အပိုင်း ၂၀
“အခု ဘာတွေ လာပြော...”
ဟွမ်ဂျိုယွန်း အသံကျယ်သွားတော့ ဂယူဘဲ့က 'ဟိုး...' ဟု နှုတ်ခမ်းလေးများကို စက်ဝိုင်းသဏ္ဌာန် စုဝေးလိုက်သည်။
“အမြှုပ် ကောင်းကောင်းထွက်တတ်တာက သူ့ရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာဖြစ်ပါတယ်။”
ကလေး၏စကားက မမှားပေ။ သို့သော် ဟွမ်ဂျိုယွန်းက ဦးနှောက်ကောင်းသလောက် သူ့ကိုယ်သူ ဆင်ခြေပေးရာတွင်လည်း ထူးချွန်သူဖြစ်၍ မည်သို့သောအကြောင်းရင်းဖြင့် ရုတ်တရက် ဒေါသထွက်မည်ကို ဘယ်သူမှ သိနိုင်မည်မဟုတ်။
အီယွန်းက ပြတင်းပေါက်ကို ဆောင့်ပိတ်ကာ ဂယူဘဲ့ကို ဆိုဖာပေါ်တွင် ထိုင်ခိုင်းထားခဲ့ပြီးနောက် အိမ်ရှေ့တံခါးသို့ ထွက်သွားလိုက်၏။ ထင်သည့်အတိုင်း သူက တံခါးရှေ့တွင် စောင့်နေခဲ့သည်။
“နောက်တစ်ခါ ချောင်းကြည့်ရင် ရဲတိုင်မှာပါ။”
“တောင်း...တောင်းပန်ပါတယ်... ဟိုကောင်လေးက နင့်ကလေးတော့ မဟုတ်ဘူးမဟုတ်လား။”
ထိုစကားတွင်ပါသည့် အဓိပ္ပာယ်က နက်နဲလှ၏။
“...ကျွန်မကလေးဆိုတော့ရော ဘာဖြစ်လဲရှင့်။”
ဂယူဘဲ့က လူကောင်သေး၏။ ဒီနှစ် မူလတန်းကျောင်း စတက်ပြီဟုပြောလျှင် လမ်းသွားလမ်းလာ ရပ်ကွက်သားများပါ မျက်လုံးပြူးပြီး လှည့်ကြည့်ရလောက်သည့် အတိုင်းအတာအထိပင်။
သို့သော် သူ့မေးခွန်းက စပ်စုခြင်းဖြစ်ကာ၊ ထို့ထက်ပိုသည်က ထိန်းချုပ်၍မရတော့သော ဆိုအီယွန်းကို အပြစ်တင်နေခြင်းဖြစ်သည်။
“ဆိုအီယွန်း။”
သူက ရုတ်တရက် အော်ဟစ်ခဲ့သည်။
“နင်၊ နင်... အဲ့ဒီတုန်းက အဲ့ဒီလို ပျောက်သွားတာ ကလေးကြောင့်လား။”
“ပျောက်သွားတာ မဟုတ်ပါဘူး။ စီနီယာကြောင့် အလုပ်ဖြုတ်ခံလိုက်ရတာပါ။”
“ယောက်ျားနဲ့အိပ်ဖို့ အချိန်မရှိလောက်မှာကို...ငါ နင့်ကို ဘယ်လောက်တောင် စေ့စေ့စပ်စပ် ဂရုစိုက်ခဲ့သလဲ။ ဘယ်လိုလုပ် ကလေးရသွားရတာလဲ။ ဘယ်လိုလုပ်ပြီး နင်က ဒီလိုဖြစ်လာရတာလဲ။”
ထင်ထားသည့်အတိုင်း သူက နားထောင်ရန် စိတ်ကူးမရှိသည့်ပုံပင်။ ရုတ်တရက် ဟွမ်ဂျိုယွန်း၏ မျက်ခွံများ တုန်လာတော့ သူက အသားကျနေသည့်အလား လက်ဖဝါးဖြင့် ဖိထားလိုက်သည်။
အီယွန်းလည်း ဘာမှမပြောတော့ဘဲ ဖုန်းကိုယူကာ ၁၁၂ကို ခေါ်လိုက်၏။
“တိုင်တော့မှာပါ။”
“...အီယွန်းရယ်၊ ဘယ်လိုပဲ စဉ်းစားကြည့်ပါစေ နင် လက်ထပ်သွားတာကို မယုံနိုင်လွန်းလို့ပါ။ အကယ်၍ အကြွေးကြောင့် မတတ်သာလို့ နေနေရတာမျိုးတို့၊ ရှောင်လွှဲမရတဲ့ အခြေအနေကြောင့်တို့ဆိုရင် ငါ အတိုင်းအတာတစ်ခုအထိ နားလည်ပေးနိုင်တယ်။”
အာ၊ ထိုအကြည့်မျိုးကို တကယ် မုန်းသည်။ တစ်စုံတစ်ယောက်၏ ကယ်တင်ရှင် ဖြစ်သွားပြီဟူသော ထင်ယောင်ထင်မှားစိတ်ကူးထဲတွင် နစ်မျောကာ တစ်ယောက်တည်း သူရဲကောင်းလုပ်တမ်းကစားနည်းတွင် နစ်မွန်းနေသည့် ပေါတောတောပညာတတ်။
သို့သော် အထဲမှ အနှစ်သာရကို တူးဖော်ကြည့်လိုက်လျှင်တော့ မိမိ၏ သြဇာအာဏာ လွှမ်းမိုးချင်ရုံသက်သက်သာရှိသော ဝေဒနာစွဲကပ်နေသည့် စိတ်ဓာတ် သေးသိမ်နုံဖျင်းသူပင်။ ထိုသို့ သဘောထားသေးသိမ်သူ၏ ပစ်မှတ်ဖြစ်ခဲ့ရခြင်းကို အီယွန်းတစ်ယောက် အသစ်တစ်ဖန် ရှက်ရွံ့မုန်းတီးမိ၏။
“ဟုတ်ကဲ့၊ အဲ့ဒီက ရဲစခန်းလားရှင့်။”
အီယွန်းက သူ့မျက်လုံးကို တည့်တည့်စူးစိုက်ကြည့်ရင်း ဖုန်းပြောလိုက်သည်။
“နောက်ယောင်ခံလိုက်နေတဲ့သူတစ်ယောက် အိမ်ထဲ ကျူးကျော်လာလို့ တိုင်တာပါရှင့်။”
“အီယွန်းရယ်၊ ငါက နင့်ကို ဒီအတိုင်း စိုးရိမ်လို့ပါ...”
သူက သူ့ရင်ဘတ်သူ လက်ဖြင့် ပိုပိုကဲကဲ ထုလိုက်သည်။
“အရက်မူးပြီးတော့ အဓိပ္ပာယ်မရှိတာတွေ ပြောပြီး ရမ်းရမ်းကားကားတွေလည်း လုပ်နေလို့ပါ။”
အီယွန်းက ပြစ်မှုတစ်ခုကို ထပ်ပေါင်းထည့်လိုက်သည်။
“ဆိုအီယွန်း။”
သူက လုံးဝ သစ္စာဖောက်ခံရသလို မျက်နှာဖြင့် လည်ပင်းကြောများ ထောင်ထလာသည်အထိ အော်ဟစ်လေတော့၏။
“ငါ့မှာ အရင်ကရော၊ အခုပါ နင့်ကို ကောင်းစေချင်တာကလွဲရင် အပြစ်မရှိဘူး။”
ထိုစကားကြောင့် အီယွန်းက ဖုန်းကို နားမှခဏခွာကာ ပြန်ပြောလိုက်သည်။
“မဟုတ်ပါဘူး။ စီနီယာက ဒီအတိုင်း ပုရွက်ဆိတ် သတ်ရတာကို အရသာတွေ့နေတာပါ။”
ဟွမ်ဂျိုယွန်းက အီယွန်း၏ တလဲ့လဲ့ တောက်ပနေသော မျက်လုံးများကို စိမ်းသက်နေသည်ဟု တွေးလိုက်မိသည်။ သူမှတ်မိနေသော ဆိုအီယွန်းက အထီးကျန်ပြီး အတွင်းသို့ အလွယ်တကူ နစ်မြုပ်နိုင်ကာ လွယ်လွယ်နှင့် အညံ့ခံတတ်သော ကလေးတစ်ယောက်ပင်။
နှစ်များကြာ၍ ပြန်ဆုံတွေ့ရသည့် ယခုလက်ရှိ ဆေးရုံအုပ်ဆိုကမူ ထိုစဉ်က အငွေ့အသက်မျိုးနှင့် လုံးဝကွာခြားနေလေသည်။
ဤသည်မှာလည်း သဘာဝကျ၏။ ဤအတောအတွင်း အီယွန်းတစ်ယောက် အရှင်လတ်လတ် မြေမြှုပ်ခံရခြင်းကို မျက်မြင်တွေ့ခဲ့ရပြီး သေလုနီးပါးဖြစ်ခဲ့ရသည်။ ထိုလူသတ်သမားကိုပင် သူ့အိမ်ထဲတွင် နှစ်နှစ်ကြာအောင် ဝှက်ထားခဲ့ရ၏။
ထို့အပြင် ထိုလူနိုးလာတော့ ဘယ်လိုလုပ်ခဲ့ရသလဲ။ နေ့ရက်တိုင်းတွင် တင်းမာမှုက အဆက်မပြတ်ပေ။ ထို့ကြောင့် မျက်စိရှေ့တွင်ရှိနေသည့် ဤသို့သော ပေါတောတော စာကြမ်းပိုးကို လုံးဝ မကြောက်မိတော့။ အီယွန်း၏ သည်းခြေက လုံလောက်အောင် ကြီးလာခဲ့လေပြီ။
“ပုရွက်ဆိတ်လေးလောက်နဲ့ ကစားပြီး ဘုရင်လုပ်နေတာက ရယ်စရာပဲနော်။ ရှစ်နှစ်သား ဂယူဘဲ့တောင် အဲ့ဒီလို မလုပ်ဘူးရှင့်။”
ဟွမ်ဂျိုယွန်း၏ နှုတ်ခမ်းထောင့်စွန်းများ တဆတ်ဆတ် တုန်သွားတော့သည်။
“နင်... နင်၊ နင့်ယောက်ျားဆိုတဲ့ကောင်က အမှန်အတိုင်း သိရောသိရဲ့လား။ အရင်တစ်ခါ ကြည့်ရသလောက် စိတ်ဓာတ်က သာမန်မဟုတ်ဘူးနော်။ လိမ်ညာပေါင်းသင်းခံရပြီး ဒုက္ခရောက်နေတာ မဟုတ်ဘူးလား။”
သူက ထိုသို့ဖြစ်စေချင်သည့် လေသံမျိုးဖြင့် ပြောလာသည်။
“ငါက ဘာများ ကြီးကြီးမားမား တောင်းဆိုနေလို့လဲ။ ရပ်ကွက်ရုံးကို အတူသွားပြီး စာရွက်တစ်ရွက်လောက် ပြလိုက်ရုံနဲ့ သေသေသပ်သပ်ပြီးသွားမဲ့ ပြဿနာကို။ အဲ့ဒါကို မပြတဲ့ နင့်ကို ငါ ပိုပြီးမသင်္ကာတော့ဘူး။”
“စီနီယာ။”
“နင့်ရဲ့ အဲ့ဒီလို အချိုးက ငါ့ကို ရူးအောင်လုပ်နေတာလေ၊ နားမလည်ဘူးလား။”
သူက တံတွေးများစဉ်သည်အထိ လေထဲသို့ လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်ခဲ့သည်။
“ငါက စိတ္တဇဖြစ်နေတာမဟုတ်ဘူး။ ငါ့ကို ဒီလိုတွေ ပြုမူရုံအပြင်မရှိအောင် တွန်းပို့နေတဲ့ နင်ကမှ ပိုဆိုးတဲ့ မိန်းမ။”
တကယ် ဒေါသထွက်လွန်း၍ စကားဆက်ပြောလိုစိတ်ပင် မရှိတော့။ ဤစီနီယာနှင့် ကိုယ်ထိလက်ရောက် တိုက်ခိုက်သည်ကမှ ပိုကောင်းဦးမည်။ အီယွန်းက လှည်းပေါ်တွင် ပုံထားသည့် မြေကြီးမှ လက်တစ်ဆုပ်စာ ခပ်ယူကာ ပစ်ပေါက်တော့မည့်ပုံစံမျိုးဖြင့် လက်မြှောက်လိုက်သည်။ ထိုအခါမှ သူက လန့်ပြီး နောက်ဆုတ်သွား၏။
“ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေမှာ ဝင်မပါပါနဲ့။ အပင်ထက်သာတဲ့အချက် တစ်ခုမှမရှိဘဲနဲ့ ဘာလို့ ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်နေမှန်း မသိတော့ဘူး။”
အီယွန်း D ဆေးရုံမှ မောင်းထုတ်ခံခဲ့ရသည်မှာ ဘယ်နှနှစ်ရှိသွားခဲ့ပြီလဲ။ ဟွမ်ဂျိုယွန်းက ထိုမျှအထိ သစ္စာရှိသူမဟုတ်။
ဤအတောအတွင်း အခြားမိန်းကလေးများထံတွင် အကြိမ်ကြိမ် အငြင်းခံခဲ့ရပြီး အချိန်အတော်ကြာမှ အီယွန်းကို ပြန်တွေ့တော့ လွယ်လွယ်ကူကူ ဆက်ဆံ၍ရသည့် အတိတ်ကို ပြန်တွေးကာ ရိုင်းစိုင်းသည့်အပြုအမူများကို ထပ်လုပ်ခြင်းဖြစ်ပေမည်။
“ပြီးတော့ ကျွန်မမှာ ကြောက်စရာကောင်းတဲ့ခင်ပွန်း ရှိနေပါပြီ။”
“အီယွန်းရယ်။”
သူက ရင်ထဲတွင် နာကျင်ခံစားနေရသလို မျက်နှာနှင့် အသနားခံခဲ့သည်။
“ကိုယ်တွေ့ဆိုပေမဲ့ အမျိုးသားက လူတွေကို တအားကိုက်တတ်တာပါ။”
အီယွန်းက ရုတ်တရက် ထိုညကအဖြစ်ကို ပြန်တွေးမိရင်း ချောင်းတစ်ချက်ဟန့်လိုက်သည်။ ထို့နောက် အသံကိုနှိမ့်ကာ နောက်တစ်ကြိမ် ထပ်မံအသိပေးလိုက်၏။
“အဲ့ဒါတင်မကသေးဘူး မြေမြှုပ်တဲ့နေရာမှာလည်း ဘယ်လောက်တော်လိုက်လဲ။”
အီယွန်းက ဂေါ်ပြားများ အပြည့်ရှိနေသည့် ခြံဝင်းကို ခေါင်းငဲ့ကာ ပြလိုက်သည်။
“အလကားနေရင်း မျက်လုံးထဲဝင်အောင် မနေပါနဲ့။”
အီယွန်းက လက်ကို တဖတ်ဖတ်ခါပြီး အထဲဝင်သွားလိုက်၏။
သို့သော် ဝိုးတဝါး နှစ်ဆယ့်နှစ်နှစ်အရွယ် အီယွန်းကိုသာ မှတ်မိနေပြီး ‘လမ်းပျောက်နေတဲ့ သိုးငယ်လေးရဲ့ ဝိညာဉ်ကို ငါပဲ ဦးဆောင်ပေးရမယ်’ ဟု တွေးနေသော ဟွမ်ဂျိုယွန်းက အီယွန်း၏ သတိပေးစကားကို အလွယ်တကူ မေ့ပစ်ခဲ့သည်။
နွေ ကနဦးကာလ၏လေက ချမ်းစိမ့်စိမ့်။
အီယွန်း လိုက်ကာကို ပိတ်လိုက်သည့် အခိုက်အတန့်တွင် ဒီဘက်သို့ အေးစက်စွာ ကြည့်နေသော ဟွမ်ဂျိုယွန်းနှင့် မျက်လုံးချင်းဆုံသွားတော့သည်။
ကင်မရာ၏ မဲနက်သော မှန်ဘီလူးကဲ့သို့ ဒီဘက်ကို စူးစူးစိုက်စိုက်ကြည့်နေသည့် ထူးဆန်းသော မျက်လုံး။ စိတ်ကုန်ရလောက်အောင် ရင်းနှီးနေသည့် အကြည့်ကြောင့် အီယွန်း၏ မျက်နှာက တင်းမာသွား၏။
ထိုအချိန်မှစ၍ ဟွမ်ဂျိုယွန်း၏ နောက်ယောင်ခံခြင်းက တစ်ဖန် ပြန်လည်ပြီး စတင်ခဲ့လေတော့သည်။
~~~~
ဂွမ်ချယ်ဝူကို နိုးထစေချင်သည်။
အီယွန်းတစ်ယောက် တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ပေါ်လာသည့် ထိုအတွေးကြောင့် ရင်ထဲတွင် မွန်းကျပ်နေရ၏။ ခေါင်းတစ်ခုလုံး သူ၏အမည်ဖြင့်သာ ပြည့်နှက်ကာ လေးလံနေသည်။
“နောက်တစ်ခါ ထပ်တိုင်ထားပြန်ပြီလားဗျ။”
အိမ်ရှေ့တံခါးဝတွင် ရပ်နေသည့် ရဲအရာရှိ၏ မျက်နှာက ခံစားချက်ကင်းမဲ့လျက်။
သို့သော် မျက်နှာသေနှင့် အေးစက်နေသည့် အီယွန်း၏ အခြေအနေကလည်း မသက်သာပေ။ အရာမရောက်သည့် တိုင်ကြားမှုများနှင့် သတိပေးမှုများသာ ခေါက်ထားသည့် လျှော်ပြီးသားအဝတ်များလို ပုံလာသောကြောင့် နွမ်းနယ်မှုအားလုံး အီယွန်း၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့သည်။
အိမ်ရှေ့တံခါးဝတွင် အပြစ်မဲ့သည့် နှင်းဆီပန်းများ မနက်တိုင်းရှိနေတတ်ကာ၊ ဘယ်နေရာသွားသွား ဇွဲကောင်းကောင်းနှင့် အစွဲအလမ်းကြီးသည့် အကြည့်ကို ခံစားနေရ၏။
တစ်နေ့လျှင် သုံးကြိမ်ထက်မနည်း ဟွမ်ဂျိုယွန်းနှင့် အမှတ်မထင် တွေ့ဆုံရတတ်ကာ သူက ပုံမှန်အတိုင်း နှုတ်ဆက်လေ့ရှိသည်။ ဟွမ်ဂျိုယွန်းက မသင်္ကာစိတ် ဝင်မိရရုံလောက်လေး အမှတ်မထင် ပေါ်လာလိုက်၊ ပျောက်သွားလိုက် လုပ်နေ၏။ ဤသို့ဖြင့် တဖြည်းဖြည်း စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်လာရတော့သည်။
ယခင်တစ်ခါကလိုသာ ပြတင်းပေါက်ကို ဖက်တွယ်ပြီး ရွံစရာကောင်းသည့် ထိုမျက်လုံးများကို တွားသွားသတ္တဝါလို လှည့်နေခဲ့မည်ဆိုလျှင် အီယွန်းအနေဖြင့် အခင်းဖြစ်ပွားရာနေရာ၌ အမိဖမ်းရန် ပိုမိုလွယ်ကူပေလိမ့်မည်။
အီယွန်းတစ်ယောက် ပြတင်းပေါက်တွင် ပေနေသည့် လက်ဗွေရာများကို တိပ်ဖြင့် နေ့တိုင်း လိုက်လံစုဆောင်းနေခဲ့ကာ၊ တိရစ္ဆာန်ဖမ်းရန် အသုံးပြုသည့် ထောင်ချောက်များကိုပင် ဝယ်ယူခဲ့၏။
“အရင်တစ်ခါလည်း ပြောခဲ့တဲ့အတိုင်း CCTV ကိုပဲ ကြည့်ရုံနဲ့တော့ မျက်နှာရယ်၊ ဘယ်သူဘယ်ဝါဆိုတာရယ်ကို အတည်ပြုလို့ မရပါဘူး။ နဂိုကလည်း လူအများကြီးက ခြံစည်းရိုးကိုကျော်ပြီး တစ်ချက်လောက် လှမ်းကြည့်တတ်ကြတာပါပဲ။”
“...နှင်းဆီပန်းတွေကရော။”
“အဲ့ဒီအချိန်မှာ ဟွမ်ဂျိုယွန်းက အလုပ်ဆင်းသွားပြီဆိုတဲ့ အလီဘိုင် ရှိနေပါတယ်။”
အီယွန်းလည်း ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် မျက်နှာကို သပ်လိုက်သည်။ ညိုမှောင်သွားသော မျက်နှာက မည်သို့ပင်ပွတ်ပါစေ ပုံမှန်အသွေးအရောင်အတိုင်း ပြန်မဖြစ်တော့ပေ။
“ဒီအတိုင်း ဘယ်လိုမှ လုပ်လို့မရတော့ဘူးလားရှင့်။ ကျိန်းသေပေါက် အဲ့ဒီလူက ကျွန်မကို စောင့်ကြည့်နေတာပါ...”
“ခံစားချက်နဲ့ အဲ့ဒီလိုဆိုပြီး ပြောနေတာမဟုတ်လားဗျ။”
ရဲအရာရှိက နားထင်ကိုဖိနှိပ်ရင်း အီယွန်းနှင့်အတူ သက်ပြင်းချလိုက်သည်။ ထိုစကားက ဆတ်ဆတ်ထိမခံ အာရုံခံနိုင်စွမ်းမြင့်နေသည်ကို သွယ်ဝိုက် အပြစ်တင်နေခြင်းပင်။ ထိုစကားမှာတင် အီယွန်းလည်း ပါးစပ်ကို ပိတ်လိုက်တော့၏။ ထပ်မံ၍ အသနားခံလိုစိတ် မရှိတော့ပေ။
နောက်ဆုံးတွင် မည်သို့သော ဟုတ်တိပတ်တိ ဖြေရှင်းမှုမှမရှိဘဲ ရဲအရာရှိက ထွက်ခွာသွား၏။ ထိုအချိန်တွင် အနောက်တစ်လှမ်းမှနေ၍ အားလုံးကို စောင့်ကြည့်နေသော အသက်ငယ်ငယ် အမျိုးသမီး ရဲအရာရှိက အီယွန်းထံသို့ ချဉ်းကပ်လာသည်။
သူက ရဲကားပေါ် တက်နေသည့် အထက်အရာရှိကို တစ်ချက်လှမ်းကြည့်ကာ လေသံတိုးတိုးဖြင့် လျင်မြန်စွာ ပြောခဲ့၏။
“ဒေသခံ အကောင်ကြီးကြီး ပါဝင်ပတ်သက်နေပါတယ်။”
“...ရှင်။”
“ဟွမ်ဂျိုယွန်းကို ပြောတာပါ။ အလီဘိုင် အတည်ပြုဖို့ D ဆေးရုံကိုသွားတော့ အထက်လူကြီးတွေက ကျွန်မတို့ ရဲစခန်းကို ချက်ချင်း ဖုန်းဆက်လာတယ်ရှင့်။ D ဆေးရုံကို စိတ်အနှောင့်အယှက် မပေးနဲ့ဆိုပြီးတော့ပါ။”
“...”
“တောင်းပန်ပါတယ်ရှင့်။”
ရဲမေလေးက လက်နှစ်ဖက်ကို ယှက်လိုက်တော့ အီယွန်းလည်း အသာတိတ်တိတ်ပင် ခေါင်းညိတ်လိုက်သည်။ ဒါရိုက်တာ ဂျိုက ကြီးကျယ်ခမ်းနားသော ထိုအဆက်အသွယ်များဖြင့် နောက်တစ်ကြိမ် လှည့်စားရန် ကြိုးစားနေခြင်းဆိုလျှင် အီယွန်းအတွက် အံ့ဩစရာမရှိတော့ပေ။
“ပြီးတော့ ဆိုအီယွန်းက လွန်ခဲ့တဲ့ ၂နှစ်ကလည်း အယောင်ဆောင် တိုင်ကြားမှုလုပ်ခဲ့တဲ့ မှတ်တမ်းရှိနေတော့...”
ရဲမေလေး၏ အသံက တိမ်ဝင်သွားသည်။ သူက ခါးကို ကိုင်းညွတ်အရိုအသေပေးပြီးနောက် ခြံဝင်းထဲမှ ထွက်ခွာသွား၏။ တိုတိုပြောရလျှင် စွဲချက်ရှိပြီးသားဖြစ်သည့် အီယွန်း၏ တောင်းဆိုချက်ထက် ဒေသခံ အကောင်ကြီးကြီး၏ ချောင်းဟန့်သံတစ်ချက်က ပို၍အလေးသာသည်ဟူသော သဘောပင်။
‘ကိုယ် တကယ်ပဲ ဘာမှမလုပ်ရဘူးလားဟင်။’
ယနေ့မှ ထူးထူးခြားခြား ထိုသို့ မေးခဲ့သော အင်မတန် အပြစ်ကင်းစင်သည့် မျက်လုံးများက ရိပ်ခနဲ ပေါ်လာ၏။
~~~~
“နှိုးမယ်ဆိုရင်လည်း စိတ်ကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြီးမှနှိုး။”
ဂွမ်ချယ်ဝူ အိပ်ပျော်နေသည့် အခန်းတံခါးကို စိုက်ကြည့်နေစဉ် ချူဂျာက ထူးဆန်းသည့် အကြံပေးစကား ပြောလာသည်။
“အဲ့ဒါ ဘာစကားလဲဟင်။”
အီယွန်းက ခြောက်သွေ့နေသော ဆံပင်များထဲသို့ လက်ဖြင့်ထိုးသပ်ရင်း ခေါင်းငဲ့လိုက်၏။ ချူဂျာက ရက်ပိုင်းအတွင်း မျက်နှာချောင်ကျသွားသော အီယွန်းကို သနားသလို ကြည့်နေသည်။
“အဲ့ဒီကောင်ကို အသုံးချမယ်ဆိုရင် နင်လည်း တစ်ခုခုတော့ စွန့်လွှတ်ရမယ်လို့။”
“...ရှင်။”
“တစ်ခုပဲ လုပ်ပါဆို။ တစ်ခုပဲ။ အဲ့ဒီကောင်ကို အဆုံးအထိ လူသတ်သမားလို ဆက်ဆံမယ်ဆိုရင်တော့ နင်လည်း ဆတူ ရက်စက်ပစ်လို့ ကိစ္စမရှိဘူး။ ဒါပေမဲ့ တကယ်လို့ အကူအညီ လိုချင်တယ်ဆိုရင်...”
ရုတ်တရက် ချူဂျာ၏ နက်ရှိုင်းသော မျက်လုံးများက အီယွန်းကို အသာလေး အကဲခတ်သွားသည်။
“ဂွမ်ချယ်ဝူကို လူသစ်တစ်ယောက်လိုတော့ ဆက်ဆံပေးလိုက်။”
“...”
“အခု အဲ့ဒီကောင်က ဘာမှမရှိတဲ့ ပန်းကန်လုံးအလွတ်ပဲ။”
တမင် လျစ်လျူရှုထားသည့် အချက်ကို ချူဂျာက ထောက်ပြလာသောအခါ အီယွန်းတစ်ယောက် ဆိုဖာပေါ်မှ ခုန်ထလိုစိတ် ပေါ်လာတော့သည်။
~~~~
Miel's Translations