no

Font
Theme

အခန်း (၁၃)

ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့အပေါ် ဘယ်သောအခါမျှ ညှာတာလေ့မရှိပါ။ သူ့ပါးပြင်မှာ ရှဲ့ယန်၏ လက်ချောင်းများကြားတွင် နာကျင်အောင် အဆွဲခံထားရပြီး၊ သူ၏ နှုတ်ခမ်းများပင်လျှင် ရှဲ့ယန်၏ အေးစက်သော လက်ထိပ်များဖြင့် အတင်းအကျပ် ပွတ်သပ်ခြင်း ခံနေရသည်။ ညစ်ပတ်ပေရေနေသည့် အရာတစ်ခုကို အတင်းတိုက်ချွတ် ဆေးကြောနေသည့်အလားပင်။

ဖုန့်ကျိုးယွဲ့သည် သူ၏ ရုပ်ရည်နှင့် ပတ်သက်လျှင် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့ခဲ့သူဖြစ်သည်။ သူသည် မိန်းကလေးတစ်ဦး မဟုတ်ပါဘဲနှင့် အပြင်ထွက်သည့် အခါတိုင်း အမျိုးသမီးငယ်တစ်ဦးဟု အထင်မှားခံရလေ့ရှိပြီး "မိန်းကလေးတစ်ယောက်ထက်တောင် ပိုလှနေတယ်" ဟု ကျီစယ်လှောင်ပြောင်ခြင်းကိုလည်း ခံရလေ့ရှိသည်။ လူများက သူ့ကို ရုပ်ရည်ချောမောသည်ဟု ပြောကြသော်လည်း သူ ဘယ်သောအခါမျှ ဝမ်းမသာခဲ့ပါ။ အမှန်စင်စစ် သူသည် မိမိကိုယ်ကိုယ် ချောမောသည်ဟုပင် မထင်ဘဲ ထိုအခြေအနေအပေါ် အားကိုးရာမဲ့သလိုသာ ခံစားရလေ့ရှိသည်။

သူ၏ အမြင်တွင်မူ စစ်မှန်သော ရုပ်ရည်ခန့်ညားမှုဆိုသည်မှာ ရှဲ့ယန်ကဲ့သို့ ထင်ရှားပြတ်သားသော အင်္ဂါရပ်များဖြင့် ခန့်ညားတည်ကြည်နေခြင်းမျိုးသာ ဖြစ်သင့်ပြီး၊ သူကဲ့သို့ မိန်းမဆန်နေခြင်းမျိုး မဟုတ်ပေ။ ထို့ကြောင့် ရှဲ့ယန်က ထိုသို့ပြောလိုက်သည့်အခါ ဖုန်းကျိုးယွဲ့ မည်သို့ပြန်ပြောရမည် မသိတော့ဘဲ ငိုပင်ငိုချင်လာမိသည်။

"စကားမပြောတတ်တော့ဘူးလား"

ရှဲ့ယန်က စကားပြောရန် အတင်းအကျပ် တိုက်တွန်းရင်း သူ၏ လက်ချောင်းများကို ဖုန့်ကျိုးယွဲ့၏ ပါးစပ်ထဲသို့ ထိုးသွင်းကာ လျှာကိုပင် ကြမ်းတမ်းစွာ ကိုင်တွယ်လာသည်။ ဖုန့်ကျိုးယွဲ့ အလွန်အမင်း နေရခက်လာပြီး မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲတက်လာတော့သည်။

သူ၏ စိတ်မသက်မသာ ဖြစ်နေမှုကို မြင်သော်လည်း ရှဲ့ယန်က ဂရုမစိုက်ဘဲ ဖုန့်ကျိုးယွဲ့၏ ညာဘက်မျက်လုံးအောက်မှ မှဲ့လေးကို သေချာကြည့်ရန် အနားသို့ တိုးကပ်လာသည်။ သူ၏ အကြည့်မှာ ဝှက်ဖုံးထားသော လျှို့ဝှက်ချက်တစ်ခုကို စူးစမ်းနေသည့်အလား အာရုံစိုက်နေပြီး၊ ထိုအကြည့်ထဲတွင် စူးစမ်းလိုစိတ်နှင့် အထက်စီးဆန်မှုတို့ ရောယှက်နေလေသည်။

"ရှဲ့... ရှဲ့ယန်..." ဖုန်းကျိုးယွဲ့သည် အတော်ကြာအောင် အောင့်အည်းသည်းခံခဲ့သော်လည်း ဤသို့သော နှိပ်စက်မှုကို ဆက်မတောင့်ခံနိုင်တော့ပါ။ အေးစက်စူးရှသော အကြည့်များကြောင့် အနည်းငယ် ကြောက်လန့်လာမိသည်။ ထို့ကြောင့် ရှဲ့ယန်၏ လက်ကို အားနည်းသော လက်ကလေးဖြင့် ခပ်ဖွဖွ ပုတ်ထုတ်ကာ ရုန်းကန်မိတော့သည်။

ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့ကို ခဏမျှ စူးစိုက်ကြည့်နေပြီးမှ ကရုဏာသက်စွာဖြင့် သူ၏ လက်ချောင်းများကို ပြန်ထုတ်ပေးလိုက်သည်။ ထို့နောက် ပုဝါတစ်ထည်ကို ထုတ်ကာ စိုစွတ်နေသော တံတွေးများကို အေးအေးဆေးဆေးပင် သုတ်လိုက်လေသည်။

ဖုန်းကျိုးယွဲ့မှာမူ ရေနစ်နေသူတစ်ဦး လေကို အငမ်းမရ ရှူသွင်းသကဲ့သို့ ဖြစ်နေပြီး စောစောက အသက်ရှူကျပ်ခဲ့မှုကြောင့် ချောင်းများပင် ဆိုးလာတော့သည်။ သူသည် ရှဲ့ယန်၏ ဝတ်ရုံကို တင်းတင်းဆုပ်ကိုင်ရင်း အကူအညီတောင်းသကဲ့သို့ ကြည့်နေမိသည်။

သို့သော် ရှဲ့ယန်မှာမူ စိတ်ဆိုးနေဆဲပင် ဖြစ်ပုံရသည်။ သူက ဖုန့်ကျိုးယွဲ့ကို အရေးမပါသကဲ့သို့ တစ်ချက်ကြည့်ကာ ဖုန့်ကျိုးယွဲ့ စိတ်ပြန်ငြိမ်လာသည်အထိ ဘာမှမလုပ်ဘဲ စောင့်နေလေသည်။ သို့သော် ဖုန့်ကျိုးယွဲ့၏ ချောင်းဆိုးသံမှာ ရပ်မသွားဘဲ ပို၍ပင် ဆိုးလာတော့သည်။

ခဏအကြာတွင်မှ ရှဲ့ယန်သည် စိတ်မရှည်သော အမူအရာဖြင့် ဖုန့်ကျိုးယွဲ့ကို သူ၏အနားသို့ ဆွဲကပ်လိုက်ပြီး အသက်ရှူမှန်စေရန် နောက်ကျောကို ခပ်ဖွဖွ ပုတ်ပေးလေသည်။ ဖုန်းကျိုးယွဲ့၏ ဤဝေဒနာမှာ မွေးရာပါ ရင်ကျပ်ရောဂါ အပျော့စား ဖြစ်သည်။ နွေဦးရာသီတွင် သူသည် လေထဲမှ ဝါဂွမ်းဖတ်များ သို့မဟုတ် ပန်းဝတ်မှုန်များနှင့် နီးနီးကပ်ကပ် မနေနိုင်သလို၊ ရှဲ့ယန်၏ ယခုကဲ့သို့ ကြမ်းတမ်းသော နှိပ်စက်မှုမျိုးကိုလည်း မခံနိုင်ရှာပါ။

အသက်ရှူသံ တဖြည်းဖြည်း မှန်လာသည့်အခါတွင်မူ ဖုန့်ကျိုးယွဲ့၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ပြည့်လျှံနေပြီ ဖြစ်သည်။ ရှဲ့ယန်က လက်တစ်ဖက်ဖြင့် ခါးကို ဖက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ရေတစ်ခွက်ငှဲ့ကာ သူ၏ နှုတ်ခမ်းထံသို့ ကမ်းပေးလိုက်သည်။

ချောင်းဆိုးထားသဖြင့် လည်ချောင်းမှာ ခြောက်ကပ်ပြီး အက်ရှနေသော်လည်း ဖုန့်ကျိုးယွဲ့ အများကြီး မသောက်ရဲပါ။ ရှဲ့ယန် ကိုင်ထားပေးသော ခွက်ထဲမှ ရေကို အနည်းငယ်သာ သောက်လိုက်ပြီး ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်မိသည်။ သူ မော့ကြည့်လိုက်သောအခါ ရှဲ့ယန်၏ နက်ရှိုင်းသော အကြည့်များက သူ၏ နှုတ်ခမ်းပေါ်တွင် တန့်နေသည်ကို တွေ့လိုက်ရသည်။

ရှဲ့ယန် ပြောခဲ့သမျှနှင့် လုပ်ခဲ့သမျှကို ပြန်တွေးမိသောအခါ ဖုန့်ကျိုးယွဲ့ ရုတ်တရက် ဝမ်းနည်းလာမိသည်။ သူနှင့် ယွမ်ရဲမှာ ငယ်စဥ်က ရန်သူတွေ ဖြစ်မနေခဲ့ပါ။ ငယ်စဉ်က သူတို့နှစ်ဦးမှာ နေ့တိုင်း အတူတူ ကစားခဲ့ကြသည်။ ယွမ်ရဲသည် သူ့အိမ်သို့ နေ့တိုင်းလာပြီး သူသည် အိမ်ထောင်မပြုဘဲ ညီလေးဖြစ်သူ ဖုန့်ကျိုးယွဲ့ကို တစ်သက်လုံး စောင့်ရှောက်သွားမည်ဟု ပြောခဲ့ဖူးသည်။

သို့သော် တစ်နေ့တွင်မူ ယွမ်ရဲက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ဘာကြောင့်လဲဆိုတာ ဖုန့်ကျိုးယွဲ့ မသိခဲ့သလို၊ ယွမ်ရဲ၏ သစ္စာဖောက်မှုကြောင့်လည်း သူ အလွန် ဝမ်းနည်းခဲ့ရဖူးသည်။

"ဘာလို့ ငိုနေတာလဲ?" ရှဲ့ယန်က ဖုန့်ကျိုးယွဲ့၏ မေးစေ့ကို မလိုက်ပြီး မျက်ရည်စများနှင့် မျက်နှာကို မြင်သောအခါ စိတ်အနှောင့်အယှက် ဖြစ်နေသော လေသံဖြင့် မေးလိုက်သည်။

ဖုန့်ကျိုးယွဲ့ မငိုချင်ပါ၊ သို့သော် ဝမ်းနည်းစိတ်ကို မထိန်းနိုင်တော့ပါ။ ရှဲ့ယန်က သူ့ကို ရုပ်ရည် သာမန်ပဲဟု ထင်နေသည်၊ သူသည် ရှဲ့ယန်၏ ခံ့ညားသော ရုပ်ရည်ကို အမှန်တကယ် မမီသည်မှာ မှန်သော်လည်း သူ ရှဲ့ယန်အပေါ် ကောင်းပေးဖို့ အလွန်အမင်း ကြိုးစားခဲ့ရသည် မဟုတ်ပါလား။ သူ၏ ဘဝတွင် မည်သည့်အရာကိုမျှ ဤမျှ ကြိုးစားအားထုတ်ခဲ့ဖူးခြင်း မရှိပါ။

ထိုသို့ တွေးမိသည်နှင့် မျက်ရည်များမှာ မရပ်မနား ကျလာတော့သည်။ ရှဲ့ယန်က သူ၏ ဝတ်ရုံစဖြင့် မျက်ရည်များကို သုတ်ပေးရင်း "ပါးစပ်ပိတ်ထား၊ မငိုနဲ့တော့" ဟု သတိပေးလိုက်သည်။

ဖုန့်ကျိုးယွဲ့ မျက်ရည် မကျအောင် အတင်းထိန်းသော်လည်း ဤမျှ ပြင်းထန်သော ဖိနှိပ်မှုအောက်တွင် ရှိုက်သံတစ်ခုနှင့်အတူ ကြို့ထိုးသံပင် ထွက်သွားတော့သည်။ သတိထားမိလိုက်သည့် အခါတွင်မူ ရှက်လွန်းသဖြင့် ပါးစပ်ကို လက်ဖြင့် အမြန်အုပ်လိုက်ကာ ရှဲ့ယန်ကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေမိသည်။ အလွန်အမင်း ရှက်ဖို့ကောင်းလှသည်၊ ဤမျှ ရှက်စရာကောင်းသော အသံကို ရှဲ့ယန် မကြားလိုက်ပါစေနှင့်ဟု သူ ဆုတောင်းနေမိသည်။

သို့သော် ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါ။ ရှဲ့ယန်သည် သူ၏ မေးစေ့ကို လက်ဖြင့် အေးအေးဆေးဆေး ထောက်ကြည့်နေပြီး မီးခိုးရောင် မျက်ဝန်းများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ရှိနေကာ နှုတ်ခမ်းထောင့်မှာလည်း အနည်းငယ် တွန့်ကွေးသွားလေသည်။

သူ အသေအချာ ကြားလိုက်ခြင်းပင်။

ဖုန့်ကျိုးယွဲ့ ဝေါယာဉ်ပေါ်က ဆင်းချင်နေပြီဖြစ်သည်။ ရှဲ့ယန်ကိုလည်း ထပ်မမြင်ချင်တော့ပါ။ သူ၏ ဘဝတွင် ယခုလောက် ရှက်ခဲ့ရဖူးသည်မျိုး မရှိခဲ့ပါ။ သူသည် ရှဲ့ယန်၏ ရင်ခွင်ထဲမှ ရုန်းထွက်ရန် ကြိုးစားသော်လည်း၊ ရှဲ့ယန်က လက်တစ်ဖက်တည်းဖြင့် သူ့ကို အေးဆေးစွာ ဖိထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူ၏ နားရွက်ကို ကစားနေလေသည်။

ဖုန့်ကျိုးယွဲ့ ဘာမှ ထပ်မပြောချင်တော့ပါ။ လေထုထဲတွင် နေရခက်သော တိတ်ဆိတ်မှုသာ ကျန်ရစ်နေသည်။ ရှဲ့ယန်က နားရွက်ကို ခဏခဏ ကိုင်တွယ်နေပြီးမှ ရုတ်တရက် မေးလိုက်သည်။

"သူက မင်းကို အမြဲတမ်း အဲ့ဒီလို ဆက်ဆံခဲ့တာလား"

ရှဲ့ယန်ပြောသော သူဆိုသည်မှာ ယွမ်ယဲ့ကို ဆိုလိုခြင်းဖြစ်ကြောင်း ဖုန့်ကျိုးယွဲ့ နားလည်သည်။ အတိတ်ကို ပြန်တွေးမိသောအခါ အနည်းငယ် စိတ်မကောင်း ဖြစ်သွားသော်လည်း ရှဲ့ယန်ကို မလိမ်ချင်ပါ။

"ငယ်ငယ်တုန်းကတော့ သူ ကျွန်တော့်အပေါ် အရမ်းကောင်းပါတယ်။ ကျွန်တော့်ကို သူ့ညီလေးလို သဘောထားတယ်၊ တခြားသူတွေ အနိုင်ကျင့်ရင်လည်း အမြဲကာကွယ်ပေးတယ်။ အိမ်ထောင်မပြုဘဲ ကျွန်တော်နဲ့ပဲ တစ်သက်လုံး အတူတူနေမယ်လို့တောင် ပြောခဲ့ဖူးတယ်"

"အဲ့ဒီနောက်ပိုင်းကော" ရှဲ့ယန်အသံက ပိုအေးစက်လာပြီး သူ့နားရွက်ဖျားကို နာကျင်အောင် ဆွဲလိုက်ပြန်သည်။

ဖုန့်ကျိုးယွဲ့သည် နာကျင်မှု သက်သာစေရန် ရှဲ့ယန်အနားသို့ သတိထားကာ ပိုတိုးကပ်လိုက်ပြီး ဆက်ပြောသည်။

"နောက်တော့ သူက ရုတ်တရက်ကြီး ကျွန်တော့်ကို ဆဲဆိုပြီး အနိုင်ကျင့်ဖို့ နည်းလမ်းတွေ ရှာလာတော့တာပဲ။ ကျွန်တော့်ကို အနိုင်ကျင့်တဲ့သူတွေနဲ့ ပေါင်းပြီး ကျွန်တော့်ကို နှိပ်စက်လာတယ်"

ရှဲ့ယန်က "အဲ့ဒီလို ရုတ်တရက်ကြီး ပြောင်းလဲမသွားခင် တစ်ရက်အလိုမှာ ဘာဖြစ်ခဲ့သေးလဲ" ဟု ထပ်မေးသည်။

၎င်းမှာ ကိစ္စအသေးအဖွဲလေးသာ ဖြစ်သော်လည်း ဖုန့်ကျိုးယွဲ့ ဘယ်သူ့ကိုမှ မပြောဘဲ နှစ်ပေါင်းများစွာ မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ တစ်စုံတစ်ယောက်က လာမေးသည့်အခါတွင်မူ ရင်ဖွင့်ချင်စိတ် ပေါ်လာသည်။

"အဲ့ဒီမတိုင်ခင် တစ်ရက်က သူ အရက်တွေ ခိုးသောက်ပြီး မူးလာတယ်။ ပြီးတော့ ကျွန်တော့်အိမ်ကို လာရှာတယ်။ ကျွန်တော်က သူ့ကို အနားယူဖို့ အခန်းထဲ လိုက်ပို့ပေးဖို့ လုပ်တုန်းမှာ သူ... သူ..."

"သူ ဘာဖြစ်လဲ" ရှဲ့ယန်က ဖုန့်ကျိုးယွဲ့၏ မျက်နှာကို ရုတ်တရက် လှည့်ကြည့်ခိုင်းလိုက်သည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများက ဖုန့်ကျိုးယွဲ့၏ စိုးရိမ်စိတ်ကို ဖော်ထုတ်နေသကဲ့သို့ အေးစက်စွာ စိုက်ကြည့်နေသည်။

"သူ ဘာဖြစ်သွားလဲ မသိပါဘူး။ ကျွန်တော့်ပါးကို ရုတ်တရက်ကြီး နမ်းလိုက်တယ်။ သူ မူးပြီး တခြားသူနဲ့ မှားသွားတာပဲလို့ ထင်လို့ ကျွန်တော်လည်း ဘာမှ မပြောခဲ့ပါဘူး။ ဒါပေမဲ့ သူက ချက်ချင်းပဲ အမူးပြေသွားသလိုမျိုး ကျွန်တော့်ကို ကြမ်းကြမ်းတမ်းတမ်း တွန်းထုတ်လိုက်တယ်။ နောက်တစ်နေ့ကစပြီး သူ ကျွန်တော့်ကို ရန်လုပ်လာတာပါပဲ။"

ဖုန့်ကျိုးယွဲ့ စကားအဆုံးတွင် ကြောက်စရာကောင်းသော တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွားသည်။

ရှဲ့ယန်သည် စကားတစ်လုံးမှ ထပ်မပြောတော့ပါ။ လေထုမှာပင် မွန်းကြပ်စရာ ကောင်းလာသည်။ ဖုန့်ကျိုးယွဲ့ ဘာကြောင့်မှန်းမသိ ကြောက်လန့်လာမိသော်လည်း သူ ဘာမှမလုပ်နိုင်ခင်မှာပင် ရှဲ့ယန်က သူ၏ ပါးကို သွားရာတွေ ထင်သွားအောင် ပြင်းပြင်းထန်ထန် ကိုက်လိုက်တော့သည်။ သူသည် အသားစိမ်းမြင်သော ခွေးတစ်ကောင်ကဲ့သို့ ဖုန်းကျိုးယွဲ့၏ မျက်နှာကို နာကျင်အောင် လုပ်နေတော့သည်။

"ရှဲ့ယန် … ရှဲ့ယန် .. ငါ့ကိုလွှတ်"

ဖုန့်ကျိုးယွဲ့ သူ့ကို အမြန်တွန်းထုတ်ရန် ကြိုးစားသော်လည်း ရှဲ့ယန်က မလွှတ်ပါ။ သူ၏ ပါးစပ်က ပါးပြင်ကို တစ်စစီ ကိုက်ဖြတ်ပစ်တော့မည်ဟု စိုးရိမ်ကာ ဖုန်းကျိုးယွဲ့ ငိုသံပါကြီးဖြင့် တောင်းပန်မိတော့သည်။

"နာတယ် ... မကိုက်နဲ့တော့၊ တော်ပါတော့"

ရှဲ့ယန်သည် ကြမ်းတမ်းသော သားရဲကြီးတစ်ကောင်ကဲ့သို့ သူ၏ ဒေါသများကို ဖုန်ကျိုးယွဲ့၏ မျက်နှာပေါ်တွင် ပုံချနေလေသည်။ လက်နှစ်ဖက်လုံး ကောင်းနေစဉ်မှာပင် ဖုန့်ကျိုးယွဲ့သည် ရှဲ့ယန်၏ အင်အားကို မယှဉ်နိုင်ပါ၊ ယခုကဲ့သို့ ဒဏ်ရာရထားချိန်တွင် ရှဲ့ယန်လုပ်သမျှကို နာကျင်စွာ ခံစားနေရုံသာ ရှိတော့သည်။

ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့၏ ပါးနှစ်ဖက်လုံး ရောင်ကိုင်းသွားသည်အထိ ကိုက်ပြီးမှ လွှတ်ပေးလိုက်သည်။ သူ၏ ပါးပြင်များမှာ နာကျင်လွန်းသဖြင့် ထုံကျင်နေပြီး ခပ်ဖွဖွ ထိရုံနှင့်ပင် စူးစူးရှရှ နာကျင်လှသည်။ ရှဲ့ယန်သည် ခွေးနှစ်မှာ မွေးဖွားခဲ့သူ ဖြစ်ရမည်ဟု ဖုန့်ကျိုးယွဲ့ တွေးမိသည်။ မှန်ပင် ကြည့်စရာမလို၊ သူ့မျက်နှာမှာ ရက်အနည်းငယ်ကြာအောင် အပြင်ထွက်၍ ရတော့မည်မဟုတ်ကြောင်း သူ သိလိုက်သည်။

ဤမျှ ဆိုးရွားသော လုပ်ရပ်ကို လုပ်ခဲ့သော်လည်း ရှဲ့ယန်၏ မျက်နှာတွင် နောင်တရဟန် မရှိပါ။ သူက ဖုန်းကျိုးယွဲ့ကို လွှတ်ပေးလိုက်ပြီး နက်ရှိုင်းသော အကြည့်ဖြင့် ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

"ယွမ်ရဲက တခြား ဘာတွေ လုပ်သေးလဲ"

ထိုမေးခွန်းမှာ ဖုန့်ကျိုးယွဲ့ကို တစ်ခုခု ပြောလာအောင် ထောင်ချောက်ဆင် မေးမြန်းနေသကဲ့သို့ပင်။

ဖုန်ပကျိုးယွဲ့ ဘာမှ ထပ်မပြောရဲတော့ … ခေါင်းကိုသာ ခါပြလိုက်သည်။

"ဘာမှမရှိပါဘူး။ အဲ့ဒီနောက်ပိုင်း သူ ကျွန်တော့်ကို မြင်တိုင်း သေစေချင်နေသလိုပဲ။ သူ တခြားဘာလုပ်နိုင်ဦးမှာလဲ”

"သူ မင်းကို အိပ်ရာပေါ်မှာ သတ်ချင်နေတာလို့ ငါထင်တယ်"

ရှဲ့ယန်က ထိုစကားကို ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သော်လည်း သူ၏ မျက်လုံးများမှာ ဖုန့်ကျိုးယွဲ့ မျက်လုံးထောင့်က မှဲ့လေးပေါ်မှာ ရှိနေဆဲပင်။ ရှဲ့ယန်၏ မီးခိုးရောင် မျက်ဝန်းများကို ကြည့်မိသောအခါ ထိုမျက်ဝန်းများထဲတွင် ဖော်ပြမရသော ခံစားချက်တစ်ခု၊ ထိန်းချုပ်ထားသော လိုလားတောင့်တမှုနှင့် အမျိုးအမည်မသိ ဒေါသတို့ ရောယှက်နေသည်ကို ဖုန့်ကျိုးယွဲ့ မြင်လိုက်ရသည်။

ရှဲ့ယန်က ယွမ်ရဲကို တကယ်ပဲ မုန်းတီးနေတာ ဖြစ်မည်ဟု တွေးကာ ရှဲ့ယန်စကားနောက်ကွယ်က အဓိပ္ပာယ်ကို ထပ်မစဉ်းစားတော့ဘဲ ငြိမ်ငြိမ်လေးသာ နေလိုက်သည်။

သူ့ကို ကိုက်ပြီးနောက် ရှဲ့ယန်က ဘေးသို့တိုးကာ စာအုပ်တစ်အုပ်ကို ဖတ်နေလေသည်။ မကြာမီ ဝေါယာဉ်က နန်းတော်တံခါးဝသို့ ဆိုက်ရောက်သွားသည်။ အပြင်ဘက်မှ အစေခံတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

"အရှင်မင်းသား၊ နန်းတော်တံခါးဝကို ရောက်ပါပြီ"

"အင်း"

ရှဲ့ယန်က ပြန်ထူးပြီး ဝေါယာဉ်ပေါ်မှ ဆင်းသွားသည်။ ဖုန့်ကျိုးယွဲ့လည်း မျက်နှာကို ဝတ်ရုံစဖြင့် အမြန်ဖုံးကွယ်ကာ နောက်မှ လိုက်လာခဲ့သည်။

နန်းတော်တံခါးကြီးက ကျယ်ဝန်းစွာ ပွင့်နေပြီး အရာရှိများမှာ ညီလာခံတက်ရန် တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။ ရှဲ့ယန်က ဖုန့်ကျိုးယွဲ့ကို တစ်ချက် လှည့်ကြည့်ကာ အစေခံကို မှာကြားလိုက်သည်။

"ဖုန့်သခင်လေးကို သူ့အိမ်အထိ လိုက်ပို့ပေးလိုက်"

ဖုန့်ကျိုးယွဲ့မှာ ခုမှ စိတ်အေးသွားရသည်။ ရှဲ့ယန်က သူ့ကို ဒီနေရာကနေ လမ်းလျှောက်မပြန်ခိုင်းသည့်အတွက် ကျေးဇူးတင်မိသည်။ သူ ဒဏ်ရာရထားဆဲဖြစ်ရာ လမ်းလျှောက်ပြန်လျှင် အလွန်ပင်ပန်းနေမည် မဟုတ်ပါလား။

"မင်း... မင်းသား၊ ကျွန်တော်မျိုး ခွင့်ပြုပါဦး"

လူအများရှေ့တွင် ဖြစ်သဖြင့် ဖုန့်ကျိုးယွဲ့ ရှဲ့ယန်ကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။

"အင်း"

ရှဲ့ယန်က လှည့်ပင်မကြည့်ဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်။ ဖုန့်ကျိုးယွဲ့ ဝေါယာဉ်ပေါ် တက်ရန် ပြင်လိုက်စဉ်မှာပင် မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပျက်လာသည်။

"ဖုန့်ကျိုးယွဲ့"

ယွမ်ရဲအသံက ကျယ်လောင်ခြင်း မရှိသော်လည်း ဖုန့်ကျိုးယွဲ့၏ နားထဲသို့ ရောက်ရှိရန် လုံလောက်သည်။

ဖုန့်ကျိုးယွဲ့၏ တကိုယ်လုံး တောင့်တင်းသွားသည်။ သူ ဝေ့ကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်းတွင် ဦးထုပ်ဆောင်းထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက ခက်ထန်မာကြောသော အကြည့်ဖြင့် ဖုန့်ကျိုးယွဲ့ကို စူးစိုက်ကြည့်လေသည်။

ဖုန်းကျိုးယွဲ့ ဘာကြောင့်မှန်းမသိ အပြစ်မကင်းသလို ခံစားလိုက်ရပြီး ယွမ်ရဲအသံကို ရှဲ့ယန် မကြားပါစေနှင့်ဟု တိတ်တဆိတ် ဆုတောင်းလိုက်မိသည်။ သို့သော် ရှဲ့ယန်ကလည်း နားပါးသူပီပီ လှည့်ကြည့်ပြီးသား ဖြစ်သည်။ ရှဲ့ယန်မျက်နှာမှာ ဘာခံစားချက်မှ မဖော်ပြသော်လည်း၊ မျက်ဝန်းထဲတွင် လူသတ်ချင်စိတ်များ မြင့်တက်လာသည်ကို ဖုန်းကျိုးယွဲ့ သတိပြုမိလိုက်ပါတော့သည်။

………….

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment