no

Font
Theme

အပိုင်း ၂၈

“ကိုယ် ဒဏ်ရာရတုန်းက ဘာလို့ လစ်လျူရှုပြီး ပစ်မထားခဲ့တာလဲ။ ဘယ်လိုမှ ပြန်နိုးမလာနိုင်တဲ့ လူနာပဲဟာကို။ အဲ့ဒီမျက်နှာကို တံတွေးနဲ့ထွေးပြီး ထွက်ပြေးသွားလိုက်ရောပေါ့။”

သူက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ဆက်ပြောခဲ့သည်။ သူ၏ ခနဲ့တဲ့တဲ့အပြုံးက အတိတ်ဆီသို့ ဦးတည်နေသည်မှာ အထင်အရှားပင်။

ဝန်ထုပ်ဝန်ပိုးကို လွှင့်ပစ်ခဲ့မည်ဆိုလျှင် ဆိုအီယွန်းတစ်ယောက် လွတ်လွတ်လပ်လပ်နှင့် ကောင်းကောင်းမွန်မွန် နေနိုင်မည်သာ။ ထို့အပြင် ငယ်ရွယ်ပြီး အရည်အချင်းရှိသည့် သူ့အား စောင့်ကြိုနေမည့် အမျိုးသားများကလည်း တစ်ပုံတပင် ရှိပေလိမ့်မည်။

သို့သော် ဂွမ်ချယ်ဝူကိုယ်တိုင်ကမူ အီယွန်းသာမရှိခဲ့လျှင်....

ပြန်သတိရလာနိုင်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့် သာမန်လူတစ်ယောက်လို အသက်ရှင်နိုင်မည်မဟုတ်။

ဤသည်မှာ ရိုးရှင်းသည့် အမှန်တရားပင်။

ဂွမ်ချယ်ဝူက ထိုကဲ့သို့ အစားထိုးမရသည့်လူ ဝေးကွာသွားမည်ကို ဒီအတိုင်း လက်ပိုက်ကြည့်နေမည့်အစား သူ့ကို ကိုယ်တိုင် စနစ်တကျ ပြန်လွှတ်ပေးရန် ကြံစည်ခဲ့သည်။

အခက်အခဲပေါင်းစုံ ကြုံတွေ့ပြီးနောက် အီယွန်းဘာသာ သူ့သဘောနှင့်သူ ပြန်လာစေရန်၊ အတင်းအကျပ် ခိုင်းစေမှုကြောင့်မဟုတ်ဘဲ အီယွန်း၏ ကိုယ်ပိုင်ဆန္ဒဟု ယုံကြည်သွားစေရန်၊ မည်သည့်နေရာထက်မဆို ဂွမ်ချယ်ဝူ၏ ရင်ခွင်က အနွေးထွေးဆုံးဖြစ်ကြောင်း နားလည်သွားစေရန်။

မည်သို့သော ရက်စက်ကြမ်းကြုတ်သည့် စာမေးပွဲမျိုးကိုမဆို စစ်ဆေးရန် အဆင်သင့်ဖြစ်နေလေသည်။

“အီယွန်း အဲ့ဒီအချိန်တုန်းက ထွက်ပြေးသွားခဲ့ရင်တောင် ဘယ်သူမှ အပြစ်တင်မှာမဟုတ်တာကို။”

ဂွမ်ချယ်ဝူက မှုန်ရီရီမျက်ဝန်းများဖြင့် အင်မတန် စာနာနားလည်တတ်သယောင် ပြုမူခဲ့သည်။

“……ဒါပေမဲ့ ကျွန်မတို့ကြားမှာ ခိုင်မာတဲ့ ကတိကဝတ် ရှိခဲ့တယ်မဟုတ်လား။”

“……”

“ဖောက်ဖျက်လို့မရတဲ့ တာဝန်တစ်ခုလည်း ဖြစ်ခဲ့တာလေ။ ဒါကြောင့်လည်း စာချုပ်မှာ လက်မှတ်ထိုးတဲ့အခါ သတိထားကြဖို့ လူတွေက ပြောကြတာပေါ့။ ကျွန်မက…… နောင်တရခဲ့တာတွေ၊ ပင်ပန်းခဲ့တာတွေ ရှိပေမဲ့လည်း။ အချိန်တွေ နောက်ပြန်ဆုတ်သွားရင်တောင်…… ဂွမ်ချယ်ဝူနဲ့ ပတ်သက်ပြီး လက်မှတ်ထိုးမိမှာပါ။”

“…….”

“အဲ့ဒီအချိန်တုန်းကတော့ အဲ့ဒါကပဲ တစ်ခုတည်းသောလမ်းစ ဖြစ်ခဲ့တာမို့လို့လေ။”

ဂွမ်ချယ်ဝူတစ်ယောက် လည်ချောင်းထဲ တစ်ဆို့သွားသည့်အလား ဘာစကားမှ မပြောနိုင်တော့ပေ။ အီယွန်းဆီမှ 'ကတိကဝတ်' ဟူသောစကားလုံး ထွက်လာလိမ့်မည်ဟု ထင်မထားသောကြောင့်ပင်။

တကယ်ပဲ လူက မည်မျှအထိစိတ်ရင်းစေတနာကောင်း၍ ထိုသို့လုပ်နိုင်ရသလဲ။

ဦးတည်ရာမရှိ မျောလွင့်နေခဲ့သော လူက နောက်ဆုံးတွင် စိတ်ချရသော ပိုက်ကွန်တစ်ခုထဲ၌ ငြိမ်သက်သွားပေပြီ။ ယင်းမှာ အမြစ်မှစ၍ အီယွန်းထံတွင် တွယ်ငြိသွားရသည့် ထူးဆန်းသော အတွေ့အကြုံပင်။

ထိုကဲ့သို့ ပြင်းထန်သော ပိုင်ဆိုင်လိုစိတ်က ဂွမ်ချယ်ဝူကို ရစ်ပတ်နှောင်ဖွဲ့သွားလေသည်။ အမြဲ ဗလာကျင်းနေခဲ့သော ဘဝက နောက်ထပ် မစိုးရိမ်ရတော့သလို စိတ်ပျက်စရာလည်းမကောင်းတော့ပေ။ အောက်ခြေမှစ၍ ဖြည်းဖြည်းချင်း အီယွန်းက သူ့အတွင်း၌ လေးလံစွာ ပြည့်လျှံလာနေသည်။

အီယွန်း မိမိကိုယ်ကိုယ်ထက် ပိုအလေးထားသည့် ကတိသစ္စာ၊ ထိုစကားတစ်ခွန်းကြောင့်ပင်။

“အီယွန်းက ကိုယ့်ကို သဘောကျလား။”

အီယွန်းက မည်သို့သောတုံ့ပြန်မှုမှ မပေးခဲ့။ ဂွမ်ချယ်ဝူက ပူဆာသလို သူ၏ ကိုယ်လုံးလေးကို လှုပ်ခါကြည့်သော်လည်း ငြိမ်သက်နေဆဲပင်။

အိမ်နားသို့ နီးလာချိန်မှသာ ထွက်သက်လေးနှင့်အတူ အဖြေက ထွက်ပေါ်လာခဲ့သည်။ သစ်ပင်များကို ထိတွေ့ကိုင်တွယ်ရလွန်းသဖြင့် ကြမ်းတမ်းနေသော လက်ကလေးက သူ၏လည်တိုင်ကို ပွတ်သပ်သွား၏။

“……အဲ့ဒီလို၊ အဲ့ဒီလို ကြောက်စရာကောင်းတဲ့ စကားတွေ မပြောပါနဲ့။”

တကယ်ပင် သူ့အတွက် ဒုတိယအကြိမ် အခွင့်အရေးပေးခြင်းဆိုလျှင်...

ဘုရားသခင်က ငါ့ဘက်မှာပဲ။

ဂွမ်ချယ်ဝူက အေးစက်စွာ နှုတ်ခမ်းထောင့်ကိုပင့်ပြီး ပြုံးလိုက်သည်။

~~~~

ပေါက်ကွဲမတတ် ကိုက်ခဲနေသော ခေါင်းကိုကိုင်ရင်း နိုးလာတော့ မနက်ပင် ရောက်နေချေပြီ။ အီယွန်းတစ်ယောက် ဝန်ထမ်းများနှင့်စားသောက်ပွဲ မည်သို့ပြီးသွားမှန်းပင်မသိဘဲ ယိုင်တိုင်တိုင်နှင့် ထလိုက်၏။

တစ်ချိန်တည်းမှာပင် ရေချိုးခန်းတံခါး ပွင့်လာကာ ခါးအောက်ပိုင်းတွင် တဘက်အကြီးကြီး ပတ်ထားသောလူက ရေစက်လက်နှင့် လမ်းလျှောက်ထွက်လာသည်။

ထင်ရှားပြီး ကျယ်ပြန့်သော ပခုံး၊ အချိုးအစားကျလှသော ရင်အုပ်နှင့် ဝမ်းဗိုက်။ မသုတ်ရသေးသော ရေစက်လေးများက အီယွန်း၏ မြင်ကွင်းထဲသို့ ရှောင်လွှဲရခက်အောင် ဝင်ရောက်လာ၏။

“ကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လား။”

“အဲ့၊ အဲ့ဒါက ဘာဖြစ်လို့။ အဲ့ဒါက ဘာကြီးလဲရှင့်။”

“ဘာကလဲ။”

“နေပါဦး ဘာလို့ ဒီလောက်တောင် အဲ့ဒါကြီးက……”

အီယွန်းတစ်ယောက် ယခုအထိ ရေငွေ့နွေးနွေး တက်လာနေဆဲဖြစ်သော ထိုလူကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။ ဤကဲ့သို့ အလိုက်ကန်းဆိုးမသိ အကဲခတ်နေခြင်းက ယဉ်ကျေးမှုမရှိရာရောက်မှန်း သိသော်လည်း လူသားတို့၏ စပ်စုလိုစိတ်က ထင်ထားသည်ထက် ပို၍ ခေါင်းမာလှ၏။

အမူးပါ ပြေသွားရသည်။

ခါးအောက်ပိုင်းတွင် ပတ်ထားသည့် တဘက်က ဖောင်းထွက်နေသောကြောင့်ပင်။ ဘယ်သူကြည့်ကြည့် ကြည့်ရဆိုးသည့်ပုံစံမျိုးဖြစ်နေသော်လည်း အဝတ်အောက်မှ မသိမသာ ထွက်ပေါ်နေသည့် ပုံရိပ်က…….

“အီယွန်း၊ ကိုယ် မနေ့က အရက်မူးပြီး ပြောခဲ့တာတွေ မှတ်မိလား။”

“……ရှင်၊ ရှင်။”

အီယွန်း ထိတ်လန့်သွားကာ မျက်လုံးချင်း ဆုံအောင်ကြည့်လိုက်မိသည်။ တည်ငြိမ်သယောင်နှင့် ဆံပင်ကို သပ်တင်လိုက်သော်လည်း နီရဲနေသော မျက်ဝန်းများကိုဖုံးကွယ်ရန် နည်းလမ်းမရှိခဲ့ပေ။

“ဂွမ်ချယ်ဝူက ဘာ……ပြောခဲ့လို့လဲရှင့်။”

“မှတ်ဉာဏ်တွေ နည်းနည်းပြန်ရလာပြီလို့။”

ထိုလူက မျက်ခုံးကို မသိမသာ ကျုံ့လိုက်သည်။ ပြုံးနေသလား၊ ငိုနေသလား ခွဲခြားရခက်လှ၏။

“……ရှင်။”

ပါးစပ်က အဟောင်းသားဖြစ်သွားကာ မျက်နှာကလည်း ဖြူဖျော့သွားတော့သည်။ လေထဲတွင် လွင့်နေသော ဖုန်မှုန့်များ ရုတ်တရက် နှာခေါင်းထဲသို့ ပိတ်ဆို့သွားသလိုပင်။ အသက်ရှူရခက်ခဲလာ၏။

“ဘာ၊ ဘာကို…….။ အခု ဘာပြောလိုက်တာ…….”

အသံက အားမပါစွာ တုန်ယင်လာသည်။

သူ့ဆံပင်မှ တတောက်တောက်ကျနေသော ရေစက်များက အီယွန်း၏ဒူးပေါ်သို့ စိုစွတ်စေခဲ့၏။ အစက်အပြောက်လိုက် စိုထိုင်းလာသည့် ညဝတ်အင်္ကျီက အေးစက်သွားသည်။

ဂွမ်ချယ်ဝူက တုန်ယင်နေသော အီယွန်းကို နားမလည်နိုင်သလို မျက်နှာထားဖြင့် ငုံ့ကြည့်ရင်း တိုးတိုးလေးဝန်ခံလိုက်၏။

“ကိုယ် သေဖို့လုပ်ခဲ့တာ။”

“……”

အချိန်က ရပ်တန့်သွားသလို အီယွန်း၏ မျက်ဝန်းများ ပြူးကျယ်သွားရသည်။

သေဖို့……လုပ်ခဲ့တယ်တဲ့လား။

ဤသည်မှာ အီယွန်းမသိခဲ့သည့် အကြောင်းအရာပင်။

“နောက်ဆုံးအချိန်အထိ လက်မလွှတ်ခဲ့တဲ့ မျက်နှာက ဘယ်လိုပဲဖြစ်ဖြစ် အီယွန်းပဲထင်တယ်။ ဟုတ်တယ်မဟုတ်လား။”

အီယွန်းတစ်ယောက် ကျောက်ရုပ်လို တောင့်တင်းသွားကာ ဘာစကားမှ မပြောနိုင်ခဲ့ပေ။

အီယွန်းက အမှန်တရားကို ဖုံးကွယ်ပြီး လိမ်လည်လှည့်ဖြားသည့်ဘက်တွင် ရှိခဲ့သူဖြစ်ရာ ဂွမ်ချယ်ဝူနှင့် ပတ်သက်သော ဆက်ဆံရေးတွင် အမြဲတမ်း အသာစီးရနေခဲ့၏။ သို့သော် ယခုတော့ ပထမဆုံးအကြိမ်အဖြစ် လှည့်စားခံရသည့် အခြေအနေသို့ ရောက်သွားပေပြီ။

“လွန်ခဲ့တဲ့ ၂ နှစ်က၊ တကယ်တော့ ကိုယ် သေသွားခဲ့တာ။”

ဂွမ်ချယ်ဝူက ခုတင်ပေါ်တွင် ဒူးထောက်ပြီး အီယွန်းကို ငုံ့မိုးကြည့်နေသည်။ ခွင့်လွှတ်မှု တောင်းခံနေသည့် ပုံစံမျိုးဖြစ်သော်လည်း အီယွန်းကမူ သူကသာ အသာစီးရလွှမ်းမိုးထားသူတစ်ယောက်လို ကြည့်နေသည်ဟု ခံစားမိနေ၏။

ထိုလူ၏ ကားထားသော ဒူးနှစ်ဖက်ကြားတွင် အီယွန်း၏ ခြေထောက်နှစ်ဖက်က ပိတ်မိနေသည်။ ကြွက်သားများကြားမှ စီးကျလာသော ရေစက်များကို အနှေးပြကွက်သဖွယ် မြင်နေရသည်အထိ နီးကပ်လွန်းသည့်အကွာအဝေးပင်။

“ကိုယ်က သေသွားခဲ့ပြီ။”

သူက အီယွန်းကို ရိုက်သွင်းနေသလို ပြတ်သားစွာ ထပ်ပြောခဲ့သည်။

“အဲ့ဒီ ဂွမ်ချယ်ဝူက သေပြီးသားလူပဲ။”

“…….”

“တစ်ခါမှလည်း ပြန်နိုးလာဖို့ မတောင့်တခဲ့ဖူးဘူး။”

မှတ်ဉာဏ်ဟာကွက်များကို အသုံးချခြင်းက ယခုမူ အီယွန်းတစ်ယောက်တည်း မဟုတ်တော့ပေ။ ဂွမ်ချယ်ဝူက မိမိ၏ အတိတ်ကို အကုန်အစင် ဖျောက်ဖျက်ပစ်လိုက်ခြင်းဖြင့် အီယွန်းကို နှစ်သိမ့်ပေးချင်မိသည်။

သူ့အပေါ် ပြန်ပြင်၍မရမည့် ဒဏ်ရာများပေးခဲ့သည့်လူက ယခု မရှိတော့ဘူးဟူ၍။ ထိုစဉ်က သေသွားခဲ့ပြီဟူ၍။

အီယွန်း၏ ပိတ်ထားသော နှလုံးသားတံခါးကို နည်းနည်းလေးပဲဖြစ်ဖြစ် ဟပေးကာ မျိုးစေ့အသစ်လေးတစ်ခု ဖြစ်လာနိုင်မည်ဆိုပါလျှင်။ လိမ်ညာရသည်ကိုလည်း နောင်တမရပေ။

“……တကယ်၊ တကယ်ပဲ မှတ်မိသွားတာလားဟင်။”

“မယုံဘူးလား။”

အီယွန်း၏ ကြောင်တောင်တောင် မျက်ဝန်းများတွင် ဇဝေဇဝါ သံသယများ ပြည့်နှက်သွား၏။

လူကို မြေမြှုပ်နေသည့်လူက သေဖို့ကြိုးစားခဲ့သတဲ့လား။

မဖြစ်နိုင်။

အီယွန်း ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။

အမှန်ဟုတ်၊ မဟုတ် သိနိုင်ရန် သူ့ကို စိုက်ကြည့်လိုက်၏။ ဂွမ်ချယ်ဝူက အကြည့်လွှဲမသွားလေရာ ထိုကြောင့်ပင် အကြည့်ချင်းစစ်ခင်းမှုက အဆုံးမရှိ ရှည်လျားနေလေသည်။

ရုတ်တရက်၊ ထိုညက တောင်ပေါ်တွင် ဂွမ်ချယ်ဝူနှင့် နောက်ဆုံးအကြိမ် အကြည့်ချင်း ဆုံခဲ့သည့် အချိန်ကို သတိရသွား၏။

'ငါ့ကိုကြည့်ပြီး အံ့သြသွားတဲ့ပုံပဲ။'

ပြန်စဉ်းစားကြည့်လျှင် အီယွန်းက သူ့အကြောင်း ဘာမှမသိခဲ့ပေ။

ညတိုင်း မည်သို့သော အိပ်မက်ဆိုးများ မက်နေသလဲဟူသည်ကိုရော၊ ဂွမ်ဂီဆော့ ပြောသလို နားပါးသည့်လူက ဘာကြောင့် အလစ်တိုက်ခိုက်ခံခဲ့ရသလဲဟူသည်ကိုပါ။

သူ၏ ဝန်ခံချက်ကို သံသယဝင်ကြည့်ရန်ပင် နဂိုကတည်းက မသိသည့်အရာများ များလွန်းနေသဖြင့် ကြိုးစားမှုတိုင်းက အလကားဖြစ်နေသလို ခံစားရ၏။

ထိုအချက်များတွင်မူ မှတ်ဉာဏ်ပျောက်နေသည့် ဂွမ်ချယ်ဝူနှင့် ဘာမှမသိသော မိမိက အတူတူပင်။

ထိုလူက သူ အပြစ်ကင်းကြောင်း သက်သေပြနေသည့်အလား တစ်စက်ကလေးမှ မတုန်လှုပ်သော မျက်ဝန်းများဖြင့် ကြည့်နေဆဲဖြစ်ကာ နောက်ဆုံးတွင် အီယွန်း၏ မျက်ဝန်းများက အရင်ဆုံး တုန်လှုပ်သွားရသည်။

“အခုကစပြီး မှတ်ထားရမှာက တစ်ခုတည်းပါပဲ။”

တဒင်္ဂဖြစ်ဖြစ် တစ်ယောက်တည်း စဉ်းစားချင်သော်လည်း ထိုလူက အခွင့်အရေး လုံးဝမပေးခဲ့။ နူးညံ့သည့်အသံဖြစ်နေပါလျက် ထူးဆန်းစွာ ချွေးစေးများ ထွက်လာရသည်။

“အီယွန်းက ကိုယ့်ကို ကြင်နာတတ်တဲ့သူဆိုပြီး ပြောခဲ့လို့ အမြန်ဆုံး အဲ့ဒီလို ခင်ပွန်းမျိုး ဖြစ်ချင်ခဲ့တာပါ။ အဲ့ဒါကြောင့် ဦးနှောက်ထဲက ဟာကွက်တွေကို မိန်းမဖြစ်သူရဲ့ စကားတွေနဲ့ပဲ အကုန်ဖြည့်လိုက်ပါပြီ။”

“…….”

“အဲ့ဒါကပဲ ကိုယ့်ရဲ့ လမ်းညွှန်အမှတ်အသားမို့လို့။”

သူက ရှင်းလင်းပြတ်သားပြီး ရပ်တည်ချက်ခိုင်မာသလို တစ်ဖန် ရက်စက်နေပြန်သည်။

ထို့အပြင် ဤတစ်ကြိမ်တွင်မူ ဂွမ်ချယ်ဝူက အီယွန်းအတွက် လမ်းညွှန်အမှတ်အသားကို စိုက်ထူပေးနေ၏။

“သေသေချာချာ မှတ်ထားပါ။ ပထမခင်ပွန်းက လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက သေသွားခဲ့ပါပြီ။ ကိုယ်က အဲ့ဒီ အရင်ခင်ပွန်း မဟုတ်တော့ဘူး။ အကယ်၍ လက်စွပ်ရှိနေသေးရင် လွှင့်ပစ်လိုက်၊ ဓာတ်ပုံကျန်နေရင် မီးရှို့လိုက်ပါ။”

အီယွန်းတစ်ယောက် တရစပ် ပြောဆိုနေသော စကားများကြားတွင် စိတ်နှင့်ကိုယ် မကပ်နိုင်တော့ပေ။

“အီယွန်းက ခင်ပွန်းအသစ်ကို ယူလိုက်တာပဲ။ ပြီးတော့ ကိုယ်က အီယွန်း မှတ်မိနေတဲ့ 'အဲ့ဒီ ဂွမ်ချယ်ဝူ' ကို အရှုံးပေးဖို့ စိတ်ကူး လုံးဝမရှိဘူး။”

သူက မီးခိုးငွေ့လိုဝေနေသည့် ပိုင်ဆိုင်လိုစိတ်ကို အတိုင်းသား ထုတ်ပြလာသည်။

“ယဉ်ပါးအောင် လုပ်ပြီးရင် အဆုံးအထိ တာဝန်ယူရမှာပေါ့။”

အီယွန်းတစ်ယောက် အသာလေး အသက်ရှူသွင်းလိုက်ရာမှ ညည်းတွားလိုက်မိသည်။

မိမိလည်ပင်းတွင် မိမိဘာသာ သံအချုပ်အနှောင် ခတ်ခဲ့သည့်လူက ပြုံးနေကာ အီယွန်းကမူ ဤသည်ကို ကောင်းသည့်ကိစ္စလား၊ မကောင်းသည့်ကိစ္စလား မသိတော့ပေ။

~~~~

မျက်မှောင်ကြုတ်ခြင်းမရှိဘဲ ပြေပြစ်သော နဖူးပြင်နှင့် ကြည်လင်တောက်ပနေသော မျက်ဝန်းအိမ်။ ဂွမ်ချယ်ဝူက ပြတင်းပေါက်မှ ဖြတ်သန်းဝင်ရောက်လာသော မနက်ခင်းနေရောင်ခြည်ကို ခံယူရင်း မည်သူထက်မဆို အေးချမ်းတည်ငြိမ်စွာ ထိုင်နေခဲ့သည်။

ထိုပုံစံက စားပွဲဝိုင်းတွင် အတူတူ မနက်စာစားနေသည့် ယခုအချိန်နှင့်ပင် မလိုက်ဖက်လောက်အောင် ထူးဆန်းနေသဖြင့် အီယွန်းလည်း မဆီမဆိုင် ရေကိုသာ တဂွတ်ဂွတ် သောက်နေမိ၏။

‘……ဘာလို့ ဘာမှမမေးတာပါလိမ့်။ မှတ်ဉာဏ်တွေ ပြန်ရလာပြီဆိုရင် သိချင်တာတွေ အများကြီးရှိရမှာကို။ ဂွမ်ချယ်ဝူက တကယ်ပဲ သေဖို့ ကြိုးစားခဲ့တာလား။'

သို့သော် ဂွမ်ချယ်ဝူ၏ စိတ်ဝင်စားမှုမှာ လက်ရှိအခြေအနေပေါ်တွင်သာ ရှိနေသည်။ မနက်အစောကြီးကတည်းက ပဲပင်ပေါက်ဟင်းရည် ချက်ပြုတ်ပြင်ဆင်ပေးထားသော ထိုလူ၏ မျက်နှာမှာ အလွန်ပင် ကြည်လင်လန်းဆန်းနေ၏။

အီယွန်းလည်း ထမင်းလုံးများ ပါးစပ်ထဲ မည်သို့ရောက်သွားသည်ကိုပင် မသိဘဲ အရှေ့မှလူကို အကဲခတ်နေမိသည်။

ထိုင်နေသည့် ပုံစံမှာ မတ်မတ်ဆန့်ဆန့်ရှိပြီး၊ သေသေသပ်သပ် ကိုင်ထားသော တူမှာလည်း ထောင့်ချိုးမှအစ အနေအထားအထိ သင်ခန်းစာ စာအုပ်ထဲကအတိုင်း ပြီးပြည့်စုံလွန်းလှ၏။

ပန်းကန်ခွက်ယောက် ထိခတ်သံဖြစ်စေ၊ အစားဝါးသံဖြစ်စေ လုံးဝမထွက်ခဲ့ပေ။ ဂွမ်ချယ်ဝူထံမှ ထင်မှတ်မထားထားသော တည်ငြိမ်အေးချမ်းမှုများ စီးဆင်းလာသောအခါ အီယွန်းလည်း မျက်မှောင်ကို အသာလေး ကြုတ်လိုက်မိသည်။

အီယွန်းက အလကားနေရင်း ပါးကိုပွတ်သပ်ကာ ဇွန်းကို ချလိုက်၏။

“ဂွမ်ချယ်ဝူရှင့်။”

“ဗျာ။”

သူက ထုံးစံအတိုင်းပင် ချက်ချင်း မျက်လုံးချင်း ဆုံလာသည်။

“ကျွန်မကို ပြောစရာမရှိဘူးလားဟင်။ သိချင်တာမျိုးဖြစ်ဖြစ်……”

“သိပ်မရှိပါဘူး။”

“ဘာဖြစ်လို့လဲရှင့်။”

အီယွန်းက နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်မိသည်။

ထိုစဉ် ထောက်ခနဲအသံနှင့်အတူ သူက တူကို အသံမြည်အောင် ချလိုက်၏။ ယင်းမှာ ဂွမ်ချယ်ဝူ စားပွဲဝိုင်းတွင် ထိုင်ပြီးသည့်နောက် ပထမဆုံးအကြိမ် ထွက်ပေါ်လာသော ဆူညံသံပင်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment