no

Font
Theme

အခန်း (၆)

တိရစ္ဆာန်တွေ ထိန်းရတာ ပျော်စရာကောင်းလား

အခန်းထဲ ဝင်လာချိန် အလုပ်ဒဏ်ပိနေသောကြောင့် ရှဲ့ယန် အနည်းငယ် ပင်ပန်းနေပုံပေါ်သည်။ ပုံတူပန်းချီကားရှေ့အရောက် မိခင်ဖြစ်သူ သခင်မလေးလန်ဂျီ၏ ချိုမြစွာ ပြုံးနေသော မျက်နှာလေးအပေါ် အကြည့်ရောက်သွားသည့်အခါ ရှဲ့ယန်၏ ခန္ဓာကိုယ် ခေတ္တမျှ ငြိမ်သက်သွားသည်ကို ဖုန့်ကျိုးယွဲ့ သတိထားမိလိုက်သည်။ နွေးထွေးမှု ကင်းမဲ့သော သူ့၏ အေးစက်စက် မျက်ဝန်းများတွင် နူးညံ့မှု အရိပ်အယောင်များ သမ်းလာနေသည်။ အတန်ကြား ငေးကြည့်နေပြီးမှ သွယ်လျဖြူဖွေးသော လက်ချောင်းများကို ဆန့်ထုတ်ကာ ပန်းချီကားထဲမှ ပါးချိုင့်လေးကို ခပ်ဖွဖွ ထိတွေ့လိုက်သည်။

ရှဲ့ယန် အချိန်အကြာကြီး စိုက်ကြည့်နေမိသည်။ တစ်ညလုံးများ ဒီတိုင်း ထိုင်ကြည့်နေတော့မလားဟု ဖုန့်ကျိုးယွဲ့ တွေးနေမိစဉ်မှာပင် ရှဲ့ယန်က ရုတ်တရက် စကားပြောလာသည်။

"ထွက်ခဲ့”

တကယ်တော့ ဖုန့်ကျိုးယွဲ့ ချောင်းကြည့်မှန်း ရှဲ့ယန် အစကတည်းက သိနေခဲ့ခြင်းဖြစ်သည်။ ဖုန့်ကျိုးယွဲ့ ရှက်ရွံ့စွာဖြင့် ထွက်လာခဲ့ပြီး လက်ချောင်းများကို လိမ်ယှက်ရင်း ရှင်းပြလိုက်သည်။

“ကျွန်တော် ... ကျွန်တော် သစ်ကိုင်းကို ချိုးပစ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ အဲဒီ မက်မွန်ပင်က အိမ်ရှေ့စံရဲ့ မယ်တော် စိုက်ခဲ့တဲ့အပင်မှန်းသာ သိခဲ့ရင် တက်ခဲ့မှာ မဟုတ်ပါဘူး။ တကယ် တောင်းပန်ပါတယ်”

ရှဲ့ယန်က သူ့တောင်းပန်စကားကို အသိအမှတ်မပြု၊ ပုံတူပန်းချီကားကိုသာ စိုက်ကြည့်နေဆဲ။ တိတ်ဆိတ်နေမှုကို ဖြိုခွင်းရန် ဖုန့်ကျိုးယွဲ့ကပဲ ဆက်ပြောလိုက်သည်။

"အဲဒီတုန်းက နန်းတွင်းပန်းချီဆရာကို ရှာပြီး ဒီပုံတူကို ရေးဆွဲခိုင်းလိုက်တာပါ။ အိမ်ရှေ့စံအတွက် လက်ဆောင်ပေးတာပါ။ သစ်ကိုင်းကို ပြန်ဆက်ပေးလို့ မရတော့ပေမယ့် ဒီပန်းချီကားကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်”

ထိုအခါမှ ရှဲ့ယန် ခေါင်းမော့လာသည်။ ပထမဆုံးအကြိမ်အဖြစ် တည်ငြိမ်အေးစက်သော မီးခိုးရောင် မျက်လုံးများတွင် ဖော်ပြရခက်သော ခံစားချက်တစ်မျိုးကို ပေါ်နေသည်။

ယခင်က ရှဲ့ယန် ဖုန့်ကျိုးယွဲ့ကို ကြည့်သည့်အခါ ပုရွက်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်သကဲ့သို့ မာနကြီးသော အကြည့်မျိုးသာ ရှိခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူ့မျက်ဝန်းတွင် အထက်စီးဆန်မှု မရှိတော့။ ယုံကြည်ကိုးကွယ်သူ၏ ဆက်ကပ်မှုကြောင့် စိတ်လှုပ်ရှားသွားသော နတ်ဘုရားတစ်ပါး၏ မျက်ဝန်းများကဲ့သို့ သိမ်မွေ့သော ခံစားချက်များသာ ဖုံးလွှမ်းနေသည်။

ရှဲ့ယန်က စကားတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်နေသဖြင့် ဖုန့်ကျိုးယွဲ့ ဘာပြောရမှန်းမသိ ဖြစ်ကာ အကျီစကိုသာ လိမ်ဆွဲနေမိသည်။ အခန်းထဲတွင် အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်လွန်းလှသည်။

အချိန်အတော်ကြာပြီးချိန် ရှဲ့ယန် ပန်းချီကားဆီ အကြည့်ပြန်လွှဲသွားတော့မှ ဖုန့်ကျိုးယွဲ့ သက်ပြင်းချနိုင်တော့သည်။ ရှဲ့ယန်ကို သဘောကျသော်လည်း ထိုကဲ့သို့ စူးစူးရဲရဲ စိုက်ကြည့်ခြင်းကို ခံရသည့်အခါ အလွန်အမင်း စိတ်လှုပ်ရှားမိသည်။

"လက်ဖက်ရည် သွားယူချေ”

ရှဲ့ယန်က နူးညံ့သောလေသံဖြင့် တိုးညှင်းစွာ ပြောလာသည်။

အမိန့်အတိုင်း ထွက်ခွာလာရင်း ဖုန်းကျိုးယွဲ့ အနောက်သို့ လှမ်းကြည့်လိုက်သည့်အခါ ရှဲ့ယန်၏ မျက်ဝန်းအိမ်များ နီရဲနေသည်ကို တွေ့လိုက်ရသည်။

ရှဲ့ယန်ဆိုသည်မှာ ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးကဲ့သို့ ဆန္ဒကင်းမဲ့ပြီး ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းတို့နှင့် ကင်းဝေးသူဟု သူထင်ခဲ့ဖူးသည်။ သို့သော် မယ်တော်ဖြစ်သူ၏ ပုံတူပန်းချီကား တစ်ချပ်ကပင် သူ့ကို နူးညံ့သိမ်မွေ့ပြီး မျက်နှာလွှဲမသွားနိုင်အောင် ဖမ်းစားထားနိုင်ခဲ့သည်။

ဒီတစ်ခါတော့ ရှဲ့ယန်က သူ့ကို အရင်လို အခက်တွေ့အောင် မလုပ်တော့။ ဆက်သသော လက်ဖက်ရည်ကို တည်ငြိမ်စွာပင် လှမ်းယူသည်။ မော့ကြည့်လိုက်သည့်အခါ ပုံတူပန်းချီကားကို စာကြည့်ဆောင်၏ အထင်ရှားဆုံး နေရာတွင် ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ သူ လုပ်ခဲ့တာ မှန်သွားပြီဆိုသော အသိကြောင့် ဖုန့်ကျိုးယွဲ့ စိတ်သက်သာရာ ရသွားသည်။

ထိုပန်းချီကား၏ အကျိုးကျေးဇူးကြောင့်လား မသိ၊ နောက်ပိုင်း ရက်များတွင် စာဖတ်ဖော်အဖြစ် တာဝန်ထမ်းဆောင်ရသည်မှာ ပိုပြီး သက်သောင့်သက်သာ ရှိလာသည်။ ရှဲ့ယန်က သူ့အပေါ် အရင်ကလောက် မတင်းမာတော့။ အမှားကြီးကြီးမားမား မလုပ်သရွေ့ မသိချင်ယောင်ဆောင်ပြီး ခွင့်လွှတ်ပေးလာသည်။

သူ့တာဝန်ကို ကျွမ်းကျင်စေရန်အတွက် ဖုန့်ကျိုးယွဲ့ နေ့မအား ညမအား ကြိုးစားသည်။ နေ့ဘက်တွင် ဂရုတစိုက် မင်သွေးခြင်း၊ ရေနွေးကြမ်းငှဲ့ခြင်းများ ပြုလုပ်ပြီး ညဘက်တွင် လက်ဖက်ရည်ဖျော်နည်းကို ဆရာတစ်ဦးထံမှ သွားရောက် သင်ယူသည်။ အချိန်ကြာလာသည်နှင့်အမျှ အလုပ်တွင် ပိုကျွမ်းကျင်လာပြီး ရှဲ့ယန်၏ ဆက်ဆံပုံကလည်း ပိုမို ပျော့ပြောင်းလာသည်။

သူတို့နှစ်ဦးကြားတွင် နားလည်မှုများပင် မသိမသာ ရှိလာသည်။ ရှဲ့ယန်က ချောင်းတစ်ချက်ဟန့်လိုက်ရုံဖြင့် ရေနွေးကြမ်း လိုချင်တာလား၊ မင်ရည် လိုချင်တာလား ဆိုသည်ကို ဖုန့်ကျိုးယွဲ့ ချက်ချင်း သိနေပြီ ဖြစ်သည်။

ရှဲ့ယန် စာရေးနေသည်ကို ထိုင်ကြည့်ရခြင်းက ဖုန့်ကျိုးယွဲ့ အနှစ်သက်ဆုံးမြင်ကွင်း ဖြစ်လာသည်။ ရှဲ့ယန်၏ လက်ရေးက အားမာန်ပါပြီး စစ်သူကြီးတစ်ဦး၏ ပြတ်သားမှုမျိုး ရှိသည်။ ထို့ပြင် သူ့လက်ချောင်းများက ရှည်လျားသွယ်လျပြီး အဆစ်အပိုင်း အကွေးအဆန့်များက ကြည့်ကောင်းလှသည်။ ကြွေပြားပေါ်ကျနေသည့် နှင်းမှုန်များကဲ့သို့ ဖြူဖွေးရှင်းသန့်နေသည်။

ဖုန့်ကျိုးယွဲ့ ငေးမောကြည့်ရှုနေသည်ကို ရှဲ့ယန် သတိထားမိသွားပြီး လှည့်ကြည့်လာသည်။ ပါးလွှာသော နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟကာ အေးစက်စွာ မေးသည်။

"ကြည့်လို့ ဝပြီလား"

ဘယ်လိုလုပ် ဝနိုင်မှာလဲ။ တစ်သက်လုံး ကြည့်ရင်တောင် ဝမှာ မဟုတ်ဘူး။ ဒါပေမဲ့ ထိုစကားကို သူ ထုတ်မပြောရဲ။ ဘာမှ မဖြစ်သလိုမျိုး အကြည့်လွှဲလိုက်သော်လည်း ပါးပြင်များ ပူထူလာသည်။

"အလုပ် ပြန်လုပ်တော့"

ရှဲ့ယန်က ညှာတာမှုမရှိဘဲ မောင်းထုတ်လိုက်သည်။

ဖုန့်ကျိုးယွဲ့လည်း အဝေးကို မသွားချင်သေးသဖြင့် စက္ကူနှင့် မင်အချို့ကို ယူကာ လက်ဖက်ရည်ပွဲစားပွဲ၌ စာရေးကျင့်နေဟန် ဆောင်လိုက်သည်။ ရှဲ့ယန်၏ လက်ရေးကို မြင်ပြီးနောက် သူလည်း ကြိုးစားလေ့ကျင့်မှ ဖြစ်မည်ဟု ဆုံးဖြတ်ထားသည်၊ သို့မှသာ နောင်တစ်ချိန် လက်ထပ်ကြသည့်အခါ ရှဲ့ယန်အတွက် အရှက်မရစေမည် မဟုတ်လား။

စိတ်ကို စုစည်းပြီး ရှဲ့ယန်၏ နာမည်ကို အကြိမ်ကြိမ်အခါခါ ရေးနေမိသည်။

ရုတ်တရက် သူ့ရှေ့တွင် ဖြူဖွေးသော လက်တစ်ဖက် ပေါ်လာပြီး စားပွဲကို လက်ချောင်းနှစ်ချောင်းဖြင့် ခေါက်လိုက်သည်။ သူ သတိဝင်လာပြီး မော့ကြည့်လိုက်ရာ ရှဲ့ယန်၏ မျက်နှာနှင့် ဆုံသည်။

ရှဲ့ယန်က မျက်လွှာချထားပြီး ယပ်တောင်သဖွယ် မျက်တောင်ရှည်ကြီးများအောက်မှ သူ့လက်ရေးကို စိုက်ကြည့်နေသည်။ မျက်မှောင်ကြုတ်ထားပုံအရ ကိုယ့်နာမည်ကိုပင် ဤမျှ အရုပ်ဆိုးဆိုး ရေးထားသည်ကို မြင်ရ၍ စိတ်ဒုက္ခရောက်နေပုံပင်။ ရှဲ့ယန်က လက်ရေးလှ စာအုပ်တစ်အုပ်ကို သူ့ဘေးသို့ ပစ်ပေးလိုက်သည်။

ဖွင့်ကြည့်လိုက်သည့်အခါ စာအုပ်တစ်ဝက်ခန့် ရေးပြီးသား ဖြစ်နေသည်။ ဖုန့်ကျိုးယွဲ့ စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

"အရင် ရေးကျင့်သွားတဲ့သူက လက်ရေး တော်တော်လှတာပဲ။ သေသပ်ပြီး ကျက်သရေရှိတယ်။ ဘယ်သူ ရေးတာလဲ"

"ငါ ငါးနှစ်သားတုန်းက ရေးထားတာ"

ရှဲ့ယန်က အေးစက်စွာ ပြောပြီး သူ့စာကြည့်စားပွဲဆီသို့ ပြန်သွားသည်။ သူ့မျက်နှာထားက တည်ငြိမ်နေသော်လည်း လှောင်ပြောင်နေမှန်း သိသာသည်။ ငါးနှစ်သားလောက်တောင် လက်ရေးမလှဘူးဟု လှောင်နေခြင်းပင်။ အရှက်ခွဲလိုက်တာ။

အရှက်ရသွားသော ဖုန့်ကျိုးယွဲ့လည်း နောင်တစ်ချိန်တွင် လက်ရေးစာအုပ် စာအုပ်ထုတ်ဝေနိုင်အောင်၊ ရှဲ့ယန်နဲ့ တခြားလူတွေ သူ့ကို လေးစားလာအောင် လက်ရေးကို သေချာကျင့်မယ်ဟု တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုသို့ဖြင့် နွေဦးမှသည် ပူပြင်းသော နွေရာသီအထိ ရှဲ့ယန်နှင့် ဖုန့်ကျိုးယွဲ့တို့ အဆင်ပြေပြေ အတူဖြတ်သန်းနေခဲ့ကြသည်။

တဖြည်းဖြည်းနှင့် ရှဲ့ယန်သည် သူထင်ထားသလို မဟုတ်ကြောင်း ဖုန့်ကျိုးယွဲ့ သိလာသည်။ အစက အေးစက်ပြီး ချဥ်းကပ်ရခက်မည် ထင်ခဲ့သော်လည်း တကယ်တမ်းကျတော့ ထိုသို့မဟုတ်။ အိမ်တော်ထိန်းများ အမှားလုပ်မိလျှင်၊ ဥပမာ - တန်ဖိုးကြီး ပန်းအိုးကွဲသွားလျှင် ရှဲ့ယန်က အလွယ်တကူ ခွင့်လွှတ်ပေးတတ်ပြီး ဒေါသထွက်ခဲသည်။

လက်ရေးလှစာအုပ် ကိစ္စပြီးနောက် ရှဲ့ယန်၏ အေးစက်မှုအောက်မှ နောက်ထပ် စရိုက်တစ်ခုကို တွေ့လိုက်ရသည်။ သူသည် တည်ငြိမ်သော မျက်နှာထားဖြင့် သူတစ်ပါးကို စနောက်ရသည်ကို နှစ်သက်တတ်သည်။ ဒါက တော်တော်လေး ထူးခြားသည်။

ဖုန့်ကျိုးယွဲ့တစ်ယောက် ရှဲ့ယန်ကို ပိုပြီး သဘောကျလာမိသည်။

ရှဲ့ယန်ကို ပိုဂရုစိုက် ပြုစုပေးဖြစ်ပြီး သူ့အကြိုက်များကိုလည်း မှတ်သားထားလိုက်သည်။ သခင်မလေးလန်ဂျီ၏ သွေးတစ်ဝက် ပါသောကြောင့်လားမသိ၊ ရှဲ့ယန်သည် တိုင်းတပါး အစားအစာများကို အထူးကြိုက်နှစ်သက်ကြောင်း သတိထားမိသည်။

မနက်တိုင်း မနက်စာ စားသည့်အခါ ငန်ကျိကျိ အရသာရှိသော နို့လက်ဖက်ရည်ကို သောက်လေ့ရှိပြီး ထိုအရာမပါလျှင် အစာစားချင်စိတ် ပျောက်တတ်သည်။ နွေဦးကုန်၍ နွေရာသီ ရောက်လာသောအခါ ရှဲ့ယန်၏ စားပွဲဝိုင်းတွင် နို့လက်ဖက်ရည် ပါမလာတော့။

မီးဖိုချောင်ကို တိတ်တဆိတ် မေးကြည့်တော့ နွေရာသီ ရောက်လာသဖြင့် နန်းတော်မှ ပို့သော နွားနို့များ အလွယ်တကူ ပျက်စီးတတ်ကြောင်း၊ နွားနို့ ပျက်စီးနေလျှင် အရသာ ပျက်မည်စိုး၍ ရှဲ့ယန်ကို တင်ပြခဲ့ရာ ရှဲ့ယန်က ဘာမှမပြောသော်လည်း ပုံမှန်ထက် လျှော့စားသွားကြောင်း သိရသည်။

ဒါက ဖုန့်ကျိုးယွဲ့ကို အမှန်တကယ် စိတ်ပူစေသည်။ ထို့ကြောင့် ပြဿနာကို အဖြေရှာရန်အတွက် ရှဲ့ယန်ထံမှ ခွင့်ယူရတော့သည်။ ရက်အနည်းငယ် ခွင့်ယူချင်ကြောင်း ပြောသည့်အခါ ရှဲ့ယန်က မော့ကြည့်ပြီး "ဘာဖြစ်လို့လဲ"ဟု မေးသည်။

အစီအစဉ် မအောင်မြင်ခင် ကြိုမပြောချင်သဖြင့် (မအောင်မြင်လျှင် ရှဲ့ယန် စိတ်ပျက်သွားမည်စိုး၍) ဖုန့်ကျိုးယွဲ့ လိမ်ပြောလိုက်သည်။ "ရာသီဥတုက ပူလွန်းတော့ အပူရှပ်သလို ဖြစ်နေတာနဲ့ အိမ်ပြန်ပြီး ရက်နည်းနည်းလောက် နားချင်လို့ပါ”

သူခွင့်ယူမည်ဆိုလျှင် ရှဲ့ယန် ဝမ်းသာအားရ ဖြစ်ပြီး "အေး ... ယူယူ ... နောက်ဘယ်တော့မှ ပြန်မလာနဲ့တော့"ဟု ပြောမည် ထင်ခဲ့သည်။ သို့သော် ရှဲ့ယန်က အလုပ်သမားကို ခေါင်းပုံဖြတ်ချင်သော မြေရှင်ကြီးတစ်ယောက်ကဲ့သို့ ဘယ်နှစ်ရက် နားမှာလဲဟု အတင်းမေးနေသည်။

"သုံးရက်ပါ"

ဒီရက်ပိုင်းလောက်ဆို ရှဲ့ယန် လက်ခံနိုင်မည့် အနေအထားမို့ "အင်း"ဟု တစ်လုံးတည်းပြောကာ ခွင့်ပြုလိုက်သည်။

အမှန်တကယ်တော့ ဖုန့်ကျိုးယွဲ့လည်း ရှဲ့ယန်နှင့် အကြာကြီး မခွဲချင်။ အိမ်ရောက်သည်နှင့် မွေးမြူရေးခြံများကို ဆက်သွယ်ပြီး မွေးမြူရေးခြံ အနှံ့သွားကာ နို့ထွက်ပစ္စည်း ရင်းမြစ်များကို ရှာဖွေတော့သည်။

ရှဲ့ယန်က နွားနို့ အမြဲသောက်သော်လည်း တိုင်းတပါးက ဆိတ်နို့နှင့် လုပ်သော နို့လက်ဖက်ရည်က ပိုပြီး စစ်မှန်သည်ဟု ကြားဖူးသည်။ ထို့ကြောင့် နို့စားနွားနှင့် ဆိတ်အချို့ကို ဝယ်ယူပြီး အိမ်သို့ သယ်လာခဲ့သည်။

တိရစ္ဆာန်များကို နှိပ်နယ်ပေး၊ ရေချိုးပေးနေသော သူ့ကိုကြည့်ပြီး ဖခင်ဖြစ်သူကတော့ မျှော်လင့်ချက် ကုန်သွားသည့်ပုံဖြင့် သက်ပြင်းရှည်ကြီး ချလေသည်။ သူ့အိမ်က ခွေးလေး ရှောင်ပိုင်ကသာ သခင်ဖြစ်သူ အိမ်ပြန်ရောက်နေသဖြင့် ပျော်ရွှင်စွာ အမြီးနှံ့ပြီး တကောက်ကောက် လိုက်နေသည်။

သုံးရက်မြောက် ညနေတွင် အငန်ဓာတ်ကဲသော နို့လက်ဖက်ရည် ဖျော်နည်းကို ရှာတွေ့ခဲ့သည်။ နောက်ဖေးခြံထဲတွင် နွားများနှင့် ဆိတ်များကို အေးအေးလူလူ စောင့်ရှောက်နေစဉ် အိမ်ရှေ့စံအိမ်တော်မှ အိမ်တော်ထိန်း ရောက်လာသည်။

နေမကောင်း၍ ခွင့်ယူထားသော ဖုန်းမုချိုက ခုတင်ပေါ်တွင် လဲလျောင်းမနေဘဲ၊ နွားကျောကုန်းကို တက်ကြွစွာ နှိပ်နယ်ပွတ်သပ်ပေးနေသည်ကို မြင်သောအခါ အိမ်တော်ထိန်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။

ဖုန့်ကျိုးယွဲ့ အနည်းငယ် အနေခက်သွားပြီး ချောင်းဟန့်ကာ မေးလိုက်သည်။

“အိမ်တော်ထိန်းကြီးပါလား ... ဘာကိစ္စ ရှိလို့လဲ။"

"ဪ ... သခင်လေးဖုန့် ခွင့်ယူထားတာ သုံးရက် ပြည့်တော့မှာမို့ မနက်ဖြန် အိမ်ရှေ့စံအိမ်တော်မှာ တာဝန်ပြန်ထမ်းဆောင်ရမယ် ဆိုတာ လာသတိပေးတာပါ"

မနက်ဖြန် အလုပ်ဆင်းဖို့ လာသတိပေးတာပဲ။ ရှဲ့ယန် လွှတ်လိုက်တာလား၊ သူ့သဘောနဲ့သူ လာတာလားတော့ မသိ။ ဖုန့်ကျိုးယွဲ့က မနက်ဖြန် သေချာပေါက် ရောက်လာပါ့မယ်ဟု ကတိပေးပြီး ဒီကိစ္စကို လျှို့ဝှက်ပေးထားဖို့ တောင်းဆိုလိုက်သည်။ ရှဲ့ယန်ကို အံ့သြသွားစေချင်လို့လေ။

သို့သော် အိမ်တော်ထိန်း ရှဲ့ယန်အပေါ်သာ အမြဲသစ္စာရှိသူပီပီ ပြန်ရောက်သည်နှင့် ချက်ချင်း သွားတိုင်လိုက်သည်။

နောက်တစ်နေ့ ရှဲ့ယန် သူ့ကို မြင်သည့်အခါ မျက်နှာထားက ကြည့်မကောင်း။ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အေးစက်စွာ ပြောသည်။

"အဲဒီတိရစ္ဆာန်တွေနဲ့ နေရတာ တကယ်ပဲ ပျော်စရာကောင်းနေသလား"

ဖုန့်ကျိုးယွဲ့ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။ သူက စိတ်ကူးပေါက်ရာ လုပ်ချင်လို့၊ နွားတွေနဲ့ ဆော့ချင်လို့ ခွင့်သုံးရက် ယူလိုက်တာဟု ရှဲ့ယန် ထင်သွားပုံရသည်။ ဝမ်းနည်းသွားသော်လည်း နှုတ်ခမ်းကို စေ့ပြီး ငြိမ်နေလိုက်သည်။

မနက်စာ စားချိန်အထိ ရှဲ့ယန်က မျက်မှောင်ကြုတ်ထားဆဲ။ လိမ်ပြီး ခွင့်ယူသွားသည့် ကိစ္စကို စိတ်ဆိုးနေတုန်း ဖြစ်မည်။ နို့လက်ဖက်ရည် နှစ်ခွက်ကို ယူလာပေးလိုက်မှ မျက်နှာထား အနည်းငယ် ပြေလျော့သွားသည်။

"ဒါက နွားနို့နဲ့ လုပ်ထားတာ၊ ဒါက ဆိတ်နို့နဲ့ လုပ်ထားတာ။ နှစ်မျိုးလုံး မြည်းကြည့်ပါ။ ကျွန်တော့်အိမ်မှာ နို့စားနွားတွေရော၊ ဆိတ်တွေရော မွေးထားပြီမို့ နောက်ဆို နေ့တိုင်း နို့လက်ဖက်ရည် သောက်လို့ရပြီ" ဖုန့်ကျိုးယွဲ့က ကိုယ်သဘောကျသောသူကို အငြိုးအတေး ထားတတ်သူ မဟုတ်သဖြင့် ခုနက စိတ်မကောင်းဖြစ်မှုကို မေ့သွားပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"မင်း ဒီသုံးရက်လုံး ဒါတွေနဲ့ အလုပ်ရှုပ်နေတာလား" ရှဲ့ယန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။ တစ်ငုံစီ ဖြည်းဖြည်းချင်း သောက်ကြည့်ပြီးနောက် "မဆိုးပါဘူး"ဟု မှတ်ချက်ပေးသည်။

ရှဲ့ယန်နှင့် အတူနေလာတာ ကြာပြီမို့ "မဆိုးပါဘူး"ဆိုသည်မှာ "အရမ်းကြိုက်တယ်"ဟု အဓိပ္ပာယ်ရကြောင်း ဖုန့်ကျိုးယွဲ့ ကောင်းကောင်းသိပြီးသားပင်။ သူပျော်ရွှင်တက်ကြွသွားသည်။ "အိမ်ရှေ့စံ ကြိုက်တယ်ဆိုရင်ပဲ ဒီသုံးရက်လုံး ဟိုပြေးဒီပြေးနဲ့ တိရစ္ဆာန်တွေကို ပြုစုခဲ့ရတာ တန်ပါပြီဗျာ"

သူ့စကားက အဓိပ္ပာယ်တစ်ခု ပါနေမှန်း သိသာသည်။ ဒါကို ကြားတော့ ရှဲ့ယန်က မျက်နှာလွှဲသွားပြီး ကလေးတစ်ယောက် စိတ်ကောက်သလို ပုံစံမျိုးဖြင့် သူ့ကို မကြည့်ဘဲ နေသည်။ နို့လက်ဖက်ရည် ခွက်တွေကိုလည်း တမင်တကာ မထိဘဲ နေနေသည်။ ရှဲ့ယန် ရှက်ရမ်းရမ်းနေမှန်း သိသဖြင့်၊ အနေမခက်အောင် ဖုန့်ကျိုးယွဲ့ အခန်းထဲမှ ထွက်ပေးလိုက်သည်။

မနက်စာ ပန်းကန်များ ပြန်သိမ်းရန် ဝင်လာသည့်အခါ နို့လက်ဖက်ရည်ခွက် နှစ်ခွက်စလုံး ပြောင်သလင်းခါနေသည်ကို တွေ့လိုက်ရသည်။ ရှဲ့ယန်က စာရေးနေဆဲ ဖြစ်သော်လည်း သူ့အကြည့်ကို သတိထားမိသည့်အလား ကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး ကျောခိုင်းထားလိုက်လေသည်။

---

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment