no

Font
Theme

အခန်း (၁၂)

နောက်တစ်နေ့ နံနက်ခင်းတွင် နေရောင်ခြည်သည် ပုံမှန်ထက် ပိုမိုတောက်ပနေပြီး ဖုန့်ကျိုးယွဲ့၏ ပါးပြင်များကို ပူနွေးလာစေသည်။ သူသည် အိပ်ချင်မူးတူးဖြင့် ထကာ မျက်နှာသစ်ပြီးနောက် ဖခင်နှင့်အတူ နံနက်စာသုံးဆောင်ရန် ထမင်းစားဆောင်သို့ ထွက်လာခဲ့သည်။ သူ၏ ခန့်မှန်းချက်အရ ဖခင်မှာ နန်းတွင်းညီလာခံသို့ သွားရန် အချိန်မကျသေးဟု ထင်သည်။

ထမင်းစားဆောင်သို့ သွားရန် ဧည့်ခန်းမဆောင်ကို ဖြတ်ကျော်ရမည် ဖြစ်သည်။ ဖုန်းကျိုးယွဲ့ သမ်းဝေရင်း လျှောက်လာစဉ် ခန်းမအလယ်တွင် ကျောပေး၍ ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူသည် ဝတ်ရုံဖြူကို ဆင်မြန်းထားပြီး ခံ့ညားတည်ငြိမ်စွာ ရပ်နေလေသည်။ သူ၏ ဆံပင်အနက်ရောင် ကျောက်စိမ်းသရဖူဖြင့် ထိန်းထားပြီး လူအများထက် ထူးကဲသော အေးစက်တည်ငြိမ်သည့် အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

ထိုစဉ် ဖုန်းကျိုးယွဲ့၏ ဖခင်သည် အခန်းထဲမှ ထွက်လာပြီး ထိုသူကို ရိုသေစွာ ဂါရဝပြုလိုက်သည်။ "မင်းသား၊ ကျွန်တော်မျိုးရဲ့ အိမ်ဂေဟာကို ကြွရောက်လာတာ ဂုဏ်ယူမိပါတယ်။ ကြိုဆိုဖို့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်"

"ရပါတယ်" ဟု ရှဲ့ယန်က ထုံးစံအတိုင်း အေးတိအေးစက် ပြန်ပြောသည်။

ဝင်ပေါက်တွင် ကြောင်တောင်တောင်နှင့် ရပ်နေသော ဖုန်းကျိုးယွဲ့ကို မြင်သောအခါ ဖခင်ဖြစ်သူက အမြန်ခေါ်လိုက်သည်။

"ရှောင်ချိုး၊ လာဦး .. မင်းသားကို ဂါရဝပြုလိုက်ဦး"

ဖုန်းကျိုးယွဲ့သည် မျက်နှာမကောင်းစွာဖြင့် ရှေ့သို့တိုးကာ ပေါ့ပျက်ပျက်ဟန်ဖြင့် ဦးညွှတ်လိုက်သည်။

"သာမန်လူ ဖုန်းကျိုးယွဲ့က မင်းသားကို ဂါရဝပြုပါတယ်”

ရှဲ့ယန်က သူ့ကို အရေးမပါသကဲ့သို့ တစ်ချက်ကြည့်ကာ ဖခင်ဖြစ်သူထံသို့ လှည့်၍ စကားဆက်ပြောနေလေသည်။ သူ့ကို လုံးဝ လျစ်လျူရှုထားခြင်းပင်။ ဖုန်းကျိုးယွဲ့၏ စိတ်ထဲတွင် ရှဲ့ယန်သည် မနေ့က သူ အိမ်ရှေ့စံနန်းဆောင်သို့ လိုက်မသွားဘဲ ငြင်းဆန်ခဲ့သည်ကို ယခုတိုင် အငြိုးထားနေဆဲ ဖြစ်မည်ဟု တွေးမိနေသည်။

ဟွန့်... ဘယ်သူက ဂရုစိုက်မှာလဲ။

"မင်းသား၊ ဒီနေ့ ဘာကိစ္စများ ရှိလို့ပါလဲ?" ဖခင်ဖြစ်သူက အလွန်အမင်း ရိုသေစွာ မေးမြန်းသည်။ "ကိုယ်တိုင်ကြွလာဖို့ မလိုပါဘူး၊ ခိုင်းစရာရှိရင် လူလွှတ်လိုက်ရုံနဲ့ ရပါတယ် "

ဖုန်းကျိုးယွဲ့အပေါ်တွင် မောက်မာရိုင်းစိုင်းခဲ့သော ရှဲ့ယန်သည် သူ့ဖခင်ရှေ့တွင်မူ အပြစ်ပြောစရာမရှိအောင် ယဉ်ကျေးသိမ်မွေ့နေပြန်သည်။ သူက ခေါင်းကို အနည်းငယ် ငြိမ့်ပြကာ "ဖုန်းကျိုးယွဲ့က ငါ့ကြောင့် ဒဏ်ရာရခဲ့တာပါ။ သူ့အခြေအနေကို စိုးရိမ်လွန်းလို့ မနေ့ညက အိပ်လို့တောင် မပျော်ပါဘူး။ ဒါကြောင့် ဝန်ကြီးချုပ်ကို မနက်စောစော လာနှောင့်ယှက်မိတာပါ၊ ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်" ဟု ဆိုသည်။

ရှဲ့ယန်သည် တကယ့်ကို မျက်နှာနှစ်မျိုးရှိသူပင်။ ယခုကဲ့သို့ ယဉ်ကျေးသိမ်မွေ့နေသော အမူအရာမှာ မနေ့က သူ့ကို နှိပ်စက်ညှဉ်းပန်းခဲ့သော ပုံစံနှင့် တခြားစီပင်။ တခြားသူတွေရှေ့တွင်မူ သူသည် မြင့်မြတ်ပြီး ကြင်နာတတ်သော လူကြီးလူကောင်း၊ ဖုန်းကျိုးယွဲ့ ရှေ့တွင်မူ အငြိုးအတေးကြီးပြီး အသည်းနှလုံးမရှိသူ။ ပြီးတော့ လိမ်လည်း လိမ်တတ်သေးသည်။

မနေ့က သူ့ကို နမ်းတာ အပျော်သဘောပါဆိုပြီး၊ ဒီနေ့ကျတော့ သူ့ကို အိမ်ရှေ့စံနန်းဆောင်ဆီ ပြန်ခေါ်သွားပြီး ခိုင်းစေဖို့အတွက် ဖခင်ဖြစ်သူကို ချိုသာတဲ့ စကားတွေနဲ့ ဖြားယောင်းနေသည်။ ဖုန်းကျိုးယွဲ့ ဒေါသထွက်လွန်းလို့ အံကြိတ်မိတော့သည်။

သူ့စိတ်ထဲကနေ ရှဲ့ယန်ကို အကြိမ်ပေါင်း တစ်ထောင်လောက် ကျိန်ဆဲနေတုန်းမှာပဲ ဖခင်ဖြစ်သူက "ဒါဆိုလည်း မင်းသား စိတ်မရှိဘူးဆိုရင် ကျွန်တော်တို့နဲ့အတူ နံနက်စာ သုံးဆောင်ပါဦး။ ကျိုးယွဲ့ရဲ့ ဒဏ်ရာကို မနေ့က သမားတော် စစ်ဆေးပြီးပါပြီ။ အနားယူရင် မကြာခင် ပျောက်သွားမှာပါ" ဟု ဖိတ်ကြားလိုက်သည်။

ဖုန်းကျိုးယွဲ့သည် ဖခင်ဖြစ်သူကို ကြည့်ကာ ခေါင်းကို မသိမသာ ခါပြသော်လည်း၊ ဖခင်ကမူ သူ ကလေးကလား ဆိုးနွဲ့နေသည်ဟု ထင်ကာ ဂရုမစိုက်ဘဲ မီးဖိုချောင်ကို ဟင်းပွဲပြင်ရန် ခိုင်းလိုက်တော့သည်။ ပိုဆိုးသည်မှာ သူ၏ မကျေမနပ်ဖြစ်နေသော မျက်နှာကို ရှဲ့ယန်က မြင်သွားပြီး နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကာ အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံဖြင့် ပြောလိုက်သည်မှာ ….

"ပျော်စရာကြီး"

သူက တကယ်ပဲ "ပျော်စရာကြီး"တဲ့။ ဖုန်းကျိုးယွဲ့ ဒေါသထွက်လွန်းသဖြင့် ခေါင်းထဲကနေ အခိုးအလျှံတွေ ထွက်လာတော့မည့်အတိုင်း ခံစားလိုက်ရသည်။ ချက်ချင်းပင် "အဖေ၊ ကျွန်တော် ထမင်းစားချင်စိတ် မရှိတော့ဘူး။ မစားတော့ဘူး၊ အခန်းထဲပဲ ပြန်တော့မယ်" ဟု ဆိုလိုက်သည်။

ရှဲ့ယန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်ရိပ်များ ပါနေသည်။ မနေ့က သူ နာခံမှု မရှိခဲ့သည့်အတွက် ရှဲ့ယန်က သူ့ကို တမင်တကာ ရန်စနေခြင်းဖြစ်ကြောင်း သူသိသည်။ တကယ့်ကို စိတ်ပုပ်တဲ့လူ။

ဒါကို ဖခင်ဖြစ်သူက ခွင့်မပြုပါ၊ သူက ဒေါသတကြီး ဆူလိုက်သည်။ "ဘာတွေ လျှောက်ပြောနေတာလဲ၊ နံနက်စာကို မစားဘဲ နေလို့ ဘယ်ဖြစ်မလဲ။ ဖုန်းကျိုးယွဲ့၊ အဲ့ဒီမှာပဲ ငြိမ်ငြိမ်ရပ်နေစမ်း”

ရှဲ့ယန်ရှေ့မှာ သူဘယ်လိုလုပ်ပြီး ငြင်းဆန်ရဲပါ့မလဲ။ ဖုန်းကျိုးယွဲ့ စိတ်ထဲကနေသာ ပွစိပွစိ ပြန်ပြောရင်း ထမင်းစားဆောင်ဘက်ကို လက်ညှိုးညွှန်ပြကာ တိုးတိုးလေး ဆိုလိုက်ရသည်။ "မင်းသား ... ဒီဘက်က ကြွပါ"

အိမ်ရှေ့စံနန်းဆောင်တွင် ရှိစဉ်က ရှဲ့ယန် ထိုင်ပြီး စာရေးနေချိန်တွင် သူက ရပ်နေလေ့ရှိသဖြင့် ရှဲ့ယန်က သူ့ထက် အများကြီး ပိုအရပ်ရှည်သည်ကို သူမေ့နေတတ်သည်။

ရှဲ့ယန်က ရှေ့က လျှောက်သွားရာ သူ၏ ကျယ်ပြန့်သော ပုခုံးများနှင့် သွယ်လျသော ခါးတို့မှာ ခြေလှမ်းတိုင်းတွင် ပေါ်လွင်နေပြီး ဝတ်ရုံစများမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ နောက်က လိုက်လာသော ဖုန်းကျိုးယွဲ့သည် ရှဲ့ယန်၏ ကျောပြင်ကို ကြည့်ရင်း ငေးမိသွားသည်။ ရှဲ့ယန်၏ ကျောပြင်က သူ့ဖခင်ထက်ပင် ပိုကျယ်ပုံရသည်။ အဲ့ဒီကျောပြင်ကို မှီပြီး အိပ်ရရင်တော့ တကယ် နေလို့ကောင်းမှာပဲ။

အတွေးလွန်နေစဉ်မှာပင် ရှဲ့ယန်က ရုတ်တရက် လှည့်ကြည့်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။ ဖုန်းကျိုးယွဲ့ အရှိန်မသတ်နိုင်ဘဲ ရှဲ့ယန်၏ ရင်ဘတ်ထဲသို့ တည့်တည့် တိုးဝင်မိသွားသည်။ ရှဲ့ယန်၏ ကိုယ်မှ ထင်းရှူးနံ့ သို့မဟုတ် ဆောင်းနှင်းနံ့ကဲ့သို့ အေးစက်ပြီး သင်းပျံ့သော ရနံ့လေးက ထွက်ပေါ်နေသည်။ ဖုန်းကျိုးယွဲ့ မသိစိတ်ကပင် ထိုရနံ့ကို အသက်ပြင်းပြင်း ရှူသွင်းမိလိုက်သည်။

ရှဲ့ယန်ကမူ ဖုန်းကျိုးယွဲ့၏ "နွေးထွေးလှသော" ပွေ့ဖက်မှုကို ဘာမှမတုံ့ပြန်ဘဲ ငြိမ်သက်စွာ ရပ်နေလေသည်။ ငါးနံ့ရသော ကြောင်တစ်ကောင်ကဲ့သို့ သူ့ကို နမ်းရှုံ့နေသော ဖုန်းကျိုးယွဲ့ကို အလိုက်သင့်ပင် ခံနေသည်။

သူ၏ လက်တစ်ဖက်က ဖုန်းကျိုးယွဲ့၏ ခါးကို ခပ်လျော့လျော့ ဖက်ထားပြီး ငုံ့ကြည့်လာသည်။ သူ၏ မီးခိုးရောင် မျက်လုံးများမှာ နံနက်ခင်း နေရောင်အောက်တွင် လှပသော ဖန်တုံးလေးများကဲ့သို့ တောက်ပနေသည်။

ဖုန်းကျိုးယွဲ့ ရှဲ့ယန်၏ ဝတ်ရုံကို ဆုပ်ကိုင်ပြီး ဘယ်လောက်ကြာကြာ နမ်းရှုံ့နေမိသလဲ မသိပါ၊ ရှဲ့ယန်က ရုတ်တရက် အေးစက်သော လေသံဖြင့် "မင်းအဖေ လာနေပြီ" ဟု ပြောလိုက်သည်။

သူ သတိပြန်ဝင်လာပြီး ရှဲ့ယန်၏ အနားမှ လန့်ဖျန့်ကာ ခုန်ထွက်လိုက်သည်။ ရှဲ့ယန် လိမ်ပြောနေခြင်း မဟုတ်ပါ။ ဖခင်ဖြစ်သူက ခန်းမထဲမှ ထွက်လာပြီး "မင်းသား... ထမင်းစားဆောင်က ဒီဘက်မှာပါ" ဟု ပြုံးလျက် ဆိုလိုက်သည်။

ခုနက ရှဲ့ယန်က ဘာလို့ ရုတ်တရက် လှည့်ကြည့်တာလဲ၊ ဖုန်းကျိုးယွဲ့ စဉ်းစားလို့ မရပါ။

ရှဲ့ယန်နှင့် ဖခင်ဖြစ်သူတို့မှာ တိုင်းရေးပြည်ရာများမှစ၍ အိမ်နီးချင်းနိုင်ငံများ၊ ထုံးတမ်းစဉ်လာများအထိ ပြောစရာတွေ အများကြီး ရှိနေကြသည်။ ဖုန်းကျိုးယွဲ့မှာမူ ပျင်းလွန်းသဖြင့် လက်ချောင်းလေးတွေကို ကစားရင်း နံနက်စာ လာချပေးမည့်အချိန်ကို စိတ်မရှည်စွာ စောင့်နေမိသည်။

သူ့ဖခင်က ရှဲ့ယန်၏ အစားအသောက် အကြိုက်ကို မသိသဖြင့် စားပွဲပေါ်တွင် ဖုန်းကျိုးယွဲ့ အကြိုက်ဆုံး မုန့်များသာ ပြည့်နေသည်။ ဖခင်က ရှဲ့ယန်ကို "မင်းသား... မြည်းစမ်းကြည့်ပါဦး။ နန်းတွင်းက မုန့်တွေလောက်တော့ မကောင်းနိုင်ပါဘူး။ အဆင်မပြေရင် တခြားမုန့်တွေ ထပ်ပြင်ခိုင်းပါ့မယ်" ဟု ဖိတ်မန္တက ပြုသည်။

"ရပါတယ် ဝန်ကြီးချုပ်၊ သုံးဆောင်ပါ" ဟု ရှဲ့ယန်က ခံစားချက်မဲ့စွာ ပြောသည်။

သူ့ကြည့်ရတာ ဘာမှမဖြစ်သလို ရှိသော်လည်း၊ ဖုန်းကျိုးယွဲ့ကတော့ ရှဲ့ယန် ဒီမုန့်တွေကို သဘောမကျမှန်း သိသည်။ သူက မနက်ခင်းဆိုရင် နို့လက်ဖက်ရည်ခါးခါးကို သောက်လေ့ရှိသူ ဖြစ်သည်။ စားပွဲပေါ်မှာ ဒါမရှိရင် သူ စားမှာမဟုတ်ဘူး။

ထိုသို့ တွေးမိသည်နှင့် ဖုန်းကျိုးယွဲ့သည် မုန့်အချို့ကို အမြန်စားလိုက်ပြီး မီးဖိုချောင်ကို နို့လက်ဖက်ရည် ပြင်ခိုင်းရန် ကြံစည်လိုက်သည်။

ထိုစဉ် အစေခံ ရှောင်မန်က အထဲသို့ ရုတ်တရက် ဝင်လာသည်။ သူက အိမ်ရှေ့စံကို ဦးညွှတ်ကာ ဖခင်ဖြစ်သူကို နှုတ်ဆက်ပြီးနောက် ဖုန်းကျိုးယွဲ့ကို စာတစ်စောင် ကမ်းပေးလိုက်သည်။ "သခင်လေး ... ဒါက သခင်လေး ယွမ်ယဲ့ဆီက ပို့လိုက်တဲ့ စာပါ" တဲ့။

စကားဆုံးသည်နှင့် ရှဲ့ယန်၏ အကြည့်များက ဖုန်းကျိုးယွဲ့ထံသို့ မြားတစ်စင်းကဲ့သို့ စူးရှစွာ ကျရောက်လာသည်။ သူ၏ မျက်နှာမှာ မှောင်ကျသွားပြီး နှုတ်ခမ်းပါးများကို တင်းတင်းစေ့ထားကာ၊ စားပွဲပေါ်က သူ၏ လက်ချောင်းများမှာလည်း သူ့ကို အကြည့်ဖြင့် သတ်ချင်နေသကဲ့သို့ တင်းမာနေလေသည်။

ဖုန်းကျိုးယွဲ့သည် ရှဲ့ယန်ကို သူ ဘာကတိပေးထားသည်ကို ချက်ချင်း သတိရသွားပြီး ရှောင်မန်ကို အမြန် ဟန့်တားလိုက်သည်။ "ဒီလိုစာတွေကို မီးရှို့ပစ်ဖို့ ငါပြောထားတယ် မဟုတ်လား။ ဘာလို့ မေ့နေတာလဲ"

ရှောင်မန်က အပြစ်မကင်းသလို ကြည့်ကာ "ကျွန်တော်မျိုးလည်း အဲ့ဒီလို လုပ်မလို့ပါပဲ။ ဒါပေမဲ့ လာတဲ့လူက သူ့သခင်က အရမ်းနေမကောင်းဖြစ်နေလို့ ဒီစာကို မဖြစ်မနေ ပေးပေးပါလို့ တောင်းပန်နေလို့ပါ" ဟု ပြန်ပြောသည်။

ဖုန်းကျိုးယွဲ့ နှာခေါင်းရှုံ့လိုက်သည်။ အဲ့ဒီလူ ယွမ်ရဲဆိုတာ သေသွားရင်တောင် လူတွေအတွက် ကောင်းမှုတစ်ခုပဲလို့ ပြောရန် ပြင်နေစဉ်မှာပင် ရှဲ့ယန်က ကြားဖြတ်၍ အေးအေးဆေးဆေး ဆိုလာသည်။ သူသည် ဇွန်းကိုကိုင်ကာ ဆန်ပြုတ်ကို အေးအေးဆေးဆေး သောက်နေသော်လည်း ဖုန်းကျိုးယွဲ့ကိုမူ "သခင်လေးယွမ်က မင်းကို ဒီလောက်တောင် ဂရုစိုက်နေတာပဲ၊ မင်းကလည်း သူ့ရဲ့ စေတနာကို တုံ့ပြန်တဲ့အနေနဲ့ စာကို ဖတ်ကြည့်သင့်တာပေါ့" ဟု ပြောလိုက်သည်။

ထိုသို့ ပြောနေသော်လည်း သူ၏ အေးစက်လှသော မျက်လုံးများက ဖုန်းကျိုးယွဲ့ကို စူးစိုက်ကြည့်နေပြီး လေသံမှာလည်း တမင်ရွဲ့ပြောနေမှန်း အလွန်ပင် သိသာလှသည်။ ဖုန့်ဝန်ကြီးချုပ်ပင် အခြေအျနကို သတိထားမိသွားပြီး "မင်းသား ဒီမှာရှိနေတာကို ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ မနှောင့်ယှက်ပါနဲ့။ နောက်မှ ရှင်းလိုက်" ဟု ပြောလိုက်သည်။

ဖုန်းကျိုးယွဲ့ ယွမ်ယဲ့ကို ဂရုမစိုက်နိုင်ပါ။ ရှဲ့ယန်က ဇွတ်ဖတ်ခိုင်းလျှင်ပင် ဖတ်ရန် အစီအစဉ်မရှိပါ။ ရှောင်မန်ကို ပြတ်ပြတ်သားသား ပြောလိုက်သည်။ "နေမကောင်းရုံ မကလို့၊ သေလို့ သေတမ်းစာ ပေးတာပဲဖြစ်ဖြစ်၊ ချက်ချင်း သွားပြီး မီးရှို့ပစ်လိုက်"

"နားလည်ပါပြီ သခင်လေး" ရှောင်မန်လည်း သူ မှားသွားမှန်း သိပြီး ချက်ချင်း ထွက်သွားတော့သည်။

နံနက်စာ သုံးဆောင်နေစဉ် ကျန်ရှိသော အချိန်တစ်လျှောက်လုံးတွင် ရှဲ့ယန်သည် ဖုန်းကျိုးယွဲ့၏ ဖခင်နှင့်သာ စကားပြောတော့သည်။ ဖုန်းကျိုးယွဲ့ စကားထဲ ဝင်ပြောရန် ကြိုးစားတိုင်း ရှဲ့ယန်က စကားကို ရပ်လိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်ကာ လျစ်လျူရှုထားသဖြင့် ဖုန်းကျိုးယွဲ့မှာ အလွန်အမင်း ရှက်ရွံ့နေရတော့သည်။

နံနက်စာ စားပြီးသောအခါ ဖခင်ဖြစ်သူက ရှဲ့ယန်ကို နန်းတွင်းသို့ အတူတူသွားရန် ဖိတ်ခေါ်သည်။ ဖုန်းကျိုးယွဲ့ သူတို့ကို တံခါးဝအထိ လိုက်ပို့သော်လည်း ရှဲ့ယန်က သူ့ကို တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ လျစ်လျူရှုထားဆဲပင်။ ရှဲ့ယန် ဘာကြောင့် ဒေါသထွက်နေရသလဲဆိုတာ ဖုန်းကျိုးယွဲ့ နားမလည်ဘဲ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေမိသည်။ ရှဲ့ယန် စိတ်ကြည်သွားအောင် တစ်ခုခု ပြောရမလားဟု တွေးနေမိသည်။

ရှဲ့ယန်၏ ဝေါယာဉ်မှာ အိမ်ရှေ့တွင် ဆိုက်ထားပြီး၊ အလွန်တင့်တယ်ခမ်းနားကာ ထောင့်လေးထောင့်တွင် လေတိုက်တိုင်း မြည်သော ခေါင်းလောင်းလေးများ ချိတ်ဆွဲထားသည်။ ဖုန်းကျိုးယွဲ့ ခဏစဉ်းစားပြီးနောက် မီးဖိုချောင်က ပြင်ပေးထားသော နို့လက်ဖက်ရည်ခါးခါးကို ယူကာ ဝေါယာဉ်အနားသို့ ချဉ်းကပ်သွားလိုက်သည်။

"ရှဲ့ယန်... ရှဲ့ယန်..."

ဖုန့်ကျိုးယွဲ့ အကြိမ်ကြိမ် ခေါ်သော်လည်း ရှဲ့ယန်က မထူးပါ။ သူလည်း ဒဏ်ရာမရသော လက်ဖြင့် လိုက်ကာကို လှန်ကြည့်လိုက်သည်။ ရှဲ့ယန်သည် အတွင်း၌ မျက်လုံးမှိတ်ကာ အနားယူနေ၏။ ဖုန့်ကျိုးယွဲ့ ခေါ်သံကို ကြားသော်လည်း တမင် လျစ်လျူရှုထားခြင်း ဖြစ်သည်။

ဝေါယာဉ်အတွင်းပိုင်းမှာ ကျယ်ဝန်းပြီး နူးညံ့သော ကော်ဇောများ ခင်းထားကာ မွှေးရနံ့များဖြင့် ပြည့်နှက်နေသည်။ ဖုန့်ကျိုးယွဲ့သည် နို့လက်ဖက်ရည်ခွက်ကို ဘေးတွင် ချလိုက်ပြီး အထဲသို့ ဖြည်းဖြည်းချင်း တွားဝင်သွားလိုက်သည်။ အနား ရောက်သောအခါမှ ရှဲ့ယန်သည် မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်ပြီး အပြင်က အစောင့်တွေကို "သွားကြစို့" ဟု အမိန့်ပေးလိုက်သည်။

ဝေါယာဉ် စတင်ရွေ့လျားသွားသည်ကို ဖုန်းကျိုးယွဲ့ ခံစားလိုက်ရသည်။ သူသည် ဝေါယာဉ်အတွင်း၌ပင် ရှိနေဆဲ ဖြစ်သည်။

"မင်း ဒီမှာ ဘာလုပ်နေတာလဲ?" ရှဲ့ယန်က သူ့ကို ငုံ့ကြည့်လာသည်။ သူ၏ မျက်တောင်များမှာ တခြားသူတွေထက် ပိုရှည်ပြီး၊ နှာတံကလည်း စင်းနေလေသည်။ သူက တစ်စုံတစ်ယောက်ကို ငုံ့ကြည့်သည့်အခါ မောက်မာမှုနှင့် စိတ်မရှည်မှုတို့က ပေါ်လွင်နေတတ်သည်။

"အရှင့်သားအတွက် နို့လက်ဖက်ရည် ယူလာပေးတာပါ" ဟု ဖုန်းကျိုးယွဲ့က ကျေးဇူးတင်ခံချင်သော လေသံဖြင့် ဆိုကာ နို့လက်ဖက်ရည်ကို ညွှန်ပြလိုက်သည်။

"အဲ့ဒါဆို အထဲကို ဘာလို့ ဝင်လာတာလဲ"

"ခေါ်တာကို မထူးလို့ လာရှာတာပေါ့" ဟု ဖုန်းကျိုးယွဲ့က စိတ်ရှည်စွာ ရှင်းပြသည်။

သို့သော် ရှဲ့ယန်က မကျေနပ်သေးပုံရသည်။ သူသည် ဖုန်းကျိုးယွဲ့၏ မျက်နှာကို အကြာကြီး စိုက်ကြည့်နေပြီးမှ ရုတ်တရက် ပြောလိုက်သည်။

"ဖုန်းကျိုးယွဲ့၊ မင်းက ကြည့်ရတာ သာမန်ပါပဲ။ ယွမ်ရဲက ဘာလို့ မင်းကို ဒီလောက်တောင် စွဲလမ်းနေရတာလဲ"

ထိုသို့ ပြောရင်း သူသည် ဖုန့်ကျိုးယွဲ့၏ ပါးပြင်ကို လှမ်း၍ ဆွဲညှစ်လိုက်တော့သည်။

…………..

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment