အခန်း (၇)
ထွက်သွားစမ်း
မနက်စာ စားသောက်ပြီးချိန် ရှဲ့ယန် ရုံးတော်စာရွက်စာတမ်းများ ဖတ်ရှုရင်း အလုပ်ရှုပ်နေသည်။ ဖုန့်ကျိုးယွဲ့ အလိုက်တသိနဲ့ တိတ်ဆိတ်စွာနေရင်း ရေနွေးဖြည့်ပေး၊ မင်ထပ်သွေးပေးပြီး လက်ဖက်ရည်စားပွဲတွင် ဝင်ထိုင်ကာ လက်ရေးလှ လေ့ကျင့်နေခဲ့သည်။
ဇွဲရှိရှိ ကြိုးစားမှုကြောင့် သူ့လက်ရေးများ ပိုမိုသေသပ်လာပြီး စနစ်ကျလာသည်။ ရှဲ့ယန်၏ ငယ်ဘဝလက်ရေးကို မမီသေးသော်လည်း အနည်းဆုံးတော့ ဖတ်လို့ရလာပြီမို့ ကျေနပ်နေမိသည်။
နေ့လယ်ခင်း နေရောင်ခြည်က ပြတင်းပေါက်မှတဆင့် လက်ရေးလှစာအုပ်ပေါ်သို့ ကျရောက်နေသည်။ မင်ရနံ့ သင်းပျံ့နေပြီး စာလုံးတစ်လုံးချင်းစီက နွေရာသီ၏ အိုက်စပ်စပ် အပူရှိန်ကို သယ်ဆောင်ထားသယောင်။ ခဏနေတော့ မူးဝေလာသလို ခံစားရသဖြင့် စုတ်တံကို ချပြီး ရှဲ့ယန်ဘက် လှည့်ကြည့်လိုက်သည်။
ရှဲ့ယန်က စာရေးကောင်းနေဆဲပင်။ မျက်တောင်ရှည်ကြီးများက မီးခိုးရောင် မျက်လုံးများကို အရိပ်မိုးထားသည်။ မျက်ခုံးများ တွန့်ချိုးနေပြီး နှုတ်ခမ်းပါးကို တင်းတင်းစေ့ထားသည်မှာ အလုပ်ကိစ္စကြောင့် စိတ်ရှုပ်နေပုံရသည်။ ဖုန့်ကျိုးယွဲ့လည်း မကြည့်ရက်တော့သဖြင့် လက်ဖက်ရည်တစ်ခွက် ယူသွားပေးလိုက်သည်။
ရှဲ့ယန်က မော့ကြည့်သည်။ အကြည့်တွင် နားမလည်နိုင်သော အရိပ်အယောင်များ ပါနေသော်လည်း နှုတ်ဆိတ်နေသည်။ သူ့အကျင့်ကို ဖုန့်ကျိုးယွဲ့ ရင်းနှီးနေပြီ၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် အတွေးများကို ခန့်မှန်းနိုင်လောက်အောင် သူတို့ကြားတွင် ထုတ်မပြောသော်လည်း အပြန်အလှန် နားလည်မှုမျိုး ရှိနေပြီ ဖြစ်သည်။
"ခဏလောက် နားလိုက်ပါဦးလား။ ကိုယ့်ကိုယ်ကိုယ် အရမ်း တွန်းအားမပေးပါနဲ့ ... တစ်ခါတလေ စိတ်လျှော့အနားယူမှ အကြံဥာဏ်ကောင်းတွေ ပိုထွက်လာတတ်တယ်"
ပြောပြောဆိုဆိုနှင့် ရှဲ့ယန်၏ မျက်ခုံးနှစ်ခုကြားမှ အရေးအကြောင်းများကို ဖုန့်ကျိုးယွဲ့ အမှတ်တမဲ့ လက်ဖြင့် လှမ်းသပ်ပေးလိုက်မိသည်။
ဒါက အခွင့်အရေးယူပြီး ထိကပါး ရိကပါး လုပ်တာမဟုတ်။ ဖခင်ဖြစ်သူ မျက်မှောင်ကြုတ်လျှင် သူလုပ်ပေးနေကျဖြစ်၍ အကျင့်ပါသွားခြင်း ဖြစ်သည်။ သို့သော် ယခုလူက ရှဲ့ယန် ဖြစ်နေခဲ့သည်။
လုပ်ပြီးမှသာ သူ့လုပ်ရပ် ရဲတင်းရာ ရောက်သွားမှန်း ဖုန့်ကျိုးယွဲ့ နားလည်သွားသည်။ စိုးရိမ်စိတ်ဖြင့် ကြည့်လိုက်ချိန် ရှဲ့ယန်၏ အေးစက်စက်အကြည့်နှင့် အကြည့်ချင်း ဆုံသွားသည်။ ရှဲ့ယန်က စိတ်ဆိုးပုံမရသော်လည်း သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲပြီး ချုပ်ကိုင်ထားလိုက်သည်။
ဖုန်းမုချို ရုန်းမထွက်နိုင် ဖြစ်နေစဉ် ရှဲ့ယန်က သတိပေးသည်။
“မင်းစည်းကျော်နေပြီ"
လေသံက တင်းမာသော်လည်း ဆုပ်ကိုင်ထားမှုက မနာကျင်။ ဖုန့်ကျိုးယွဲ့ အမြန် တောင်းပန်လိုက်သည်။
"အိမ်ရှေ့စံ ... ကျွန်တော် မှားသွားပါတယ်။ အိမ်ရှေ့စံ ပင်ပန်းနေတာကို မကြည့်ရက်လို့ပါ"
နွေလေပြေတစ်ချက် ဝှေ့လိုက်သဖြင့် စားပွဲပေါ်မှ စာရွက်များ လှုပ်ရှားသွားပြီး ဖုန့်ကျိုးယွဲ့၏ ဆံနွယ်အချို့ မျက်နှာပေါ် ကျလာသဖြင့် ယားကျိကျိ ဖြစ်သွားသည်။ ရှဲ့ယန်နှင့် အလွန်အမင်း နီးကပ်စွာ ရပ်နေရသဖြင့် သူ့ထံမှ အေးမြသော ထင်းရှူးနံ့ကိုပင် ရနေသည်။ ဖုန့်ကျိုးယွဲ့ရင်ထဲတွင် မြင်းရိုင်းတစ်ကောင် ပြေးနေသကဲ့သို့ နှလုံးခုန်သံများ မြန်ဆန်နေသည်။
ဤကဲ့သို့ ရင်းနှီးသော အငွေ့အသက်ကြားတွင် တစ်ခုခု ဖြစ်လာတော့မလားဟု တွေးနေမိစဉ် အခန်းအပြင်ဘက်မှ ကြည်လင်ပြတ်သားသော အသံတစ်ခု ဖြတ်ဝင်လာသည်။
"အစ်ကိုတော် အိမ်ရှေ့စံ ... ရှိလား။"
ရှဲ့ယန် ဘာတွေးနေမှန်း မသိသော်လည်း ဖုန့်ကျိုးယွဲ့ကတော့ သူတို့နှစ်ဦးကို ဒီလိုပုံစံနှင့် ဘယ်သူမှ မမြင်စေချင်ခဲ့ပါ။ ရှဲ့ယန်လည်း ထိုနည်းတူပင်၊ သူ့လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်မှ အသက်ဝဝ ရှူနိုင်တော့သည်။
ဝင်လာသူမှာ ပိုးသားဝတ်စုံ ဝတ်ဆင်ထားသော ချောမောခံ့ညားသည့် လူငယ်လေးတစ်ဦး ဖြစ်သည်။ ရှဲ့ယန်နှင့် မတူ၊ ဆန့်ကျင်ဘက်အသွင်ဟုပင် ဆိုနိုင်သည်။ ရှဲ့ယန်က ထက်မြက်ပြီး တည်ငြိမ်ခန့်ညားသော ရုပ်ရည်ရှိလျှင် ဤလူငယ်က နူးညံ့ပြီး ချောမောသည်ဟု ဆိုရမည်။ မြေခွေးတစ်ကောင်လို မျက်လုံးများ၊ ပြည့်ဖြိုးသောနှုတ်ခမ်းနှင့် ပြုံးလိုက်လျှင် ပေါ်လာသော ပါးချိုင့်ရေးရေးလေးများ ရှိသည်။
ဖုန့်ကျိုးယွဲ့ ဘေးသို့ ရှောင်ပေးလိုက်သော်လည်း လူငယ်လေးက လမ်းပိတ်ရပ်လိုက်သည်။ ဘယ်ရှောင်ရှောင် ညာရှောင်ရှောင် လိုက်ပိတ်နေသည်မှာ သူ့ကို တမင် သက်သက် ကစားနေမှန်း သိသာသည်။
"အစ်ကိုတော်... ဒါ အစ်ကိုတော်ရဲ့ စာဖတ်ဖော် ဖုန့်ကျိုးယွဲ့ ဆိုတာလား။ တော်တော်ချောတယ် .. အရုပ်လေး ကျနေတာပဲ"
လူငယ်လေးက အနားကပ်လာပြီး သူ့ကို စူးစမ်းသလို ကြည့်သည်။ အပျော်ကြူးသူတစ်ယောက်၏ အကြည့်မျိုးနှင့် တူသော်လည်း မျက်လုံးထဲတွင် ရမ္မက်မပါ၊ အရာဝတ္ထု အသစ်အဆန်း တစ်ခုကို တွေ့၍ သဘောကျနေသော ကလေးတစ်ယောက်၏ စပ်စုလိုစိတ်မျိုးသာ တွေ့ရသည်။
"အစ်ကိုတော်... သူက မိန်းကလေးတွေထက်တောင် လှသေးတယ်။ ညီတော် ဆော့ဖို့ ရက်နည်းနည်းလောက် ငှားပါလား”
ဖုန့်ကျိုးယွဲ့ အောင့်သက်သက် ဖြစ်သွားသည်။ ဒါက အတော်ယုတ္တိမရှိတဲ့ စကားပင်။ သူ့ကိုယ်တိုင်က မိန်းမဆန်နေပြီးမှ ထိုသို့ ပြောခြင်းသည် စော်ကားရာရောက်သည်ဟု ဖုန့်ကျိုးယွဲ့ ခံစားမိသွားသည်။
ဖုန့်ကျိုးယွဲ့ ဒေါသတကြီး ပြန်ပြောရန် ပြင်လိုက်စဉ် ရှဲ့ယန်၏ ကိုယ်ခန္ဓာက သူ့မြင်ကွင်းကို ရုတ်တရက် ကွယ်လိုက်သည်။ ရှဲ့ယန်က သူနှင့် လူငယ်လေးကြားသို့ ဝင်ရပ်လိုက်ခြင်း ဖြစ်သည်။ ဖုန့်ကျိုးယွဲ့ စိတ်သက်သာရာ ရသွားသည်။
"ရှဲ့ရှင်း ... မင်း ဒီကို ဘာလာလုပ်တာလဲ"
ရှဲ့ယန်၏ လေသံက စိတ်မရှည်မှုများ ပါဝင်နေပြီး သူ့ဘက်က ကာကွယ်ပေးလိုက်သည်ဟု ဖုန့်ကျိုးယွဲ့ ခံစားမိလိုက်သည်။
ဒီလူငယ်လေးက အဋ္ဌမမင်းသားရှဲ့ရှင်းဆိုသူလား။
"အစ်ကိုတော်ကလည်းဗျာ ... ခမည်းတော်က အစ်ကိုတော် ကူးရေးပေးထားတဲ့ ဗုဒ္ဓကျမ်းစာမူကို ဒီနေ့ ရုတ်တရက် ကြည့်ချင်တယ်ဆိုလို့ ညီတော် လာယူတာပါ"
ရှဲ့ရှင်းက နောက်ပြောင်နေတာ ရပ်ပြီး လာရင်းကိစ္စကို ပြောပြသည်။
"ဒီမှာ စောင့်နေ" ရှဲ့ယန်က ပြောပြီး ဖုန့်ကျိုးယွဲ့ဘက် တစ်ချက် လှည့်ကြည့်သည်။ ထိုစကားက ရှဲ့ရှင်းကို ပြောတာထက် သူ့ကို ပြောသလို ဖုန့်ကျိုးယွဲ့ ခံစားမိသွားသည်။
ထွက်မသွားခင် ရှဲ့ယန်အကြည့်များက နက်ရှိုင်းပြီး သတိပေးမှု တစ်စုံတစ်ရာ ပါဝင်နေသော်လည်း ဘာကို သတိပေးမှန်း သူ နားမလည်လိုက်။
ရှဲ့ယန် ထွက်သွားပြီးနောက် အခန်းထဲတွင် သူနှင့် ရှဲ့ရှင်းသာ ကျန်ရစ်ခဲ့သည်။ အခြေအနေက အနေခက်လာသဖြင့် ထွက်သွားရန် အကြောင်းပြချက် ရှာနေစဉ် ရှဲ့ရှင်းက ရုတ်တရက် အနားကပ်လာပြီး အပြစ်ကင်းစင်ဟန်ဆောင်ကာ မေးသည်။
"မင်း အစ်ကိုတော် အိမ်ရှေ့စံကို ကြိုက်နေတာ မဟုတ်လား"
ဖုန့်ကျိုးယွဲ့ လန့်သွားသည်။ ရှဲ့ယန်ကို သူကြိုက်နေမှန်း လူတိုင်း သိနေကြတာလား။ ဟုတ်သားပဲ ... ယွမ်ရဲက သူ့စာကို လူပုံအလယ်မှာ ဖတ်ပြလိုက်ကတည်းက ကျန်းနိုင်ငံ တစ်ခုလုံး သိလောက်ပြီပေါ့။ တွေးမိတော့ အရှက်ရမိသည်။
"ပြောစမ်းပါ..."
ရှဲ့ရှင်းက သူ့အဖြေကို အရေးကြီးသယောင် အလေးအနက် နားစွင့်နေသည်။
"ဘာလို့ မေးတာလဲ”
ဖုန့်ကျိုးယွဲ့အသံက ခြောက်ကပ်ပြီး တုန်ရီနေသည်။ ရှဲ့ယန်ကို ရဲရဲတင်းတင်း ဖွင့်ပြောရဲပေမယ့် တခြားလူတွေက သူ့ခံစားချက်ကို လှောင်ပြောင်မှာတော့ မလိုလားပါ။
"မင်း မျက်လုံးတွေကို ကြည့်ရုံနဲ့ အစ်ကိုတော်ကို ကြိုက်နေမှန်း သိသာပါတယ်"
ရှဲ့ရှင်းက ယပ်တောင်ဖြင့် သူ့မျက်လုံးများကို တို့ထိလိုက်ပြီး နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။
"မင်း သူ့ကို ကြည့်တဲ့အကြည့်တွေမှာ ခံစားချက်တွေ ပြည့်နေတာ ငါသိတာပေါ့”
"ငါဘယ်လိုသိလဲဆိုတာ သိချင်လား။"
ရှဲ့ရှင်းက ဖုန့်ကျိုးယွဲ့အနား ပိုတိုးကပ်လာပြီး တိုးတိုးလေး ကပ်ပြောသည်။
"ဘာလို့လဲဆိုတော့ ငါလည်း ငါ့ရဲ့ယွီချိုကို အဲဒီလိုပဲ ကြည့်တတ်လို့လေ"
"မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ”
ရေခဲတမျှ အေးစက်ပြီး ဒေါသသံ လွှမ်းနေသော ရှဲ့ယန်အသံ အခန်းထဲသို့ ဝင်လာသည်။
ရှဲ့ရှင်းစကားကို မစဉ်းစားနိုင်ခင်မှာပင် သူအကွက်ဆင် ခံလိုက်ရပြီဖြစ်ကြောင်း ဖုန့်ကျိုးယွဲ့ သဘောပေါက်လိုက်သည်။ ရှဲ့ယန် ဝင်လာသည့်ထောင့်မှ ကြည့်လျှင် သူနှင့် ရှဲ့ရှင်းတို့ ပူးကပ်နေပုံမှာ ချစ်သူရည်းစားများ ပူးကပ်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
"အာ ... အစ်ကိုတော်ကလည်း ... ညီတော်တို့က စနောက်နေတာပါ။ အစ်ကိုတော်ရဲ့ စာဖတ်ဖော်လေး ကြောက်သွားအောင် မျက်နှာကြီး တည်မထားနဲ့လေ"
ရှဲ့ရှင်းက မီးလောင်ရာ လေပင့်လိုက်သည်။ ဇာတ်လမ်းကို သူဖန်တီးခဲ့ပြီး ယခုတော့ ဘာမှ မသိနားမလည်သော ကလေးလို ဟန်ဆောင်နေပြန်သည်။ ပြဿနာရှာရတာ ကြိုက်သော မြေခွေးလေးပါတကား။
ရှဲ့ရှင်းတွင် မကောင်းသောစိတ်ထား မရှိဘဲ လူငယ်သဘာဝအတိုင်း ပျော်ပျော်နေတတ်သူမှန်း ဖုန့်ကျိုးယွဲ့ ရိပ်မိသည်။ ရှဲ့ယန်ကို ရှင်းပြရန် ပါးစပ်ဟလိုက်သော်လည်း ရှဲ့ယန်က စိုက်ကြည့်နေသဖြင့် နှုတ်ဆိတ်နေလိုက်ရသည်။ ရှဲ့ယန်က မုန်တိုင်းထန်တော့မည့်အလား ဒေါသဖုံးလွှမ်းနေပြီး ဓားသွားလို ထက်ရှသော မျက်လုံးများဖြင့် ကြည့်ရင်း အမိန့်ပေးလိုက်သည်။
"ထွက်သွား..."
မက်မွန်ပင် ကိစ္စပြီးကတည်းက ရှဲ့ယန် သူ့ကို ကြမ်းတမ်းစွာ ပြောဆိုခြင်း ဒါပထမဆုံးအကြိမ် ဖြစ်သည်။ သူဘာမှားသွားမှန်း မသိသော်လည်း ဖုန့်ကျိုးယွဲ့ ဝမ်းနည်းသွားမိသည်။ ရှဲ့ရှင်း ရှိနေသဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုရန် စကားလုံးများ ရှာမတွေ့တော့ဘဲ အခန်းထဲမှ အတင်း ထွက်လာခဲ့ရသည်။
ထွက်လာစဉ် ရှဲ့ရှင်းက နောက်မှ ပြောလိုက်သည်ကို ကြားလိုက်ရသေးသည်။ "အစ်ကိုတော်ကလည်း ... နူးညံ့တဲ့သူကို ဘယ်လိုဆက်ဆံရမလဲ နားမလည်ပါလား။ သူငိုတော့မလို ... မျက်လုံးတွေကို ရဲနေတာပဲ။ အဲ … သူ့မျက်လုံးထောင့်နားက မှဲ့နီလေးက တော်တော်လှတယ်နော်"
ရှဲ့ယန် ဘာမှ ပြန်မပြော။ ဖုန့်ကျိုးယွဲ့ ရင်ထဲ လေးလံသွားသည်။
စိတ်ဓာတ်ကျစွာဖြင့် ထွက်လာစဉ် စင်္ကြန်လမ်းအကွေ့တွင် ဓားကိုင်ထားသော အရပ်ရှည်ရှည် ထွားကျိုင်းကျိုင်း လူတစ်ယောက်နှင့် တွေ့သည်။ ရုပ်ရည်က ကြမ်းတမ်းပြီး မျက်လုံးကျဉ်းကျဉ်း၊ ညာဘက်မျက်လုံးကို ဖြတ်သွားသော အမာရွတ်တစ်ခုကြောင့် ပိုမိုကြောက်မက်ဖွယ် ကောင်းနေသည်။
ထိုလူက သူ့ကို ကြည့်လိုက်သည့်အခါ ကြက်သီးမွေးညှင်းများ ထသွားသည်။ ထိုလူ့ဆီမှ ပြင်းထန်သော ရန်လိုမုန်းတီးမှုကို ခံစားလိုက်ရသည်။ ဘာကြောင့်မှန်းတော့ မသိ။
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ပခုံးကျယ်ကာ ခါးသေးသည်။ စစ်သည်တော်တစ်ဦး၏ သန်စွမ်းမှုမျိုး ရှိသည်။ ရင်ခွင်ထဲတွင် ကျောက်စိမ်းရောင် ဓားတစ်လက် ပိုက်ထားပြီး ခါးတွင် "ချို”ဟူသော စာလုံးပါသည့် ကျောက်စိမ်းပြားတစ်ခု ချိတ်ဆွဲထားသည်။
ဖုန့်ကျိုးယွဲ့ သဘောပေါက်လိုက်ပြီ။ ဒီလူက ရှဲ့ရှင်း သဘောကျနေတဲ့ယွီချို ဆိုတာများလား။ ခုနက ရှဲ့ရှင်းရဲ့ လုပ်ရပ်တွေကို မြင်ပြီး သူ့ကို မဲနေတာများလား။
ဒါပေမဲ့ ရှဲ့ယန်ကရော ဘာလို့ ဒေါသထွက်တာလဲ။
စဉ်းစားမရသဖြင့် အတွေးတွေကို ဘေးဖယ်ပြီး နို့လက်ဖက်ရည် ဖျော်ရန် မီးဖိုချောင်ဘက် ထွက်လာခဲ့သည်။
နွေနေ့လယ်ခင်း အပူဆုံးအချိန် ဖြစ်သည်။ မီးဖိုချောင်က အိုက်စပ်ပြီး ပူပြင်းလွန်းသဖြင့် ဖုန့်ကျိုးယွဲ့ မျက်နှာနီရဲလာပြီး ခေါင်းမူးဝေလာသည်။
နို့လက်ဖက်ရည်ကို သယ်ဆောင်ပြီး ထောင့်ချိုးတစ်ခုသို့ အရောက် ခေါင်းပေါ်မှ နေပူရှိန်ကြောင့် ချွေးစေးများ ပြန်လာသည်။ လဲကျလုနီးပါး ဖြစ်သွားသော်လည်း ဖြတ်သွားသော အစေခံကောင်လေးတစ်ယောက်က သူ့ကို အချိန်မီ တွဲလိုက်သည်။
သူ့ကျန်းမာရေးက တကယ်ကို ညံ့လွန်းလှသည်။ လမစေ့ဘဲ မွေးလာခဲ့ပြီး မွေးဖွားချိန်ကလည်း ခက်ခက်ခဲခဲ မွေးခဲ့ရသည်။ ငယ်စဉ်ကတည်းက တခြားသူတွေထက် အားနည်းပြီး နွေရာသီဆို မကြာခဏ နေမကောင်း ဖြစ်တတ်သည်။
ပုံမှန်အားဖြင့် အိမ်မှာဆိုလျှင် နွေရာသီတွင် အခန်းတိုင်း ရေခဲတုံးများ ထားရှိသဖြင့် အေးမြနေတတ်သည်။ ရှဲ့ယန်က အပူဒဏ် မကြောက်သဖြင့် အေးမြစေရန် စီစဥ်မှု လုံးဝမရှိသဖြင့် ဖုန့်ကျိုးယွဲ့တစ်ယောက် မကြာခဏ အပူလွန်ပြီး အသက်ရှူကျပ်သလို ခံစားရသည်။
ယခု မီးဖိုချောင်သွားပြီး နို့လက်ဖက်ရည် ဖျော်လိုက်ခြင်းက ဒဏ်ဖြစ်သွားသည်။ အစေခံကောင်လေးသာ မရှိလျှင် ခေါင်းနှင့် ကြမ်းပြင် မိတ်ဆက်မိလောက်ပြီ။
အစေခံကောင်လေးကို နို့လက်ဖက်ရည် သွားပို့ခိုင်းပြီး သူ့အစား ခွင့်တိုင်ခိုင်းလိုက်သည်။ ရှဲ့ယန် ဒေါသပြေ၊ မပြေ မသိသဖြင့် သူ့မျက်နှာ မပြတာ အကောင်းဆုံးဟု တွေးကာ အိမ်ပြန်ပြီး နားနေလိုက်သည်။
သူ့ရောဂါက တစ်ခါဖြစ်ရင် ဆိုးဆိုးရွားရွား ဖြစ်တတ်ကြောင်း မေ့နေခဲ့သည်။ ညရောက်တော့ အဖျားကြီးလာသည်။ ဖခင်ဖြစ်သူ ပြာယာခတ်သွားပြီး နန်းတွင်းသမားတော်ကိုပင် ပင့်ကာ စမ်းသပ်ခိုင်းသည်။
သမားတော်၏ ရောဂါရှာဖွေချက်က ဖုန့်ကျိုးယွဲ့ ထင်သည့်အတိုင်းပင်။ အပူရှပ်ခြင်းနှင့် မွေးရာပါအားနည်းမှု ပေါင်းစပ်သွားပြီး အဖျားရောဂါ ပြင်းထန်သွားခြင်း ဖြစ်သည်။ ပြန်လည်သက်သာရန် ရက်အတော်ကြာ အနားယူရမည်။
ဖုန့်ကျိုးယွဲ့ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေချိန်တွင် ဖခင်ဖြစ်သူက ညီလာခံတက်ချိန်မှလွဲ၍ သူ့ဘေးတွင် အမြဲရှိနေသည်။ ဒုတိယမြောက်နေ့တွင် အိမ်ရှေ့စံအိမ်တော်မှ အိမ်တော်ထိန်း ရောက်လာပြီး တန်ဖိုးကြီး ဆေးဖက်ဝင်အပင်များ လာပေးသည်။ ထို့နောက် သူ့အခြေအနေ၊ အစားအသောက်နှင့် နေ့စဉ်အလေ့အထများကို မေးမြန်းစုံစမ်းသည်။ ဖခင်ဖြစ်သူက အသေးစိတ် ဖြေကြားပြီးမှ အိမ်တော်ထိန်းလည်း ကပျာကယာ ပြန်သွားသည်။
ဒါတွေကို ဖုန့်ကျိုးယွဲ့ မမြင်လိုက်ရ၊ ရှောင်မန် ပြောပြမှ သိရသည်။
သူ့ထင်မြင်ချက်အရ နို့လက်ဖက်ရည် ပြတ်သွားလို့ ဖြစ်လိမ့်မည်။ တစ်ရက်လောက် မသောက်ရတာနဲ့ ရှဲ့ယန် နေမထိထိုင်မသာ ဖြစ်ပြီး အိမ်တော်ထိန်းကို လွှတ်လိုက်တာ ဖြစ်မည်။ သူအားယူပြီး ထထိုင်ကာ နို့လက်ဖက်ရည်ဖျော်နည်း လျှို့ဝှက်ချက်ကို ရေးချလိုက်သည်။ အစေခံများကို နွားနို့၊ ဆိတ်နို့ ညှစ်ပြီး အိမ်ရှေ့စံအိမ်တော်သို့ ပို့ခိုင်းလိုက်သည်။ ထိုအခါမှ စိတ်အေးလက်အေး အနားယူနိုင်တော့သည်။
အမှန်ပြောရရင် ဖုန့်ကျိုးယွဲ့သည် သူအဖြေရှာမရသော ပြဿနာများကို ရှောင်ဖယ်တတ်သူ ဖြစ်သည်။ ဒီတစ်ခါ ရှဲ့ယန် ဘာလို့ စိတ်ဆိုးလဲဆိုတာ သူမသိ၊ ထို့ကြောင့် ဆက်မတွေးဘဲ နေလိုက်သည်။
နေပြန်ကောင်းလာဖို့ စောင့်ရတဲ့ရက်တွေက မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားသည်။ သုံးရက်မြောက်နေ့တွင် ကုတင်ပေါ်မှ ထနိုင်ပြီ ဖြစ်သော်လည်း ခေါင်းအနည်းငယ် မူးနေသေးသည်။
အခန်းထဲတွင် ရောဂါပိုးမွှား အငွေ့အသက်များ ကျန်နေသေးသည်ဟု ခံစားရသဖြင့် နေ့ခင်းဘက် နားနေရန် ခုတင်ကို ခြံဝင်းထဲမှ အရိပ်ကောင်းသည့်နေရာသို့ ရွှေ့ခိုင်းသည်။ ထိုနေရာတွင် ဇိမ်ကျကျ လဲလျောင်းရင်း ဝတ္ထုဖတ်နေလိုက်သည်။ ခွေးလေးရှောင်ပိုင်က ကုတင်ဘေးတွင် ပတ်ပြေးနေပြီး ပစ်ကျွေးလိုက်သည့် မုန့်များအား လိုက်ဖမ်းစားနေသည်။
ဘဝကြီးက သက်သောင့်သက်သာ ရှိလှသည်။ တစ်ခုတည်းသော လိုအပ်နေသည့်အရာက ရှဲ့ယန်ပင်။ ရှဲ့ယန် မရှိလို့ သက်ပြင်းချမယ် ကြံရုံရှိသေး၊ သူ့ရှေ့တွင် ရှဲ့ယန် ရောက်နေသည်ကို တွေ့လိုက်ရသည်။ နန်းတွင်းဝတ်စုံ အနက်ရောင်ကို ဝတ်ဆင်ထားပြီး အေးစက်တည်ငြိမ်စွာ ရပ်နေသည်။ ဖုန့်ကျိုးယွဲ့ မျက်လုံးကို အကြိမ်ကြိမ် ပွတ်သပ်ကြည့်လိုက်သည်။ စိတ်စွဲပြီး အမြင်များ မှောက်မှားကုန်သလားဟုသာ တွေးနေမိပါတော့သည်။
...............