no

Font
Theme

အပိုင်း ၂၆

“......ကျွန်မက ကြောက်တတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒါထက် တာဝန်ယူစိတ်က အရင်လာတယ်ရှင့်။ ဒါက အပြိုင်အဆိုင် လေလံပွဲဖြစ်သလို ကျွန်မကိုယ်တိုင် စိတ်အားထက်သန်စွာပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီးသားပါ။ အဲ့ဒါကြောင့် ကြိုး ပေးပါတော့။”

“......”

“ကျွန်မ ခိုင်းတဲ့အတိုင်းလုပ်မယ်လို့ ကတိပေးထားတယ် မဟုတ်လားရှင့်။”

သို့သော်လည်း သူက မေးရိုးကို တင်းတင်းစေ့ထားဆဲဖြစ်ရာ အီယွန်းလည်း ကိုယ်တိုင်ပင်မသိလိုက်ဘဲ ခါးထောက်လိုက်မိသည်။

“ဂွမ်ချယ်ဝူရှင့်၊ အခု...... ကျွန်မကို အာခံနေတာလား။”

အာ၊ ဒီလို ကလေးဆန်တဲ့စကားမျိုးပြောဖို့ ရည်ရွယ်ထားတာမဟုတ်တာကို။

သတိဝင်လာချိန်တွင် နောက်ကျသွားပေပြီ။ ဂွမ်ချယ်ဝူ၏ တင့်တယ်လှပသော မျက်ဝန်းတို့ ကျဉ်းမြောင်းသွားသည်နှင့်အမျှ ရင်ထဲတွင် တလှပ်လှပ်ဖြစ်လာ၏။ နဂိုကမှ သေးငယ်လှသော အသည်းမှာလည်း ပို၍ပင်ကျုံ့သွားတော့သည်။

သူက အီယွန်းကို ခေတ္တ စိုက်ကြည့်နေပြီးမှ အကြည့်ကို နှိမ့်ချလိုက်၏။

“မဟုတ်ပါဘူး၊ အီယွန်းရယ်။ ကိုယ်က ဘယ်လိုလုပ်ပြီး အဲ့ဒီလိုလုပ်ရဲပါ့မလဲ။”

လုံးဝ ခန့်မှန်း၍မရနိုင်သည့် အမူအရာဖြစ်သော်လည်း မတော်တဆ ဆုံသွားသည့် မျက်လုံးတို့ကမူ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေသည်။

ငြိမ်ငြိမ်ကုပ်ကုပ်လေး စကားနားထောင်သွားပြန်သော ထိုလူက အီယွန်း၏ခါးတွင် ကြိုးကို ကိုယ်တိုင်ချည်ပေးလေ၏။ တစ်ဇွတ်ထိုး ဆန့်ကျင်မည်ဟု ထင်ခဲ့သော်လည်း သူက ချိတ်များကို စနစ်တကျချိတ်ကာ ကြိုးထုံးကို ကျစ်လစ်စွာ ထုံးပေးနေခဲ့သည်။ ကျွမ်းကျင်ပြီး လျင်မြန်သော လက်လှုပ်ရှားမှုများကြောင့် အီယွန်းတစ်ယောက် မျက်လုံးပြူသွားရ၏။

ထိုအချိန်တွင် တိုးဝင်လာသော အေးစက်စက်လေသံ ထွက်ပေါ်လာသည်။

“အောက်ကနေ စောင့်နေမဲ့ ယောက်ျားကိုတော့ နည်းနည်းလေးမှ ထည့်မတွေးတော့ဘူးလား။”

သူ ကြိုးထုံးများကို စစ်ဆေးတိုင်း အီယွန်း၏ ခန္ဓာကိုယ်က စက္ကူတစ်ရွက်ပမာ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် ယိမ်းထိုးနေခဲ့သည်။

ဇနီးသည်၏ အသက်ကြိုးကို ကိုယ်တိုင်ကိုယ်ကျ ချည်ပေးနေရသော လူတစ်ယောက်၏ ခံစားချက်ကို အီယွန်း မသိပေ။ သို့သော် မျက်စိရှေ့တွင် ထောက်ခနဲ မေးရိုးကြိတ်သံကို ကြားလိုက်ရချိန်၌ ကြက်သီးထလောက်စရာ ထိုအသံကြောင့် အီယွန်း အသက်ရှူရပ်လုမတတ် ခံစားလိုက်ရသည်။

“ဖျက်လိုဖျက်ဆီး လုပ်ချင်တာမဟုတ်ဘဲ ကာကွယ်ချင်တာပါ။ နောက်နေတာမဟုတ်ဘဲ ကိုယ့်ကို နှစ်သိမ့်ပေးဖို့ မျှော်လင့်နေတာပါ။”

“......”

“စိုးရိမ်နေတာမို့လို့။”

မယုံနိုင်လောက်အောင် ပွင့်လင်းမြင်သာသည့် ထိုရင်တွင်းစကားကြောင့် အီယွန်းတစ်ယောက် မျက်လုံးလေးသာ ပေကလပ် ပေကလပ် လုပ်နေမိသည်။

“ကိုယ်က အီယွန်း အဝေးကြီးကိုသွားတာ မကြိုက်ပါဘူး။”

အေးစက်သော မျက်လုံးများက ဆူပွက်လျက်။

“နည်းနည်းလေးတောင်မှ ခွဲမနေချင်ဘူးလို့ ကိုယ် ကျိန်းသေပေါက် ပြောထားခဲ့ပါတယ်။”

အငြိုးအတေးလည်းမဟုတ်၊ မုန်းတီးမှုလည်းမဟုတ်၊ ဒေါသကို ဖွင့်ထုတ်ပေါက်ကွဲရာမှ ရလာသော အဆင်အခြင်မဲ့သည့် ကျေနပ်မှုလည်းမဟုတ်။ ယင်းမှာ အီယွန်းကို မိသားစုဝင်များ ကြည့်ခဲ့ကြသည့် အကြည့်များအားလုံးနှင့် အခြေခံမှစ၍ လုံးဝကွာခြားပေသည်။

ဒီအတိုင်း ဖြူစင်စွာ အီယွန်းကို မှီခိုကပ်တွယ်နေသည့် အကြင်နာသံယောဇဉ်ပင်။

ရင်ထဲရှိ တစ်နေရာရာမှ လှုပ်ခါသွားတော့သည်။

“အမြဲစိမ်းထင်းရှူးပင်ဆေးရုံ၊ အဆင်သင့်ဖြစ်ပြီလား။”

တစ်ယောက်ထံမှတစ်ယောက် မခွာနိုင်ဘဲ ကပ်နေခဲ့သော နှစ်ဦးသား၏ အကြည့်တို့က ထိုအခါမှသာ ပြတ်တောက်သွားတော့သည်။ အရင်ဆုံး ခေါင်းလှည့်လိုက်သူက အီယွန်းပင်။

ချူဂျာက စိုးရိမ်တကြီး မျက်နှာထားဖြင့် လွှကို ကမ်းပေးလာသည်တွင် အီယွန်းက ထိုအရာကို ကျောတွင်လွယ်ပြီး လက်ဖဝါးများပေါ်တွင် ထင်းရှူးမှုန့်များ သုတ်လိမ်းလိုက်သည်။

'ဒီလွှမှာ ရှင့်သွေးတွေ စွန်းခဲ့ဖူးတာရှင့်။'

အီယွန်းက ခနဲ့ပြုံးပြုံးလိုက်မိသည်။

မှတ်ဉာဏ်မရှိသောလူကို လှည့်ဖြားပြီး ယဉ်ပါးအောင်လေ့ကျင့်ရန် လုပ်ခဲ့သည့်အပြင် မိမိ၏ ရည်ရွယ်ချက်အတိုင်း ကောင်းစွာ ဦးနှောက်ကျင်းခံနေရသည့် ထိုလူကို မြင်ရသည်မှာ အီယွန်းအတွက်တော့ စိတ်မသက်မသာဖြစ်စရာပင်။ သူ့အတွက် မလိုအပ်သော ပျော့ညံ့သည့်ခံစားချက်ဖြစ်၏။

“သွားလိုက်ပါဦးမယ်။”

အီယွန်းက သူထံတွင် စွဲကပ်နေသော ထိုလူ၏ အကြည့်ကို အဆုံးအထိ လျစ်လျူရှုလိုက်သည်။

ပေါ့ပါးသော သူ့ခန္ဓာကိုယ်က အင်မတန် လျင်မြန်လှ၏။

တစ်ပြိုင်နက်တည်းထွက်လာကြသော အံ့ဩတကြီးပင့်သက်ရှိုက်သံများကို ကြားနေရစဉ်မှာပင် အီယွန်းတစ်ယောက် သစ်ပင်ပေါ်သို့ ကျွမ်းကျင်စွာ တက်သွားနိုင်ခဲ့သည်။ ပေါင်၊ ဒူးနှင့် တံတောင်ဆစ်များ ချက်ချင်း ပွန်းပဲ့သွားသော်လည်း မရပ်တန့်ခဲ့ပေ။

မီတာ ၃၀ မြင့်သော ဂင်ဂိုပင်ကို မိနစ်လေးဆယ်ခန့်ကြာအောင် တက်ပြီးနောက် အင်္ကျီတွင် ချွေးများစိုရွှဲလာတော့သည်။ ဤအချိန်အရောက်တွင် သစ်ကိုင်းများ ဖြတ်ရမည့်အစား ထုံကျဉ်လာသော လက်နှင့် ခြေထောက်တို့က ပို၍ပြဿနာဖြစ်နေ၏။

သို့သော် နှစ်ကာလကြာရှည်စွာ ပစ်ထားခြင်းခံခဲ့ရသည့် သစ်ပင်ကို တွေးမိတော့ အီယွန်း အံတင်းတင်းကြိတ်လိုက်မိသည်။ သူက မည်သူ့ကိုမှမပြောဘဲ ပင်ပန်းစရာ အခက်အခဲများကို တစ်ဦးတည်း ခံစားနေရသည့် သစ်ပင်၏ ပြဿနာကို အပြတ်ရှင်းလင်းပေးလို၏။ ထိုသို့ ပြဿနာဖြစ်စေသော ကိုင်းနားသို့ ရောက်ရှိလာသည်နှင့်အမျှ အီယွန်း ပို၍စိတ်ပူလာခဲ့သည်။

နောက်ဆုံးတွင် ထိပ်ဆုံးနီးပါးအထိရောက်ရှိလာသော အီယွန်းက ပုံပျက်ပန်းပျက် ထွက်နေသော ကိုင်းဆီသို့ ဦးတည်လိုက်၏။

နဂိုကတည်းက တုန်ယင်နေသော ထိုကိုင်းမှာ ထင်ထားသည့်အတိုင်း အီယွန်း၏ ကိုယ်အလေးချိန်ကို မခံနိုင်ဘဲ ကြီးမားသော မျဉ်းကွေးအဖြစ် ယိမ်းနွဲ့သွားလေသည်။

—အော၊ အော......

အောက်ဘက်ဆီမှ ထိုသို့သော ဆူညံသံများ မသဲမကွဲ ထွက်ပေါ်လာသည်။

အမြင့်ကို အထူးတလည် မကြောက်ခဲ့သည့် အီယွန်းဆိုသော်ငြားလည်း....

‘ငါက အမြင့်ကြောက်တတ်တာပဲ......’

အမြင့်မကြောက်ခြင်းမဟုတ်ဘဲ ဤမျှမြင့်သောနေရာအထိ တက်ဖူးသောအတွေ့အကြုံမရှိ၍သာ မသိခဲ့ခြင်းပင်။ တကယ်တမ်း ဤနေရာအထိ ရောက်လာတော့ ရင်တွေခုန်ကာ၊ ခြေထောက်များ တုန်ရီလာတော့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်ပေးရမှာကို။

‘ဒါကြောင့် Green ဆေးရုံ ဒါရိုက်တာက ဒီအတိုင်း ပြန်ဆင်းလာခဲ့တာကိုး။’

ကွေးညွတ်နေသော သစ်ကိုင်းအတိုင်း ကပ်လျက်လိုက်ပါပြီး တုန်ခါမှုကို ခံနိုင်ရည်ရှိအောင် လုပ်ရသည်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။

ဒီလိုနှင့် ရုတ်တရက် ကျိုးကျသွားခဲ့မည်ဆိုလျှင် အနောက်က လမ်းမပေါ်ရှိလူများ အကြီးအကျယ် ဒုက္ခရောက်ပေမည်။

“ဟူး......”

မတတ်သာတော့သည့်အဆုံး ဤအတိုင်း အခက်အခဲနှင့် ရင်ဆိုင်နေရချိန်တွင် အောက်ဘက်ဆီမှ တုန်လှုပ်ချောက်ချားစရာ အော်သံတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ လူအမြောက်အမြား၏ အော်ဟစ်သံများ တစ်ပြိုင်နက် ရောထွေးသွားသော်လည်း ကိုယ့်ဒုက္ခကိုယ် သယ်ပိုးနေရသည့် အီယွန်းအဖို့ နောက်လှည့်ကြည့်ရန်ပင် အချိန်မရှိခဲ့ပေ။ လေးလံသော လှိုင်းလုံးတစ်ခုက သူ၏ ဦးခေါင်းအနောက်ဘက်ကို ဖိစီးလာသလို ခံစားလိုက်ရ၏။

မျှခြေကို အနိုင်နိုင်ထိန်းထားနိုင်ခဲ့သော အီယွန်းတစ်ယောက် လွှကို စမ်းတဝါးဝါး ကိုင်လိုက်ချိန်မှာပင်...ခန္ဓာကိုယ်က ရုတ်တရက် ယိုင်သွားကာ ပေါင်မှ အင်အားများ လျှောထွက်သွားလေတော့သည်။

‘အား၊ တကယ် အမျိုးမျိုးကို ဖြစ်နေတော့တာပဲ……’

ကူကယ်ရာမဲ့စွာ ချော်ကျသွား၏။

ကြိုးချည်ထားသည့်အတွက် အသက်တော့ မသေနိုင်ပေ။ သို့သော် ဤကဲ့သို့သော အမြင့်တွင် အလုပ်လုပ်ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် အီယွန်းက အလိုလိုသိစိတ်အတိုင်း မျက်လုံးများကို မှိတ်ထားလိုက်ကာ ရုတ်တရက် ရိုက်ခတ်လာမည့် တုံ့ပြန်မှုအတွက် ပြင်ဆင်လိုက်သည်။

‘ကျတော့မယ်......’

ထိုသို့ဖြင့် မြင်ကွင်း တစ်ဝက်လည်သွားချိန်၌။ ရုတ်တရက် ခါးကို ဖမ်းဆွဲလိုက်သော ကြမ်းတမ်းသည့် အားတစ်ခုကြောင့် သူ၏ ခန္ဓာကိုယ်က တင်းကျပ်စွာ ဖမ်းဆုပ်ခံလိုက်ရသည်။ နံရိုးများ ကျိုးတော့မတတ် နာကျင်သွား၏။

“......ဖမ်းထားတယ်။ ကိုယ် ဖမ်းထားပါတယ်။”

“......”

လည်တိုင်အစပ်ကို ထိကပ်လာသော ထိုအသံကြောင့် ရုတ်တရက် နှလုံးက တဒုတ်ဒုတ်ခုန်လာတော့သည်။ ဂွမ်ချယ်ဝူက အီယွန်း၏ ဝမ်းဗိုက်ကို သူ့လက်ကြီးများဖြင့် ရစ်ပတ်ကာ အကြားအလပ်မရှိအောင် ဖက်ထား၏။ အီယွန်း၏ မျက်လုံးများက အကန့်အသတ်အထိ ပြူးကျယ်သွားရတော့သည်။

“......ဂွမ်၊ ဂွမ်ချယ်ဝူရှင့်။”

အီယွန်းက ခေါင်းကို ဘေးဘက်သို့ လျင်မြန်စွာ လှည့်လိုက်သည်။

ကြမ်းတမ်းစွာ လှုပ်ရှားသွားသော လည်စေ့နှင့် ချွန်ထက်သော နှာတံကို ဖြတ်ကျော်ကာ အကန့်အသတ်ရောက်အောင် စူးရှလှသည့် မျက်ဝန်းများကို တွေ့လိုက်ရ၏။ သူက ဘာကိရိယာမှမပါဘဲ ဤနေရာအထိ တက်လာခဲ့ခြင်းပင်။ သူ၏ လည်ပင်းက ချွေးစေးတို့ဖြင့် စိုစွတ်နေ၏။

“ရူးနေလားရှင့်။”

“ဘာမှမဖြစ်ပါဘူး၊ အီယွန်း ထိခိုက်သွားလို့ ဘယ်ဖြစ်မလဲ။”

ထိုလူက အီယွန်းကို ကြောက်လန့်နေသည်ဟုထင်ကာ အရင်ဆုံး နှစ်သိမ့်ပေးခဲ့သည်။

“အဲ့ဒါကိုပြောနေတာ မဟုတ်ဘူးရှင့်......”

အီယွန်း တကယ် စိတ်ပျက်သွားမိသည်။

“ကိုယ်ဗလာနဲ့ ဘာလုပ်နေတာလဲရှင့်၊ ဒါက။ ကျွန်မလည်း တစ်နေ့တစ်နေ့ ဂွမ်ချယ်ဝူကြောင့် အကြိမ်ကြိမ် လန့်ရပါတယ်။”

တွေးကြည့်လိုက်တော့ ပထမဆုံး တွေ့ဆုံခဲ့စဉ်ကတည်းက အမြဲတမ်း ဤအတိုင်းချည်းသာ။

လူကို အရှင်လတ်လတ် မြေမြှုပ်ဖို့လုပ်သည်က တစ်ကြိမ်၊ သတ်ရန်လိုက်ဖမ်းသည်က တစ်ကြိမ်၊ ရုတ်တရက် နိုးလာသည်က တစ်ကြိမ်၊ ကြက်သားစိမ်းကို ဆွဲဆုတ်စားသည်က တစ်ကြိမ်၊ ပြီးမှ ပြန်လည် အိပ်မောကျသွားသည်က တစ်ကြိမ်၊ မျက်ရည်ကျသည်က တစ်ကြိမ်။

လုပ်ရင်းလုပ်ရင်း ယခုတော့ သေဖို့ဆုံးဖြတ်ထားသည့်အလား မတွေးမဆ လက်ဗလာဖြင့် သစ်ပင်ထိပ်အထိပါ တက်လာခဲ့ပြန်သည်။

“လူက ဘာလို့ ဒီလောက်တောင် အစွန်းရောက်နေရတာလဲရှင့်။”

လှမ်းကြည့်လိုက်တော့ ထိုလူ၏ လက်များက ဒဏ်ရာများဖြင့် ပြည့်နေပေပြီ။ လက်အိတ်တို့၊ ကိရိယာတို့ အပြည့်အစုံ ဝတ်ဆင်ထားသည့် အီယွန်းလိုမဟုတ်ဘဲ ဂွမ်ချယ်ဝူတွင် အဆင်အခြင်မဲ့သော ဇွဲလုံ့လသာ ရှိ၏။

“မပြောတတ်ပါဘူး။ ကိုယ်က ဘာလို့ ဒီလိုဖြစ်နေရတာလဲဟင်။”

တင်းကျပ်စွာ ထိကပ်နေသော ခန္ဓာကိုယ်များကြားမှ နှလုံးခုန်သံများက ပြင်းထန်စွာ တဒုန်းဒုန်း မြည်နေသည်။ သူက အသက်ကို ပြင်းပြင်းရှူသွင်းရင်း မျက်နှာကို အီယွန်း၏ ပခုံးဆီသို့ နှိမ့်ချလိုက်၏။ ပူနွေးသော ဝင်သက်ထွက်သက်က အီယွန်း၏စိတ်ကို ရှုပ်ထွေးစေခဲ့သည်။

“အီယွန်းပဲ ဆုံးဖြတ်ပါ။”

“ဘာကိုလဲရှင့်။”

“ဒီအတိုင်း ဆွဲချခံမလား၊ ဒါမှမဟုတ် အဆုံးအထိ လုပ်မလားဆိုတာ။”

ထိုအခါ ခုန်ပေါက်နေသော နှလုံးခုန်သံက တည်ငြိမ်လာ၏။ ထိုလူ၏ စကားသံ တည်ငြိမ်သွားသည်နှင့်အမျှ ဆုံးဖြတ်ချက်သည်လည်း ချက်ချင်း ခိုင်မာသွားတော့သည်။

“ကျွန်မက အဆုံးအထိ လုပ်မှာပါ။”

ပုံမှန်မဟုတ်စွာ ကြီးထွားနေသော သစ်ကိုင်းကြောင့် ဟန်ချက်ပျက်နေသည့် သစ်ပင်၏ ကိုယ်ထည်က အမြစ်များကိုပါ ဆိုးဝါးစွာ သက်ရောက်မှုရှိနိုင်ပေသည်။ အီယွန်း၏ စိတ်ထဲတွင် အကဲဖြတ်စစ်ဆေးမှုကို ဘေးပို့ထားခဲ့သည်မှာ ကြာလှပေပြီ။ ဤသစ်ပင်ကို ကူညီချင်စိတ် တစ်ခုတည်းသာ ရှိတော့၏။

“ကောင်းပါပြီ၊ ဒါဆို ကျောပေါ်တက်လိုက်ပါ။”

“......ရှင်။”

“ကိုယ်က ဖြတ်ပေးမှာမို့လို့ အီယွန်းက ညွှန်ကြားပေးပါ။”

ထင်မှတ်မထားသော စကားကြောင့် အီယွန်း မှင်တက်သွားတော့၏။

“မဖြစ်ပါဘူး။”

“ဘာလို့လဲဗျ။”

“ဂွမ်ချယ်ဝူမှာ ကြိုးမှမပါတာ။ နောက်ဆုတ်နေပါ။”

“ရပါတယ်။ ကိုယ် ပြုတ်ကျသွားရင်တောင် အီယွန်းက အသက်ရှင်နေဦးမှာပဲမို့လို့။”

“......”

အီယွန်းတစ်ယောက် အစွန်းရောက်လှသော သူ၏ ကျိုးကြောင်းဆင်ခြင်မှုကြောင့် အင်မတန်ဒေါသထွက်လာသည်။

“နောက်ထပ်၊ နောက်ထပ် အဲ့ဒီလိုစကားမျိုး မပြောပါနဲ့။ ဂွမ်ချယ်ဝူသာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားရင် ကျွန်မဘဝလည်း အဲ့ဒီနေ့ကစပြီး အဆုံးသတ်သွားမှာရှင့်။”

ဂွမ်ချယ်ဝူရဲ့ မိသားစုက ဘယ်လောက်တောင် ကြောက်စရာကောင်းမှန်း သိရဲ့လားရှင့်။ ရှင်သာ သေသွားရင် ကျွန်မလည်း ပြောဆိုညှိနှိုင်းခွင့်လေးတောင်မရဘဲ စည်ပိုင်းထဲ အထည့်ခံရမှာပါ။

အီယွန်း မောဟိုက်စွာ အသက်ရှူသွင်းလိုက်သည်။ ပါးစပ်မှ ထုတ်မပြောနိုင်သော စကားများက ရင်ထဲတွင် လေပွေကဲ့သို့ လည်ပတ်နေ၏။

“တကယ်ဆို ဒီကိုတက်လာတာနဲ့တင် လုံလောက်တဲ့ အရူးလုပ်ရပ် ဖြစ်နေပါပြီ။”

“......တောင်းပန်ပါတယ်။ စိတ်မဆိုးပါနဲ့။”

သူ၏ နှာတံမြင့်မြင့်က အီယွန်း၏ လည်တိုင်ကို ပွတ်ဆွဲသွားသည်။

“ပြီးတော့၊ ဘေးကင်းတယ်ဆိုရင်တောင် သစ်ပင်ဆရာဝန်က ကျွန်မပါ။ ကျိန်းသေပေါက် ဂွမ်ချယ်ဝူထက် လွှကိုင်တဲ့နေရာမှာ ကျွန်မက ပိုပြီး ကျွမ်းကျင်မှာပါရှင့်။”

“......”

“လူ၊ လူပါးလာမဝပါနဲ့။”

အသံကြိုးများ တုန်ခါသွားသည်။ မျက်နှာနီရဲနေသော အီယွန်းက မာန်တင်းလိုက်၏။ မျက်နှာချင်းမဆိုင်ရဘဲ ရှိနေခြင်းကြောင့် ပို၍ပင် အသံကောင်းဟစ်နိုင်ခဲ့သည်။

သူ မေးရိုးကိုမြှင့်ကာ ကျေနပ်နေချိန်တွင် လည်တိုင်ဆီသို့ ပူနွေးသော လေငွေ့များ သက်ဆင်းကျရောက်လာ၏။ ဂွမ်ချယ်ဝူက ရယ်လိုက်သည့်ပုံပင်။

“ပြစ်ဒဏ်ကိုတော့ အောက်ရောက်မှပဲ ခံယူပါတော့မယ်။ တင်းတင်းကျပ်ကျပ်သာ ဖက်ထားပါ။”

“ဘာ....”

အီယွန်း၏ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ ဂွမ်ချယ်ဝူက ကြိုတင်သတိမပေးဘဲ သူ၏ခန္ဓာကိုယ်ကို စွေ့ခနဲကောက်ယူကာ အထုပ်အပိုးတစ်ခုအလား ပခုံးနောက်သို့ ပို့လိုက်ခြင်းပင်။

“ဟစ်......ဂွမ်ချယ်ဝူရှင့်။”

အီယွန်းက အော်ဟစ်ကာ သူ၏ လည်တိုင်ကို တင်းတင်းကျပ်ကျပ် ဆွဲဖက်ထားလိုက်သည်။

မီတာ ၃၀ အမြင့်တွင် နေရာက ရုတ်တရက် ပြောင်းလဲသွားသဖြင့် အသက်ရှင်သန်ရန် ကြိုးပမ်းရင်း သူ့အား အသည်းအသန် ကပ်တွယ်ထားမိ၏။ အသက်ရှင်ရန် အသည်းအသန် တွယ်ကပ်နေသော ပုံစံက ရယ်စရာကောင်းနေသော်လည်း ကျယ်ပြန့်သော ကျောပြင်က အံ့ဩစရာကောင်းလောက်အောင် သက်တောင့်သက်သာ ရှိလှပေသည်။

တစ်ခါမှ ဖက်တွယ်ဖူးခြင်းမရှိသော၊ တစ်စုံတစ်ယောက်၏ ကျောပြင်ပင်။ သူ့ထံမှ လတ်ဆတ်သောချွေးနံ့ ရနေ၏။ အရာအားလုံးက အစိမ်းသက်သက်ဖြစ်နေကာ ကြောက်စရာကောင်းလှသဖြင့် အီယွန်း၏ နှလုံးက မနားတမ်း တဒုန်းဒုန်း ခုန်နေတော့သည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment