အပိုင်း ၂၉
စံနမူနာပြုထိုက်လောက်အောင် တည်ငြိမ်စွာ ထိုင်နေခဲ့သော ဂွမ်ချယ်ဝူက ရုတ်တရက် မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့်အုပ်ကာ ပွတ်သပ်လိုက်ပြီး ကျောကို ကိုင်းလိုက်သည်။ ဆုတောင်းနေသလိုလို၊ ဗိုက်နာသည့်ဝေဒနာကို အောင့်ထားရသလိုလို ခန္ဓာကိုယ်အပေါ်ပိုင်းကို စားပွဲဘက်သို့ ကိုင်းညွှတ်ထား၏။
ကျဉ်းမြောင်းသော စားပွဲ၏ အစွန်းကို ဆုပ်ကိုင်လိုက်သော လက်မောင်းများပေါ်တွင် ပင့်ကူအိမ်သဖွယ် အကြောအပြိုင်းပြိုင်း ထွက်ပေါ်လာသည်။
“အီယွန်းရဲ့ ခင်ပွန်းဟောင်းအကြောင်း စဉ်းစားမိရုံနဲ့တင် ရင်ထဲမှာ မအီမသာ ဖြစ်လာရပါတယ်။”
သေမတတ်ဖြစ်နေလျှင်ပင် စည်းသားလိုက်သည့် အပြုအမူ၌ စက်ဆုပ်မှုအတိလွှမ်းလျက်။
ထိုအခိုက်အတန့်တွင် အီယွန်းတစ်ယောက် အိပ်ပျော်နေစဉ် အတင်းဖျစ်ညှစ်ချုပ်တည်းထားသော ငိုသံများ ထွက်ပေါ်လာတတ်သည့် သူ့အား သတိရသွားသည်။
သူ၏ ရှိုက်သံများက ယခုအထိလည်း ရှိနေဆဲပင်။ အီယွန်းလည်း အချိန်မှန် နိုးနေခဲ့ရကာ အင်္ကျီလက်အနားစသည်လည်း တစ်ရက်မှ ခြောက်သွေ့ရသည်ဟူ၍မရှိခဲ့။ အီယွန်း၏ မျက်နှာထားက မသိမသာ မှိုင်တွေသွားခဲ့သည်။
“ဒါပေမဲ့လည်း…… အတိတ်ကို မသိချင်ဘူးလားဟင်။ ဂွမ်ချယ်ဝူမှာ ဘယ်လိုကိစ္စတွေရှိခဲ့လို့ အဲ့ဒီလိုမျိုး ဆုံးဖြတ်ချက်ကို ချခဲ့ရတာလဲဆိုတာကို…”
သို့သော် ထိုလူက မျက်နှာထား တင်းမာသွားလျက် ခေါင်းကို ခါယမ်းခဲ့သည်။
ဂွမ်ချယ်ဝူက သူတို့၏ မပျော်ရွှင်ခဲ့ရသော အိမ်ထောင်ရေးအကြောင်း လုံးဝ စကားမဟလိုတော့ပေ။ ထိုအချိန်များမှာ ဖျက်ဆီးပစ်သင့်သည့် အချိန်များသာဖြစ်ကာ အီယွန်းကိုလည်း ထပ်မတွေးစေလိုတော့။
သူက ရည်ရွယ်ချက်ရှိရှိဖြင့် တူကိုချကာ မျက်တောင်များကို အောက်သို့ ဖြည်းညင်းစွာ စိုက်ချလိုက်သည်။
“ဒီအတိုင်း ခန္ဓာကိုယ်တစ်ခုတည်းကို အတူသုံးနေတာမို့လို့ သိနေတာပါ။ သေဖို့ကြိုးစားခဲ့တာက နောင်တရနေလို့ဆိုတာကို။”
“……”
“ဘယ်က ဘယ်လိုကောင် ဖြစ်နေပါစေဦး၊ အဲ့ဒီလို အောက်တန်းကျတဲ့ နည်းလမ်းပဲ သုံးတတ်တဲ့ ငတုံးကောင်ပါ။”
အီယွန်းလည်း ရှုပ်ထွေးနေသော စိတ်ကို အတင်းအကျပ် မျိုသိပ်ရင်း လည်ပင်းတစ်ဝိုက်ကို စမ်းလိုက်မိသည်။
“အဲ့ဒီလိုကောင်က ပိုက်ဆံရော ကောင်းကောင်း ရှာပေးခဲ့ရဲ့လား။”
သူက ခေါင်းကို ရုတ်တရက် မော့လာကာ အင်မတန် ခက်ထန်စူးရှစွာ မေးလာ၏။
“အာ…… ပိုက်ဆံ ကောင်းကောင်းရှာနိုင်တယ်လို့ ပြောဖို့ကတော့……”
ခေါင်းကို ကုတ်ရင်း စကားစကို ရပ်လိုက်တော့ ဂွမ်ချယ်ဝူက ခနဲ့တဲ့တဲ့ နှာခေါင်းရှုံ့ခဲ့သည်။
“အဲ့ဒီကောင်က၊ အဲ့ဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားပါ။”
အဲ့ဒီတော့က……ရှင့်အကြောင်းပဲမဟုတ်ဘူးလား။
“အီယွန်းက တာဝန်သိစိတ် ပြင်းထန်လွန်းတာ ပြဿနာပါ။ ပရိယာယ်လည်း မသုံးတတ်ဘဲနဲ့ ဘယ်သူ့အတွက်များ အောက်ကျို့ပြီး သည်းခံနေရတာလဲ။”
အီယွန်းလည်း လိပ်ပြာမလုံသဖြင့် ဇွန်းကိုချလိုက်မိသည်။
“နောက်ထပ် ဘာမှ အနစ်နာမခံပါနဲ့တော့။”
ထိုအချိန်တွင် ထိုလူက လေသံမာမာဖြင့် ရေရွတ်ခဲ့၏။
ထိုအကျိုးကျေးဇူးကို ဂွမ်ချယ်ဝူ တစ်ယောက်တည်း ရရှိရုံဖြင့် လုံလောက်ပေပြီ။ အခြားလူက အီယွန်း၏ ချိုမြိန်သော သည်းခံမှုကို မခံစားသင့်ပေ။
“ခေါင်းထဲဘာမှမရှိတဲ့လူကို အိမ်ထဲခေါ်ထားမှတော့ စိတ်ကြိုက် အသုံးချရမှာပေါ့။”
ဂွမ်ချယ်ဝူက ရုတ်တရက် စူးရှသော မျက်ဝန်းများကို မှေးစင်းလိုက်သည်။ စိတ်ရင်းဖြင့် ပြောနေသည့်အလား ရွှန်းရွှန်းစားစားပြုံးလိုက်သည့်ပုံစံမှာ အံ့ဩစရာကောင်းလောက်အောင် ဖြူစင်နေ၏။
အီယွန်းလည်း သူ့အား စမ်းသပ်ရန် ခေတ္တ မေ့လျော့သွားခဲ့သည်။ ရုတ်ခြည်း ပြောင်းလဲသွားသော အမူအရာက သူပြောသလိုပင် လူအသစ်တစ်ယောက်အလား နူးညံ့နေ၏။
“အဲ့ဒီ ခွေးကောင်နဲ့ ရုပ်ချင်းတူနေတာကတော့ စိတ်မကောင်းစရာဆိုပေမဲ့ ကိုယ်က အီယွန်းကြောင့်သာမဟုတ်ရင် လူတောင် ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ့်ကို နိုးထစေခဲ့၊ စဉ်းစားတွေးခေါ်တတ်စေခဲ့၊ လှုပ်ရှားစေခဲ့တဲ့ တစ်ယောက်တည်းသောသူ မဟုတ်လား။”
နာခံတတ်သော စကားလုံးများနှင့်ဆန့်ကျင်စွာ သူထံမှ အေးစက်သော အငွေ့အသက်များ ထွက်နေသည်။
မှတ်ဉာဏ်ပြန်ရပြီဟူသည့် စကားကြောင့် လည်ပင်းအညှစ်ခံရသလို ဖြစ်သွားရသူက အီယွန်းကိုယ်တိုင် ဖြစ်သော်လည်း အသည်းအသန် ကြိုးစားနေရှာသည့် ထိုလူကိုကြည့်ရင်း သနားစရာလည်းကောင်းသလို၊ ရယ်လည်းရယ်ချင်လာမိ၏။ အီယွန်းက နှုတ်ခမ်းကို အတွင်းဘက်သို့ မြန်မြန် စုငုံလိုက်သည်။
“ဒါပေမဲ့ လူဆိုတာ လွယ်လွယ်နဲ့ မပြောင်းလဲတတ်ဘူးလို့ ပြောကြတယ်လေ။”
“ကိုယ်က ဘာမှမရှိတဲ့ အခွံလွတ်ပဲကို ဘယ်သူနဲ့ လာနှိုင်းနေတာလဲ။ အီယွန်းက အမြင်စောင်းနေနိုင်မှန်းတော့ သိပါတယ်။ ဒါပေမဲ့ ကိုယ်က အဲ့ဒီ သေချင်းဆိုး လူမိုက်ကောင်နဲ့ တူနေလို့လား။”
“အင်း…… ဘယ်သိမလဲရှင့်……”
“ရှေ့လျှောက် အီယွန်းရဲ့ မှတ်ဉာဏ်ထဲကနေ အဲ့ဒီ အမှိုက်လိုကောင်ကိုတောင် မောင်းမထုတ်နိုင်ဘူးဆိုရင် ကိုယ့်ဟာကိုပဲ ဖြတ်ပစ်လိုက်မယ်။”
အီယွန်းက ထမင်းတစ်ဇွန်းခပ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ စားပွဲတင်မှန်တွင် စိတ်အေးသွားသော သူ၏ မျက်နှာက ထင်ဟပ်နေ၏။
ဂွမ်ချယ်ဝူအပေါ် ယခင်ကအတိုင်း အသာစီးရနေဆဲဖြစ်ကြောင်းကို သိလိုက်ရ၍ စိတ်အေးသွားခြင်းပဲလား၊ သို့မဟုတ် မပြောင်းလဲသော ထိုလူ၏ စိတ်ပိုင်းဖြတ်ချက်ကြောင့် စိတ်ချသွားခြင်းပဲလား။ ကိုယ်တိုင်ပင် မဝေခွဲတတ်တော့ပေ။
“ကိုယ်က ဘာမှမသိတဲ့ လူ,အပဲမို့လို့ အီယွန်း လိုချင်တဲ့ ဘယ်အရာမဆို၊ ဘယ်သူမဆို ဖြစ်ပေးနိုင်ပါတယ်။”
ထိုအတိုင်း တစ်ယောက်တည်း ဒေါသထွက်နေသော ဂွမ်ချယ်ဝူကိုကြည့်ရင်း ဖူးခနဲ ထွက်လာတော့မည့် ရယ်သံကို ထမင်းနှင့်အတူ ပြန်မျိုချလိုက်ရသည်။
~~~~
“ဆေးရုံအုပ်ဆရာမရဲ့ အဖိုကို စနစ်တကျ လာရောက်ကြည့်ရှုလေ့လာတာပါ။”
ကင်းမြီးကောက်ထောင်လျက် ဒိုက်ထိုးနေသည့် ဂွမ်ချယ်ဝူ၏ မြင်ကွင်းထဲသို့ ကလေးတစ်ယောက် ဇောက်ထိုးဝင်လာသည်။
သူက အပေါ်သို့ ဆန့်တန်းထားသော ခြေထောက်များကို ပြန်ချကာ နေရာတွင် မတ်တတ်ရပ်လိုက်၏။ သူ့ခါးလောက်အထိသာ အရပ်ရှိသော အင်မတန် သေးငယ်သည့် ကောင်လေးတစ်ယောက်ပင်။
“ကလေးက ဘယ်သူလဲ။”
“မိုးမခ မူလတန်းကျောင်း ပထမတန်းက အီဂယူဘဲ့ပါ။”
ထိုကလေးက ခေါင်းကို အနောက်သို့ အားပါးတရလှန်ကာ သူ့အား အထင်ကြီးအားကျသည့် အကြည့်များဖြင့် မော့ကြည့်ခဲ့သည်။ ဂယူဘဲ့က နှုတ်ခမ်းလေးကို ဝိုးခနဲ စုလိုက်ကာ သူ၏ ချောမွတ်သော ဝမ်းဗိုက်ကြွက်သားများအား စူးစမ်းအကဲခတ်သလို ကြည့်နေ၏။
ထိုစဉ် ပြတင်းပေါက်ကြီး၏ တစ်ဖက်ခြမ်းတွင် အီယွန်း သွားလာလှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။ ဂယူဘဲ့က လူနှစ်ယောက်ကို တစ်လှည့်စီ ကြည့်လိုက်ပြီးနောက် ဖတ်ခနဲ လက်ခုပ်တီးလိုက်၏။
“အနံ့ရနေပါတယ်။”
“ဘာ...”
ကလေးက မြေကြီးပေါ်တွင် ဘုတ်ခနဲ ထိုင်ချလိုက်ကာ လွယ်အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ခဲ့သည်။ စာမျက်နှာများကို အသည်းအသန် လှန်နေပုံက အရေးကြီးအလျင်လိုနေသည့်ပုံပင်။ ဂွမ်ချယ်ဝူက လက်ပိုက်ထားကာ ထိုကလေး ဘာလုပ်နေသလဲဆိုသည်ကို အသာလေး စောင့်ကြည့်နေလိုက်၏။
“လီမာကတ်တာမျောက် အဖိုတွေက ပန်းရနံ့ကို ထုတ်လွှတ်ပြီး အမတွေကို မြှူဆွယ်တတ်ကြပါတယ်။ အနံ့နဲ့ သွေးဆောင်ပြီး ပိုးပန်းကြတာပါ။”
“……”
“အဲ့ဒါကြောင့် အခု အဖိုဆီကနေ အနံ့ထွက်နေပါတယ်။”
ဂယူဘဲ့၏ လက်ချောင်းနှစ်ချောင်းက သူ၏ နှာခေါင်းသေးသေးလေးကို ညှပ်ပိတ်ထားသည်။ တောက်ပနေသော မျက်လုံးလေးများက ဂွမ်ချယ်ဝူ၏အကြည့်ကို ဟိုဟိုဒီဒီ ရှောင်ဖယ်နေသော်လည်း နောက်ဆုံးတွင် အဖြေမှန်ကို ရှာတွေ့သွားသည့်အလား ဂုဏ်ယူဝင့်ကြွားနေ၏။
ဂွမ်ချယ်ဝူက မသိမသာ တက်လာသော ကိုယ့်ကိုယ်ကိုယ်သတိထားမှုကို ဖျောက်ဖျက်ရင်း မျက်ခုံးအစွန်းကို လက်မဖြင့် ကုတ်လိုက်သည်။
“ဘယ်သူမှန်းတော့ မသိပေမဲ့ ဒီအတိုင်း ချွေးနံ့ပဲ။”
“အဖိုက ဆေးရုံအုပ် ဆရာမထက် အသက်ငယ်မှဖြစ်ပါမယ်။”
“မဟုတ်တာ၊ ရွယ်တူလို့ ပြောထားတာကို။”
“မဖြစ်ပါဘူး။ ပြဿနာတက်မှာပါ။ အဲ့ဒီလိုဆိုရင် အနံ့က ဆိုးသွားပါလိမ့်မယ်။”
“ဘာ...”
“အားနည်းချက်ဖြစ်သွားပါလိမ့်မယ်။ အသက်ကြီးတဲ့ မျောက်တွေထက် ငယ်တဲ့မျောက်တွေက ဖယ်ရိုမုန်းကို ပိုပြင်းပြင်းနဲ့ ပိုကြာကြာ ထုတ်လွှတ်နိုင်လို့ပါ။”
“……”
“အဖိုတော့ အခု ဒုက္ခရောက်ပါပြီ။”
ဂယူဘဲ့က ခြေဆောင့်ကာ နဖူးကို လက်ဖြင့် အုပ်လိုက်သည်။
ဂွမ်ချယ်ဝူက မေးစေ့တွင် စုနေသော ချွေးများကို လက်ဖမိုးဖြင့် ဖြစ်သလိုသုတ်ရင်း ရယ်လိုက်၏။ ကလေး၏ ပြောပုံဆိုပုံကို နောက်ပြောင်မှုအဖြစ်သာ သဘောထားလိုက်သော်လည်း ဆက်ပြောလာသည့် စကားကြောင့် တုံ့ခနဲဖြစ်သွားရသည်။
“ကျွန်တော်တို့ ဆေးရုံအုပ်ဆရာမက လူကြိုက်အရမ်းများတာပါ။”
“……ဘယ်လောက်တောင်လဲ။”
“ဒီကို ခဏခဏ လာတတ်တဲ့ သစ်စက်က လက်သမားဦးလေးကြီး၊ ပျိုးပင်ရောင်းတဲ့ဦးလေးကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက သတင်းထောက်ဦးလေးကြီး၊ အကုန်လုံးဆီကနေ ဆင်တူတဲ့ အနံ့တွေ ရတတ်ပါတယ်။”
“……”
“အဖိုက နည်းနည်းထပ်ပြီး ကြိုးစားမှဖြစ်ပါမယ်။”
ခေတ္တအကြာတွင် ဂယူဘဲ့တစ်ယောက် မြေပြင်ပေါ်၌ သွားလာနေသော ပုရွက်ဆိတ်အုံဆီသို့ အာရုံရောက်သွားတော့သည်။ ထိုအခါမှသာ ဂွမ်ချယ်ဝူလည်း အရှေ့တွင်ရှိနေသည့် ကလေးကို ဘယ်သူမှန်း ရိပ်မိသွားတော့၏။
‘နောက်ထပ် အင်းဆက်ပါရဂူတစ်ယောက် ရှိပါသေးတယ်……။ အခုတလော ကျောင်းတက်နေရလို့ သိပ်မလာဖြစ်တာပါ။’
‘တက္ကသိုလ်မှာလည်း ပို့ချရတဲ့ပုဂ္ဂိုလ် ဖြစ်မယ်ထင်တယ်နော်။’
‘မူလတန်းကျောင်းသားပါ။’
မူလတန်းတက်နေတဲ့ ပါရဂူအတုလေးကိုး။
ဂွမ်ချယ်ဝူက ဒူးညွှတ်ကာ ကလေးနှင့် မျက်လုံးချင်းတန်းအောင် ညှိလိုက်သည်။ နှုတ်ဆက်သည့်အလား လက်ကို ကမ်းပေးလိုက်သော်လည်း ဂယူဘဲ့က လက်ကြီးကိုသာ ကြောင်တောင်တောင် ကြည့်နေပြီးမှ ဦးညွှတ်ခဲ့၏။
“ကောင်းပါပြီ၊ အဖို။ ဒီနေ့ကစပြီး အဖိုက ကျွန်တော့်ရဲ့ လက်ထောက်ပဲ။”
ထိုသို့ဖြင့် ရာထူးအဆင့်အတန်းခွဲခြားသည့်တိုက်ပွဲ စတင်ခဲ့လေတော့သည်။
~~~~
တိတ်ဆိတ်ငြိမ်သက်သော နေ့လယ်ခင်းပင်။
အီယွန်းက နွေးထွေးသော လက်ဖက်ရည်ကိုသောက်ရင်း ပြတင်းပေါက်ကျယ်ကြီးမှတစ်ဆင့် ဝင်ရောက်လာသော နေရောင်ခြည်ကို အပြည့်အဝ ခံစားနေသည်။ ယနေ့ကား ဂွမ်ချယ်ဝူ၏ အိပ်စက်ခြင်းဆိုင်ရာ စစ်ဆေးမှုနှင့် ဒုန်အာတောင်ဘက်သို့ သစ်ပင်များသွားရောက်ကြည့်ရှုရမည့်နေ့ပင်။
သူက ခွက်ကို နှုတ်ခမ်းနားတွင် တေ့ထားရင်း လေ့ကျင့်ခန်းလုပ်နေသောလူကို မသိမသာ ခိုးကြည့်လိုက်မိသည်။
သစ်ငုတ်တိုပေါ်တွင် ကင်းမြီးကောက်ထောင်ရပ်လျက် ဒိုက်ထိုးနေသော ဂွမ်ချယ်ဝူက ကိုယ်ဟန်အနေအထား မပျက်စေဘဲ လေ့ကျင့်နေ၏။ လက်မောင်းနှင့် ကျောပြင်ကြွက်သားများက တင်းကားဖောင်းကြွနေပြီး ကောင်းကင်ယံသို့ ဆန့်တန်းထားသော ရှည်လျားသည့် ခြေတံများကလည်း……။
“……”
မဟုတ်ဘူး၊ မဟုတ်ဘူး။
အီယွန်းတစ်ယောက် ရုတ်တရက် ဖုဖောင်းထွက်နေသည့် တဘက်ကို သတိရသွားကာ ခေါင်းကို တွင်တွင်ခါလိုက်သည်။ ယောက်ျား၏ အင်္ဂါတွင် မှိုကြီးများကဲ့သို့ ထင်ရှားသော အစိတ်အပိုင်း ရှိနေတတ်သဖြင့် ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်ပါက အမြဲတမ်း သိချင်စိတ် ပြင်းပြနေမိပေမည်။
“ဒေါင်းမတွေက ဝေးဝေးမှာရှိနေရင် ဒေါင်းအဖိုရဲ့ အမြီးအပေါ်ပိုင်းကို ကြည့်တတ်ပြီး အနားမှာရှိနေရင်တော့ အောက်ပိုင်းကိုပဲ အာရုံစိုက် ကြည့်ကြတာပါ။”
“……အာ့”
အီယွန်း လန့်ဖျပ်သွားကာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်မိသည်။ မှင်သေသေမျက်နှာထားရှိသည့် ဂယူဘဲ့က ပြတင်းပေါက်ကို စိုက်ကြည့်နေ၏။ အီယွန်းလည်း ချော်လဲရောထိုင်ကာ သဘာဝကျကျ နှုတ်ဆက်လိုက်သည်။
“ဂယူဘဲ့ ဘယ်တုန်းက ရောက်နေတာလဲ။ ထမင်းရော စားပြီးပြီလား။”
“ဆေးရုံအုပ်ဆရာမက အဖိုရဲ့မျိုးပွားအင်္ဂါကို စိုက်ကြည့်နေပါတယ်။”
“ဂ... ဂ... ဂယူဘဲ့။”
“အမတွေက အဖိုတွေရဲ့ အမွေးအတောင်အရောင်နဲ့ အရှည်ကို အထူးတလည် ကြည့်တတ်ကြတာပါ။ ပုံသဏ္ဌာန်နဲ့ အဆင်အကွက်တွေကိုလည်း ချန်ထားလို့မရပါဘူး။”
အီယွန်းက မျက်မှောင်ကြုတ်ရင်း ကလေး၏စကားကို ပြန်စဉ်းစားကြည့်နေသည်။
“အဲ့ဒီဒေါင်းက တော်တော်လေး ဇီဇာကြောင်တာပဲ။”
အရောင်၊ အရှည်၊ ပုံသဏ္ဌာန်၊ အဆင်အကွက်၊ အမွေးအတောင်တွေက အဲ့ဒီလောက်တောင် အရေးကြီးလို့လား။
“ဆေးရုံအုပ်ဆရာမကလည်း ထူးခြားကောင်းမွန်တဲ့ အဖိုကိုပဲ ခိုးကြည့်တာပါ။”
“ဘာ...”
“တကယ် ဇီဇာကြောင်ပါတယ်။”
“…….”
အီယွန်းလည်း ဆွံ့အသွားကာ ကလေး၏ပါးစပ်ထဲသို့ ကွတ်ကီးတစ်ပြား ထည့်ပေးလိုက်ရတော့သည်။ ထို့နောက် အကျင့်ပါနေသည့်အတိုင်း ကလေး၏ နားရွက်နောက်တွင် ချေးများ ရှိ၊ မရှိ စစ်ဆေးပြီး နွားနို့ ငှဲ့ပေးလိုက်၏။
ဂယူဘဲ့က လွယ်အိတ်ထဲမှ ထူထဲသော စွယ်စုံကျမ်းကို ထုတ်လိုက်ရင်း အီယွန်းကို မော့ကြည့်လာသည်။ အပြစ်ကင်းစင်သော မျက်လုံးလေးများက ချစ်စရာအတိပင်။
“ဆေးရုံအုပ်ဆရာမ။ ဆင်တွေကို သတိထားရပါမယ်။”
“ဟင်။”
“သတိထားပါ။”
အမြဲတမ်း အမူအရာကင်းမဲ့နေတတ်သော ဂယူဘဲ့၏ မျက်နှာတွင် တင်းမာမှုများ တဒင်္ဂ ဖုံးလွှမ်းသွားတော့သည်။ ကလေးက စာအုပ်၏ စာမျက်နှာတစ်ခုကို လက်ညှိုးဖြင့် တတောက်တောက် ခေါက်လိုက်၏။
[သားရဲများ၏ မိတ်လိုက်ချိန်]
ယင်းမှာ ယခုတလော ဂယူဘဲ့ ဖတ်နေသည့် အကြောင်းအရာပင်။ နားရွက်များကို ကားထားသော ဧရာမဆင်ကြီးတစ်ကောင်က စာမျက်နှာ တစ်ဝက်ကျော်ကို နေရာယူထား၏။
“အချစ်ကို ဆာလောင်နေတဲ့ ဆင်အဖိုတွေက မိစ္ဆာတွေ ဖြစ်သွားတတ်ပါတယ်။”
“ဟမ်။”
“ဆင်အဖိုတွေ မိတ်လိုက်ချင်စိတ် ကြွလာရင် ကြမ်းတမ်းတဲ့ကောင်တွေအဖြစ် ပြောင်းလဲသွားတတ်ကြပါတယ်။ အဲ့ဒီအချိန်မှာ လုံးဝ အနားမကပ်ဖို့က တိရစ္ဆာန်ရုံရဲ့ စည်းမျဉ်းပါပဲ။”
ဂယူဘဲ့က အနောက်မှ တစ်စုံတစ်ယောက်၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသူအလား စကားများကို တရစပ်ပြောနေသည်။ စာအုပ်ကို ဈေးရောင်းစက်လို တဒေါက်ဒေါက် ခေါက်နေသည့် လက်ဟန်မှာလည်း အတော်လေး အရေးကြီးနေသည့်ပုံပင်။
~~~~
Miel's Translations