no

Font
Theme

အခန်း (၁၁)

သူဒဏ်ရာရခဲ့စဉ်က ရှဲ့ယန်၏ မျက်ဝန်းထဲတွင် မြင်တွေ့ခဲ့ရသည့် ဒေါသအရိပ်အယောင်များကို ဖုန့်ကျိုးယွဲ့ ယခုတိုင် ကောင်းစွာ မှတ်မိနေပါသေးသည်။ ထိုစဉ်က သူ၏ သတိမှာ ဝေဝါးနေခဲ့သဖြင့် ၎င်းကို ထင်ယောင်ထင်မှား ဖြစ်ခြင်းလားဟု ထင်မှတ်မိခဲ့သည်။

သို့သော် ယခု ရှဲ့ယန်လက်များက သူ့မေးဖျားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ပါ။ ရှဲ့ယန် အားထည့်ထားပုံမှာ အညိုအမည်း စွဲသွားစေနိုင်လောက်သည့်အထိ ပြင်းထန်လှသည်။ ရှဲ့ယန် အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေရသနည်းဟု ဖုန်းကျိုးယွဲ့ တွေးတောနေမိသည်။

ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်လည်စဉ်းစားကြည့်သည်။ ဧကရာဇ်က ကျားအမဲလိုက်ရန် အမိန့်ပေးခဲ့ပြီး၊ ရှဲ့ယန်ကလည်း ထိုရည်ရွယ်ချက်ဖြင့်ပင် သူ့ကို တောနက်ထဲသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ ဒဏ်ရာရသွားခဲ့သောကြောင့် သူ့ကို စောင့်ရှောက်ကုသရန် အရေးကြီးသဖြင့် ကျားကို အမဲလိုက်ရန် အခွင့်အရေး ဆုံးရှုံးသွားခဲ့ရသည်။

ဧကရာဇ်မင်းမြတ်က ရှဲ့ယန်အပေါ် စိတ်ပျက်သွားခဲ့ပြီလော။ ရှဲ့ယန် ဒေါသထွက်နေရခြင်းမှာ ထိုအကြောင်းကြောင့်လော။ ရှဲ့ယန်သည် ထိပ်ဆုံးမှာသာ ရှိနေလိုသည့် ပြင်းပြသော ရည်မှန်းချက်ရှိသူဖြစ်ပြီး ဧကရာဇ်၏ အသိအမှတ်ပြုမှုကိုလည်း အလွန်တန်ဖိုးထားသူဖြစ်ကြောင်း ဖုန်းကျိုးယွဲ့ သိရှိထားသည်။ ရှဲ့ယန်၏ ထိုသို့သော မနားမနေ ကြိုးပမ်းမှုများအတွက် ဖုန်းကျိုးယွဲ့ စိုးရိမ်ပူပန်ပေးခဲ့မိသည်မှာ အကြိမ်ကြိမ်ပင်။

သို့သော် ယနေ့တွင်မူ သူကိုယ်တိုင်က ရှဲ့ယန်၏ ခြေလှမ်းများကို တားဆီးမိခဲ့သူ ဖြစ်သွားခဲ့သည်။ ထိုသို့ တွေးမိသည်နှင့် ဖုန်းကျိုးယွဲ့၏ လက်ဖဝါးများတွင် ချွေးစေးများ ထွက်လာပြီး ထိတ်လန့်မှုက ရေလှိုင်းတစ်ခုကဲ့သို့ ရိုက်ခတ်လာသည်။ သူသည် နက်ရှိုင်းသော ပင်လယ်ထဲသို့ ပြုတ်ကျသွားပြီး ရှဲ့ယန်သာ သူ၏ တစ်ခုတည်းသော အသက်ကယ်ကြိုး ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။

တောင်းပန်လိုစိတ်နှင့် နောင်တများ ပြည့်နှက်နေသော ဖုန်းကျိုးယွဲ့သည် ရှဲ့ယန်၏ ဝတ်ရုံစကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ကာ ခက်ထန်သော အကြည့်များကို မရင်ဆိုင်ရဲဘဲ ခေါင်းငုံ့ကာ တိုးညင်းသော လေသံဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။

"ကျ .. ကျွန်တော် တောင်းပန်ပါတယ်။ ဒဏ် ... ဒဏ်ရာ မရသင့်ခဲ့ဘူး။ အရှင့်သား ကျားအမဲလိုက်ဖို့ အခွင့်အရေး ဆုံးရှုံးသွားအောင် လုပ်မိလို့ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး"

အပြစ်မကင်းသည့် ခံစားချက်နှင့် မိမိကိုယ်ကိုယ် အပြစ်တင်မှုများက ဖုန်းကျိုးယွဲ့ကို လွှမ်းမိုးသွားပြီး အသက်ရှူပင် ကျပ်လာစေသည်။ သူ၏ လေသံမှာလည်း ငိုသံစွက်လျက် တုန်ရီနေတော့သည်။

"ဟက်..." ရှဲ့ယန်၏ နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာသည်။ ဖုန်းကျိုးယွဲ့ မော့ကြည့်လိုက်သောအခါ ရှဲ့ယန်သည် စိတ်ပျက်သလိုလို၊ ရယ်ချင်သလိုလို အမူအရာဖြင့် ရှိနေပြီး မျက်နှာထားမှာ အနည်းငယ် ပျော့ပြောင်းသွားသည်။ သူက ဖုန်းကျိုးယွဲ့ကို ထူးဆန်းသော အရာတစ်ခုကို ကြည့်နေသကဲ့သို့ အံ့သြသော အကြည့်ဖြင့် ကြည့်ကာ "ဖုန်းကျိုးယွဲ့ .. မင်းခေါင်းထဲမှာ ဂွမ်းတွေပဲ ထည့်ထားတာလား"ဟု မေးလိုက်သည်။

ဖုန်းကျိုးယွဲ့ကတော့ ရှဲ့ယန်၏ ဆိုလိုရင်းကို နားမလည်နိုင်ပါ။ ရှဲ့ယန်၏ ဒေါသကို ပြေပျောက်စေရန် ဘာလုပ်ပေးရမည်ကိုသာ သိချင်နေမိသည်။

သို့သော် ရှဲ့ယန်သည်လည်း သူ၏ စိတ်ခံစားချက်များကို ဖုံးကွယ်ထားတတ်သူ ဖြစ်သည်။ တခါတရံတွင် ဘာမှမပြောဘဲ တိတ်ဆိတ်နေတတ်ရာ ဖုန်းကျိုးယွဲ့မှာ ရှဲ့ယန်၏ မျက်နှာအမူအရာကို ကြည့်၍သာ စိတ်အခြေအနေကို ခန့်မှန်းရသည်။ တခါတရံ စကားပြောပြန်လျှင်လည်း သူ၏ စကားများမှာ နက်နဲသော ပဟေဠိများကဲ့သို့ ဖြစ်နေတတ်သဖြင့် ဖုန်းကျိုးယွဲ့မှာ အဖြေတစ်ခုရရန် အသည်းအသန် စဉ်းစားရလေ့ရှိသည်။

"ငါ အရင်က ဘာပြောခဲ့လဲ မှတ်မိလား?"

ရှဲ့ယန်၏ အသံမှာ ဖုန်းကျိုးယွဲ့၏ နားနားတွင် ကပ်၍ တိုးညင်းစွာ ထွက်ပေါ်လာသည်။ သူတို့နှစ်ဦးမှာ အလွန်နီးကပ်နေသော်လည်း ဖုန်းကျိုးယွဲ့မှာ ရှဲ့ယန်ကို ထပ်မံ ဒေါသမပွားစေရန်အတွက် မည်သည့် အတွေးမျှ မဝင်ရဲဘဲ အမှန်အတိုင်းသာ ဖြေလိုက်သည်။ "ဟုတ်ကဲ့၊ မှတ်မိပါတယ်။ မဆိုင်တဲ့ ကိစ္စတွေထဲ ဝင်မပါဖို့ ပြောခဲ့တာပါ"

"အဲ့ဒါဆို ငါပြောတာ နားထောင်ခဲ့ရဲ့လား”

ရှဲ့ယန်က ဖုန်းကျိုးယွဲ့၏ နားရွက်နားသို့ ပိုမို တိုးကပ်လာသည်။ ရှဲ့ယန်၏ အေးစက်သော နှုတ်ခမ်းများက သူ၏ နားရွက်ဖျားကို ခပ်ဖွဖွ လာထိသကဲ့သို့ ခံစားလိုက်ရပြီး ဖုန်းကျိုးယွဲ့၏ ခန္ဓာကိုယ်ထဲတွင် လျှပ်စစ်စီးသွားသကဲ့သို့ ဖြစ်သွားသည်။ သူ၏ မျက်နှာမှာ နီရဲပူထူလာတော့သည်။

"ပြောလေ၊ နားထောင်ခဲ့လား" ရှဲ့ယန်က ထပ်၍ မေးမြန်းသည်။

ယနေ့တွင် ရှဲ့ယန်သည် ပုံမှန်မဟုတ်ဘဲ စကားများနေသည်။ သူလိုချင်သည့် အဖြေတစ်ခု ရသည်အထိ မနားတမ်း မေးမြန်းနေလေသည်။

ဖုန်းကျိုးယွဲ့ မည်သို့ပြန်ဖြေရမည်ကို စဉ်းစားနေတုန်းမှာပင် သူ့ခန္ဓာကိုယ်မှာ တောင့်တင်းသွားသည်။ နားရွက်တွင် စိုစွတ်သော ခံစားချက်တစ်ခု ပျံ့နှံ့သွားသည်။ ရှဲ့ယန်သည် သူ့လျှာဖြင့် ဖုန်းကျိုးယွဲ့၏ နားရွက်ဖျားကို ခပ်ဖွဖွ လျက်လိုက်ခြင်းပင်။

သူဘယ်လိုလုပ်ပြီး...

ဖုန်းကျိုးယွဲ့ အံသြမှင်တက်မိသွားသည်။ ရှဲ့ယန်အပေါ် စိတ်ကစားခဲ့ဖူးသော်လည်း ဤမျှ နီးကပ်သော အပြုအမူမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပါ။ ရှဲ့ယန်၏ နောက်ပြောင်ကျီစယ်သလို အပြုအမူကြောင့် ဖုန်းကျိုးယွဲ့မှာ တုန်လှုပ်ခြောက်ခြားသွားပြီး ထွက်ပြေးချင်စိတ်ပင် ပေါ်လာသည်။

သို့သော် ရှဲ့ယန်က သူ့ကို အလွတ်မပေးပါ။ ဖုန်းကျိုးယွဲ့ နောက်ဆုတ်လိုသည်ကို သိသည်နှင့် ရှဲ့ယန်က သူ၏ လက်မောင်းကြီးဖြင့် ဖုန်းကျိုးယွဲ့၏ ခါးကို တင်းကြပ်စွာ ဖက်ထားလိုက်ရာ ထွက်ပြေးရန် မဖြစ်နိုင်တော့ပါ။

ထို့နောက် ရှဲ့ယန်က စကားလုံး တစ်လုံးချင်းကို အလေးအနက်ထား၍ ထပ်မေးပြန်သည်။

“မှတ်မိလား”

"မှတ်မိပါပြီ၊ မှတ်မိပါပြီ"ဟု ဖုန်းကျိုးယွဲ့ တုန်တုန်ရီရီဖြင့် ဖြေလိုက်သည်။ သူက တောင်းပန်ကာ ကရုဏာသက်ရန် အသနားခံမိတော့သည်။ "ဝင်မပါဖို့ ပြောခဲ့တာကို ကျွန်တော် မလိုက်နာခဲ့မိဘူး။ ကျွန်တော် မှားသွားပါတယ်။ အရှင့်သား အပြစ်ပေးပါ၊ တောင်းပန်ပါတယ်”

"ကျွန်တော် တကယ်ပဲ သင်ခန်းစာရသွားပါပြီ၊ တကယ်ပါ”

ဖုန်းကျိုးယွဲ့သည် ရှဲ့ယန်၏ ရှေ့တွင် ဝပ်တွား တောင်းပန်ချင်စိတ်ပင် ပေါက်နေသည်။ ဤအခြေအနေမှာ သူ့အတွက် အလွန်အမင်း ရှက်ရွံ့ဖွယ် ကောင်းလှသည်။

ရှဲ့ယန်က ဖုန်းကျိုးယွဲ့၏ ခါးကို တင်းတင်းဖက်ထားပြီး သူ၏ နှုတ်ခမ်းများမှာ ဖုန်းကျိုးယွဲ့၏ နားရွက်အနားတွင်သာ ရှိနေသေးသည်။ ဤအတိုင်းသာ ဆက်သွားလျှင် သူ၏ နားရွက်မှာ အလိုအလျောက် မီးထတောက်တော့မည်ကို ဖုန်းကျိုးယွဲ့ စိုးရိမ်မိသည်။

ကယ်ကြပါဦး … ဒီလိုမျိုး အပြစ်ပေးတာမျိုးတော့ မလုပ်ပါနဲ့။ ဖုန်းကျိုးယွဲ့မှာ ရှက်လွန်းသဖြင့် တစ်နေရာရာတွင် ပုန်းရှောင်ပြီး ပူထူနေသော နားရွက်ကို ရေခဲဝတ်ဖြင့် ကပ်ချင်နေမိပါတော့သည်။

"ဒီလောက်လေးတောင် မခံနိုင်ဘဲနဲ့၊ ငါ့ကို ကြိုက်တယ်လို့ မင်းက ဘယ်လိုများ ပြောရဲတာလဲ" ရှဲ့ယန်က ဖုန်းကျိုးယွဲ့၏ သတ္တိကြောင်မှုကို ဒေါသထွက်သလိုလို၊ အထင်သေးသလိုလိုဖြင့် အပြစ်ဆိုလာသည်။

ဖုန်းကျိုးယွဲ့သည် ရှက်နေသော်လည်း သူ၏ စိတ်ရင်းကို အမေးထုတ်ခံရသည်ကိုမူ မခံနိုင်ပါ။ သူ၏ နီမြန်းနေသော ပါးပြင်နှင့် ပူထူနေသော နားရွက်ကို ဂရုမစိုက်တော့ဘဲ ရှဲ့ယန်၏ အကြည့်များကို တည့်တည့် ရင်ဆိုင်လိုက်သည်။

ထိုအခိုက်တွင် ရှဲ့ယန်၏ နှုတ်ခမ်းပေါ်၌ လှောင်ပြုံးတစ်ခု ရှိနေပြီး ဖုန်းကျိုးယွဲ့၏ ကြောက်စိတ်နှင့် အားနည်းမှုကို ဟားတိုက်နေသကဲ့သို့ ရှိသည်။ မျက်ဝန်းများကတော့ တည်ငြိမ်သော အသွင်ဖြင့် ဖုန်းကျိုးယွဲ့ကို ကြည့်နေပြီး၊ ငြိမ်သက်နေသော ပင်လယ်ပြင်ကဲ့သို့ နက်ရှိုင်းအေးဆေးလှရာ ဖုန်းကျိုးယွဲ့ကို ရုန်းမထွက်နိုင်အောင် ဆွဲဆောင်နေလေသည်။

"ကျွန်တော်... ကျွန်တော်..."

"အင်း" ရှဲ့ယန်သည် လှောင်ပြုံးပြုံးရင်း ဖုန်းကျိုးယွဲ့ ဆက်ပြောမည့် စကားကို စောင့်နေသည်။

ယနေ့ည၌ ရှဲ့ယန်သည် အလွန်ထူးဆန်းနေသည်။ သူသည် ဖုန်းကျိုးယွဲ့၏ ရဲရင့်သော ဝန်ခံစကားကို မျှော်လင့်နေသကဲ့သို့ ရှိနေပြီး၊ သူ၏ စကားနှင့် အပြုအမူအားလုံးမှာ ဖုန်းကျိုးယွဲ့၏ စိတ်ကို ဆွပေးနေကာ သူ၏ အချစ်ကို ဖွင့်ဟပြောဆိုလာရန် တွန်းအားပေးနေသကဲ့သို့ပင်။

အကယ်၍ ထိုသို့ဆိုလျှင်လည်း ရှဲ့ယန်၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မည်ဟု ဖုန်းကျိုးယွဲ့ ဆုံးဖြတ်လိုက်သည်။

"ကျွန်တော် ခင်ဗျားကို တကယ်ကြိုက်တာပါ"ဟု ဖုန်းကျိုးယွဲ့ ဝန်ခံလိုက်ရင်း သူ၏ လက်ချောင်းများက ကုတင်အခင်းကို မသိမသာ ဆုပ်နယ်နေမိသည်။

"ခင်ဗျားကို ကြိုက်လွန်းလို့ပဲ ... ခင်ဗျားကိစ္စတွေထဲ ဝင်ပါမိတာပါ။ ဒါက မဆိုင်တဲ့ကိစ္စ ဝင်ပါတာ မဟုတ်ဘူး။ ကျွန်တော့အတွက် ခင်ဗျား ပတ်သက်တဲ့ ဘယ်အရာမဆို ဘယ်တော့မှ အသေးအဖွဲ မဟုတ်ခဲ့ဘူး”

ထိုစကားများကို ပြောထွက်သွားပြီးနောက် ဖုန်းကျိုးယွဲ့သည် သူ၏ အခြေအတင် ပြောဆိုနိုင်မှုကို ကျေနပ်သွားကာ မိမိကိုယ်ကိုယ် ဂုဏ်ယူမိသွားသည်။

ဖုန့်ကျိုးယွဲ့စကားအဆုံးတွင် ရှဲ့ယန်၏ နှုတ်ခမ်းထက်မှ လှောင်ပြုံးမှာ ပျောက်ကွယ်သွားသည်။ သူ၏ နက်မှောင်သော မီးခိုးရောင်မျက်ဝန်းများထဲ လှိုင်းတံပိုးများ ထကြွလာသကဲ့သို့ ခံစားချက်များ ရှုပ်ထွေးသွားသည်။ ရှဲ့ယန်၏ စိတ်ထဲ ဘာရှိနေသည်ကို ဖုန်းကျိုးယွဲ့ မခန့်မှန်းနိုင်ခင်မှာပင် ရှဲ့ယန်သည် ရုတ်တရက် တိုးကပ်လာသည်။ သူ့နှုတ်ခမ်းများက ဖုန်းကျိုးယွဲ့၏ နှုတ်ခမ်းထံသို့ ဦးတည်လာသကဲ့သို့ ရှိသည်။

သို့သော် ရှဲ့ယန်က ရက်စက်သော အပြုံးတစ်ခုနှင့်အတူ လမ်းကြောင်းပြောင်းလိုက်ပြီး သူ၏ သွားများဖြင့် ဖုန်းကျိုးယွဲ့နားရွက်ကို ခပ်ပြင်းပြင်း ကိုက်ခဲလိုက်တော့သည်။

"အား ... အား ... နာတယ် ..."

နာလွန်းသဖြင့် ဖုန်းကျိုးယွဲ့၏ မျက်လုံးတွင် မျက်ရည်များ ဝဲလာသည်။

ရှဲ့ယန်သည် ဘဝဟောင်းက ခွေးတစ်ကောင်များ ဖြစ်ခဲ့လေသလား၊ သေချာပါသည်၊ ထို့ကြောင့်ပင် ယခုကဲ့သို့ ကိုက်တတ်ခြင်း ဖြစ်မည်ဟု ဖုန်းကျိုးယွဲ့ တွေးမိသည်။ နာကျင်မှုမှာ အလွန်ပြင်းထန်လှသဖြင့် ဖုန်းကျိုးယွဲ့သည် နာကျင်မှုကို သက်သာစေရန် ရှဲ့ယန်အနားသို့ ပိုမို တိုးကပ်သွားမိသည်။

အတော်ကြာပြီးနောက်မှ ရှဲ့ယန်သည် ဖုန်းကျိုးယွဲ့၏ နားရွက်ကို ဖြည်းညင်းစွာ လွှတ်ပေးလိုက်သည်။ ထို့နောက် သူ၏ စိုစွတ်သော လျှာဖြင့် ဖုန်းကျိုးယွဲ့၏ နားရွက်မှ ထွက်လာသော သွေးစများကို ခပ်ဖွဖွ လျက်ပေးလိုက်ရင်း အက်ရှရှလေသံဖြင့် မေးလိုက်သည်။

“သင်ခန်းစာ ရပြီလား"

ဖုန်းကျိုးယွဲ့သည် နာကျင်စွာ အသက်ရှူရင်း "ရပါပြီ၊ ရပါပြီ။ နောင်ဆို မလုပ်ရဲတော့ပါဘူး။ ကျေးဇူးပြုပြီး လွှတ်ပေးပါဦး"ဟု အမြန်ပြန်ဖြေလိုက်ရသည်။

"နောက်တစ်ခါ ထပ်ပြီး ဒဏ်ရာရခဲ့ရင် ဒီလောက်နဲ့ မပြီးဘူးနော်"

ရှဲ့ယန်၏ အေးစက်သောအသံက ပြင်းထန်သော သတိပေးချက်တစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။ သူ၏ လက်ချောင်းထိပ်များက ဖုန်းကျိုးယွဲ့၏ မေးရိုးတလျှောက်တွင် ခပ်ဖွဖွ ပွတ်သပ်နေသည်မှာ လိမ္မာသော ကြောင်ကလေးတစ်ကောင်ကို ကျီစယ်နေသကဲ့သို့ပင်။

ဖုန်းကျိုးယွဲ့၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ပြည့်လျှံနေပြီး "ကျွန်တော် နားလည်ပါပြီ" ဟုသာ တိုးတိုးလေး ဆိုနိုင်တော့သည်။

ဖုန့်ကျိုးယွဲ့လည်း သူ့ခေါင်းကို ငုံ့လိုက်ကာ ပန်းထိုးစောင်ကြီးထဲသို့ မြှုပ်ထားမိသည်။ နားရွက်ဖျားမှ နာကျင်မှုမှာ တဆစ်ဆစ် ရှိနေဆဲပင်။ ရှဲ့ယန်၏ လက်များက သူ၏ မျက်နှာကို လာရောက်ထိတွေ့နေသည်ကိုပင် သူ မတားဆီးနိုင်တော့ပါ။ ရှဲ့ယန်က ဖုန်းကျိုးယွဲ့၏ မေးစေ့ကို ရုတ်တရက် မလိုက်သောအခါ ရှဲ့ယန်၏မျက်နှာက ဖုန့်ကျိုးယွဲ့ မျက်နှာနားသို့ ဖြည်းညင်းစွာ တိုးကပ်လာပြန်သည်။

ဖုန်းကျိုးယွဲ့သည် ရှဲ့ယန်ကို တကယ်ပင် ကြောက်လန့်နေမိသည်။ ရှဲ့ယန်က တစ်ခါ ထပ်ကိုက်ဦးမည်လားဟု စိုးရိမ်ကာ နားရွက်ကို အမြန်အုပ်လိုက်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ မှားသွားခဲ့သည်။

ရှဲ့ယန်၏ နှုတ်ခမ်းများသည် ဖုန်းကျိုးယွဲ့ ထင်ထားသကဲ့သို့ပင် အေးစက်လှသည်။ နူးညံ့ပြီး ခဏတာမျှသာ ကြာမြင့်သော အနမ်းတစ်ခုသည် ဖုန်းကျိုးယွဲ့၏ နှုတ်ခမ်းပေါ်သို့ ကျရောက်လာခဲ့သည်။

ရှဲ့ယန်... သူ တကယ်ကြီး နမ်းလိုက်တာလား။

ဖုန်းကျိုးယွဲ့မှာ မှင်တက်သွားကာ ရှဲ့ယန်က သူ့ကို လွှတ်ပေးလိုက်ပြီး ကုတင်ပေါ်မှ ဆင်းသွားသည်ကိုပင် သတိမထားမိလိုက်ပါ။ ရှဲ့ယန်က ခါးသက်သော ဆေးရည်တစ်ခွက် ယူလာပေးသည့် အခါမှသာ သူ သတိပြန်ဝင်လာတော့သည်။

"ရှဲ့ယန်၊ မင်း... မင်း ဘာလို့ ငါ့ကို နမ်းတာလဲ”

ဖုန်းကျိုးယွဲ့ မျက်တောင်ကို တဖျပ်ဖျပ်ခတ်ရင်း ရှဲ့ယန်၏ ခံစားချက်မဲ့သော အကြည့်ကို ရင်ဆိုင်ကာ မေးလိုက်သည်။

ဖုန့်ကျိုးယွဲ့ စိတ်များ ရှုပ်ထွေးနေသည်။ ရှဲ့ယန်ကလည်း သူ့ကို ကြိုက်နေတာလား။ မကြိုက်ဘူးဆိုရင် ဘာလို့ နမ်းမှာလဲ။ ဖုန်းကျိုးယွဲ့ကတော့ သူ ကြိုက်တဲ့သူကိုပဲ နမ်းမှာဖြစ်သည်။ ရှဲ့ယန်ကလည်း ထိုအတိုင်းပင်လော။ ဒါက အိပ်မက်လား၊ အိပ်မက် မဟုတ်တာတော့ သေချာသည်။

ဖုန်းကျိုးယွဲ့သည် ရှဲ့ယန်ကို မျှော်လင့်တကြီး စိုက်ကြည့်နေမိပြီး လက်ချောင်းများမှာလည်း စိတ်လှုပ်ရှားစွာ လိမ်ယှက်နေမိသည်။ သူ၏ ရင်ခုန်သံမှာ ယခင်က အချစ်ကို ဝန်ခံခဲ့စဉ်ကထက်ပင် ပိုမိုပြင်းထန်နေပြီး ရှဲ့ယန်၏ ခံစားချက်ကို သူ မှားယွင်းစွာ ကောက်ချက်ချမိနေမည်ကို ကြောက်လန့်နေမိသည်။

ရှဲ့ယန်၏ကိုယ်က နောက်ဘက်မှ ဖယောင်းတိုင်အလင်းကို ကွယ်ထားသဖြင့် သူ့မျက်နှာပေါ်မှ ခံစားချက်များကို ဖုန်းကျိုးယွဲ့ မမြင်နိုင်ပါ။ ရှဲ့ယန်သည် သူပုံစံဖြစ်သော အေးစက်သည့် အမူအရာသို့ ပြန်လည်ရောက်ရှိသွားပုံရပြီး ဆေးခွက်ကို ဖုန်းကျိုးယွဲ့၏ နှုတ်ခမ်းထံသို့ ကမ်းပေးရင်း ခပ်အေးအေးပင် ဆိုလိုက်သည်။

"အပျော်သဘော သက်သက်ပါပဲ"

အပျော်သဘောသက်သက်တဲ့လား ….

ထိုအနမ်းကြောင့် ဖုန်းကျိုးယွဲ့၏ သွေးကြောထဲတွင် နွေးထွေးသွားခဲ့သမျှမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။ ဤမျှ နီးကပ်သော အနမ်းတစ်ခုကို ရှဲ့ယန်၏ စကားအရ "အပျော်သဘော" ဟုသာ ဆိုသည်။ အဲ့ဒီလိုဆိုရင် သူက တခြားသူတွေကိုလည်း အပျော်သဘောနဲ့ လိုက်နမ်းနေမှာလား။ ဖုန်းကျိုးယွဲ့ ထိုမေးခွန်းကို အသည်းအသန် မေးချင်မိသော်လည်း အဖြေကို သိရမှာကိုလည်း ကြောက်လန့်နေမိပြန်သည်။

ဖုန့်ကျိုးယွဲ့ ဘာမှထပ်မပြောတော့ဘဲ ခါးသက်လှသော ဆေးရည်များကို ခက်ခက်ခဲခဲ သောက်ချလိုက်သည်။ ထိုခါးသက်မှုမှာ သူ၏ နှလုံးသားထဲအထိ စိမ့်ဝင်သွားပြီး သူ၏ သွေးများပင် ငိုကြွေးနေသကဲ့သို့ ခံစားလိုက်ရသည်။

"အရမ်းခါးတာပဲ"

ဖုန်းကျိုးယွဲ့သည် မိမိကိုယ်ကို ပြန်လည် ထိန်းချုပ်ရန်အတွက် တစ်ကိုယ်တည်း နေဖို့ လိုအပ်နေသည်ဟု ခံစားရသော်လည်း ရှဲ့ယန်က သူ့ဘေးနားမှ မခွာဘဲ စာရွက်စာတမ်းများကို အေးအေးဆေးဆေး ဖတ်နေသည်။ ရံဖန်ရံခါ ဖုန်းကျိုးယွဲ့ကို မော့ကြည့်ပြီး ရေသောက်ရန်၊ ဆေးသောက်ရန်ပင် တိုက်တွန်းနေသေးသည်။

ယခုအချိန်တွင် ဖုန်းကျိုးယွဲ့ ရှဲ့ယန်ကို မမြင်ချင်တော့ပါ။ ရှဲ့ယန်၏ စကားများက သူ့ကို ဒေါသထွက်စေသည်။ သူသည် ရှဲ့ယန်နှင့် ရက်အနည်းငယ်မျှ အဆက်အသွယ် ဖြတ်ထားမည်ဟု တစ်ဖက်သတ် ဆုံးဖြတ်လိုက်သည်။ သူ စိတ်ပြန်ကြည်လာမှသာ ရှဲ့ယန်နား ပြန်ချဥ်းကပ်တော့မည်။

သို့သော် ရှဲ့ယန်က ဖုန်းကျိုးယွဲ့ကို ကုတင်ပေါ်မှ ဆင်းခွင့်မပြုသလို၊ ပြန်သွားရန်လည်း ခွင့်မပြုပါ။ ရှဲ့ယန်၏ စူးရှသော မျက်လုံးများမှာ သိမ်းငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး၊ ဖုန်းကျိုးယွဲ့မှာမူ ထိုသိမ်းငှက်၏ နယ်မြေထဲတွင် ခက်ခဲစွာ ရှင်သန်နေရသည့် သနားစရာ သတ္တဝါလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

သို့သော် ဖုန်းကျိုးယွဲ့ ကံကောင်းပါသည်။ ဖခင်ဖြစ်သူ ဖုန့်ဝန်ကြီးချုပ် ရောက်ရှိလာခြင်းက သူ့ကို ကယ်တင်လိုက်ခြင်းပင်။ ဖုန့်ဝန်ကြီးချုပ် အထဲသို့ အပြေးအလွှား ဝင်လာရင်း အိမ်ရှေ့စံကို ကပျာကရာ ဂါရဝပြုကာ ဖုန်းကျိုးယွဲ့ကို ခြေဆုံးခေါင်းဆုံး စစ်ဆေးလေတော့သည်။ သူ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲနေပြီး "ဒီနှစ်တွေတစ်လျှောက် တစ်ခုခု ဖြစ်မှာစိုးလို့ မင်းကို ခေါ်မလာခဲ့တာ။ အခုတော့ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာ ရလာတယ်။ မင်းက အဖေကို့ လန့်ပြီးသေအောင် လုပ်နေတာလား" ဟု ဆိုသည်။

"နာနေလား၊ ဘယ်နားနာသေးလဲ … နန်းတွင်းသမားတော်ကို ဆေးထပ်ဖော်ခိုင်းရမလား"

"အဖေ ကြည့်ပါရစေဦး"

သူ့ဖခင် ဤမျှ စိုးရိမ်နေသည်ကို ဖုန်းကျိုးယွဲ့ မကြည့်ရက်ပါ။ ထို့ကြောင့် သူက ချက်ချင်းပင် တောက်ပစွာ ပြုံးပြလိုက်ပြီး "လက်မောင်းမှာ ရှပ်ထိရုံလေးတင်ပါ အဖေရာ။ နန်းတွင်းသမားတော်က ရက်နည်းနည်းလောက် အနားယူရင် ပျောက်သွားလိမ့်မယ်လို့ ပြောတယ်။ မစိုးရိမ်ပါနဲ့၊ သား ဘာမှမဖြစ်ပါဘူး။ လုံးဝမနာပါဘူး။ သမားတော်ပေးတဲ့ ဆေးတွေက အရမ်းစွမ်းတာပဲ။ မနာတော့ဘူး" ဟု ပြန်ပြောလိုက်သည်။

"မင်းကတော့ အမြဲတမ်း အဖေ့ကို ချော့နေတာပဲ။ ဒဏ်ရာရထားတာ ဘယ်လိုလုပ် မနာဘဲ နေမှာလဲ”

ဖုန်းကျိုးယွဲ့၏ ဖခင်သည် လူအများရှေ့တွင် အမြဲတမ်း တည်ငြိမ်ခံ့ညားသူ ဖြစ်သော်လည်း ဖုန်းကျိုးယွဲ့နှင့် ပတ်သက်လာလျှင်မူ အမြဲတမ်း ပျာယာခတ်ကာ စိုးရိမ်တကြီး ဖြစ်တတ်သူ ဖြစ်သည်။

"အိမ်ရှေ့စံမင်းသား၊ ကျွန်တော့်သားကို အိမ်ပြန်ခေါ်ပြီး အနားယူခိုင်းပါရစေ။ မင်းသားရဲ့ ဂရုစိုက် စောင့်ရှောက်မှုအတွက်လည်း ကျေးဇူးတင်ပါတယ်"

ဖုန်းကျိုးယွဲ့သည် ဖခင်၏ စကားကို ကြားသဖြင့် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာသွားပြီး နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုပင် ပေါ်လာသည်။ သို့သော် ရှဲ့ယန်က "ဖုန်းသခင်လေးက ငါ့ကို ကယ်တင်ရင်း ဒဏ်ရာရခဲ့တာပါ။ သူ့ကျန်းမာရေးအတွက် ငါ့မှာ တာဝန်ရှိပါတယ်။ အိမ်ရှေ့စံနန်းဆောင်မှာပဲ ဆက်ပြီး အနားယူနိုင်ပါတယ်။ ဒီမှာ အားလုံး အဆင်သင့်ရှိသလို နန်းတွင်းသမားတော်လည်း အမြဲရှိနေပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ စိတ်ချနိုင်ပါတယ်" ဟု ကြားဖြတ်ပြောလိုက်သည်။

ထိုစကားကို ကြားသည်နှင့် ဖုန်းကျိုးယွဲ့ ဖခင်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး နဖူးတွင် ချွေးစေးများ ထွက်လာသည်။ "ကျွန်တော့်သားက ဆိုးနွဲ့တတ်သလို ငယ်ငယ်ကတည်းက ကျန်းမာရေး သိပ်မကောင်းပါဘူး။ သူအနားယူနေတဲ့ အချိန်မှာ ဂရုစိုက်ရမယ့် ကိစ္စတွေ အများကြီး ရှိတာမို့ မင်းသားကို ဒုက္ခမပေးလိုပါဘူး"

"ဂရုစိုက်ရမယ့် အချက်တွေကို ဝန်ကြီးချုပ် ငါ့ကို ပြောပြနိုင်ပါတယ်။ ငါမှတ်သားထားပါ့မယ်" ဟု ရှဲ့ယန်က အလျှော့မပေး တုံ့ပြန်လာသည်။ သူသည် ဖုန်းကျိုးယွဲ့၏ ဖခင်ကို ရိုရိုသေသေ ဆက်ဆံသော်လည်း သူ၏ အကြည့်မှာ ဖုန်းကျိုးယွဲ့ထံသို့ ရောက်လာပြီး ဖုန်းကျိုးယွဲ့က သူ့ကို ငြင်းဆန်မည်မဟုတ်ကြောင်း ယုံကြည်ချက်ရှိနေပုံရသည်။

သို့သော် ရှဲ့ယန် မှားသွားခဲ့သည်။ ဖုန်းကျိုးယွဲ့က ချောင်းတစ်ချက် ဟန့်လိုက်ပြီး "ကျွန်တော်မျိုး အိမ်မှာပဲ အနားယူချင်ပါတယ်။ မင်းသားရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်" ဟု ဖြည်းဖြည်းချင်း ပြောလိုက်သည်။

ဒဏ်ရာရထားသူ ကိုယ်တိုင်က ပြောဆိုလာသဖြင့် အိမ်ရှေ့စံအနေဖြင့်ပင် ဆက်ပြီး ဇွတ်မလုပ်နိုင်တော့ပါ။ ရှဲ့ယန်သည် ဘာမှထပ်မပြောဘဲ ဖုန်းကျိုးယွဲ့ကို စူးစိုက်ကြည့်ကာ တဲထဲမှ ဒေါသတကြီး ထွက်သွားတော့သည်။ ဖုန်းကျိုးယွဲ့၏ ဖခင်ကလည်း သူ့ကို ချက်ချင်းပင် အိမ်သို့ ခေါ်သွားလေသည်။

…………

"နောက်တစ်ခါ ဒီလိုမျိုး ထပ်မလုပ်ပါနဲ့တော့။ အဖေလည်း အသက်ကြီးပါပြီ၊ ဒီလိုမျိုး စိတ်သောကတွေကို ထပ်ပြီး မခံနိုင်တော့ဘူး" ဟု ဖုန်းကျိုးယွဲ့၏ ဖခင်က သူ့ကို စောင်ခြုံပေးရင်း တုန်လှုပ်စွာ ဆိုသည်။

ဖုန်းကျိုးယွဲ့က ဒဏ်ရာမရထားသည့် လက်ဖြင့် ဖခင်၏ လက်မောင်းကို ကိုင်လှုပ်လိုက်ပြီး "ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ တွေ့လာ၊ အားလုံး အဆင်ပြေသွားပါပြီ" ဟု ချော့မော့လိုက်သည်။

"နောက်တစ်ကြိမ် ဆိုတာ ရှိမှာမဟုတ်တော့ဘူး။" ဖုန်းကျိုးယွဲ့၏ ဖခင်သည် ယခုတစ်ကြိမ်တွင် တကယ်ပင် ဒေါသထွက်နေပုံရပြီး ဖုန်းကျိုးယွဲ့၏ လက်ကို စောင်ထဲသို့ အတင်းပြန်ထည့်လိုက်သည်။

"အဖေ၊ ကျားကို ဘယ်သူ ဖမ်းမိခဲ့လဲ”

ဖုန်းကျိုးယွဲ့၏ အတွေးထဲတွင် ကျားအကြောင်း ရှိနေဆဲပင်။ အကယ်၍ မည်သူမျှ မဖမ်းနိုင်ခဲ့ပါက အကောင်းဆုံး ဖြစ်လိမ့်မည်။ ရှဲ့ယန်၏ ရာထူးမှာလည်း လုံခြုံနေမည် ဖြစ်သည်။ ထိုသို့ တွေးမိပြန်တော့လည်း ရှဲ့ယန်ကို မသိစိတ်က စိုးရိမ်နေမိပြန်သဖြင့် မိမိကိုယ်ကို အပြစ်တင်မိသွားသည်။

"အဋ္ဌမမင်းသား ဖမ်းနိုင်ခဲ့တယ်။ ဧကရာဇ်မင်းမြတ်လည်း အရမ်းဝမ်းသာသွားတယ်လေ"

"ဪ"

ဖုန်းကျိုးယွဲ့မှာ စိတ်ပျက်သွားသလို ခံစားရသော်လည်း ရှဲ့ယန်အတွက်မူ "ခံရမှာပဲ" ဟုလည်း တွေးမိသည်။ ထို့နောက် သူက ထိုလုပ်ကြံမှုနောက်ကွယ်မှာ ဘယ်သူရှိသလဲဟု ဖခင်ကို မေးလိုက်သည်။

ဖုန့်ဝန်ကြီးချုပ် မျက်နှာမှာ တည်ကြည်လေးနက်သွားသည်။ "မြောက်ပိုင်းတပ်တော်ရဲ့ စစ်သူကြီးပဲ"

"ဘယ်လိုလုပ် မြောက်ပိုင်းစစ်သူကြီး ဖြစ်နိုင်မှာလဲ”

မြောက်ပိုင်းစစ်သေနာပတိနှင့် ဖုန်းကျိုးယွဲ့၏ ဖခင်တို့မှာ နှစ်ပေါင်းများစွာ တော်ဝင်ရုံးတော်၏အာဏာကို ထိန်းညှိခဲ့ကြသူများ ဖြစ်သည်။ သူတို့သည် အိမ်ရှေ့စံကို လုပ်ကြံပြီး အခြေခံအုတ်မြစ်ကို ဖျက်ဆီးဖို့ အကြောင်းပြချက် မရှိပါ။ ဖုန်းကျိုးယွဲ့လည်း ထိုအကြောင်းကို တွေးတောရင်း မျက်နှာထား လေးနက်သွားသည်။

"လုပ်ကြံသတ်ဖြတ်သူတွေက မြောက်ပိုင်းစစ်သေနာပတိ ခိုင်းတာပါလို့ ဇွတ်အတင်း ပြောနေကြတာ။ သူကိုယ်တိုင်လည်း မဟုတ်မှန်ကြောင်း သက်သေမပြနိုင်ဘူး။ ဧကရာဇ်က သူ အရင်က အလုပ်အကျွေးပြုခဲ့တာတွေကို ထောက်ထားပြီး သူတို့မျိုးနွယ်တစ်စုလုံးကို နယ်နှင်ဒဏ် ပေးလိုက်တယ်"

ဖုန်းကျိုးယွဲ့၏ ဖခင်သည် အဝေးသို့ ငေးကြည့်နေပြီး၊ သူ၏ လေသံထဲတွင် လွမ်းဆွတ်မှုနှင့် စိုးရိမ်မှုများ ရောယှက်နေကာ မဟာမိတ်တစ်ဦးကို ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားချက်မျိုး ပေါ်လွင်နေသည်။

"အခုဆိုရင် မြောက်ပိုင်းတပ်ရဲ့ စစ်အာဏာကို ဘယ်သူက ကိုင်တွယ်မှာလဲ"

ဖုန်းကျိုးယွဲ့မှာ ခန့်မှန်းမိနေသော်လည်း ထပ်မံ မေးမြန်းလိုက်သည်။

"အိမ်ရှေ့စံပဲပေါ့" ဖုန်းကျိုးယွဲ့၏ ဖခင်က သက်ပြင်းရှည်ကြီး ချလိုက်သည်။ "အိမ်ရှေ့စံက ငယ်ပေမယ့် သူရဲ့ အကွက်ချစီစဉ်မှုတွေက ဧကရာဇ်ထက်တောင် ထက်မြက်သေးတယ်"

ယခင်က ထူးဆန်းနေသမျှ အရာအားလုံးသည် ယခုမှ ရှင်းလင်းသွားတော့သည်။ ရှဲ့ယန်၏ ကြိုတင်သတိပေးချက်၊ တောနက်ထဲသို့ ဇွတ်ဝင်သွားခြင်း၊ လုပ်ကြံသူများက ဖုန်းကျိုးယွဲ့ကို ထိခိုက်မိသွားချိန်တွင် အံ့သြသွားခြင်း ….. အားလုံးမှာ အဖြေရှိသွားခဲ့ပြီ။

ဖုန်းကျိုးယွဲ့၏ ခန္ဓာကိုယ်ထဲတွင် ချမ်းစိမ့်သွားသည်။ ရှဲ့ယန်၏ လှပလွန်းသော်လည်း ထူးဆန်းသည့် မီးခိုးရောင် မျက်ဝန်းအစုံသည် မြွေတစ်ကောင်၏ အကြည့်ကဲ့သို့ သူ၏ စိတ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်။ သူ၏ နားရွက်ဖျားတွင်မူ မြွေတစ်ကောင်၏ လျက်ခြင်းကို ခံလိုက်ရသည့်အလား ခံစားချက်က ယခုတိုင် ကျန်ရစ်နေဆဲပင်။

………..

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment