no

Font
Theme

အခန်း(၃)

မိစ္ဆာကောင်

ရှုပ်ထွေးနေသော အတွေးများ ရှင်းသွားသော်လည်း ဝိုင်က အစွမ်းပြလာပြန်ချေပြီ။ မူးနေသည့် ဖုန့်ကျိုးယွဲ့မျက်လုံးထဲ ယွမ်ရဲနဲ့ သူ့ကောင်လေးက ပုံရိပ်အထပ်ထပ်ဖြစ်ပြီး ယိမ်းထိုးနေသယောင် မြင်နေရသည်။

"ချစ်ညီလေး … အဆင်ပြေရဲ့လား"

ယွမ်ရဲလေသံက စိုးရိမ်သလိုလို ရှိပေမယ့် နေရာကတော့ မရွေ့ပေ။

ကောင်းတာပေါ့၊ သူလည်း ဒီလူယုတ်မာ သူ့ကို နည်းနည်းလေးမှ မထိစေချင်ဘူး။ ဖုန့်ကျိုးယွဲ့ အမြင်မှာတော့ ယွမ်ရဲက ပုပ်သိုးသိုးအနံ့ ထွက်ပြီး လမ်းလျှောက်နေတဲ့ အလောင်းကောင်နဲ့ ဘာမှမခြား။

ယွမ်ရဲ လက်ကာပြရင်း ယိုင်နဲ့နေတဲ့ ခြေထောက်တွေကို အားပြုကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် အိမ်ကို ဒယိမ်းဒယိုင်နဲ့ ပြန်လာခဲ့သည်။

အခန်းထဲ ခိုးကြောင်ခိုးဝှက် ဝင်လာပြီး အဖေ့ဖြစ်သူရဲ့ စာကြည့်ခန်းရှေ့ ဖြတ်လျှောက်ရင်း အထဲမှာ မီးလင်းနေသေးတာကို သတိထားမိလိုက်သည်။ ဖုန့်ကျိုးယွဲ့ အပြစ်ရှိသလို ခံစားလိုက်ရပြီး အရက်နံ့ ပျောက်သွားအောင် ယပ်ခတ်လိုက်မိသည်။ သူထင်သည့်အတိုင်း စာကြည့်ခန်းတံခါး ပွင့်လာခဲ့သည်။

"ရှောင်ချိုး .. သောက်လာတာလား" အဖေ့ရဲ့ မျက်ခုံးတွေ အနည်းငယ် တွန့်ချိုးသွားပြီး မေးလိုက်တဲ့လေသံမှာ လက်လျော့လိုက်ရတဲ့ အရိပ်အယောင်တွေ ပါနေသည်။

ရှောင်ချိုသည် ဖခင်ဖြစ်သူ မျက်မှောင်ကြုတ်သည်ကို အလွန်ကြောက်ရွံ့တတ်သည်။ ငယ်ငယ်တုန်းက အပြင်မှာ အနိုင်ကျင့်ခံရလို့ ပြန်လာတိုင်း အဖေဖြစ်သူက စိုးရိမ်ပူပန်တဲ့ မျက်နှာထားမျိုးနဲ့ နှစ်သိမ့်ပေးတတ်သည်။ သူ့မျက်လုံးတွေထဲမှာ နာကျင်မှုနဲ့ ဒေါသတွေ ရောပြွန်းနေတာကို တွေ့ရတတ်သည်။

"ဒီနေ့ အရမ်းပျော်နေလို့ ပိုသောက်မိသွားတာပါ .. အဖေ။ အဖေလည်း စောစောအိပ်သင့်နေပြီ။ အလုပ်တွေ အရမ်းနောက်ကျတဲ့အထိ မလုပ်ပါနဲ့။ ရှောင်ချိုးက အဖေ့အတွက် စိတ်ပူလို့ပါ”

ဖုန့်ကျိုးယွဲ့ တတ်နိုင်သလောက် တည်ငြိမ်အောင် ရပ်ရင်း ပြုံးပြလိုက်ပြီး ဖခင်ဖြစ်သူ မျက်ခုံးကြားက အရေးအကြောင်းတွေကို လက်နဲ့ ပြေလျော့အောင် ဆွဲပေးလိုက်သည်။

“ဒါမှ ကျနော့်ရဲ့ အချောဆုံး၊ အတော်ဆုံး အဖေ ဖြစ်သွားတာ”

"၁၈ နှစ်ရှိနေပြီ၊ ခုထိ ကလေးဆန်နေတုံးပဲ”

အဖေဖြစ်သူက ဆူသလို ပြောပေမယ့် သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာသည်။

"အခန်းထဲသွားပြီး နားတော့။ အဖေ အမူးပြေဟင်းရည် လုပ်ပေးမယ်"

ဖခင်ဖြစ်သူ မီးဖိုချောင်ဘက် ထွက်သွားတော့ ဖုန့်ကျိုးယွဲ့ လက်ရန်းကို မှီထားရင်း အဖေ့ကျောပြင်ကို ငေးငိုင်စွာ ကြည့်နေမိသည်။ သူ့အဖေက စာပေပညာရှင် တစ်ယောက်ဆိုပေမယ့် ပခုံးကျယ်ကျယ်နဲ့ သန်မာတဲ့ လက်မောင်းတွေ ရှိပြီး ယောက်ျားပီသတဲ့ပုံစံ ရှိသည်။ ငယ်ငယ်တုန်းကဆို အဖေ့ကျောကုန်းပေါ် ခိုတက်ပြီး ဂျီကျနေကျလေ။ ဖခင်ဖြစ်သူရဲ့ တောင့်တင်းကြံ့ခိုင်တဲ့ ကျောပြင်က လုံခြုံစိတ်ချမှု အပြည့်အဝ ပေးနိုင်ခဲ့တယ်။ အမြဲတမ်း လွှမ်းမိုးနိုင်တယ်၊ အမြဲတမ်း စွမ်းဆောင်နိုင်တယ်၊ ဒါက ဖုန့်ကျိုးယွဲ့ရဲ့ မွေးသဖခင် ဖုန့်ဝန်ကြီးချုပ်ပဲ။

...........

အိပ်ချင်မူးတူးနဲ့ အမူးပြေဟင်းရည် သောက်ပြီးချိန်မှာ ခေါင်းကိုက်မူးဝေမှုတွေ နည်းနည်း သက်သာသွားသည်။ အနည်းဆုံး ခေါင်းသိပ်မလေးတော့ဘဲ ပြန့်ကျဲနေတဲ့ အတွေးတွေ ပြန်စုစည်းမိလာသည်။

နွေဦးရာသီ ညလေပြေက အေးမြနေဆဲပင်။ နွေဦးဝတ်ရုံကို လုံအောင် စည်းနှောင်ဝတ်ဆင်ပြီး ပြတင်းပေါက် ပိတ်ဖို့ သွားလိုက်ချိန် မထင်မှတ်ဘဲ လမင်းကြီးရဲ့ တောက်ပအေးစက်တဲ့ အကြည့်နဲ့ ဆုံလိုက်သလို ခံစားလိုက်ရသည်။ မာနကြီးပြီး အထီးကျန်ဆန်စွာ အဝေးကနေ လှမ်းကြည့်နေသလိုမျိုး။

နှင်းပွင့်လို ဖြူဖွေးတင့်တယ်တယ်၊ နှင်းခဲလို အေးစက်တယ်၊ အားလုံး အနားမကပ်နိုင်အောင် တားဆီးထားပေမယ့် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပနေတယ်။ ရှဲ့ယန်က အဲဒီ လမင်းကြီးနဲ့ တူလိုက်တာ၊ ဘယ်တော့များမှ သူ့ရင်ခွင်ထဲ ကျရောက်လာမှာလဲလို့ ဖုန့်ကျိုးယွဲ့ တွေးမိသွားတယ်။

နောက်တော့ သက်ပြင်းချပြီး ပြတင်းပေါက်ကို ပိတ်လိုက်သည်။

ဒါပေမဲ့ အိပ်လို့က မပျော်။

အသက် ၁၈ နှစ် ရှိပြီဆိုပေမယ့် ဒီလို ထူးဆန်းတဲ့ လျှို့ဝှက်ချက်မျိုး ရှိနေတာ ဒါပထမဆုံးအကြိမ်ပင်။ ယောကျ်ားတစ်ယောက်က နောက်ထပ် ယောကျ်ားတစ်ယောက်ကို ချစ်နေတယ်တဲ့လေ။ ကျန်းမင်းဆက်မှာ ဒါက ဘယ်လောက် တုန်လှုပ်စရာကောင်းတဲ့ ကိစ္စလဲ။ သူ့စိတ်တစ်ဝက်က ကိုယ့်ကိုယ်ကိုယ် သတ္တဝါဆန်းတစ်ကောင်လို ခံစားနေရပေမယ့် ကျန်တစ်ဝက်ကတော့ ဒီသံယောဇဉ်က အမှားမရှိဘူးလို့ ယုံကြည်နေတယ်။

ရှဲ့ယန်ကို သူ့ခံစားချက်တွေ သိစေချင်မိသည်။

.............

နောက်ပိုင်းရက်တွေမှာ ရှဲ့ယန်အကြောင်းပဲ တွေးနေမိသည်။ နေ့တိုင်းလိုလို အိမ်ရှေ့စံအိမ်တော်ရှေ့ ဖြတ်လျှောက်ဖြစ်ခဲ့ပေမယ့် တစ်ခါလေးတောင်မှ မတွေ့ခဲ့ရ။ သူ့ကို တမင် ရှောင်နေတာများလားလို့တောင် တွေးမိနေသည်။

ဖုန့်ကျိုးယွဲ့ အိမ်ရှေ့စံအိမ်တော်ရှေ့မှာ တစ်နာရီလောက် စောင့်နေခဲ့တဲ့ကိစ္စကို အတင်းအဖျင်းသမားတွေက ပုံဖျက်ပြီး လျှောက်ပြောကြရာကနေ နောက်ဆုံးတော့ ဖုန့်ကျိုးယွဲ့က ကိုယ့်ကိုယ်ကိုယ် ရှဲ့ယန်ဆီ ပုံအပ်ဖို့ ကြိုးစားရာရင်း ရက်ရက်စက်စက် ငြင်းပယ်ခံလိုက်ရတယ်ဆိုတဲ့ ဇာတ်လမ်း ဖြစ်သွားပါတော့သည်။

ဖုန့်ကျိုးယွဲ့ခမျာ ပြောစရာစကားတောင် မရှိတော့။ သူ့ကိုယ်သူ ခံ့ညားထည်ဝါပြီး စွမ်းအားကြီးတဲ့သူ ဖြစ်ရင် ကောင်းမှာပဲလို့သာ တွေးမိနေတော့သည်။ တကယ်လို့များ သူသာ အဖေ့လို အရပ်ရှည်ပြီး သန်မာမယ်၊ ယောက်ျားပီသတဲ့ရုပ်ရည် ပိုင်ဆိုင်ခဲ့မယ်ဆိုရင် လူတွေက သူ ရှဲယန်နဲ့ မိတ်ဆွေဖွဲ့ချင်နေတယ်၊ ရဲဘော်ရဲဘက် ဖြစ်ချင်နေတယ်လို့ပဲ ပြောကြမှာ။ အဲဒါက ကိုယ့်ကိုယ်ကိုယ် ပုံအပ်တယ်ဆိုတာထက် ပိုကောင်းတာပေါ့။

ခုတော့ ဖုန့်ကျိုးယွဲ့လည်း စားပွဲသောက်ပွဲ အခမ်းအနားတွေကို မျှော်လင့်စောင့်စားတတ်လာသည်။ ဒါက ရှဲ့ယန်ကို တွေ့ခွင့်ရမယ့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။ ဒီအတွက် စာအုပ်တွေလည်း အများကြီး ဖတ်ဖြစ်ခဲ့သည်။ ရှဲ့ယန်က မတွေ့ချင်ဘူး၊ စကားမပြောချင်ဘူး ဆိုတော့လည်း စာတစ်စောင်ရေးပြီး တိတ်တဆိတ် ပေးဖို့ ဆုံးဖြတ်ထားခဲ့သည်။

သို့သော် ဖုန့်ကျိုးယွဲ့က စာရေးသားမှုတွင် ပါရမီ သိပ်မရှိချေ။ စာကြည့်ခန်းထဲ ရက်ပေါင်းများစွာ အချိန်ကုန်ပြီးမှ ရလာသော အကောင်းဆုံးစာသားမှာ "ကုတင်ရှေ့က လရောင်ကို မြေပြင်ပေါ်ကျနေတဲ့ နှင်းခဲလို့ ထင်မှတ်မိတယ်" (စာဆိုလီပိုင်၏ကဗျာ) ဆိုတာလောက်ပင်။

ထိုထက်ဆိုးသည်က သူ့လက်ရေး၊ ကြည့်ပျော်ရှုပျော်ပင် မရှိ၊ ဖရိုဖရဲနဲ့ မညီမညာ၊ ပုံစံပျက်နေတဲ့ ခူကောင်တွေအလား။ စာသင်ကြားချိန် သေချာမကြိုးစားခဲ့မိသည်ကို အကြီးအကျယ် နောင်တရနေမိသည်။ နောက်ဆုံး စာကြည့်ခန်းတွင်း အခန်းအောင်းပြီး လက်ရေးလှ လေ့ကျင့်နေခဲ့သည်။ စားသောက်ပွဲ မတိုင်မီ ညရောက်တော့မှ လက်ရေးက ဖတ်လို့ရသည့် အနေအထား ရောက်လာသည်။ သူ့စာကို ရှဲ့ယန် လက်ခံရရှိသည့်အခါ တစ်လုံးမှ ဖတ်မရ ဖြစ်နေခြင်းမျိုး ဖုန့်ကျိုးယွဲ့ လုံးဝမလိုလားပါ။

ပွဲနေ့ရက်တွင် ဖုန့်ကျိုးယွဲ့ အထူးတလည် ပြင်ဆင်ပြီး ၁၈ နှစ်ပြည့် မွေးနေ့က သူ့အဖေ လက်ဆောင်ပေးထားတဲ့ ဝတ်ရုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည်။ ဝတ်စုံက အလွန်ပေါ့ပါးပြီး ခရမ်းနွယ်ပန်းခိုင်ပုံများ တင့်တယ်လှပစွာ ထိုးထားသည်။ ထိုဝတ်စုံကို ဖခင်ဖြစ်သူက အပ်ချုပ်သမားပေါင်းများစွာဖြင့် ၃ လခန့် အချိန်ယူ စီစဉ်ချုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဤဝတ်စုံကြောင့် ဖုန့်ကျိုးယွဲ့ကို ပိုမို၍ သွယ်လျကျော့ရှင်းသယောင် မှတ်ထင်ရစေသည်။

အရေးအကြီးဆုံးမှာ ခရမ်းနွယ်ပန်းခိုင်သည် ကွယ်လွန်သွားသော မိခင်၏ အနှစ်သက်ဆုံးပန်း ဖြစ်နေခြင်းပင်။ အဆိုပါ ဝတ်စုံဖြင့် ရှဲ့ယန်ကို သွားတွေ့ရခြင်းက အမေဖြစ်သူနှင့် မိတ်ဆက်ပေးရသလိုမျိုး ဖုန့်ကျိုးယွဲ့ ခံစားနေမိသည်။

စားပွဲသောက်ပွဲက အလွန်တရာ စည်ကားလှသည်။ ပွဲက မင်းသားငယ်လေးတစ်ပါး၏ တစ်လပြည့်မွေးနေ့ပွဲ ဖြစ်သည်။ ဧကရာဇ်က ပွဲစပြီး မကြာမီမှာပင် ပြန်ကြွသွားပြီး၊ မင်းညီမင်းသားနှင့် မျိုးရိုးမြင့်လူငယ်လူရွယ်များသာ လွတ်လွတ်လပ်လပ် သောက်စားပျော်ပါးရင်း ကျန်ရစ်ခဲ့ကြသည်။

ယနေ့ပွဲတွင် ဖုန့်ကျိုးယွဲ့ ရှဲ့ယန်ကို တချိန်လုံး စောင့်ကြည့်နေခဲ့သည်။ ရှဲ့ယန်က ဆင်စွယ်ရောင် ပိုးသားဝတ်ရုံ ဝတ်ဆင်ထားပြီး ကျောက်စိမ်းဆံစည်းဖြင့် ဆံပင်ကို သပ်သပ်ရပ်ရပ် စည်းနှောင်ထားသည်။ လရောင်အောက်တွင် ထိုင်နေသော ရှဲ့ယန်အသွင်က အင်မော်တယ်နတ်သားအလား မှတ်ထင်ရသည်။

ဖုန့်ကျိုးယွဲ့တစ်ယောက် ကပ်ကမ္ဘာတစ်ခုလောက် ကြာမြင့်တယ် ထင်ရတဲ့အထိ စောင့်ဆိုင်းပြီးတဲ့နောက် ရှဲ့ယန် သူ့ထိုင်ခုံကနေ ထွက်ခွာသွားတာကို မြင်လိုက်ရသည်။ ဖုန့်ကျိုးယွဲ့ ချက်ချင်းပဲ နောက်က လိုက်သွားသည်။ စာကို အင်္ကျီလက်ကြားထဲ ထည့်ထားပြီး လက်တွေ တုန်နေသလို နဖူးမှာလည်း ချွေးသီးတွေ တွဲခိုနေသည်။ အာရုံအားလုံး ရှဲ့ယန်ဆီ ရောက်နေသောကြောင့် နောက်က ဆူညံသံတွေကိုပင် သတိမထားမိတော့ပါ။

ရှဲ့ယန်က သိပ်မြန်မြန် မလျှောက်သော်လည်း၊ ဖုန့်ကျိုးယွဲ့ထက် အရပ်ရှည်ရော၊ ခြေတံပါ ပိုရှည်နေလို့ အမှီလိုက်ဖို့ အတော်လေး ကြိုးစားလိုက်ရသည်။ နောက်ဆုံးတော့ ပန်းခြံထဲက အဆောင်ငယ်တစ်ခုရှေ့တွင် ရှဲ့ယန် ရပ်သွားပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လာသည်။ သူ၏ မီးခိုးရောင်မျက်လုံးများက သမုဒ္ဒရာလို နက်ရှိုင်းပြီး တည်ငြိမ်နေသည်။

အနီးဝန်းကျင်တွင် မွှေးကြိုင်လှပသည့် ပန်းပင်များ လေထဲမှာ ယိမ်းနွဲ့နေကြပြီး နွေဦးလေပြေနဲ့အတူ ပန်းရနံ့များ သင်းပျံ့နေသည်။ ဖုန့်ကျိုးယွဲ့ခမျာ ပတ်ဝန်းကျင် အလှတရားကိုပင် မခံစားနိုင်။ မောပန်းပြီး စိတ်လှုပ်ရှားနေသဖြင့် အသက်ပင် မနည်းရှူနေရသည့်ကြားက ခေါင်းငုံ့ရင်း ချွေးများရွှဲနေသည့် လက်အစုံဖြင့် အသင့်ယူလာသည့်စာကို ပေးလိုက်သည်။

"အိမ်ရှေ့စံမင်းသား ... ကျနော့်အသက်ကို ကယ်တင်ခဲ့လို့ ကျေးဇူးတင်ပါတယ်”

"ဟား ဟား ဟား ဟား ... ငါပြောသားပဲ၊ ဒီသခင်မလေးက အိမ်ရှေ့စံကို ကြိတ်ကြွေနေတာပါလို့၊ မင်းတို့က မယုံကြဘူး။ အခု မျက်စိနဲ့ တပ်အပ်တွေ့ပြီမလား”

"လာကြဟေ့ .. လာကြ။ အားလုံး လာကြည့်ကြစမ်း၊ သခင်မလေး အချစ်နတ် ပူးကပ်နေပြီဟေ့”

ယွမ်ရဲရဲ့ အသံက ဖုန့်ကျိုးယွဲ့နောက်က ထွက်လာပြီး၊ တိတ်ဆိတ်နေသော နေရာလေးတစ်ခုလုံး ခြေသံတွေနှင့် ဆူညံသွားသည်။ ယွမ်ရဲက ဖုန့်ကျိုးယွဲ့ဘေး ပြေးဝင်လာပြီး စာကို ဆွဲလုယူသွားသည်။

ဖုန့်ကျိုးယွဲ့ သွေးများ အေးခဲသွားပြီး၊ ဆောင်းတွင်းအလယ် ရေခဲမြစ်ထဲ ကျသွားသလို ခံစားလိုက်ရသည်။ အအေးဒဏ်က အရိုးထဲထိ စိမ့်ဝင်လာသည့်အလားပင်။

"ရှဲ့ယန် .. ကျွန်တော့်အသက်ကို ကယ်ခဲ့လို့ ကျေးဇူးတင်ပါတယ်။ မြစ်ကမ်းဘေးမှာ ချိုးငှက်တစ်စုံ တွန်ကျူးနေကြတယ်။ ကျော့ရှင်းတဲ့ သခင်လေးတစ်ယောက်ဟာ လှပတဲ့ အမျိုးသားတစ်ယောက်နဲ့ လိုက်ဖက်ညီလှပါတယ်။ ရေကန်ထဲမှာ လှေအတူစီးရင်း ဂုဏ်ပြုခွင့်ပြုပါ”

"ဟား .. ဟား .. သခင်မလေးက ကဗျာတောင် ရေးတတ်နေတာပဲ။ အားလုံး နားထောင်ကြစမ်း”

"ဟား .. ဟား . ဟား .. ဟား”

ယွမ်ရဲ စကားဆုံးတာနဲ့ ရောက်လာသူလူငယ်တွေဆီက လှောင်ရယ်သံတွေ ပေါက်ကွဲထွက်လာပါတော့သည်။ ရှဲ့ယန်ရဲ့ ရွှေချည်ထိုးဖိနပ်ကို စိုက်ကြည့်ရင်း ဖုန့်ကျိုးယွဲ့ မထိန်းနိုင်အောင် တုန်ရီနေမိသည်။ အတိတ်က အမှတ်တရများ ခေါင်းထဲတွင် ယောက်ယက်ခတ်လာသည်၊ ကလေးတွေရဲ့ လှောင်ရယ်သံတွေ၊ နာကျင်ပြီး အထီးကျန်စွာ ငိုရှိုက်သံတွေ ... ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ် ခံစားလာရသည်။ အတိတ်နှင့် ပစ္စုပ္ပန်ကိုတောင် မခွဲခြားနိုင်တော့ပေ။

"ဒီမိန်းမလျာ သခင်မလေးက အိမ်ရှေ့စံ ကြင်ယာတော် ဖြစ်ချင်နေတာကိုး”

ယွမ်ရဲက မပြီးသေး။ လှောင်ပြုံးပြုံးရင်း သူ့ဆီ ဖြည်းဖြည်းချင်း လျှောက်လာသည်။

"နောက်ထပ် ရှိသေးတယ်။ ငါဆက်ဖတ်ပြရမလား"

ယွမ်ရဲစကားကြောင့် ဖုန့်ကျိုးယွဲ့ စူးစူးဝါးဝါး အော်ဟစ်ပြီး သူ့ဆီ ပြေးဝင်သွားသည်။

"ပြန်ပေး .. ငါ့ကို ပြန်ပေးစမ်း"

ယွမ်ရဲက ဖုန့်ကျိုးယွဲ့ထက် ပိုအရပ်ရှည်သဖြင့် စာကို သူမမီနိုင်အောင် လက်တဆုံးဆန့်ပြီး ခေါင်းပေါ် မြှောက်ထားလိုက်တယ်။ ခုန်လုရင်း ဖုန့်ကျိုးယွဲ့ ခြေခေါက်ပြီး မြေပြင်ပေါ် လဲကျသွားသည်။ မျက်နှာတစ်ခုလုံး ကျောက်စရစ်ခဲများနှင့် ပွတ်တိုက်မိပြီး ပွန်းပဲ့ကုန်သည်။ အင်္ကျီလက်မောင်းက ခရမ်းနွယ်ပန်းခိုင်ပန်းထိုးများလည်း ရွှံ့များ ပေကျံကုန်သည်။ ညစ်ပေသွားသည့် ပန်းပုံတွေကို ငေးကြည့်ရင်း မျက်ရည် တိတ်တဆိတ် ကျဆင်းလာသည်။ အမေသာ သူ့ကို ဒီလို သနားစရာပုံစံနဲ့ မြင်ရင် ဘယ်လိုနေမလဲဆိုတဲ့ အတွေးက ဖုန့်ကျိုးယွဲ့ကို ဖိစီးနှိပ်စက်လာသည်။

"ယွမ်ရဲ ... ပါးစပ်ပိတ်စမ်း”

ရှဲ့ယန်ရဲ့ စကားလုံးတွေက တိုတောင်းပေမယ့် မလွန်ဆန်နိုင်တဲ့ အာဏာစက် ပါဝင်နေသည်။ ရယ်မောသံ၊ လှောင်ပြောင်သံများ ရုတ်ချည်း တိတ်ဆိတ်သွားသည်။ လေတိုးသံသဲ့သဲ့တောင် ကြားရလောက်အောင် ငြိမ်ကျသွားသည်။

"အိမ်ရှေ့စံမင်းသား ... ခင်ဗျားလည်း သူ့ကို စိတ်ဝင်စားနေတာလား" ယွမ်ရဲက မယုံကြည်နိုင်တဲ့အကြည့်နဲ့ ရှဲ့ယန်ကို တီးတိုး မေးလိုက်မိသည်။

“မင်းတို့ကောင်တွေ ဆူညံ့လွန်းတယ်”

ရှဲ့ယန်က အေးစက်စွာ ပြန်ဖြေပြီး လှည့်ထွက်သွားတယ်။ ထွက်ခွာသွားသော ရှဲ့ယန်ကျောပြင်ကို ငေးကြည့်ရင်း ဖုန့်ကျိုးယွဲ့ ရုတ်တရက် ဝမ်းနည်းလာမိသည်။ ဘာလို့များ သူ့ရှေ့ရောက်လျှင် အမြဲတမ်း သနားစရာ ကောင်းနေရတာလဲ မတွေးတတ်တော့။

အရှက်ရစရာ အခြေအနေကနေ ဘယ်လို လွတ်မြောက်လာခဲ့လဲ ဖုန့်ကျိုးယွဲ့ မမှတ်မိတော့။ ရှဲ့ယန်ရဲ့ စကားက ထိရောက်မှု ရှိခဲ့သည်။ ယွမ်ရဲတို့အုပ်စု မကြားတကြား ကျိန်ဆဲရင်း ထွက်သွားကြသည်။

နန်းတော်တံခါးဝ သူရောက်လာချိန် မြင်းလှည်းနဲ့အတူ စောင့်နေကြသည့် အစေခံများ ဖုန့်ကျိုးယွဲ့ပုံစံကို မြင်ပြီး ထိတ်လန့်သွားကြသည်။ ရှောင်မန်က စိုးရိမ်တကြီး ပြေးလာရင်း တွဲကူဖို့ လက်လှမ်းလိုက်သည်။

“သခင်လေး ... အဆင်ပြေရဲ့လား"

"ငါ အဆင်ပြေတယ်"

ဖုန့်ကျိုးယွဲ့က ပုံမှန်လိုပဲ တည်ငြိမ်ချင်ယောင်ဆောင်ပြီး လက်ကာပြလိုက်သည်။

"မင်းတို့ အရင်ပြန်နှင့်ကြ။ ငါတစ်ယောက်တည်း လမ်းလျှောက်ချင်တယ်။ ဒီညကိစ္စ အဖေ့ကို ပြန်မပြောနဲ့"

သူ့သခင်လေးစိတ်ကို ကောင်းကောင်းသိနေတဲ့ ရှောင်မန်က စောဒကမတက်ဘဲ တခြားအစေခံတွေကိုပါ ခေါ်ယူပြီး အိမ်တော်ဆီ အမြန်ဆုံး ပြန်ပြေးသွားခဲ့သည်။

နန်းတော်တံခါးကနေ အိမ်အထိ အကွာအဝေးက သိပ်မဝေးပေမယ့် မနီးလှပါ။ ညဉ့်နက်နေပြီဖြစ်လို့ လမ်းပေါ်တွင် လူသူကင်းမဲ့နေသည်။ ကျောက်ခင်းလမ်းပေါ် နှင်းရည်တွေ စိုစွတ်နေပြီး မီးအိမ်အလင်းရောင် ကျိုးတိုးကျဲတဲက တစ္ဆေမီးတွေလို မှိန်ဖျဖျ လင်းနေသည်။ နွေဦးညလေက အေးစက်နေပြီး ပါးလွှာတဲ့ဝတ်ရုံက အကာအကွယ် သိပ်မပေးနိုင်ပေ။ အရိုးခိုက်မတတ် ချမ်းအေးမှုကို ခံစားရင်း ဖုန့်ကျိုးယွဲ့ မေးချင်းရိုက်ပြီး တဆတ်ဆတ် တုန်ယင်လာသည်။

ငံကျိကျိ မျက်ရည်စက်တွေ ပွန်းပဲ့နေသည့် အရေပြားကို ထိမိတော့ မျက်နှာပေါ်မှာ စပ်ဖျင်းဖျင်း ခံစားနေရသည်။ ဒီတော့မှ သူငိုနေမိမှန်း ဖုန့်ကျိုးယွဲ့ သိလိုက်ရသည်။

ငယ်ဘဝ အိပ်မက်ဆိုးတွေ ရုတ်တရက် ပြန်ဝင်ရောက်လာခဲ့ပြီ။ တခြားကလေးတွေရဲ့ လှောင်ပြောင်သံတွေ၊ စူးရှပြီး အထီးကျန်တဲ့ ငိုသံတွေ။ ဒီနှစ်ပိုင်းတွေ တလျှောက်လုံး တည်ဆောက်ထားတဲ့ ဟန်ဆောင်ကြံ့ခိုင်မှုတွေ အလုံးစုံ ပြိုလဲကျသွားပါတော့သည်။

ငါ တကယ် အသုံးမကျပါလား။

မတ်တပ်တောင် မရပ်နိုင်တော့ဘဲ ဒူးထောက်ရင်း ထိန်းမရ၊ သိမ်းမရ ရှိုက်ငိုနေမိပါတော့သည်။ ကံကောင်းတာက သိက္ခာမဲ့တဲ့ဒီပုံစံကို မြင်မယ့်လူ ဘယ်သူမှ မရှိတာပါပဲ။ ဒါပေမဲ့ ခဏအကြာ အဝေးက အပြေးလှမ်းလာတဲ့ခြေသံတွေ ကြားလိုက်ရပြီး သူ့အဖေ ဖုန့်ဝန်ကြီးချုပ် သူ့ရှေ့မှာ ပေါ်လာခဲ့သည်။

ဖုန့်ဝန်ကြီးချုပ်လည်း သတင်းကြားကြားချင်း အပြေးအလွှား ထွက်လာပုံရသည်။ သေသပ်စွာ ဝတ်ဆင်နေကျ အဝတ်အစားတွေ ဖရိုဖရဲ ဖြစ်နေပြီး မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုတွေ အထင်းသား ပေါ်နေသည်၊ ငယ်ငယ်တုန်းက ဖုန့်ကျိုးယွဲ့ ပျောက်နေချိန် လိုက်ရှာချိန်က မျက်နှာထားမျိုး။

"ရှောင်ချိုး ... သားမငိုနဲ့တော့။ အဖေ ရောက်ပြီ"

ဖုန့်ကျိုးယွဲ့ကို မြင်တာနဲ့ မေတ္တာအပြည့်လွှမ်းခြုံတဲ့ အပြုံးတစ်ခု ပေါ်လာပြီး လက်နှစ်ဖက် ဆန့်တန်းထားလိုက်သည်။

ဖုန့်ကျိုးယွဲ့လည်း မျက်ရည်တွေကို သုတ်လိုက်ပြီး ငယ်ငယ်တုန်းကလိုပဲ သူ့အဖေရင်ခွင်ထဲ ပြေးဝင်သွားသည်။ အဖေ့လက်တွေက သူ့ကျောကို ဖွဖွလေး ပုတ်ရင်း နှစ်သိမ့်အားပေးနေသည်။

“ရှောင်ချိုး .. မကြောက်နဲ့၊ အဖေ ရှိတယ်၊ မငိုနဲ့တော့"

ဖုန့်ကျိုးယွဲ့လည်း တိတ်တဆိတ် ရှိုက်ငိုရင်း ဝတ်ရုံကို ပြလိုက်တယ်။ "အဖေ... ကျွန်တော့် အင်္ကျီတွေ ပေကုန်ပြီ"

"ကိစ္စမရှိပါဘူး၊ လျှော်လိုက်ရင် သန့်သွားမှာပါ"

ဖုံးကွယ်ထားတဲ့ သူ့ခံစားချက်တွေကို နားလည်တဲ့ အဖေဖြစ်သူက ရိုးရိုးလေးပဲ နှစ်သိမ့်ပေးခဲ့သည်။ ပြီးမှ မျက်နှာပေါ်က ပွန်းပဲ့ဒဏ်ရာတွေကို သတိထားမိသွားပြီး မျက်ဝန်းထဲမှာ ဒေါသရိပ်တွေ ဖြတ်ပြေးသွားကာ အေးစက်စက် ပြောလာသည်။ "သူတို့ကို အဖေ လက်တုံ့ပြန်ဆုံးမလိုက်မယ်”

ဖုန့်ကျိုးယွဲ့က ကိစ္စကို မကြီးထွားစေချင်ပါ၊ အထူးသဖြင့် သူ့အဖေနဲ့ မြောက်ပိုင်းတပ်တော် စစ်သူကြီးတို့က ဧကရာဇ်ရဲ့ ယုံကြည်၊ အားထားရဆုံး အကြံပေးတွေ ဖြစ်နေချိန်မှာလေ။ ယွမ်ရဲရဲ့ အဖေက စစ်အင်အား အများအပြားကို ပိုင်ဆိုင်ထားပြီး ပေါ့ပေါ့တန်တန် ရန်စလို့ရတဲ့သူ မဟုတ်ဘူး။

"အဖေ... ကျွန်တော် အဆင်ပြေပါတယ်။ သူတို့က ကျွန်တော့်ကို စနောက်နေကြတာပါ"

"အဲဒါ စနောက်တာတဲ့လား။ ဒါဆို အဖေလည်း သူတို့နဲ့ နည်းနည်းလောက် ကစားပေးရတာပေါ့"

သူ့အစီအစဉ်နဲ့သူ ရှိပုံရပြီး ဒီကိစ္စ ဆက်မပြောချင်သလိုနဲ့ စကားလမ်းကြောင်း လွှဲသွားသည်။

"ရှောင်ချိုး ... သားက အိမ်ရှေ့စံနဲ့ သူငယ်ချင်း ဖြစ်ချင်တာလား"

ဖုန့်ကျိုးယွဲ့ လန့်သွားသည်၊ တကယ့်စိတ်ရင်းကို အဖေ့ကို ပြောပြလို့ မဖြစ်ဘူးလေ၊ အဲဒီ ပုန်ကန်လိုတဲ့အတွေးတွေက သူ့ကို တုန်လှုပ်သွားစေလိမ့်မယ်။ ဒါကြောင့် ခေါင်းပဲညိတ်ပြလိုက်သည်။

"ငါ့ရှောင်ချိုးလေးက ပထမဆုံးအကြိမ် သူငယ်ချင်းဖွဲ့ချင်လို့ ဒီလောက်တောင် ကြိုးစားထားတာပဲ။ အဖေ ကူညီပေးမယ်"

ဖခင်ဖြစ်သူက ဖုန့်ကျိုးယွဲ့ လုပ်ရပ်တွေကို အချစ်စိတ်နဲ့ မချိတ်ဆက်မိဘဲ အထီးကျန်ပြီး သူငယ်ချင်းလိုချင်တယ်လို့ပဲ ထင်မှတ်သွားသည်။ ပြောပြီးတာနှင့် လက်ကိုင်ပဝါ ထုတ်ပြီး သူ့မျက်နှာပေါ်က ရွှံ့တွေကို ညင်သာစွာ သုတ်ပေပြီး အိမ်ကို ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာခဲ့ကြသည်။

အိမ်မှာ ရက်အနည်းငယ် အနားယူ ဆေးကုပြီးတဲ့နောက် ပွန်းပဲ့ဒဏ်ရာတွေ အတော်လေး သက်သာလာသည်။ ဒီတော့မှ ဖခင်ဖြစ်သူ ဖုန့်ဝန်ကြီးချုပ်က ရုတ်တရက် ပြောလာခဲ့သည်။

သူ့အတွက် အိမ်ရှေ့စံရဲ့ စာဖတ်ဖော်အပါးတော်မြဲ ရာထူးတစ်ခု ရထားပြီးပြီ၊ မနက်ဖြန် အိမ်ရှေ့စံအိမ်တော်ကို သွားပြီး သတင်းပို့ရမယ်တဲ့လေ။

…………..

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment