no

Font
Theme

အခန်း (၁၈)

"ငါ သိပြီ" ဆိုသည်မှာ ဘာကို ဆိုလိုခြင်မှန်း ဖုန့်ကျိုးယွဲ့ တွေးမရပါ။ ရှဲ့ယန်သည် အမှန်တကယ်ပင် ဘာကို သိသွားခဲ့သနည်း။

ဖုန့်ကျိုးယွဲ့မှာ ဘာမှပင် မပြောရသေးသော်လည်း ရှဲ့ယန်ကမူ သူ့စိတ်ထဲတွင် ဖုန့်ကျိုးယွဲ့ကို စီရင်ချက်ချပြီးသား ဖြစ်နေကာ ရှင်းပြရန် အခွင့်အရေးပင် မပေးတော့ပေ။ ဖုန့်ကျိုးယွဲ့ဘက်မှ စကားစရန် သတ္တိမွေးတိုင်း ရှဲ့ယန်၏ အေးစက်စိမ်းကားသော အမူအရာက သူ့ကို အဝေးသို့ တွန်းပို့နေမြဲဖြစ်သည်။ ရှဲ့ယန်သည် မည်သူမျှ မဖောက်ထွင်းနိုင်သော ရေခဲရဲတိုက်အတွင်း ပုန်းလျှိုးလိုက်သကဲ့သို့ပင်။ ဖုန့်ကျိုးယွဲ့ကို စကားမပြောတော့သည့်အပြင် ရင်းနှီးသည့် အမူအရာလည်း မပြတော့ပေ။

ဖုန့်ကျိုးယွဲ့မှာ အကြီးအကျယ် ဇဝေဇဝါ ဖြစ်နေရသည်။ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားသော်လည်း ဘာမှ ထိရောက်မှု မရှိခဲ့ပေ။ ထိုမျှမက ရှဲ့ယန်သည် သူဖျော်ပေးသော နို့လက်ဖက်ရည်ကို မသောက်တော့သလို၊ မှင်သွေးပေးသည်ကိုလည်း ခွင့်မပြုတော့ပေ။ ရှဲ့ယန်က သူ့ကို ကြည့်သည့်အခါတိုင်း သူစိမ်းတစ်ယောက်ကဲ့သို့ အေးစက်လွန်းလှသည်။ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အစပိုင်းကကဲ့သို့ပင် တင်းမာနေသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ယခင်ကဆိုလျှင် ရှဲ့ယန်ကို ချော့မော့ပြီး မည်သည့်ပွဲလမ်းသဘင်မဆို လိုက်သွား၍ ရသော်လည်း ယခု မိဖုရားကြီး၏ မွေးနေ့ပွဲတွင်မူ ရှဲ့ယန်က သူ့ကို ခေါ်သွားရန် အစီအစဉ်မရှိပေ။ ဖုန့်ကျိုးယွဲ့မှာလည်း အတင်းအကျပ် လိုက်မည်ဟု ပြောရန် သတ္တိမရှိသဖြင့် ညနေစောင်းသည့်အခါ အိမ်သို့သာ အသာတကြည် ပြန်လာခဲ့ရသည်။ သူသည် အစာပင် မစားနိုင်တော့ဘဲ တစ်ဦးတည်း ငိုင်တိုင်တိုင် ထိုင်နေမိသည်။

မိဖုရားကြီး၏ မွေးနေ့ပွဲမှာ အလွန်ခမ်းနားလှရာ ဖုန့်ကျိုးယွဲ့၏ ဖခင်ဖြစ်သူ ဖုန့်ဝန်ကြီးချုပ်လည်း ဖိတ်ကြားခံရသော ဧည့်သည်များထဲတွင် ပါဝင်သည်။ ဖခင်ဖြစ်သူက သူ့ကို ခေါ်သွားချင်သော်လည်း ရှဲ့ယန်၏ အေးစက်သော အကြည့်ကို ပြန်လည်အမှတ်ရမိသဖြင့် သူ ငြင်းဆန်လိုက်သည်။

ယခုအခါတွင်မူ အရသာရှိသော ဟင်းလျာများ ပြည့်နှက်နေသည့် စားပွဲကို ကြည့်နေသော်လည်း ဖုန့်ကျိုးယွဲ့မှာ စားချင်စိတ် လုံးဝမရှိပေ။ သူ၏ စိတ်ထဲတွင် ရှဲ့ယန် မေးခဲ့သော မေးခွန်းကိုသာ ထပ်ခါတလဲလဲ တွေးနေမိသည်။ သူ ချက်ချင်း အဖြေမပေးနိုင်ခဲ့သဖြင့် ရှဲ့ယန် စိတ်ဆိုးသွားခဲ့ခြင်းလား။ သို့သော် ရှဲ့ယန်၏ မကြာသေးမီက စိတ်အခြေအနေ အပြောင်းအလဲများကို သေချာစဉ်းစားကြည့်သည့်အခါ ထိုမျှမကဘဲ အခြားအရာများလည်း ရှိနေနိုင်သည်ဟု သူ ခံစားရသည်။ ရှဲ့ယန်၏ မေးခွန်းရော၊ ရှောင်ပိုင်အပေါ် ထားရှိသော သဘောထားပါ ထူးဆန်းပြီး ရှေ့နောက်မညီလှပေ။ သူသည် ရှောင်ပိုင်ကို မနှစ်သက်သလို ပြသသော်လည်း သူ၏ မျက်ဝန်းထဲတွင် အမှန်တကယ် ရွံရှာသော အရိပ်အယောင်ကို ဖုန့်ကျိုးယွဲ့ မတွေ့ရပေ။ ထိုအစား လွမ်းဆွတ်ခြင်းနှင့် မိမိကိုယ်ကို မုန်းတီးခြင်း အကြည့်မျိုးကိုသာ ခဏခဏ တွေ့နေရတတ်သည်။

သူ၏ စစ်မှန်သော သဘာဝကို သိသွားပါက ဖုန့်ကျိုးယွဲ့က သူ့ကို စွန့်ခွာသွားမည်ဟု ရှဲ့ယန်က စိုးရိမ်နေသလား။ ဖုန့်ကျိုးယွဲ့က မည်သို့ စွန့်ခွာနိုင်ပါမည်နည်း။ သူ ရှဲ့ယန်ကို ဤမျှအထိ မြတ်နိုးနေရသည် မဟုတ်ပါလား။ ကံမကောင်းစွာဖြင့် ရှဲ့ယန်မှာ ယခုအချိန်တွင် မည်သည့် ရှင်းပြချက်ကိုမျှ နားမထောင်တော့ပေ။

"သခင်လေး ... အရှင်မင်းကြီးက လင်းရှီးချန်ရဲ့ လက်ရေးမူကို ကြည့်ချင်တယ်လို့ ရုတ်တရက် မိန့်ကြားလို့ ဝန်ကြီးချုပ်က နန်းတော်ထဲ အမြန်လာပို့ခိုင်းလိုက်ပါတယ်" ဟု အစေခံလေး ရှောင်မန်က ဖခင်ဖြစ်သူ၏ စကားကို လာရောက် အကြောင်းကြားသည်။

ဖုန့်ကျိုးယွဲ့မှာ မတတ်သာဘဲ လက်ရေးမူစာလိပ်နှင့်အတူ လေးလံနေသော စိတ်ဖြင့် ဝေါယာဉ်ကို စီးနင်းရင်း နန်းတော်ဆီသို့ ထွက်လာခဲ့ရသည်။

သူ့စိတ်ထဲတွင် စိုးရိမ်စိတ်များလည်း ရှိနေသည်။ အကယ်၍ ရှဲ့ယန်နှင့် ဆုံခဲ့ပါက ရှဲ့ယန် စိတ်ပျက်သွားမည်လား။ သူသည် နန်းတော်ထဲသို့ တိတ်တဆိတ်ဝင်ကာ ဖခင်ဖြစ်သူထံ လက်ရေးမူ ပေးပြီးလျှင် ချက်ချင်းပြန်ထွက်လာမည်ဟု ဆုံးဖြတ်လိုက်သည်။ ရှဲ့ယန်မှာ အလုပ်များနေမည်ဖြစ်ရာ သူ့ကို သတိထားမိမည် မဟုတ်ဟုလည်း တွေးမိသည်။

ထိုသို့တွေးလိုက်မှ စိတ်အနည်းငယ် ပေါ့ပါးသွားကာ ဝေါယာဉ်လိုက်ကာကို မ၍ အပြင်ဘက် ရှုခင်းကို ကြည့်နေမိသည်။

ညနေခင်း အချိန်ဖြစ်ရာ ရာသီဥတုမှာ အေးမြပြီး အပူရှိန်များ ပျောက်ကွယ်နေပြီဖြစ်သည်။ လမ်းမပေါ်တွင် လူများဖြင့် စည်ကားနေကာ မီးရောင်စုံများဖြင့် လင်းထိန်နေသည်။ ကလေးငယ်များမှာလည်း တစ်ဦးနှင့်တစ်ဦး လိုက်တမ်းပြေးတမ်း ကစားရင်း ရယ်မောနေကြသည်။ ထိုနွေးထွေးပျော်ရွှင်စရာ မြင်ကွင်းလေးက ဖုန့်ကျိုးယွဲ့ကို ဆွဲဆောင်ထားသည်။

"ရှဲ့မျိုးနွယ် ကျဆုံးကာမှ၊ ဘုရင်တစ်ပါး ပေါ်ထွန်းလာ"

"မင်းစိုးရာဇာ ဆိုတာကရော၊ မွေးကတည်းက သတ်မှတ်ထားတာလား”

ဝေါယာဉ်မှာ ဝေးရာသို့ ရောက်သွားသော်လည်း ထိုကဗျာကို ရွတ်ဆိုနေကြသော ကလေးငယ်များ၏ ကြည်လင်သော အသံမှာ ဖုန့်ကျိုးယွဲ့၏ နားထဲသို့ ရောက်ရှိလာသည်။ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားကာ ဝေါယာဉ်ကို ချက်ချင်း ရပ်ခိုင်းလိုက်သည်။ အပြေးအလွှား ထွက်ကြည့်သော်လည်း ကလေးများမှာ ဝေးရာသို့ ပြေးသွားကြပြီဖြစ်သည်။ ထိုကလေးများ၏ အသံမှာ နတ်ဆိုးတစ်ကောင်၏ တီးတိုးစကားကဲ့သို့ ဖုန့်ကျိုးယွဲ့၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေသည်။

"သခင်လေး ... အမြန်မသွားရင် ဝန်ကြီးချုပ် စိတ်မရှည်ဖြစ်နေပါလိမ့်မယ်" ဟု အနားရှိ အစေခံက တိုးညင်းစွာ သတိပေးသည်။

ဖုန့်ကျိုးယွဲ့မှာ ခေါင်းငြိမ်ပြရင်း လက်ရေးမူစာလိပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ဝေါယာဉ်ပေါ် ပြန်တက်လိုက်သည်။ ခေါင်းထဲတွင် ရှုပ်ထွေးနေသည်။ ထိုကဗျာ၏ အဓိပ္ပာယ်မှာ ဘာလဲ။ တစ်စုံတစ်ယောက်က တမင်ဖြန့်ဝေထားခြင်းလား၊ သို့မဟုတ် တိုက်ဆိုင်မှုသက်သက်လား။ အကယ်၍ တိုက်ဆိုင်မှုဆိုလျှင် မနက်ဖြန်တွင် ထိုကလေးများ၏ မိဘများကို ပြောကာ တိတ်တိတ်နေရန် မှာထားရမည်။

အကယ်၍ တမင်ရည်ရွယ်ခြင်းဆိုလျှင် … ထိုအတွေးကြောင့် နွေရာသီ အပူရှိန်အောက်တွင်ပင် ဖုန့်ကျိုးယွဲ့ တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာကာ အေးစက်သွားရသည်။

နောက်ဆုံးတွင် နန်းတော်သို့ ရောက်ရှိလာသည်။ မွေးနေ့ပွဲမှာ တစ်ဝက်ကျော်လောက် ပြီးစီးနေပြီဟု သူ ခန့်မှန်းလိုက်ပြီး ကျောက်ဆောင်ဥယျာဉ်ထဲမှတစ်ဆင့် လူစည်ကားရာဆီသို့ တိတ်တဆိတ် သွားရန် ပြင်လိုက်သည်။

ကျောက်ဆောင်နောက်ကွယ်မှ ထွက်လာစဉ် နန်းတွင်းအစေခံမလေး နှစ်ဦး စကားပြောနေသည်ကို တွေ့လိုက်ရသည်။ သူတို့၏ မျက်နှာများတွင် သနားစရာကောင်းသည်ဟူသော အရိပ်အယောင်များ ရှိနေသည်။

"အိမ်ရှေ့မင်းသားက သနားစရာပါပဲ။ ပွဲက တစ်ဝက်ကျော်နေပြီ၊ မိဖုရားကြီးက ခုထိ အပြင်မထွက်လာသေးဘူး။ ဒါက သူ့ကို တမင် မျက်နှာသာမပေးတာပဲ"

"ဟုတ်ပါရဲ့ ... ကိုယ်တိုင်မွေးတဲ့ ကလေးမဟုတ်တော့လည်း အချစ်မခံရဘူးပေါ့။ ငါမှတ်မိသေးတယ်... တစ်ခါက အိမ်ရှေ့မင်းသား အမှားလုပ်မိတုန်းက မိဖုရားကြီးက သူ့ကို နန်းတော်ပေါက်ဝမှာ ဒူးထောက်ခိုင်းပြီး အပြစ်ပေးတာ။ ဆောင်းတွင်းကြီးမှာ အင်္ကျီတစ်ထည်တည်းနဲ့ တစ်ညလုံး ဒူးထောက်ခဲ့ရတာ"

"မတတ်နိုင်ဘူးလေ။ မိဖုရားကြီးက အာဏာရှိပေမယ့် ကလေးမမွေးနိုင်ဘူး။ ဒါကြောင့် အိမ်ရှေ့မင်းသားက သားလိမ္မာဖြစ်အောင် ကပ်ဖားနေရတာပေါ့။ ဟုတ်တယ်မလား"

"ဟဲ့ ... ငါကြားတာတော့ အိမ်ရှေ့မင်းသားရဲ့ မွေးမိခင်ဖြစ်တဲ့ နိုင်ငံခြားသူ ကချေသည်မလေးကို မိဖုရားကြီးကပဲ သတ်ပစ်တာတဲ့။ အခု သူလုပ်နေတာက ရန်သူကို အမေလို့ ခေါ်နေရသလိုမျိုးလား"

"လျှောက်မပြောပါနဲ့အေ... နံရံမှာ နားရှိတယ်၊ သတိထားဦး"

ဖုန့်ကျိုးယွဲ့မှာ အလွန်ပင် ဒေါသထွက်သွားသည်။ သူတို့ပြောနေသော ရှဲ့ယန်မှာ သူသိသော ရှဲ့ယန် မဟုတ်သည်မှာ သေချာသည်။ ရှဲ့ယန်က ထိုကဲ့သို့ အောက်ကျနောက်ကျ လုပ်မည့်သူ မဟုတ်ပေ။ သူတို့သည် ရှဲ့ယန်ကို ပုတ်ခတ်စော်ကားနေခြင်း ဖြစ်သည်။ ဖုန့်ကျိုးယွဲ့သည် ဒေါသတကြီးဖြင့် ထွက်၍ ငြင်းခုံရန် ပြင်လိုက်စဉ်မှာပင် ထိုအစေခံမလေးများမှာ ရုတ်တရက် တိတ်ဆိတ်သွားကာ ဒူးထောက်လိုက်ကြသည်။

ဖုန့်ကျိုးယွဲ့သည် ကျောက်ဆောင်နောက်တွင် ပုန်းနေသဖြင့် နန်းတွင်းမီးအိမ်ရောင်ကြောင့် သူ၏ အရိပ်မှာ ခပ်ဖျော့ဖျော့သာ မြင်ရရာ သူ ဒူးမထောက်လိုက်ပေ။

အဝေးမှ ဆူညံသံများမှာ နွေည၏ ပုစဉ်းရင်ကွဲ အော်သံများ ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ တိတ်ဆိတ်သွားသည်။ ခန်းမအလယ်သို့ ရွှေရောင်ဝေါယာဉ်တစ်စီး ဖြည်းညင်းစွာ ဆင်းသက်လာသည်။ ရှေ့ဆုံးမှ မိန်းမစိုးမှာ ဖြူဖျော့သော မျက်နှာရှိသော်လည်း နှုတ်ခမ်းကိုမူ နီရဲစွာ ခြယ်သထားသည်။ သူက စူးရှစွာဖြင့် ကြေညာလိုက်သည်။

"မိဖုရားကြီး ကြွလာတော်မူပြီ"

"မိဖုရားကြီးကို ဂါရဝပြုပါတယ်"

လူတိုင်း ဒူးထောက်လိုက်ကြသည်။

ဖုန့်ကျိုးယွဲ့လည်း ထိုနည်းတူပင် ဒူးထောက်လိုက်သော်လည်း ကျောက်ဆောင်နောက်ကွယ်မှနေ၍ ဘာဖြစ်နေသည်ကို သိလိုသဖြင့် ခေါင်းမော့ကြည့်လိုက်သည်။

"ထကြလော့" ဟု ခမ်းနားလှသော ဝေါယာဉ်အတွင်းမှ မိဖုရားကြီး၏ အသံ ထွက်ပေါ်လာသည်။ သူ၏ လေသံမှာ သာမန်အမျိုးသမီးများကဲ့သို့ နူးညံ့မှုမရှိဘဲ အမိန့်ပေးသံဆန်ကာ အေးစက်လှသည်။

လူတိုင်း မတ်တတ်ထရပ်ကြရာ ဖုန့်ကျိုးယွဲ့လည်း လိုက်လုပ်လိုက်သည်။ ထိုအခါမှသာ ခမ်းနားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းသရဖူ ဆောင်းထားသော ရှဲ့ယန်ကို မြင်လိုက်ရသည်။ ရှဲ့ယန်သည် ကျောက်စိမ်းကဲ့သို့ ချောမောခန့်ညားနေပြီး ဝေါယာဉ်ရှေ့တွင် မတ်မတ်ရပ်နေသည်။

"အိမ်ရှေ့မင်းသား အပြင်မှာ ရှိနေသလား"

မိဖုရားကြီးမှာ ဝေါယာဉ်ပေါ်မှ ဆင်းရန် အလျင်လိုပုံ မရပေ။ သူ၏ အသံမှာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို စနောက်နေသကဲ့သို့ ပျင်းရိပျင်းတွဲ ရှိလှသည်။

"သားတော် ရှိပါတယ်"

ရှဲ့ယန်က သူ့လက်ကို ယဉ်ကျေးစွာ ကမ်းပေးလိုက်သည်။

"မယ်တော် ဆင်းဖို့ သားတော် ကူညီပါရစေ"

ဖုန့်ကျိုးယွဲ့သည် ရှဲ့ယန်၏ အမူအရာကို ရှင်းလင်းစွာ မြင်နေရသည်။ သူသည် အေးစက်တည်ငြိမ်စွာဖြင့်ပင် ဝတ္တရားအရ ပြုမူနေခြင်း ဖြစ်သော်လည်း လူအများမှာမူ သူ၏ ဟန်ဆောင်မှုကို မရိပ်မိကြပေ။ သို့သော် မိခင်ရင်း၏ ပုံတူပန်းချီကို မြင်စဉ်က ရှဲ့ယန်၏ အမူအရာကို မြင်ဖူးထားသော ဖုန့်ကျိုးယွဲ့မှာမူ သိလိုက်သည်။

ရှဲ့ယန်သည် သူ၏ မိခင်ရင်းကို အလွန်လွမ်းဆွတ်နေမည် ဖြစ်သော်လည်း အခြားအမျိုးသမီးတစ်ဦးကို မယ်တော်ဟု ခေါ်နေရခြင်းမှာ သူ့အတွက် အလွန်နာကျင်ရမည် ဖြစ်သည်။ ဖုန့်ကျိုးယွဲ့မှာ ရှဲ့ယန်အတွက် စိတ်မကောင်းဖြစ်မိသည်။

"ဒူးထောက်စမ်း"

ရှဲ့ယန်၏ လုပ်ရပ်တစ်ခုခုကြောင့် မိဖုရားကြီးမှာ ဒေါသထွက်သွားပုံရကာ ပြတ်သားပြီး အာဏာပါသော အသံဖြင့် အမိန့်ပေးလိုက်သည်။ ပတ်ဝန်းကျင်ရှိ လူများမှာ ကြောက်ရွံ့တုန်လှုပ်သွားကြကာ ဘာမှမပြောရဲ၊ ခေါင်းမမော့ရဲကြပေ။

ရှဲ့ယန်သည် အပြည့်အဝ ဒူးမထောက်သည်ကို ဖုန့်ကျိုးယွဲ့ တွေ့လိုက်ရသည်။ သူသည် ထိုသို့ အပြုအမူမျိုးနှင့် ကျွမ်းဝင်နေသည့်အလား ဒူးတစ်ဖက်ကိုသာ ကွေးလိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်တောင်များကို ချထားသည်။ သူ၏ ခံစားချက်ကို အကဲခတ်၍ မရသော်လည်း လက်သီးကို တင်းကျပ်စွာ ဆုပ်ထားသည်ကို မြင်ရသည်။

ရှဲ့ယန် အလွန်ဒေါသထွက်နေသည်ကို ဖုန့်ကျိုးယွဲ့ ခံစားမိသည်။

ရှဲ့ယန်ကို ဒူးထောက်ခိုင်းခြင်းမှာ မိဖုရားကြီးပေးနိုင်သော အကြီးမားဆုံး အရှက်ခွဲမှုဟု ဖုန့်ကျိုးယွဲ့ ထင်မှတ်ခဲ့သော်လည်း၊ နောက်တစ်စက္ကန့်တွင် ဖြစ်လာမည့် အရာကိုမူ သူ မထင်မှတ်ထားခဲ့ပေ။ မိဖုရားကြီးသည် ရွှေချည်ထိုး ဖိနပ်စီးထားသော သူ၏ ကျောက်စိမ်းကဲ့သို့ ခြေထောက်ဖြင့် ရှဲ့ယန်၏ ဒူးကို နင်းကာ ဝေါယာဉ်ပေါ်မှ အေးအေးဆေးဆေး ဆင်းသက်လာခဲ့သည်။

ဖုန့်ကျိုးယွဲ့မှာ ထိတ်လန့်သွားသဖြင့် အသံထွက်သွားရာ ရှဲ့ယန်၏ အကြည့်နှင့် မမျှော်လင့်ဘဲ ဆုံမိသွားသည်။ ထိုအေးစက်သော မီးခိုးရောင် မျက်ဝန်းအိမ်ထဲတွင် အံ့အားသင့်နေသော ဖုန့်ကျိုးယွဲ့၏ ပုံရိပ်မှာ ထင်ဟပ်နေပြီး ပြင်းထန်လှသော ဒေါသမီးများ တောက်လောင်နေတော့သည်။

…………..

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment