no

Font
Theme

အပိုင်း ၂၇

"လွှ ဒီကို ပေးပါ။"

ဂွမ်ချယ်ဝူက အီယွန်းကို စဉ်းစားချိန်ပေးမည့်ပုံမပေါ်ဘဲ သစ်ကိုင်းကို ချက်ချင်းကိုင်ကာ နေရာယူလိုက်သည်။

"......အင်း။"

အီယွန်းလည်း တဒိန်းဒိန်းခုန်နေသည့် ရင်ဘတ်ကို ဖိထားရင်း လွှကို ကမ်းပေးလိုက်၏။

လက်ရှိတွင် ဂွမ်ချယ်ဝူက အကာအကွယ်အမဲ့ဆုံး အခြေအနေတွင် ရှိနေသည်။ ဤအတိုင်း အနောက်မှ လည်ပင်းညှစ်ခြင်း၊ ခေါင်းကို ရိုက်ခြင်းမျိုး လုပ်မည်ဆိုလျှင် သူ့ခမျာ ဘာမှမတတ်နိုင်ဘဲ ခံရရုံသာ။ အီယွန်း၏ မျက်လုံးများက မသိမသာ တည်ငြိမ်နစ်ဝင်သွားသည်။

"...ယွန်း။"

"……."

"အီယွန်း။"

"ဟုတ်၊ ရှင်။"

အီယွန်း လန့်ဖျပ်သွားကာ ခါးကို မတ်လိုက်မိသည်။

"ညွှန်ကြားချက်ပေးမှပေါ့။"

"……အာ၊ ဟုတ်၊ ဟုတ်ကဲ့။"

အီယွန်းတစ်ယောက် ခေါင်းကို အနည်းငယ်ခါယမ်းပြီး သတိပြန်ကပ်အောင် လုပ်လိုက်သည်။

မကြာမီ ဂျီးခနဲ အသံမြည်ကာ လွှစတင်လည်ပတ်လေ၏။ အီယွန်းက လွှကိုင်သည့် လက်ကောက်ဝတ် အနေအထားမှစ၍ ဓားသွားဦးတည်ရာ၊ စည်းချက်၊ အားအပျော့အပြင်းအထိ အသေးစိတ် ညွှန်ကြားပေးနေပြီး ဂွမ်ချယ်ဝူက ထိုအတိုင်း တိကျပိုင်နိုင်စွာ လုပ်ဆောင်နေသည်။ လက်စလက်နက သာမန် ဝါရင့်ဦးလေးကြီးများထက်ပင် သာလွန်ကောင်းမွန်လှ၏။

"....လုပ်တာ ကောင်းနေပါပြီ။ အဲ့ဒီနားလေးကို ပိုဝင်အောင် လုပ်လိုက်ပါ။"

"ဒီလိုမျိုးလား။"

"ဟုတ်တယ်၊ အခု ကောင်းနေပြီ။"

အီယွန်းက ခေါင်းကို အရှေ့သို့ငိုက်ကာ အပြည့်အဝ အာရုံစိုက်ထားသည်။ မျက်မှောင်ကြုတ်ထားပုံက အလေးအနက်ရှိလှ၏။

"အခု ဒီအတိုင်းလေး အဆုံးအထိ အားကိုပဲ ထိန်းထားပေးပါ။"

"……."

"ထပ်ပြီးတော့၊ ထပ်ပြီး အားစိုက်ပေးပါဦး။"

ဆတ်ခနဲတွန့်သွားသည့် ဂွမ်ချယ်ဝူက ပခုံးစွန်းဖြင့် နားရွက်ကို ပွတ်လိုက်သည်။

"……အခုရော ဘယ်လိုလဲ။"

"ကောင်းတယ်၊ ကွက်တိပဲ၊ အာ... မထုတ်လိုက်ပါနဲ့ဦး။"

"……"

"အက်ကြောင်းရာလေးထဲကို ပြန်ထည့်လိုက်ပါ။ ကျွန်မက ထုတ်တော့လို့ မပြောမချင်း မထုတ်ဘဲ၊ အားပါပါနဲ့ ထိုးစိုက်သလိုမျိုး တွန်းပေးပါ။ ကောင်းတယ်၊ ဒီအတိုင်း လက်ကောက်ဝတ်ကို နည်းနည်းလေး နှိမ့်လိုက်နော်။"

"……."

"အား၊ အဲ့ဒီနားလေး၊ အဲ့ဒီနားလေး၊ ဟုတ်တယ်၊ အဲ့ဒီနား။"

"……."

"ဟား။……. ပြီးခါနီးပြီ၊ ပြီးခါနီးပါပြီ။ လုပ်တာကောင်းတယ်။ နည်းနည်းလေး ထပ်ပြီးတော့။ အခု ဒီအတိုင်းလေး ထိန်းထားပေးပါဦး။ ပြီးတော့မယ်။"

"……."

"နောက်ဆုံးအနေနဲ့ တစ်ချက်လေးပဲ အားစိုက်ပေးပါ။ ရပြီ၊ ထုတ်တော့...."

နောက်ဆုံးတွင် သစ်ကိုင်းက ဂျွတ်ခနဲမြည်ကာ ပြုတ်ကျသွားတော့သည်။

"ဟား၊ ဟား……။ ဂွမ်ချယ်ဝူက အကောင်းဆုံးပါပဲ။"

အီယွန်းတစ်ယောက် အသံကုန်အော်ဟစ်ထားသဖြင့် အမောဆို့ကာ အသက်ရှူသံက ကြမ်းရှရှဖြစ်နေသည်။

သို့သော် ဂွမ်ချယ်ဝူ၏ ပခုံးကြွက်သားများက သိသိသာသာ တောင့်တင်းနေ၏။ တော်တော်လေး စိတ်လှုပ်ရှားသွားပုံရသည်ဟုတွေးကာ အီယွန်းက သူနှင့်မတူစွာပင် ချီးကျူးစကား ဆိုလိုက်သည်။

"ပင်ပန်းသွားပြီမဟုတ်လားရှင့်။ ဒါပေမဲ့လည်း ဂွမ်ချယ်ဝူက ထင်ရတာထက် ဒီဘက်ပိုင်းမှာ ပါရမီရှိသားပဲနော်။ အားလည်းသန်၊ လက်စွမ်းလက်စလည်းကောင်းလို့ လုံးဝ ကျေနပ်မိပါတယ်။"

ရုတ်တရက် ဂွမ်ချယ်ဝူက အဓိပ္ပာယ်ဖော်၍မရသော သက်ပြင်းတစ်ချက် ချလိုက်သည်။

"အီယွန်းကလည်း သင်ပြပေးတဲ့နေရာမှာ ပါရမီရှိပါတယ်။"

"ဟုတ်လားရှင့်။"

"ဟုတ်ကဲ့၊ ရှေ့လျှောက် မျှော်လင့်မိတဲ့ အတိုင်းအတာအထိပါပဲ။"

အီယွန်း ခပ်တိုးတိုးရယ်လိုက်တော့ ဂွမ်ချယ်ဝူက အံကိုတင်းတင်းကြိတ်ထားခဲ့သည်။

နောက်ဆုံးတွင် ခေါင်းကိုက်စရာဖြစ်ခဲ့သော သစ်ကိုင်းကို ဖယ်ရှားနိုင်ခဲ့ပေပြီ။ နာကျင်မှုများ ကွာကျသွားသည့်နေရာတွင် မကြာမီ အနာကျက်ပြီး ကျန်းမာသန်စွမ်းသည့် အကိုင်းအခက် အသစ်စက်စက်များ ထွက်လာပေတော့မည်။

ဂွမ်ချယ်ဝူနှင့်အတူ မြင်နေရသော ကောင်းကင်ကြီးက အင်မတန် လတ်ဆတ်ကြည်လင်လှ၏။

~~~~

"လက်ဗလာနဲ့ သံဘားတန်းခိုသလိုမျိုး ရုတ်တရက်ကြီး ဝုန်းခနဲတက်သွားတာဆိုတော့ အဲ့ဒီကောင် ရူးသွားပြီလားလို့တောင် ထင်လိုက်တာ။"

ပထမအဆင့် စစ်ဆေးအကဲဖြတ်မှု အောင်မြင်သည့် အထိမ်းအမှတ် စားသောက်ဝိုင်း။

အီယွန်းက ရွှေအိုရောင်သမ်းအောင် ကင်ထားသည့် အသားကင်ကို ပါးစပ်ထဲ ထည့်လိုက်သည်။

"စစချင်းတုန်းက မျက်တောင်မခတ်တမ်း နင့်နောက်ကျောကိုပဲ ကြည့်နေပြီးတော့ နင်ယိုင်သွားတာနဲ့ ကျားသစ်လိုမျိုး ချက်ချင်းခုန်တက်သွားလိုက်တာပါဆို။ ဂျင်ဒိုခွေး ဆယ်ကောင်တောင် သူ့မမီဘူး။"

သစ်ပင်အောက်ခြေတွင် ပွက်လောရိုက်သွားသည်ဟုတော့ ထင်ခဲ့မိသား။

အီယွန်းက ကွင်းကွင်းကွက်ကွက် ပြန်ပြောပြနေသည့်စကားကို နားထောင်ရင်း အပြစ်မဲ့သည့် လည်ပင်းကိုသာ ကုတ်နေမိသည်။ မီးဖိုအရှိန်ကြောင့်ပဲလားမသိ အသားများလည်း ပူထူလာ၏။

အသားကျက်သည်နှင့် အီယွန်းပန်းကန်ထဲသို့ အစာသယ်ပို့သလို ထည့်ပေးနေသည့် ဂွမ်ချယ်ဝူကို အီယွန်း ခိုးကြည့်လိုက်သည်။

"အလုပ်ကြီး လုပ်ထားတဲ့လူက ခွက်အရင်ယူ။"

ချူဂျာ သူ့ခွက်ထဲသို့ အရက်ဖြည့်ပေးရန် ပြင်လိုက်စဉ် အီယွန်းက တူသုံးနေသည်ကိုရပ်ကာ ဒူးကိုပွတ်လိုက်သည်။

"ဟို၊ ချူဂျာ။ နေမကောင်းတဲ့လူကို အရက်တိုက်တာကတော့ နည်းနည်း..."

"နေမကောင်းတဲ့လူ၊ ဟုတ်လား။ နေမကောင်းတဲ့လူပေါ့လေ..."

သူက ဟက်ခနဲ နှာခေါင်းရှုံ့လိုက်သည်။

"နေမကောင်းတဲ့လူက အဲ့ဒီလောက်အမြင့်ကြီးမှာ မိန်းမတစ်ယောက်ကို လက်တစ်ဖက်တည်းနဲ့ ချီနိုင်ပါ့မလားဟဲ့။ အဲ့ဒါသာ နာတာရှည်ဆိုရင် ငါက သေလူဖြစ်နေပြီပေါ့။"

"..."

အီယွန်းလည်း ဘာမှပြန်မပြောနိုင်တော့ဘဲ မီးဖိုဆီသို့သာ အကြည့်လွှဲလိုက်သည်။ မျက်လုံးထောင့်စွန်းတွင် သူ၏လက်ချောင်းများက ဝိုးတဝါး ဝင်လာ၏။ အရက်ခွက်ကို အဓိပ္ပာယ်မရှိ ပွတ်သပ်နေသည့် ရှည်လျားသောလက်က နေရာအနှံ့ အသားမာတက်နေသော်လည်း ထင်မထားလောက်အောင် လှပသည်။

"ဒါပေမဲ့ အရက်သောက်ပြီး မတော်လို့..."

နဂိုပုံစံ ပြန်ပေါ်လာရင် ဘယ်လိုလုပ်မလဲ...။

ထုတ်ပြောမထွက်သည့် စိတ်ရင်းက လည်ချောင်းဝတွင်သာ တဝဲလည်လည်ဖြစ်နေသည်။ သို့သော် အရက်ရှိန်တက်လာပြီဖြစ်သည့် ချူဂျာက အီယွန်း၏ပုံစံကို မရိပ်မိခဲ့။ ဒီအတိုင်း စိတ်လှုပ်ရှားပျော်ရွှင်မှုတွင်သာ ယစ်မူးကာ ဂွမ်ချယ်ဝူကို ထပ်မံ၍ အရက်ငှဲ့ပေးခဲ့သည်။

"သမက် ဂွမ်၊ လက်ခံ။"

ဂွမ်ချယ်ဝူက ခွင့်ပြုချက်တောင်းသည့်အလား အီယွန်းကို လှမ်းကြည့်လိုက်သည့်အချိန်တွင်။

အရက်ပုလင်းကို လှစ်ခနဲ လုယူလိုက်သည့် အီယွန်းက အောက်ခြေတွင်ကျန်သည့် လက်ကျန်များအထိ တစ်စက်မကျန် တဂွတ်ဂွတ် မော့သောက်လိုက်သည်။

"နင် ဘာလုပ်တာလဲ။"

ချူဂျာက လန့်ဖျပ်သွားပြီး ပျာပျာသလဲ သူ့ကို တားခဲ့သည်။

"ရှေ့လျှောက် ဂွမ်ချယ်ဝူရဲ့ အရက်ကို ကျွန်မပဲ အကုန်သောက်မှာပါ။"

"အရက်မသောက်နိုင်တဲ့ကောင်မက ဘာစကားပြောတာလဲ။"

"ခေါင်းမကောင်းတဲ့လူကလည်း နေမကောင်းတဲ့လူပါပဲ။ ခန္ဓာကိုယ် လှုပ်ရှားမှုကိုပဲကြည့်ပြီး အဲ့ဒီလိုခွဲခြားဆက်ဆံရင် ရှိပြီးသား ဦးနှောက်ဆဲလ်နည်းနည်းလေးက ပိုပြီးရွဲ့စောင်းကုန်မှာပေါ့။ အရက်ကို ကျွန်မပဲ အကုန်သောက်ပါမယ်။"

မကြာမီမှာပင် အလောသုံးဆယ် ဝင်သွားသည့် အရက်က အီယွန်း၏ မှတ်ဉာဏ်များကို ဖြတ်တောက်လိုက်တော့သည်။

အီယွန်း မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ခြေထောက်များက လေထဲတွင် တွဲလောင်းမြောက်တက်နေ၏။ တိမ်စီးနေရသလို စိတ်ပျော်ရွှင်လာသော သူက ခြေထောက်များကို လှုပ်ယမ်းလိုက်သည်။

"အီယွန်း၊ ငြိမ်ငြိမ်နေလေ။"

"အင်း။"

အီယွန်းက ယောင်သလိုလိုနှင့် ပြန့်ပြူးမာကျောသောနေရာကို မျက်နှာဖြင့် ပွတ်လိုက်သည်။ ထင်ထားသည်ထက် မာကျောသော အရိုးက ပါးရိုးကို ဖိမိနေသဖြင့် မျက်မှောင် အနည်းငယ်ကြုတ်မိသွား၏။

သေချာမကြားရသည့် ညည်းတွားသံသေးသေးလေးကြောင့် ဂွမ်ချယ်ဝူက အီယွန်း၏ကိုယ်ကို တစ်ချက် ပင့်တင်လိုက်သည်။

"အီယွန်း။"

ပိပြားနေသော ပါးပြင်မှတစ်ဆင့် ရင်းနှီးသောအသံက တိုးတိုးအုပ်အုပ် ထွက်ပေါ်လာ၏။

"ကိုယ် အရက်သောက်တာကို မကြိုက်ဘူးလား။"

အီယွန်းက ယခု မိမိ ဂွမ်ချယ်ဝူ၏ကျောကုန်းပေါ်တွင် ရောက်နေမှန်း အိမ်မက်ထဲပင် ထည့်မမက်မိဘဲ တဟီးဟီး ရယ်နေခဲ့သည်။ အကြာကြီးနေမှသောက်ရသည့် အရက်ကြောင့်ပဲလားမသိ စိတ်က အဆုံးမရှိ တက်ကြွနေ၏။

"ဟုတ်။"

"ဘာဖြစ်လို့လဲ။"

"...အရက်သောက်ရင် မတော်လို့ မှတ်ဉာဏ်တွေများ ပြန်ရလာမလားလို့။"

"..."

တိတ်ဆိတ်စွာ လျှောက်နေသော ဂွမ်ချယ်ဝူတစ်ယောက် ရုတ်တရက် တုံ့ခနဲရပ်သွားသည်။ နှုတ်ခမ်းထောင့်စွန်းတွင် တွဲခိုနေသော ခပ်ရေးရေးအပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

အရက်သောက်လိုက်သည်နှင့် ရုတ်တရက် ပြောင်းလဲကာ ရမ်းကားတတ်သော ယောကျ်ားများအကြောင်းက ဆေးလိပ်တိုမျှ ပေါများလှပေသည်။ သူက အီယွန်း၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာဟောင်းများကို မမေ့နိုင်သေးပေ။ သူ့မျက်နှာထားလည်း စိတ်ပျက်စရာကောင်းလောက်အောင် မည်းမှောင်သွားတော့၏။

ပခုံးကို ဖိစီးလာသည့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ကို ဖယ်ရှားပစ်ရန် အားတင်းကာ ခြေလှမ်းပြင်လိုက်စဉ် အီယွန်းက သပ်ရိုက်ခဲ့ပြန်သည်။

"...အဲ့ဒါ သိလားရှင့်။ ဒီဆက်ဆံရေးကလေ၊ ပုံမှန်မဟုတ်ဘူး။ ဘယ်လိုပဲ စဉ်းစားစဉ်းစား လုံးဝ ရူးနေတာပဲ။ ကျွန်မ တစ်ချက်လေး စိတ်လွတ်သွားတာနေမှာ။ နဂိုကတည်းက လက်ခံလို့မဖြစ်တာကို..."

လျှာလေးအာလေးနှင့် ထွက်လာသော စကားတစ်ခွန်းချင်းစီက သူ့ရင်ဘတ်ကို ဓားနှင့်မွှန်းသလို စိုက်ဝင်လာသည်။

ဂွမ်ချယ်ဝူ အင်မတန် ကြားချင်ခဲ့သော အီယွန်း၏ ရင်ထဲမှ စကားအစစ်အမှန်ပင်။ ဆိုအီယွန်း၏ သတိထားကာကွယ်မှု နောက်ဆုံးတော့ ပွင့်သွားသည့်အချိန် မဟုတ်ပါလော။ သို့သော် ကျေနပ်ဖို့ဝေးစွ လည်ပင်းကို ပြင်းပြင်းထန်ထန် အညှစ်ခံရသလို ခံစားလိုက်ရသည်။

သိမ်ဖျင်းသော အောင်နိုင်သူစိတ်ပင် မပေါ်နိုင်သည့် ခနော်ခနဲ့အဆုံးသတ်။

အီယွန်းက လက်ထပ်ခဲ့သည်ကို နောင်တရနေ၏။

"အဲ့ဒါကြောင့် ထွက်ပြေးချင်နေတာလား။"

"...အဲ့ဒီလို မတွေးဖူးတာတော့ မဟုတ်ပါဘူး။ ငယ်ငယ်ကရော အခုရော အဲ့ဒီအချက်ကတော့ အမြဲတမ်း မပြောင်းလဲဘူးရှင့်။ ထွက်ပြေးချင်တာတောင် ကျွန်မက ပြေးလို့မရဘူးလေ။"

"ကြိုးစားကြည့်ဖူးလား။"

"ဒါပေါ့ရှင့်၊ ရဲစခန်းရှေ့အထိတောင် သွားဖူးတယ်။"

သူ၏မျက်ဝန်းများ အထိန်းအကွပ်မဲ့စွာ ပျက်ယွင်းသွားတော့သည်။ အိမ်ထောင်ရေးအကြောင်းပြောသည့်နေရာတွင် ဘာကိစ္စ ရဲစခန်းက ပါလာရသနည်း။ ဂွမ်ချယ်ဝူက အဆိုးဆုံးကိုတွေးကာ အံကို ကြိတ်လိုက်မိသည်။

ဂွမ်ချယ်ဝူ၊ ဒီခွေးကောင်။

သူက မှတ်ပင်မမှတ်မိသည့် အတိတ်မှ မိမိကိုယ်မိမိ အကြိမ်ကြိမ် နင်းခြေလိုက်သည်။ အခေါင်းထဲထည့်ပြီး မြေကြီးထဲ အနက်ကြီးမြှုပ်နှံလိုက်၏။ လုံးဝ ပြန်ထွက်မလာသင့်သည့်သူဖြစ်ကြောင်း ယခု သေချာသွားပေပြီ။

"တစ်နေ့ကျရင်... အကုန် ပြီးဆုံးသွားဖို့ မျှော်လင့်ရုံလေးပါပဲ။"

အီယွန်းက လက်လျှော့အရှုံးပေးသလို ရေရွတ်ခဲ့သည်။ အားမပါသော အသံထဲတွင် မည်သည့်မျှော်လင့်ချက်၊ ရင်ခုန်မှုမျိုးကိုမှ ရှာမတွေ့နိုင်ပေ။

"အီယွန်း၊ ကိုယ့်ကို ကြောက်လား။"

"...အင်း။"

"အဲ့ဒါကြောင့် ကိုယ့်ကို လွှတ်ပေးလိုက်ပြီး စိတ်သက်သာရာ ရချင်ခဲ့တာလား။"

"...အင်း။"

အိပ်ချင်မူးတူးအသံက သူ့ပခုံးကို နောက်တစ်ကြိမ် ပွတ်သပ်လာသည်။

တကယ်ပဲ သူက ဘာကြောင့် မှတ်ဉာဏ်ပျောက်သွားရသလဲ။ နာကျင်စရာ မှတ်ဉာဏ်များကို အီယွန်းထံ၌သာ အကုန်ပုံထားခဲ့ပြီး ဘာကြောင့် သူတစ်ယောက်တည်းက ဘာမှမသိဘဲ မေ့နေရသလဲ။ အဆုံးထိ အရှက်မရှိသည့်သူပင်။

"ကိုယ်က ရုပ်ပိုင်းဆိုင်ရာအရ နာကျင်အောင်လုပ်တာမျိုး ရှိခဲ့လား။"

"အင်း။"

မဆိုင်းမတွ ထွက်လာသည့် အဖြေကြောင့် သူ အေးခဲသွားတော့သည်။ ခန္ဓာကိုယ်က တုန်ယင်လာကာ အော်ဂလီဆန်လာ၏။ သံသယက အတည်ဖြစ်သွားသည့် အခိုက်အတန့်ပင်။

"အကျင့်လိုမျိုးလား။"

"ကျွန်မ မဟုတ်ရင်တောင် အသားကျနေတဲ့ပုံတော့ ပေါက်ပါတယ်။"

သူက မျက်လုံးကို တင်းတင်းမှိတ်လိုက်၊ ပြန်ဖွင့်လိုက်လုပ်ကာ ဒေါသကို မျိုချပြီးရင်း မျိုချနေသည်။ လည်စေ့က အငြိုးတကြီး အထက်အောက် လှုပ်ရှားသွား၏။ လည်မျိုကို လောင်ကျွမ်းစေပြီး ကျန်ခဲ့သည့် ပြာများက အမြှေးပါးတွင် ကပ်ငြိနေကာ လေပြွန်ကို တဖြည်းဖြည်း ဖျစ်ညှစ်နေသလိုပင်။

သို့သော်...

ဤသည်ကလည်း အခွင့်အရေးတစ်ခု ဖြစ်နေမည်ဆိုပါလျှင်။ ရှုပ်ထွေးပွေလီခဲ့သည့် အိမ်ထောင်ရေးကို ပြန်လည်ပြုပြင်နိုင်မည့် ဒုတိယမြောက် အခွင့်အရေး ပေးလာခြင်းဆိုပါလျှင်။

ဂွမ်ချယ်ဝူက လက်လှမ်းမမီတော့သည့် အတိတ်ကို တွယ်တာနေမည့်အစား သူ ပြောင်းလဲယူနိုင်မည့် မနက်ဖြန်ကို လျင်မြန်စွာ တွက်ချက်လိုက်သည်။

သူ၏ မနက်ခင်းကို ချုပ်ကိုင်ထားသည့် အီယွန်းနှင့် ပတ်သက်လာလျှင် ခန္ဓာကိုယ်က အလိုလို လှုပ်ရှားလာ၏။ လက်လွတ်ဆုံးရှုံးရမည်စိုး၍ လက်များတွင် အားထည့်ကာ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်မိသည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment