက် အီယွန်းက အဆင်ပြေသလို ဟန်ဆောင်ကာ ခေါင်းမာနေသည်။ ယခု သူ ဆုပ်ကိုင်ထားသော ဘောင်းဘီက မည်မျှအထိ တွန့်ကြေနေပြီလဲ။

“……”

ထိုသို့ဖြင့် မိနစ်အနည်းငယ် ကုန်ဆုံးသွားသည်။

ရုတ်တရက် အပေါ်ဘက်မှ ဆူညံသံတစ်ခု ပေါ်ထွက်လာ၏။ Green ဆေးရုံ ဒါရိုက်တာက အကိုင်းအခက်များဘက်သို့ လှည့်ကြည့်ရန်ပင် မစွမ်းနိုင်ဘဲ ထိုအတိုင်း ပြန်ဆင်းလာနေခြင်းပင်။

Green ဆေးရုံဝန်ထမ်းက နှမြောသလို သက်ပြင်းချလိုက်သော်လည်း ဒါရိုက်တာက ခေါင်းကို ပြတ်သားစွာ ခါယမ်းပြခဲ့သည်။ သူက မြေပေါ်သို့ ရောက်အောင်ဆင်းပြီးသည်နှင့် အိုးတိုးအမ်းတမ်းဖြစ်နေသည့်အလား ခြောက်ကပ်ကပ်ရယ်လိုက်၏။

အဓိပ္ပာယ်မဲ့သော လက်လျှော့အရှုံးပေးမှုပင်။

“ဒါက ဘာလဲ၊ သေခိုင်းတာလည်း မဟုတ်တာကို…”

သူက ထိုသို့ရေရွတ်ရင်း အီယွန်းကို ကြည့်ခဲ့သည်။

“ဆေးရုံအုပ်ဆိုလည်း သေချာစဉ်းစားပြီး လုပ်ပါ။

အကိုင်းတွေက ထင်ထားတာထက်ပိုပြီး ကွေးနေတာမို့လို့ အဲ့ဒီပေါ်ကို တက်လို့မရဘူး။”

အီယွန်းလည်း တံတွေးမျိုချလိုက်မိသည်။ ဘေးနားမှ ချူဂျာကလည်း ဒါတော့ မဟုတ်သေးဘူးဟူသည့် အမူအရာဖြင့် အီယွန်းကို စတင်တားမြစ်လေ၏။

“ဆေးရုံအုပ်၊ ငါတို့လည်း လက်လျှော့လိုက်တာ မကောင်းဘူးလား။”

“……”

“အလကားနေရင်း တက်လုပ်ပြီးမှ မတော်တဆ တစ်ခုခုဖြစ်သွားရင် အရှက်ကွဲမှာကို။ ပိုက်ဆံမရှာနိုင်ရင်နေပါစေ အနည်းဆုံးတော့ အရှုံးပေါ်မဲ့ကိစ္စတွေ မလုပ်ဘဲနေရအောင်ပါ။ ငါတို့လည်း ဒီအတိုင်းပဲ လက်လျှော့လိုက်ရင်....”

“ဒါဆို ချက်ချင်း အရည်အချင်းမပြည့်မီလို့ ပယ်ချခံရမှာပေါ့။”

အီယွန်း၏ မျက်လုံးများက ပြတ်သားလှသည်။ ထိုအခါ ချူဂျာက နှာခေါင်းရှုံ့ရယ်ရင်း အတိတ်ကို သတိပေးလိုက်၏။

“ကင်မရာလာမှာမို့လို့ မလုပ်ချင်ဘူးဆိုပြီး ပြောခဲ့တာ ဘယ်သူများလဲ။”

“……ကျွန်မက လုံလုံလောက်လောက် လုပ်နိုင်လို့ ပြောတာပါ။”

အီယွန်းက ချူဂျာ၏ အကြည့်ကိုရှောင်ရင်း တိုးတိုးလေး ပြောလိုက်သည်။

“ဆက်ဆက် ဒီလိုမျိုး အန္တရာယ်ကို ရင်ဆိုင်ရမှ ဖြစ်မှာလား။ စိတ်ထဲမပါတဲ့ စကားလေးတွေ နည်းနည်းပါးပါး ပြောလိုက်ရုံနဲ့ ဖောက်သည်တွေ တသီတတန်းကြီး တန်းစီလိုက်လာကြမှာကို။”

“အဲ့ဒီလိုဖြစ်နိုင်ခြေက မရှိသလောက်ပါပဲ…”

မဟုတ်တာ၊ နင်လည်း လုပ်နိုင်တယ်လို့။ နင်က ဟို ဂွမ်ချယ်ဝူကိုတောင် မြှူဆွယ်လှည့်ဖြားနိုင်ခဲ့တဲ့ မိန်းမမဟုတ်ဘူးလားလို့။

ချူဂျာ မသိမသာ မျက်ရိပ်မျက်ကဲပြလိုက်သဖြင့် အီယွန်းတစ်ယောက် အဓိပ္ပာယ်ကို နားလည်သွားကာ ခေါင်းကို ငုံ့ချပြီး နားရွက်ဖျားကို ပွတ်သပ်နေမိသည်။

“အမြဲစိမ်းထင်းရှူးပင်ဆေးရုံ အဆင်သင့်ဖြစ်ပါပြီလား။”

Tablet ပေါ်တွင် မှတ်စုရေးနေသော တာဝန်ခံက အီယွန်းကို ခေါ်ခဲ့သည်။

ဂွမ်ချယ်ဝူက ခြေလှမ်းရန်ပြင်လိုက်သည့် အီယွန်းကို တားလိုက်ရင်း ခေါင်းပေါ်မှကြိုးကို ဆွဲယူလိုက်သည်။

“အီယွန်း၊ အခုအထိ အချိန်မနှောင်းသေးပါဘူး။”

“ပေးပါရှင့်။”

အီယွန်းက ခြေဖနောင့်ကိုမြှောက်ကာ လက်ကို ဆန့်တန်းလိုက်သည်။

“ဒီအတိုင်း ကိုယ်နဲ့ အိမ်ပြန်မယ်ဆိုရင် ပေးပါမယ်။”

“နောက်နေတာလားရှင့်။”

“ဖြစ်ချင်ဖြစ် နောက်နေတာဆိုရင်​ တော်ပါသေးတယ်။ ဘာလို့ ဒီလောက်တောင် အကြောက်အလန့်မရှိရတာလဲ။”

ဂွမ်ချယ်ဝူက ခနဲ့သလို နှုတ်ခမ်းထောင့်စွန်းကို မဲ့လိုက်သည်။ ဤမျှလောက် အဆိုးဘက်သွားသော ခံစားချက်ကို ပြသဖူးသည်မှာ ရှားပါးလှသဖြင့် အီယွန်းလည်း တုံ့ဆိုင်းသွားခဲ့ရ၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment