အခန်း (၄)
မောင်းထုတ်လို့ရကြေးလား
ဖုန့်ဝန်ကြီးချုပ်က သားဖြစ်သူအတွက် အိမ်ရှေ့စံ၏ စာဖတ်ဖော်ရာထူးကို ရယူပေးခဲ့သော်လည်း မျက်နှာတွင် စိုးရိမ်မှု အရိပ်အယောင်များ လွှမ်းခြုံလျက်ရှိသည်။
"အိမ်ရှေ့စံမင်းသားက မင်းထက် နှစ်နှစ်ပဲ ကြီးပေမယ့် ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်လာခဲ့ရတာ ကြာပြီ။ သူ့စိတ်သဘောထားက တည်ငြိမ်ရင့်ကျက်သလို အတွေးအခေါ်ကလည်း အင်မတန် နက်ရှိုင်းတယ်။ လျှော့တွက်လို့ မရဘူး။ သူ့မိတ်ဆွေ ဖြစ်ချင်တယ်ဆိုရင် အစစအရာရာ အထူးသတိထားရမယ် ... ကြားလား"
"သားသိပါတယ် အဖေရာ”
နှုတ်မှ ရေလိုက်ငါးလိုက် ပြန်ဖြေသော်လည်း ဖုန့်ကျိုးယွဲ့တစ်ယောက် ဖခင်ဖြစ်သူ၏ သတိပေးစကားများကို သေချာနားမဝင်ဘဲ၊ အပျော်လွန်နေခဲ့သည်။
သားဖြစ်သူ ပျော်ရွှင်နေတာ မြင်တော့ ဖခင်ဖြစ်သူ ဖုန့်ဝန်ကြီးချုပ်လည်း ရယ်ရယ်မောမော ဖြစ်သွားသည်။
“ဟိုကောင်လေးယွမ်ရဲ ဖျော်ဖြေရေးဂေဟာတွေမှာ သောင်းကျန်းလွန်းလို့ဆိုပြီး ဧကရာဇ်ဆီ တိုင်စာရောက်သွားတယ်။ အခု သူ့ကို အိမ်တော်မှာ အကျယ်ချုပ် ခြောက်လချဖို့ တော်ဝင်အမိန့်တော် ထုတ်ထားတယ်။ မင်းကို လာအနိုင်ကျင့်နိုင်မှာ မဟုတ်တော့ဘူး"
ထိုကိစ္စက ဖခင်ဖြစ်သူ၏ လက်ချက်ဖြစ်ကြောင်း ဖုန့်ကျိုးယွဲ့ ရိပ်မိသည်။ မျက်မှောင်ကြုတ်လိုက်မိပြီး "အဖေ ... မြောက်ပိုင်းတပ်တော် စစ်သူကြီးက အဖေနဲ့ မသင့်မြတ်တာ ကြာပြီလေ။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ သားအတွက် လက်စားချေပေးဖို့နဲ့ အဖေ ဒုက္ခရောက်မှာမျိုး မလိုချင်ဘူး" ဟု ပြောလိုက်သည်။
ပြဿနာဖြစ်သည့်ညက အိမ်ပြန်ရောက်သည့်အချိန်တွင် ဖခင်ဖြစ်သူက ဒဏ်ရာများ သက်သာအောင် နားနေရမည်ဟု အကြောင်းပြပြီး ဖုန့်ကျိုးယွဲ့ကို အပြင်ထွက်ခွင့် ပိတ်ပင်လိုက်သည်။ အမှန်တကယ်က အပြင်လောက အတင်းအဖျင်းစကားများကို မကြားစေချင်၍ဖြစ်ကြောင်း သူရိပ်မိပါသည်။
ထိုညက အဖြစ်အပျက်များ အပြင်လောကတွင် ပျံ့နှံ့နေမည်မှာ မြေကြီးလက်ခတ် မလွဲပင်။ ယွမ်ရဲက သူ့ကို အနိုင်ကျင့်ခဲ့သူ ဖြစ်သော်လည်း ပြည့်တန်ဆာအိမ်များသို့ နေ့ညမရွေး ဝင်ထွက်သွားလာနေကျဖြစ်ရာ ယခုလို အချိန်တွင်မှ ဧကရာဇ်ဆီ နားပေါက်အောင် တိုင်တန်းခံလိုက်ရခြင်းအပေါ် ဖခင်ဖြစ်သူ ဖုန့်ဝန်ကြီးချုပ်ကို သံသယဝင်ကြမည်မှာ အသေအချာပင်။
"ရှောင်ချိုး လျှောက်တွေးမနေပါနဲ့။ အဖေက လူလွှတ်ပြီး စကားပါးလိုက်ရုံပါပဲ။ အစကတော့ ဧကရာဇ်က သိပ်စိတ်မဆိုးပါဘူး။ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားက ဒီကိစ္စကို ထိထိရောက်ရောက် အပြစ်မပေးရင် နောင်တစ်ချိန် မှူးမတ်မျိုးနွယ်တွေက ဒီလိုစည်းကမ်းပျက်တဲ့ အပြုအမူတွေ ပိုလုပ်လာလိမ့်မယ်လို့ လျှောက်တင်လိုက်မှ ဧကရာဇ်က အမိန့်ချလိုက်တာ"
ထိုစကားကြားကြောင့် ဖုန့်ကျိုးယွဲ့ စိတ်အေးသွားရပြီး အိမ်ရှေ့စံအိမ်တော်သို့ စာဖတ်ဖော်အဖြစ် တာဝန်ထမ်းဆောင်ရန် ထွက်လာခဲ့တော့သည်။
ယခင်က အိမ်ရှေ့စံအိမ်တော်သို့ သူလာခဲ့ဖူးသော်လည်း ထိုစဉ်က တိတ်တခိုး မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများ ရောပြွန်းနေခဲ့သည်။ ယခုတစ်ကြိမ်တွင် ယခင်အကြိမ်များနှင့် မတူတော့။ ရှဲ့ယန်ကို သေချာပေါက် တွေ့ရတော့မည်ဖြစ်၍ ပိုပြီး တည်ငြိမ်နေသည်။ စိတ်လှုပ်ရှားမှုကတော့ ရှိမြဲပင်။
အိမ်ရှေ့စံအိမ်တော် ရောက်သည်နှင့် အိမ်တော်ထိန်းကလည်း ယခင်နှင့်မတူ လေးလေးစားစား နှုတ်ဆက်ပြီး အိမ်တော်အတွင်း ခေါ်ဆောင်လာခဲ့သည်။
ရှဲ့ယန်သည် ဇိမ်ခံပစ္စည်းများကို နှစ်သက်သူ မဟုတ်။ အိမ်တော်အတွင်း အပြင်အဆင် အားလုံးသည် ရိုးရှင်းပြီး မီးခိုးရောင်နှင့် အဖြူရောင်ကသာ လွှမ်းမိုးထားသည်။ ရှဲ့ယန်ကဲ့သို့ပင် အေးစက်ခြောက်သွေ့သော ခံစားမှုကို ပေးစွမ်းနေသည်။ ကျယ်ဝန်းသော ခြံဝင်းအတွင်း၌ အပင်ကြီးဟူ၍ မက်မွန်ပင်တစ်ပင်တည်းသာ ရှိသည်။ ထိုအပင်က ခြံထောင့်တစ်နေရာတွင် နွေဦးလေပြေနှင့်အတူ ယိမ်းနွဲ့နေပြီး လှပသော အကိုင်းအခက်တစ်ခုက တံတိုင်းအပြင်ဘက်သို့ ဆန့်ထွက်နေသည်။ ဟိုတစ်နေ့က သူမြင်ခဲ့ရသော အကိုင်းအခက်လေးပင်။
အိမ်တော်ထိန်းက ဖုန့်ကျိုးယွဲ့ကို စာကြည့်ဆောင်သို့ ပို့ပေးပြီး ထွက်ခွာသွားသည်။ အခန်းထဲ ရောက်သည်နှင့် ဖုန့်ကျိုးယွဲ့အကြည့်က ရှဲ့ယန်ပေါ် ကျရောက်သွားသည်။ ဘေးတစောင်းမြင်ကွင်းကပင် အေးစက်ခံ့ညားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဖုန့်ကျိုးယွဲ့ စိတ်လှုပ်ရှားပြီး လက်ဖဝါးတွင် ချွေးများပင် စို့လာသည်။
စာကြည့်စားပွဲတွင် ရှဲ့ယန်က ထင်းရှူးပင်အလား ကျောမတ်မတ်ထားကာ ထိုင်နေသည်။ ဖြူဖွေးသွယ်လျသော လက်ချောင်းများက စုတ်တံကို ကိုင်ထားသည်။ မျက်လုံးများက စာရွက်ပေါ်တွင်သာ ရှိနေပြီး လှည့်မကြည့်ဘဲ အမိန့်ပေးလိုက်သည်။ "လာ ... မင်သွေးပေး"
"အာ ... ဟုတ်ကဲ့"
စိတ်လှုပ်ရှားလွန်းသဖြင့် အိမ်ရှေ့စံမင်းသားဟု ခေါ်ဖို့ပင် မေ့လျော့သွားခဲ့သည်။
ငယ်စဥ်က မည်သည့်သင်ယူမှုကိုမှ စိတ်မဝင်စားသဖြင့် မင်သွေးခြင်း၊ ရေနွေးကြမ်းငှဲ့ခြင်း စသည့် အသေးအဖွဲ ကိစ္စများကို ဖုန့်ကျိုးယွဲ့ သေချာမလေ့လာခဲ့ပေ။ အတွေ့အကြုံမရှိမှုနှင့် စိတ်လှုပ်ရှားမှု ပေါင်းစပ်သွားသောအခါ သူသွေးလိုက်သော မင်ရည်များသည် ရေကျဲကျဲဖြစ်နေခဲ့သည်။ စာရွက်ပေါ် တင်လိုက်သည်နှင့် ရေကွက်များ ဖြစ်ကျန်ရစ်မည်မှာ မလွဲပင်။
ရှဲ့ယန်က စုတ်တံကို တို့လိုက်သည်နှင့် ထိုအခြေအနေကို သတိထားမိလိုက်သည်။ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး မျက်မှောင်ကြုတ်လိုက်ကာ ဓားသွားကဲ့သို့ စူးရှသော အကြည့်များ ဖုန့်ကျိုးယွဲ့အပါ် ကျရောက်လာသည်။
"မင်တောင် မသွေးတတ်ဘဲနဲ့ ဘယ်လိုလုပ် စာဖတ်ဖော် လာလုပ်တာလဲ”
ကံမကောင်းလှစွာဖြင့် ရှဲ့ယန် ပထမဆုံးအကြိမ် တိုက်ရိုက်ပြောသော စကားက သူ့အသုံးမကျမှုကို ထောက်ပြသော စကားဖြစ်နေခဲ့သည်။
ဖုန့်ကျိုးယွဲ့ ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ပူထူသွားသည်။ သူ့ပါးပြင်များ နီရဲနေလောက်ပြီ။ ရှဲ့ယန်၏ အေးစက်သော အကြည့်ကို ပြန်မကြည့်ရဲခဲ့၊ စာရွက်ပေါ်မှ စာလုံးများကိုသာ အာရုံစိုက်ထားမိသည်။
ရှဲ့ယန်၏ အေးစက်စူးရှသော ပုံစံသည် ဆောင်းတွင်းနှင်းခဲများနှင့် တူလှသည်။ ရေများလွန်းနေသော မင်ရည်ကြောင့် မှိန်ဖျော့ဖျော့ ဖြစ်နေသည့် စာလုံးများကလည်း သူ့လိုပင် ကို့ယို့ကားယား နိုင်လှသည်။
တောင်းပန်စကားသာ ဆိုနိုင်တော့သည်။
"အိမ်ရှေ့စံမင်းသား ... ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး။ ပထမဆုံးအကြိမ် မင်သွေးဖူးတာမို့ ရေအများကြီး ထည့်မိသွားတာပါ။ တကယ်တောင်းပန်ပါတယ်"
ရှဲ့ယန်က စာရွက်ကို လုံးချေပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ နောက်ထပ် စာရွက်အသစ်တစ်ရွက် ထုတ်လိုက်ပြီး သူ့ကို မင်သွေးကျောက်ပြင် ကမ်းပေးလိုက်သည်။
“သွားဆေးလိုက်”
မင်သွေးကျောက်ကို ကိုင်ထားသည့် ရှဲ့ယန်၏ ကျောက်စိမ်းသဖွယ် လက်ချောင်းများကို ဖုန့်ကျိုးယွဲ့ ငေးငိုင်စွာ ကြည့်နေမိသည်။ လှမ်းယူလိုက်စဉ်တွင် သူ့လက်ချောင်းထိပ်များက ရှဲ့ယန်၏ လက်ကို မတော်တဆ ထိမိသွားသည်။ အေးစက်သော အသားအရေ၏ အထိအတွေ့ကို ခံစားလိုက်ရသည်။ အထိအတွေ့က ရှဲ့ယန်၏ အမူအရာကဲ့သို့ပင် အေးစက်လွန်းလှသည်။
ထိုအထိအတွေ့က ခဏတာမျှသာ။ ရှဲ့ယန်က အဆိပ်ပြင်းသော အရာတစ်ခုကို ထိတွေ့ရသည့်ဟန်ဖြင့် လက်ကို ချက်ချင်း ရုပ်သိမ်းလိုက်သောကြောင့်ပင်။
ဖုန့်ကျိုးယွဲ့လည်း မင်သွေးကျောက်ပြင်ကို အမြန်ဆေးကြောပြီး ခြောက်အောင် သုတ်လိုက်သည်။ ပြီးနောက် ရှဲ့ယန်က ကိုယ်တိုင် မင်သွေးပြသည်။ ထိုအပြုအမူလေးကပင် တော်ဝင်မိသားစု၏ ဂုဏ်ကျက်သရေကို ဆောင်နေသည်။ အလွန်တရာ အေးဆေးတည်ငြိမ်ပြီး စနစ်ကျလှသည်။ မကြာမီ ပျစ်ခဲပြီး အနေတော်ဖြစ်သော မင်ရည် ရရှိလာသည်။ ဖုန့်ကျိုးယွဲ့က ရေပမာဏ ဘယ်လောက်ထည့်ရမည်ကို မှတ်သားပြီး ရှဲ့ယန်၏ လှုပ်ရှားမှုများကို အတုခိုးကာ လေ့လာနေခဲ့သည်။ နောက်တစ်ကြိမ် အရှက်ကွဲမခံချင်တော့ပါ။
"လက်ဖက်ရည် သွားဖျော်ချေ"
ရှဲ့ယန်က စုတ်တံကို ပြန်ကိုင်ရင်း အေးစက်စွာ အမိန့်ပေးလိုက်ပြန်သည်။
ဒီတစ်ကြိမ်တော့ ဖုန့်ကျိုးယွဲ့ ပိုဂရုစိုက်သည်။ လက်နှင့် အပူချိန် စမ်းသပ်သလို အပြင်းအပျော့ကိုလည်း သေချာချိန်ထားသည်။ ထပ်ပြီး အမှားမဖြစ်စေရ။
သို့သော် ရှဲ့ယန်က တစ်ငုံသာ သောက်ပြီး တစ်ခွန်းတည်းသာ မှတ်ချက်ပြုခဲ့သည်။
“ပူလွန်းတယ်"
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လက်နဲ့ သေချာစမ်းခဲ့တာလေ။ စိတ်ထဲတွင် သံသယဝင်မိသော်လည်း နှုတ်ခမ်းကို ကိုက်ကာ အသာငြိမ်နေလိုက်သည်။
အပူချိန်ကို အနည်းငယ် လျှော့လိုက်ပြီး အစေခံများကို ရှဲ့ယန်၏ အကြိုက်ကို မေးမြန်းလိုက်သည်။ အစေခံများက ရှဲ့ယန်သည် ဂျီးမများကြောင်း၊ ပုံမှန်အတိုင်း ဆက်သလိုက်ရုံသာဖြစ်ကြောင်း၊ ပူလွန်းလျှင်လည်း မဆူပူဘဲ ဒီအတိုင်း ထားလိုက်တတ်ကြောင်း ပြောကြသည်။
သူအတွေးလွန်နေတာ ဖြစ်မှာပါလေဟု ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ပြီး ဖုန့်ကျိုးယွဲ့ နောက်တစ်ခွက် ယူသွားပေးသည်။ ရှဲ့ယန်က ခွက်ကို ယူလိုက်ရင်း မတ်တပ်ရပ်ကာ မျက်နှာသေဖြင့် ပြောသည်။ "အေးလွန်းတယ်"
ထိုနေ့က ဘယ်နှစ်ခေါက် အစုန်အဆန် သွားခဲ့ရပြီး လက်ဖက်ရည် ဘယ်နှစ်ကြိမ် လဲပေးခဲ့ရမှန်း ဖုန့်ကျိုးယွဲ့ မမှတ်မိတော့။ ရှဲ့ယန်က သောက်နေစဉ် သူ့ကို တစ်ချက်ကလေးမှ မကြည့်ဘဲ အေးစက်သော လေသံဖြင့်သာ မှတ်ချက်ပေးသည်။
"ခါးလွန်းတယ်”
"ပေါ့လွန်းတယ်"
"ပူလွန်းတယ်"
"အေးလွန်းတယ်”
အစေခံများပင်လျှင် ဒီနေ့မှ အိမ်ရှေ့စံမင်းသား ဘာလို့ ဒီလောက် ဂျီးများနေရတာလဲဟု တီးတိုး ပြောဆိုနေကြသည်။ ရှဲ့ယန်က ဂျီးများနေတာ မဟုတ်၊ သူ့ကို တမင်သက်သက် ပညာပြနေခြင်းသာ ဖြစ်ကြောင်း ဖုန့်ကျိုးယွဲ့ နားလည်လိုက်သည်။
တနေကုန်နီးပါး ခိုင်းစေပြီးချိန်တွင်လည်း ရှဲ့ယန်က ကျေနပ်ပုံမရ။ ဖျော်ထားသော လက်ဖက်ရည်များ ရေမြောင်းထဲသို့ အကြိမ်ကြိမ် သွန်ပစ်ခံရသည်။ ရေကန်ထဲတွင် မျောပါနေသော လက်ဖက်ခြောက်များကို ကြည့်ရင်း နောက်ဆုံးတော့ သူ့စိတ်ကို တင်းလိုက်သည်။
ရပ်ကြည့်နေသော အစေခံတစ်ယောက်ကို ခေါ်ယူပြီး ရှဲ့ယန် သောက်နေကျ ပုံစံအတိုင်း လက်ဖက်ရည်တစ်အိုး လုပ်ပေးရန် ပြောလိုက်သည်။
လက်ဖက်ရည်အိုးကို စားပွဲပေါ် တင်လိုက်သောအခါ ရှဲ့ယန်က သူ့ကို တည့်တည့်ကြည့်လာသည်။ မီးခိုးရောင် မျက်လုံးများတွင် နားမလည်နိုင်မှုများ ပါဝင်နေပြီး မျက်ဝန်းထောင့်များ အနည်းငယ် ပင့်တက်နေသည်။
ဖုန့်ကျိုးယွဲ့သည် စိတ်မြန်လက်မြန် ရှိသူဖြစ်ပြီး အရူးတစ်ယောက် မဟုတ်။ ယနေ့တစ်နေ့လုံး ဖြစ်ပျက်ခဲ့သမျှသည် ရှဲ့ယန်၏ ရည်ရွယ်ချက်ရှိရှိ ရန်စမှုသာဖြစ်ကြောင်း ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။ အခြားသူသာဖြစ်လျှင် ခပ်တင်းတင်း ရန်စကား ဆိုမိမှာ သေချာသော်လည်း ယခုပညာပြနေသူက အိမ်ရှေ့စံဖြစ်သလို၊ သူနှစ်သက်ရသူလည်း ဖြစ်နေပြန်သည်။
လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "အိမ်ရှေ့စံမင်းသား ... လက်ဖက်ရည်တွေ ဖြုန်းတီးတာ ရပ်လိုက်ပါတော့။ ခင်ဗျား ဒီနေ့ တစ်နေ့လုံး ရေတစ်ငုံမှ မသောက်ရသေးဘူး။ အကြောင်းမဲ့သက်သက် လည်ချောင်းနာအောင် မလုပ်ပါနဲ့"
ရှဲ့ယန်နှင့် ရင်ဆိုင်ရသည့်အခါ သူ့ဒေါသများ ဘယ်ရောက်သွားမှန်း မသိတော့။ အနည်းဆုံး အခေါက် ၃၀ ခန့် သွားခဲ့ရသဖြင့် ခြေထောက်များ နာကျင်နေပြီး လက်ချောင်းများ ရေစိမ်ရလွန်း၍ ဖူးရောင်နေသည်ကိုပင် ဂရုမစိုက်နိုင်။ တစ်နေ့လုံး ရှဲ့ယန် ရေကောင်းကောင်း မသောက်ရသေးသည်ကိုသာ စိုးရိမ်နေမိသည်။
"မင်းနဲ့ ဘာဆိုင်လို့လဲ" ရှဲ့ယန်က သူ့ကို ဆက်မကြည့်တော့ဘဲ စာရွက်ပေါ်သို့ ပြန်အာရုံစိုက်လိုက်သည်။ သူ့စကားလုံးများသည် ဓားသွားများကဲ့သို့ ထက်ရှပြီး ဖုန့်ကျိုးယွဲ့၏ တစ်ဖက်သတ် မေတ္တာနှင့် စိတ်ကူးယဉ်မှုများကို ဖြိုခွဲလိုက်သည့်အလား။
"ဘယ်လိုလုပ် မဆိုင်ရမှာလဲ။ ကျွန်တော် ... ကျွန်တော် ..."
ဖုန့်ကျိုးယွဲ့ စကားတွေ ထစ်အနေပြီး အသံထွက်မလာ။ လက်လျှော့မည့်ဆဲဆဲ ရှဲ့ယန်က မော့ကြည့်လာသည်။ သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြသည်။ ဘယ်က ရောက်လာမှန်းမသိသော သတ္တိများဖြင့် ဖုန့်ကျိုးယွဲ့ ပြောချလိုက်ပါတော့သည်။
“ကျွန်တော် ခင်ဗျားကို သဘောကျနေတာ ခင်ဗျား သိသားနဲ့”
ရှဲ့ယန်က အထင်သေးသလို နှာခေါင်းရှုံ့လိုက်သည်။ မျက်ဝန်းထဲတွင် နွေးထွေးမှု တစ်စက်မှမရှိဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ သူ့ကို အလေးမထားဟန်ဖြင့် ကြည့်ပြီး ပြောလာသည်။
“ငါကို မင်းတွေ့ဖူးတာ ဘယ်နှစ်ကြိမ် ရှိသေးလို့လဲ။ ဘယ်လိုလုပ် သဘောကျတယ်ဆိုတဲ့ စကားကို ပြောနိုင်ရတာလဲ။ မင်းရဲ့ သံယောဇဉ်က ဒီလောက် လွယ်လွယ်ကူကူ ပေးလို့ရတယ်ဆိုရင် အဲဒါ အပေါ်ယံဆန်လွန်းတယ်"
ထိုအခိုက်အတန့်တွင် သူ နားလည်လိုက်သည်။ ဒီတစ်နေ့လုံး လုပ်ခဲ့သမျှအရာအားလုံးသည် သူ့စိတ်ကို ရှဲ့ယန် ရိပ်မိပြီး စိတ်ပျက် လက်လျော့သွားအောင် နည်းလမ်းရှာကာ မောင်းထုတ်နေခြင်း ဖြစ်သည်။
သူ့လက်ချောင်းများ လိမ်ယှက်နေပြီး ကိုက်ပစ်ချင်စိတ်တောင် ပေါက်လာသည်၊ ဒါက သူစိတ်လှုပ်ရှားပြီး တစ်ခုခုလုပ်နေချိန် လူမိသွားသည့်အခါအချိန် လုပ်တတ်သည့် အကျင့်တစ်ခု။ သို့သော် ရှဲ့ယန် ရှေ့တွင် ရိုင်းပျသလို မဖြစ်ချင်သဖြင့် အတင်း ထိန်းချုပ်လိုက်ရသည်။ သူက သာမန်လူတစ်ယောက်ပါ၊ ပညာတတ်ကြီး မဟုတ်။ သူ့ရဲ့ နှစ်သက်မှုက အပေါ်ယံဆန်ခြင်း ဟုတ်မဟုတ် သူမသိ။ ဒါပေမဲ့ အပေါ်ယံဆန်သော နှစ်သက်မှုကရော နှစ်သက်မှု မဟုတ်တော့ဘူးလား။
နှစ်သက်မှုဆိုတာ ပုံစံအမျိုးမျိုး ရှိနိုင်သည်။ ပညာရှိများ၏ နှစ်သက်မှုလိုမျိုး လေးနက်ပြီး ကဗျာဆန်တာမျိုး ရှိသလို၊ သူ့လို အပေါ်ယံဆန်တာမျိုးလည်း ရှိမည်။ သူ့နှစ်သက်မှုက မြင့်မြတ်ခြင်း၊ နက်ရှိုင်းခြင်း ရှိချင်မှ ရှိပါလိမ့်မည်၊ သို့သော် ရိုးသားဖြူစင်သည်။ ဒါဆို လုံလောက်ပြီ မဟုတ်ပါလား။ သူ့တစ်သက် ဘယ်သူ့ကိုမှ မချစ်ဖူးခဲ့။
သေချာ စဉ်းစားပြီးနောက် ဖုန့်ကျိုးယွဲ့ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ကျွန်တော့် နှစ်သက်မှုက အပေါ်ယံဆန်ပြီး မမြင့်မြတ်ဘူး ဆိုရင်တောင် ... ဒါက စစ်မှန်တဲ့ ခံစားချက်တစ်ခုတော့ ဟုတ်တယ်မလား”
ခံစားချက်များက ဖုန့်ကျိုးယွဲ့ကို ခွန်အားပေးလိုက်ပုံရသည်။ ခေါင်းငိုက်စိုက်ကျမနေဘဲ ရှဲ့ယန်ကို တည့်တည့်ကြည့်ရဲလာသည်။ သူ့စကားကို ကြားပြီး ရှဲ့ယန်လည်း ပြန်ကြည့်လာသည်။
ဒီတစ်ကြိမ်တွင် ဖုန့်ကျိုးယွဲ့ ပျော့ညံ့မနေတော့။ အကြည့်များ မယိမ်းယိုင်တော့။ သူရဲဘောကြောင်ပြီး ရှောင်ဖယ်နေတာမျိုး မလုပ်ချင်တော့ပါ။
"အရှင်မင်းသားတို့ ပညာရှိတွေလို မြင့်မြတ်ပြီး နက်ရှိုင်းတဲ့ ခံစားချက်မျိုး မဟုတ်ဘဲ ကျွန်တော့် ခံစားချက်က သာမန်ဆန်တယ်လို့ ထင်ချင်ထင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်... ဒါပေမဲ့ ကျွန်တော်..."
သူ့နှုတ်ခမ်းများ တုန်ရီလာပြီး ငန်ကျိကျိ မျက်ရည်များ ပါးပြင်ပေါ် စီးကျလာသည်။ သုတ်ပစ်ဖို့ မကြိုးစားတော့ဘဲ တုန်ရီစွာဖြင့် ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်တော့်နှစ်သက်မှုက ရိုးသားမှု အပြည့်ရှိတယ်။ ခင်ဗျား ပြန်မကြိုက်ဘူးဆိုရင်တောင် ကျွန်တော် လက်မလျှော့ဘူး"
---