no

Font
Theme

အခန်း(၂)

ဘယ်လိုအိပ်မက်ကြီးလဲကွာ

ထိုနေ့က အိမ်ပြန်ရောက်သည့်အခါ ဖုန့်ကျိုးယွဲ့တစ်ယောက် ထူးဆန်းသော အိပ်မက်တစ်ခုကြောင့် ရှက်ရွံ့၊ ဒေါသထွက်ပြီး စိတ်မသန့်ဖြစ်နေခဲ့ရသည်။ အိပ်ရာမှ ရုတ်တရက် လန့်နိုးလာပြီး ရေချိုးခန်းထဲသို့ အပြေးဝင်သွားမိတယ်။ အထဲရောက်သည်နှင့် ပေကျံနေသော အဝတ်အစားများကို ချွတ်ပစ်ပြီး ရေချိုးကန်ထဲ ဝင်စိမ်နေခဲ့သည်။ ရေနွေးငွေ့များကြားတွင် ပြတင်းပေါက်မှတဆင့် ဖြာကျနေသော နေရောင်ခြည်ကို သူ ငေးငိုင်စွာ ကြည့်နေမိသည်။

"ငါ ဘယ်လိုလုပ်ပြီး ဒီလိုအိပ်မက်မျိုး မက်ရတာလဲကွာ"

တွေးရင်း တွေးရင်း ဒေါသထွက်သဖြင့် ရေထဲသို့ လက်သီးနှင့် ထိုးချလိုက်ရာ ရေများ ဗွမ်းခနဲ လွင့်စဉ်ကုန်ပြီး ရေချိုးခန်း ကြမ်းပြင်တစ်ခုလုံး ရွှဲနစ်သွားတော့သည်။ တကယ့်ကို ထူးဆန်းလွန်းသည့် အိပ်မက်တစ်ခုပင်။ ရစ်ပတ်လုံးထွေးနေကြသည့် ပုံရိပ်နှစ်ခုမှာ အမျိုးသားနှင့် အမျိုးသမီး မဟုတ်ဘဲ အမျိုးသားနှစ်ဦး ဖြစ်နေခဲ့သည် မဟုတ်ပါလား။ အပေါ်စီးမှ နေရာယူထားသည့် အေးစက်ပြီး ချောမောခန့်ညားသော ထိုအမျိုးသားတွင် ထီမထင်ဟန် မီးခိုးရောင် မျက်လုံးတစ်စုံ ရှိနေခဲ့သည်။

ဘာကြောင့်များ ဒီလိုအိပ်မက်မျိုး မက်ရသနည်း။ ယနေ့ ကြုံတွေ့ခဲ့သည့် တုန်လှုပ်ချောက်ချားမှုက ခြောက်လှန့်နေခြင်းများလား။

စဉ်းစား၍ မရနိုင်တော့သည့်အဆုံး ရေထဲသို့ ခေါင်းနှစ်လိုက်ပြီး နှာခေါင်းမှ ထွက်လာသော လေပူပေါင်းလေးများ အပေါ်သို့ တက်သွားသည်ကို ကြည့်နေမိခဲ့သည်။

ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် သူ့အရွယ် သခင်လေးတစ်ပါးအတွက် ကိုယ်လုပ်တော်များ ထားရှိခြင်းသည် ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်သည်။ လူယုတ်မာယွမ်ရဲဆိုလျှင် လွန်ခဲ့သော နှစ်များတည်းက ကိုယ်လုပ်တော် အခြွေအရံများစွာ ရှိထားပြီးဖြစ်သည်။

သို့သော် ဖုန့်ကျိုးယွဲ့မှာ ထိုသို့သော စိတ်ဆန္ဒမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ မြို့တော်ရှိ မိန်းကလေးများ အလွန်လှကြပါသည်။ သို့သော် သူတို့သည် သူ့နှလုံးသားကို ဘယ်သောအခါကမှ လှုပ်ခါအောင် မစွမ်းဆောင်နိုင်ခဲ့ပါ။ သူ့ရင်ခွင်ထဲ ပန်းခက်များ ပစ်ထည့်ပေးသည့်အခါမျိုးမှာပင် သူက စိတ်လှုပ်ရှားမှုမရှိဘဲ ပြန်ပေးလိုက်လေ့ရှိသည်။

သူ့စိတ်အာရုံတစ်ခုလုံးက အပျော်အပါးတွင်သာ ရှိသည်။ ဒီနေ့ ကြက်တိုက်မည်၊ ခွေးပြိုင်မည်။ မနက်ဖြန် ငါးမျှားမည်၊ လှေစီးမည်။ ဒါထက် ပိုပျော်စရာကောင်းတာ ဘာရှိပါဦးမည်နည်း။ တခြားသူအကြောင်း တွေးဖို့ ဘယ်လိုလုပ် အချိန်ရှိနိုင်ပါ့မလဲ။

သို့သော် ရှဲ့ယန်ကတော့ တစ်ခုခု ကွဲပြားနေပုံရသည်။ ထိုကွဲပြားခြားနားမှုကပင် လှိုင်းထန်နေသော ပင်လယ်ကြီးတစ်ခုက သူ့ကို ဝါးမျိုတော့မည့်အလား ပြင်းပြသောဆန္ဒများကို သယ်ဆောင်လာပြီး ရှင်းပြမရနိုင်သည့် ထိတ်လန့်မှုနှင့် စိုးရိမ်ပူပန်မှုများကို ခံစားရစေသည်။

ရေချိုးပြီးသည်နှင့် ယွမ်ရဲက တောင်းပန်ရန်အတွက် လက်ဆောင်ပဏ္ဏာ အများအပြားနှင့်အတူ ရောက်ရှိနေကြောင်း ရှောင်မန် လာသတင်းပို့သည်။ ဖုန့်ကျိုးယွဲ့ နှာခေါင်းရှုံ့လိုက်မိသည်။

“အဲဒီလူယုတ်မာကို မောင်းထုတ်လိုက်စမ်း”

သူစိတ်ရှုပ်နေချိန်ဖြစ်လို့ ထိုလူယုတ်မာကို လုံးဝမတွေ့ချင်။ အိပ်မက်ဆိုးပြဿနာကိုသာ အသည်းအသန် အဖြေရှာနေမိသည်။ သို့သော် ခေါင်းပေါက်မတတ် စဉ်းစားသော်လည်း ထိုအဖြစ်အပျက်အတွက် အကြောင်းပြချက်ဟူ၍ တစ်ခုတစ်လေပင် ရှာမတွေ့ခဲ့။

"ဖုန့်မုချိုး ... မင်းက ယောကျ်ားလေးလေ။ ပတ်သတ်ချင်ရင် မိန်းမတွေနဲ့ပဲ ပတ်သက်ရမှာပေါ့။ အခုဖြစ်နေတာက သဘာဝလွန်နေပြီ၊ ဒါက ကောင်းကင်ကို ပုန်ကန်နေတာပဲ၊ လုံးဝ မသင့်တော်ဘူး”

ဖုန့်ကျိုးယွဲ့တစ်ယောက် သူ့ကိုယ်သူ စိတ်ထဲမှ ကြိမ်းမောင်းရင်း စာကြည့်ခန်းသို့ အမြန်ပြေးသွားလိုက်သည်။

ရှေးလူကြီးများ ပြောစကားအရ စာအုပ်များထဲတွင် ကျောက်စိမ်းကဲ့သို့ မျက်နှာများရှိသည်၊ ရွှေစင်အိမ်များ ရှိသည်တဲ့။ သမိုင်းတစ်လျှောက်တွင် အမျိုးသားများသည် တစ်ခါတစ်ရံ အခြားအမျိုးသားများအပေါ် ထူးဆန်းသော သံယောဇဉ်များ ဖြစ်ပေါ်တတ်ကြသည်ဟု ကြားသိခဲ့ဖူးသည်။ ဒီစာအုပ်တွေထဲမှာ အဖြေတစ်ခုခုများ ရှာတွေ့နိုင်မလား သူမျှော်လင့်နေမိသည်။

သို့သော် ထိုနေ့က စာကြည့်ခန်းထဲ တစ်နေကုန် အချိန်ကုန်ခံပြီး မွှေနှောက်ရှာဖွေခဲ့သော်လည်း ထိုကဲ့သို့သာ ထူးဆန်းသည့် အခြေအနေမျိုးကို မှတ်တမ်းတင်ထားသည့် စာအုပ်တစ်အုပ်ပင် မတွေ့ရချေ။ ဖုန့်ကျိုးယွဲ့ခမျာ ဇဝေဇဝါဖြစ်ပြီး စိတ်ပျက်အားငယ်သွားပါတော့သည်။

သူ့ကို ပိုပြီး ထိတ်လန့်စေတာက ထိုပျင်းရိဖွယ်စာအုပ်များ ဖတ်ရှုနေစဉ်မှာပင် ရှဲ့ယန်၏ အေးစက်စက်မျက်နှာက စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေခြင်းပင် ဖြစ်သည်။

ရှဲ့ယန်၏ မျက်လုံးများက မီးခိုးရောင် ဖြစ်သည်။ ရှားပါးသော အရောင်တစ်မျိုးပေါ့။ ကျန်းနိုင်ငံတွင် ထိုမျှ အေးစက်ပြီး လှပသော မျက်ဝန်းတစ်စုံကို ရှာတွေ့ဖို့ ခက်ခဲပါလိမ့်မည်။ သူ့နှုတ်ခမ်းများကလည်း ဖျော့တော့ပြီး ပါးလွှာသည်။ တစ်ချက်ကြည့်လိုက်လျှင် ချဉ်းကပ်ရန် ခက်ခဲပုံပေါက်သော်လည်း အနမ်းတစ်ပွင့် ပေးဖို့ရာအတွက် အလွန်သင့်လျော်နေပြန်သည်။

သူ ရှဲ့ယန်ရဲ့ ရုပ်ရည်သွင်ပြင်အောက်မှာ ပြုစားခံလိုက်ရပြီ ထင်ပါရဲ့။ လုံးဝကို ရူးသွပ်နေပြီပဲ။

ဖုန့်ကျိုးယွဲ့လည်း ဖတ်လက်စစာအုပ်ကို ဒေါသတကြီး လွှင့်ပစ်လိုက်ပြီး အဖြေရှာဖို့ ကြိုးစားနေတာကို လက်လျော့လိုက်တော့သည်။ အဝတ်အစားလဲရန် အခန်းသို့ ပြန်လာခဲ့သည်။ အပြင်သွားမည့်ဝတ်စုံ ဝတ်ဆင်နေသည်ကို မြင်သည်နှင့် ရှောင်မန်က အပြေးရောက်လာပြီး မေးပါတော့သည်။

"သခင်လေး အပြင်သွားမလို့လား"

"ဟုတ်တယ်။ ဘဏ္ဍာထိန်းကို ပြောလိုက်၊ အိမ်တော်က တန်ဖိုးကြီးပစ္စည်းတွေ ပြင်ဆင်ပြီး မြင်းလှည်းပေါ် တင်ခိုင်းလိုက်။ ငါကိုယ်တိုင် အိမ်ရှေ့စံအိမ်တော်ကို သွားမယ်"

......

ဖုန့်ကျိုးယွဲ့ ထွက်လာသည့်အချိန်တွင် နေဝင်စပြုနေပြီ ဖြစ်သည်။ မြင်းလှည်းထဲမှ ကြည့်လိုက်လျှင် နေဝင်ချိန် နေရောင်ခြည်များက ကျောက်ခင်းလမ်းများကို ဆေးနီရောင် ဆိုးထားသကဲ့သို့ ဖြစ်နေသည်ကို မြင်ရသည်။ တဖြည်းဖြည်း သွားနေရင်း အိမ်ရှေ့စံအိမ်တော်သို့ နီးကပ်လာသည်နှင့်အမျှ ရင်ခုန်သံများ ပိုမိုမြန်ဆန်လာသည်။

"သခင်လေး... အိမ်ရှေ့စံအိမ်တော်ကို ရောက်ပါပြီ”

ဖုန့်ကျိုးယွဲ့လည်း မြင်းလှည်းပေါ်က အမြန်ဆင်းလိုက်ပြီး မြင့်မား၍ မှိုင်းညို့နေသော အဆောက်အအုံကြီးကို မော့ကြည့်လိုက်သည်။ မီးခိုးရောင် အမိုးအုတ်ကြွပ်များ၊ ဖြူဖွေးနေသောနံရံများနှင့် အိမ်ရှေ့စံအိမ်တော်က ခမ်းနားသလောက် သီးသန့်ဆန်လှသည်။ မြင့်မားသော နံရံများအတွင်းမှ မက်မွန်ပန်းတစ်ပွင့်ပါ သစ်ကိုင်းတစ်ခုကသာ အထီးကျန်ဆန်မှုကို သည်းမခံနိုင်သည့်အလား အပြင်ဘက်သို့ ဆန့်ထုတ်ထားသည်။

အဝင်ဝမှ အစောင့်များသည် သူ့ကိုမြင်သောအခါ အနည်းငယ် အံ့သြသွားပုံရသည်။

ဖုန့်ကျိုးယွဲ့က တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်တိုင်သတင်းပို့လိုက်သည်။

"ငါက ဖုန့်ဝန်ကြီးချုပ်ရဲ့သား ဖုန့်ကျိုးယွဲ့ပါ။ အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်စကား ပြောရင်း ဂါရဝပြုဖို့ လာခဲ့တာပါ။ တန်ဖိုးကြီးလက်ဆောင်တွေ အထူးတလည် ပြင်ဆင်လာခဲ့တယ်။ ကျေးဇူးပြုပြီး ငါရောက်နေကြောင်း လျှောက်တင်ပေးပါ"

အစောင့်တစ်ယောက် ချက်ချင်း ဝင်သွားသည်။ ဖုန့်ကျိုးယွဲ့က အဝင်ဝတွင် စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ကျောက်ခဲများကို ကန်ကျောက်နေမိသည်။ အနောက်ဘက်မှ နေရောင်ခြည် တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ဖျော့တော့တော့ အလင်းရောင်ပဲ ကျန်ရှိတော့မှ အိမ်ရှေ့စံအိမ်တော်၏ ဘဏ္ဍာထိန်းက အေးအေးလူလူ ထွက်လာသည်။

"သခင်လေးဖုန့် ... အိမ်ရှေ့စံမင်းသားက နေမကောင်းဖြစ်နေလို့ ဧည့်သည် မတွေ့နိုင်ပါဘူးလို့ မိန့်မှာလိုက်ပါတယ်။ မိုးလည်းချုပ်နေပြီဆိုတော့ သခင်လေးဖုန့် ပြန်လိုက်ပါတော့"

ဪ... သူက တွေ့ဖို့ ငြင်းဆန်လိုက်တာပဲ။ ဖုန့်ကျိုးယွဲ့ စိတ်ပျက်သွားပေမယ့် သူ့ခံစားချက်ကို မျက်နှာမှာ မပေါ်အောင် ထိန်းလိုက်သည်။ ခေါင်းညိတ်ပြလိုက်ပြီး အစေခံများကို လှည့်ပြောလိုက်သည်။

"မြင်းလှည်းပေါ်က လက်ဆောင်တွေ ချပြီး အိမ်ရှေ့စံမင်းဆီ ပို့လိုက်ကြ"

"သခင်လေးဖုန့်... လက်ဆောင်တွေ ပေးဖို့ မလိုပါဘူး။ အိမ်ရှေ့စံက လက်ခံဖို့ ဒီအဘိုးကြီးကို ညွှန်ကြားမထားပါဘူး။ လက်ဆောင်တွေကို ပြန်ယူသွားပါတော့”

ဘဏ္ဍာထိန်းက လက်နောက်ပစ်ပြီး မောက်မာသည့်ဟန်ပန်နှင့် ငြင်းဆန်လိုက်သည်။

ရှဲ့ယန်က မတွေ့ချင်ဘူးဆိုတော့လည်း သူဒေါသထွက်လို့ မရတာ ဖုန့်ကျိုးယွဲ့ ကောင်းကောင်းသိသည်။ ဒါပေမဲ့ တွက်ကြည့်လိုက်တော့ အိမ်ရှေ့စံအိမ်တော်တံခါးဝမှာ အနည်းဆုံး တစ်နာရီလောက် ရပ်စောင့်နေခဲ့ရတာပဲ။ နေဝင်ချိန်ကို ငေးကြည့်ရင်း မြေပြင်ပေါ်က အပူငွေ့တွေ တဖြည်းဖြည်း လွင့်ပျယ်သွားသလိုမျိုး သူ့ရဲ့ စွဲလမ်းမှုလေးလည်း အတော်အသင့် လွင့်ပါးသွားခဲ့ရသည်။

အိမ်ရှေ့စံအိမ်တော်က လူသူစည်ကားသော အထက်တန်းလွှာ ရပ်ကွက်တွင် တည်ရှိပြီး ဖြတ်သွားဖြတ်လာ လုပ်နေကြသူများမှာ ရာထူးကြီးသော အရာရှိများနှင့် မင်းစိုးရာဇာများ ဖြစ်ကြသည်။ မနက်ဖြန်လောက်ဆိုလျှင် မြို့တော်တစ်ခုလုံး၌ သူ့အကြောင်း ကောလာဟလ အမျိုးမျိုး ပျံ့နှံ့နေတော့မည်ကို ဖုန့်ကျိုးယွဲ့ တွေးမိလိုက်သည်။

ထိုအတွေးကြောင့် ဆုံးဖြတ်ချက်တစ်ခုကို ခေါင်းမာမာနဲ့ ချမှတ်ခဲ့ရတော့သည်။ မျက်နှာထား ခပ်တင်းတင်းဖြင့် အစေခံများကို အမိန့်ပေးလိုက်သည်။

"လက်ဆောင်တွေကို ယူပြီး အိမ်ရှေ့စံဆီ အရောက်ပို့လိုက်။ ကြားလား”

တစ်ဖက်လူက ပြတ်ပြတ်သားသား ပြောလာသဖြင့် အစေခံများက မလွန်ဆန်ရဲကြတော့ပေ။ အိမ်ရှေ့စေံအိမ်တော် ဘဏ္ဍာထိန်းလည်း ဘာမှဆက်မပြောရဲတော့ဘဲ ရိုကျိုးသော ပုံစံဖြင့် ငြိမ်နေလိုက်သည်။

လက်ဆောင်အပြည့်ပါသော မြင်းလှည်းကို အိမ်ရှေ့စံအိမ်တော်သို့ ပို့ဆောင်ပြီးချိန်တွင် ဆာလောင်မှုကြောင့် ဗိုက်ထဲမှ အသံများ မြည်လာသည်။ ထိုအခါကျမှ ထူးဆန်းသော အိပ်မက်ကြောင့် စိတ်ရှုပ်နေခဲ့ပြီး၊ တစ်နေ့လုံး ဘာမှမစားရသေးကြောင်း ဖုန့်ကျိုးယွဲ့ သတိရသွားသည်။

ထျန်းရှန်း စားသောက်ဆိုင်သို့ ရောက်ရှိပြီး ထိုင်ခါစမှာပင်၊ သူပို့လိုက်သော လက်ဆောင်များ တစ်ခုတစ်လေမှ မလျော့ဘဲ ဝန်ကြီးချုပ်အိမ်တော်သို့ ပြန်ရောက်လာကြောင်း အစေခံတစ်ယောက်က လာသတင်းပို့သည်။

"ငါသိပြီ ... မင်းသွားတော့"

ပြတင်းပေါက် အပြင်ဘက်ကနေ မှောင်ရီပျိုးစ ညရှုခင်းကို ဖုန့်ကျိုးယွဲ့ ငေးကြည့်နေမိသည်။ နွေဦးဝင်စဖြစ်လို့ ညလေပြေက အေးမြနေဆဲဖြစ်သည်။ ရုတ်တရက် ချမ်းစိမ့်စိမ့် ဖြစ်လာသလို ခံစားလိုက်ရပြီး ဝိုင်သောက်ချင်စိတ် ပေါက်လာသည်။

"ဆိုင်ရှင်ကို ပြောလိုက်၊ ဝိုင်ငါးလုံးလောက် ယူလာခဲ့လို့"

ခံစားချက်များက အကြောင်းပြချက်မရှိဘဲ သူ့စိတ်ထဲ တဖွားဖွား ပေါ်လာနေသည်။ အတိတ်တုန်းက ... ဟင့်အင်း .. သူဘယ်တုန်းကမှ တစ်စုံတစ်ယောက်ဆီ မျက်နှာငယ်ခံပြီး ဒီလို မကြိုးစားဖူးခဲ့ဘူး။ သူ့ကမ္ဘာလေးထဲမှာ အဖေရယ်၊ ကြောင်လေးတွေရယ်၊ ခွေးလေးတွေရယ်ပဲ ရှိခဲ့တာ။ သူတို့ကလွဲရင် ဘယ်သူ့ကိုမှ အလိုလိုက်နေစရာ မလိုခဲ့ဘူး။

ဒါပေမဲ့ ဒီနေ့ ဘာလုပ်နေမိတာလဲ။ အသက်ကယ်ခဲ့တဲ့ ကျေးဇူးကြွေးကြောင့်လား။ သူကတော့ စိတ်ထဲထားမနေနဲ့လို့ ပေါ့ပေါ့ပါးပါး ပြောခဲ့သားပဲ။

ရှဲ့ယန်က ချောလို့များလား။ ချောတဲ့လူတွေဆိုတာ အများကြီး ရှိပါတယ်။ ရုပ်ရည်လေးတစ်ခုနဲ့ ယိမ်းယိုင်သွားရလောက်အောင် ဒီလောက်ထိ ခံစားလွယ်တဲ့လူလား။

ဖုန့်ကျိုးယွဲ့တစ်ယောက် အတွေးစများ ရှင်းထုတ်မရအောင် ရှုပ်ထွေးနေသည်။ ဝိုင်ခါးခါး တစ်ခွက်ပြီး တစ်ခွက် သောက်ရင်း ခံစားချက်များကို မျိုချပစ်နေခဲ့သည်။ ပြင်းရှရှဝိုင်ကြောင့် နားရွက်များ ပူနွေးစပြုလာချိန်တွင် ယွမ်ရဲက သူ့သီးသန့်ခန်းထဲသို့ မမျှော်လင့်ဘဲ ဝင်လာသည်။

"ထွက်သွားစမ်း"

မျှော်စင်ပေါ်က အငြိုးအတေးကို သူဘယ်တော့မှ မမေ့ဘူး။ အကယ်၍ ယွမ်ရဲသာ တွန်းမချခဲ့လျှင် ရှဲ့ယန်က ကယ်တင်ခဲ့စရာ အကြောင်းမရှိဘူး။ ရှဲ့ယန်သာ မကယ်ခဲ့လျှင် သူလည်း ဒီလောက်ထိ စိတ်နှစ်ပြီး သိမ်ငယ်ရမယ့် အခြေအနေမျိုး ရောက်လာမည် မဟုတ်ပေ။

"ဪ ... ဒီအစ်ကိုကြီးက တမင်လုပ်ခဲ့တာမှ မဟုတ်တာ။ မင်းစိတ်ဆိုးနေရင် ငါ့ကို ပြန်တွန်းချလိုက်လေ။ ငါ ကတိပေးတယ်၊ လုံးဝမခုခံဘူး၊ ပြန်မတိုက်ခိုက်ဘူး"

ယွမ်ရဲက အရှက်မဲ့စွာ မျက်နှာပြောင်တိုက်ရင်း ပြောလာသည်။

ဖုန့်ကျိုးယွဲ့က နည်းနည်းမူးစပြုနေတာကြောင့် ယွမ်ရဲကို အာရုံမစိုက်ချင်တော့ဘူး။ သူ့ကို စူးစူးရဲရဲ ကြည့်နေသည့် ယွမ်ရဲကို လုံးဝလစ်လျူရှုပြီး ဆက်သောက်နေခဲ့သည်။

"ဒီနေ့ အိမ်ရှေ့စံအိမ်တော်မှာ အငြင်းခံလိုက်ရတယ်ဆို"

ယွမ်ရဲက ပန်းကန်နှင့်တူတစ်စုံ ယူပြီး ဝင်စားသောက်ရင်း ပေါ့ပေါ့ပါးပါး မေးလာသည်။ သူက ပြန်မဖြေ။

"ဟေး .. ဖုန့်မူချိုး၊ မင်းက ဒီလောက် ကျေးဇူးသိတတ်တဲ့လူမှန်း ငါ ဘယ်တုန်းကမှ မသိခဲ့ပါလား။ အဲဒီတုန်းကသာ ငါ မင်းကို ကယ်ခဲ့ရင် ငါ့ကိုရော အခုလိုပဲ လိုက်တွယ်ကပ်နေမှာလား"

ဟွန်း ... ယဉ်ကျေးမှုအရ သွားတွေ့ရုံသက်သက်ပါပဲ၊ ဒီကောင့်ပါးစပ်ထဲ ရောက်တော့မှ ရှဲ့ယန်နောက် တကောက်ကောက် လိုက်နေသလို ဖြစ်သွားရပြီ။

ဖုန့်ကျိုးယွဲ့ အစားစားချင်စိတ် ချက်ချင်း ပျောက်သွားပြီး "ဒုန်း"ခနဲမြည်အောင် တူကို စောင့်ချပြီး ထွက်သွားရန် ထရပ်လိုက်သည်။ သို့သော် ယွမ်ရဲက နားမလည်နိုင်သော အပြုံးဖြင့် သူ့အင်္ကျီလက်စကို ဆွဲထားသည်။

"ဟေ့ ... မသွားနဲ့ဦး။ ဒီအကိုကြီးက မင်းအပူတွေ ပျောက်သွားအောင် ပျော်စရာကောင်းတဲ့ နေရာတစ်ခုကို ခေါ်သွားပေးမလို့"

ပျော်စရာ ..... သူစိတ်အဝင်စားဆုံးအရာကို ကြားလိုက်ရလို့ ဖုန့်ကျိုးယွဲ့ လှည့်ကြည့်လိုက်မိသည်။ ယွမ်ရဲ မျက်နှာပေါ်တွင် ခပ်ညစ်ညစ် အပြုံးတစ်ခု ပေါ်နေသည်။ သူပြောသော ပျော်စရာနေရာ ဆိုသည်မှာ ပုံမှန် သူပျော်နေကျ နေရာမျိုးတော့ သေချာပေါက် ဖြစ်လိမ့်မည်မဟုတ်။ ယွမ်ရဲက အပျော်အပါး အိမ်များကို မကြာခဏ သွားတတ်သူဖြစ်ကြောင်း သူ ကြားဖူးသည်။ ထိုနေရာမျိုးဆိုလျှင် ရေမွှေးနံ့ရရုံနှင့်တင် သည်းမခံနိုင်သောကြောင့် သူအမြဲရှောင်ရှားလေ့ရှိသည်။ ယွမ်ရဲလည်း ဒါကို အသိပင်။

"ပြည့်တန်ဆာအိမ်ဆိုရင်တော့ မလိုက်ဘူး"

စိတ်မပါသဖြင့် ငြင်းဆိုပြီး ထွက်ရန် ထရပ်လိုက်သည်။ အဲဒီက မိန်းကလေးတွေကြား ကလူကျီစယ်နေမယ့်အစား အိမ်ပြန်ပြီး ရှောင်ပိုင်နဲ့ ဆော့နေတာကမှ ပိုကောင်းဦးမယ်။ ဟုတ်သားပဲ ... ရှောင်ပိုင်ဆိုတာ ဖုန့်ကျိုးယွဲ့ရဲ့ အချစ်တော် ခွေးလေးလေ၊ ယွမ်ရဲထက်တောင် ပိုပြီး ဉာဏ်ကောင်းသေးတယ်လို့ ဖုန့်ကျိုးယွဲ့က မှတ်ယူထားသည်။

"မဟုတ်ပါဘူး"

ယွမ်ရဲက မျက်စိတစ်ဖက် မှိတ်ပြရင်း လမ်းပိတ်ရပ်လိုက်သည်။ "ဒါက ကောင်လေးချောချောလေးတွေ ရှိတဲ့နေရာ"

ဖုန့်ကျိုးယွဲ့ခမျာ တော်တော်လေး မူးနေပြီး၊ ခေါင်းထဲတွင်လည်း ရှုပ်ထွေးပြီး အာရုံတွေ ဝေဝါးနေသည်။ ရှဲ့ယန်ကြောင့် ဖြစ်ပေါ်လာသော အဖြေမရှိသည့် မေးခွန်းပေါင်းများစွာနှင့် ပူလောင်နေသဖြင့် တစ်စုံတစ်ခု ပူးကပ်နေသကဲ့သို့ သူခေါင်းညိတ်လိုက်မိသည်။

အမျိုးသားအပျော်ရိပ်သာများက သာမန်နေရာများနှင့် မတူပါ။ အပြင်အဆင်က ပိုပြီး သပ်ရပ်လှပသည်။ စမ်းချောင်းရေစီးသံ တသွင်သွင်နှင့် ကျောက်ဆောင်များကြား တည်ရှိပြီး၊ အဆောင်ငယ်များကို ကြာပန်းပုံထိုးထားသည့် လိုက်ကာများဖြင့် ကွယ်ထားသည်။ ဆူညံသော ဂီတသံမရှိ၊ နှုတ်ခမ်းနီ ပါးနီ မရှိ၊ ထောင့်တစ်နေရာတွင် အေးဆေးတည်ငြိမ်သော စောင်းတီးသူ တစ်ဦးသာ ရှိသည်။

"စိတ်ပျက်သွားလား .. ညီလေးဖုန့်"

ယွမ်ရဲက မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ ဝိုင်သောက်ရင်း သူ့မြေခွေးမျက်လုံးများဖြင့် ဖုန့်ကျိုးယွဲ့ကို စူးစိုက်ကြည့်နေသည်။

ဖုန့်ကျိုးယွဲ့က ဘာမှမပြောသလို ဝိုင်လည်း မသောက်တော့ဘဲ ကျောက်ဆောင်ကြားမှ ရေစီးသံကိုသာ နားထောင်နေလိုက်သည်။

မကြာမီ တံခါးပွင့်လာပြီး လူငယ်တစ်စု ဝင်ရောက်လာကြသည်။ တစ်ယောက်ချင်းစီတွင် ဆွဲဆောင်မှု ကိုယ်စီရှိကြသည်၊ အချို့က အေးစက်သော အလှတရား၊ အချို့က ဖမ်းစားနိုင်သော ညှို့ဓာတ်များဖြင့်။ သူတို့သည် ဧည့်သည်၏ ရွေးချယ်မှုကို စောင့်ဆိုင်းနေသော ပစ္စည်းများကဲ့သို့ တညီတည်း ရိုကျိုးစွာ ဒူးထောက်လိုက်ကြသည်။

"ရှောင်ယွဲ့ ... ဒီကိုလာခဲ့”

ယွမ်ရဲက ဝိုင်ကို မော့သောက်ပြီး ထောင့်နားမှ လူငယ်တစ်ဦးကို လက်ယပ်ခေါ်လိုက်သည်။ ထိုလူငယ်က သူ့ထံသို့ ယိမ်းနွဲ့စွာ လျှောက်လာပြီး ရင်ခွင်ထဲသို့ ဝင်ရောက်ခိုနားလိုက်သည်။

"သူက”

ယွမ်ရဲ ရင်ခွင်ထဲမှ လူကို စိုက်ကြည့်ရင်း ဖုန့်ကျိုးယွဲ့ အံ့သြတကြီး မျက်လုံးပြူးသွားမိသည်။

ထိုလူငယ်က အရပ်ရှည်ပြီး သွယ်လျကာ အသားအရေမှာ နို့နှစ်ရောင်ကဲ့သို ဖြူဝင်းအိနေသည်။ မက်မွန်ပန်းပွင့်ကဲ့သို့ လှပပြီး အရည်လဲ့နေသော မျက်လုံးများ ရှိပြီး နှာတံပေါ်ပေါ်နှင့် ပြည့်ဖြိုးရဲရင့်သော နှုတ်ခမ်းများလည်း ရှိသည်။ သူ့အကြည့်က ကြည့်ခံရသူရဲ့ဝိညာဉ်ကို ဆွဲငင်နေသယောင် ထင်မှတ်ရသည်။ မည်သည့်မိန်းမလှထက်မဆို ပိုပြီး ဖမ်းစားနိုင်စွမ်းရှိသည်။

"ဘာဖြစ်လို့လဲ .. ညီလေးဖုန့်ရ"

ယွမ်ရဲက သူဘာကြောင့် လန့်သွားလဲဆိုတာ သိသိကြီးနှင့် ဟန်ဆောင်မေးလိုက်သည်။ သူက ထိုလူငယ်၏ မေးစေ့ကို ပင့်မလိုက်ပြီး ရင်းနှီးစွာ နမ်းလိုက်သည်။ သူ့မြေခွေးမျက်လုံးများက ဖုန့်ကျိုးရွဲ့ကို စိုက်ကြည့်နေရာ ထိုလူငယ်ကို နမ်းနေသည်မဟုတ်ဘဲ ထိုလူငယ်နှင့် (၁၀)ပုံ (၇)ပုံလောက် ရုပ်ချင်းဆင်တူနေသော ဖုန့်ကျိုးယွဲ့ကို နမ်းနေသလိုလို ... ပြီးတော့ သူက အဲဒီကောင်လေးကို ရှောင်ယွဲ့လို့တောင် ခေါ်လိုက်သေးတယ်။

ဖုန့်ကျိုးယွဲ့ ရွံရှာစက်ဆုပ်ပြီး အော့အန်ချင်သလို ဖြစ်သွားသည်။ ဒီကောင်လေးကို ခေါ်လာတာ သူ့ကို အရှက်ခွဲဖို့ သက်သက်ပဲလား၊ ဒါမှမဟုတ် ဒါက သူ့ရဲ့ ပုံမှန်အကျင့်စရိုက်ပဲလား။ ဒီမှာက ယောကျ်ားအချင်းချင်း ဒီလိုပဲ ဆက်ဆံကြတာလား။

ဒါပေမဲ့ ရှဲ့ယန်အပေါ်ထားတဲ့ သူ့ခံစားချက်တွေက ဒီလောက် မသေးသိမ်ပါ။ သူက ရှဲ့ယန်အနားမှာ နေချင်တာ၊ သူ့ကို ပျော်ရွှင်စေချင်တာ။

ဝေ့ဝဲကြည့်အပြီး သဘောပေါက်လိုက်မိသည်မှာ ထိုကဲ့သို့ ချောမောသော အမျိုးသားပြည့်တန်ဆာများထဲမှ တစ်ယောက်ကမျှ သူ့စိတ်ကို မဖမ်းစားနိုင်ခြင်းပင်။ သူ့အတွက်တော့ သူတို့က အရေးမပါသော လူများသာ။ သူ့ရဲ့ သိုဝှက်ထားသော ရင်ခုန်သံများ၊ တဆတ်ဆတ် ခုန်နေသောနှလုံးသား... အားလုံးက ရှဲ့ယန် တစ်ယောက်တည်းအတွက်သာ ဖြစ်သည်။ သူက ယောက်ျားချင်း နှစ်သက်သူ မဟုတ်၊ ရှဲ့ယန်ဆိုသည့် ဖြစ်တည်မှုမှာသာ တွယ်ငြိမိခဲ့ခြင်းသာ .....

ဒီအချိန်မှာ ဖုန့်ကျိုးယွဲ့ စိတ်ရှင်းသွားခဲ့ပြီ။ ရှဲ့ယန်က သူ့အသက်ကို ကယ်ခဲ့လို့ ကျေးဇူးကြွေး ရှိနေတာမျိုး မဟုတ်ဘဲ တခြားသော အခြေအနေမျိုးမှာ တွေ့ခဲ့ရင်တောင် နှစ်နှစ်ကာကာ ချစ်မိသွားမှာပါ။

ရှဲ့ယန်က ရှဲ့ယန်မို့လို့ပါပဲ။ သူ့ရဲ့ ချောမောတဲ့ရုပ်ရည်ကို တပ်မက်ပေမယ့် တကယ်လိုချင်တာကတော့ သူ့ရဲ့ အပြုံးပါ။ သူ့ရဲ့ အသက်မဲ့နေတဲ့ မီးခိုးရောင် မျက်လုံးတွေကို ပျော်ရွှင်မှုတွေနဲ့ ပြည့်စေချင်မိတာပါ။

ထိုအခိုက်အတန့်တွင် ဖုန့်ကျိုးယွဲ့ လုံးဝသေချာသွားခဲ့သည်။ သူက ယောကျ်ားများကို စိတ်ဝင်စားခြင်း မဟုတ်၊ ယောကျ်ားတစ်ယောက် ဖြစ်နေသည့် ရှဲ့ယန်ကိုသာ စိတ်ဝင်စားနေခြင်း ဖြစ်သည်။ တကယ်လို့ ရှဲ့ယန်သာ မိန်းမတစ်ယောက် ဖြစ်နေခဲ့ရင်လည်း ဒီလိုပဲ စွဲလမ်းမိမှာ အသေအချာပင်။

……..

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment