no

Font
Theme

အခန်း (၁၇)

ရှဲ့ယန်က တိတ်ဆိတ်နေဆဲဖြစ်ရာ အချိန်အတန်ကြာ တိတ်ဆိတ်သွားသည်။ ထိုသို့ အေးစက်စက်နိုင်လှသော အခြေအနေကြောင့် ဖုန့်ကျိုးယွဲ့မှာ အားကိုးရာမဲ့သလို ခံစားရပြီး သူ့လက်ချောင်းလေးများမှာလည်း အင်္ကျီနားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသဖြင့် ဖြူဖျော့နေတော့သည်။ မိမိ၏ လက်များကို မထိန်းချုပ်နိုင်မှန်း သိသော်လည်း အချုပ်အနှောင်ခံထားရသည့် ခံစားချက်ကိုမူ ဖုန့်ကျိုးယွဲ့ မခံစားနိုင်ပေ။ ထိုသို့ အချုပ်အနှောင်ခံရတိုင်း သူ့နှလုံးသားပေါ်တွင် ပုရွက်ဆိတ် အကောင်တစ်ရာခန့် တက်၍ လျှောက်နေသကဲ့သို့ ခံစားရသည်။

သူ့လက်မောင်းပေါ်မှ ဒဏ်ရာမှာ အဝတ်အောက်တွင် ရှိနေခြင်းဖြစ်ရာ တော်တန်ရုံဖြင့် မည်သူမျှ သတိထားမိမည် မဟုတ်ပေ။ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူသည် သူ့အပေါ် အစိုးရိမ်လွန်ခဲ့ခြင်းကို သူနားလည်နိုင်သော်လည်း၊ ရှဲ့ယန်က အဘယ်ကြောင့် ဤဒဏ်ရာလေးတစ်ခုအပေါ် ဤမျှအထိ စိုးရိမ်တကြီး ဖြစ်နေရသည်ကိုမူ ဖုန့်ကျိုးယွဲ့ အဖြေရှာမရသေးပေ။

ထိုအေးစက်လှသော တင်းမာမှုကို ရှဲ့ယန်ကပင် စတင်ဖြိုခွဲလိုက်သည်။ သူက သက်ပြင်းခပ်ဖွဖွ ချကာ အိမ်တော်ထိန်းကို ခေါ်ရန် ဖုန့်ကျိုးယွဲ့ကို ခိုင်းလိုက်သည်။

ဖုန့်ကျိုးယွဲ့ အိမ်တော်ထိန်းကို ရှာပြီး ပြန်လာချိန်တွင် ရှဲ့ယန်သည် မူလနေရာတွင် မရှိတော့ပေ။ အိပ်ဆောင်ရှိ ကုတင်ပေါ်တွင် နွမ်းလျစွာ မျက်လုံးမှိတ်၍ လဲလျောင်းနေသော ရှဲ့ယန်ကိုသာ တွေ့ရသည်။ သူတို့ ဝင်လာသံကို ကြားသောအခါ ရှဲ့ယန်က အိမ်တော်ထိန်းကို မှာကြားလိုက်သည်။

"လတ်တလော ငါ နည်းနည်း နေမကောင်းဖြစ်နေတယ်။ အနားယူဖို့ လိုအပ်နေလို့ ရက်နည်းနည်းလောက် ခွင့်ယူမယ်။ အဲဒါကို အရှင်မင်းကြီးဆီ အကြောင်းကြားလိုက်ပါ။ ပြီးတော့ ငါစစ်ဆေးရမယ့် စာချွန်လွှာတွေ အကုန်လုံးကို အိပ်ဆောင်ဆီပဲ ယူလာခဲ့"

"အမိန့်တော်အတိုင်းပါ" ဟု အိမ်တော်ထိန်းက ချက်ချင်း ပြန်ဖြေကာ အလျင်အမြန် ထွက်ခွာသွားသည်။

"မင်း တကယ် နေမကောင်းတာလား" ဖုန့်ကျိုးယွဲ့သည် ရှဲ့ယန်၏ နဖူးကို စမ်းကြည့်လိုက်ပြီးနောက် သူ့နဖူးက အပူချိန်ကို နှိုင်းယှဉ်ကြည့်သည်။ "ငါကြည့်ရတာတော့ မဟုတ်သလိုပဲ"

"မင်း ဘယ်လိုထင်လို့လဲ" ရှဲ့ယန်က ကိုယ်ကို ထောက်ကာ ထလိုက်ပြီး စောင်ကို ဖယ်ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် စားပွဲဆီသို့ လျှောက်သွားကာ ဘာမှမဖြစ်သကဲ့သို့ စာချွန်လွှာများကို စတင်စစ်ဆေးတော့သည်။

"ဪ" ဖုန့်ကျိုးယွဲ့ ရုတ်တရက် သဘောပေါက်သွားသည်။ "မင်းက ဖျားချင်ယောင်ဆောင်နေတာကိုး" စကားဆုံးသည်နှင့် သူ့ပါးစပ်လေးကို လက်ဖြင့် အမြန်ပိတ်ကာ အနီးဝန်းကျင်ကို ဝေ့ကြည့်လိုက်မိသည်။ ဧကရာဇ်ကို လှည့်စားခြင်းဆိုသည့် ကြီးလေးသော ပြစ်မှုအား တစ်စုံတစ်ယောက် ကြားသွားမည်ကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။

ရှဲ့ယန်က ဘာမှပြန်မပြောပေ။ မျက်တောင်ကို ခပ်ဖွဖွ ပင့်ကြည့်ကာ ဖုန့်ကျိုးယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မလှမ်းမကမ်းရှိ သစ်သားထိုင်ခုံလေးဆီ လှမ်းကြည့်ကာ အမိန့်ပေးလိုက်သည်။

"အဲဒါ ယူလာခဲ့"

"ကောင်းပါပြီ ... ကောင်းပါပြီ"

ဖုန့်ကျိုးယွဲ့သည် ထိုထိုင်ခုံလေးကို အမြန်ရွှေ့ပေးလိုက်သည်။

"ထိုင်လိုက်"

"အင်း"

ဖုန့်ကျိုးယွဲ့ အမြန်ထိုင်လိုက်သည်။ သူထိုင်လိုက်သည်နှင့် ရှဲ့ယန်၏ အေးစက်သော လက်တစ်ဖက်က ရောက်ရှိလာပြီး ဖုန့်ကျိုးယွဲ့၏ လက်မောင်းကို ဖမ်းဆုပ်ထားလိုက်သည်။ သူ ဒဏ်ရာကို ထပ်မကုတ်မိစေရန် တားဆီးခြင်းပင်။

"ဒဏ်ရာက အမာရွတ်ကျန်ခဲ့ရင်တောင် ဘယ်သူမှ မြင်ရမှာ မဟုတ်ဘူး။ မင်းတို့တွေက ဘာလို့ ဒီလောက်တောင် စိုးရိမ်နေကြတာလဲ" ဟု ဖုန့်ကျိုးယွဲ့က စိတ်ထဲမှ ဇဝေဇဝါဖြစ်မှုကို လေသံတိုးတိုးဖြင့် ညည်းညူလိုက်သည်။

"ငါ မြင်နိုင်တယ်" ရှဲ့ယန်က ထိုစကားကို တည်ငြိမ်စွာပင် ပြောလိုက်သည်။ ဖုန့်ကျိုးယွဲ့၏ ခန္ဓာကိုယ်ကို သူမြင်နိုင်ခွင့်ရှိခြင်းမှာ အလွန်ပင် သဘာဝကျသည့်အလား။ ထိုစကားကြောင့် ဖုန့်ကျိုးယွဲ့မှာ ရုတ်တရက် ရှက်သွားရသည်။ အလွန်အမင်း နီးစပ်သူများသာ အချင်းချင်း ထိုသို့ မြင်နိုင်ကြသည် မဟုတ်ပါလား။ ရှဲ့ယန်၏ စကားလုံးများက ငြိမ်သက်နေသော ဖုန့်ကျိုးယွဲ့၏ နှလုံးသားကို တစ်ဖန်ပြန်၍ ခုန်လာစေခဲ့ပြန်သည်။

ဖုန့်ကျိုးယွဲ့က ရှဲ့ယန်ကို ခိုးကြည့်လိုက်သည်။ ရှဲ့ယန်၏ အခြားလက်တစ်ဖက်က စုတ်တံကို ကိုင်ထားကာ ခပ်မတ်မတ် ထိုင်နေသည်။ စာရေးနေချိန်တွင် မျက်တောင်များက အောက်သို့ ငိုက်ကျနေပြီး သူ၏ မီးခိုးဖျော့ရောင် မျက်ဝန်းအိမ်ကို ဖုံးကွယ်ထားသည်။ ထိုအကြည့်များမှာ တောအုပ်ထဲမှ ကြည်လင်သော ပယင်းရောင် ရေကန်လေးကဲ့သို့ ကျက်သရေ ရှိလှသည်။

သို့သော် ယခုအခါ ထိုရေကန်လေးထဲတွင် ဖုန့်ကျိုးယွဲ့၏ ပုံရိပ်မှာ ရံဖန်ရံခါ ထင်ဟပ်နေတတ်ပြီ ဖြစ်ရာ သူ့ကိုယ်သူ မည်မျှ ကံကောင်းလိုက်သနည်းဟု တွေးမိသွားသည်။

……….

နောက်ရက်အနည်းငယ်တွင်လည်း ရှဲ့ယန်သည် နာမကျန်း ဖြစ်သည်ဟုဆိုကာ ခွင့်ယူပြီး အိမ်မှာနေရင်း ဖုန့်ကျိုးယွဲ့ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ ဖုန့်ကျိုးယွဲ့ ဘာလုပ်လုပ် သိမ်းငှက်ကဲ့သို့ စူးရှသော ရှဲ့ယန်၏ အကြည့်အောက်မှ မလွတ်ကင်းပေ။ ခိုးကုတ်ရန် အခွင့်အရေး မရသဖြင့် ဒဏ်ရာမှာ ယားယံသည့် အဆင့်ကို ကျော်လွန်သွားကာ အနာဖေးမှာလည်း သဘာဝအတိုင်း ကွာကျသွားခဲ့သည်။

ရှဲ့ယန်သည် ဒဏ်ရာကို သေချာစွာ စစ်ဆေးပြီး နန်းတွင်းသမားတော်လင်းကို အမာရွတ်ပျောက်ဆေးများ ယူလာခိုင်းကာ ဖုန့်ကျိုးယွဲ့ကို လိမ်းခိုင်းသည်။ ဖုန့်ကျိုးယွဲ့က ဒဏ်ရာကို သိပ်ဂရုမစိုက်သော်လည်း ရှဲ့ယန်ကမူ ဆေးလိမ်းသည်ကို ကိုယ်တိုင် စောင့်ကြည့်နေတတ်သဖြင့် သူ ခေါင်းခဲနေရသည်။

သို့သော် ရှဲ့ယန်၏ စောင့်ကြပ်မှုအောက်တွင် ဒဏ်ရာမှာ ရိုးရိုးအမာရွတ်များကဲ့သို့ ညိုမည်းမနေဘဲ ပန်းရောင်သမ်းနေသည်။ သေချာမကြည့်ပါက အမာရွတ်ဟုပင် ထင်ကြလိမ့်မည် မဟုတ်။

နေကောင်းသွားပြီ ဖြစ်ရာ ဖုန့်ကျိုးယွဲ့ အိမ်ပြန်ရမည့် အချိန်ရောက်လာပြီဖြစ်သည်။ သို့သော် ရှဲ့ယန်နှင့် အတူရှိနေရသော ရက်များကို သူ သံယောဇဉ်တွယ်သွားသဖြင့် မခွဲချင်တော့ပေ။ အိမ်ရှေ့သို့ ရောက်နေသည့်တိုင် သူသည် ရှဲ့ယန်၏ ဝေါယာဉ်ထဲမှ ဆင်းရန် တွန့်ဆုတ်နေမိသည်။

"အရှင့်သား ... ဝန်ကြီးချုပ် အိမ်တော်ကို ရောက်ပါပြီ"

အစေခံ၏ အသံ ထွက်ပေါ်လာသည်။

ရှဲ့ယန်က ဖုန့်ကျိုးယွဲ့ကို အမြန်ဆင်းရန် တိုက်တွန်းသည့်အလား စိုက်ကြည့်နေသည်။ ဖုန့်ကျိုးယွဲ့မှာ ဖြည်းညင်းစွာ ဆင်းသွားရုံမှတစ်ပါး အခြားမရှိပေ။ လိုက်ကာကို မလိုက်ရင်း အနောက်သို့ လှည့်ကြည့်လိုက်ရာ ရှဲ့ယန်သည် သူ့ကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရှဲ့ယန်၏ မီးခိုးရောင် မျက်ဝန်းအိမ်ထဲတွင် ဖုန့်ကျိုးယွဲ့၏ ပုံရိပ်လေး ထင်ဟပ်နေသည်။

ထိုအကြည့်များတွင် မိန်းမောသွားသဖြင့် ဖုန့်ကျိုးယွဲ့မှာ မလှုပ်ရှားနိုင်တော့ပေ။ သူသည် လိုက်ကာကို ပြန်ချလိုက်ကာ ရှဲ့ယန်၏ အနားသို့ ပြန်သွားပြီး ရှဲ့ယန်၏ ခါးကို ဖက်ထားလိုက်မိသည်။ အချစ်တော် အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ကဲ့သို့ ရှဲ့ယန်၏ ရင်ခွင်ထဲတွင် မျက်နှာအပ်ကာ တိုးညင်းစွာ ပြောလိုက်သည်။

“မင်းကို ခွဲမသွားချင်ဘူး"

ရှဲ့ယန်၏ လက်တစ်ဖက်က ဖုန့်ကျိုးယွဲ့၏ ခေါင်းပေါ်သို့ ကျရောက်လာကာ ဆံပင်များကို ဖွပစ်လိုက်သည်။ ထို့နောက် ဖုန့်ကျိုးယွဲ့၏ ပါးပြင်လေးများကို ပွတ်သပ်နေရင်း အေးအေးလူလူ ပြောလိုက်သည်။

"ငါ့တို့ မနက်ဖြန် တွေ့လို့ရသားပဲ"

"ဪ... ဟုတ်သားပဲ"

ဒဏ်ရာ ပျောက်သွားပြီဖြစ်ရာ အလုပ်ပျက်ရန် အကြောင်းပြချက် မရှိတော့ပေ။ အိမ်ရှေ့မင်းသား အိမ်တော်သို့ အလုပ်လုပ်ရန် သွားသည့်အခါ ရှဲ့ယန်ကို တွေ့ရမည် ဖြစ်သည်။ ထိုအတွေးကြောင့် ဖုန့်ကျိုးယွဲ့ စိတ်လက်ပေါ့ပါးသွားကာ ရှဲ့ယန်၏ နှုတ်ခမ်းပါးကို ခပ်ဖွဖွ နမ်းလိုက်ပြီး ဝေါယာဉ်ပေါ်မှ ပျော်ရွှင်စွာ ဆင်းသွားလေတော့သည်။

ရှဲ့ယန်သည် သူ့အပေါ် ပျော့ပြောင်းလာသဖြင့် အိမ်ရှေ့မင်းသား အိမ်တော်တွင် နေထိုင်ရခြင်းမှာ ဖုန့်ကျိုးယွဲ့အတွက် ရေထဲက ငါးကဲ့သို့ပင် လွတ်လပ်ပေါ့ပါးနေသည်။

ယခုအခါ ရှဲ့ယန်သည် မြောက်ပိုင်းတပ်တော်၏ စစ်အာဏာကို လွှဲပြောင်းရယူထားပြီ ဖြစ်ရာ ယခင်ကထက် ပိုမိုအလုပ်များနေသည်။ ဖုန့်ကျိုးယွဲ့၏ စာရေးခြင်းကို စောင့်ကြည့်သည့် အချိန်ပင် နည်းပါးလာခဲ့သည်။

ရှဲ့ယန်နှင့် တွေ့ရချိန် နည်းလာသဖြင့် ဖုန့်ကျိုးယွဲ့သည် သူ့ဘာသာ ခွေးလေးရှောင်ပိုင်ကို အိမ်တော်သို့ ခေါ်လာခဲ့သည်။ ရှဲ့ယန်က တစ်ခါတလေ သူ့အပေါ် အလိုလိုက်တတ်သဖြင့် ခွေးလေးကြောင့် ဒေါသထွက်မည် မဟုတ်ဟု တစ်ကိုယ်ကောင်းဆန်စွာ တွေးမိသည်။

အိမ်ရှေ့မင်းသားအိမ်တော်က ကျယ်ဝန်းလှရာ ဖုန့်ကျိုးယွဲ့နှင့် ရှောင်ပိုင်တို့သည် နေရောင်အောက်တွင် ဘောလုံးပစ်တမ်း ကစားနေကြသည်။ သူက ဘောလုံးကို အဝေးသို့ ပစ်လိုက်ပြီး ရှောင်ပိုင်က ပြန်လိုက်ကောက်ပေးသည်။ လူနှင့် ခွေး ပျော်ရွှင်နေကြသဖြင့် ရှဲ့ယန် ရောက်လာသည်ကိုပင် သတိမထားမိကြပေ။

"ဝု... ဝု... ဝု"

ရှောင်ပိုင်က ဘောလုံးကို ကိုက်ပြီး ဖုန့်ကျိုးယွဲ့၏ အနောက်သို့ ရုတ်တရက် ဝင်ပုန်းသွားသည်။ ဖုန့်ကျိုးယွဲ့ လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် မျက်မှောင်ကြုတ်လျက် ရပ်နေသော ရှဲ့ယန်ကို တွေ့လိုက်ရသည်။

"မင်းအလုပ်များနေတာ မဟုတ်ဘူးလား"

ပုံမှန်ဆိုလျှင် ယခုအချိန်မှာ ရှဲ့ယန်သည် အရာရှိများနှင့် စစ်ရေးဗျူဟာများ ဆွေးနွေးနေရမည့် အချိန်ဖြစ်သည်။

ရှဲ့ယန်က မဖြေပေ။ သူ၏ မျက်မှောင်မှာ ပို၍ပင် တွန့်သွားကာ သူ့ဘောင်းဘီစကို လာပွတ်သပ်နေသော ရှောင်ပိုင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

ဖုန့်ကျိုးယွဲ့၏ ရှောင်ပိုင်လေးမှာ အလွန်ပင် ဖော်ရွေတတ်ပြီး အထူးသဖြင့် လှပသော အရာများကို နှစ်သက်တတ်သည်။ ထို့ကြောင့် ရှောင်ပိုင်၏ မျက်လုံးထဲတွင် ရှဲ့ယန်မှာ နှစ်သက်စရာ လူတစ်ယောက် ဖြစ်နေသည်။ ကံမကောင်းစွာဖြင့် ရှဲ့ယန်က ခွေးများကို နှစ်သက်ပုံ မရပေ။

ဖုန့်ကျိုးယွဲ့သည် ရှောင်ပိုင်ကို ကောက်ချီကာ အမွေးနုလေးများကို ပွတ်သပ်ပေးလိုက်သည်။

"မင်း ခွေးတွေကို မကြိုက်တာလား၊ ဒါမှမဟုတ် ကြောက်တာလား”

ဖုန့်ကျိုးယွဲ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။ ရှောင်ပိုင်က အနားကပ်သွားတိုင်း ရှဲ့ယန်က မသက်မသာဖြင့် ရှောင်ဖယ်ဖယ် လုပ်တတ်သောကြောင့် ဖြစ်သည်။

ရှဲ့ယန်က တိတ်ဆိတ်နေဆဲဖြစ်ကာ နှုတ်ခမ်းပါးကို တင်းကျပ်စွာ စေ့ထားသည်။ သူ စကားမပြောချင်မှန်း သိသဖြင့် ဖုန့်ကျိုးယွဲ့လည်း ထပ်မမေးတော့ပေ။ ထို့ကြောင့် ရှောင်ပိုင်ကို ချီကာ မက်မွန်ပင်အောက်တွင် ထိုင်ရင်း အမွေးလေးများကို အသာအယာ ပွတ်ပေးနေမိသည်။

ရာသီဥတုမှာ မပူလွန်းတော့ဘဲ လေအေးလေးများ ရံဖန်ရံခါ တိုက်ခတ်နေသည်။ ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့နှင့်အတူ လာမထိုင်ပေ။ ရှဲ့ယန်မှာ သန့်ရှင်းမှုကို အလွန်ဂရုစိုက်သူမှန်း သိသဖြင့် ဖုန့်ကျိုးယွဲ့လည်း အတင်းအကျပ် မခေါ်တော့ပေ။

တစ်ဦးက ထိုင်ပြီး တစ်ဦးက ရပ်လျက်ဖြင့် သူတို့နှစ်ဦးမှာ စကားမဆိုဘဲ အဝေးက တောင်တန်းများကို ငေးကြည့်နေကြသည်။ တစ်ဦးနှင့်တစ်ဦး မနှောင့်ယှက်မိစေရန် နားလည်မှုရှိရှိဖြင့် တိတ်ဆိတ်နေကြခြင်း ဖြစ်သည်။

"ခွေးတွေဆိုတာ ... တစ်ခါ မွေးထားပြီးရင် ခွဲရခက်တယ်။ အစကတည်းက မမွေးတာက အကောင်းဆုံးပဲ"

ရှဲ့ယန်၏ စကားသံက ဖုန့်ကျိုးယွဲ့နားထဲသို့ တိုးဝင်လာသည်။ လှည့်ကြည့်လိုက်သောအခါ ရှဲ့ယန်၏ ကြည်လင်သော မျက်ဝန်းများမှာ မှောင်မိုက်သော တိမ်တိုက်များ ဖုံးလွှမ်းနေသည့်အလား မှိုင်းညို့နေသည်ကို တွေ့ရသည်။ ထိုစကားကို ပြောပြီးနောက် ရှဲ့ယန် ထွက်ခွာသွားရာ ဖုန့်ကျိုးယွဲ့မှာ ဇဝေဇဝါဖြင့် ကျန်ရစ်ခဲ့သည်။

ဖုန့်ကျိုးယွဲ့သည် ရှောင်ပိုင်၏ ပယင်းရောင် မျက်လုံးလေးများကို ကြည့်ရင်း ရှဲ့ယန်အကြောင်း အတင်းတုပ်ပါတော့သည်။

"သူ့ကို ဂရုမစိုက်နဲ့။ သူ့ကို သွားမလျက်နဲ့တော့။ ငါတို့တွေ သူ့မျက်နှာသာရဖို့ မလုပ်ဘဲ နေကြရအောင်"

…..

နောက်ရက်အနည်းငယ်တွင် မိဖုရားကြီး၏ မွေးနေ့ကျရောက်မည် ဖြစ်ရာ ဧကရာဇ်က ပွဲတော်စီစဥ်ရန် ရှဲ့ယန်ထံ လွှဲအပ်ပ်ခဲ့သည်။ ရှဲ့ယန်မှာ အလွန်ပင် အလုပ်များနေသဖြင့် ဖုန့်ကျိုးယွဲ့လည်း မနှောင့်ယှက်ရဲပေ။ ရှဲ့ယန်သည် ထူးဆန်းသော စကားများ ပြောပြီးကတည်းက စိတ်အခြေအနေ မတည်မငြိမ် ဖြစ်နေသည်ဟု သူ ခံစားရသည်။

ရှောင်ပိုင်မှာ လှောင်အိမ်ထဲတွင် ငြိမ်သက်စွာ အိပ်နေသော်လည်း စာရေးနေသော ရှဲ့ယန်က အမှားရှာလိုက်ပြန်သည်။ "အရမ်းဆူညံနေတယ်"

ဖုန့်ကျိုးယွဲ့မှာ ဘာပြောရမှန်း မသိတော့ပေ။ ရှောင်ပိုင်က အသံတစ်ချက်ပင် မထွက်ခဲ့ပါလား။ သို့သော် ရှဲ့ယန်နှင့် ငြင်းခုံနေခြင်းမှာ အပိုပင် ဖြစ်သည်။ သူသည် ရှောင်ပိုင်ကို အိမ်သို့ အရင်ပြန်ပို့လိုက်ပြီးနောက် ရှဲ့ယန်ကို ပြန်မေးလိုက်သည်။

"မင်း ခွေးလေးတွေကို တကယ်မကြိုက်တာလား"

"အင်း" ဟု ရှဲ့ယန်က မဆိုင်းမတွပင် ဖြေလိုက်သည်။

ဖုန့်ကျိုးယွဲ့သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အနည်းငယ် စိတ်ပျက်သွားမိသည်။ သို့သော် လူတိုင်းသည် ဝါသနာချင်း မတူနိုင်သည်ကို သူ နားလည်ပါသည်။

"ဒါဆို ငါ နောက်ကို ခေါ်မလာတော့ဘူး"

"ငါပြောလို့ မင်းက မယူလာတော့ဘူးပေါ့။ ကြည့်ရတာ ဒါက မင်းအတွက် အဲဒီလောက် အရေးမကြီးဘူး ထင်တယ်"

ရှဲ့ယန်၏ စိတ်အခြေအနေ မည်သို့ရှိနေသည်ကို ဖုန့်ကျိုးယွဲ့ မသိသော်လည်း ထိုစကားမှာ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။ ခွေးလေးကို မကြိုက်သည်မှာ ရှဲ့ယန်ကိုယ်တိုင် ဖြစ်သော်လည်း သူက လိုက်လျောပေးသည့် အခါတွင်မူ ခွေးလေးအပေါ် ထားရှိသော သူ၏ သံယောဇဉ်ကို ရှဲ့ယန်က သံသယဝင်နေပြန်သည်။

ဖုန့်ကျိုးယွဲ့သည် ဒေါသမထွက်မိစေရန် အသက်ပြင်းပြင်းရှူကာ မိမိကိုယ်ကို ထိန်းချုပ်လိုက်သည်။ ထို့နောက် ကျိုးကြောင်းဆီလျော်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။ "ငါ ရှောင်ပိုင်ကို ပစ်ပယ်လိုက်တာ မဟုတ်ဘူး။ မင်းရှေ့ကို ခေါ်မလာတော့တာပဲ ရှိတာ။ အများကြီး လျှောက်မတွေးပါနဲ့"

ထိုစကားကို ကြားသောအခါ ရှဲ့ယန်သည် အတိတ်ဟောင်းတစ်ခုတွင် နစ်မျောသွားသည့်အလား ခဏမျှ မှင်တက်သွားသည်။ အတန်ကြာမှ သတိပြန်ဝင်လာကာ ဖုန့်ကျိုးယွဲ့ကို မေးခွန်းတစ်ခု မေးလိုက်သည်။

"တကယ်လို့ တစ်နေ့မှာ ငါက မင်းထင်ထားတာနဲ့ တခြားစီ ဖြစ်နေမှန်း သိသွားရင် ... မင်း ဘာလုပ်မလဲ"

ထိုမေးခွန်းက ဖုန့်ကျိုးယွဲ့ကို ဆွံ့အသွားစေသည်။ သူ သိထားသော ရှဲ့ယန်မှာ ယခုမျက်မှောက်က ရှဲ့ယန်သာ ဖြစ်သည်။ ရှဲ့ယန်၏ အတိတ်ကို သူ ဘာမှမသိပေ။ ရှဲ့ယန်သည် ဤနေရာသို့ မည်သို့ရောက်လာခဲ့သနည်း၊ အဘယ်ကြောင့် ဤမျှအေးစက်သော စရိုက်ရှိလာရသနည်း ဆိုသည်ကို သူ မသိပေ။ ထို့ကြောင့် သူ မည်သို့ တုံ့ပြန်မည်ကိုလည်း မခန့်မှန်းနိုင်သေးပေ။

ဖုန့်ကျိုးယွဲ့၏ ကြာရှည်လှသော တိတ်ဆိတ်မှုကို မြင်သောအခါ ရှဲ့ယန်သည် ရုတ်တရက် စားပွဲပေါ်မှ စုတ်တံနှင့် မှင်အိုးများကို ကြမ်းပြင်ပေါ်သို့ တွန်းချလိုက်ကာ ဖုန့်ကျိုးယွဲ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ငါ သိပြီ"

………….

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment