အခန်း(၉)
"ကိုယ့်အလုပ် ကိုယ်လုပ်"
နောက်တစ်နေ့နံနက် ဝေါယာဉ်ဖြင့် အိမ်ရှေ့စံအိမ်တော်သို့ သွားရန် ပြင်ဆင်နေစဉ် အိမ်ရှေ့၌ မြင်နေကျ မဟုတ်သော ဝေါယာဉ်တစ်စီး ရောက်နေသည်ကို တွေ့လိုက်ရသည်။ အိမ်က ဝေါယာဉ်ကိုတော့ အရိပ်အယောင်မျှ မတွေ့။ ဖုန့်ကျိုးယွဲ့ ကြောင်အမ်းအမ်း ဖြစ်နေစဉ် ဝေါယာဉ်ထမ်းများက ရိုသေစွာ ဦးညွှတ်ပြီး ပြောသည်။
"သခင်လေးဖုန့် ... အိမ်ရှေ့စံအိမ်တော် အိမ်တော်ထိန်းကြီးက သခင်လေးကို ကြိုဖို့ လွှတ်လိုက်တာပါ။ ကျေးဇူးပြုပြီး ကြွပါ”
ဖုန့်ကျိုးယွဲ့ အံ့သြသွားသလို ဝမ်းလည်းသာသွားသည်။ ပုံမှန်ဆိုလျှင် သူကသာ အိမ်ရှေ့စံအိမ်တော်သို့ အပြေးအလွှား သွားနေရသော်လည်း ဒီနေ့တော့ ထိုကဲ့သို့ မျက်နှာသာပေးမှုကို ခံစားလိုက်ရသည်။ ဝမ်းသာအားရဖြင့် အိမ်ရှေ့စံအိမ်တော်သို့ ရောက်လာသောအခါ ရှဲ့ယန်က ထမင်းစားပွဲတွင် ထိုင်နှင့်နေပြီ ဖြစ်သည်။
ရှဲ့ယန် မစားရသေး။ ယနေ့ မနက်စာက ပုံမှန်နှင့် မတူဘဲ သိသိသာသာ ကွာခြားနေသည်။ ရှဲ့ယန် ကြိုက်သော ဟင်းပွဲများအပြင် ဖုန့်ကျိုးယွဲ့ အကြိုက် မုန့်များလည်း ပါဝင်နေသည်။ ဖုန့်ကျိုးယွဲ့ ဗိုက်ဆာသယောင် ခံစားလိုက်ရသည်။
ထမင်းစားချိန်တွင် မြင်ရခဲလှသော အိမ်တော်ထိန်းက ရောက်နေသည်။ ဖုန့်ကျိုးယွဲ့ကို မြင်သည်နှင့် ရှဲ့ယန်ကို ခွင့်မတောင်းဘဲ ရဲရဲတင်းတင်းပင် ဖိတ်ခေါ်လိုက်သည်။
"သခင်လေးဖုန့် မနက်စာ မစားရသေးရင် အတူ ဝင်သုံးဆောင်ပါလား"
သေချာပေါက် စားခဲ့ပြီးပြီပေါ့။ ဖခင်ဖြစ်သူက အိမ်ရှေ့စံအိမ်တော်ရောက်မှ ဗိုက်ဆာနေမည် စိုး၍ မနက်စာ ကုန်အောင်စားတာကို ထိုင်ကြည့်ပြီးမှ အိမ်က ထွက်ခွင့်ပေးသည်လေ။
စားပွဲပေါ်က မုန့်တွေက သူအကြိုက်ဆုံးတွေ ဖြစ်နေပေမယ့် ဗိုက်က တော်တော်ပြည့်နေပြီ။ ထို့ကြောင့် ယဉ်ကျေးစွာပင် ငြင်းလိုက်ရသည်။
"ကျေးဇူးတင်ပါတယ် အိမ်တော်ထိန်းကြီး ... ကျွန်တော် မနက်စာ စားလာခဲ့ပါပြီ”
အိမ်တော်ထိန်းက ဘာမှဆက်မပြောတော့ဘဲ ရှဲ့ယန်ကို မဝံ့မရဲ လှမ်းကြည့်သည်။ ခေါင်းပင်မမော့သော ရှဲ့ယန်က ထိုအခါမှ တူကို စတင်ကိုင်လေသည်။
နောက်ပိုင်း သေချာပြန်စဉ်းစားကြည့်မှ တစ်ခုခု လွဲနေကြောင်း ဖုန့်ကျိုးယွဲ့ သဘောပေါက်လိုက်သည်။ အိမ်တော်ထိန်းက သူ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ဘယ်လိုလုပ် ဧည့်သည်ကို ထမင်းစားဖိတ်ရဲမှာလဲ။ ရှဲ့ယန် ခွင့်ပြုထားလို့သာ ဖိတ်ရဲတာ ဖြစ်မည်။
တောက် .. ရှဲ့ယန်နဲ့အတူ ထမင်းစားရမယ့် အခွင့်အရေးကို လွတ်သွားပြီ။
"သခင်လေးဖုန့် ... ဒီနေ့ကစပြီး နို့လက်ဖက်ရည် ဖျော်တာတို့၊ ရေနွေးငှဲ့တာတို့လို အသေးအဖွဲ အလုပ်တွေ လုပ်စရာ မလိုတော့ပါဘူး။ သခင်လေးရဲ့ တစ်ခုတည်းသော တာဝန်က အရှင့်သား အိမ်ရှေ့စံအတွက် မင်သွေးပေးဖို့ပါပဲ"ဟု ဘဏ္ဍာထိန်းက ပြုံး၍ ပြောသည်။
ဖုန့်ကျိုးယွဲ့ ဝမ်းသာတာပေါ့။ ပူပြင်းလှသော နွေရာသီ ရက်များတွင် မီးဖိုချောင် ဝင်ရခြင်းက သူ့ကို ခေါင်းမူးစေသည်။ နို့လက်ဖက်ရည် အကြိမ်နည်းနည်းလောက် ဖျော်ရရင် မေ့လဲသွားလောက်သည်။ ကိုယ့်ကိုယ်ကိုယ် သိပ်ဒုက္ခမပေးတာ အကောင်းဆုံးပဲ။
ရှဲ့ယန်အတွက် မင်သွေးပေးနေစဉ် အခန်းထဲတွင် ရေခဲတုံးများ ချထားသည်ကို သတိထားမိလိုက်သည်။ အခန်းက အေးမြပြီး နေလို့ကောင်းနေသည်။ ရှဲ့ယန်လည်း အပူဒဏ် မခံနိုင်ဘူးပဲဟု တွေးမိလိုက်သည်။
နေ့လယ်စာချိန်အရောက် အစေခံမလေးက ထမင်းဟင်းများ လာချပေးချိန်တွင် ဖုန့်ကျိုးယွဲ့ တစ်ချက် အကြောဆန့်လိုက်ပြီး ထမင်းစားဆောင်သို့ ထမင်းသွားစားရန် ပြင်လိုက်သည်။ သို့သော် ဘဏ္ဍာထိန်း ဝင်လာပြီး တောင်းပန်စကား ဆိုသည်။
“သခင်လေးဖုန့် ... မီးဖိုချောင်က ဒီနေ့ သခင်လေးအတွက် နေ့လယ်စာ ပြင်ဖို့ မေ့ကျန်ခဲ့လို့ပါ။ စိတ်မရှိရင် အိမ်ရှေ့စံနဲ့အတူ သုံးဆောင်လိုက်ပါလား"
ရှဲ့ယန်နှင့် အတူစားရတာကို သူ သဘောကျပေမယ့် ရှဲ့ယန်ကရော သဘောတူပါ့မလား။
သူ ထုတ်မမေးရဲသဖြင့် ရှဲ့ယန်ကို လှမ်းကြည့်လိုက်သည်။ ရှဲ့ယန်က မစားသေး၊ မျက်နှာထားက တည်ငြိမ်နေပြီး သဘောတူခြင်း၊ မတူခြင်း ဘာမှမပြ။ သို့သော် ဖုန့်ကျိုးယွဲ့၏ စူးရှသော မျက်လုံးများက စားပွဲပေါ်မှ သူအကြိုက်ဆုံး ဟင်းများကို တွေ့လိုက်ရသည်။ ကြက်တောင်ပံပေါင်း၊ ဝက်နံရိုးချိုချဉ်၊ ဂေါ်ဖီချဉ်နှင့် ကြက်ကြော်။
သူမှတ်မိသလောက်ဆို အရင်နေ့တွေက ဒီဟင်းတွေက ရှဲ့ယန်ရဲ့ စားပွဲမှာ တစ်ခါမှ မပါခဲ့ဖူးဘူး။ ခဏလောက် စဉ်းစားပြီးနောက် ဖုန့်ကျိုးယွဲ့ ဝင်ထိုင်လိုက်ပြီး မျက်လုံးထောင့်ကနေ ရှဲ့ယန်ကို အကဲခတ်လိုက်သည်။ ရှဲ့ယန်၏ မျက်နှာထားက မပြောင်းလဲ၊ ဖြူဖွေးသန့်စင်သော လက်များဖြင့် တူကို ကျက်သရေရှိစွာ ကိုင်လိုက်သည်မှာ ဖုန့်ကျိုးယွဲ့ ရှိမနေသကဲ့သို့ပင်။
ထိုအခါမှ စားပွဲပေါ်တွင် ပန်းကန်နှင့် တူ နှစ်စုံ၊ ထမင်းနှင့် ဟင်းချို နှစ်ပွဲစီ ပါနေသည်ကို သူ သတိထားမိလိုက်သည်။ နောက်ဆုံးတော့ ဖုန့်ကျိုးယွဲ့ စိတ်သက်သာရာ ရသွားသည်။
ရှဲ့ယန်က အမြဲလိုလို အလုပ်ရှုပ်တတ်ပေမယ့် ယခုရက်ပိုင်း ပိုပြီး အလုပ်ရှုပ်နေသည်။ ဧကရာဇ်မင်းက အမဲလိုက်ထွက်ရန် စိတ်ဝင်စားနေသဖြင့် ရှဲ့ယန်မှာ နွေရာသီစားပွဲတော်အတွက် ပြင်ဆင်နေရပြီး ရေနွေးကြမ်းသောက်ချိန်ပင် မရှိလောက်အောင် ဖြစ်နေသည်။ ဒါတောင်မှ သူ့ကို စောင့်ကြည့်ရတာကို ထူးထူးဆန်းဆန်း ပျော်မွေ့နေပုံရသည်။
နေ့တိုင်းလိုလို နန်းတော်အစောင့်များနှင့် လုံခြုံရေးကိစ္စ ဆွေးနွေးလိုက်၊ ဒေသဆိုင်ရာ အရာရှိများထံမှ အသနားခံစာများကို ဖတ်လိုက် လုပ်နေရသည်။ သို့သော် စာကြည့်ဆောင်ထဲ ရောက်ပြီဆိုသည်နှင့် ဖုန့်ကျိုးယွဲ့ သူ့မြင်ကွင်းထဲ ရှိနေစေရန် အတင်းအကြပ် စီစဉ်ထားတတ်သည်။
မင်ရည် အလုံအလောက် ရပြီဆိုသည်နှင့် သူ့ဘေးတွင် စာရေးကျင့်ရန် အမိန့်ပေးတတ်ပြီး နေ့တိုင်း တိုးတက်မှုကို စစ်ဆေးသည်။ ငယ်ငယ်က စာသင်ရတာထက် ပိုဖိစီးမှုများပေမယ့် ကောင်းကျိုးတော့ ရှိသည်။ ဖုန့်ကျိုးယွဲ့လက်ရေး သိသိသာသာ တိုးတက်လာသည်။
ဖုန့်ကျိုးယွဲ့ မပျော်မရွှင်နှင့် စာရေးကျင့်နေစဉ် အစေခံတစ်ယောက် ဝင်လာပြီး သူ့ကို ရှာသည်။ စာတစ်စောင် ပေးလာပြီး။
“မြောက်ပိုင်းစစ်သူကြီးသားက သခင်လေးဖုန့်ဆီ ပို့လိုက်တဲ့ စာပါ"
ယွမ်ရဲ ဘာတွေ ကြံစည်နေမှန်း ဖုန်းကျိုးယွဲ့ နားမလည်။ အိမ်အကျယ်ချုပ် ကျနေတာ နှစ်ဝက်လောက် ရှိပြီ၊ အမှားကို နောင်တရပြီး ငြိမ်ငြိမ်နေလောက်ပြီဟု ထင်ခဲ့သော်လည်း ရှင်းနေသည်က ယွမ်ရဲ မငြိမ်သေး။
သူ့အိမ်သို့ စာတွေ တစ်စောင်ပြီး တစ်စောင် ပို့နေသည်။ ဖုန့်ကျိုးယွဲ့ ဘယ်တော့မှ မဖတ်ဘဲ ရှောင်မန်ကို မီးရှို့ခိုင်းလိုက်သည်၊ ဘယ်တော့မှလည်း စာမပြန်။ ဒါကို သူက ဇွဲမလျှော့ဘဲ နေ့တိုင်း ပို့နေသည်။ ဒီနေ့တော့ အိမ်ရှေ့စံ အိမ်တော်အထိ ရောက်လာခဲ့ပြီ။
ဒီကို ပို့လိုက်ရင် သူ ဖတ်မယ်လို့ ထင်နေတာလား။ စိတ်ထဲကနေ ဟားတိုက်ရယ်လိုက်မိသည်။
အစေခံ၏ အသံက ရှဲ့ယန် ကြားလောက်ရုံ ကျယ်သည်။ နန်းတွင်းဥယျာဉ်ထဲက အရှက်ရစရာ ဖြစ်ရပ်နှင့် ခိုကိုးရာမဲ့ခဲ့ရပုံကို သူ ပြန်သတိရသွားသည်။ ရှဲ့ယန်ကို ခိုးကြည့်လိုက်တော့ စာရေးတာ မရပ်ဘဲ ဘယ်ဘက်လက်ကို သူ့ဆီ ဖြည်းဖြည်းချင်း လှမ်းပေးလာသည်။
ဖုန့်ကျိုးယွဲ့ ရွေးချယ်စရာ မရှိတော့ဘဲ စာကို ကမ်းပေးလိုက်ရင်း ရှင်းပြလိုက်သည်။ "သူက အိမ်ကို ပို့နေကျပါ။ ကျွန်တော် ဘယ်တုန်းကမှ မဖတ်ခဲ့ဘူး"
ရှဲ့ယန်က စာကို ယူလိုက်ပေမယ့် မဖွင့်ကြည့်။ စားပွဲပေါ်က ဖယောင်းတိုင်မီးက တဖျပ်ဖျပ် လှုပ်ခတ်နေပြီး သူ့မျက်နှာ သွင်ပြင်ကို ထင်ရှားစေသည်။ သူက ဖုန့်ကျိုးယွဲ့၏ စကားကို စဉ်းစားနေပုံရပြီး ရှည်လျားသော မျက်တောင်များက မီးရောင်အောက်တွင် လိပ်ပြာတောင်ပံများကဲ့သို့ လှုပ်ခတ်နေသည်မှာ ရင်ခုန်စရာပင်။
ရှဲ့ယန် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး စာကို ဖယောင်းတိုင်မီးဖြင့် ရှို့လိုက်သည်။ ထို့နောက် ဖုန့်ကျိုးယွဲ့ကို စူးစမ်းသလို ကြည့်သည်။ သူ့အကြည့်က ဖုန့်ကျိုးယွဲ့ကို ရင်ဖွင့်ချင်စိတ် ဖြစ်ပေါ်လာစေသည်။
ဖုန့်ကျိုးယွဲ့ နေရခက်စွာဖြင့် လက်ချောင်းများကို လိမ်ယှက်ရင်း တိုးတိုးလေး ပြောလိုက်သည်။
“သူ ဘာလို့ နေ့တိုင်း စာပို့နေလဲ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော် တစ်စောင်မှ ဖွင့်မဖတ်ဖူးပါဘူး။ ရောက်တာနဲ့ မီးရှို့ခိုင်းပစ်တာပါ"
"အင်း” ရှဲ့ယန်က နောက်ဆုံးတော့ ပျင်းရိစွာ တုံ့ပြန်လိုက်သည်။ သူ့လက်ထဲမှ စာရွက်က ပြာမှုန်များအဖြစ် ပြောင်းလဲသွားပြီ။ တစ်စုံတစ်ယောက်၏ ဖုံးကွယ်ထားသော ညစ်ညမ်းသည့် အတွေးများ အလင်းနှင့် အပူကြောင့် ပျောက်ပျက်သွားသကဲ့သို့ပင်။
"နွေရာသီပွဲတော် နီးလာပြီ"
ရှဲ့ယန်က လက်ထဲက ပြာမှုန်များကို သုတ်ရန် အင်္ကျီလက်ကြားမှ လက်ကိုင်ပဝါ တစ်ထည်ကို ထုတ်ယူလိုက်သည်။ သူ တည်ငြိမ်စွာ ပြောသည်။
"အဲဒီအချိန်ကျရင် ငါ့နောက်ကပဲ လိုက်ခဲ့။ မလိုအပ်တဲ့ ကိစ္စတွေမှာ ဝင်မပါနဲ့"
လေသံက ပေါ့ပါးသော်လည်း စကားလုံးများတွင် ပါဝင်သော အဓိပ္ပာယ်ကို ဖုန့်ကျိုးယွဲ့ ရိပ်စားမိပြီး သတိပေးသံ ပါနေသည်ကိုလည်း သဘောပေါက်လိုက်သည်။
ရှဲ့ယန် သူ့ကို သတိပေးနေတာ၊ သူများကိစ္စ ဝင်မပါဖို့ သတိပေးနေတာ။
ဒါပေမဲ့ "မလိုအပ်တဲ့ကိစ္စ" ဆိုတာ ဘာတွေလဲ။ သူ မသိ၊ မေးလည်း မမေးရဲ။ ရှဲ့ယန် ပြောပြမှာ မဟုတ်ဘူးဟု စိတ်ထဲက အလိုလို သိနေသည်။
အရင်နှစ်တွေက နွေရာသီပွဲတော်တွေ အရမ်းစည်ကားသည်ဟု ကြားဖူးသော်လည်း ဖခင်ဖြစ်သူက ခွင့်မပြုသဖြင့် သူ တစ်ခါမှ မသွားခဲ့ရဖူး။ ကျန်းမာရေး ညံ့လွန်းပြီး နေနည်းနည်း ပူတာနဲ့ ဖျားတတ်လို့လေ။ ထို့ကြောင့် ရှဲ့ယန် ဦးစီးကျင်းပမည့် ဒီနှစ် နွေရာသီပွဲတော်က သူ့အတွက် ပထမဆုံး ဖြစ်လာလိမ့်မည်။
ပွဲတော်မှာ ဘာတွေ လုပ်ရမလဲ မေးမြန်းပြီး သူ့မှာ ရှိသမျှ အကောင်းဆုံး မြင်းစီးဝတ်စုံကို ထုတ်လိုက်သည်။ စာပေအရာတွင် မထူးထျွန်သော်လည်း မြင်းစီးတာတော့ သူ တော်တော် ကျွမ်းကျင်သည်။ ရှဲ့ယန်နဲ့ အတူယှဉ်ပြီး ဒုန်းစိုင်းစီးရတာ ဘာပြဿနာမှ မရှိနိုင်။
မြင်းစီးဝတ်စုံက ဖုန့်ကျိုးယွဲ့နှင့် အလွန်လိုက်ဖက်ညီသည်။ မြို့တော်၏ အကျော်ကြားဆုံး အပ်ချုပ်ဆိုင်တွင် ခြောက်လကြာ အပ်နှံ့ချုပ်လုပ်ထားခြင်း ဖြစ်သည်။ လက်ကောက်ဝတ်နှင့် ခြေသလုံးတွင် ကျပ်နေပြီး ခါးသေးသေးလေး ပေါ်စေသော အနီရောင်မြင်းစီးဝတ်စုံက ဖုန့်ကျိုးယွဲ့ကို ပေါ့ပါးသွက်လက်သော သိုင်းသမားတစ်ယောက်လို ဖြစ်နေစေသည်။ ဆံပင်ကို ခပ်မြင့်မြင့် စည်းလိုက်ပြီးနောက် ပိုကြည့်ကောင်းသွားသည်။
ရှဲ့ယန်ကို အိမ်ရှေ့စံအိမ်တော်မှာ အရင်သွားတွေ့ပြီးမှ မြင်းစီးကွင်းကို အတူသွားရမည်။ အဝတ်အစား ခဏခဏ လဲရမှာ ပျင်းသဖြင့် မြင်းစီးဝတ်စုံကို တန်းဝတ်လာခဲ့သည်။
အိမ်ရှေ့စံအိမ်တော် စာကြည့်ဆောင်ထဲ ဝင်လိုက်ချိန် အပြင်ထွက်လာသော အိမ်တော်ထိန်းနှင့် တိုးသည်။
အိမ်တော်ထိန်းက မြင်းစီးဝတ်စုံဖြင့် ခံ့ညားနေသော ဖုန့်ကျိုးယွဲ့ကို မြင်သည်နှင့် မျက်လုံးများ အရောင်တောက်သွားပြီး ချီးကျူးပါတော့သည်။
“အိုး ... သခင်လေးဖုန့်၊ ဒီနေ့ အရမ်း ခန့်ညားတာပဲ။ ဒီဝတ်စုံနဲ့ဆို ပန်အန်း(ရှေးခေတ်က တရုတ်မှာ အချောဆုံးယောက်ျားလို့ ပြေတာပဲ)လောက်ကို ချောနေပြီ။"
ဖုန့်ကျိုးယွဲ့ နည်းနည်း ရှက်သွားပြီး လက်ကာပြလိုက်သည်။ "အိမ်တော်ထိန်းကြီးကလည်း ... နောက်နေပြန်ပြီ”
သို့သော် ရှဲ့ယန် ဘယ်လိုမှတ်ချက်ပြုမည်ကိုတော့ သိချင်နေသည်။
ရှဲ့ယန်လည်း မြင်းစီးဝတ်စုံ ဝတ်ထားသည်။ သူ့ဝတ်စုံက အနက်ရောင်ဖြစ်ပြီး ရှဲ့ယန်ကို ပို၍ ခံ့ညားနေစေသည်။ စားပွဲပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်လက် တင်ထားပြီး အဝတ်စဖြင့် သေချာ တိုက်ချွတ်နေသည်။ ဓားသွားက အေးစက်သော အလင်းရောင် တောက်ပနေပြီး မြင်ရသူကို ကျောချမ်းစေသည်။
ရှဲ့ယန်က ဓားကိုသာ အာရုံစိုက်နေပြီး၊ ဖုန့်ကျိုးယွဲ့ဝတ်စုံကို အသိအမှတ်ပြုဖို့ နေနေသာသာ တစ်ချက်ကလေးမှ လှည့်မကြည့်။ ဖုန့်ကျိုးယွဲ့ စိတ်ပျက်သွားသည်။ ဝေါယာဉ်ပေါ် ရောက်သည်နှင့် လက်တွေ ခြေထောက်တွေကို အားရပါးရ ဆန့်ထုတ်ပြပြီး ဒီနေ့ သူ ဘယ်လောက် ကြည့်ကောင်းကြောင်း ရှဲ့ယန် သတိထားမိအောင် ကြိုးစားနေသည်။
"ဖုန့်ကျိုးယွဲ့" ရှဲ့ယန်၏ အသံတွင် စိတ်မရှည်မှု အနည်းငယ် ပါလာသည်။ "ဂဏာမငြိမ် ဖြစ်နေဦးမယ်ဆို ဆင်းပြီး လမ်းလျှောက်လိုက်ခဲ့"
"အမ်”
ဖုန့်ကျိုးယွဲ့ လေလျှော့လိုက်သော ဘောလုံးလို ချက်ချင်း ငြိမ်ကျသွားပြီး ဒုက္ခမရှာရဲတော့။ အိမ်ရှေ့စံအိမ်တော်နှင့် မြင်းစီးကွင်းက တော်တော်ဝေးသည်။ လမ်းလျှောက်ရရင် ညနေစောင်းမှ ရောက်လောက်သည်။
ရှဲ့ယန်က စကားသိပ်ပြောသူ မဟုတ်။ ဝေါယာဉ်ထဲမှာတောင် စာဖတ်ရင်ဖတ်၊ မဖတ်ရင် မျက်လုံးမှိတ်ပြီး အနားယူနေတတ်သည်။ ဖုန့်ကျိုးယွဲ့ ပျင်းရိလာသဖြင့် လိုက်ကာကို မပြီး အပြင်မှ ရှုခင်းများကိုသာ ငေးနေရသည်။ အရာရာက လုံးဝ တိတ်ဆိတ်နေသည်။
မြင်းစီးကွင်း နီးလာလေ သူ ပိုစိတ်လှုပ်ရှားလေပင်။ မြင်းမစီးရတာ ကြာပြီ။ မြင်းစီးကွင်းရောက်လျှင် ရှဲ့ယန်ရှေ့တွင် အစွမ်းပြပြီး ချီးကျူးလာအောင် လုပ်ပစ်မည်ဟု အသံတိတ် ကြုံးဝါးလာခဲ့သည်။
မြင်းစီးကွင်းအရောက် ဝေါယာဉ်ပေါ်မှ ဆင်းချင်လွန်း၍ အပြင်ထွက်ရန် ပြင်လိုက်စဉ် အနည်းငယ် အေးစက်သော လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်သည်။
ရှဲ့ယန်ပင်။
သူ ကြောင်ပြီး လှည့်ကြည့်လိုက်သည်။ ရှဲ့ယန်က ဝေါယာဉ်ထဲမှာ တည်ငြိမ်စွာ ထိုင်နေပြီး သူ့လက်ကို မလွှတ်သေး။ သူ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ"
"မနေ့က ငါပြောတာ မှတ်မိသေးလား”
သူ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ မျက်နှာထားက ရေခဲလို အေးစက်နေသဖြင့် ဖုန့်ကျိုးယွဲ့ ရင်တုန်သွားပြီး၊ အမြန် ခေါင်းငြိမ့်ပြလိုက်သည်။
"သိပါတယ်၊ တခြားလူတွေကိစ္စ ဝင်မပါပါဘူး။ ကျိန်ဆိုရဲပါတယ်”
နောင်တစ်ချိန်ကျမှ သူ သဘောပေါက်လာသည်က ရှဲ့ယန်နှင့် ပတ်သက်လာလျှင် သူ့ကတိသစ္စာများက အလွယ်တကူ ပျက်စီးတတ်ကြောင်းပင်။
ရှဲ့ယန် ခေါင်းငြိမ့်လိုက်သည်၊ သူ့အဖြေကို ကျေနပ်ပုံရပြီးမှ လက်ကို လွှတ်ပေးလိုက်သည်။
ဝေါယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် အဝေးမှ ရင်းနှီးသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။ အဝါရောင် မြင်းစီးဝတ်စုံနှင့် လူငယ်လေးတစ်ယောက်က အရပ်ရှည်ရှည် လူတစ်ယောက်ကို တွယ်ကပ်ပြီး ချွဲနွဲ့နေသည်။ ရှဲ့ရှင်း နှင့် ယွီချို မှလွဲ၍ ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
"ယွီချို .. ကုန်းပိုး၊ ကုန်းပိုးလို့ ... ကုန်းပိုးမှာလား မပိုးဘူးလား၊ ဟင်... ဟင်... ပိုးပါနော်..." သူ့ရှေ့မှာတုန်းက ဥာဏ်များသလို ထင်ရသော ရှဲ့ရှင်းက ယခုတော့ ကလေးဆိုးကြီးလို ယွီချိုကို ခိုင်းစားနေသည်။
ရှဲ့ရှင်းကို သူ လေးစားမိသည်။ သူသာ ရှဲ့ယန်ကို ဒီလိုစကားမျိုး သွားပြောရင် အသတ်ခံရပြီးလောက်ပြီ။
ဒါပေမဲ့ အံ့သြစရာကောင်းသည်က ကြမ်းတမ်းသည်ဟု ထင်ရသော ယွီချိုသည် ရှဲ့ရှင်းကို သတ်မည့် အရိပ်အယောင် လုံးဝမပြ။ သူက ပျာယာခတ်ပြီး အနည်းငယ် အခက်တွေ့နေပုံရသည်။ သူ့အသံတွင် မသိစိတ်မှ ပါလာသော နူးညံ့မှုများ ရှိနေသည်။
“နန်းတော် ပြန်ရောက်မှ ကုန်းပိုးမယ်လေ ... နော်”
"မရဘူး၊ မရဘူး၊ မရဘူး" ရှဲ့ရှင်းက လုံးဝ လက်မလျှော့၊ လိုချင်တာ မရမချင်း ဇွဲလျှော့မည့်ပုံမပေါ်။
ဇာတ်လမ်းကြည့်ကောင်းနေတုန်း ရှဲ့ယန်၏ အေးစက်ပြီး မနှစ်မြို့သော အသံက နားနား ကပ်ပေါ်လာပြန်သည်။
“ခုနက ငါပြောတာ မေ့သွားပြီလား"
သူ ဆိုလိုတာက သူများကိစ္စ ဝင်မပါနဲ့လေ။
ဖုန့်ကျိုးယွဲ့ အကြည့်ကို အမြန်လွှဲလိုက်ပြီး နားနှစ်ဖက်ကို လက်ဖြင့် ပိတ်ကာ ပြာပြာသလဲ ကတိပေးလိုက်သည်။
"မကြည့်တော့ဘူး၊ ဝင်မပါတော့ဘူး၊ နားမထောင်တော့ဘူး”
"သွားစို့”
ရှဲ့ယန်သည် ရှဲ့ရှင်းကို ကြည့်မရသဖြင့် ဖုန့်ကျိုးယွဲ့ကို ခေါ်ထုတ်သွားချင်နေပြီ။
ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေး။ ရှဲ့ရှင်းက မျက်လုံးရှင်စွာဖြင့် ဖုန့်ကျိုးယွဲ့ကို လှမ်းမြင်သွားပြီး စိတ်လှုပ်ရှားစွာ ပြေးလာသည်။ "ဟာ ... မင်းလည်း ရောက်နေတာလား၊ ဖုန့်မုချိုး”
ရှဲ့ရင်းက တစ်ယောက်တည်း လာတာ မဟုတ်၊ သူ့ကို မျက်စောင်းထိုးနေသော ယွီချိုကိုပါ ဆွဲခေါ်လာသည်။ ရင်းနှီးလွန်းသော လေသံဖြင့် မိတ်ဆက်ပေးသည်။
“ယွီချို ... ကြည့်စမ်းပါဦး၊ သူက အရမ်းလှတယ်နော်။ မိန်းကလေးတွေထက်တောင် လှသေးတယ်”
"ကြည့်ပါဦး၊ ဒီနေ့ မြင်းစီးဝတ်စုံတောင် ဝတ်လာသေးတယ်။ ဝိုး .. အဲဒီ ခါးလေး၊ အဲဒီ ခြေတံလေးတွေ၊ အဲဒီ ကိုယ်လုံးလေး .. ဝိုး ..”
သူ့စကားတွေက လွန်လာပြီး မျက်လုံးတွေက ဖုန့်ကျိုးယွဲ့ တစ်ကိုယ်လုံးကို လှည့်ပတ်ကြည့်နေသည်။ သူက နောက်ပြောင်နေမှန်း သိသော်လည်း ဘေးမှ ယွီချိုကတော့ လူသတ်ချင်သည့်ပုံ ပေါက်နေပြီ။ နေရာတင် အသတ်ခံလိုက်ရမည်ကို စိုးရိမ်သဖြင့် ဖုန့်ကျိုးယွဲ့ ကြောက်လန့်ပြီး ရှဲ့ယန် အနောက်သို့ ဝင်ပုန်းလိုက်သည်။
တိုက်ဆိုင်စွာပင် ဖုန့်ကျိုးယွဲ့ နောက်ဆုတ်လိုက်ချိန်တွင် ရှဲ့ယန်က ရှေ့တိုးကာ ရှဲ့ရှင်း၏ စပ်စုသော အကြည့်များကို ကွယ်လိုက်သည်။ တချိန်တည်းမှာပင် ယွီချိုကလည်း ရှဲ့ရှင်း ရှေ့သို့ မသိမသာ ဝင်ရပ်လိုက်သည်။
"ဟေး … မင်းတို့ နှစ်ယောက် ဘာလုပ်တာလဲ။ အဲ့လို လာပိတ်ရပ်နေတော့ ငါက ဖုန့်မူချိုးနဲ့ ဘယ်လို စကားပြောရမှာလဲ။ ဟေး... ဟေး"
ရှဲ့ရှင်းက အော်ဟစ် ဆန္ဒပြနေသော်လည်း မကြာမီ ယွီချိုက သူ့ကို ပွေ့ချီပြီး ခေါ်သွားသဖြင့် အသံများ ဝေးကွာသွားသည်။
ဖုန့်ကျိုးယွဲ့ သူ့ရုပ်ရည်ကို ဝေဖန်ပြောဆိုသည်ကို မကြိုက်ပေ။ ထို့ကြောင့် ရှဲ့ရှင်းနှင့် တွေ့တိုင်း နေရခက်ပြီး စိတ်မသက်မသာ ဖြစ်ရသည်။ ရှဲ့ရှင်းက တခြားလူတွေလို ယုတ်ညံ့သောစိတ် မရှိမှန်း သိသော်လည်း သူ နေသားမကျနိုင်သေး။
"ကျေးဇူးတင်ပါတယ် အရှင်မင်းသား”
ရှေ့က လူကို တိုးတိုးလေး ပြောလိုက်သည်။ သူ့မသက်မသာ ဖြစ်မှုကို ရှဲ့ယန် အမြဲသတိထားမိပြီး ကာကွယ်ပေးသည်ဟု ထင်မိသောကြောင့်ပင်။
သို့သော် ရှဲ့ယန်က သူ့ကျေးဇူးတင်စကားကို လက်မခံ။ လှည့်ကြည့်လာသော မျက်နှာထားက မည်းမှောင် တင်းမာနေပြီး အေးစက်စွာ ပြောလိုက်သည်။
"သူနဲ့ ဝေးဝေးနေပါလို့ ငါ မင်းကို မပြောခဲ့ဘူးလား"
………