no

Font
Theme

အပိုင်း ၃၁

အီယွန်းက ခွဲစိတ်ကုသမှုလုပ်ထားသော သစ်ပင်များ၏ အခြေအနေကို စစ်ဆေးရန်အတွက် ဆေးအိတ်ကိုဆွဲကာ တောင်ပေါ်သို့ တက်လာခဲ့သည်။

ထူထပ်လှသော ချုံနွယ်ပိတ်ပေါင်းများကို တိုးဝှေ့ဝင်ရောက်သွားသည့်အခါ ကွေ့ကောက်နေသော လမ်းကလေးတစ်ခု ပေါ်လာ၏။ သူက မညီညာသော မြေပြင်ကိုလည်း ကျွမ်းကျင်စွာ ရှောင်ကွင်းရင်း ခပ်သွက်သွက် ရှေ့ဆက်နေခဲ့သည်။

​“အီယွန်း။”

​ထို့နောက် အိမ်ပြန်ပို့ပေးပါ့မည်ဟု အကြိမ်ကြိမ် ပြောခဲ့သည့်တိုင် ဇွတ်တရွတ် ဤနေရာအထိ လိုက်ပါလာသော ဂွမ်ချယ်ဝူက အီယွန်း၏ ဆေးအိတ်ကို လုကိုင်ခဲ့သည်။

​“ခဏလေးပါ။”

“ဘာဖြစ်လို့လဲရှင့်။”

​ရှေ့ကိုပဲ ကြည့်ပြီး လျှောက်နေသော အီယွန်းက အားမပါစွာ ရုတ်တရက် ရပ်တန့်သွားသည်။ မျက်ဝန်းနှင့် နှုတ်ခမ်းအစုံက ဝက်သစ်ချသီးခွံကဲ့သို့ မာကျောနေ၏။

​“မျက်နှာက အခုအထိ မကောင်းသေးဘူးမဟုတ်လား။”

“......”

“ဘယ်နားက နေမကောင်းလို့လဲဟင်။ ဒါမှမဟုတ် တစ်ခုခုကို စိတ်ဆိုးနေတာလား။”

​အီယွန်း၏ မျက်နှာရိပ်မျက်နှာကဲကို အသေအချာ အကဲခတ်နေသော သူ၏ အကြည့်တို့က စူးရှလှ၏။

​“မဟုတ်ပါဘူး၊ အဲ့ဒီလိုမျိုး မဟုတ်ပါဘူး...”

​မရေမရာ ဝေ့လည်ကြောင်ပတ်ပြောရန် ကြိုးစားခဲ့သော်လည်း တည့်တည့်မတ်မတ် စိုက်ကြည့်နေသည့် ဂွမ်ချယ်ဝူ၏ အရှိန်အဝါကြောင့် မတတ်သာဘဲ သက်ပြင်းတစ်ချက်ကို အားပါးတရ မှုတ်ထုတ်လိုက်မိသည်။

​ပြဿနာ၏ အရင်းအမြစ်ကို ဖယ်ရှားပစ်မည်ဟူသော အေးစက်သည့်ဆန္ဒများက သူ၏ မျက်ဝန်းထဲတွင် စွဲထင်နေသောကြောင့်ပင်။ ခုခံချေပြီး စကားနိုင်လုကြည့်လျှင်လည်း သူ့ကို အနိုင်ရရန်မှာ အလှမ်းဝေးလွန်းလှသည်ဟု ထင်ရ၏။

ဆေးရုံမှ ထွက်လာကတည်းက တင်းမာနေသော မျက်နှာထားက အလျှော့ပေးလိုက်သလို ပြေလျော့သွားတော့သည်။

​“တုန်လှုပ်စရာစကားတွေ ကြားခဲ့ရလို့ပါ။”

“ဘယ်သူ့ဆီကလဲ။”

“......”

“ဆရာဝန်လား။”

​သူ၏ မျက်ခုံးများ ဒေါသတကြီး ပင့်တက်သွားသောအခါ အီယွန်းတစ်ယောက် လက်ယမ်းပြလိုက်ရသည်။

​“မဟုတ်ပါဘူး၊ ကျွန်မပါ။ ကျွန်မက ကျွန်မကို ပြောတာပါရှင်။”

​အီယွန်းက မိမိကိုယ်ကိုယ် ပြန်၍ကြောက်မိခြင်းပင်။

အကယ်၍ ထိုလူ၏ လုပ်ရပ်အားလုံးက မိမိ၏ လိမ်ညာမှုကြောင့် ဖြစ်ပေါ်လာသည့် စုံလုံးကန်းယုံကြည်မှုမဟုတ်ဘဲ ရောဂါလက္ခဏာကြောင့်သာ ဖြစ်ခဲ့ပါလျှင်။ အီယွန်းအတွက်မူ ထွက်ပေါက်တစ်ခု ပိုဖန်တီးလိုက်သလို ဖြစ်သွားမည်သာ။

အနည်းဆုံး အန္တရာယ်ဖြစ်မည့်ကိစ္စ မဟုတ်သည့်အတွက် စိတ်အခြေအနေအရ စိတ်ထဲမှ အပြစ်ရှိစိတ် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပစ်၍ ရနိုင်ပေသည်။

သို့သော်လည်း ပေါ့ပေါ့ပါးပါး ဝမ်းမသာနိုင်သည့်အပြင် အလှည့်စားခံရသလို ခံစားနေရသော မိမိကိုယ်ကိုယ် ကိုယ်တိုင် နားမလည်နိုင်ခဲ့ပေ။ ကျူးကျော်ဝင်ရောက်လာသည့် အရာတစ်ခုက ကျောပြင်ကို ဝုန်းခနဲ လာတိုက်သွားသလိုပင်။

​“ကျွန်မက တစ်ချက်လေး ဒီအတိုင်း၊ ကံကြမ္မာကိုပဲ မှားပြီး……”

“ကံကြမ္မာ။”

“အခုအထိ ဘဝရဲ့ အနိမ့်ဆုံးတွင်းထဲ ရောက်နေတာကို ပျော်စရာလိုပဲ သဘောထားပြီး……”

​အီယွန်းတစ်ယောက် မိမိ၏ငယ်ထိပ်ကို လက်သီးဖြင့် အသာထုရင်း တောင်စဉ်ရေမရ ပြောနေမိ၏။

​“တော်ပါတော့။”

​ဂွမ်ချယ်ဝူက လက်ဖဝါးဖြင့် အီယွန်း၏ ငယ်ထိပ်လေးကို အုပ်ကိုင်ပေးခဲ့သည်။

​သစ်ရွက်များက လေထဲတွင် ဝေ့ယမ်းနေကြ၏။ အီယွန်းက မျက်နှာထားတည်ဟန်ဆောင်နေသော်လည်း စိတ်ထဲတွင်မူ အတိုင်းအထက်အလွန် ဗြောင်းဆန်နေလေသည်။ သူ၏ ဆံစလေးများကလည်း လေထဲတွင် လွင့်မျောနေ၏။

​“ဟိုလေ…… ကြည့်ရမဲ့ သစ်ပင်တွေက အများကြီးပဲဆိုတော့။ ဂွမ်ချယ်ဝူက အခုပဲဖြစ်ဖြစ် လှည့်ပြန်လိုက်တာ ပိုကောင်းမယ်မထင်ဘူးလားရှင့်။”

“အဲ့ဒါက တစ်ယောက်တည်း ရှိချင်ဆိုတဲ့သဘောလားဗျ။”

​အီယွန်းက အကြည့်ချင်းမဆုံအောင် ရှောင်ဖယ်ကာ နောက်စေ့ကို ကုပ်လိုက်မိသည်။ ထိုလူက အီယွန်း၏ အတွင်းစိတ်ကို ဖောက်ထွင်းမြင်ချင်သည့်အလား မျက်လုံးထောင့်စွန်းကို ပင့်တင်ကာ ကြည့်လာသော်လည်း နောက်ဆုံးတွင် လက်ကိုဖယ်ကာ နောက်သို့ တစ်လှမ်းဆုတ်ပေးခဲ့၏။

​“ဒါဆို အနောက်ကနေပဲ လိုက်ခဲ့ပါ့မယ်။”

“အာရုံစိုက်မိနေမှာကို။”

“ကိုယ်က ပြန်ရမဲ့လမ်းကို သေချာမသိဘူး။ ဘတ်စ်ကားစီးရမှာလည်း ခက်တယ်လေ။ ကိုယ့်ခေါင်းထဲမှာ အီယွန်းကလွဲရင် ဘာမှမရှိလို့ပါ။”

​ကွက်တိ ဤသို့သောအချိန်မျိုးတွင် အားနည်းကာ နေမကောင်းသလို ဟန်ဆောင်တတ်ပေသည်။

ထိုအချက်ကို သက်သေပြနေသည့်အလား သူ၏ နှုတ်ခမ်းအစုံက အနည်းငယ် အောက်သို့ ကိုင်းကျနေသော်လည်း တောကြောင်တစ်ကောင်ပမာ မျက်လုံးအစုံကမူ အရောင်တောက်နေ၏။

​ထိုစဉ် ဂွမ်ချယ်ဝူက ခံစားတုံ့ပြန်နိုင်စွမ်းမြန်စွာ ခေါင်းကို လှည့်လိုက်သည်။

​“……”

​အီယွန်းထံသို့ စူးစိုက်မှုလျော့ရဲစွာ ဖွင့်ထားသော သူ၏ မျက်လုံးများက ချက်ချင်းဆိုသလို ကျဉ်းမြောင်းသွား၏။ နားအောက်ခြေမှ ညှပ်ရိုးအထိ ဆက်သွယ်ထားသော လည်ပင်းကြွက်သားများက ကြိုးတစ်ချောင်းကို ဆွဲဆန့်လိုက်သည့်အလား တင်းမာသွားသည်။ ရုတ်ခြည်း ပြောင်းလဲသွားသော ထိုလူ၏ အရှိန်အဝါကြောင့် အီယွန်းပါလိုက်ပြီး တံတွေးမျိုချလိုက်မိ၏။

​သူ၏ မျက်ခုံးနှစ်ဖက်ကြားတွင် ကျုံ့ရာက ပို၍ထင်ရှားလာသည်။ အီယွန်းမဟုတ်သော အခြားတစ်နေရာသို့ အာရုံစိုက်နေသည့် မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် တည်ကြည်လွန်းလှသဖြင့် တဒင်္ဂလေးဖြစ်သည့်တိုင် ဘေးသို့ အပယ်ခံလိုက်ရသလို ခံစားရ၏။

​“……ဘာဖြစ်လို့လဲ။ ဂွမ်ချယ်....”

“ကိုယ် အချက်ပေးတာနဲ့ အနောက်ကို လှည့်မကြည့်ဘဲ အမြန်ပြေးတော့။”

“ရှင်။”

သူက အီယွန်း၏လက်ကောက်ဝတ်ကို အတင်းဆွဲယူလိုက်သည်။

“သစ်ပင်တက်တာ ကျွမ်းတယ်မဟုတ်လား။ ခဏလောက် အပေါ်တက်နေပေးမလား။”

အီယွန်းတစ်ယောက် ကြောင်အမ်းအမ်းဖြစ်နေစဉ်မှာပင် ဂွမ်ချယ်ဝူက သူ၏ကျောပြင်ကို အားပါးတရ တွန်းထုတ်ခဲ့လေသည်။ ထိုအထိအတွေ့က အင်မတန် ပူလောင်လွန်းလှသဖြင့် အီယွန်းလည်း လန့်ဖျပ်ကာ ခပ်သုတ်သုတ် ပြေးလွှားမိ၏။ ကျောပြင်တွင် ရိုက်နှိပ်ခံလိုက်ရသော လက်ရာက တဆစ်ဆစ် ကျဉ်နေသည်။

​—ကွဲအဲအဲအဲ.....

မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။

ကြက်သီးထသွားစေသော အော်သံနက်ကြီးက အီယွန်း၏ဆံပင်ကို ဆွဲလိုက်သလိုပင်။ ခေါင်းလှည့်ကြည့်လိုက်တော့ ဟိုဘက်တောင်ကုန်းပေါ်မှ အိမ်တစ်လုံးနီးပါး ကြီးမားသည့် တောဝက်ကြီးတစ်ကောင် ရူးသွပ်နေသကဲ့သို့ အောက်သို့ ပြေးဆင်းလာနေသည်။ အင်မတန် ဒေါသထွက်နေပုံရကာ မည်းနက်ပြီး ကြမ်းတမ်းသော အမွေးတို့က ထောင်ထနေ၏။

​“ဂွမ်ချယ်ဝူ။”

အီယွန်းတစ်ယောက် အံ့အားသင့်ကာ မှင်တက်နေသော်လည်း သူကတော့ ဒေါသတကြီး အော်ဟစ်ခဲ့သည်။

“ဆိုအီယွန်း၊ တက်သွားတော့လို့။”

ရိုက်ချလိုက်သလို ကြမ်းတမ်းသော အသံကြီးပင်။ ကြမ်းကြုတ်စွာ မျက်မှောင်ကြုတ်ထားသော သူ၏မျက်နှာထားကို ကြောက်ရွံ့မိသဖြင့် အီယွန်းလည်း ပြောစကားနားထောင်သော ကလေးတစ်ယောက်ပမာ သစ်ပင်ပေါ်သို့ သုတ်ခြေတင် တက်သွားမိသည်။ ခြေချော်လိုက်၊ လက်များတုန်ယင်လိုက်။

​ဂွမ်ချယ်ဝူက အီယွန်း၏ ဆေးအိတ်ကိုဖွင့်ကာ ဝေခွဲမနေဘဲ ပုဆိန်နှင့် သစ်သားငုတ်ချွန်တို့ကို ဆွဲထုတ်ခဲ့သည်။

“အား…… ဂွမ်ချယ်ဝူရှင့်၊ ဝင်မပါပါနဲ့။ အဲ့၊ အဲ့ဒါတွေက သစ်ပင်ခုတ်တဲ့နေရာမှာပဲ သုံးတာလေ။ သားရဲတိရစ္ဆာန်ဖမ်းတဲ့နေရာမှာ သုံးတာမဟုတ်ပါဘူး။ ကယ်ဆယ်ရေးစင်တာကို ဖုန်းဆက်လိုက်မှာမို့လို့ အရင်ဆုံး ဒီပေါ်တက်လာခဲ့ပါ။”

အီယွန်းက သစ်ကိုင်းကို ကိုင်ထားရင်း လက်တစ်ဖက်ကို ဆန့်ထုတ်ပေးလိုက်သည်။ သို့သော် ထိုလူက မကြားချင်ယောင်ဆောင်နေ၏။ နှုတ်ခမ်းကိုကိုက်ရင်း စိုးရိမ်နေသော အီယွန်းလည်း နောက်ဆုံးတွင် အလျင်အမြန်ပင် ဖုန်းကို ဖွင့်လိုက်တော့သည်။

​တစ်ဖက်တွင် ဂွမ်ချယ်ဝူက သစ်ပင်ပင်စည်ကို ပုဆိန်ဖြင့် တရစပ် ပေါက်နေသည်။ အကြိမ်ပေါင်းများစွာ ပေါက်နေသော်လည်း သူအသုံးပြုလိုက်သော အချိန်က ခဏလေးသာရှိသေး၏။ ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ ပထမဆုံးအကြိမ်ကအတိုင်း အားအပြည့်နှင့် ဆက်တိုက်ခုတ်နေပြီး သစ်ပင်တွင် အပေါက်တစ်ခုကို ဖန်တီးလိုက်လေသည်။

“ဂွမ်ချယ်ဝူ၊ ဘာလုပ်နေတာလဲ။ ရှောင်ပါတော့။”

တောဝက်က လျင်မြန်စွာ နီးကပ်လာနေပြီဖြစ်သော်လည်း ထိုလူက သစ်ပင်ကိုသာ ခုတ်နေဆဲပင်။

“တော်၊ တော်တော့လို့ ပြောနေတယ်လေ။ အဲ့ဒါကို ချထားလိုက်စမ်းပါ။”

“……”

“ချထားလိုက်လို့ ဒီကောင်စုတ်ရဲ့။”

“အဲ့ဒီမှာ ငြိမ်ငြိမ်လေးနေပါ။”

“သေချင်လို့ ရူးနေတာလား။”

ထိုအခါ သူက 'ဟားဟား' ဟု အသံထွက်၍ ရယ်ခဲ့သည်။

“ခွေးက ကျောပေးတယ်ဆိုတာ အကြောင်းရင်းတစ်ခုပဲရှိပါတယ်။”

အေးရာအေးကြောင်းရှိသော ထိုအမူအရာကြောင့် အီယွန်းတစ်ယောက် အားအင်များပင် ကုန်ခန်းသွားရ၏။ သူ့ကို လုံးဝ နားမလည်နိုင်တော့ပေ။

“ဂွမ်ချယ်ဝူ... နင်၊ နင်၊ ဗိုက်လေး လှန်ပေးရုံကလွဲရင် ဘာများလုပ်တတ်လို့လဲ။ ပြောစကားလည်း လုံးဝ နားမထောင်တာကို။”

အီယွန်း ရင်ဘတ်ကို တဘုန်းဘုန်း ထုနေစဉ်မှာပင် ထိုလူက ကိုယ်ကိုရှောင်တိမ်းရန်မဆိုထားနှင့် တောဝက်ရှိရာဘက်သို့ပင် အတင်းတိုးသွားခဲ့လေသည်။

​သားရဲ၏ မြင်ကွင်းထဲသို့ လူသားတစ်ယောက် ဝင်လာသည်နှင့်တစ်ပြိုင်နက် ဒေါသထွက်နေသော တောဝက်ကြီးက နှာခေါင်းမှ လေပူများကို ပို၍ပြင်းပြင်းထန်ထန် မှုတ်ထုတ်လေတော့၏။

အီယွန်းက လက်နှစ်ဖက်ဖြင့် ပါးစပ်ကို တင်းတင်းအုပ်ထားလိုက်မိသည်။

မြင်လိုက်ရုံဖြင့်ပင် ကြောက်စရာကောင်းလှသော အစွယ်ကြီးများ ဂွမ်ချယ်ဝူ၏ မျက်နှာရှေ့အထိ ရောက်ရှိလာသော အခိုက်အတန့်တွင်။

“……”

​နောက်ဆုံးအချိန်အထိ အကြည့်တစ်ချက်ပြောင်းမသွားသော ထိုလူက ကိုင်ထားသော ငုတ်ချွန်ကို အချိန်ကိုက် ချိန်ရွယ်ခဲ့သည်။

ထို့နောက်တွင် အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာသဖြင့် အရှိန်မလျှော့နိုင်တော့သော တောဝက်ကြီးလည်း ငုတ်ချွန်နှင့် တိုက်ရိုက်ထိုးမိသွားလေတော့၏။

လည်ပင်းအောက်မှ သွေးများ တဗွက်ဗွက် ပန်းထွက်လာသည်။ သေလုမြောပါး ဒဏ်ရာဖြစ်သော်လည်း တောဝက်က ခဏမျှသာ တုံ့ဆိုင်းသွားကာ ငုတ်ချွန်စိုက်လျက်တန်းလန်းဖြင့် ဂွမ်ချယ်ဝူကို ထပ်မံ၍ တိုက်ခိုက်ပြန်၏။

ထိုသို့ဖြင့် တွန်းတိုက်ခံရရင်း အီယွန်းရှိနေသော သစ်ပင်အထိ ရောက်လာလေသည်။

‘သေလို့မဖြစ်ဘူးနော်……’

အတုန်တုန်အယင်ယင်ဖြင့် ကယ်ဆယ်ရေးထံ ဖုန်းဆက်ပြီးနောက် အီယွန်းတစ်ယောက် ထိုလူ၏ ဘေးကင်းလုံခြုံမှုအတွက် ပထမဆုံးအကြိမ်အဖြစ် အထပ်ထပ် ဆုတောင်းမိတော့သည်။

အီယွန်း သူ၏ အပြုံးကို အထင်အရှား မြင်လိုက်ရ၏။

ဂွမ်ချယ်ဝူက စောစောက ပြုလုပ်ထားသော ပုဆိန်ရာကြားထဲသို့ ငုတ်ချွန်ကို ထိုးထည့်လိုက်သည်။ ငုတ်ချွန်လက်ကိုင် အပေါက်ကြားတွင် ကွက်တိဝင်သွားသည်နှင့် တရစပ် တိုးဝင်နေသော သားရဲ၏ ကိုယ်ထဲသို့ စူးရှသော အသွားက ဇတ်ခနဲ စိုက်ဝင်သွားတော့၏။

​ကွဲအဲအဲအဲ....

နာကျင်စွာ အော်ဟစ်သံကြောင့် တောငှက်လေးများ ပျံပြေးကုန်ကြသည်။

“အီး……”

အီယွန်းတစ်ယောက် သစ်ပင်တွင် တဘုန်းဘုန်း လာဆောင့်နေသော တုန်ခါမှုကို တောင့်ခံရင်း ထိုလူကို မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။

တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော ဂွမ်ချယ်ဝူက ပျော်စရာကစားပွဲကို ကစားနေသူပမာ ပြုံးနေဆဲပင်။ ထို့နောက် သူက ခပ်တင်းတင်း ဆုပ်ကိုင်ထားသော ပုဆိန်ကို စတင် လွှဲယမ်းလေတော့သည်။

​တစ်ချက်၊ နှစ်ချက်၊ သုံးချက်။

သူ လွှဲယမ်းလိုက်တိုင်း သွေးများ စဉ်ထွက်လာ၏။ အထူးသဖြင့် ငေါထွက်နေသော အစွယ်ကို ကိုင်ပြီး အတွင်းဘက်မှ သွေးကြောမကြီးကို ဖြတ်တောက်လိုက်ချိန်တွင် ဂွမ်ချယ်ဝူသည်လည်း သွေးများဖြင့် ရွှဲနစ်သွားရတော့သည်။

“အီး……”

​ထိုလူ၏ တစ်ကိုယ်လုံးက အနီရောင်သုတ်ဆေးဖြင့် ပက်ဖျန်းထားသလိုပင်။ သွားကြားထဲတွင်လည်း အနီရောင်သွေးများ စိမ့်ဝင်နေသည်။

​ကြောက်မက်ဖွယ် အော်ဟစ်နေခဲ့သည့် ထိုသားရဲခမျာ ယခုမူ အားအင်ကုန်ခမ်းသွားပုံရကာ ကိုယ်လေးသာ တသိမ့်သိမ့် တုန်ခါနေတော့၏။

​“အခု ဆင်းလာခဲ့ပါတော့၊ အီယွန်း။”

​အီယွန်းတစ်ယောက် ခဲရာခဲဆစ် တံတွေးမျိုချလိုက်မိကာ ရင်ဘတ်ထဲတွင်လည်း တဒိတ်ဒိတ် ခုန်နေသည်။

​ဆင်းသွား၍မဖြစ်ဘူးဟု ခံစားနေရ၏။

​‘မသေပါစေနဲ့’ နှင့် ‘မသတ်ပါနဲ့’ ဟူသော အတွေးနှစ်ခုကြား ဗျာများစေသည့် ဤလူကြောင့် ကိုယ့်ကိုယ်ကိုယ် ကျားကိုရှောင်ရင်း အပေါ်သို့ တက်လာခဲ့ရသည့် မောင်နှမနှစ်ယောက်၏ဘဝ ရောက်နေသလို ခံစားလိုက်ရသည်။ နောက်ထပ် အသက်ကြိုးတစ်ခု လိုအပ်လာပြန်ပေပြီ။

​“ကိုယ် တက်လာရမလား။”

​“မလာပါနဲ့။”

​အီယွန်း ပြတ်ပြတ်သားသားပင် ငြင်းလိုက်သည်။

​“ခြေထောက်တွေ၊ ခြေထောက်တွေက တုန်နေလို့ပါ။ ခဏလောက် အမောဖြေပြီးမှ ဆင်းလာခဲ့ပါ့မယ်။ ဂွမ်ချယ်ဝူလည်း၊ ဟို…… စိတ်ကို နည်းနည်းလောက် ပြန်ထိန်းပါဦး……”

​“ကိုယ်က စိတ်လှုပ်ရှားနေတဲ့ပုံပေါက်နေလို့လား။”

​အောက်သို့ ငုံ့ကြည့်လိုက်တော့ ရင်ဘတ်က အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်မှလွဲ၍ ဂွမ်ချယ်ဝူက ပုံမှန်အတိုင်းပင်။

​ထိုအစား သူက မြူနှင်းများလို ငြိမ်သက်အေးစက်နေခဲ့သည်။ စိုရွှဲနေသော နဖူးပေါ်မှ ဆံပင်များနှင့် စိုထိုင်းနေသည့် အဝတ်အစားများကြောင့် ထိုခံစားချက်က ပို၍ပင် လေးလံနေသယောင်ရှိ၏။

​“အီယွန်းက ကိုယ် ဒီလိုပုံစံမျိုးနဲ့ စိတ်ကြွနေတာကို မျှော်လင့်နေတယ်ထင်ပါရဲ့။”

​သူက အညောင်းအညာဖြေသည့်အလား ပုခုံးတစ်ဖက်ကို လှည့်လိုက်သည်။

​“ပြောသာ ပြောလိုက်ပါ။ အခုချက်ချင်း ဒီမှာပဲ -ီး တောင်ပြရမလား။”

​“မလုပ်ပါနဲ့။”

​“အီယွန်းသာ အလိုရှိတယ်ဆိုရင် ဘာမဆို လုပ်ပေးနိုင်တာမို့လို့ပါ။”

​“အဲ့ဒီလိုဆိုပေမဲ့လည်း နှာဘူးတော့ မဟုတ်သေးပါဘူး။”

​အီယွန်းက နောက်နောင်အတွက်ပါ ကြိုတင်ကာကွယ်သည့်အနေဖြင့် အကြောက်အကန် ငြင်းဆန်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် စိုးရိမ်တကြီးဖြင့် ပြောခဲ့သော ဆရာဝန်၏ စကားများက နားထဲမှမထွက်ဘဲ ပဲ့တင်ရိုက်ခတ်နေ၏။

​မူမမှန်သော အပြုအမူ၊ ရန်လိုမှု၊ ကာမစိတ် အလွန်အကျွံ ပြင်းထန်မှု……။

​လက်ရှိ ဂွမ်ချယ်ဝူက ထိုအခြေအနေအတိုင်းပင်။

​အီယွန်း ရုတ်တရက် အသက်ရှူသံပင် မထွက်ဘဲ ငြိမ်သက်သွားရာ ဂွမ်ချယ်ဝူက မျက်နှာတွင် ပေကျံနေသည့် သွေးများကို လက်ဖမိုးဖြင့် ပွတ်သုတ်လိုက်သည်။

​“တအားကြောက်သွားတာလား။”

​“ကျွန်မလေ၊ အခု ဂွမ်ချယ်ဝူရဲ့ မျက်နှာကို ပိုကြောက်နေတာပါ။”

​ထိုစကားကြောင့် ဂွမ်ချယ်ဝူက ပြုံးလိုက်သည်။ သွေးများ ပေကျံနေသည့် မျက်နှာဖြစ်သော်လည်း သူ၏ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီက မည်သို့သော ပုံသဏ္ဌာန်မျိုးဖြင့် ပြုံးယောင်သမ်းသွားသည်ကို အထင်းသား မြင်နေရ၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment