no

Font
Theme

အပိုင်း ၂၁

လူသတ်သမားက လူသတ်သမားသာ။ ရိုးရှင်းသော ထိုအတွေးအခေါ်က မယိမ်းမယိုင်ရှိနေမှဖြစ်ပေမည်။ သို့မှသာ ဘာမှမသိသော ဂွမ်ချယ်ဝူကို လှည့်စားနေရသည့် အပြစ်ရှိစိတ်က အနည်းငယ် လျော့ပါးသွားမည်ဖြစ်သောကြောင့်ပင်။ သို့ရာတွင် ချူဂျာကတော့ ထိုနေရာမှ တစ်လှမ်းပို၍ ရှေ့တိုးရန် ပြောနေ၏။

“အီယွန်း၊ အဲ့ဒီကောင်မှာ မှတ်ဉာဏ်မရှိတော့ဘူးလေ။”

“......”

“နင် အဲ့ဒီတုန်းက မြင်ခဲ့တဲ့လူ မဟုတ်တော့ဘူးလို့။ နင်လည်းမသိ၊ ဂွမ်ချယ်ဝူကိုယ်တိုင်လည်းမသိတဲ့ လုံးဝ အစိမ်းသက်သက်လူတစ်ယောက် ဖြစ်သွားပြီ။”

တံခါးဆီသို့ စူးစိုက်ထားသော အကြည့်က အားမရှိစွာ စိုက်ကျသွားသည်။

ဂွမ်ချယ်ဝူကို အချိုသပ်စည်းရုံးရသည်က မကြာသေးမီကအထိ မခက်ခဲခဲ့ပေ။ ထို့ကြောင့် သူ နိုးလာသည်နှင့် ရှုပ်ထွေးနေသော အခြေအနေများက သူ့အလိုလို ပြေလည်သွားလိမ့်မည်ဟု ထင်ခဲ့မိသည်။ သူ၏ စုံလုံးကန်း သံယောဇဉ်နှင့် မူလဗီဇကို အားကိုးကြည့်ရအောင်ဟုဆိုလျက်။

ဂွမ်ချယ်ဝူက ပိတ်လိုက်၊ ဖွင့်လိုက်လုပ်နိုင်သော ခလုတ်လည်း မဟုတ်ပေ။ အီယွန်းတစ်ယောက် မိမိ၏ အစစ်အမှန် မျက်နှာကို လုံးဝစက်ဆုပ်ရွံရှာမိရသည်။

“......မနက်အထိ ရုံးခန်းထဲမှာပဲ အောင်းနေလိုက်ပါတော့မယ်။”

“အခုကနေလား။”

“စိတ်ကို နည်းနည်းရှင်းဖို့ လိုနေတယ်ထင်လို့ပါ။”

အီယွန်း ဧည့်ခန်းကို ဖြတ်ကာ ရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။ ရုတ်တရက် တရှပ်ရှပ်အသံကြား၍ ကြည့်လိုက်တော့ သူက ခွဲစိတ်ခန်းသုံး လက်အိတ်ကို အကျအန ဝတ်ဆင်နေ၏။ ယခုမှစ၍ တစ်ညလုံး ဓာတ်မြေဩဇာ အသစ်များ ထုတ်လုပ်ရန် စီစဉ်ထားခြင်းပင်။ အီယွန်းက စားပွဲပေါ်တွင် ပလတ်စတစ်စ အကြည်ကို ကျွမ်းကျင်စွာ ခင်းလိုက်ကာ ရေခဲသေတ္တာအသေးလေးထဲမှ အမည်းရောင်ဘူးကို ထုတ်လိုက်သည်။

ထို့နောက် ကျွီခနဲ အခန်းတံခါးပိတ်သွား၏။

တစ်ဖက်တွင် ဧည့်ခန်းထဲ၌ ကျန်ရစ်ခဲ့သော ချူဂျာက စိုးရိမ်မကင်းသည့် မျက်နှာထားကို ချက်ချင်း ဖျောက်ဖျက်ကာ အီယွန်း၏ အခန်းတံခါးကို ဂရုတစိုက် ဖွင့်လိုက်သည်။

‘ဂွမ်ချယ်ဝူ......’

တိတ်ဆိတ်စွာ အိပ်ပျော်နေသော လူငယ်လေးကို ငုံ့ကြည့်နေသည့် ချူဂျာ၏မျက်နှာက ရှုပ်ထွေးနေ၏။

မကြာသေးမီက ဂွမ်ချယ်ဝူ၏ ကိုယ်ရေးအချက်အလက်များကို အတည်ပြုရန် တာဝန်ပေးခဲ့သော စုံထောက်အေဂျင်စီမှ မနှစ်မြို့ဖွယ် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

“ဂယ်ချူဂျာခင်ဗျ။ ကျွန်တော်တို့ လက်လျှော့လိုက်ပါပြီ။ ကျန်တဲ့ငွေ မပေးချင်လည်း ရပါတယ်။ ဟင့်အင်း၊ စရန်ငွေပါ အကုန် ပြန်ပေးပါ့မယ်။ အဲ့ဒီနာမ၂ည်သုံးလုံးနဲ့ ဘယ်တော့မှ ပြန်ဆက်သွယ်မလာပါနဲ့။”

ထွက်ပြေးသလို ရုတ်တရက် ဖုန်းချသွားပြီး နောက်တစ်ကြိမ် ထပ်ခေါ်လာခြင်းလည်း မရှိတော့။ ကြောင်တောင်တောင်ဖြစ်သွားသော ချူဂျာက ပြန်ခေါ်ရန်ကြိုးစားတော့ ထိုနံပါတ်က ဆက်သွယ်၍မရတော့သည့်နံပါတ် ဖြစ်နေခဲ့သည်။

ထိုအချိန်အထိ သူရခဲ့သော သတင်းက တစ်ချက်သာရှိ၏။ အမြဲစိမ်းထင်းရှူးပင် ဆေးရုံနောက်ရှိ တောင်တန်းကြီး၊ စီမံခန့်ခွဲမထားသော ကျယ်ပြန့်သည့် ယင်းမြေနေရာအပါအဝင် အချို့သော တောင်တန်းကြီးငယ်အသွယ်သွယ်၊ နောက်ပြီး အခြားသော ပတ်ပတ်လည်လမ်းများကို လူတစ်ယောက်တည်းက ပိုင်ဆိုင်ထားသည်ဟူသောအချက်ပင်။

ထိုဧရိယာအားလုံးပေါင်းက ဟွာအီဒိုကျွန်း၏ လေးပုံတစ်ပုံလောက်ရှိသော အင်မတန်ကြီးမားသည့် အရွယ်အစားဖြစ်၏။

"အီယွန်းရယ်၊ တကယ်ပဲ နင် ဘာကို ကောက်လာခဲ့တာလဲ......"

ဂွမ်ချယ်ဝူကား မလွဲဧကန် ထိုတောင်တန်း၏ ပိုင်ရှင်ပင်။

~~~~

ဂွမ်ချယ်ဝူတစ်ယောက် ဤတစ်ကြိမ်လည်း အိပ်မက်အရှည်ကြီး မက်ခဲ့ပြန်သည်။ သို့ရာတွင် မျက်လုံးပွင့်သွားသည့် အခိုက်အတန့်၌ မီးထဲ ပစ်ချလိုက်သည့် ဖလင်ကဲ့သို့ ဘာမှကျန်မနေခဲ့ပေ။ မျက်မှောင်ကြုတ်လျက် စိတ်ပျက်သွားသော်လည်း နှမြောတသမှုက ချက်ချင်း ပျောက်ကွယ်သွား၏။

“......အီယွန်း။”

ရင်ဘတ်ကို ယားကျိကျိဖြစ်စေသည့် အနွေးဓာတ်လေးက လစ်ဟာနေသည့် သူ၏ရင်တွင်းကို ဖြည့်ပေးခဲ့သည်။ အီယွန်းက ထိုလူ၏ ချိုင်းကြားထဲသို့ တိုးဝင်ကာ ကျောကိုလုံးဝန်းအောင် ကွေးလျက်ရှိနေ၏။

ဂွမ်ချယ်ဝူက ချက်ချင်းပင် အီယွန်း၏ အင်္ကျီလက်များကို စစ်ဆေးလိုက်သည်။ ထင်သည့်အတိုင်း အင်္ကျီလက်များက စိုစွတ်နေ၏။ ဤအခြေအနေတွင်တော့ သနားစရာကောင်းသည့် ပုံစံပေါက်အောင် အားပေးနေသည့် သူ၏အိပ်မက်ကိုလည်း မကျေနပ်တော့ပေ။

“အီယွန်း။”

အချိန်၏ သဘောတရားက မှေးမှိန်နေ၏။ ဆာလောင်မွတ်သိပ်မှုအလား အီယွန်းကို တွေ့မြင်လိုစိတ် ပြင်းပြနေ၍ အနည်းငယ်စိတ်လောစွာဖြင့် သေးငယ်သော ခန္ဓာကိုယ်လေးကို လှုပ်ယမ်းလိုက်သည်။ အီယွန်း၏ မျက်လုံးထဲတွင် သူက ကိန်းအောင်းနေရာယူထားကာ ဤနေရာက လက်တွေ့လောကဖြစ်ကြောင်း အတည်ပြုလို၏။

“အမ်း......”

အီယွန်းက ကိုယ်ကို မသိမသာ လူးလွန့် လှုပ်ရှားလိုက်ကာ ပို၍ ကပ်တွယ်လာသည်။ နိုးနေစဉ်တွင် အင်မတန် ​သတိထားနေတတ်သူက အိပ်ပျော်နေစဉ်တွင်တော့ အတင့်ရဲစွာ ဖက်တွယ်နေ၏။ သူ၏ နှုတ်ခမ်းထောင့်စွန်းများ မြင့်တက်လာတော့သည်။

အီယွန်း၏ မျက်နှာလေး မဲ့သွား၏။ မျက်ခွံလေးများ တလှုပ်လှုပ်ဖြစ်နေကာ မျက်တောင်များက တုန်ခါနေသည်။ သူက မေးထောက်ထားရင်း အေးရာအေးကြောင်း အညွန့်လေး ပေါက်လာမည့် အခိုက်အတန့်ကို စောင့်ကြည့်နေသလို အသက်အောင့်နေခဲ့၏။ အီယွန်း ဖြည်းညင်းစွာ မျက်လုံးဖွင့်လာသည်။

“......”

“......”

အစွမ်းကုန် ပြူးကျယ်သွားသော အီယွန်း၏ မျက်လုံးလေးများက နေရောင်ဟပ်ကာ ကြည်လင်နေ၏။ ဤအရာက သူ ပိုင်ဆိုင်သည့် တစ်ခုတည်းသောအရာ။ တင်းကျပ်သော ထိုကျေနပ်မှုက ဗိုက်ထဲအထိ ပြည့်သွားတော့သည်။

“နေကောင်းရဲ့လား။”

“အာ......”

အီယွန်းတစ်ယောက် မြင်ကွင်းတစ်ခုလုံးကို အပြည့်နေရာယူထားသည့် မျက်နှာကြောင့် အော်လိုက်မိ၏။

အမြဲတမ်း လဲလျောင်းနေရုံသာရှိခဲ့သဖြင့် ပန်းချီကားတစ်ချပ်လို ဖြစ်နေခဲ့သည့် သူက အသက်ဝင် လှုပ်ရှားနေလေသည်။ မျက်တောင် ခတ်လိုက်၊ နှုတ်ခမ်းထောင့်စွန်းက မြင့်တက်သွားလိုက်၊ ချောမွေ့သော ပါးပြင်က အလိုက်သင့် မို့တက်သွားလိုက်နှင့်။ ထိုကဲ့သို့ သေးငယ်သော လှုပ်ရှားမှုများကပင် ထူးဆန်းနေ၏။

“......တွေ့၊ တွေ့ရတာ ဝမ်းသာပါတယ်။”

အီယွန်းတစ်ယောက် အိပ်ချင်မူးတူးအနေအထားဖြင့် ကြောင်တောင်တောင် နှုတ်ဆက်လိုက်သည်။

“ဒီတော့ ကိုယ် ဘယ်နှရက်နေမှ လွတ်သွားတာလဲ။”

“......အာ၊ အမ်။ ဒီနေ့က ရှစ်ရက်မြောက်နေ့ပါ။”

“ဘာလို့ ဒီလောက် မြန်မြန် နှိုးလိုက်ရတာလဲ။ ပိုပြီး အပြစ်ပေးလို့ ရသေးတာကို။”

သူက အီယွန်း၏ လည်ပင်းတွင် ကပ်ထားသည့် ပလတ်စတာကို တစ်ချက်တည်း ဆွဲခွာလိုက်သည်။ နီရဲနေသည့် လည်ပင်းသားလေးများ ပေါ်လာတော့ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

“အခုအထိ ဒဏ်ရာမပျောက်သေးဘူး မဟုတ်လား။”

“......”

ထိုအခါ အီယွန်း၏ မျက်နှာထားက မသိမသာ ယိမ်းယိုင်သွားသယောင်ရှိပြီး ရုတ်တရက် ရှိုက်ကြီးတငင် ငိုတော့မလို ဖြစ်လာတော့သည်။ မျက်ရည်များကို ထိန်းချုပ်ထားသလို တင်းမာနေသည့် ပါးစပ်ပုံစံက သဘာဝမကျပေ။ ထိုသို့သော သေးငယ်သည့် မျက်နှာပျက်ယွင်းမှုကြောင့် ဂွမ်ချယ်ဝူ၏ လည်ပင်းထဲတွင် တင်းခနဲဖြစ်သွားသလို ခံစားလိုက်ရသည်။

“ဘာဖြစ်တာလဲ။”

သူက မေးထောက်ထားသည့် လက်ကို ဖယ်ကာ အီယွန်း၏ မျက်နှာလေးကို ထွေးဆုပ်လိုက်၏။ ယခု ကြည့်မိတော့မှ ဆိုအီယွန်း၏ မျက်နှာက အင်မတန် ချောင်ကျနေလေသည်။ မျက်လုံးအောက်တွင်လည်း ညိုမည်းနေက ပါးပြင်ကလည်း အနည်းငယ် ချိုင့်ဝင်နေ၏။

ဂွမ်ချယ်ဝူက အီယွန်း၏ လက်ကောက်ဝတ်လေးကို တိုင်းကြည့်သလို ဆုပ်ကိုင်လိုက်ကာ ထိုးထွက်နေသော လက်ကောက်ဝတ်အရိုးကို မကျေမနပ် ပွတ်သပ်လိုက်သည်။

“ဘာဖြစ်လို့လဲ။”

သိသိသာသာ နိမ့်ကျသွားသော အသံက အသံအိုးကို ခြစ်တိုက်သွား၏။

“မပြောပြရင် ရှေ့လျှောက် ဘယ်တော့မှ တစ်ယောက်တည်း မအိပ်တော့ဘူး။ အီယွန်းက မကြိုက်ဘူးပြောရင်တောင် အတင်းအကြပ် ဆွဲခေါ်ပြီး အခန်းထဲ ဝင်သွားမှာမို့လို့ မှန်မှန်ပြောပါ။”

သူ ခြိမ်းခြောက်လိုက်တော့မှပဲ အီယွန်းလည်း တုံ့ဆိုင်းတုံ့ဆိုင်းနှင့် စကားစပြောနိုင်တော့၏။

“......စိတ်ရှုပ်စရာကိစ္စလေး နည်းနည်းရှိခဲ့လို့ပါ။ ကျွန်မ ကိုယ့်ဘာသာ အကောင်းဆုံး ဖြေရှင်းဖို့ ကြိုးစားခဲ့တာ။ ဒီဘက်က တကယ် အပြည့်အဝ အဆင်သင့်ပြင်ထားခဲ့တာကို... ရစ်သီရစ်သီ လုပ်နေတာကိုပဲ ကြည့်နေရတာ ရူးတော့မလိုပဲ......”

အီယွန်းက လုံးဝနားမလည်နိုင်စရာ စကားများကို ဗလုံးဗထွေး ပြောဆိုနေသည်။ ဂွမ်ချယ်ဝူက သူ့လက်ကောက်ဝတ် အတွင်းဘက်ကို အသာလေး ဖိညှစ်လိုက်၏။ သွေးခုန်နှုန်းက အသက်ရှူရခက်လောက်အောင် မြန်နေလေသည်။

“အီယွန်း၊ စိတ်ထိန်းပါဦး။”

သူ့ကို ငြိမ်သက်စွာ မျက်လုံးချင်းဆုံနေသော လူကြောင့် အီယွန်းလည်း မရှူဘဲထားခဲ့သည့် ပင့်သက်ကို ဖြည်းဖြည်းချင်း ပြန်ရှူထုတ်လိုက်၏။ ဂွမ်ချယ်ဝူက သူ့မျက်လုံးအောက်ကို လက်မဖြင့် သုတ်ပေးခဲ့သည်။

“......ဟွမ်ဂျိုယွန်း။”

ရုတ်တရက် ထွက်လာသည့် နာမည်ကြောင့် ဂွမ်ချယ်ဝူ၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားတော့သည်။

“အဲ့ဒီ့ကောင်က ဘာဖြစ်လို့လဲ။”

“မနေ့ညကတည်းက ကျွန်မတို့ခြံဝန်းထဲမှာ ဆက်တိုက် ရပ်နေခဲ့တာပါ။”

ဟွမ်ဂျိုယွန်းက အီယွန်းကို မဟုတ်ဘဲ ဂွမ်ချယ်ဝူကို စောင့်ကြည့်နေခြင်း ဖြစ်နိုင်ပေသည်။

ရှင်းလင်းပွဲနောက်ပိုင်း မတွေ့ဖူးသလို၊ ခင်ပွန်းက အိမ်ထဲသို့ အဝင်အထွက်မလုပ်သောကြောင့် သူ့တွင် ကြောက်စရာဘာမှမရှိဟု မှတ်ယူထားသည့်ပုံပင်။ အီယွန်းက လက်အတုန်တုန်နှင့် အထောက်အထား ဓာတ်ပုံရိုက်ယူထားခဲ့သည်။ ထိုအချိန်မှာပင် ဟွမ်ဂျိုယွန်းက ရဲတင်းမျက်နှာပြောင်စွာ ဒီဘက်သို့ ကြည့်နေ၏။ ခနဲ့သလို မသိမသာရယ်နေသော နှုတ်ခမ်းထောင့်စွန်းများက ထိတ်လန့်စရာအတိပင်။

တိုင်ကြားခဲ့သော်လည်း ဘယ်သူမှ မလာခဲ့။ လိုက်ကြည့်နေသော အကြည့်က လိုက်ကာကို ပိတ်ထားလျက်ကပင် ကပ်ပါနေသလားမှတ်ရသည်။ အရိုးထဲအထိ ကြက်သီးထသလို ခံစားချက်ကြောင့် မေးရိုးများ တုန်ယင်လာ၏။ နောက်ဆုံးတွင် အီယွန်း ထွက်ပြေးနိုင်သော နေရာက တစ်နေရာတည်းသာ။

ဂွမ်ချယ်ဝူက ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နိုင်သည့် ခလုတ်မဟုတ်သော်လည်း အီယွန်း၏စိတ်က တစ်ဖက်ကို လုံးလုံးလျားလျား ယိမ်းသွားခဲ့ပေပြီ။ လက်ထဲတွင် သေနတ်ရှိပါလျက်နှင့် မပစ်ဘဲနေသူက အရူးပင်။ လိုအပ်လာ၍ သဘောထားပြောင်းလိုက်သူက လိမ္မာပါးနပ်သူဖြစ်၏။ ထိုအတ္တကို ငြင်းပယ်ရန် စိတ်ကူးမရှိပေ။

သို့သော် ဤလူသာဆိုလျှင်၊ ဂွမ်ချယ်ဝူသာဆိုလျှင်။ အဆန်မရှိဘဲ ဟန်သာရှိသော အာဏာပိုင်အဖွဲ့အစည်းထက် ပို၍လက်တွေ့ကျသည့် အဆုံးသတ်ကို ပေးနိုင်လိမ့်မည်ဟု ဝိုးတဝါး ယုံကြည်မှုတစ်ခု ဝင်လာ၏။ သူ့အတွက် ချက်ချင်းလိုအပ်နေသည်က အီလေးဆွဲနေသည့် အကာအကွယ်ပေးမှုမျိုး မဟုတ်ဘဲ ကြမ်းကြမ်းရမ်းရမ်း ခွေးတစ်ကောင် ဖြစ်နေသောကြောင့်ပင်။ လမ်းပျောက်ပြီး တုံ့ဆိုင်းနေမည့် အီယွန်း နောက်ထပ်မရှိတော့။ သူက မတုန်မလှုပ်သော မျက်လုံးများဖြင့် တံခါးလက်ကိုင်ကို ဆုပ်ကိုင်ကာ လှည့်ခဲ့လေတော့သည်။

“......ပင်ပန်းခဲ့ရတာပဲ။”

တစ်ဖက်တွင် အကြောင်းအရာအားလုံးကို ကြားလိုက်ရသည့် ဂွမ်ချယ်ဝူက ထိုတစ်ခွန်းတည်းသာ ပြောနိုင်တော့၏။ ထွက်လာမည့် ဆဲရေးတိုင်းထွာစကားများကို လျှာဖျားအောက်သို့ မျိုချခဲ့သည်။ ဆူပွက်နေသောစိတ်က တကယ်တမ်းတွင် ငြိမ်သက်မသွားသဖြင့် အားနေသည့် လက်သီးကိုသာ အကြောင်းမဲ့ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၊ ဖြန့်လိုက် လုပ်နေရ၏။

“ကိုယ် ကြည့်ရှင်းလိုက်မယ်။”

မျက်နှာမဲ့သွားသည့် အခိုက်အတန့်တွင် သူက အီယွန်းကို မြန်မြန်ဆွဲယူပွေ့ဖက်လိုက်သည်။ သူ့ရင်ဘတ်ပေါ် ဖိမိသွားသော နှာသီးဝိုင်းလေးတွင် လှိုင်းဂယက်လို အရစ်လေးများပေါ်လာ၏။

“ဒီလိုကိစ္စမျိုးကို ယောက်ျားဆီ အပ်ထားပြီး အီယွန်းက နည်းနည်းအနားယူလိုက်ပါ။”

“အာ......”

“ထမင်းစားပြီးတော့ အပျင်းတက်ပြီး အိပ်တာကို သုံးခါလေးပဲ ထပ်လုပ်ပေး။”

အီယွန်းကို ဖက်ထားသည့် လက်မောင်းတွင် ပို၍ အားဝင်လာ၏။

“မ၊ မဟုတ်ပါဘူး။ မဟုတ်ပါဘူး။”

သို့သော် အီယွန်းက ခြေ၊ လက်များကို ယမ်းခါကာ သူ့အား အသည်းအသန် တွန်းထုတ်ခဲ့၏။ မတတ်သာဘဲ ကိုယ်ကိုခွာပေးလိုက်သည့်အခါ ဆုံလိုက်ရသော မျက်လုံးများထဲတွင် ဘာကြောင့်မှန်းမသိ အကျပ်ရိုက်မှုက အပြည့်ရှိနေသလိုပင်။

အီယွန်းက အကြည့်ကို ရှောင်လွှဲရင်း ဖြူဖျော့ဖျော့ ပါးလေးကို ကုတ်လိုက်သည်။

“အဲ့ဒီ ပိုးကောင်ကို ကျွန်မ ဖမ်းထားပြီးသားပါ။”

~~~~

ဟွမ်ဂျိုယွန်းက အလျှော့မပေးတတ်သူပင်။

ထိုစိတ်ဓာတ်တစ်ခုတည်းဖြင့် တစ်သက်လုံး တစ်ကျောင်းလုံး၏ ပထမနှင့် ဂုဏ်ထူးဆောင်ဘွဲ့ကို မလွဲခဲ့။ လူ့ဘောင်ထဲ ရောက်တော့လည်း အတူတူပင်။ အတင်းလိုက်ကပ်ပြီး ဇွဲမလျှော့သော စိတ်ဓာတ်ကြောင့် သုတေသနရလဒ်များလည်း ကောင်းခဲ့သည်။

ပြဿနာက အမျိုးသမီးများနှင့် ဆက်ဆံရေးတွင်လည်း ထိုသို့ဖြစ်နေခြင်းပင်။

ဇွဲရှိရှိ တူးဆွလျှင် မရနိုင်တာမရှိ။ အကြိမ်တစ်ရာ ခုတ်လျှင် မလဲနိုင်သည့်သစ်ပင်မရှိဟူသည်က သူ၏ ဆောင်ပုဒ်ဖြစ်၏။

‘ငါးနှစ်လုံးလုံး ငါက ဘယ်လောက်တောင် ဂရုစိုက် ပျိုးထောင်ခဲ့ရလဲ......’

ညလမ်းခရီးတွင် ကြောက်နေမည်စိုး၍ အမြဲတမ်း...ခပ်လှမ်းလှမ်းမှ နောက်ယောင်ခံကာ...လိုက်ပို့ပေးခဲ့သည်။ ဖြူစင်ရိုးသားသော ဆိုအီယွန်းက မြို့ပေါ်မှ အပေအတေများနှင့် အပေါင်းအသင်းမှားမည်စိုး၍ အကိုတစ်ယောက်လိုစိတ်ဖြင့် ကန့်သတ်မှုများလည်း လုပ်ပေးခဲ့၏။

အထူးသဖြင့် မိုးရွာသောနေ့များတွင် အိပ်မပျော်မည်စိုး၍ ကိုယ်ရံတော်တစ်ယောက်အလား အစောင့်အကြပ် လုပ်ပေးခဲ့သည်မှာ အကြိမ်ကြိမ်ပင်။ ထိုကဲ့သို့ စစ်မှန်သော သူ၏ အချစ်ကို အီယွန်းက အမှိုက်လို သဘောထားခဲ့သည်။

အီယွန်း ကျွန်းပေါ်သို့ဆင်းသွားပြီး နှပ်ချေးဖပ်လောက် သေးငယ်သော ဆေးရုံလေးဖွင့်ထားသည်ဟု သတင်းကြားခဲ့ရ၏။ တစ်ချိန်တည်းမှာပင် စီးပွားရေးမကောင်းဘူးဟူသော သတင်းကိုလည်း ကြားရပြန်သည်။

ထူး၍လည်း အံ့သြမနေခဲ့။ ဆိုအီယွန်းက ပုန်ကန်တတ်သည့်စိတ်ဓာတ် အပြည့်ရှိသူဖြစ်သောကြောင့်ပင်။

ထို့နောက်တွင် ဟွမ်ဂျိုယွန်းက ချက်ချင်းပင် မျက်နှာချင်းဆိုင်မှအိမ်ကို ဝယ်လိုက်သည်။ ထိုနေရာကို ဆိုအီယွန်းအတွက်သာ သီးသန့်အလုပ်ခန်းအဖြစ် အသုံးပြုရန် စီစဉ်ထား၏။

‘ဒါပေမဲ့ လက်ထပ်လိုက်တယ်တဲ့လား။’

ဘယ်လိုများ ငါမဟုတ်ဘဲ တခြားကောင်နဲ့ လက်ထပ်ရဲတာလဲ။ ငါက နင့်အတွက် ဘယ်လိုတွေ လုပ်ပေးခဲ့ရလဲ။

ဆိုအီယွန်းက လူတွေကို မုန်းတီး၏။ ယင်းမှာ အချိန်အကြာကြီး စောင့်ကြည့်လျှင် သဘာဝကျကျ သိနိုင်သော အချက်ပင်။

ယခုထက် အတွေ့အကြုံနည်းခဲ့သည့် အသက်နှစ်ဆယ်ကျော်အရွယ်တွင် ထိုလက္ခဏာများက အင်မတန် ပြင်းထန်ခဲ့သဖြင့် အစိမ်းရောင်မဟုတ်သည့် မည်သို့သောအရာနှင့်မှ အပေါင်းအသင်းမလုပ်ခဲ့။ လုပ်ဖော်ကိုင်ဖက်များက ထိုသို့သော အငယ်ဆုံးလေးကို စိတ်ရောဂါဆရာဝန်ဆီ သွားပြရန်ပြောပြီး မကြာခဏ စော်ကားခဲ့ကြသော်လည်း ထိုအချက်ကပင် အီယွန်းကို နာကျင်အောင် မလုပ်နိုင်ခဲ့ပေ။

ပြီးတော့......ထင်သည့်အတိုင်း သူက ပြောင်းလဲသွားခြင်း အလျဉ်းမရှိခဲ့။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment