no

Font
Theme

အပိုင်း ၆၄

ကြောက်ရွံ့တုန်လှုပ်ပြီး အချိန်ဆွဲနေမည်ဆိုပါက ကျဉ်းမြောင်းသော ဤဂူလေးသည်လည်း ဆက်လက်၍ ဘေးကင်းနိုင်တော့မည်မဟုတ်ပေ။

ယခုပင် မြေကြီးများက အပေါက်ဝကြားမှတစ်ဆင့် တိုးဝင်လာနေပေပြီ။ အီယွန်းက ခါးကိုကျော်ကာ ညှပ်ရိုးအထိ တရိပ်ရိပ်တက်လာသော အနီရောင် ရေနောက်များကြားတွင် မျက်နှာကို တင်းထားလိုက်၏။

လေးလံပျစ်စေးနေသော မြေနှစ်များအပေါ်တွင် တစ်စစီဖြစ်နေသော အပျက်အစီးများ ပေါလောပေါ်နေသည်။ စေးကပ်သော ရွှံ့နွံများကြောင့် စိတ်မသက်မသာ ဖြစ်ရသော်လည်း အီယွန်းက အသက်ကို ဝအောင်ရှူကာ ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။

ဤနေရာမှ ထွက်သွားရပေမည်။

အနာတရဖြစ်မည်ဆိုလျှင်ပင် သူ့အနားသို့ တိုးကပ်သွားချင်မိသည်။

ကျောပိုးအိတ်ကို ဖယ်ရှားလိုက်သည်နှင့် ရေနောက်နောက်များက မေးစေ့အထိ တက်လာတော့၏။

“ဟင်း……”

အီယွန်းလည်း အသက်ကို တစ်ချက်ပြင်းပြင်းရှူလိုက်ပြီး ပြင်းထန်သော ရေစီးနှင့်အတူ တိုးဝင်လာသည့် မြေကြီးနှင့် ကျောက်ခဲများအောက်သို့ ခေါင်းကို နက်နက်နှစ်ကာ ငုပ်လျှိုးလိုက်သည်။ ကျောက်ခဲလေးများက မျက်နှာကို ဆားဖြင့်ပွတ်နေသလို စပ်ဖျဉ်းဖျဉ်းနှင့် နာကျင်စေ၏။ စေးကပ်သော မြေနှစ်များက မျက်ခွံ၊ ပါးစပ်နှင့် နှာခေါင်းပေါက်များတွင် ကပ်ငြိနေသော်လည်း အီယွန်းက ကျောပိုးအိတ်တစ်လုံးကို အနိုင်နိုင်ဆွဲကိုင်ကာ လွတ်မြောက်အောင် ထွက်လာခဲ့သည်။

“ဟူး……”

ကိုယ်ကို မတ်ပြီးသည်နှင့် တစ်ပြိုင်နက် ပါးစပ်ကို အလျင်အမြန်ဟကာ အသက်ကို အလုအယက် ရှူသွင်းလိုက်၏။ မြေစိုင်မြေခဲများက ပါးစပ်ထဲသို့ အတိုင်းသား ဝင်လာသလို မျက်လုံးနှင့် မျက်နှာတို့ကလည်း စပ်ဖျဉ်းနေသည်။ အီယွန်းတစ်ယောက် ပါးစပ်ကို ပိတ်ရမလို၊ ပိုဟရမလို ဖြစ်နေရာမှ မြေကြီးများကို ထွေးထုတ်ပစ်ကာ အင်္ကျီဖြင့် မျက်နှာကို ခပ်ကြမ်းကြမ်း သုတ်လိုက်၏။

သို့သော် စေးကပ်သော ရွှံ့နွံထဲသို့ ဇောက်ထိုးကျပြီးမှ ပြန်ထွက်လာသော သူ၏ ပုံပန်းသဏ္ဌာန်ကို ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်ပေ။ မျက်လုံးတစ်ဝိုက်ကိုသာ သေချာသုတ်ထားသဖြင့် ဆံပင်မှစ၍ မျက်နှာ၊ လည်ပင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းတို့က အသွင်​ဖျက်ထားသော စစ်သားတစ်ယောက်အလား မည်းမှောင်နေတော့သည်။

မကြာမီ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော အီယွန်း၏ မျက်နှာက ဖြူဖျော့သွား၏။

“……”

ခန့်မှန်းထားသော်လည်း တကယ်တမ်းတွင် တောအုပ်တစ်ခုလုံးက မှိုင်းညို့ကာ စေးကပ်သော မြေစိုင်မြေနှစ်များဖြင့် ပြည့်နှက်နေသည်။ ပေါလောပေါ်နေသော သစ်ကိုင်းကျိုးများ၊ သစ်ရွက်များနှင့် မှော်ပင်များက ရှုပ်ထွေးညစ်ပတ်လှ၏။

ခါးအထိ နစ်နေသော မြေစာပုံများကြောင့် လှုပ်ရှားရသည်က မလွယ်ကူသဖြင့် အီယွန်း ကျောပိုးအိတ်ကိုဖွင့်ကာ တောင်တက်ကြိုးကို ထုတ်လိုက်သည်။ ထို့နောက် မကျိုးသေးသော သစ်ကိုင်းတစ်ခုတွင် ချိတ်ကိုချိတ်ကာ သူ၏ကိုယ်နှင့် ကြိုးကို ဆက်သွယ်လိုက်၏။ ထိုကဲ့သို့ အရိုးရှင်းဆုံးသော အသက်ကယ်ကြိုးကို ချည်နှောင်ပြီးမှသာ ခြေလှမ်းများကို စတင်လှမ်းလိုက်သည်။

“ဂွမ်ချယ်ဝူ။”

အီယွန်း ဟိုဟိုဒီဒီဝေ့ဝဲကြည့်ရင်း အစွမ်းကုန် အော်ဟစ်လိုက်သည်။ သို့သော် ပြန်လည်ကြားရသည်က တိတ်ဆိတ်မှုသာဖြစ်ကာ ပြောင်ရှင်းအောင် တိုက်စားသွားသော အရာအားလုံးက ဂွမ်ချယ်ဝူကို ဖုံးကွယ်ထား၏။

သူ့ကို မည်သည့်နေရာတွင်မျှ မတွေ့ရပေ။

ဘယ်အထိများ မျောပါသွားပြီလဲ၊ မဟုတ်မှ ဒဏ်ရာရပြီး အောက်ခြေမှာ နစ်နေတာများလား။

အီယွန်း ဝေခွဲမရဖြစ်နေသဖြင့် အရှေ့သို့သာ ဆက်လက်တိုးဝင်နေမိသည်။

“ဂွမ်ချယ်ဝူ….”

ခဲနေသော မြေကြီးများကို တိုးထွက်ရသည်က ဧရာမ ကားတာယာ အများအပြားကို ဆွဲနေရသလို လေးလံလှသည်။ သေးသွယ်သော ခန္ဓာကိုယ်က အနောက်သို့ ဆက်တိုက် လွင့်ပါသွားကာ ယိုင်နဲ့နေသော်လည်း ယခု သူခံစားနေရသည့် စိတ်ပျက်အားငယ်မှုနှင့်ယှဉ်လျှင် ဘာမှမဟုတ်သေးပေ။

“ဂွမ်ချယ်ဝူ။”

ဂျိမ်းခနဲ မိုးခြိမ်းသံနှင့်အတူ လျှပ်စီးများ လက်သွားသည်။ နဂိုကပင် အုံ့မှိုင်းနေပြီးသား ရာသီဥတုတွင် ရုတ်တရက် မည်းမှောင်သော တိမ်တိုက်များပါ ဖုံးလွှမ်းလာသဖြင့် အာခြောက်လာရ၏။

ထိုစဉ် ကောင်းကင်တွင် ဝဲပျံနေသော ဒရုန်းကို မြင်လိုက်ရသည်နှင့် အီယွန်း လက်ကို အားရပါးရ ဝှေ့ယမ်းလိုက်၏။

“ဒီမှာပါ….ဒီမှာ”

ဤမျှအတိုင်းအတာရှိသော တောင်ပြိုမှုမျိုးဆိုလျှင် သက်ဆိုင်ရာလူများက လျင်မြန်စွာ လှုပ်ရှားနေလောက်ပေပြီ။ ကယ်ဆယ်ရေးအဖွဲ့ မကြာမီ လာပေလိမ့်မည်။ သို့သော် အချိန်ကို ဤအတိုင်း ဖြုန်းတီးပစ်ရန်က ပျောက်ဆုံးနေသော ဂွမ်ချယ်ဝူကို တွေးမိတိုင်း သွေးပျက်မတတ်ခံစားရ၏။ ခဏတွင်းချင်း သူ့ကို တွေ့ချင်ဇောဖြင့် မျက်လုံးများ ဝေဝါးလာသည်။

“ဟင့်…… အင့်……”

အောက်သိုးသိုး မြေပုပ်နံ့က နှာခေါင်းကို ထိုးဆွနေပြီး ကျောက်ဆောင်များကြောင့် ခြေချော်ကာ ရွှံ့နွံထဲသို့ ထပ်တလဲလဲ ချော်ကျနေရ၏။ လက်နှစ်ဖက်ကို ဆွဲချနေသလို ကပ်ငြိနေသော အပျက်အစီးများက လေးလံလှသည်။ ဤကဲ့သို့ ပျက်စီးယိုယွင်းနေသော နေရာတွင် ဂွမ်ချယ်ဝူက ဘယ်မှာရှိနေနိုင်မည်နည်း။

နှုတ်ခမ်းများ တုန်ယင်လာကာ အချိန်မရွေး ငိုချမိတော့မလိုပင်။ သို့သော် အီယွန်းက မျက်လုံးကို တင်းတင်းပိတ်ကာ ကျောက်ခဲကဲ့သို့ လေးလံနေသော ခံစားချက်များကို မျိုချလိုက်၏။ ထိလွယ်ရှလွယ် မျက်ရည်ကြည်တို့က အပ်နှင့် ထိုးသလို နာကျင်စေသော်လည်း မငိုချင်သေးပေ။

ခေတ္တ အသက်ကို ပြင်းပြင်းရှူပြီးနောက် အီယွန်း ပြန်လည်မော့ကြည့်လိုက်သည့် အခိုက်အတန့်တွင်။

နှစ်ပိုင်းကျိုးနေသော သစ်လုံးပေါ်၌ လျှော်ထားသည့်အဝတ်လို မှောက်လျက်သား ဖြစ်နေသော လူရိပ်တစ်ခုက အီယွန်း၏ အကြည့်ကို ဖမ်းစားသွားသည်။

“……”

လည်ချောင်းထဲတွင် စို့နင့်လာ၏။ အမြန်ပြေးသွားချင်သော်လည်း ထူးဆန်းစွာ အဆစ်အမြစ်များတွင် အားမရှိတော့ပေ။ ချက်ချင်းဆိုသလို ပြည့်လျှံလာသော မျက်ရည်တို့က ဝန်ကို မခံနိုင်တော့ဘဲ တောက်ခနဲ ကျလာသည်။ နောက်ဆုံးတွင် အောက်ခြေကို ခြစ်ထုတ်လိုက်သလို အော်သံက ထွက်ပေါ်လာတော့၏။

“ဂွမ်…… ဂွမ်ချယ်ဝူ……. ဂွမ်ချယ်ဝူ။”

သူ့ပုံစံကလည်း အီယွန်းနှင့် မခြားပေ။ စေးကပ်သော အမည်းဆီများ လောင်းချခံထားရသည့် သိန်းငှက်တစ်ကောင်အလား နဂိုမျက်နှာကို လုံးဝမတွေ့ရတော့။ အီယွန်းလည်း ခွေကျသွားလုမတတ် တုန်ယင်နေသော ဒူးများကို အနိုင်နိုင်ထိန်းကာ သူ့ဆီသို့ ပြေးသွားလိုက်သည်။

ပထမဦးစွာ မိမိ၏ကြိုးကိုဖြုတ်ကာ ဂွမ်ချယ်ဝူ၏ခါးတွင် ပတ်လိုက်ပြီး သူ့ကို အသာအယာ လှန်လိုက်၏။ တင်းတင်းပိတ်ထားသော မျက်ခွံများကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် အီယွန်း၏ နှလုံးက ဒုတ်ခနဲ ပြုတ်ကျသွားသလိုပင်။

သတိလစ်နေသော ထိုလူက သေဆုံးနေသလို လှုပ်ရှားမှုမရှိဘဲ ကွဲနေသောနဖူးမှ သွေးများ စီးကျနေသည်။ အီယွန်း မေးဖျားများ တုန်ရီလျက် သူ့ရင်ဘတ်တွင် နားကို ကပ်လိုက်၏။

“ဂွမ်၊ ဂွမ်ချယ်ဝူ၊ ကျွန်မစကား ကြားရလားဟင်။”

တစ်ယောက်တည်း ပြောနေရသည်ဆိုလျှင်ပင် သူ့ကို စကားမပြောဘဲ မနေနိုင်ပေ။ တစ်ဖက်ကလည်း မေးစေ့အောက်သို့ လက်ချောင်းများ ထိုးသွင်းကာ အားနည်းစွာခုန်နေသော သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ စိတ်အေးသွားခြင်းလား၊ မကျေနပ်ခြင်းလား မသိရသည့် ညည်းတွားသံ ထွက်ပေါ်လာ၏။

“ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီးတော့။”

အီယွန်းက ဂွမ်ချယ်ဝူ၏ခေါင်းကို အနည်းငယ် စောင်းပေးကာ ပါးစပ်ထဲတွင် ပြည့်နေသော မြေကြီးများကို ကိုယ်တိုင်ဖယ်ထုတ်ပေးခဲ့သည်။ သူ၏ အေးစက်နေသော ပါးစပ်အတွင်းသားများကို ပွတ်တိုက်မိသည့် လက်ချောင်းများက အလျင်စလိုဖြစ်နေ၏။ သူ့မေးရိုးကို တင်းတင်းဆုပ်ကိုင်ကာ လက်ချောင်းနှစ်ချောင်းဖြင့် ပါးစပ်ထဲမှ မြေကြီးများကို နှိုက်ထုတ်ပစ်လိုက်သည်။

လူ့အသက်ကယ်သည့် အလုပ်ကို တစ်သက်လုံး စိတ်မဝင်စားခဲ့သော်လည်း အီယွန်းတစ်ယောက် မိမိက သစ်ပင်မှလွဲ၍ ဘာမှမသိသည့်အဖြစ်ကို ဤအခိုက်အတန့်တွင် အကြီးအကျယ် နောင်တရမိတော့၏။

သို့သော်လည်း သူ မျက်လုံးပွင့်လာသည်အထိ လုံးဝ အားမလျှော့ရန် သန္နိဋ္ဌာန်ချကာ သွားကို ကြိတ်ထားလိုက်သည်။ ထိုစဉ်မှာပင် အီယွန်း အသက်ရှူရပ်မတတ် သူ့ကို စိုက်ကြည့်မိသွား၏။

“……”

ကျောပိုးအိတ်ကိုဖွင့်ကာ တဘက်နှင့် စောင်ကို ရှာနေစဉ် သူ့မျက်ခွံများက တဆတ်ဆတ် တုန်ခါလာသောကြောင့်ပင်။

ခဲနေသော ရေကန်အောက်မှ တစ်စုံတစ်ရာ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသည့် ကလေးတစ်ယောက်လို အီယွန်း အကြည့်မလွှဲနိုင်ဘဲ ရှိနေသည်။ နားထင်အထိ တဒိတ်ဒိတ် ခုန်နေသော နှလုံးခုန်သံက ကျယ်လောင်လှ၏။

ကမ္ဘာပျက်မတတ် ကြာရှည်လှသော အချိန်များကုန်ဆုံးပြီးနောက် နောက်ဆုံး ဂွမ်ချယ်ဝူနှင့် မျက်လုံးချင်းဆုံလိုက်သည့် အခိုက်အတန့်တွင်….

“…….”

“…….”

အညိုရောင်သမ်းသော ကြည်လင်သည့် မျက်ဝန်းများကို မြင်လိုက်ရသည်နှင့် အီယွန်းလည်း ရင်ထဲတွင် လှိုက်တက်လာသော ခံစားချက်ကြောင့် နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်မိသည်။ သူ့ရင်ဘတ်ကို ထုရိုက်ချင်စိတ် ပေါက်နေသော်လည်း ကျေးဇူးတင်ပြီး အားနာမိသောကြောင့် ခေါင်းမမော့နိုင်တော့ပေ။ သူ၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုကြောင့် အီယွန်း မည်မျှအထိ ကြောက်လန့်ခဲ့ရသနည်း။ ရင်ထဲတွင် အလုံးကြီးတစ်ခု တစ်နေတော့သည်။ တစ်ယောက်တည်း နောက်ထပ် မကျန်ရစ်လိုတော့ပေ။

“……ကျွန်မလည်း အခု သိသွားပြီထင်တယ်ရှင့်။”

“…….”

“ကျွန်မ ဝါယာကြိုးနဲ့ ချည်ထားခဲ့တဲ့ သစ်ပင်နှစ်ပင်လေ။ တစ်ခါတလေ အဲ့ဒီလမ်းက ပင်ပန်းစရာကောင်းပြီး မူမမှန်ဘူးလို့ ထင်ရပေမဲ့၊ အဲ့ဒီလိုလုပ်ပြီးတော့ပဲဖြစ်ဖြစ် နွေးထွေးမှုကို ဆုပ်ကိုင်ထားချင်တာ ဖြစ်မှာပါ။”

ထိုစဉ် နာကျင်မှုကို ခံစားရ၍လားမသိ၊ ဂွမ်ချယ်ဝူ မျက်နှာမဲ့သွားသည်။ ကြည်လင်မှုမရှိဘဲ ဝေဝါးနေသော မျက်ဝန်းများက အစိမ်းသက်သက်ဖြစ်နေ၏။ မျက်ခွံကို တစ်ဝက်သာ ဖွင့်ထားသော သူ၏ပုံစံက ပုံမှန်နှင့် အလွန်ကွာခြားနေသည်။ မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားသော ရွှံ့နွံများကြောင့်ပဲလား။ သူက အက်ရှရှအသံဖြင့် ပြောလာ၏။

“မင်းက ဘာလဲ။”

“……”

“ချီးပဲ အခု ဒါက ဘာတွေ….”

ပြတ်တောင်းပြတ်တောင်း ထွက်လာသော စကားလုံးတိုတိုလေးများက မိုးကြိုးပစ်လိုက်သလို အီယွန်းကို တုန်လှုပ်သွားစေတော့သည်။

ဂွမ်ချယ်ဝူက ပျက်စီးနေသော တောအုပ်ကိုကြည့်ရင်း ဆဲဆိုခဲ့၏။ နွေးထွေးမှုနှင့် အကြင်နာတို့ လုံးဝကင်းမဲ့နေသော အေးစက်စက်အသံက စိမ်းကားလှကာ အီယွန်းထံသို့ အကြည့်က ရောက်မလာခဲ့ပေ။

အီယွန်း ကျောရိုးတစ်လျှောက် တောင့်တင်းသွားကာ မလှုပ်ရှားနိုင်တော့သော်လည်း ထိုလူကိုသာ စိုက်ကြည့်နေမိသည်။ တကယ်တွေ့ချင်ခဲ့သော လူ၊ မိမိ၏ ခင်ပွန်းကို ရှာဖွေနေသည့်အလား။

ထိုစဉ် ယိုင်နဲ့လျက် ထရပ်လိုက်သော ဂွမ်ချယ်ဝူက တစ်ဖက်လက်ဖြင့် ပုခုံးကို ဆုပ်ကိုင်ကာ ညည်းတွားခဲ့သည်။

“……ဒဏ်၊ ဒဏ်ရာရသွားတာလား။ အဆင်ပြေရဲ့လားဟင်။”

သို့သော် သူ့ခန္ဓာကိုယ်ပေါ်သို့ လက်တင်လိုက်သည်နှင့် တစ်ပြိုင်နက် ဖြတ်ခနဲ ပုတ်ထုတ်ခြင်းခံလိုက်ရ၏။

“လက်နဲ့ မထိနဲ့။”

“…….”

ဆေးရှိန်တက်နေသလို၊ အိပ်မက်ထဲတွင် လမ်းပျောက်နေသလို ဝေဝါးနေဆဲဖြစ်သော မျက်လုံးတို့က စူးရှလှသည်။

ထိုလူက သွားကိုတင်းတင်းကြိတ်ကာ အဆစ်လွဲသွားသော ပုခုံးကို အသာလေး ပြန်တည့်ပစ်၏။ ဤကဲ့သို့ လုပ်ဖူးသည်မှာ တစ်ခါနှစ်ခါ မကသည့်အလား ကျွမ်းကျင်စွာ ပြုမူနေသောကြောင့် အီယွန်း၏ ပုခုံးလေးများပင် တွန့်သွားရသည်။

သူက ခေါင်းငုံ့ကာ အသက်ကို ခပ်မြန်မြန်ရှူရင်း နာကျင်မှုကို မျိုသိပ်နေ၏။ တင်းမာနေသော မေးရိုးက အလွယ်တကူ ပြန်ကျမသွားပေ။

အီယွန်း ကျောက်ရုပ်လို အသက်ပင်မရှူနိုင်ဘဲ ထိုပုံရိပ်ကို ငေးကြည့်နေစဉ် အီယွန်း၏ လက်မောင်းက ဖြတ်ခနဲ ဆွဲယူခံလိုက်ရသည်။

“ဒါတွေက အကုန် ဘယ်လိုဖြစ်ကုန်တာလဲ။ မင်းက ဘယ်သူလဲ၊ ငါက ဘာလို့ ဒီလိုပုံစံနဲ့ ဒီမှာရှိနေရတာလဲ။”

“…….”

ရှုပ်ထွေးနေသည့်အလား ပတ်ဝန်းကျင်ကို ကြည့်နေသော သူ၏ အမူအရာကြောင့် အီယွန်း ဘာစကားမှ မပြောနိုင်ခဲ့ပေ။ ခေါင်းအစ ခြေအဆုံး တစ်စစီ ပျက်စီးသွားသလို ထူးဆန်းသော ခံစားချက်ကြောင့် အီယွန်းလည်း လက်သီးကိုသာ တင်းတင်းဆုပ်ထားမိတော့သည်။

မတွေးချင်ဆုံးသော ထင်မြင်ချက်တစ်ခုက ခေါင်းထဲတွင် စိုးမိုးသွားပေပြီ။ တောအုပ်ကို ဖုံးလွှမ်းထားသော မြေကြီးပုံထက် ဂွမ်ချယ်ဝူ၏ မြူဆိုင်းနေသော မျက်ဝန်းတစ်စုံက အီယွန်း၏စိတ်အခြေကို ပို၍ ကြောက်စရာကောင်းစွာ၊ ပို၍ အကျည်းတန်စွာ လှုပ်ခါပစ်ခဲ့၏။

“မေးနေတယ်လေ။”

“…….”

“မင်း ဘယ်သူလဲလို့။”

ရှော့ခ်ရသွားသော အီယွန်းတစ်ယောက် ကိုယ်တိုင်ပင်မသိလိုက်ဘဲ ဂွမ်ချယ်ဝူ၏ ခေါင်းကို လက်ဖြင့် တစ်ချက် ထုမိသွားသည်။ ဘာမှမစဉ်းစားဘဲ လက်က အရင်ဦးအောင် လှုပ်ရှားသွားခြင်းပင်။

ရုတ်တရက် အထုခံလိုက်ရသော ဂွမ်ချယ်ဝူ၏ မျက်နှာထားက အေးစက်သွားကာ အီယွန်းကို စိုက်ကြည့်လာတော့သည်။ သူက အေးစက်စွာ ခြောက်ကပ်ကပ်ရယ်ရင်း အီယွန်း၏ လက်ကောက်ဝတ်ကို လိမ်ညှစ်လေ၏။

“သေချင်နေတာလား။”

“မ၊ မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ လုံးဝ အဲ့ဒီလို မဟုတ်….”

“ဒါက ဘာလုပ်တာလဲ။”

လူသတ်ချင်စိတ်များပေါ်နေသော သူ၏ အကြည့်ကြောင့် အီယွန်းလည်း စကားများ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားရသည်။

“ဖြစ်ချင်ဖြစ် ပြန်ပြီး သတိလစ်သွားပေးပါ။”

“ဘာ။”

“ဒါ၊ ဒါကတော့ မဟုတ်သေးပါဘူး။ တစ်ခုခု မှားနေတာပါ။ ဒါမျိုးတော့……. ဒါမျိုးတော့ မဖြစ်ပါဘူး……”

ခေါင်းထဲတွင် ရှုပ်ထွေးသွားရသည်က အီယွန်းလည်း ထပ်တူပင်။

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အစ/အဆုံး ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment