no

Font
Theme

အခန်း (၁)

နွေဦးပွဲတော်တွင် ဆုံတွေ့ခြင်း

သူ့အမည်က ဖုန့်ကျိုးယွဲ့၊ ငယ်နာမည်က မုချိုး။

မွေးဖွားချိန်က ဆောင်းဦးရာသီဝင်စ၊ သစ်ကိုင်းထက်မှ မေပယ်ရွက်များ အနီရောင် စတင်ပြောင်းလဲနေချိန် ဖြစ်သောကြောင့် ဖခင်ကိုယ်တိုင် အမည်ပေးခဲ့ခြင်း ဖြစ်သည်။ ဖုန့်ကျိုးယွဲ့ဖခင်က ချောမောခန့်ညားသလို မိခင်မှာလည်း ထိုခေတ်က ကျန်းနိုင်ငံ၏ အလှဆုံးအမျိုးသမီး ဖြစ်ခဲ့သည်။ သူတို့နှစ်ဦးမှာ ငယ်ကျွမ်းဆွေများ ဖြစ်ကြပြီး အရွယ်ရောက်သည်နှင့် လက်ထပ်ခဲ့ကြကာ တစ်ဦးပေါ်တစ်ဦး ထားရှိသော မေတ္တာမှာလည်း စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်အောင် နက်ရှိုင်းလှသည်။

သို့သော် ကံကြမ္မာ လေပြေအလား ဆန်းကြယ်လွန်းလှသည်။

ဖုန့်ကျိုးယွဲ့ လူ့လောကသို့ ရောက်ရှိပြီး ရက်ပိုင်းအတွင်းပင် မိခင်ဖြစ်သူမှာ သူ့ကို ကောင်းစွာစောင့်ရှောက်ရန် ဖခင်ဖြစ်သူအား နောက်ဆုံးစကား မှာကြားရင်း ကွယ်လွန်သွားခဲ့သည်။

အရွယ်ရောက်လာချိန်မှာ မိခင်ဖြစ်သူ သူ့အတွက် စိုးရိမ်စိတ်ပူခဲ့ရသည့် အကြောင်းရင်းကို ဖုန်းမုချို နားလည်ခဲ့သည်။ အကြောင်းမှာ သူသည် ယောင်္ကျားလား၊ မိန်းမလား ခွဲခြားရခက်သော ထူးခြားသည့် ဒွိလိင်ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် မွေးဖွားလာခဲ့ပြီး ရုပ်ရည်မျက်နှာပေါက်မှာလည်း မိခင်ဖြစ်သူနှင့် တစ်ပုံစံတည်း တူနေသောကြောင့် ဖြစ်သည်။ အရွယ်ရောက်လာချိန်တွင် သူတစ်ပါး၏ နှိပ်စက်မှု ခံရမည်ကို မိခင်ဖြစ်သူက စိုးရိမ်ခဲ့ခြင်းမှာ သဘာဝကျလှသည်။

မိခင်ဖြစ်သူ၏ နောက်ဆုံးဆန္ဒကြောင့် ဖခင်ဖြစ်သူမှာလည်း ဖုန့်ကျိုးယွဲ့ကို တုန်နေအောင် ချစ်ရှာသည်။ ရုံးတော်အကြီးအကဲ ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ဆက်ခံသူမျိုးဆက် များများရှိသင့်သော်လည်း ဖခင်ဖြစ်သူမှာ နောက်အိမ်ထောင် မပြုသလို ကိုယ်လုပ်တော်ပင် မယူခဲ့ပေ။ ဇနီးသည် ကွယ်လွန်သွားခြင်းက ဖုန့်ဝန်ကြီးချုပ်၏ နှလုံးသားတစ်ခုလုံး သေဆုံးသွားသကဲ့သို့ ဖြစ်စေခဲ့သည်။ ဖုန့်ဝန်ကြီးချုပ်သည် လွမ်းဆွတ်နာကျင်မှုများကို ရင်ထဲ မြှုပ်နှံထားပြီး ဖုန်းမုချိုးအပေါ်၌ ဖခင်မေတ္တာ အပြည့်အဝ ပေးခဲ့သည်။ တပါးသူတို့ မနာလိုလောက်အောင် သားဖြစ်သူကို အလိုလိုက်ခဲ့သည်။

မိခင်၏ အလှတရားကို အမွေရခဲ့သောကြောင့် ဖုန့်ကျိုးယွဲ့မှာ ငယ်စဉ်ကတည်းက မိန်းကလေးဟု ထင်မှတ်မှားခြင်းကို မကြာခဏ ခံခဲ့ရသည်။ အရွယ်ရောက်လာသည့်တိုင် လူအချို့က သူ့ကို မိန်းမပျိုလေးဟု ထင်မှတ်မှားပြီး စနောက်ခြင်း ပြုလုပ်ကြသေးသည်။ ဖုန့်ကျိုးယွဲ့က ထိုသူများကို အလွယ်တကူ လွှတ်ပေးလေ့ မရှိပါ။ ကိုယ်ရံတော်များ ခေါ်ယူ၍ ရိုက်နှက်ဆုံးမခိုင်းပြီးနောက် သူ့ရှေ့မှောက်တွင် မရိုမသေပြုဝံ့သူ မရှိတော့။

သို့သော် နောက်ကွယ်တွင် သခင်မလေး သို့မဟုတ် မိန်းမချောလေးဟု တီးတိုးခေါ်ဝေါ်ကြဆဲပင်။ ဖုန့်ကျိုးယွဲ့ ဒေါသထွက်သော်လည်း လက်ပူးလက်ကြပ် မမိသောကြောင့် ဘာမှမတတ်နိုင်ပေ။ ထို့ကြောင့် တစ်ဦးတစ်ယောက်က သူ့ကို စူးစိုက်ကြည့်နေသည်ကို မြင်မိလျှင် စိတ်ကျေနပ်သည်အထိ ပြဿနာရှာတတ်သည်။ ထို့ကြောင့် မြို့တော်မှလူများက သူ့ကို စိတ်မမှန်သူ၊ ရုပ်လှသလောက် စိတ်ပုပ်သူဟု သမုတ်ကြသည်။ သူ့ဖခင်သာ ဝန်ကြီးချုပ် မဟုတ်ပါက ပြည့်တန်ဆာဂေဟာတွင် ထိပ်တန်းအပျော်မယ် ဖြစ်နေလောက်ပြီဟုပင် ဆိုကြသည်။

သူတို့ပြောသမျှကို ဖုန့်ကျိုးယွဲ့က အရေးမလုပ်၊ ဂရုမစိုက်ပါ။ သူ့အကျင့်အတိုင်း စိတ်အလိုလိုက်ပြုမူလေ့ ရှိသည်။

ဖခင်ဖြစ်သူက သြဇာအာဏာကြီးမားသော ဝန်ကြီးချုပ်ဖြစ်သဖြင့် အများက သူ့ကို ထက်မြက်ပြီး ပရိယာယ်ကြွယ်ဝသူ၊ စာပေပညာရှင်တစ်ယောက် ဖြစ်လာမည်ဟု မျှော်လင့်ကြသည်မှာ မလွဲဧကန် ဖြစ်သည်။

သို့သော် ဖုန့်ကျိုးယွဲ့က ထိုသို့မဟုတ်ပေ။

ငယ်စဉ်ကတည်းက ခွေး၊ ကြောင်များနှင့် ဆော့ကစားရသည်ကို နှစ်သက်သည်၊ ဆရာများအား နောက်ပြောင်ရသည်ကို ဝါသနာထုံသည်၊ တစ်နေကုန် လမ်းသလားပြီး ပြဿနာရှာရသည်ကို ပျော်မွေ့နေသူ ဖြစ်သည်။ ဖခင်ဖြစ်သူက ဘာမှမပြောပေ။ တစ်ခါတစ်ရံ ပြဿနာက ကြီးကြီးမားမား ရှာသောကြောင့် အိမ်တော်အထိ လာတိုင်လျှင်ပင် မိခင်နှင့်တူသော သူ့မျက်နှာလေးကို နူးညံ့စွာကြည့်ရင်း သက်ပြင်းသာ ချနေတတ်သည်၊ ကိုယ်ထိလက်ရောက် အပြစ်ပေးရန်ဝေးစွ၊ ဆူပူကြိမ်းမောင်းခြင်းပင် မရှိ။

ဤသို့ဖြင့် ဖုန့်ကျိုးယွဲ့တစ်ယောက် ဖခင်၏ အလိုလိုက်မှုအောက်တွင် ပျော်ရွှင်နေခဲ့သည်။ ဖခင်ရှိနေသရွေ့ ဘာကိုမျှ ပူပင်စရာမလိုဘဲ ထာဝရ နေသွားနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် နောင်ပြန်တွေးကြည့်သောအခါ ထိုအတွေးမှာ အလွန်ပင် ကလေးဆန်ခဲ့ကြောင်း ဖုန့်ကျိုးယွဲ့ နားလည်သွားသည်။

နောက်ပိုင်းတွင် သူသည် ရှဲ့ယန်နှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်မှစ၍ သူ့ဘဝမှာ ပြောင်းပြန်လှန်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ရှဲ့ယန်မှာ သူ့ဘဝ၏ အချိုးအကွေ့ကြီးတစ်ခု ဖြစ်လာခဲ့သည်။

ရှဲ့ယန်နှင့် မတွေ့ခင်က ဖုန်ကျိုးယွဲ့ဘဝမှာ ကောင်းကင်တွင် လွင့်မျောနေသော တိမ်တိုက်ပမာ လွတ်လပ်ပေါ့ပါးနေခဲ့သည်။ ဘာအပူအပင်မှ မရှိဘဲ တစ်နေကုန် သောက်စားပျော်ပါးနေသော မျိုးရိုးမြင့်သခင်လေးတစ်ဦး ဖြစ်ခဲ့သည်။ သို့သော် ရှဲ့ယန် ပေါ်လာပြီးနောက်တွင်မူ အချစ်ကြောင့်ဖြစ်ရသော နာကျင်မှုနှင့် စိတ်ကူးယဉ်မှုများကို စတင်ခံစားခဲ့ရသည်။ ဖယောင်းတိုင်မီးဆီ တိုးဝင်မိသော ပိုးဖလံလေးကဲ့သို့ပင် ရှဲ့ယန်ကို သူချစ်မိသွားခဲ့သည်။ လောကတစ်ခုလုံး လှောင်ပြောင်နေပါစေ၊ ရှဲ့ယန်ပေးသော နွေးထွေးမှုလေးကိုသာ သူမျှော်လင့်ခဲ့သည်။ တစ်ဖက်တွင်လည်း ရှဲ့ယန်ကို မုန်းမိသည်။ ရှဲ့ယန်၏ ရက်စက်မှု၊ အကြင်နာကင်းမဲ့မှုနဲ့ သူ့ခံစားချက်များကို တန်ဖိုးမထားမှုများကို သူ မုန်းတီးမိသည်။

နောင်တစ်ချိန် ပြန်တွေးမိချိန်တွင် ... အကယ်၍ ရွေးချယ်ခွင့်သာ ရှိခဲ့ပါက ထိုနေ့က မျှော်စင်ပေါ်၌ ရှဲယန် သူ့ကို မကယ်စေချင်တော့ပါ။ အမြင့်မှ ပြုတ်ကျ၍ အသက်ဆုံးရခြင်းက အချစ်၏ စေစားစရာ ဖြစ်ရခြင်းထက်၊ ဖခင်ဖြစ်သူကို ပြဿနာထဲ ဆွဲသွင်းမိခြင်းထက် ပို၍ ကောင်းလိမ့်မည်ဟု ထင်မိသည်။

---

ရှဲ့ယန်နှင့် ပထမဆုံး စတင်တွေ့ဆုံခဲ့သောနေ့ကို ဖုန့်ကျိုးယွဲ့ မှတ်မိနေသေးသည်။ ထိုနေ့က နွေဦးရာသီ၏အစ သာယာသော နေ့တစ်နေ့ ဖြစ်ခဲ့သည်။ ကျန်းနိုင်ငံမှာ သာယာဝပြောနေပြီး ဧကရာဇ်မင်းမှာလည်း ထက်မြက်ပြီး ကြင်နာတတ်သူ ဖြစ်သဖြင့် ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ကြသည်။ နွေဦးပွဲတော်တွင် တော်ဝင်မျိုးနွယ်များ၊ အထက်တန်းလွှာများနှင့် ပြည်သူအများ ပျော်ပွဲရွှင်ပွဲများ အတူကျင်းပနေခဲ့ကြသည်။

ဖုန့်ကျိုးယွဲ့က ထိုကဲ့သို့ လူစည်ကားသည့် ပွဲလမ်းသဘင်များကို မနှစ်သက်သော်လည်း ဖခင်ဖြစ်သူက သူ့ကို အပေါင်းအသင်း ရစေချင်သဖြင့် အတင်းစေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ဖုန့်ကျိုးယွဲ့က စိတ်ဆတ်သဖြင့် သူငယ်ချင်း မရှိသလောက်ပင်၊ ရန်သူကမူ အများအပြား ရှိနေခဲ့သည်။

နွေဦးပွဲတော်ကျင်းပရာ မျှော်စင်ပေါ်အရောက် သူ့ရှေ့ ပိတ်ရပ်ပြီး ပြုံးစိစိလုပ်နေသော အရပ်ရှည်ရှည်နှင့်လူငယ်မှာ သူ၏ မဟာရန်သူတော်ယွမ်ရဲ ဖြစ်သည်။ ယွမ်ရဲမှာ ရုပ်ရည်က ချောမောသော်လည်း စိတ်ဓာတ်မှာမူ ဖုန့်ကျိုးယွဲ့ထက် ပို၍ သေးသိမ်သူ ဖြစ်သည်။ အရာရာတွင် ဖုန့်ကျိုးယွဲ့ကို ဆန့်ကျင်ပြီး မျက်နှာချင်းဆိုင်မိတိုင်း စားမတတ်၊ ဝါးမတတ် အကြည့်မျိုးနှင့် ရန်စသလို ကြည့်တတ်သူ ဖြစ်သည်။

ရန်မဖြစ်နဲ့ဆိုသော ဖခင်၏စကားကို သတိရပြီး ယွမ်ရဲကို ဂရုမစိုက်ဘဲ ရှောင်ထွက်ရန် ပြင်လိုက်ချိန်၊ ယွမ်ရဲက အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။

“သခင်မလေး .. ဘယ်သွားမလို့လဲ။ ဖေဖေ့ဆီ သွားတိုင်မလို့လား"

ဒီခွေးမသားကတော့ကွာ ..

သခင်မလေးတဲ့ .. ဒီအသုံးအနှုန်းက ဖုန့်ကျိုးယွဲ့ အမုန်းဆုံးပဲ။ သူက ယောင်္ကျားစစ်စစ်ပါဟု ဆိုနေသည့်တိုင် ခန္ဓာကိုယ် သွယ်လျပြီး အသားအရေ ဖြူဖွေးနုဖက်နေသည်ကို အကြောင်းပြု၍ ထိုလူများက မဟုတ်တမ်းတရားပုံပြင်များ ဖန်တီးနေခြင်း ဖြစ်သည်။

ဖုန့်ကျိုးယွဲ့ သည်းမခံနိုင်တော့ဘဲ ပြန်အော်လိုက်သည်။

“ယွမ်ရဲ .. ခွေးမသား၊ မင်းပါးစပ်ပိတ်ထားစမ်း”

"အိုး .. သခင်မလေးက တကယ်ပဲ စိတ်ဆိုးသွားတာလား”

ယွမ်ရဲက ယပ်တောင်ကို တဖျပ်ဖျပ်ခတ်ရင်း သူ့အနား စပ်ဖြီးဖြီးလုပ်ရင်း ချဥ်းကပ်လာသည်။

“စိတ်မဆိုးပါနဲ့ .. အကိုကြီးယွမ်ရဲက ချစ်လို့ စတာပါကွ”

“အကိုကြီး ယွမ်ရဲ .. ဟုတ်လား”

ယွမ်ရဲစကားကြောင့် ဖုန့်ကျိုးယွဲ့ အန်ချင်သလို ဖြစ်သွားသည်။ ခုနောက်ပိုင်း ယွမ်ရဲ ဘာဖြစ်နေမှန်း မသိသော်လည်း သူ့ကို တွေ့တိုင်း မိန်းကလေးတစ်ဦးကဲ့သို့ ဆက်ဆံပြီး လာစနေခြင်း ဖြစ်သည်။ ငယ်စဉ်က ထိုသို့မဟုတ်၊ သူ့ကို ညီငယ်တစ်ဦးကဲ့သို့ စောင့်ရှောက်ခဲ့ဖူးသည်။ သို့သော် ယခုနောက်ပိုင်း သူ့အပေါ် မကောင်းသော စိတ်များသာ ထားရှိတော့သည်။

ဖုန့်ကျိုးယွဲ့လည်း စိတ်မထိန်းနိုင်တော့ပဲ အင်္ကျီလက်ကို မ၍ ယွမ်ရဲမျက်နှာကို လက်သီးဖြင့် ထိုးချလိုက်သည်။

“ခွပ်”

ယွမ်ရဲလည်း ထိုးခံရပြီး ခေတ္တခဏ ကြောင်သွားပုံရသည်။ ဧကရာဇ်ကိုယ်တိုင် ဦးစီးကျင်းပသော နွေဦးပွဲတော်၌ လူအများရှေ့တွင် ဖုန့်ကျိုးယွဲ့ ရန်ဖြစ်ရဲမည်ဟု ယွမ်ရဲ ထင်မထားမိခဲ့။

သို့သော် ဖုန့်ကျိုးယွဲ့က စိတ်ဆက်သူပီပီ ဒါတွေကို ဂရုမစိုက်ပေ။ သူတို့နှစ်ဦးသား မျှော်စင်အမြင့်ပေါ်၌ အလံများ တဖျပ်ဖျပ် လွင့်နေသည့်ကြားတွင် ဒေါသတကြီး ကြည့်နေမိကြသည်။ အနီးဝန်းကျင်မှ လူများလည်း ထင်မှတ်မထားသော အဖြစ်ကြောင့် ငေးကြောင်ကြည့်နေမိကြသည်။

အကြည့်ချင်း ပြိုင်နေရင်း ဖုန့်ကျိုးယွဲ့ ဒေါသထွက်လာပြီး ယွမ်ရဲမျက်နှာကို လက်ဝါးဖြင့် ထပ်ရိုက်လိုက်သည်။ ယွမ်ရဲ အမြန်ရှောင်လိုက်သော်လည်း အဖျားခတ်မိပြီး မျက်နှာ၌ လက်သည်းရာများ ထင်ကျန်ရစ်ခဲ့သည်။ ယွမ်ရဲက ပြန်တိုက်ခိုက်ခြင်း အလျဥ်းမရှိခဲ့။ ထူးဆန်းသည်မှာ ယွမ်ရဲက သူ့ကို အမြဲလိုလို ရန်စလေ့ရှိသော်လည်း ဘယ်သောအခါကမှ လက်မပါခဲ့ခြင်း ဖြစ်သည်။ ဖုန့်ကျိုးယွဲ့ကို အားနွဲ့သော မိန်းကလေးတစ်ဦးဟု တကယ်ထင်မှတ်နေသလား မသိနိုင်ပေ။

ထိုအချက်ကို တွေးမိသောအခါ ဖုန့်ကျိုးယွဲ့ ဒေါသပိုထွက်လာပြီး ထပ်ထိုးရန် ပြင်လိုက်ချိန် ယွမ်ရဲက သူ့လက်ကို ဖမ်းကိုင်ကာ အသံနှိမ့်၍ ဆူပူကြိမ်းမောင်းလိုက်သည်။

“ဒါ နွေဦးပွဲတော်ကွ .. မင်းဘာအရူးထနေတာလဲ”

"အရူးထတယ် .. ဟုတ်လား” ဖုန့်ကျိုးယွဲ့ လှောင်ပြုံး ပြုံးလိုက်သည်။

"မင်းအရင်စတာလေ .. ရူးမယ်ဆိုမှတော့ အကြီးအကျယ် ရူးပြရသေးတာပေါ့။ ခွေးမသားယွမ်ရဲရဲ့”

ဖုန့်ကျိုးယွဲ့က ဆဲဆိုပြီး သူ့လက်ကို ပြန်ရုန်းထွက်ရာက နှစ်ယောက်သား မျှော်စင်ပေါ်တွင် အပြင်းအထန် သတ်ပုတ်ကြလေတော့သည်။

ဘေးမှလူများရော၊ အစေခံများပါ ဘာလုပ်ရမည်မသိ ဖြစ်ကုန်သည်။ တစ်ဦးက ဝန်ကြီးချုပ်၏သား၊ နောက်တစ်ဦးက မြောက်ပိုင်းစစ်သူကြီးသား ဖြစ်သဖြင့် မည်သူ့ကိုမှ မထိရဲကြပေ။ မြင်ကွင်းတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားသည်။

ဖုန့်ကျိုးယွဲ့က ရန်ဖြစ်လျှင် စိတ်လွတ်သွားတတ်သည်။ ယွမ်ရဲက သူ့လက်ကို ချုပ်ထားသော်လည်း သူက ခေါင်းဖြင့် အတင်းတိုက်ပစ်လိုက်သည်။ ယွမ်ရဲ တကယ်ဒေါသထွက်သွားပြီး အားဖြင့် တွန်းထုတ်လိုက်ရာ ဖုန့်ကျိုးယွဲ့ မျှော်စင်ပေါ်မှ လွင့်စင်ကျသွားပါတော့သည်။

အန္တရာယ်ကို သတိပြုမိချိန်၌ ဖုန့်ကျိုးယွဲ့ လေထဲတွင် လက်များဝေ့ယမ်းပြီး တစ်ခုခုကို ဆွဲကိုင်ရန် ကြိုးစားသော်လည်း ဘာမှမရှိတော့ပေ။ ထိုအခါမှ သူတကယ်ကြောက်သွားသည်။ ဖေဖေ ဘယ်မှာလဲ၊ ဘာလို့လာမကယ်တာလဲ၊ ယွမ်ရဲကြောင့် သေရတော့မှာလား။

မဟုတ်ဘူး... မဖြစ်နိုင်ဘူး … ကောင်းကင်ဘုံ မရက်စက်ပါနဲ့ ..

ကံကောင်းစွာပင် သေရမည့်အချိန် မရောက်သေးလို့လား၊ အကူအညီတောင်းသံကို ကောင်းကင်က ကြားသွားလား မသိ၊ မြေပြင်ဆီ မကျရောက်ဘဲ၊ အေးစက်ပြီး မွှေးရနံ့သင်းသော ရင်ခွင်တစ်ခုထဲသို့ ကျရောက်သွားခဲ့သည်။ မော့ကြည့်မိသောအခါ မီးခိုးရောင် မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်း ဆုံသွားသည်။

ကယ်တင်ရှင်မှာ ထူးထူးခြားခြား ချောမောလှသည်။ တောက်ပလှသော ဖီးနစ်မျက်လုံး၊ ရည်လျားဖြောင့်စင့်သောနှာတံ၊ ပါးလျလျနှုတ်ခမ်းအလှတို့က ကောင်းကင်ဘုံနတ်သားအလား ထင်မှတ်ရအောင် ချောမောလွန်းသည်။ သို့သော် သူ့ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါက အရမ်းကို အေးစက်လွန်းလှသည်။ နွေဦးရာသီ၏ နေရောင်ခြည်အောက်တွင်ပင် ဆောင်းရာသီ နှင်းခဲများကဲ့သို့ အေးစက်စက်အရှိန်အဝါမျိုး ခံစားမိစေသည်။

ကယ်တင်ရှင်က ဖုန့်ကျိုးယွဲ့ခါးကို ဖက်ထားသဖြင့် ဘာကြောင့်မှန်း မသိ၊ ဖုန့်ကျိုးယွဲ့ပါးပြင်များ ပူနွေးလာသည်။ မိန်းကလေး မဟုတ်ပါဘဲနှင့် ဘာကြောင့် ရှက်နေရသလဲဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသွားသည်။ ထိုသူ၏ တည်ငြိမ်ခံ့ညားသော မျက်နှာကို တည့်တည့်ပင် မကြည့်ရဲခဲ့ပေ။

ထိုနေ့က ရှဲ့ယန်မှာ နှင်းဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားခဲ့သည်။ သူသည် မြင့်မြတ်သော အင်မော်တယ်ကြိုးကြာဖြူကဲ့သို့ အေးစက်ပြီး အရှိန်အဝါ ကြီးမားလှသည်။ ထိုအချိန်၌ ဖုန့်ကျိုးယွဲ့မှာ ရှဲ့ယန်၏ ချောမောခံ့ညားမှုတွင် နစ်မွန်းသွားသော သာမန်လူသားတစ်ဦးပမာ ဖြစ်သွားခဲ့ရသည်။

ပုံပြင်များထဲတွင် သူရဲကောင်းက တစ်ဦးတစ်ယောက်ကို ကယ်တင်လျှင် နောက်ပိုင်း၌ အိမ်ထောင်ဖက်အဖြစ် ပေါင်းဖက်ကြသည် မဟုတ်ပါလား။ ယခု ရှဲ့ယန်က သူ့ကို ကယ်တင်ခဲ့ပြီ ဖြစ်သဖြင့် သူကရော ရှဲ့ယန်ကို လက်ထပ်ရမည်လား။ သူက ယောင်္ကျားလေး ဖြစ်သော်လည်း အများက သူ့ကို မိန်းကလေးထက်ပင် ချောမောလှသည်ဟု ပြောကြသည် မဟုတ်ပါလား။ ရှဲ့ယန်ကရော လက်ခံပါ့မလား။

“သခင်လေး .. အဆင်ပြေရဲ့လား၊ ဘာဖြစ်သွားသေးလဲ”

အစေခံရှောင်မန်ရဲ့ စိုးရိမ်တကြီး မေးမြန်းသံကြောင့် ဖုန့်ကျိုးယွဲ့ အတွေးရိုင်းများ ပြတ်တောက်သွားသည်။ ထိုအချိန်တွင် ရှဲ့ယန်က သူ့ခါးကို ဖက်ထားရာမှ ချက်ချင်း လွှတ်လိုက်သည်။

သူ ပြုံးပြရန် ကြိုးစားသော်လည်း ထွက်သွားသော ရှဲ့ယန်၏ ကျောပြင်ကိုသာ တွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။

မကြာမီ ဖခင်ဖြစ်သူ ဖုန့်ဝန်ကြီးချုပ် ရောက်လာသည်။ အမြဲတည်ငြိမ်သော ဖခင်မှာ ပျာယာခတ်နေပြီး သူ့တစ်ကိုယ်လုံးကို စစ်ဆေးနေတော့သည်။ ဘာထိခိုက်မှုမှ မရှိတာ သေချာတော့မှ ဖခင်ဖြစ်သူခမျာ စိတ်အေးသွားသည်။

"မင်း ငါ့ကို လန့်ပြီးသေအောင် လုပ်တာပဲ"

"အာ .. ဖေဖေကလည်း၊ သားဘာမှမဖြစ်ပါဘူး"

ဖုန့်ကျိုးယွဲ့ကလည်း ဖခင်ဖြစ်သူ စိတ်အေးအောင် ချွဲပြလိုက်သည်။

……….

ထို့နောက် နွေဦးပွဲတော် တရားဝင် စတင်ခဲ့သည်။ ဧကရာဇ်မင်းက ဖုန့်ကျိုးယွဲ့ မျှော်စင်ပေါ်မှ ကျသည်ကို အိမ်ရှေ့စံက ကယ်တင်လိုက်ရသည်ဟု ကြားသဖြင့် အားလုံးကို ဆူပူသေးသည်။ ဧကရာဇ်မင်းမှာ အသက် ၄၀ နီးပါး ရှိနေပြီ ဖြစ်သော်လည်း ချောမောခံ့ညားနေဆဲ ဖြစ်သည်။ သို့သော် ရှဲ့ယန်နှင့် ရုပ်ချင်း သိပ်မတူလှပေ။

ဧကရာဇ်မင်းက တောက်ပ၍ အရှိန်အဝါကြီးသော အသွင်မျိုး ဖြစ်ပြီး၊ ရှဲ့ယန်က တည်ငြိမ်အေးစက်ကာ နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်သော ရုပ်သွင်မျိုး ဖြစ်သည်။ ဖုန်းကျိုးယွဲ့က ရှဲ့ယန်ကို ခိုးကြည့်နေမိသည်။ ရှဲ့ယန်ကမူ ဘာမှမဖြစ်ခဲ့သလို တည်ငြိမ်စွာ ထိုင်နေဆဲပင်။

"ရှောင်ချိုး ... အိမ်ရှေ့စံကို ဂါရဝပြုလိုက်ဦးလေ”

ဖုန့်ဝန်ကြီးချုပ်က သူ့သားကို တီးတိုးသတိပေးရင်း ဝိုင်ခွက်တစ်ခွက် ပေးလိုက်သည်။

"ဪ... ဟုတ်ကဲ့ အဖေ"

ဖုန့်ကျိုးယွဲ့ ထရပ်ပြီး ရှဲ့ယန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ခြေလှမ်းအနည်းငယ်သာ ဝေးသော်လည်း တစ်လှမ်း လှမ်းလိုက်တိုင်း ရင်ထဲမှာ တဒိန်းဒိန်း ခုန်နေခဲ့သည်။ ဘေးပတ်ဝန်းကျင်မှ အသံများကို မကြားရတော့ဘဲ ရှဲ့ယန်၏ မီးခိုးရောင် မျက်လုံးများကိုသာ ငေးကြည့်နေမိသည်။

နောက်ဆုံးတွင် ရှဲ့ယန်ရှေ့ ရောက်သွားပြီး အရိုအသေ ပြုလိုက်သည်။

“ကျွန် .. ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင့်သား”

ပြောနေရင်း ရှဲ့ယန်၏ လက်ချောင်းလေးများကို ငေးကြည့်နေမိသည်။ မျက်နှာကို တည့်တည့်မကြည့်ရဲခဲ့ပေ။ ရှဲ့ယန်၏ လက်လေးများမှာ ဝါးဆစ်လေးများကဲ့သို့ သွယ်လျလှပနေသည်ကို သတိထားမိလိုက်သည်။

ရှဲ့ယန်ကမူ ဝိုင်ခွက်ကို မကိုင်၊ ဖုန့်ကျိုးယွဲ့ကို အဖက်မလုပ်ဘဲ ပျင်းတိပျင်းရွဲ့ပုံနဲ့ အေးစက်စက် ပြောလာသည်။

"ဒါလား … ဘာမှမဟုတ်ပါဘူး။ စိတ်ထဲထားမနေနဲ့"

ဖုန့်ကျိုးယွဲ့ မျက်နှာနီရဲသွားပေမယ့် ဘာမှ ဆက်မပြောနိုင်ဘဲ သူ့နေရာဆီ ပြန်လျှောက်လာခဲ့မိသည်။ ဤသည်မှာ ငြိမ်းချမ်းပြည့်စုံခဲ့တဲ့ သူ့ဘဝတစ်လျှောက် ပထမဆုံးအကြိမ် ရှုံးနိမ့်မှုကို ခံစားလိုက်ရခြင်းပင် ဖြစ်တော့သည်။

………………

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment