အခန်း(၁၀)
ရှဲ့ရှင်းအပေါ် ထားရှိသည့် ရှဲ့ယန်၏ ပြင်းထန်လှသော အမုန်းတရား ဖုန့်ကျိုးယွဲ့ နားမလည်နိုင်ပါ။ သူလုပ်နိုင်သည်မှာ ရှက်ကိုးရှက်ကန်း အပြုံးတစ်ခုကို အတင်းဖန်တီးပြီး "ကောင်းပါပြီ၊ ကျွန်တော် နားလည်ပါပြီ။ ဒါတွေအားလုံးက ကျွန်တော့်အမှားတွေပါ" ဟု ချော့မော့၍ တိုးတိုးလေး ပြောလိုက်ရုံသာ ရှိတော့သည်။
သို့သော် ကွန့်ဖြစ်အောင် ထပ်ကွန့်လိုက်သေးသည်။
"နောင်ဆိုရင် ရှဲ့ရှင်းနဲ့ မိုင်ပေါင်း တစ်သိန်းလောက်ဝေးတဲ့နေရာမှာပဲ နေပါ့မယ်"
ရှဲ့ယန်က ငုံ့ကြည့်လာသည်။ သူ၏ မီးခိုးရောင် မျက်ဝန်းအစုံမှာ မြွေတစ်ကောင်ကဲ့သို့ စူးရှပြီး ဒေါသရိပ် ယှက်သန်းနေကာ အေးစက်တုန်လှုပ်ဖွယ် ကောင်းလှသည်။ ခဏနေမှ သူက "ငါ့နားမှာပဲနေစမ်း"ဟု ခပ်ပြတ်ပြတ် မိန့်လေသည်။
ဖုန့်ကျိုးယွဲ့ခမျာ မည်သို့လျှင် ဖီဆန်ရဲပါမည်နည်း။ သစ္စာရှိသော ခွေးငယ်တစ်ကောင်ပမာ ရှဲ့ယန်နောက်သို့ အပြေးအလွှား လိုက်ပါသွားရတော့သည်။
နွေရာသီပွဲတော်အခမ်းအနား အစီအစဉ်များမှာ မြင်းစီးခြင်း၊ မြားပစ်ခြင်းနှင့် သိုင်းပညာ ပြိုင်ပွဲများ ဖြစ်သည်။ ဧကရာဇ်က "ပျော်ရွှင်ဖို့က ပထမ၊ ယှဥ်ပြိုင်ခြင်းက ဒုတိယ"ဟု မိန့်ကြားသော်လည်း၊ ဤပွဲတော်မှတဆင့် တော်ဝင်မိသားစုနှင့် အထက်တန်းလွှာများ၏ မျိုးဆက်သစ်လူငယ်များအား အရည်အချင်း စစ်ဆေးရန်နှင့် အလားအလာရှိသော ပါရမီရှင်များကို ရွေးချယ်ရန် ရည်ရွယ်ကြောင်း သိသာလှပါသည်။
ဖုန့်ကျိုးယွဲ့၏ မပြောပလောက်သော မြင်းစီးစွမ်းရည်မှာ ပြိုင်ပွဲဝင်ရန်ပင် အရည်အချင်း မပြည့်မီပါ။ ၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် ရှဲ့ယန်မှာမူ ပြိုင်ပွဲတိုင်းတွင် လူအများ၏ အာရုံစိုက်မှုကို အပြည့်အဝ သိမ်းပိုက်ထားလေသည်။ မြင်းစီးခြင်းတွင် ပထမ၊ မြားပစ်ခြင်းတွင် ပထမ၊ ဓားသိုင်းတွင် ပထမ … သူသည် အကုန်လုံးကို အောင်နိုင်လိုက်သည်။ တက်ရောက်လာသူအပေါင်း အံသြချီးကျူးမဆုံး ဖြစ်ကုန်ကြသည်။ တည်ကြည်လေးနက်လှသော ဧကရာဇ်ပင်လျှင် ဂုဏ်ယူဝင့်ကြွားကာ ဖခင်တစ်ယောက်၏ အပြုံးကို မဖုံးဖိနိုင်ဘဲ ရှိနေတော့သည်။
ပြိုင်ပွဲများ ပြီးဆုံးသွားသောအခါ ဧကရာဇ်မင်းမြတ်သည် စိတ်လက်ကြည်သာစွာဖြင့် ပြုံးလျက် "ဒီနေ့ လူတိုင်း တကယ်ကို စွမ်းဆောင်ပြနိုင်ကြတယ်။ ဒါပေမဲ့ ဒီတောအုပ်ထဲက ကျားကြီးကို ဘယ်သူ အမိအရ အမဲလိုက်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်" ဟု မိန့်တော်မူသည်။
ကျားအကြောင်း ပြောသောအခါ သူ၏ လေသံတွင် လွမ်းဆွတ်တသမှုများ ပါဝင်နေသည်။ "အရင် ဧကရာဇ်မင်းမြတ် လက်ထက်တုန်းက သူဟာ ဒီကျားရဲ့ သားရေကွက်တွေကို သဘောကျပြီး အမြဲတမ်း ဝတ်ရုံချုပ်ချင်ခဲ့တာ။ ဒါပေမဲ့ ကျားဆိုတာ ကြမ်းတမ်းသလို ဖမ်းရဆီးရ ခက်ခဲတော့ အဲ့ဒီဆန္ဒ မပြည့်ဝခဲ့ဘူး"ဟု သက်ပြင်းချရင်း ဆိုသည်။
"ငါကိုယ်တော်တိုင် ဒီတောအုပ်ထဲမှာ သုံးရက်နဲ့ သုံးည ချောင်းမြောင်းပြီးမှ အဲ့ဒီ ကျားကြမ်းကြီးကို အမိအရ ပစ်ခတ်နိုင်ခဲ့တာ။ ပြန်တွေးကြည့်ရင် အချိန်တွေ အများကြီး ကုန်လွန်သွားခဲ့ပြီပဲ"
ဧကရာဇ်၏ စကားအဆုံးတွင် ရှိနေသူအားလုံးမှာ အဓိပ္ပာယ်ပါပါဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ ဖုန့်ကျိုးယွဲ့လို ထုံထိုင်းသူပင်လျှင် ဧကရာဇ်မင်း၏ စကားထဲမှ သွယ်ဝိုက်သော သတင်းစကားကို နားလည်နိုင်ပါသည်။ ယခင် ဧကရာဇ်က ကျားသားရေကို အလိုရှိခဲ့ပြီး၊ ထိုစဉ်က မင်းသားဖြစ်ခဲ့သော လက်ရှိဧကရာဇ်က အမဲလိုက် ဆက်သခဲ့သည်။
ယခု သမိုင်းတစ်ပတ် ပြန်လည်လာသည်တွင် နောက်ထပ် ကျားကို အမဲလိုက်နိုင်မည့်သူသည်လည်း ဤတိုင်းပြည်၏ အရှင်သခင် ဖြစ်လာမည့် အခွင့်အရေး ရှိနိုင်သလော။
ဧကရာဇ်၏ စကားမှာ တည်ငြိမ်နေသော ရေမျက်နှာပြင်ပေါ် ကျောက်တုံးကြီး တစ်တုံး ပစ်ချလိုက်သကဲ့သို့ လှိုင်းတံပိုးများကို ထကြွစေသည်။ အစောပိုင်း ပြိုင်ပွဲများတွင် ညံ့ဖျင်းခဲ့သော မင်းသားများပင်လျှင် မျက်နှာထား တည်ကြည်သွားကာ ၎င်းတို့၏ အခြွေအရံများနှင့်အတူ တောအုပ်ထဲသို့ ချက်ချင်း အပြေးအလွှား ဝင်သွားကြတော့သည်။
ရှဲ့ယန်သည် အိမ်ရှေ့စံတစ်ယောက်အနေဖြင့် အလောတကြီး ပြုမူခြင်း မရှိ၊ တည်ငြိမ်အေးဆေးစွာပင် မြင်းပေါ်သို့ ခုန်တက်လိုက်သည်။ သူ၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မဖော်ပြသော်လည်း ဖုန့်ကျိုးယွဲ့မှာမူ သူ့အတွက် ရင်တုန်ပန်းတုန် ဖြစ်နေမိသည်။
ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားသော အိမ်ရှေ့စံနှင့် တရားဝင် အရိုက်အရာ ဆက်ခံရမည့်သူ ဖြစ်သည့်အတွက်၊ အကယ်၍ သူသာ ကျားကို အမဲမလိုက်နိုင်ဘဲ တခြားတစ်ယောက်က အရင် အောင်မြင်သွားပါက ဝေဖန်ကဲ့ရဲ့သံများနှင့် အတင်းအဖျင်းများ ထွက်ပေါ်လာမည်မှာ အမှန်ပင်။
"မြင်းပေါ်တက်"ဟု ရှဲ့ယန်က ထုံပေပေနှင့် ရပ်နေသော ဖုန့်ကျိုးယွဲ့ကို ကြည့်ကာ အေးအေးဆေးဆေး ပြောသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ရှဲ့ယန်က မြင်းကြီးပေါ် ရောက်နေသော်လည်း သူ့အတွက် ပြင်ဆင်ထားသော မြင်းတစ်ကောင်မျှ မရှိသည်ကို သတိပြုမိသွားသည်။ မြင်းတစ်ကောင် ရှာရန် စဉ်းစားနေစဉ်မှာပင် မျက်မှောင်ကြုတ် ကြည့်နေသော ရှဲ့ယန်ကို မြင်ပြီး အတွေးတစ်ခု ဝင်လာသည်။ သူ့အတွက် မြင်းပြင်ပေးမထားဘဲ မြင်းပေါ်တက်ခိုင်းခြင်းမှာ သူနှင့်အတူ စီးရန် အခွင့်အရေးပေးနေခြင်း မဟုတ်ပါလော။
ဖုန့်ကျိုးယွဲ့ ရင်တဒိန်းဒိန်း ခုန်လာပြီး မျက်နှာတစ်ခုလုံး ပူထူသွားသည်။ မြင်းပေါ်သို့ မည်သို့ တက်ရမည်ကို ကြံဆနေတုန်းမှာပင် ရှဲ့ယန်က ရုတ်တရက် ငုံ့ချလိုက်ပြီး သူ၏ လက်မောင်းရှည်ကြီးဖြင့် ဖုန့်ကျိုးယွဲ့ကို ပွေ့ချီလိုက်သည်။ ခါးတွင် တင်းခနဲ ခံစားလိုက်ရပြီးနောက် ခဏချင်းမှာပင် ရှဲ့ယန်၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။
သူတို့နှစ်ဦး မြင်းတစ်စီးတည်း အတူစီးနေရပြီ …
အတိုင်းအဆမရှိသော ပျော်ရွှင်မှုများက ဖုန့်ကျိုးယွဲ့ စိတ်ထဲတွင် လှိုင်းထလာပြီး အသက်ရှူသံများပင် ပြင်းထန်လာသည်။ သူ၏ စိတ်လှုပ်ရှားမှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ရှဲ့ယန်မှာမူ တည်ငြိမ်လျက်ရှိသည်။ လက်တစ်ဖက်က ဖုန့်ကျိးယွဲ့ခါးကို ဖတ်ထားပြီး ကျန်လက်တစ်ဖက်က ဇက်ကြိုးကို ကိုင်ကာ "မြဲမြဲကိုင်ထား"ဟု အေးဆေးစွာ ညွှန်ကြားသည်။
စိတ်လှုပ်ရှားနေသော ဖုန့်ကျိုးယွဲ့ ဘာမှပင် မတုံ့ပြန်ရသေးမီ မြင်းကြီးမှာ တောအုပ်ထဲသို့ ဒုန်းစိုင်းပြေးတော့သည်။ သူလည်း ဟန်ချက်မပျက်စေရန် ရှဲ့ယန်၏ လက်မောင်းကို မြဲမြဲဆုပ်ကိုင်ထားမိသည်။
ဖုန့်ကျိုးယွဲ့၏ ထိတ်လန့်တကြား တုံ့ပြန်မှုကို မြင်သောအခါ ရှဲ့ယန်က ပို၍ပင် အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ "အသုံးမကျလိုက်တာ" ဟု အေးစက်စွာ ရှုံ့ချပါတော့သည်။
ရှဲ့ယန်၏ မျက်လုံးထဲတွင် ဖုန့်ကျိုးယွဲ့မှာ ကြောက်တတ်ပြီး အရည်အချင်းမရှိသော အသုံးမကျသူတစ်ယောက်သာ ဖြစ်ပုံရသည်။ သူ့အတွက် မြင်းမပြင်ပေးခဲ့သည်မှာလည်း မဆန်းတော့ပါ။ ဖုန့်ကျိုးယွဲ့ ဝမ်းနည်းသလို ခံစားလိုက်ရသည်။
မြင်းပြေးနေစဉ် ရှဲ့ယန်၏ ဝတ်ရုံနက်ကြီးမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ သူ၏ မျက်နှာထားမှာ အေးစက်လွန်းလှသည်။ ဒုန်းစိုင်းပြေးနေသော မြင်း၏ အရှိန်ကြောင့် သစ်ပင်ပေါ်က ငှက်များပင် လန့်ဖျန့်ပြီး ကောင်းကင်ထဲသို့ ပျံတက်သွားကြသည်။ မြင်းခွာများက ဖုန်မှုန့်များကို ရွှေရောင်လှိုင်းလုံးများကဲ့သို့ ထသွားစေသည်။
ဘေးသို့ ဝေ့ကြည့်လိုက်သောအခါ ရှဲ့ယန်က အစောင့်အရှောက် များများစားစား ခေါ်မလာသည်ကို ဖုန်းမုချိုး သတိပြုမိသည်။ သူတို့နောက်တွင် အစောင့်စစ်သည် တစ်ဒါဇင်ခန့်သာ လိုက်ပါလာကြသည်။ ဤသည်မှာ ဖုန့်ကျိုးယွဲ့အတွက် အနည်းငယ် အံ့သြစရာ ဖြစ်နေသည်။ အိမ်ရှေ့စံတစ်ယောက်အနေဖြင့် ရှဲ့ယန်၏ အဆင့်အတန်းမှာ မြင့်မားလှသည်။ ဤနေရာတွင် လုံခြုံရေး တင်းကျပ်ထားသည်ဆိုစေဦးတော့၊ အခြွေအရံ ဤမျှ နည်းပါးစွာ ခေါ်လာခြင်းမှ မဖြစ်သင့်ပေ။
သို့သော် ဖုန့်ကျိုးယွဲ့၏ အာရုံမှာ ရုတ်တရက်ဆိုသလို အဝေးမှ သမင်တစ်ကောင်ထံ ရောက်သွားသည်။ သမင်မှာ တင့်တယ်လှပသော အစင်းကြောင်းများ၊ ရှည်လျားလှပသောချိုများ၊ ကြည်လင်တောက်ပသော မျက်လုံးများဖြင့် ခံ့ညားစွာ ရပ်နေသည်။ ဖုန့်ကျိုးယွဲ့လည်း ရှဲ့ယန်လက်ကို ပုတ်ကာ "အိမ်ရှေ့စံ ... ဟိုမှာကြည့်၊ အဲ့ဒီသမင်လေးက အရမ်းလှတာပဲ" ဟု မနေနိုင်ဘဲ ပြောမိသည်။
ရှဲ့ယန့်က သူ့ကို ဂရုမစိုက်သဖြင့် ဖုန့်ကျိုးယွဲ့ လှည့်ကြည့်လိုက်သည်။ ထိုသို့ လှည့်အကြည့်တွင် သူ့နှာခေါင်းမှာ ရှဲ့ယန်၏ ရင်ဘတ်နှင့် အရှိန်ပြင်းပြင်း သွားတိုက်မိပြီး နာလွန်း၍ မျက်ရည်ပင် ဝဲသွားသည်။ သောက်ကျိုးနည်း ... သူက ကျောက်တုံးနဲ့ လုပ်ထားတာလား၊ အရမ်းမာတာပဲ။
"ငတုံး" ဟု ရှဲ့ယန်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ သူက ဇက်ကြိုးကို ဆွဲလိုက်ရာ မြင်းကြီးမှာ ထွက်ပြေးနေသော သမင်နောက်သို့ အရှိန်မြှင့်၍ လိုက်တော့သည်။ သမင်က ထွက်ပြရင်း သူတို့နှစ်ဦးကို ခက်ခဲကြမ်းတမ်းသော လမ်းများထဲသို့ ခေါ်ဆောင်သွားသည်။ စခန်းနှင့် ဝေးကွာလာသည်နှင့်အမျှ ဖုန့်ကျိုးယွဲ့ကဲ့သို့ သတိမမူတတ်သူပင် စိုးရိမ်စိတ် ဝင်လာမိသည်။ သို့သော် ရှဲ့ယန်ကမူ ရှေ့သို့ဆက်သွားရန် ဆုံးဖြတ်ထားပုံရသည်။
"အိမ်ရှေ့စံ .... စခန်းနဲ့ အရမ်းဝေးနေပြီ။ ပြန်ကြရအောင်။ အန္တရာယ်ရှိမှာ စိုးလို့ပါ”
ဖုန့်ကျိုးယွဲ့ စကားအဆုံးတွင် လေထုကို ဖြတ်သန်းလာသော မြားသံများ ကြားလိုက်ရပြီး၊ ရေတွက်၍မရသော မြားများသည် ရှဲ့ယန်နှင့် ဖုန့်ကျိုးယွဲ့ထံသို့ ဝှစ်ခနဲ ပြေးဝင်လာသည်။
ဖုန့်ကျိုးယွဲ့မှာ ကြောက်လွန်းသဖြင့် မျက်လုံးကို စုံမှိတ်ကာ တဆတ်ဆတ် တုန်ယင်နေသည်။ ကံကောင်းထောက်မစွာဖြင့် ရှဲ့ယန်က ဓားဖြင့် မြားအားလုံးကို တားဆီးလိုက်နိုင်သဖြင့် သူတို့ နှစ်ဦးလုံး ထိခိုက်မှု မရှိခဲ့ပါ။
ဖုန့်ကျိုးယွဲ့ မျက်လုံးဖွင့်ကြည့်သောအခါ မျက်နှာဖုံးစွပ်ထားသော အဝတ်နက်ဝတ်ထားသူများ တောအုပ်ထဲမှ ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းတို့မှာ ဓားကိုယ်စီ ကိုင်ဆောင်ကာ ရှဲ့ယန်ထံသို့ ပြေးဝင်လာကြသည်။ ရှဲ့ယန်က သူ၏ဝတ်ရုံဖြင့် ဖုန့်ကျိုးယွဲ့ကို ကွယ်ကာပြီး ရင်ခွင်ထဲ၌ ပွေ့လျက် မြင်းပေါ်မှ ဆင်းလိုက်သည်။
"အိမ်ရှေ့စံကို သတ်၊ ကျန်တဲ့သူတွေကို အရေးမစိုက်နဲ့” ဟု ဝတ်စုံနက်များက အော်ဟစ်ကာ ရှေ့တိုးလာကြသည်။
ထိုအခါ ရှဲ့ယန်က ဖုန်းကျိုးယွဲ့ကို နောက်က အစောင့်များထံ အပ်နှံလိုက်ပြီး တိုက်ခိုက်သူများကို ရင်ဆိုင်တော့သည်။ ရှဲ့ယန်၏ ဓားသိုင်းပညာမှာ ဝတ်စုံနက်များထက် များစွာ သာလွန်သည်။ လိုက်ပါလာသော အစောင့်များမှာ လူနည်းသော်လည်း တစ်ဦးချင်းစီမှာ ထူးချွန်သူများ ဖြစ်ကြသည်။ တိုက်ခိုက်သူများမှာ တဖြည်းဖြည်း အရေးနိမ့်လာသည်။ ဖုန့်ကျိုးယွဲ့ စိတ်အေးလက်အေး ဖြစ်ခါရှိသေး၊ ဝတ်စုံနက် တစ်ယောက်က ရှဲ့ယန်၏ နောက်ကျောဘက်မှ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ရှဲ့ယန်မှာမူ လုံးဝ သတိမမူမိသကဲ့သို့ ရှိနေသည်။
ဖုန့်ကျိုးယွဲ့က သိုင်းပညာ မတတ်သော်လည်း ရှဲ့ယန်၏ အလျင်အမြန် လှုပ်ရှားနိုင်မှုကို ကြည့်လျှင် ဤအန္တရာယ်ကို သူကာကွယ်နိုင်မည်ဟု ထင်နေသော်လည်း ရှဲ့ယန်က လှည့်ပင်မကြည့်ပါ။ ဖုန့်ကျိုးယွဲ့ ဘာကိုမျှ မစဉ်းစားတော့ဘဲ ထိတ်လန့်တကြားနှင့် အပြေးအလွှား သွားရောက်ကာကွယ်မိသည်။
သူ၏ မပြောပလောက်သော စွမ်းရည်ဖြင့် တိုက်ခိုက်သူကို နှိမ်နင်းနိုင်မည်ဟု ထင်ခဲ့သော်လည်း မိမိကိုယ်ကို အထင်ကြီးမိခြင်းသာ ဖြစ်သည်။ ဝတ်စုံနက်၏ဓားက ဖုန့်ကျိုးယွဲ့ လက်မောင်းကို ခုတ်မိသွားသောအခါ၊ ထိုသူပင် အံ့သြသွားပုံရသည်။
ဖုန့်ကျိုးယွဲ့၏ ခြေသံကြားသည်နှင့် ရှဲ့ယန့် လှည့်ကြည့်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ဓားက ဖုန်းမုချိုး၏ လက်မောင်းကို ရက်ရက်စက်စက် ခုတ်မိသွားပြီး စီးကျလာသော သွေးများက မြင်းစီးဝတ်စုံတွင် စွန်းထင်းသွားသည်ကိုသာ မြင်လိုက်ရသည်။
ရှဲ့ယန်၏ မျက်နှာတွင် ခဏတာ အံ့အားသင့်သွားပြီးနောက် ဒေါသရိပ်များ လွှမ်းသွားသည်ကို ဖုန့်ကျိုးယွဲ့ မြင်လိုက်ရသည်။ ဟုတ်ပါသည်၊ ဒေါသ ... သူ့ထံမှ ဤမျှ ပြင်းထန်သော ခံစားချက်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပါ။ သူသည် အမြဲတမ်း အေးစက်နေတတ်ပြီး သူတပါး၏ သေခြင်း၊ ရှင်ခြင်းကိုပင် ဂရုမစိုက်တတ်သူ မဟုတ်ပါလား။
ရှဲ့ယန့်က ဖုန့်ကျိုးယွဲ့ကို သူ့ရင်ခွင်ထဲသို့ ချက်ချင်း ဆွဲသွင်းလိုက်ပြီး ထိုဝတ်စုံနက်ဓားသမားကို သူ့ဓားဖြင့် သနားညှာတာမှုမရှိဘဲ ထိုးသတ်လိုက်သည်။
သွေးထွက်လွန်မှုကြောင့် ဖုန့်ကျိုးယွဲ့ သတိလွတ်စပြုပြီး အမြင်အာရုံ ဝေဝါးလာသည်။ ကံကောင်းသည်မှာ အိမ်ရှေ့စံ တိုက်ခိုက်ခံရသည်ကို ကြားသိရသဖြင့် ဧကရာဇ်ကိုယ်တိုင် စစ်သည်အမြောက်အမြားနှင့် အချိန်မီ ရောက်ရှိလာပြီး လုပ်ကြံသတ်ဖြတ်သူ အားလုံးကို ဖမ်းဆီးလိုက်နိုင်ခြင်းပင်။
ရှဲ့ယန်က ဒဏ်ရာအပြင်းအထန် ရသွားသည့် ဖုန့်ကျိုးယွဲ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။ သွေးထွက်လွန်နေသော ဖုန့်ကျိုးယွဲ့ခမျာ ရှဲ့ယန်၏ ဝတ်ရုံစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း သတိလစ်သွားတော့သည်။
မျက်လုံးမမှိတ်မီ ရှဲ့ယန်၏ မျက်နှာတွင် စိုးရိမ်ပူပန်သွားသော အမူအရာလေးကို မြင်လိုက်ရသည်မှာ ကံကောင်းခြင်းတစ်ခုဟု ဖုန့်ကျိုးယွဲ့ တွေးလိုက်မိသေးသည်။ ရှဲ့ယန့်၏ မီးခိုးရောင် မျက်ဝန်းအစုံတွင် ပထမဆုံးအကြိမ်အဖြစ် ဖုန့်ကျိုးယွဲ့၏အရိပ် ထင်ဟပ်နေခဲ့သည်။
ပြန်သတိရလာသောအခါ စခန်းရှိ တဲတစ်ခုထဲသို့ ရောက်နေသည်ကို ဖုန့်ကျိုးယွဲ့ သတိထားမိသည်။ ညအချိန် ဖြစ်နေပြီး တဲထဲတွင် ဆီမီးအိမ်လေးက မှိန်ပျပျ လင်းနေသည်။ ဘေးနားရှိ သစ်သားကုလားထိုင်ပေါ်တွင် ရှဲ့ယန် ထိုင်လျက် အိပ်ပျော်နေသည်။ သူ့အသွင်က ပင်ပန်းနွမ်းနယ်နေပုံရပြီး မျက်ဝန်းများလည်း ညိုနေသည်။ လက်တစ်ဖက်က စာရွက်တစ်ခုကို ကိုင်ထားပြီး၊ ကျန်လက်တစ်ဖက်က ထိုင်ခုံလက်တင်ပေါ်တွင် တင်ထားသည်။ စိုးရိမ်ပူပန်မှုများ ရှိနေပုံရကာ အိပ်ပျော်နေချိန်မှာပင် မျက်ခုံးများမှာ တွန့်ချိုးနေသည်။
ဖုန့်ကျိုးယွဲ့ ရေဆာသော်လည်း သူ၏ အနားယူမှုကို မနှောင့်ယှက်လိုပါ။ လက်မောင်းမှ ဒဏ်ရာက နာကျင်နေသော်လည်း ကျန်လက်တစ်ဖက်နှင့် ခြေထောက်များမှာ ကောင်းမွန်နေသဖြင့် ရေယူရန် ကိုယ်ကို ထလိုက်မိသည်။
သို့သော် ထိုလှုပ်ရှားမှုက ရှဲ့ယန်ကို နိုးသွားစေသည်။ သူ၏ အေးစက်သော မီးခိုးရောင် မျက်လုံးများက ဖုန်ကျိုးယွဲ့နှင့် အကြည့်ချင်း ဆုံသောအခါ ဒေါသရိပ်များ ချက်ချင်း ပြည့်လျှံလာသည်။ သူက ဖုန့်ကျိုးယွဲ့ လက်မောင်းမှ ဒဏ်ရာကို စိုက်ကြည့်ရင်း မျက်နှာထား တင်းမာသွားကာ "ဖုန့်မုချိုး၊ ပြန်လှဲနေစမ်း" ဟု ဆိုသည်။
ဖုန့်ကျိုးယွဲ့လည်း ငုံးငယ်လေးတစ်ကောင်ကဲ့သို့ နာခံစွာဖြင့် ကုတင်အနားမှ ခြေထောက်ကို ချက်ချင်း ပြန်ရုပ်ပြီး စောင်ထဲသို့ ပြန်တိုးဝင်လိုက်သည်။ ရှဲ့ယန်၏ မျက်လုံးများက ဖုန့်ကျိုးယွဲ့၏ နှုတ်ခမ်းများပေါ်တွင် ခဏတာ တန့်သွားပြီးနောက် ရေတစ်ခွက် ထငှဲ့ပေးသည်။ ဖုန့်ကျိုးယွဲ့လည်း ထိုရေခွက်ကို ယူကာ အငမ်းမရ သောက်လိုက်ပြီး နောက်တစ်ခွက် ထပ်တောင်းရန် ကြံစည်မိသည်။ သို့သော် ရှဲ့ယန်က ရေခွက်ကို သိမ်းလိုက်ပြီး သူ၏ အေးစက်သော လက်ချောင်းများဖြင့် သူ့မေးစေ့ကို ရုတ်တရက် လှမ်းကိုင်လိုက်သည်။
ရှဲ့ယန်က ဖုန့်ကျိုးယွဲ့မျက်နှာနား အလွန်နီးကပ်စွာ တိုးကပ်လာရာ သူ၏ ထူထဲရှည်လျားသော မျက်တောင်များကိုပင် ရေတွက်၍ ရနိုင်လောက်သည်အထိ နီးကပ်လာသည်။ သူ့အသက်ရှူသံက ဖုန့်ကျိုးယွဲ့မျက်နှာပေါ်သို့ ခပ်ဖွဖွ ကျရောက်နေပြီး ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
"ဖုန့်မုချိုး ... မင်းဦးနှောက်ထဲမှာ သင်ခန်းစာတစ်ခု စွဲမြဲသွားဖို့ ငါဘာတွေများ လုပ်ပေးရဦးမလဲ"
(အပတ်စဥ် စနေနေ့တိုင်း အခန်း ၁၀ ခန်း Update ရှိပါမည်)
...................