no

Font
Theme

အခန်း (၁၆)

ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့ထံမှ ထိုမျှလောက် ပြင်းထန်သော ဒေါသပေါက်ကွဲမှုကို ကြုံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ခဏတာမျှ တုံ့ဆိုင်းသွားသော်လည်း တုံ့ပြန်မှုက မြန်ဆန်လှသည်။ ကြွေခွက်ကို ရှောင်တိမ်းရန် ခေါင်းကို အမြန်လှည့်လိုက်သည်။ သို့သော် ဝေါယာဥ်ဘောင်နှင့် ရိုက်ခတ်မိပြီး ကွဲအက်သွားသော အစအနအချို့က ရှဲ့ယန်၏ ပါးပြင်ပေါ်တွင် သွေးစို့ရုံမျှ ရှရာလေးတစ်ခု ကျန်ရစ်ခဲ့စေသည်။

ရှဲ့ယန်အပေါ် ထိုသို့ ဒေါသမထွတ်သင့်ကြောင်း ဖုန့်ကျိုးယွဲ့ သိသော်လည်း သူ အမှန်တကယ်ပင် စိတ်ဆိုးနေမိသည်။ ဖခင်ဖြစ်သူ၏ အလိုလိုက်မှုအောက်တွင် ကြီးပြင်းလာရသည့် သူ့ဘဝတွင် ယခုကဲ့သို့ မတရားခံရမှုကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။

ရှဲ့ယန်သည် သူ့အပေါ် အနည်းငယ်မျှပင် သံယောဇဉ်ရှိမည်မဟုတ်ဟု ဖုန့်ကျိုးယွဲ့ တွေးမိသည်။ မဟုတ်လျှင် အဘယ်ကြောင့် သူ့ကို ဤမျှအထိ လျစ်လျူရှုရက်ပါမည်နည်း။ ခဲရာခဲဆစ် တည်ဆောက်ထားရသည့် ယုံကြည်မှုလေးမှာ ယခုဖြစ်ရပ်ကြောင့် အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ရပြီ။

ရှဲ့ယန်သည် သူ့ပါးပေါ်မှ သွေးစများကို သုတ်ပစ်ရန် မကြိုးစားဘဲ ဖုန့်ကျိုးယွဲ့ကို နှစ်သိမ့်ရန် လက်လှမ်းလိုက်သည်။ သို့သော် ဖုန့်ကျိုးယွဲ့က ချောင်ပိတ်မိနေသော ယုန်လေးတစ်ကောင်ကဲ့သို့ အနောက်သို့ ဆုတ်သွား၏။ မျက်ရည်များက ပါးပြင်ပေါ် စီးကျလာပြီး ရှိုက်သံကိုလည်း မထိန်းနိုင်တော့ပေ။

အပြင်ဘက်မှ အစေခံများ ကြားသွားမည်ကို စိုးရိမ်သဖြင့် ဖုန့်ကျိုးယွဲ့သည် ရှိုက်သံကို အတတ်နိုင်ဆုံး ထိန်းရင်း ရန်တွေ့လိုက်သည်။

"ရှဲ့ယန် ... မင်း ငါ့ကို နည်းနည်းမှ မချစ်ဘူး။ ငါ မင်းကို မုန်းတယ် ... အရမ်းမုန်းတယ်။ ငါအိမ်ကိုပြန်ချင်ပြီ။ သွား... အခုချက်ချင်း ထွက်သွားတော့”

ဖုန့်ကျိုးယွဲ့ ရုန်းကန်ပြီး အပြင်သို့ ပြေးထွက်ရန် ကြိုးစားသော်လည်း ရှဲ့ယန်က သူ့အနားသို့ ချက်ချင်းရောက်ရှိလာသည်။ ရှဲ့ယန်၏ မျက်နှာတွင် ဒေါသအရိပ်အယောင်မျှမရှိဘဲ ပါးပေါ်မှ ဒဏ်ရာကိုလည်း ဂရုမစိုက်သည့်အလားပင်။ သွေးများ စိမ့်ထွက်နေဆဲ ဖြစ်သော်လည်း လျစ်လျူရှုထားကာ ဖုန့်ကျိုးယွဲ့၏ လက်ကို ချည်နှောင်ထားသော ခါးပတ်ကိုသာ ဖြည်ပေးလိုက်သည်။

ဖုန့်ကျိုးယွဲ့ခမျာ အပြင်းအထန် ရုန်းကန်ခဲ့မှုကြောင့် လက်ကောက်ဝတ် နှစ်ဖက်တွင် ပွန်းပဲ့ညိုမဲဒဏ်ရာများ ထင်ကျန်နေခဲ့ပြီ ဖြစ်သည်။ ဖုန့်ကျိုးယွဲ့က ရှဲ့ယန်ကို တွန်းထုတ်ရန် လက်မြှောက်လိုက်သော်လည်း ရှဲ့ယန်က သူ့လက်နှစ်ဖက်ကို ဖမ်းဆုပ်ကာ ကလေးငယ်တစ်ဦးပမာ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ထို့နောက် ဖုန့်ကျိုးယွဲ့၏ နောက်ကျောကို အသာအယာ ပုတ်ပေးရင်း မြန်ဆန်နေသော အသက်ရှုသံများကို တည်ငြိမ်အောင် ချော့မော့နေခဲ့သည်။

သို့သော် ဖုန့်ကျိုးယွဲ့မှာ မျက်ရည်များ မရပ်မနား စီးကျနေဆဲပင်။ အကယ်၍ အခြားသူတစ်ဦးက သူ့ကို ဤသို့ဆက်ဆံလျှင် ဖုန့်ကျိုးယွဲ့အနေဖြင့် အားနာခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်းသာ ခံစားရမည်ဖြစ်သည်။ သို့သော် ရှဲ့ယန်နှင့် ဖြစ်လာသည့်အခါတွင်မူ အဆုံးမရှိသော ဝမ်းနည်းမှုများကိုသာ ခံစားရသည်။ သူ ရှဲ့ယန်ကို အလွန်မြတ်နိုးခဲ့သမျှ ယနေ့ ရှဲ့ယန်၏ လုပ်ရပ်များက သူ့ကို အလွန်အမင်း နာကျင်စေပြီး မထီမဲ့မြင်ပြုမှုနှင့် အေးစက်စိမ်းကားမှုများကို ပေါ်လွင်စေခဲ့သည်။

ဖုန့်ကျိုးယွဲ့သည် သူ၏ နှာရည်နှင့် မျက်ရည်များကို ရှဲ့ယန်၏ သန့်ရှင်းစင်ကြယ်သော ဝတ်ရုံပေါ်တွင် ပွတ်တိုက်ကာ ဒေါသဖြေဖျောက်ရင်း လမ်းခွဲရန် ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ရှဲ့ယန် … မင်း ငါ့ကို လုံးဝမချစ်ဘူး။ ငါလည်း မင်းကို ဆက်မချစ်တော့ဘူး။ မင်းရှေ့ကို ဘယ်တော့မှ မလာတော့ဘူး"

ကြွေခွက်နှင့် ပစ်ပေါက်လိုက်သည့် အချိန်မှစ၍ ယခုအထိ ရှဲ့ယန်သည် တည်ငြိမ်စွာဖြင့်ပင် ဖုန့်ကျိုးယွဲ့၏ ရုပ်ပိုင်းဆိုင်ရာ ရန်လိုမှုနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများကို ငြိမ်ခံချော့မော့ပေးနေခဲ့သည်။ သူ့မျက်စိထဲတွင် ဖုန့်ကျိုးယွဲ့မှာ ချော့မော့ရမည့် ကလေးဆိုးလေးတစ်ဦးကဲ့သို့ပင်။

သို့သော် ဖုန့်ကျိုးယွဲ့ဆီမှ လမ်းခွဲစကားများ ထွက်လာသည့်အခါတွင်မူ ရှဲ့ယန်၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားသည်။ မုန်တိုင်းမလာမီ ကောင်းကင်ယံကဲ့သို့ သူ၏မျက်နှာက မှောင်ကျသွား၏။ သူသည် ဖုန့်ကျိုးယွဲ့၏ မေးစေ့ကို အတင်းဆွဲညှစ်ကာ အေးစက်သော နှုတ်ခမ်းများဖြင့် ဖုန့်ကျိုးယွဲ့၏ အသက်ရှုသံများကို ပိတ်ဆို့ပစ်လိုက်သည်။

ဖုန့်ကျိုးယွဲ့က အတင်းရုန်းကန်သော်လည်း ရှဲ့ယန်က လက်တစ်ဖက်တည်းဖြင့်ပင် ဖုန့်ကျိုးယွဲ့၏ လက်ကောက်ဝတ်နှစ်ဖက်ကို ခေါင်းပေါ်သို့ မြှောက်ကာ ချုပ်ကိုင်ထားလိုက်သည်။ ထို့နောက် ဖုန့်ကျိုးယွဲ့၏ နှုတ်ခမ်းများကို ကြမ်းတမ်းစွာ နမ်းရှိုက်တော့သည်။

ပုံမှန်အချိန်တွင်ပင် ရှဲ့ယန်၏ အနမ်းများမှာ ကြမ်းတမ်းတတ်ရာ ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ အပြစ်ပေးသည့်အလား အလွန်ပင် ပြင်းထန်လှသည်။ ဖုန့်ကျိုးယွဲ့၏ နှုတ်ခမ်းတို့မှ သွေးထွက်သည်အထိ အကိုက်ခံရကာ အသက်ရှုပင် ကျပ်လာရသည်။ သူသည် ရှဲ့ယန်ကို မယှဉ်နိုင်သဖြင့် ရှိုက်ကြီးတငင် ငိုကြွေးရင်း ကရုဏာသက်ရန်သာ တောင်းပန်နိုင်တော့သည်။

ပါးစပ်ထဲတွင် သွေးညှီနံ့နှင့် မျက်ရည်၏ အငန်ဓာတ်တို့ကို ခံစားနေရသည်။ ရှဲ့ယန်လည်း ထိုအရသာကို ခံစားမိမည်မှာ အသေအချာပင်။ သူသည် ခဏမျှ ရပ်တန့်သွားပြီးမှ ဖုန့်ကျိုးယွဲ့ကို လွှတ်ပေးလိုက်သည်။ သူ၏ မီးခိုးရောင် မျက်လုံးများက မြွေတစ်ကောင်၏ အကြည့်ကဲ့သို့ အေးစက်စူးရှနေပြီး သတိပေးစကားကို ခပ်အေးအေး ပြောလိုက်သည်။

"နောက်တစ်ခါ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောရင် မင်းလျှာကို ကိုက်ဖြတ်ပစ်မယ်"

အောက်ဆီဂျင် ပြတ်လပ်နေသော ဖုန့်ကျိုးယွဲ့မှာ လေကို အငမ်းမရ ရှူသွင်းနေရသဖြင့် ခေါင်းထဲတွင် မူးဝေနေသည်။ အဓိပ္ပာယ်မရှိတာ၊ ဘယ်စကားက အဓိပ္ပာယ်မရှိတာလဲ။ ရှဲ့ယန်က သူ့ကို မချစ်သည်မှာ ထင်ရှားနေသည် မဟုတ်ပါလား။ ချစ်မြတ်နိုးပါက အဘယ်ကြောင့် ဤမျှ ဂရုမစိုက်ဘဲ ဆက်ဆံရသနည်း။ လူတစ်ယောက်သည် မိမိအတွက် အရေးကြီးသော အရာကို တန်ဖိုးထားတတ်ကြသည်ဟု ဖုန့်ကျိုးယွဲ့ ယူဆသည်။ သူကိုယ်တိုင်ပင် ရှဲ့ယန်၏ စိတ်ကျေနပ်မှုအတွက် နေ၊ လ၊ ကြယ်များကိုပင် ဆွတ်ယူပေးချင်နေခဲ့သည် မဟုတ်ပါလား။ သူ လိုချင်ခဲ့သည်မှာ အနည်းငယ်မျှသော ချစ်ခြင်းမေတ္တာသာ ဖြစ်သော်လည်း ရှဲ့ယန်က ထိုအရာကိုပင် ပေးရန် ဝန်လေးနေခဲ့သည်။

ဖုန့်ကျိုးယွဲ့သည် မုန့်မစားရသော ကလေးတစ်ဦးကဲ့သို့ တိတ်တဆိတ် ငိုနေမိသည်။ ရှဲ့ယန်က သူ့ကို အေးစက်စွာ စိုက်ကြည့်နေဆဲပင်။ ရှဲ့ယန်သည် သူ၏ နှုတ်ခမ်းကို လွှတ်ပေးခဲ့သော်လည်း ခါးကိုမူ နာကျင်စေလောက်အောင် တင်းကျပ်စွာ ဖက်ထားဆဲ ဖြစ်သည်။

"ရှဲ့ယန်... မင်း ငါ့ကို တကယ်မချစ်ရင် ငါ့အချစ်တွေကို အသုံးချပြီး ငါ့ကို မနှိပ်စက်ပါနဲ့။ အဲဒါက ... အဲဒါက ..." ဖုန့်ကျိုးယွဲ့သည် ရောင်ကိုင်းနေသော မျက်လုံးများကို ပွတ်ရင်း ဆက်ပြောသည်။ "ငါ့ကို တိုက်ရိုက် ငြင်းလိုက်တာထက် အဆပေါင်းများစွာ ပိုနာကျင်ရတယ်"

ထိုစကားကို ကြားပြီးမှသာ ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့၏ ညာဘက်မျက်လုံးအောက်မှ မှဲ့လေးကို အနီးကပ် ကြည့်ရှုတော့သည်။ သူသည် ထိုမှဲ့လေးကို အထူးအဆန်းဖြစ်နေသည့်အလား စိုက်ကြည့်နေပြီးနောက် ရုတ်တရက် လျှာဖြင့် မျက်ရည်စများနှင့် မျက်တောင်ပေါ်မှ မျက်ရည်စက်များကို လျက်ယူလိုက်သည်။

ထို့နောက်တွင်မူ ရှဲ့ယန်၏ ဒေါသများ ပြေပျောက်သွားပုံရသည်။ ဖုန့်ကျိုးယွဲ့၏ နှုတ်ခမ်းပေါ်မှ ဒဏ်ရာလေးကို အသာအယာ ပြန်လည် လျက်ပေးပြန်သည်။ ထိုလုပ်ရပ်မှာ ဖုန့်ကျိုးယွဲ့ကို ပြန်လည် ချော့မော့ရန် ကြိုးစားနေသည့်အလားပင်။ ဖုန့်ကျိုးယွဲ့က ရှောင်ရန် ကြိုးစားသော်လည်း ရှဲ့ယန်က မေးစေ့ကို ကိုင်ကာ တားဆီးထားသည်။

ယခုတစ်ကြိမ် အနမ်းမှာမူ အလွန်ပင် နူးညံ့လှသည်။ အနမ်းများ အဆုံးသတ်သွားသည့်တိုင် ဖုန့်ကျိုးယွဲ့မှာ နှုတ်ခမ်းကို လျက်ရင်း ငေးမောနေမိဆဲ။ ရှဲ့ယန်၏ ခန့်ညားသော မျက်နှာမှာ သူ့အနားတွင် ရှိနေဆဲ ဖြစ်ရာ ရှည်လျားသော မျက်တောင်များ၊ ဖြောင့်စင်းသော နှာတံနှင့် စိုစွတ်နေသော နှုတ်ခမ်းပါးတို့ကို အနီးကပ် မြင်တွေ့နေရသဖြင့် ဖုန့်ကျိုးယွဲ့မှာ တံတွေးပင် မြိုချလိုက်မိသည်။

ထို့နောက် ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့၏ ဒဏ်ရာရထားသော လက်မောင်းအင်္ကျီကို မတင်လိုက်သည်။ ရှဲ့ယန် ဘာလုပ်မည်ကို သူ မသိသော်လည်း ဒဏ်ရာပေါ်သို့ အေးမြသော လေပြေလေး ကျရောက်လာခဲ့သည်။

ရှဲ့ယန်သည် သူ၏ ယားယံနေသော ဒဏ်ရာကို လေမှုတ်ပေးနေခြင်း ဖြစ်သည်။

ထိုအပြုအမူကြောင့် ဖုန့်ကျိုးယွဲ့၏ စိတ်အစဉ်မှာ ပျော့ပြောင်းသွားရပြန်သည်။ သူသည် အမှန်တကယ်ပင် သနားစရာကောင်းလှသည်။ ရှဲ့ယန်က အနည်းငယ်မျှ အလေးပေးလိုက်ရုံဖြင့် သူ့ကို ပြန်လည် ချစ်မိသွားကာ အကောင်းဆုံးအရာများ ပေးဆပ်ချင်လာရပြန်သည်။

"ယားနေသေးလား" ရှဲ့ယန်၏ အသံမှာ တိုးညင်းလှသည်။

ဖုန့်ကျိုးယွဲ့ ရုတ်တရက် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ စောစောက သူ့အပြုအမူမှာ ကျိုးကြောင်းမဲ့လွန်းသော်လည်း ရှဲ့ယန်က သူ့အပေါ် စိတ်ရှည်ပေးခဲ့သည်ကို သတိပြုမိသွားသည်။ သူသည် ခေါင်းခါရင်း "မယားတော့ဘူး" ဟု ခပ်တိုးတိုး ဖြေလိုက်သည်။

ရှဲ့ယန်သည် ဘာမှထပ်မပြောတော့ဘဲ ခရီးတစ်လျှောက်လုံး ဖုန့်ကျိုးယွဲ့၏ လက်မောင်းနားတွင် ကပ်ကာ အသာအယာ လေမှုတ်ပေးနေခဲ့ပြီး ဝေါယာဉ်ပေါ်မှ ဆင်းသည့်အခါမှသာ လွှတ်ပေးခဲ့သည်။

ဒေါသများ ဖောက်ထုတ်လိုက်ရသဖြင့် ဖုန့်ကျိုးယွဲ့၏ စိတ်ထဲတွင် များစွာ ပေါ့ပါးသွားသည်။ ရှဲ့ယန်က သူ့ဘေးတွင် ရှိနေသရွေ့ ရှဲ့ယန်၏ အကြည့်တစ်ချက်ကပင် သူ့ဒဏ်ရာကို မကုတ်မိစေရန် တားဆီးပေးနိုင်သည်။ သို့သော် ညဘက်တွင်မူ မိမိကိုယ်ကို မထိန်းချုပ်နိုင်မည်ကို စိုးရိမ်မိရာ ရှဲ့ယန်က မည်သို့ကိုင်တွယ်မည်ကို သူ စောင့်ကြည့်နေခဲ့သည်။

"ဒီကိုလာ" ရှဲ့ယန်က ကုတင်ကို မှီကာ စာဖတ်နေရင်း သူ့ဘေးရှိ နေရာလွတ်ကို ပုတ်ပြကာ ဖုန့်ကျိုးယွဲ့ကို ခေါ်လိုက်သည်။

ရှဲ့ယန်၏ နည်းလမ်းမှာ အိပ်နေစဉ်တွင်ပင် သူ့ကို စောင့်ကြည့်ရန် ဖြစ်ပုံရသည်။ ဖုန့်ကျိုးယွဲ့သည် မတတ်သာဘဲ အနားသို့ လျှောက်သွားလိုက်သည်။ ကုတင်ပေါ်သို့ တက်ရန် ကြိုးစားစဉ် ရှဲ့ယန်က စာအုပ်ကို ချလိုက်ပြီး သူ့ကို စိုက်ကြည့်လာသည်။

ညဉ့်နက်သဖြင့် အပြင်ဘက်တွင် ညငှက်အော်သံများ ကြားနေရသည်။ ရှဲ့ယန်၏ ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာမှာ ဖယောင်းတိုင်မီးရောင်အောက်တွင် ထင်ဟပ်နေပြီး မီးခိုးရောင် မျက်လုံးများမှာလည်း ဆွဲဆောင်မှုရှိလှသည်။ ဖုန့်ကျိုးယွဲ့မှာ ထိုအလှတရားတွင် မိန်းမောသွားကာ ရှဲ့ယန်၏ ဘေးတစ်ဖက်တစ်ချက်တွင် လက်ထောက်လျက်ဖြင့် မရွေ့မလျား ငေးကြည့်နေမိသည်။

ရှဲ့ယန်က ဖုန့်ကျိုးယွဲ့၏ ခါးကို ဆွဲဖက်ကာ သူ့အနားသို့ ပိုမိုနီးကပ်စေခဲ့သည်။ ရှဲ့ယန်နှင့် အကြိမ်ကြိမ် နမ်းဖူးသော်လည်း ဖုန့်ကျိုးယွဲ့မှာ အသက်ရှုနည်းကို ယခုအထိ ကောင်းကောင်းမသိသေးသဖြင့် မျက်နှာလေးမှာ နီမြန်းကာ မောဟိုက်နေရသည်။ ရှဲ့ယန်က သူ၏ ကျောကို အသာအယာ ပွတ်ပေးရင်း အသက်ရှုချောင်အောင် ကူညီပေးသည်။

"အိပ်တော့" ရှဲ့ယန်၏ အသံမှာ အနည်းငယ် အက်ရှနေသည်။ သူသည် ဖုန့်ကျိုးယွဲ့ကို ကုတင်အတွင်းဘက်သို့ မတင်ပေးကာ သူ့လက်ကို ဖုန့်ကျိုးယွဲ့၏ လက်မောင်းဒဏ်ရာပေါ်တွင် တင်ထားလိုက်သည်။

အနမ်းများကြောင့် မူးဝေနေသော ဖုန့်ကျိုးယွဲ့မှာ မကြာမီပင် အိပ်ပျော်သွားတော့သည်။ ညဘက်တွင် ဒဏ်ရာက ယားယံလာသဖြင့် ကုတ်ရန် ကြိုးစားသော်လည်း အေးမြသော ရှဲ့ယန်၏ လက်နှင့်သာ ထိတွေ့မိသဖြင့် မကုတ်ဖြစ်ခဲ့ပေ။

ရှဲ့ယန်၏ ကုတင်ပေါ်တွင် ဖြစ်သော်လည်း သူသည် ထူးဆန်းစွာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်။ နံနက်လင်း၍ နိုးလာသည့်အခါတွင်လည်း သူသည် ရှဲ့ယန်၏ ရင်ခွင်ထဲတွင် ရှိနေဆဲဖြစ်ကာ ရှဲ့ယန်၏ နှလုံးခုန်သံကိုပင် ကြားနေရသည်။

"နိုးပြီလား"

မျက်လုံးဖွင့်လိုက်သည်နှင့် ရှဲ့ယန်၏ အကြည့်နှင့် ဆုံမိသည်။ ရှဲ့ယန် နိုးနေသည်မှာ ကြာပြီဖြစ်ပုံရ၏။ ဖုန့်ကျိုးယွဲ့မှာ ခေါင်းငြိမ်ပြရင်း ရှဲ့ယန်နှင့် ညှိနှိုင်းလိုက်သည်။

"ရှဲ့ယန် ... ဒီနေ့ ညီလာခံသွားတဲ့အခါ ငါ့ကို ထပ်မချည်ထားပါနဲ့လားဟင်"

သူသည် ထိုသို့ အားကိုးရာမဲ့ဖြစ်ရသည့် ခံစားချက်ကို အမှန်တကယ်ပင် ကြောက်ရွံ့မိနေသောကြောင့် ဖြစ်သည်။

………………..

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment