no

Font
Theme

အခန်း (၈၇)

"မင်း ထွက်သွားရမယ်"

ရှဲ့ယန်၏ အကြည့်များသည် ဖုန့်ကျိုးယွဲ့အပေါ်သို့ ကျရောက်လာသော်လည်း ထိုအကြည့်များမှာ အေးစက်ကာ ခံစားချက်ကင်းမဲ့နေသည်။ သူသည် ဖုန့်ကျိုးယွဲ့ ဆုပ်ကိုင်ထားသော သူ၏လက်ကို ရက်ရက်စက်စက်ပင် ဆွဲထုတ်လိုက်၏။ ဖုန့်ကျိုးယွဲ့ကို အတင်းအကျပ် ထွက်သွားစေရန်အတွက် သူသည် သံယောဇဉ်တရားတို့ကို အစအနပင် မကျန်အောင် ဖြတ်တောက်လိုက်သည်။ "မင်း ဒီမှာ ရှိနေတာက ငါ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ရုံကလွဲလို့ ဘာမှမထူးဘူး" ဟု သူက ဆိုသည်။

ဖုန့်ကျိုးယွဲ့ ထိုစကားကို အတိုင်းသား နားလည်လိုက်ပါသည်။

သူသည် မိုက်မဲပြီး အားနည်းသူဖြစ်ရာ ရှဲ့ယန်ကို ကာကွယ်ပါမည်ဟူသော ကတိကဝတ်မှာ အနှစ်သာရမရှိသည့် စကားလုံးသက်သက်သာ ဖြစ်ခဲ့သည်။ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ သူသည် အသုံးမကျရုံသာမက ရှဲ့ယန်အတွက် အနှောင့်အယှက်ပင် ဖြစ်နေခဲ့သည်။

သူတို့နှစ်ဦး စတင်ဆုံတွေ့ခဲ့သည့် အချိန်မှစ၍ ရှဲ့ယန်ကသာ သူ့ကို အမြဲကာကွယ်ပေးခဲ့သည် မဟုတ်ပါလား။ ရှဲ့ယန် ပြောသည်မှာ လုံးဝမှန်ကန်သော်လည်း ယင်းမှာ ရှဲ့ယန်ကို စွန့်ပစ်ခဲ့ရန် ခိုင်လုံသော အကြောင်းပြချက် မဟုတ်ပေ။ ရှဲ့ယန်မှာ လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။ သူ ရှိနေပါက အနည်းဆုံးတော့ အကူအညီအနည်းငယ် ပေးနိုင်မည် ဖြစ်သည်။

"ငါ မသွားဘူး" ဖုန့်ကျိုးယွဲ့သည် ဆရာ၏ အပြစ်ပေးခြင်းကို ခံနေရသည့် နားမထောင်သော ကျောင်းသားတစ်ဦးကဲ့သို့ သူ၏လက်များကို နောက်ကျောတွင် ခက်ခက်ခဲခဲ ယှက်ထားရင်း "ငါ မသွားဘူး၊ ထားမသွားဘူး။ မင်းအနားမှာနေပြီး ကာကွယ်ပေးချင်တယ်" ဟု ခေါင်းမာစွာ ထပ်ခါတလဲလဲ ပြောနေမိသည်။

သူ၏ ငယ်ထိပ်ပေါ်သို့ အေးစက်သော အကြည့်တစ်စုံ ကျရောက်လာသည်ကို သူ ခံစားလိုက်ရသည်။ ထို့နောက် ရှဲ့ယန်က သက်ပြင်းရှည်ကြီး တစ်ချက်ချကာ မျက်နှာလွှဲသွားသည်။ ဖုန့်ကျိုးယွဲ့၏ ဆင်ခြင်တုံတရား ကင်းမဲ့မှုကို သူ ဆက်လက် မပြောလိုတော့သည့် အလားပင်။ ရှဲ့ယန် ဤကဲ့သို့ စိတ်တိုမာန်ဆိုး ဖြစ်နေသည့်အခါတိုင်း ဖုန့်ကျိုးယွဲ့မှာ အကူအညီမဲ့သလို ခံစားရပြီး လက်ဖျားခြေဖျားများပင် ဘယ်နားထားရမှန်း မသိအောင် တုန်လှုပ်နေတတ်သည်။

ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့ကို ကျောခိုင်းထားပြီး သူ၏ ပုံရိပ်မှာ ရှေ့ရှိ ပျက်စီးနေသော နံရံနိမ့်လေးနှင့် ရောယှက်နေသည်။ သူ၏ မတ်စပြုသော ကျောရိုးမှာ အလျှော့မပေးသော ထင်းရှူးပင်တစ်ပင်ကဲ့သို့ ရှိနေသော်လည်း တစ်ဖက်တွင်မူ တစ်ကိုယ်တည်း ဆိတ်ငြိမ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ အားနည်းချက်ကို အလစ်အငိုက် အမိခံလိုက်ရသော သူရဲကောင်းတစ်ဦးကဲ့သို့ပင်။

ဖုန့်ကျိုးယွဲ့၏ နှုတ်ခမ်းများ တုန်ရီနေသော်လည်း မည်သည့်စကားလုံးမျှ ထွက်မလာခဲ့ပေ။

ထိုစဉ် မြင်းခွာသံများ ပြန်လည် ကြားလိုက်ရပြန်သည်။ ဖုန့်ကျိုးယွဲ့၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားပြီးနောက် ရုတ်တရက် လှည့်ကြည့်လာသော ရှဲ့ယန်၏ မျက်လုံးများနှင့် ဆုံမိသွားသည်။ ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့ထက် အများကြီး ပို၍ တည်ငြိမ်နေသည်။ သူသည် ဖုန့်ကျိုးယွဲ့၏ ခေါင်းမာမှုကို အပြစ်တင်သည့် စကားတစ်လုံးမျှ မဆိုတော့ဘဲ တိုးညှင်းသော အသံဖြင့်သာ "ငါ့ဝှီးချဲကို လှည့်ပေးပါ၊ ပြီးရင် အရင်ကလိုပဲ ငါ့နောက်မှာ ပုန်းနေ" ဟု ပြောလိုက်သည်။

ဖုန့်ကျိုးယွဲ့သည် တုန်ရီနေသော လက်များဖြင့် ရှဲ့ယန်၏ ဝှီးချဲကို နေရာချပေးကာ သူ့နောက်တွင် အလိုက်သင့် ပုန်းလိုက်သည်။ အပြစ်ရှိစိတ်နှင့် မိမိကိုယ်ကိုယ် အားမလိုအားမရဖြစ်မှုတို့ကြောင့် စီးကျလာသော မျက်ရည်များက ဖုန်ထူနေသော မြေပြင်ပေါ်သို့ တစ်စက်ချင်း ကျဆင်းသွားသည်။ သူသည် မိမိကိုယ်ကိုယ် ဉာဏ်မကောင်းသည့်အတွက်၊ အားမသန်သည့်အတွက် အလွန် မုန်းတီးနေမိသည်။ ရှဲ့ယန်ကို ကာကွယ်ပေးမည်ဟု သစ္စာဆိုခဲ့သော်လည်း အမှန်တကယ်တွင်မူ သူသည် ရှဲ့ယန်၏ အကာအကွယ်အောက်တွင်သာ ပုန်းအောင်းနေခဲ့ရသည်။

"ငါ တကယ်ကို အသုံးမကျတာပဲ" ဟု သူ တွေးနေမိသည်။

"မငိုနဲ့တော့" ရှဲ့ယန်က ဖုန့်ကျိုးယွဲ့ကို လှည့်မကြည့်ဘဲ သူ၏ထက်မြက်သော ဓားကိုသာ အာရုံစိုက် သုတ်နေရင်း "ငါ မင်းကို အပြစ်မတင်ပါဘူး" ဟု ဆိုသည်။

ထိုစကားက ဖုန့်ကျိုးယွဲ့ကို ပို၍ပင် ငိုချင်စိတ် ပေါက်သွားစေသည်။

ရုတ်တရက် မြင်းခွာသံများ ရပ်တန့်သွားပြီးနောက် ရှုပ်ထွေးဆူညံလှသော ခြေသံများစွာ ကြားလိုက်ရသည်။ ဖုန့်ကျိုးယွဲ့၏ နှလုံးသားမှာ လည်ပင်းသို့ ရောက်လာမတတ် ခံစားလိုက်ရသည်။ ယခုတစ်ကြိမ်တွင် လူအင်အားမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုများနေသည်။ ရှဲ့ယန် တစ်ယောက်တည်းနှင့် ဤမျှများပြားသော လူအုပ်ကြီးကို အောင်နိုင်ပါ့မလား။

သူ ဆက်၍ မတွေးရဲတော့ပေ။ သို့သော် ရှဲ့ယန်က "ထပ်ပြီး ပုန်းနေစရာ မလိုတော့ဘူး၊ ထလိုက်တော့" ဟု ရုတ်တရက် ပြောလိုက်သည်။ သူသည် သူ၏ ဓားရှည်ကို ဓားအိမ်အတွင်း ပြန်ထည့်လိုက်ပြီး တည်ငြိမ်စွာဖြင့်ပင် ဆူညံစွာ ချဉ်းကပ်လာသော လူအုပ်ကြီးကို စောင့်ကြိုနေသည်။

ရောက်လာသူများမှာ ဗိုလ်ချုပ်တစ်ဦးနှင့် သူ၏ စစ်သည်များ ဖြစ်နေကြသည်။

ဗိုလ်ချုပ်သည် ရှဲ့ယန်ကို မြင်လိုက်ရသည့်အခါ ဝမ်းသာအားရ ဖြစ်သွားသည်။ သူသည် အလွန်ဝမ်းမြောက်စွာဖြင့် စစ်သည်များကို ဦးဆောင်ကာ ရှဲ့ယန်ကို အလေးပြုလိုက်ပြီး "အိမ်ရှေ့စံ… ကံကောင်းလို့ အရှင့်ကို ပြန်တွေ့တာပဲ" ဟု အော်ဟစ်လိုက်သည်။

"တန်ပြန်တိုက်စစ် အောင်မြင်ခဲ့ရဲ့လား" ဟု ရှဲ့ယန်က တည်ငြိမ်စွာ မေးသည်။

"အောင်မြင်ပါတယ်"

ဗိုလ်ချုပ်က အလွန်လေးစားကြည်ညိုဟန်ဖြင့် "ဒါတွေ အားလုံးက အိမ်ရှေ့စံရဲ့ ပါးနပ်တဲ့ ဗျူဟာကြောင့်ပါ။ ရန်သူကို တစ်ဖွဲ့ချင်းစီ ခွဲတိုက်ဖို့ ဆုံးဖြတ်ခဲ့တာက ပုန်ကန်သူတွေကို အင်အားချည့်နဲ့သွားစေပြီး ကျွန်တော်တို့အတွက် အခွင့်အရေး ဖြစ်စေခဲ့ပါတယ်။ အခု ဗိုလ်ချုပ်ဝမ်ဟုန်ရဲ့ စစ်ကူတွေလည်း ရောက်လာပြီဖြစ်လို့ အိမ်ရှေ့စံရဲ့ အမိန့်ကို စောင့်နေကြပါတယ်"

"အင်း" ရှဲ့ယန်က ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သည်။ သူ့မျက်နှာထက်တွင် မည်သည့်ခံစားချက်မျှ မပေါ်လွင်သော်လည်း ရှည်လျားသော လက်ချောင်းများက ဝှီးချဲ၏ လက်တန်းကို အသာအယာ တောက်နေသည်။

"ပတ်ဝန်းကျင်က မြို့တွေကို သွားတိုက်နေတဲ့ တပ်ဖွဲ့တွေကို ပြန်ခေါ်လိုက်။ လေ့လောင်ဟူရဲ့ လက်ကျန်လူတွေကို အကုန်ဖမ်းဆီး၊ ဘာမှ ချန်မထားနဲ့။ ဖမ်းမိတဲ့ ပုန်ကန်သူမှန်သမျှကို အဲဒီနေရာမှာတင် ချက်ချင်း ကွပ်မျက်ပစ်"

"ဟုတ်ကဲ့ပါ အိမ်ရှေ့စံ"

လွန်ကဲသော ထိတ်လန့်မှုနှင့် စိတ်ဖိစီးမှုတို့ကြောင့် ရှဲ့ယန်က သူ့ကို ခံတပ်မြို့အတွင်းရှိ ကင်းမျှော်စင်သို့ ပြန်ခေါ်လာသောအခါ ဖုန့်ကျိုးယွဲ့မှာ တစ်ဖန် ပြန်လည် ဖျားနာသွားတော့သည်။

သူသည် တစ်ပတ်ခန့်မျှ အပြင်းအဖျား ခံစားခဲ့ရပြီး သတိမှာလည်း ဝေဝေဝါးဝါး ဖြစ်နေခဲ့သည်။ ညတိုင်းလည်း အိပ်မက်ဆိုးများ မက်နေခဲ့သည်။ ထိုအိပ်မက်များထဲတွင် သွေးသံရဲရဲ အလောင်းများ၊ လင်းတများ၏ အော်သံများနှင့် သူ့ကို ကာကွယ်ပေးထားသော ရှဲ့ယန်၏ ကျောပြင်ကိုသာ မြင်နေရသည်။

"ရှဲ့ယန်.. ရှဲ့ယန်…"

ဖုန့်ကျိုးယွဲ့ အော်ဟစ်ရင်း နိုးလာခဲ့သော်လည်း အေးစက်သော လရောင်ကိုသာ တွေ့လိုက်ရသည်။ ပြတင်းပေါက် အပြင်ဘက်ရှိ သစ်ကိုင်းများပေါ်တွင် လမင်းကြီးမှာ မြင့်မားစွာ ချိတ်ဆွဲထားပြီး လိုက်ကာစများမှာ လေအဝေ့တွင် ယိမ်းနွဲ့နေသည်။ ရထားဘီးသံများမှာလည်း ပဲ့တင်ထပ်နေသည်။ ရှဲ့ယန်သည် သူ၏ အေးစက်ဖြူဖျော့သော လက်ထဲတွင် မြေပုံတစ်ခုကို ကိုင်ထားပြီး ကျောက်စိမ်းကဲ့သို့ ချောမောသော သူ့မျက်နှာမှာ လရောင်အောက်တွင် နတ်သားတစ်ပါးအလား လှပနေသည်။

အိပ်မက်ထဲမှ ပုံရိပ်များက သူ့စိတ်ထဲတွင် စွဲထင်နေဆဲဖြစ်သည်။ ဖုန့်ကျိုးယွဲ့သည် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ကုတင်ပေါ်မှ ခြေဗလာဖြင့် ဆင်းကာ ရှဲ့ယန်၏ ခြေရင်းသို့ ပြေးဝင်သွားပြီး "ရှဲ့ယန်... ရှဲ့ယန်" ဟု တိုးတိုးလေး ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။

"အင်း... ငါ ဒီမှာရှိတယ်"

ရှဲ့ယန်က သူ့ကို ကလေးငယ်တစ်ယောက်ကဲ့သို့ မြဲမြံစွာ ထိန်းဖက်ပေးလိုက်သည်။ သူ၏ အေးစက်သော လက်ဖဝါးက ဖုန့်ကျိုးယွဲ့၏ ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးနေခြင်းက ဖုန့်ကျိုးယွဲ့ကို လုံခြုံမှု အပြည့်အဝ ပေးစွမ်းနေသည်။

"မင်း သေသွားတယ်လို့ ငါ အိပ်မက်မက်တယ်... သွေးတွေ အများကြီးနဲ့" ဖုန့်ကျိုးယွဲ့သည် တားမရအောင် ငိုနေမိပြီး စကားများကိုပင် ရှင်းအောင် မပြောနိုင်တော့ပေ။

ရှဲ့ယန်က ဘာမှမပြောဘဲ ဖုန့်ကျိုးယွဲ့၏ တုန်ရီနေသော လက်ချောင်းလေးများကို သူ၏ရင်ဘတ်ပေါ်သို့ တင်ပေးလိုက်သည်။ ဖုန့်ကျိုးယွဲ့က ရင်ဘတ်ပေါ်သို့ မျက်နှာအပ်လိုက်သည့်အခါ တည်ငြိမ်သော နှလုံးခုန်သံကို ကြားလိုက်ရသဖြင့် "တော်သေးတာပေါ့... အိပ်မက်ဖြစ်နေလို့" ဟု သက်ပြင်းချလိုက်မိသည်။

"ထပ်ပြီး အိပ်လိုက်ဦး" ဟု ပြောရင်း ရှဲ့ယန်သည် သူ့ဝှီးချဲကို ကုတင်ဘေးသို့ တွန်းသွားပြီး ဖုန့်ကျိုးယွဲ့ကို စောင်ခြုံပေးလိုက်သည်။

ဖုန့်ကျိုးယွဲ့သည် ရှဲ့ယန်၏ အင်္ကျီလက်ကို စိုးရိမ်တကြီး ဆွဲထားရင်း "ငါ့အနားမှာ ခဏလောက် နေပေးလို့ ရမလား။ တောင်းပန်ပါတယ်" ဟု တိုးတိုးလေး မေးလိုက်သည်။

ရှဲ့ယန်က ဘာမှမဆိုဘဲ ဖုန့်ကျိုးယွဲ့ကို အကြာကြီး စိုက်ကြည့်နေသည်။ ဖုန့်ကျိုးယွဲ့က ငြင်းပယ်ခံရတော့မည်ဟု ထင်နေစဉ်မှာပင် ရှဲ့ယန်သည် အလွန်အေးစက်သော မျက်နှာထားဖြင့် သူ့ဝှီးချဲကို ကုတင်ဘေးသို့ ကပ်လိုက်သည်။ ဆီမီးခွက်မှ မှိန်ဖျော့သော အလင်းရောင်က သူ့မျက်နှာပေါ်သို့ ကျရောက်နေပြီး လှပသော ပန်းတစ်ပွင့်အလား ထင်မှတ်ရသည်။

ရှဲ့ယန်သည် သူ၏ သန်မာသော လက်မောင်းများကို ကုတင်ပေါ်သို့ အရင်တင်လိုက်ပြီးနောက် ခန္ဓာကိုယ်အောက်ပိုင်းကို ကုတင်ပေါ်သို့ ခက်ခက်ခဲခဲနှင့် အားစိုက်ကာ ရွှေ့လိုက်သည်။ ခြေထောက်များမှာ အားမရှိသဖြင့် ကုတင်အနားသတ်တွင် အားမပါဘဲ ကျနေသည်။

ဖုန့်ကျိုးယွဲ့ အံ့သြစွာ ကြည့်နေစဉ်မှာပင် သူသည် သူ၏ ရှည်လျားသော ခြေထောက်များကို အရေးမပါသော အရာတစ်ခုကဲ့သို့ပင် ကုတင်ပေါ်သို့ အေးစက်စွာ မတင်လိုက်သည်။

ကုတင်ပေါ်သို့ ရောက်သွားသည့်အခါ သူ့ကျောပြင်မှာ မတ်နေပြီး မြင့်မြတ်သော ဂုဏ်သရေ ရှိနေဆဲဖြစ်သည်။ သို့သော် မျက်နှာတွင်မူ ယုန်တစ်ကောင်၏ အစခံလိုက်ရသော ကျားသစ်တစ်ကောင်ကဲ့သို့ အရှက်ရမှုနှင့် ပြင်းထန်သော ဒေါသများ ယှဉ်တွဲနေသည်။ သူသည် ဖုန့်ကျိုးယွဲ့ကို စူးစိုက်ကြည့်လိုက်ပြီး သူ၏လက်ဖဝါးဖြင့် ဖုန့်ကျိုးယွဲ့၏ မျက်နှာကို အရှက်ခွဲသည့် ပုံစံမျိုးဖြင့် ပုတ်ကာ "ဖုန့်ကျိုးယွဲ့... ကြည့်လို့ ဝပြီလား။ ဒုက္ခိတတစ်ယောက် ကုတင်ပေါ်တက်တာကို တစ်ခါမှ မမြင်ဖူးဘူးလား" ဟု ခနဲ့လိုက်သည်။

ဖုန့်ကျိုးယွဲ့၏ မျက်ရည်များမှာ တစ်စက်ချင်း ကျဆင်းလာသည်။ ရှဲ့ယန်သည် အဘယ်ကြောင့် သူ၏ရှေ့တွင် ကုတင်တက်၊ ကုတင်ဆင်း မလုပ်ချင်ရသနည်းဆိုသည်ကို သူ ရုတ်တရက် နားလည်သွားခဲ့သည်။ သူသည် ရှဲ့ယန်ကို ထိုကိစ္စအတွက် အပြစ်တင်ခဲ့မိသည်မှာ တကယ့်ကို သေထိုက်သော အမှားပင် ဖြစ်သည်။

"ဘာလို့ ငိုနေတာလဲ" ရှဲ့ယန်က စိတ်မရှည်သော အသံဖြင့် သူ၏ လက်ချောင်းများဖြင့် ဖုန့်ကျိုးယွဲ့၏ မျက်ရည်များကို သုတ်ပေးလိုက်ကာ "မင်း ငါ့ကို စက်ဆုပ်နေတာလား" ဟု မေးသည်။

"မဟုတ်ဘူး... မဟုတ်ဘူး" ဖုန့်ကျိုးယွဲ့သည် ရှဲ့ယန်အပေါ်သို့ ပစ်လှဲလိုက်ပြီး "ငါ အဲဒီလို မထင်ပါဘူး။ တောင်းပန်ပါတယ်... တောင်းပန်ပါတယ်" ဟု အသည်းအသန် ရှင်းပြနေမိသည်။

သူသည် ရှဲ့ယန်၏ ရင်ဘတ်တွင် မျက်နှာဝှက်ထားရင်း ရှဲ့ယန်၏ ဝတ်ရုံရှေ့ဖုံးမှာ သူ၏မျက်ရည်များဖြင့် စိုရွှဲသွားခဲ့သည်။ ထိုအခါမှသာ ရှဲ့ယန်က ပင်ပန်းနွမ်းနယ်စွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဖုန့်ကျိုးယွဲ့... မင်း ထွက်သွားရမယ်" ဟု ပြောလိုက်သည်။

"မင်းကို ရှဲ့ရှင်းဆီ ပြန်ပို့ပေးဖို့ ငါ လူလွှတ်လိုက်မယ်"

"မင်း မြင်တဲ့အတိုင်းပဲ... ငါက အခု တကယ့် ဒုက္ခိတတစ်ယောက် ဖြစ်သွားပြီ။ အရင်က ငါပြောခဲ့တာတွေက မုသာဝါဒ မဟုတ်ဘူး။ ငါ့အိပ်ရာကို နွေးထွေးအောင် လုပ်ဖို့ မင်းကို ခေါ်လာခဲ့တာ။ အခုတော့ မင်းနဲ့ အတူအိပ်ရတာ ငါ ငြီးငွေ့သွားပြီ။ မင်းရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်ကို ငါ စိတ်မဝင်စားတော့ဘူး။ အဲဒါကြောင့် ထွက်သွားတော့၊ ငါ့ရှေ့ကို နောက်တစ်ခါ ထပ်ပေါ်မလာနဲ့" ဟု ပြောရင်း သူသည် ဖုန့်ကျိုးယွဲ့ကို တွန်းထုတ်လိုက်လေတော့သည်။

……..

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment