အခန်း (၁၉)
ရှဲ့ယန်၏ မျက်ဝန်းထဲမှ စိမ်းကားလှသော မုန်းတီးမှုများကြောင့် ဖုန့်ကျိုးယွဲ့မှာ ထိတ်လန့်သွားကာ အနောက်သို့ တစ်လှမ်းဆုတ်မိပြီး ကိုယ်ခန္ဓာတစ်ခုလုံး တောင့်တင်းသွားရသည်။ ရှဲ့ယန်၏ ထိုမုန်းတီးမှုမှာ မိဖုရားကြီး၏ တမင်သက်သက် အရှက်ခွဲမှုကြောင့်သာမက မိမိ၏ မမျှော်လင့်ဘဲ ရောက်ရှိလာမှုကြောင့်လည်း ပါဝင်နေသည်ဟု ဖုန့်ကျိုးယွဲ့၏ အာရုံက သိနေသည်။
ဒါက ... အတိအကျဆိုရလျှင် ယွမ်ရဲက သူရေးထားသော အချစ်ကဗျာကို လူပုံအလယ်တွင် လှောင်ပြောင်သရော်ခဲ့စဉ်က ခံစားခဲ့ရသော မုန်းတီးခြင်း၊ ကြောက်ရွံ့ခြင်း၊ ကိုယ့်ကိုယ်ကိုယ် အားမရခြင်းနှင့် အရှက်ရခြင်းတို့ ရောပြွမ်းနေသည့် ခံစားချက်မျိုးနှင့် တူလှသည်။
သို့မဟုတ်လျှင်လည်း မိမိမှာ မကောင်းသော အပြုအမူများ သို့မဟုတ် လူအများ၏ ကဲ့ရဲ့မှုကို တိတ်တဆိတ် သည်းခံနေရသော်လည်း၊ မိမိ မြတ်နိုးရသူကိုမူ ထိုကဲ့သို့သော မြင်ကွင်းမျိုး လုံးဝမမြင်စေချင်ဘဲ အစွမ်းကုန် ဖုံးကွယ်ထားလိုသည့် စိတ်မျိုး ဖြစ်ပေလိမ့်မည်။
မိမိမြတ်နိုးရသူ၏ ရှေ့မှောက်တွင် ကောင်းကင်ယံက လမင်းကဲ့သို့ စင်ကြယ်သူ၊ နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်သူ၊ မည်သူမျှ မထိပါးဝံ့ဘဲ ထာဝစဉ် လေးစားရသူအဖြစ်သာ ပေါ်လွင်လိုခြင်းပင် ဖြစ်သည်။
သို့သော် ထိုနုနယ်လှသော ဟန်ဆောင်မှုမျက်နှာဖုံး မမျှော်လင့်ဘဲ ကွဲအက်သွားသည့်အခါ …..
ထိုအခိုက်အတန့်တွင် လူအုပ်ကြီးကြား၌ ရှဲ့ယန်နှင့် ဖုန့်ကျိုးယွဲ့တို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦးသာ မြင်နေကြတော့သည်။
ရှဲ့ယန်၏ မျက်ဝန်းထဲတွင် လှိုင်းထန်နေသော မုန်းတီးမှုများနှင့် နောင်တရိပ်တို့ကို ဖုန့်ကျိုးယွဲ့ မြင်လိုက်ရသည်။ သို့သော် ခဏတာအတွင်းမှာပင် ရှဲ့ယန်၏ အကြည့်တို့က အေးစက်စိမ်းကားသွားတော့သည်။ သူသည် အစကတည်းက ရှိခဲ့သော ဟန်မူအတိုင်း ပျင်းရိပျင်းတွဲဖြင့် မတ်တတ်ထရပ်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ မည်သည့် ခံစားချက်မျှ မရှိတော့ဘဲ ဖုန့်ကျိုးယွဲ့မှာ ထိုနေရာတွင် မရှိခဲ့သည့်အလား အေးစက်လှသည်။
ရှဲ့ယန်၏ လတ်တလော စိတ်မတည်ငြိမ်မှုများကို ဖုန့်ကျိုးယွဲ့ ရုတ်တရက် နားလည်သွားသည်။ မိဖုရားကြီးသည် မွေးနေ့ပွဲတွင် သူ့ကို အရှက်ခွဲရန် ကြိုးစားမည်ကို ရှဲ့ယန် ကြိုတင်သိနေခဲ့သဖြင့် ဖုန့်ကျိုးယွဲ့ကို မခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ကံကြမ္မာ၏ အလှည့်အပြောင်းကြောင့် သူက ရောက်လာခဲ့ပြန်သည်။
ငါမလာခဲ့သင့်ဘူး။
ဖုန့်ကျိုးယွဲ့ သက်ပြင်းချရင်း ရှဲ့ယန်ကို ပြန်ကြည့်လိုက်သည်။ ရှဲ့ယန်မှာ မတ်တတ်ထရပ်ကာ မိဖုရားကြီး၏ နောက်မှ ခန်းမထဲသို့ လိုက်ပါသွားပြီဖြစ်သည်။ ညလေအေးထဲတွင် လွင့်နေသော သူ၏ ဝတ်ရုံစများနှင့် ကျောပြင်မှာ တစ်ဦးတည်း အထီးကျန်နေသော ကြိုးကြာငှက်တစ်ကောင်ကဲ့သို့ အားကိုးရာမဲ့လှသည်။
သူသည် ဖုန့်ကျိုးယွဲ့ဘက်သို့ တစ်ချက်မျှ ပြန်လှည့်မကြည့်ခဲ့ပေ။
နှလုံးသားထဲတွင် စူးခနဲ နာကျင်သွားရသလို စိုးရိမ်စရာ ကောင်းသော အသိတစ်ခုလည်း ဝင်လာသည်။ အကယ်၍ ယခုအခြေအနေကို သူ မပြင်ဆင်နိုင်ပါက ရှဲ့ယန်သည် သူ့ကို နောက်ဘယ်တော့မှ တွေ့တော့မည်မဟုတ်ဘဲ သူတို့၏ ပတ်သက်မှုများအားလုံး ပြီးဆုံးသွားနိုင်သည်။
ထိုအတွေးကြောင့် ဖုန့်ကျိုးယွဲ့၏ နှလုံးသားမှာ မမြင်ရသော လက်တစ်ဖက်ဖြင့် ဖျစ်ညှစ်ထားသကဲ့သို့ ခံစားရပြီး နာကျင်လွန်းလှသဖြင့် အသက်ရှုပင် ကျပ်လာရသည်။
သူ ရှဲ့ယန်ကို အဆုံးရှုံးမခံနိုင်ပေ။ လုံးဝ အဆုံးရှုံးမခံနိုင်။
ဖုန့်ကျိုးယွဲ့သည် နန်းတွင်းအစေခံတစ်ဦးကို ရှာကာ ဖခင်ဖြစ်သူထံ လက်ရေးမူ ပေးခိုင်းလိုက်ပြီးနောက် အိမ်ရှေ့မင်းသား အိမ်တော်ဆီသို့ ဝေါယာဉ်ဖြင့် အမြန်ထွက်လာခဲ့သည်။
သူသည် ရှဲ့ယန် မဖြစ်မနေ ဖြတ်သန်းရမည့် လမ်းရှိ နားနေဆောင်လေးတွင် စောင့်နေလိုက်သည်။ ညဉ့်နက်နေပြီ ဖြစ်ရာ လူသူကင်းရှင်းသဖြင့် ရှဲ့ယန်နှင့် လွတ်လပ်စွာ စကားပြောနိုင်မည်ဟု သူ ယူဆသည်။
သို့သော် ကြာမြင့်စွာ စောင့်ဆိုင်းနေသည့်တိုင် ရှဲ့ယန် ပြန်မလာခဲ့ပေ။ ရှဲ့ယန်မှာ သောက်စားမူးယစ်ခြင်းနှင့် ဆူညံသော ပွဲလမ်းများကို မနှစ်သက်သူဖြစ်ရာ ယခုကဲ့သို့ ညနက်သည်အထိ ပြန်မလာခြင်းမှာ အလွန်ထူးဆန်းလှသည်။
သို့သော် ရှဲ့ယန်အတွက်ဆိုလျှင် ဖုန့်ကျိုးယွဲ့ စိတ်ရှည်ပါသည်။ တစ်ညလုံး စောင့်ရလျှင်ပင် သည်းခံနိုင်၏။ ကောင်းကင်ယံက လမင်းကြီး သစ်ပင်ထိပ်ဖျားသို့ နိမ့်ဆင်းသွားသည့် အချိန်ကျမှသာ ရှဲ့ယန် ပြန်ရောက်လာခဲ့သည်။
ရှဲ့ယန်၏ ခြေလှမ်းများမှာ တည်ငြိမ်သော်လည်း ပုံမှန်ထက် အနည်းငယ် ပေါ့ပါးနေသည်။ ဖုန့်ကျိုးယွဲ့က သူ့ကို အမြန်လှမ်းခေါ်ကာ ချော့မော့သော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
“ရှဲ့ယန် .. ရှဲ့ယန် .. ငါ ဒီမှာ ရှိတယ်"
ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့၏ အသံကို ကြားမှသာ လှည့်ကြည့်လာသည်။ သူ၏ အကြည့်မှာ ရေခဲကဲ့သို့ အေးစက်ကာ အမူအရာမှာလည်း ခက်ထန်လှသည်။ သူသည် နားနေဆောင်ထဲသို့ ဖြည်းညင်းစွာ ဝင်လာစဉ် ဖုန့်ကျိုးယွဲ့မှာ ရှဲ့ယန်ထံမှ ပြင်းထန်သော အရက်နံ့ကို ရလိုက်သည်။
ရှဲ့ယန်မှာ ယနေ့ညတွင် အရက်များစွာ သောက်လာပုံရသည်။ ပုံမှန်ဆိုလျှင် ပွဲလမ်းများ၌ သူသည် အရက်ကို တစ်စက်မျှ မထိသော်လည်း ယနေ့ညတွင်မူ အစိုးမရအောင် သောက်ထားခဲ့သည်။
"မင်း ဘယ်လောက်တောင် သောက်လာတာလဲ၊ ငါ အရက်နာကျ ပျောက်ဆေးလေး ဖျော်ပေးမယ်လေ"
ဖုန့်ကျိုးယွဲ့သည် ရှဲ့ယန်၏ မျက်နှာကို ခိုးကြည့်လိုက်သည်။ ရှဲ့ယန်၏ မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ အေးစက်နေသော်လည်း နှုတ်ခမ်းပါးတို့မှာ စိုစွတ်နေကာ သူ၏ အသက်ရှုသံတို့တွင် ပြင်းထန်သော အရက်နံ့များ ပါဝင်နေသည်။ ဖုန့်ကျိုးယွဲ့မှာ အရက်နံ့ကို မနှစ်သက်သဖြင့် မသိလိုက်ဘဲ မျက်မှောင်ကြုတ်ကာ သက်ပြင်းချမိသည်။
ထိုအမူအရာကို မြင်လိုက်ရသည့်အခါ ရှဲ့ယန်သည် ရုတ်တရက် ဒေါသပေါက်ကွဲသွားတော့သည်။ သူက ဖုန့်ကျိုးယွဲ့ကို နားနေဆောင်၏ သစ်သားတိုင်တွင် ကပ်ကာ အတင်းတွန်းထားလိုက်ပြီး အေးစက်သော လက်ဖြင့် ပါးပြင်ကို ဆွဲညှစ်လိုက်သည်။ ထို့နောက် သူ၏ နှုတ်ခမ်းများနှင့် ဖုန့်ကျိုးယွဲ့၏ နှုတ်ခမ်းများ ထိလုနီးပါးအထိ တိုးကပ်လာခဲ့သည်။
ရှဲ့ယန်ထံမှ ရနေကျ အေးမြသော ရနံ့လေးမှာ ယခုအခါ ပြင်းထန်သော အရက်နံ့အောက်တွင် ပျောက်ကွယ်နေသည်။ ဖုန့်ကျိုးယွဲ့မှာ မခံမရပ်နိုင်သဖြင့် ခေါင်းကို လွှဲလိုက်ရာ ထိုလုပ်ရပ်က ရှဲ့ယန်ကို ပို၍ ဒေါသထွက်စေခဲ့သည်။
"မင်း ကျေနပ်ပြီလား၊ ငါ ဒီနေ့ ခွေးတစ်ကောင်လို ဖြစ်နေတာကို မြင်လိုက်ရတော့လေ"
"ငါ ရှဲ့ယန်က ခွေးတစ်ကောင်ထက် နိမ့်ကျတဲ့ဘဝနဲ့ ရှင်သန်နေရတာပဲ။ အဲဒီတော့ ဘာဖြစ်လဲ။ မင်း ကြောက်သွားပြီလား။ ဖုန့်ကျိုးယွဲ့ ... မင်းက လူလိမ်ပဲ"
ရှဲ့ယန်၏ မျက်နှာတွင် ဤမျှလောက် ထိတ်လန့်စရာကောင်းသော အမူအရာမျိုးကို ဖုန့်ကျိုးယွဲ့ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူ၏ မီးခိုးရောင် မျက်လုံးများမှာ အေးစက်သော လရောင်အောက်တွင် ဆောင်းတွင်းက နှင်းခဲများကဲ့သို့ ဖုန့်ကျိုးယွဲ့ကို အေးခဲသွားစေရန် ခြိမ်းခြောက်နေသည်။ ပါးပြင်ကို ညှစ်ထားသော လက်များမှာလည်း အလွန်အေးစက်နေကာ နာကျင်မှုကြောင့် ဖုန့်ကျိုးယွဲ့၏ မျက်ရည်များမှာ စီးကျလာရသည်။
ရှဲ့ယန်သည် အဖြေတစ်ခုကို စောင့်နေသည့်အလား အနားတွင် ကပ်နေဆဲဖြစ်ကာ သူ၏ အသက်ရှုသံများမှာ ဖုန့်ကျိုးယွဲ့၏ နားရွက်နားတွင် ရစ်ပတ်နေသော မြွေတစ်ကောင်၏ တွန်သံကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။
ဖုန့်ကျိုးယွဲ့ ကြောက်နေမိသည်။ သူ၏ စိတ်ထဲက ရှဲ့ယန်မှာ ဤကဲ့သို့ မဟုတ်သင့်ပေ။ သူသိသော ရှဲ့ယန်မှာ မြင့်မြတ်သော လူကြီးလူကောင်းတစ်ဦးဖြစ်ကာ သူ့ကို ဘေးအန္တရာယ်များမှ အကြိမ်ကြိမ် ကယ်တင်ခဲ့သူ၊ မည်သည့်အခြေအနေတွင်မဆို တည်ငြိမ်အေးဆေးသူသာ ဖြစ်သည်။
"ဖုန့်ကျိုးယွဲ့ ..." ရှဲ့ယန်အသံက နတ်ဆိုးတစ်ကောင်၏ တီးတိုးစကားကဲ့သို့ ထွက်ပေါ်လာသည်။ သူ၏ အနမ်းများမှာ နားရွက်တစ်ဝိုက်သို့ မရပ်မနား ကျရောက်လာသဖြင့် ဖုန့်ကျိုးယွဲ့မှာ တစ်ကိုယ်လုံး တုန်ရင်နေမိသည်။
"မင်း ငါ့ကို ချစ်သေးရဲ့လား"
ဖုန့်ကျိုးယွဲ့လည်း သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်မိသည်။
ရှဲ့ယန်ကို ချစ်သေးရဲ့လား ….
ထိုအခိုက်အတန့်တွင် ဖုန့်ကျိုးယွဲ့မှာ ထိတ်လန့်ကြောက်ရွံ့မှုသာ ခံစားနေရသဖြင့် ရှဲ့ယန်၏ အနမ်းများမှ လွတ်ကင်းရန် ရှောင်တိမ်းနေမိသည်။ ရှဲ့ယန်သည် ခပ်တိုးတိုး ရယ်လိုက်သော်လည်း ထိုရယ်သံမှာ အေးစက်လွန်းလှသည်။
"ဖုန့်ကျိုးယွဲ့ ... မင်းက တကယ့်လူလိမ်ပဲ"
ထိုသို့ပြောပြီးနောက် ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့ကို ကလေးတစ်ယောက်ကဲ့သို့ ချီလိုက်သည်။ သူ၏ လက်များက ဖုန့်ကျိုးယွဲ့၏ ခါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် အလွန်နာကျင်ရသည်။ ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့ကို နားနေဆောင် အလယ်ရှိ ကျောက်စိမ်းစားပွဲပေါ်သို့ တင်လိုက်သည်။
စားပွဲမှာ အေးစက်သော ကျောက်စိမ်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်ရာ နွေရာသီဖြစ်သော်လည်း ထိုပေါ်တွင် လဲလျောင်းနေရသော ဖုန့်ကျိုးယွဲ့မှာ အအေးဓာတ်ကို ခံစားနေရသည်။
သူသည် ကြောက်ရွံ့စွာဖြင့် ကိုယ်ကို ကျုံ့ထားသော်လည်း ရှဲ့ယန်ကို မတားမိပေ။ ရှဲ့ယန်သည် မတ်မတ်ရပ်ကာ ဖုန့်ကျိုးယွဲ့ကို ငုံ့ကြည့်နေသည်။ သူ၏ မီးခိုးရောင် မျက်လုံးများမှာ ပင်လယ်ရေအောက်က ရေခဲများကဲ့သို့ အေးစက်နေသော်လည်း အတွင်းထဲတွင်မူ မီးတောက်များ လောင်မြိုင်နေသည့်အလားပင်။
ရှဲ့ယန်၏ လက်ချောင်းများက ဖုန့်ကျိုးယွဲ့၏ မျက်ခုံးတန်းများ၊ မျက်လုံးအောက်မှ မှဲ့လေး၊ နှာတံနှင့် နှုတ်ခမ်းများမှတစ်ဆင့် လည်ပင်းဆီသို့ ဖြည်းညင်းစွာ ပွတ်သပ်သွားသည်။ သူ ထိတွေ့လိုက်သည့် နေရာတိုင်းတွင် ဖုန့်ကျိုးယွဲ့မှာ တုန်ရင်သွားရသည်။
ရှဲ့ယန် ဘာလုပ်မည်ကို သူ မသိသော်လည်း ဆက်လက် ထိတွေ့နေမည်ကို သူ စိုးရိမ်မိသည်။ အကယ်၍ ဤအတိုင်း ဆက်သွားပါက သူ၏ ပုံမှန်မဟုတ်သော ခန္ဓာကိုယ်အကြောင်း ပေါ်သွားပေလိမ့်မည်။ ထိုသို့ အဖြစ်မခံနိုင်ပေ။
ဖုန့်ကျိုးယွဲ့သည် ကြောက်လန့်တကြားဖြင့် သူ၏ အင်္ကျီကော်လာကို တင်းကျပ်စွာ ဆွဲစိလိုက်ရင်း စကားပြောရန် ကြိုးစားလိုက်သည်။
"ရှဲ့ .. ရှဲ့ယန်၊ ဒီနေ့ မင်း ဘာဖြစ်နေတာလဲ"
ရှဲ့ယန်က မဖြေပေ။ သူသည် သူ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် ရောက်နေပြီး ခံစားချက်များက သူ့ကို ဝါးမြိုထားပုံရသည်။ သူသည် ဖုန့်ကျိုးယွဲ့၏ အနားသို့ တိုးကပ်လာကာ မျက်လုံးအောက်မှ မှဲ့လေးမှ လည်ပင်းဆီသို့ အပြင်းအထန် နမ်းရှိုက်တော့သည်။
သူသည် ဒေါသဖြေဖျောက်နေသည့်အလား ဖုန့်ကျိုးယွဲ့၏ လည်ပင်းကို နာကျင်အောင် ကိုက်လိုက်သည်။ ဖုန့်ကျိုးယွဲ့က တွန်းထုတ်ရန် ကြိုးစားသော်လည်း ရှဲ့ယန်က လက်တစ်ဖက်တည်းဖြင့်ပင် ချုပ်ကိုင်ထားလိုက်သည်။
"ဖုန့်ကျိုးယွဲ့... ကတိဖျက်တဲ့အတွက် ပေးဆပ်ရမယ့် တန်ဖိုးရှိတယ်"
ရှဲ့ယန်၏ အသံမှာ အေးစက်စွာ ထွက်ပေါ်လာသည်။ သူသည် ဖုန့်ကျိုးယွဲ့၏ လက်နှစ်ဖက်ကို ခေါင်းပေါ်သို့ မြှောက်ကာ ချုပ်ကိုင်ထားပြီး ခါးပတ်ကို စတင်ဖြည်လိုက်သည်။
"မလုပ်ပါနဲ့ ရှဲ့ယန်... အဲဒီလို မလုပ်ပါနဲ့။ ငါ ကြောက်တယ်"
"ငိုနေတာလား?"
ဖုန့်ကျိုးယွဲ့၏ ရှိုက်သံကို ကြားလိုက်ရသဖြင့် ရှဲ့ယန်၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူသည် ခါးပတ်ကို ဆက်မဖြည်တော့ဘဲ ဖုန့်ကျိုးယွဲ့၏ မျက်တောင်ထောင့်ကို ထိတွေ့လိုက်သည်။
ရှည်လျားသော လက်ချောင်းများဖြင့် မျက်ရည်များကို သုတ်ယူကာ ပါးစပ်ထဲထည့်၍ အရသာခံကြည့်သည်။ ထို့နောက် အေးစက်စွာ ပြောလိုက်သည်။
"လူလိမ်ရဲ့ မျက်ရည်ကို မယုံကြည်အပ်ဘူး"
သူသည် ခါးပတ်ကို ဖြည်လိုက်ကာ ဖုန့်ကျိုးယွဲ့၏ လက်များကို တင်းကျပ်စွာ ချည်နှောင်လိုက်သည်။ ဖုန့်ကျိုးယွဲ့မှာ အသက်ရှုမဝတော့သည့်အထိ ငိုနေမိသဖြင့် ရှဲ့ယန်၏ နာမည်ကို ခေါ်ချင်သော်လည်း အသံမထွက်နိုင်ပေ။ မျက်ရည်များကလည်း အဆုံးအစမရှိ စီးကျနေဆဲပင်။ မူးဝေနေသော အသိစိတ်ထဲတွင် ရှဲ့ယန်ပြောသော လှည့်စားခြင်း ဆိုသည်ကို သူ ရုတ်တရက် နားလည်သွားသည်။
ရှဲ့ယန်၏ အမြင်တွင် ဖုန့်ကျိုးယွဲ့သည် သူ့ဘဝထဲသို့ အချစ်ဟု အမည်တပ်ကာ အတင်းဝင်ရောက်လာခဲ့ပြီးနောက်၊ သူ့အားနည်းချက်များကို မြင်လိုက်ရသည့်အခါတွင်မူ ကြောက်ရွံ့စွာဖြင့် နောက်ဆုတ်သွားသူအဖြစ် မြင်နေခြင်း ဖြစ်သည်။
ဖုန့်ကျိုးယွဲ့၏ အသက်ရှုသံများ ပြင်းထန်လာပြီး ငိုရှိုက်သံပင် တိုးဝင်သွားတော့မှ ရှဲ့ယန်က အပြုအမူအားလုံးကို ရပ်တန့်လိုက်သည်။ သူသည် ဖုန့်ကျိုးယွဲကို ပွေ့ချီပြီး အိပ်ဆောင်ထဲသို့ ခေါ်သွားသည်။ ထို့နောက် ရေတိုက်ကာ အသက်ရှု တည်ငြိမ်အောင် ပြုလုပ်ပေးခဲ့သည်။
ဖုန့်ကျိုးယွဲ့၏ အသက်ရှုသံများ ပြန်မှန်လာသည့်အခါမှ ကျောပြင်ပေါ်မှ လက်ကို ဖယ်လိုက်ကာ လက်ကောက်ဝတ်က ခါးပတ်ကို ဖြည်ပေးလိုက်သည်။ ဖုန့်ကျိုးယွဲ့ကို ဆိုဖာအိအိပေါ်တွင် လဲလျောင်းစေကာ ဂရုတစိုက် ရှိလှသော်လည်း သူ ပြောလိုက်သော စကားမှာမူ "ထွက်သွားတော့" ဟူ၍ ဖြစ်သည်။
ဖုန့်ကျိုးယွဲ့မှာ ဘာလုပ်ရမှန်းမသိဘဲ မှင်တက်သွားသော်လည်း ရှဲ့ယန်က ပို၍မြန်လှသည်။ သူသည် ဖုန့်ကျိုးယွဲ့၏ ရှေ့မှ လှည့်ထွက်သွားခဲ့ပြီ ဖြစ်သည်။
ရှဲ့ယန်မှာ ဤအိပ်ဆောင်၏ သခင်ဖြစ်သလို သူ့ကို ထွက်သွားရန် ပြောသူမှာလည်း ရှဲ့ယန်ပင် ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် လှည့်ထွက်သွားသူမှာ ရှဲ့ယန် ဖြစ်နေပြန်သည်။ ရှဲ့ယန်၏ ကျောပြင်မှာ ပွဲလမ်းသဘင်က မြင်ကွင်းကဲ့သို့ပင် တစ်ကမ္ဘာလုံး၏ စွန့်ပစ်မှုကို ခံထားရသည့်အလား အထီးကျန်ဆန်လွန်းလှသည်။
ရှဲ့ယန်၏ ငယ်ဘဝ အတွေ့အကြုံများကို တွေးမိသည့်အခါ ဖုန့်ကျိုးယွဲ့ သဘောပေါက်သွားသည်။ ရှဲ့ယန်မှာ အမှန်တကယ်ပင် တစ်ကမ္ဘာလုံး၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ သူသည် ရှဲ့ယန်၏ ဘဝထဲသို့ ရောက်လာခဲ့ပြီးမှ အဘယ်ကြောင့် ရှဲ့ယန်ကို ဤမျှအထိ နာကျင်အောင် လုပ်မိရသနည်း။
ငါက တကယ်ကို မကောင်းတဲ့လူပဲ …
ဖုန့်ကျိုးယွဲ့သည် ရှဲ့ယန်၏ နောက်သို့ အပြေးလိုက်သွားကာ ရှဲ့ယန်၏ ခါးကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူ၏ မျက်နှာကို ရှဲ့ယန်၏ ကျောပြင်တွင် အပ်ကာ တုန်ရင်နေသော်လည်း ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
“ရှဲ့ယန်... ငါ့ကို အထင်မလွဲပါနဲ့။ ငါ မင်းကို တကယ်ပဲ ... တကယ်ကို အများကြီး ချစ်တာပါ"
ဘာကြောင့်မှန်းမသိ ရှဲ့ယန်နှင့် ရှိနေချိန်တွင် ဖုန့်ကျိုးယွဲ့မှာ မျက်ရည်ကျရလွယ်လှသည်။ ယခုလည်း ရှိုက်ကြီးတငင် ငိုရင်း ရှင်းပြနေမိသည်။ "ငါ မင်းကို ခွေးတစ်ကောင်လို ဘယ်တော့မှ မတွေးခဲ့ဘူး။ ငါ့နှလုံးသားက အရမ်းနာကျင်နေရလို့ပါ။ ငါသာ မင်းနဲ့ အစောကြီးကတည်းက ဆုံခဲ့ရင် မင်းကို အကောင်းဆုံး ဆက်ဆံပေးမှာ... တကယ်ကို အကောင်းဆုံး ဂရုစိုက်ပေးမှာပါ"
"ငါ မင်းကို တကယ်ချစ်တာပါ။ မင်း အတိတ်မှာ ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ ငါ မင်းကို ချစ်နေဦးမှာပဲ။ ငါ မင်းကို မလိမ်ခဲ့ဘူး၊ ကတိလည်း မဖျက်ခဲ့ဘူး။ ငါ မင်းကို အမြဲတမ်း ချစ်နေမှာမို့လို့ ငါ့ကို မောင်းမထုတ်ပါနဲ့နော်"
"ငါ ထွက်မသွားဘူး။ မကြောက်ပါနဲ့"
"မင်း ငါ့ကို ပြန်ချစ်လာတဲ့အထိ ငါ မင်းအနားမှာ ကပ်နေမှာ။ ငါတို့ အမြဲတမ်း အတူတူ ရှိနေကြမယ်"
သူဖက်ထားစဉ် ရှဲ့ယန်၏ကျောပြင် ခဏတာ တောင့်တင်းသွားသည်ကို ဖုန့်ကျိုးယွဲ့ ခံစားမိသည်။ ရှဲ့ယန် လှည့်မလာသော်လည်း သူ့စကားများကို သေချာနားထောင်နေသည်ကို ဖုန့်ကျိုးယွဲ့ သိသည်။ သူ၏ ရင်ထဲရှိသမျှ အကုန်ဖွင့်ပြောပြီးသည့်တိုင် ရှဲ့ယန်က လှည့်မကြည့်သေးပေ။ ဖုန့်ကျိုးယွဲ့မှာ အရှက်မရှိဘဲ ရှဲ့ယန်၏ အရှေ့သို့ သွားကာ သူ၏ အမူအရာကို အကဲခတ်လိုက်သည်။
ရှဲ့ယန်က သူ့ကို ငုံ့ကြည့်နေဆဲပင်။ သူ၏ နိုင်ငံခြားသား သွေးနှောမှုကြောင့် မျက်တွင်းမှာ နက်လှကာ မီးခိုးရောင် မျက်ဝန်းအိမ်မှာလည်း နက်ရှိုင်းလှသည်။ ရှဲ့ယန် ငုံ့ကြည့်သည့်အခါ အေးစက်လှသဖြင့် ဖုန့်ကျိုးယွဲ့မှာ ထပ်မငြင်းရဲဘဲ အခြားတစ်နေရာသို့ အကြည့်လွှဲလိုက်ရာ... အံ့သြစရာ ကောင်းသည်မှာ ရှဲ့ယန်၏ နားရွက်လေးများမှာ နီရဲနေသည်ကို တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
…………..